Sunday, February 3, 2019

"မွှေးလွန်းသည့်ကွေး" (မင်းလူ)#crd
=================

ဆရာအီကြာကွေးနှင့် ကျွန်တော် ဘယ်တုန်းက စတင်သိကျွမ်းပြီး ဘယ်လို ခင်မင်သွားခဲ့ကြကြောင်း မမှတ်မိတော့ပါ။ စတွေ့တွေ့ချင်းမှာပင် အရမ်းခင်သွားခဲ့တာတော့ သေချာနိုင်သည်။ အမှန်တော့ ကျွန်တော့်ဘက်ကဆိုလျှင် သူ့ကို မမြင်ဖူးခင်ကပင် ခင်မင်ခဲ့ပြီးဖြစ်သည်ဟု ဆိုရပါမည်။

ကျွန်တော် ကိုးတန်း၊ ဆယ်တန်းကျောင်းသားဘဝမှာ ဆရာကြီးကွေးက စာနယ်ဇင်းများ၌ "နိုင်ငံတော် ပြည်အရေး၊ ခွပ်လိုက်ကြစို့ သူငယ်ချင်း" စသော ပင်တိုင်ကဏ္ဍများကို ရေးနေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေအရေးတို့နှင့် ပတ်သက်ပြီး ထိထိမိမိရှိလှသည့် သရော်စာများဖြစ်၏။ ကျွန်တော်တို့လို စာပေဝါသနာပါသောလူငယ်များ မလွတ်တမ်းဖတ်ခဲ့ကြရသည်။ အပျော်စာ၊ သရော်စာကြိုက်သော ကျွန်တော့်အတွက်တော့ ထိုစဉ်ကတည်းက ဆရာကြီးကွေး၏ စာများကို စွဲမိလေသည်။

နောက်ပိုင်း နာမည်ကျော်ကဗျာဆရာ ဓနုဖြူကျော်ထွန်း ဆိုသည်မှာလည်း ဆရာကြီးကွေးပင်ဖြစ်ကြောင်း သိလာရသောအခါ ပို၍လေးစားမိသည်။

တကယ်တမ်း သူနှင့်ဆုံမိကြသောအခါ ခင်မင်စိတ်က ပိုတိုးလာခဲ့သော်လည်း လေးစားမှုကတော့ လျော့မသွားအောင် ကိုယ့်စိတ်ကို အတော်ကျားကန်၍ ထိန်းထားရ၏။

သူ့ပုံစံကိုလည်း ကြည့်ဦး၊ ခေါင်းတုံးဆံတောက် ဆံပင်ပေါ်မှာ မြိုင်ရာဇာတွတ်ပီလိုဦးထုပ်မျိုးဆောင်းထားသည်။ ရှပ်အင်္ကျီလက်တိုက ဆင်စွယ်ရောင်။ (နဂိုကတော့ အဖြူဖြစ်ဟန်တူ၏) အရောင်လွင့်နေသည့် မီးခိုးရောင်ဘောင်းဘီရှည်၊ ရှူးဖိနပ်စီးထားသည်။ ဒါ.... ဆရာကွေး စတိုင်ပဲ။

သူက ဝါရင့်စာရေးဆရာကြီးရယ်လို့ ခန့်ခန့်ညားညားနေလေ့မရှိ။ စကားကိုလည်း တည်တည်တံ့တံ့မပြော။ သူ့နှုတ်က ပေါက်ကရအပြောင်အပျက်တွေသာ တရစပ် ထွက်နေတတ်သည်။ ဘယ်လို ဂုဏ်ဒြပ်ရှိသော ပုဂ္ဂိုလ်မျိုးနှင့် တွေ့ဆုံရသည်ဖြစ်စေ၊ သူကတော့ ဟေးလားဝါးလားသာ ဆက်ဆံပြောဆိုလေ့ရှိ၏။ ယဉ်ကျေးမှု၊ လူမှုရေး၊ ကျင့်ဝတ် စသည်ဖြင့် ခေါ်ဆိုနေကြသော ဟန်ဆောင်ပန်ဆောင်ကိစ္စတွေ သူ့မှာမရှိ။

