Sunday, February 3, 2019

အပ်ဖျားတို့ ဆုံတွေ့ရာဒေသ   -
 မင်းလူ

နှစ်ထပ်တိုက် အဆောက်ဦးလေးမှာ အမျိုးသမီး ပြင်ပလူနာဌာန ဖြစ်သည်။
မနက်အစောကြီး ကတည်းကပင် လူနာတွေ အများကြီး ရောက်ရှိနေပြီး သံတံခါးဖွင့်မည့် အချိန်ကို
စောင့်နေကြသည်။
တချို့က သံတံခါးရှေ့က လှေကားထစ်မှာ ထိုင်သည်။ တချို့က ဆင်ဝင်အောက်မှာ ရပ်လျက်။
တချို့ကတော့ ကွန်ကရစ်လမ်း၏ တစ်ဖက်တစ်ချက်ရှိ ကပ်တုံးများပေါ်မှာ ထိုင်နေကြသည်။
ယောက်ျား နည်းသည်။ မိန်းမ များသည်။ အများစုက ကိုယ်ဝန်ဆောင်များ ဖြစ်သည်။
တချို့က ကလေးတွေပါ ခေါ်လာကြသည်။ လူတွေက အမျိုးမျိုး။ သားသားနားနား ဝတ်စားထားသူတွေ၊
နွမ်းနွမ်းပါးပါး ဝတ်စားထားသူတွေ ရောထွေးနေသည်။
တချို့က ဖိနပ်တောင် မပါ။ အဆောက်အဦးဘေး ကွက်လပ်တွင် ကားတွေ ရပ်ထားသည်။ ခပ်လတ်လတ်၊
တစ်ပတ်ရစ်၊ အသစ်စက်စက်၊ ဝင်ပေါက်နားတွင် ဆေးလိပ်၊ ကွမ်းယာဆိုင်နှင့် ရုပ်ပြကာတွန်းငှားသော
ဆိုင်ကလေးရှိသည်။
တချို့က ဆေးလိပ်သောက်သည်။ တချို့က ကွမ်းယာ ဝယ်စားသည်။ တချို့က ရုပ်ပြ ငှားဖတ်ကြသည်။
ကိုယ်ဝန်ဆောင်တစ်ယောက်၊ အဖော် မိန်းမကြီးနှစ်ယောက်၊ ယောက်ျားတစ်ယောက်၊ ကလေးသုံးယောက်
ပါဝင်သော အုပ်စုသည် သူတို့ဘာသာစကားဖြင့် ကျယ်လောင်စွာ အော်ဟစ်ငြင်းခုန်နေကြသည်။
ကလေးတွေက ပြေးလွှား ဆော့ကစားနေကြသည်။
ကားတစ်စင်းက အရှိန်မလျှော့ဘဲ မောင်းဝင်လာသည်။ ကလေးတစ်ယောက်က ကားရှေ့ဖြတ်ပြေးသဖြင့်
“ကျွိ” ခနဲ ဘရိတ်အုပ်သည်။
အာမေဍိတ်သံများနှင့်အတူ ရုတ်ရုတ်သဲသဲ တစ်ချက် ဖြစ်သွားသည်။
ငြင်းခုန်ပြောဆိုနေကြသူတွေထဲမှ မိန်းမကြီးတစ်ယောက်က ကလေးကို ပြေးဆွဲလိုက်ပြီးနောက် တင်ပါးကို
တစ်ချက်ရိုက်လိုက်သည်။
ကလေးက စီခနဲ အော်ငိုသည်။ ကိုယ်ဝန်ဆောင်အင်္ကျီ ခပ်နွမ်းနွမ်းဝတ်ထားသော မိန်းမနှစ်ယောက်က
ပြောလက်စစကားကို ပြန်ဆက်သည်။
“ဘာဆေးတွေ သောက်လဲ”
အသက်ပိုကြီးသော မိန်းမက မေးသည်။ မိန်းမငယ်က..