ထူးခြားတာက သူဒီလိုနေတတ်တာကို လူတွေက အပြစ်မမြင်ကြခြင်းပင် ဖြစ်၏။ ထို့အတူ သူ့ကို လေးစားမှုလည်း သိပ်မရှိကြ။ သူကလည်း သူများလေးစားခံရတာကို သိပ်ခုံခုံမင်မင်ရှိပုံမပေါ်။ ဘယ်သူ့ကိုမှလည်း အသားလွတ် အထင်ကြီးတတ်ပုံမရ။ ဒါ ဆရာကွေး၏ ကိုယ်ပိုင်ဟန်ပဲ ဖြစ်ဟန်တူ၏။

ကျွန်တော်သည် သူနှင့်ဆုံသည့်အခါတိုင်း ကိုယ့်ထက်အများကြီး ဝါရင့်သော ဆရာသမားတစ်ယောက် ဆိုတာထက် သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ရသလိုသာ ခံစားရသည်။ သူ့ကို လေးစားလိုမှုက မသိစိတ်၏ ထောင့်တစ်နေရာမှာ ရှိနေမည်ဖြစ်သော်လည်း လက်တွေ့တွင် နောက်လားပြောင်လားသာ နေမိ၏။ တစ်ခါတစ်ခါတော့ အရိုအသေတန်သလိုဖြစ်ပြီး သူများ စိတ်ဆိုးသွားမလားဟု စိုးရိမ်မိသေးသည်။ သူကတော့ သတိတောင် ထားမိပုံမရ။

ကျွန်တော်တို့ စတင်သိကျွမ်းကာစတုန်းက ကျွန်တော့်ကို သူ ဆုံမစကားပြောဖူးသည်။ သူ၏ ဆုံးမစကားကိုလည်း ကြည့်ပါဦး။
"မင်းဝတ္ထုတွေမှာ ဟာသလေးတွေပါတာ ငါသတိထားမိတယ်ကွ။ ကောင်းတယ်၊ ဟာသပါတော့ ဖတ်ရတာ ပိုသွက်တာပေါ့။ တစ်ခုတော့ရှိတယ်နော် ဟေ့ကောင်။ အခု မင်းစာတွေထဲမှာပါနေတဲ့ ဟာသတွေက အနေတော်လောက်ပဲ၊ ဒီထက်မပိုစေနဲ့။ သိပ်များသွားရင် ငါ့စာတွေလို ပေါ့သွားလိမ့်မယ်"

ဆရာကြီးကွေးက အဲဒီလိုပုဂ္ဂိုလ်မျိုး။ သူများတွေကို သရော်တတ်သလို သူ့ကိုယ်သူလည်း မညှာမတာဝေဖန်တတ်သူဟု ဆိုနိုင်၏။ ဘောလုံးစကားနှင့် ပြောရလျှင် ဘရာဇီးတို့၊ အင်္ဂလန်တို့လို "ဖွင့်ကစားခြင်း"ဖြစ်၏။ ကိုယ်ကလည်း ဂိုးများများရအောင် သွင်းမည်။ ကိုယ့်ဘက်ကို သွင်းနိုင်လျှင်လည်း သွင်းစမ်း ဆိုသောပုံစံမျိုး ဖြစ်၏။

သူ့စာတွေထဲမှာလည်း ဒီအတိုင်းတွေ့ရမည်။ သူ၏ သရော်ချက်များမှာ နယ်ပယ်မရွေး စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ကာတွန်းကဏ္ဍ အားလုံးမှာပင် အမြင်မတော်လျှင် ဟာသနှင့်သရော်လိုက်သည်ချည်းဖြစ်၏။ ထူးခြားတာကတော့ သူသရော်တာကို ခံရသောသူ (အများစု)က စိတ်မဆိုးကြဘဲ ရယ်ရယ်မောမော ခွင့်လွှတ်ကြခြင်းပါပဲ။ ဒါလည်း ဆရာကွေး၏ ပါရမီတစ်ခုဟု ပြောနိုင်သည်။

ကျွန်တော်သည် သူနှင့်အတူတူ စာပေဟောပြောပွဲတွေ သွားဖူးသည်။ သူက လူကြီးရယ်လို့ အခွင့်အရေး ပိုယူလေ့မရှိ။ သူခေါင်းဆောင်ပြီး သွားရသည့်ပွဲတွေမှာတောင် ဆုံးဖြတ်စရာရှိလျှင် အားလုံးနှင့် တိုင်ပင်လေ့ရှိ၏။ ခရီးသွားရာမှာ နေထိုင်စားသောက်ရေးအတွက် ဇီဇာကြောင်လေ့မရှိ။ ရောက်တဲ့အရပ်မှာ တွေ့တဲ့သူနဲ့ ချက်ချင်းခင်မင်သွားတတ်တာလည်း သူ၏ အကျိုးပေးတစ်ခုပင် ဖြစ်၏။ တစ်ခုတော့ ရှိ၏။ သူက ဟေးလားဝါးလား ပျော်ပျော်ပါးပါးနေတတ်သော်လည်း ဟောပြောပွဲ စီစဉ်သူတွေဖက်က ခွင့်လွှတ်နိုင်ဖွယ်မဟုတ်သည့် အမှားမျိုး ကျူးလွန်လာပြီဆိုလျှင်တော့ ဘယ်သူ့မျက်နှာမှ မထောက်၊ ဘယ်သူ့မှ အားမနာဘဲ ပြောင်ပြောင်ကြီး တုန့်ပြန်ပြောဆိုတတ်သည်။

ကျွန်တော်တို့ စာရေးဆရာတွေဆိုတာက လူတွေတရုန်းရုန်းနှင့် နေချင်ကြသူများ မဟုတ်။ ဟောပြောပွဲစင်ပေါ်မှာ၊ စာပေဆွေးနွေးပွဲတွေမှာသာ လူအများ၏ အာရုံစိုက်ခြင်းကို အလိုရှိသည်။ ကျန်အချိန်များမှာ လွတ်လွတ်လပ်လပ် လူမသိသူမသိ နေချင်သည်။

စာရေးဆရာအများစုကို ပရိသတ်က မမှတ်မိကြ။ နယ်မြို့ကလေးတွေမှာ ဟောပြောပွဲအပြီး နောက်တစ်နေ့ကျလျှင် ကွက်ကြည့်ကွက်ကြည့် အလုပ်ခံရတာမျိုးလောက်တော့ ရှိ၏။ ဣနြေ္ဒပျက်လောက်အောင် မဟုတ်။ မိတ်ဆက်ချင်သူ ရှိလျှင်လည်း ကျွန်တော် ဘယ်သူပါ၊ ကျွန်မဘယ်သူပါ၊ အော်တိုစာအုပ်မှာ အမှတ်တရလေး ရေးပေးပါ ဆိုတာလောက်သာဖြစ်၏။ စာအကြောင်းပေအကြောင်း ဆွေးနွေးချင်လျှင်လည်း လူလေးငါးခြောက်ယောက်လောက်နှင့် လက်ဖက်ရည်ဆိုင်မှာဖြစ်စေ၊ တည်းခိုရာနေရာမှာ ပုလင်းထောင်ရင်းဖြစ်စေ စကားပြောကြရုံသာ ဖြစ်၏။

ဆရာကြီးကွေး ပါလာလျှင်တော့ တိုးတိုးတိတ်တိတ် ခပ်လျှိုလျှိုနေလို့မရ။ ရထား သို့မဟုတ် ကားဆိုက်ပြီဆိုတာနဲ့ စောင့်ကြိုနေကြသော နယ်မြေခံစာပေအဖွဲ့နှင့် စာပေဝါသနာရှင်များက
"ဆရာအီကြာကွေး ပါရဲ့လား"
"ဆရာကြီးကွေးရော"
"ဆရာကွေး၊ ဆရာကွေး ဘယ်မှာလဲ"
စသည်ဖြင့် အော်ဟစ်မေးမြန်းရင်း သူ့ကို အရင်ရှာကြသည်။ ထိုအခါ သူက ရထားပြတင်းပေါက်မှဖြစ်စေ၊ ကားပေါ်ကဖြစ်စေ ခေါင်းထွက်ပြီး ပြုံးပြုံးကြီးလုပ်ရင်း လက်ပြရလေသည်။ ဒီတော့မှ "ဟာ ပါတယ်ဟေ့ ပါတယ်၊ ဆရာကြီးကွေး ပါတယ်" ဟု ဝမ်းသာအားရ ရေရွတ်ကြတော့သည်။