ဆေးတွေက ဈေးကြီးလွန်းလို့ ဘာမှမသောက်ပါဘူး အစ်မရယ်၊ ထမင်းပဲ အားပြုစားနေရတာပဲ၊
စားချင်သောက်ချင်စိတ်လည်း သိပ်မရှိလှပါဘူး”
“တခြားဆေး မသောက်ချင်နေ၊ ကမ္ဘောဇ လေနှင်ဆေးတော့ သောက်အေ့၊ မွေးဖွားရ လွယ်တယ်၊ ဒါနဲ့
အိမ်ထောင်သက်က ဘယ်နှစ်နှစ်ရှိပြီလဲ”
“ငါးနှစ်”
“အားပါး၊ ငါးနှစ် လေးယောက်ဆိုတော့ ကလေးနီးတာပေါ့”
ဒါတော့ ဘယ်တတ်နိုင်ပါ့မလဲ”
“သားကြောဖြတ်ဖို့ လျှောက်လွှာတင်ပါလား”
“အဲဒါကလည်း လျှောက်လွှာရဖို့တောင် မလွယ်ဘူးဆို”
“အေး.. ဟုတ်တယ်၊ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှတဲ့၊ စည်းကမ်းချက်တွေကလည်း များလိုက်တာ၊
ငါတို့ကတော့ ကံကောင်းတယ်၊ ဗိုက်ခွဲရတာဆိုတော့ ဒီတစ်ယောက်ပြီးရင် အော်တိုမစ်တစ် ဖြတ်ပေးမှာပဲ၊
သုံးယောက်ပဲ ယူရတာကိုး”
ကိုယ်ဝန်ဆောင်အားလုံးလိုလို တံခါးပေါက်နားမှာ ရုံးစုရုံးစု ရှိနေကြပြီ။ ခဏအကြာတွင်
အလုပ်သမားတစ်ယောက် သံတံခါးနား လာရပ်သည်။
လှုပ်လှုပ်ရွရွ ဖြစ်ပြီး ဝင်ဖို့ တာစူကြပြီ။
“သိပ်မတိုးကြနဲ့နော်၊ တစ်ယောက်စီဝင်”
သံဘာဂျာတံခါးကို လူတစ်ယောက်ဝင်စာ ဖွင့်သည်။ စုပြုံတိုးကြလေသည်။
“ယောက်ျားတွေ အပြင်မှာစောင့်နော်၊ မဝင်ရဘူး”
ဟိုအပေါက်စောင့် အလုပ်သမားက အော်နေသည်။ မိန်းမတစ်ယောက်က ကလေးငယ်တစ်ယောက်ကိုပါ
လက်ဆွဲပြီး ဝင်မည်ပြုသည်။ အပေါက်စောင့်က..
“ကလေး အထဲကို မခေါ်ရဘူး”
“ဟင်.. မခေါ်လို့ ဘယ်ဖြစ်မလဲ၊ အပြင်မှာ တစ်ယောက်တည်းထားခဲ့ရမှာပေါ့”
“ဟာ.. ခက်တာပဲ၊ ဘာဖြစ်လို့ ကလေးခေါ်လာရသလဲဗျ”
“အို.. အိမ်မှာ ကြည့်မယ့်လူမှ မရှိဘဲ”
“ဒါတော့ မတတ်နိုင်ဘူးဗျာ၊ အပြင်က တစ်ယောက်ယောက်ကို အပ်ခဲ့”
မိန်းမက သူ့ကလေးကို..