သူကား စာပေဟောပြောပွဲတွေမှာ စူပါစတားဖြစ်သည်။ စာပေဟောပြောပွဲတွေ ခေတ်စားခဲ့စဉ်က ဟောပြောပွဲရာသီ ရက်ပေါင်းခြောက်ဆယ်လောက်အတွင်းမှာ ပွဲပေါင်း တစ်ရာကျော်လောက် ပြောရသူဖြစ်၏။ တစ်ခါတလေ တစ်နေ့တည်းမှာ နေ့လည်တစ်ပွဲ၊ ညနေတစ်ပွဲ၊ ညဦးတစ်ပွဲ၊ ညဥ့်နက်တစ်ပွဲဆိုတာမျိုး တစ်စင်ပြီးတစ်စင်ကူးပြီး ဟောရပြောရ၏။

သူနှင့်အတူတူ ဟောပြောပွဲလိုက်ရာတွင် သူ့ကို လူကြီးဆိုပြီး တသီးတသန့် နေရာပေးစရာမလိုခြင်း၊ တရိုတသေ တလေးတစားလုပ်နေစရာမလိုခြင်းတို့ကြောင့် အနေကြုံ့ခြင်း၊ မလွတ်လပ်ခြင်းတို့ မဖြစ်တော့။ သူနှင့်သွားရတာ ဆရာတစ်ယောက်နှင့် သွားရသလို မဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်နှင့် ခရီးအတူထွက်ရသလို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ရှိလှ၏။

တစ်ခုပဲ ပြောစရာရှိ၏။ သူက ခြေရှည်တတ်ခြင်းပါပဲ။ အိမ်ထောင်မရှိ တစ်ကိုယ်တည်းသမားဆိုတော့ သံယောဇဉ်တွေ နောက်ဆံငင်စရာမလို။ ဆေးပြင်းလိပ်ပြာကျရာမှာ ပျော်တတ်နိုင်သူ။ ဒီတော့ ဟောပြောပွဲရာသီမှာ တစ်မြို့ပြီးတစ်မြို့ သွားသည်။ ပြန်သည်။ တစ်ခါတလေ ရန်ကုန်တောင် ပြန်မရောက်တော့ဘဲ တစ်မြို့မှတစ်မြို့သို့ ကူးသွားတာမျိုးရှိ၏။ သူနှင့်လိုက်လျှင် ဒီဒဏ်တွေ ခံရလေ့ရှိ၏။

တချို့မြို့တွေက ရန်ကုန်အထိ ဆင်းမလာကြဘဲ လမ်းဆုံလမ်းခွဖြစ်သော မြို့ကြီးတွေမှာ စောင့်ကြသည်။ တခြားမြို့မှာဟောဖို့ထွက်လာသည့် စာရေးဆရာများကို ဟိုပွဲပြီးလျှင် သူတို့ဆီလိုက်ခဲ့ဖို့ ဆွဲလေ့ရှိ၏။ စာရေးဆရာတွေကလည်း အချိန်ရလျှင် တတ်နိုင်သလောက် ကူညီကြရသည်။

ဆရာကွေးသည် အနယ်နယ်အရပ်ရပ်မှ စာပေမိတ်ဆွေတွေ ပေါများစွာရှိသူ ဖြစ်သောကြောင့် သူ့ကိုဦးတည်ပြီး ကြားပွဲတွေ လာဆွဲတတ်သူတွေများသည်။ ထိုအခါ အတူပါသော ကျွန်တော်တို့လည်း အဆစ်ပါသွားရလေတော့၏။ ဒါတွေရှိသောကြောင့် ဟောပြောပွဲအတွက် ဘူတာ၊ ကားဂိတ်ဆင်းဖို့ ကျွန်တော့်ဆီ လာကြိုသည့်အခါမှာ ဆရာကွေးက ကျွန်တော့်ဇနီးကို ဒီလိုပြောပြီး ကျီစယ်လေ့ရှိ၏။
"ဟဲ့.... ကောင်မလေး၊ နင့်ယောက်ျားကို ငါခေါ်သွားပြီ။ ပြန်ရောက်ရမယ့်ရက်မှာ ပြန်မရောက်လည်း စိတ်မပူနဲ့။ ငါနဲ့သွားရင် နည်းနည်းတော့ ခရီးရှည်တတ်တယ်။ ဖိုးသူတော် မျက်စိလည်လေ၊ ဆန်ပိုရလေလို့ သဘောထားပေါ့ဟာ"
ဟောပြောပွဲ ပွဲဆက်တွေများလေ၊ လက်ဆောင်ပစ္စည်းပိုရလေဆိုသည့် သဘောကို ပြောခြင်းဖြစ်၏။

လက်ဆောင်ပစ္စည်းဆိုလို့ ဆရာကွေးအဖို့ အမြဲပြဿနာတက်ရသည့် ကိစ္စတစ်ခုကို သွားသတိရမိ၏။ ဟိုတစ်ချိန်က စာပေဟောပြောပွဲတွေမှာ များသောအားဖြင့် ပုဆိုးလက်ဆောင်ပေးလေ့ရှိ၏။ ဟောပြောပွဲတစ်ရာသီပြီးလျှင် ဆရာကွေးဆီမှာ ပုဆိုးအထည် လေး ငါးဆယ်လောက် ပုံနေတော့သည်။

သူက ပုဆိုးဝတ်သူမဟုတ်။ ဘောင်းဘီရှည်နှင့်သာ အမြဲနေသူဖြစ်၏။ ဆရာကွေးခမျာ ဒီပုဆိုးတွေကို အိမ်နားက ဆယ်ရပ်ကွက်ဈေးထဲ ပြန်သွင်းရတာ အလုပ်တစ်ခု။ ဟောပြောပွဲရာသီအတွင်း စာရေးကျဲသဖြင့် လျော့သွားသည့်ဝင်ငွေကို ဒါနဲ့ အစားထိုးဖြည့်စွက်ပြီး စားရေးသောက်ရေး ဖန်တီးရသည်။

စာရေးဆရာဆိုတာ ဘုန်းကြီးတွေလိုပဲ ဖြစ်၏။ စာမူခကိစ္စမှာသာ နည်းတယ်များတယ် ပြောလို့ရချင်ရမည်။ ဟောပြောပွဲလက်ဆောင်ကိစ္စမှာတော့ ဇီဇာကြောင်လို့မရ။ ဘာလက်ဆောင်ပေးပါလို့ ထုတ်ဖော်ပြောဖို့မသင့်။ ဒါနဲ့ ပတ်သက်ပြီး ဆရာကွေးက
"ဟေ့ကောင်.... မင်းစဉ်းစားကြည့်ကွ၊ ဟောပြောပွဲလုပ်တဲ့ လူတွေက ဒီပုဆိုးတွေကို တန်ရာတန်ကြေးပေးပြီး ဝယ်ရတာ၊ ငါက ဝတ်လို့မဖြစ်လို့ ဆိုင်တွေမှာပြန်သွင်းတော့ လျှော့ဈေးနဲ့သွင်းရတာ။ ပေးရတဲ့လူရော၊ ငါ့အတွက်ရော မနစ်နာဘူးလား"
ဟု ညည်းတတ်၏။ ပြောမနာဆိုမနာ သိပ်ရင်းနှီးသောလူမျိုးဆိုလျှင်တော့ "မင်းတို့ ငါ့အတွက် ဘာလက်ဆောင်ပစ္စည်းမှ မဝယ်နဲ့။ ဝယ်မယ့် တန်ဖိုးအတိုင်းသာ ငါ့ကိုပေး။ နည်းတယ် များတယ် ငါဘယ်လိုမှ သဘောမထားပါဘူး။ ငါ့အတွက်လိုအပ်တာ အဝတ်အစားတို့၊ အသုံးအဆောင်ပစ္စည်းတို့ မဟုတ်ဘူးကွ။ ထမင်းစားဖို့ ဖွတ်ကလိဒင်္ဂါးပဲ"
ဟု ပွင့်ပွင့်လင်းလင်း ဆိုတတ်သည်။ (ဖွတ်ကလိဒင်္ဂါး ဆိုသည်မှာ ပိုက်ဆံဟုဆိုလိုသော ဆရာကွေးတစ်ဦးတည်းပိုင် ဝေါဟာရဖြစ်ကြောင်း သူ့စာဖတ်ပရိသတ် သိကြသည်)

တစ်ခါတော့ ကျွန်တော်တို့ရပ်ကွက်မှာ စာပေဟောပြောပွဲတစ်ခုကို ထူးထူးခြားခြားပြုလုပ်ဖြစ်ခဲ့သည်။ ရပ်ကွက်အတွင်းမှ စာပေဝါသနာရှင်များက သူတို့ဘာသာ ကြိုးစားအားထုတ်မှုနှင့် စီစဉ်ခြင်းဖြစ်သည့်တိုင် နယ်ခံဖြစ်နေသော ကိုဝဏ္ဏကို ကြီးကြပ်ကူညီပေးဖို့ မေတ္တာရပ်ခံထားကြသည်။

ထိုဟောပြောပွဲမှာ ဆရာကြီးကွေးလည်း ပါသည်။ ကိုဝဏ္ဏဆိုတော့ လူနိုင်ဖြစ်သဖြင့် သူ့ကိုလက်ဆောင်ပစ္စည်းမပေးဘဲ ငွေသားကိုသာ တန်ဖိုးသင့်ပြီးပေးဖို့ တောင်းဆိုလေသည်။

ကိုဝဏ္ဏမှာ ဦးနှောက်စားရပြီ။ စာရေးဆရာတွေကို လက်ဆောင်ပေးသည့်အခါ စင်ပေါ်မှာပင် အများပရိသတ်ရှေ့မှာ ပေးလေ့ရှိသည်။ စာရေးဆရာအားလုံးကိုလည်း တန်းတူသာ ပေးလေ့ရှိ၏။ သူပြောသလိုဆိုလျှင် တခြားစာရေးဆရာတွေကို လက်ဆောင်ဘူးပေးပြီး သူ့ကျတော့ စာအိတ်ကလေးထဲ ငွေသားထည့်ပေးတော့ လူမြင်လို့မကောင်း။

ဒီလိုနဲ့ ဟောပြောပွဲနေ့ ရောက်လာသည်။ အဆင်ပြေပြေနှင့် ပြီးဆုံးခဲ့သည်။ စာရေးဆရာတွေကိုလက်ဆောင်ပေးတော့ တခြားလူတွေလိုပင် ဆရာကြီးကွေးကိုလည်း လက်ဆောင်ဘူးတစ်ဘူး ပေးသည်။ ဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းတွင် ဆရာကွေးက ပြန်ပြောပြရာ၌
"သေသေချာချာ မှာထားရက်နဲ့ ဒီကောင်ဝဏ္ဏ လုပ်ချလိုက်ပြန်ပြီလို့ စိတ်ထဲက ဆဲမိတယ်ကွ။ လက်ဆောင်ဘူးကလည်း တော်တော်လေးတယ်။ အိမ်ထိ အပင်ပန်းခံသယ်သွားပြီးမှ အကျအနထုပ်ပိုးထားတဲ့ ပတ်ကင်ကိုဖွင့်ကြည့်တော့ .... လား.... လား.... အထဲမှာ အုတ်နီခဲကြီး တစ်လုံးကွ"
ကျွန်တော်က ရယ်လိုက်သည်။
"မရယ်နဲ့ဦးကွ၊ ဒီကောင်ဝဏ္ဏက ဆရာ့စကားတော့ နားထောင်သား။ အုတ်ခဲပေါ်မှာ စာအိတ်ကလေးတစ်အိတ်နဲ့ ထည့်ထားတဲ့ ဖွတ်ကလိဒင်္ဂါးလည်း ပါသေးသကိုး"

ဆရာကြီးကွေးသည် လူနှင့်စာ တစ်ထပ်တည်းကျသူ ဖြစ်၏။ သူ့စာတွေက ရယ်ရသလို အပြင်မှာလည်း ဟေးလားဝါးလားနေတတ်သူ ဖြစ်၏။ လူချင်းဆုံမိတာနဲ့ ပေါက်ကရတစ်ခုတော့ ပြောတတ်စမြဲ။ သူ့ပါးစပ်ကလည်း ရယ်စရာတွေကို တရစပ်ပြောနိုင်သည်။ သူ့ကိုကြည့်လိုက်လျှင် ဘာအပူအပင်မှ မရှိတဲ့ဘဝကို ပျော်ပျော်ကြီး ရင်ဆိုင်ဖြတ်ကျော်နေသူဟု သတ်မှတ်မိကြမှာ သေချာသည်။

တစ်ခါတော့ သူနှင့်အတူ ကျွန်တော်သည် မြစ်ဝကျွန်းပေါ်ဘက် မြို့တစ်မြို့သို့ စာပေဟောပြောပွဲအတွက် လိုက်ပါသွားခဲ့သည်။ အသွားခရီး အဆင်ပြေသည်။ ဟောပြောပွဲ စည်ကားအောင်မြင်သည်။ ဧည့်ခံကျွေးမွေးမှု လိုလေသေးမရှိ။

တစ်ခုပဲ။ အပြန်ခရီးတွင် သင်္ဘောပေါ်မှာ နေရာကောင်းမရခြင်းပင် ဖြစ်၏။ မူလအစီအစဉ်က နောက်တစ်နေ့မနက်မှ ပြန်ဖို့ဖြစ်၏။ ကျွန်တော်တို့က အချိန်မရသဖြင့် ညတွင်းချင်းပင် ပြန်ဖို့စီစဉ်ရသည်။ ဒီတော့ ဦးခန်းနေရာမရ၊ ပဲ့ပိုင်းမှ ပက်လက်ကုလားထိုင်လည်း မရတော့။ ဖြစ်သလို လိုက်ရတော့မည့် အခြေအနေတွင် သင်္ဘောတာဝန်ခံက စာပေသမားဖြစ်နေသဖြင့် သူ့နားနေခန်းမှာ နေဖို့ စီစဉ်ပေးသဖြင့် အဆင်ပြေသွားသည်။

အခန်းက နည်းနည်းတော့ ကျဉ်းသည်။ လူသုံးယောက် ချောင်ချောင်ချိချိ ခြေဆန့်လက်ဆန့် ထိုင်နိုင်ရုံသာရှိ၏။ သုံးယောက်စလုံး အိပ်ဖို့လောက်အထိတော့ မကျယ်။ အတူလိုက်ပါလာသော ဆရာကျော်မြသန်းသည် နှလုံးရောဂါအခံရှိသူ ဖြစ်၏။ စာပေစိတ်ကြောင့်သာ သောက်ဆေး၊ ငုံဆေးတွေ အပြည့်အစုံဆောင်ပြီး လိုက်လာရရှာခြင်း ဖြစ်၏။ အပြန်ခရီးကျတော့ အိပ်ပျက်သည့်ဒဏ်၊ ခရီးပန်းသည့်ဒဏ်ကြောင့် သူအတော်နွမ်းနေပြီ။ ထို့ကြောင့် သူ့ကို အခန်းထဲမှာ အိပ်စေပြီး ဆရာကွေးနှင့် ကျွန်တော်က အပြင်ဘက်ထွက်နေလိုက်ကြ၏။

ဆရာကြီးကွေးက အခန်းပေါက်ဝကို ကျောပေးပြီးထိုင်သည်။ ကျွန်တော်က ဝရန်တာသံတန်းပေါ်မှာ တင်ပါးလွှဲထိုင်သည်။ သင်္ဘောက မနက်လေးနာရီ၊ ငါးနာရီမှ ရန်ကုန်ကိုကပ်မည်။ ကျွန်တော်တို့အဖို့ အိပ်လို့မဖြစ်သောကြောင့် ရောက်တတ်ရာရာ စကားပြောရင်း အချိန်ဖြုန်းကြရလေသည်။

ဆရာကျော်မြသန်းသည် အားနာသောကြောင့်လားမသိ။ အခန်းထဲကနေ တစ်ချက်တစ်ချက် စကားလှမ်းပြောသေးသည်။ ညဥ့်လယ်လောက်ရောက်တော့ သူလည်း မဟန်နိုင်တော့ဘဲ အိပ်ပျော်သွား၏။

ဆရာကွေးနှင့် ကျွန်တော် နှစ်ယောက်တည်း စကားဆက်ပြောကြသည်။ ထူးခြားတာကတော့ ဆရာကွေးသည် ဒီညမှာ ဟိုအရင်ကလို ရယ်စရာအပြောင်အပြက်တွေ လုံးဝမပြောခြင်းပင် ဖြစ်၏။ စာအကြောင်း၊ ပေအကြောင်း၊ ကဗျာအကြောင်း၊ ထို့နောက် သူ့အကြောင်း။

သူသည် ငယ်စဉ်က ဓနုဖြူမှာ တက်ကြွသော အာကျယ်ကျယ်လူငယ်လေး ဖြစ်ခဲ့၏။ သူ၏ ဆရာရင်းမှာ (ကိုတံငါဝတ္ထုများရေးသူ) ဆရာကြယ်နီဖြစ်၏။ နောက်တော့ ရန်ကုန်တက်လာပြီး စာပေလောကမှာ ခြေချသည်။ ဓနုဖြူကျော်ထွန်း အမည်ဖြင့် ကဗျာတွေရေးသည်။ နောက်ပိုင်း ဟာသနှင့် သရော်စာလိုင်းကိုကူးပြီး စူပါဖြစ်လာခဲ့သည်။

ကျွန်တော်တို့ထိုင်နေရာက သင်္ဘောဦးညာဘက်ခြမ်းမှာ ဖြစ်သောကြောင့် လေတဟူးဟူး တိုက်နေသည်။ ညဥ့်နက်လေ ချမ်းလာလေဖြစ်သဖြင့် အနွေးထည်တွေ ထပ်ဝတ်ရသည်။ စကားဝိုင်းကတော့ ခုမှ အရှိန်ရကာစ။

သူက သူ့ဘဝမှာ မမေ့နိုင်သော စာပေဟောပြောပွဲတစ်ခုအကြောင်းကို ပြောပြ၏။ ရန်ကုန်၏ ထင်ရှားသော မြို့နယ်ကြီးတစ်ခုမှာ ဖြစ်၏။ ဟောပြောပွဲကို ဇာတ်ရုံကြီးတစ်ရုံထဲမှာ ကျင်းပရာ ပရိသတ်တွေအပြည့် လာရောက်နားထောင်ကြသည်။

ဆရာကွေး ပြောဖို့ အလှည့်မရောက်ခင်လေးမှာပင် သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ဆရာကွေး မိသားစုအတွင်းမှာ အလွန် စိတ်မချမ်းသာစရာကောင်းသော သတင်းတစ်ခုကို လာပြောသည်။ ဘယ်လိုမှ ပြန်လည်ပြုပြင်၍ မရတော့သော ကြေကွဲဖွယ် အဖြစ်တစ်ခု။

ထိုစဉ်မှာပင် ဆရာအီကြာကွေး ဟောပြောဖို့ စင်မြင့်ပေါ်ကြွပါဆိုသော ဖိတ်ခေါ်သံကို အသံချဲ့စက်မှ ကြားရပြီးနောက် လက်ခုပ်သံများသည် ဇာတ်ရုံကြီးတစ်ခုလုံး ဟိန်းထွက်လာသည်။ ထိုညက အကြောင်းကို သူက
"ငါလည်း.... ကိုယ်ရေးကိုယ်တာက တခြား။ စာပေတာဝန်က တခြားဘဲလို့ စိတ်ကိုတင်းပြီး စင်ပေါ်တက်ခဲ့တယ်။ ငါ ဘာပြောရမလဲကွ၊ ပရိသတ်က ငါ့ကိုမြင်တာနဲ့ ရယ်ဖို့ အဆင်သင့်ပြင်နေကြပြီလေ။ ဘာပြောကောင်းမလဲကွာ။ ငါလည်း... စိတ်ထဲရှိသမျှ ဟာသတွေကို တရစပ်ပြောချလိုက်တာ၊ ငါ့တစ်သက်တာမှာ အဲဒီ ဟောပြောပွဲဟာ အရယ်ရဆုံးလို့ ထင်တာပါပဲကွာ"

ကျွန်တော်သည် သူ့ကို အကဲခတ်ကြည့်လိုက်၏။ သူသည် မြစ်ပြင်ကို ငေးကြည့်နေသည်။ သင်္ဘောက ဆလိုက်မီးထိုးထားသည့်တိုင် ဆောင်းနှင်းမြူတွေ ဆိုင်းနေသဖြင့် မြင်ကွင်းက မှုန်ရီဝေဝါးနေ၏။ မှောင်ရိပ်ကျနေသဖြင့် သူ့မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရ။ ဟာသ စာပေသမားဆိုတာ အစဉ်အမြဲ အူမြူးနေတတ်သူတွေ မဟုတ်ပါလားဆိုသော အသိတစ်ခုကိုတော့ ရလိုက်၏။

မင်းလူ
-------------------
သောကြာစာစောင်၊
ဖေဖော်ဝါရီ၊ ၂၀၀၀

No comments:

Post a Comment