“ကဲ.. မဝင်ရဘူးတဲ့၊ ဟိုနားမှာ ထိုင်စောင့်နေ၊ ဟုတ်လား”
“ဟာ.. အမေရာ၊ လိုက်မှာပဲ”
“လိုက်လို့ မရပါဘူး ဆိုမှ”
“လိုက်မှာပဲ၊ လိုက်မှာပဲ”
“တယ်.. ငါ လုပ်လိုက်ရ”
“ဟိုမှာ နင့်ပထွေးက မဝင်ရဘူးလို့ ပြောနေတာ မကြားဘူးလား”
အပေါက်စောင့်၏ မျက်နှာ ရဲခနဲ ဖြစ်သွားသည်။
အထဲရောက်တော့ ခုံတန်းလျားမှာ ထိုင်စောင့်ရသည်။ စောင့်ရင်း နီးစပ်ရာ စကားပြောကြဆိုကြ၊ မသိတာ
မေးကြ၊ ရှင်းပြကြနှင့် အသံတွေ တဝေါဝေါ ထွက်နေသည်။
မိန်းမတစ်ယောက်က သူ့ဘေးမှာထိုင်နေသူကို လက်တို့၍ ရှေ့တန်းမှ သားသားနားနား ဝတ်စားထားသူ
တစ်ယောက်ကို မေးငေါ့ပြပြီး....
“ဗိုက်လာအပ်တာကလည်း မင်္ဂလာဆောင်သွားမှာ ကျနေတာပဲ၊ ဝတ်စားလာလိုက်တာ”
“သူတို့က ဒီမှာ ဗိုက်အပ်ရုံပဲ တစ်ခါပဲ လာရတာ၊ နောက်ကျတော့ သူတို့ စပါယ်ရှယ်လစ်ရဲ့ ဆေးခန်းမှာ
ဆက်ပြရုံပဲ၊ ကျွန်မတို့သာ မမွေးမချင်း ဒီမှာ လာဒုက္ခခံရဦးမှာ”
ဆရာမများ ရောက်ရှိလာသည်။ စားပွဲမှာ ထိုင်သည်။ အလုပ်သမားတစ်ယောက်က “ကဲ” ဟု ဆိုရုံရှိသေး၊
အားလုံး တဝုန်းဝုန်း ထကြသည်။
“နေကြပါဦး၊ ဒီရှေ့ခုံတန်းက အရင်စမယ်၊ ကဲ တန်းစီပါ၊ ဟိုနောက်ဆုံးခုံတွေက နေကြဦး”
သူ့စကားကို ဂရုမစိုက်ကြချေ။ နောက်ဘက် လူတချို့ကလည်း ခုံတန်းတွေကို ကျော်လွှားပြီး
တိုးဝှေ့တန်းစီကြသည်။
ဝရုန်းသုန်းကား ဖြစ်ကုန်၏။ သူများနှင့် ယှဉ်မတိုးနိုင်သူများမှာ လူတန်း၏ အပြင်ဘက်ကို
စ ထွက်သွားကြသည်။
မကျေမနပ် ပြောကြဆိုကြသံ၊ ဗိုက်ချင်းတိုက်မိသဖြင့် တအင့်အင့် မြည်သံတေကွ ထွက်ပေါ်လာသည်။
ပိန်ပိန်သေးသေး မိန်းကလေးတစ်ယောက်မှာ တံတောင်နှင့် အတွက်ခံလိုက်ရသော ဗိုက်လုံးလုံးကလေးကို
နှိပ်ရင်း စမ်းသပ်နေသည်။
ခဏအကြာတွင် မညီညာသော လူတန်းတစ်ခု ဖြစ်သွား၏။ ဝင်မတိုးနိုင်သူများမှာ ခုံတန်းလျားတွင်
ပြန်ထိုင်ရသည်။ ကလေးတွေလည်း လူမဖြစ်ခင် ဗိုက်ထဲမှာကတည်းက တိုးဝှေ့နေရပြီဟု တစ်ယောက်က
ညည်းသည်။
ဆရာမများထံမှာ စာရင်းပေးသွင်းရသည်။ ပြီးတော့ ပေါင်ချိန်၊ အရပ်တိုင်း၊ သွေးဖောက်၊ ဆီးစစ်သည့်
အခန်းကိုကူး၊ နောက်တစ်ဆင့်က ဆရာဝန်ထံ သွားရခြင်းဖြစ်သည်။ ဆရာဝန်က သွေးပေါင်ချိန်ပြီး
မွေးဖွားမှုရာဇဝင်ကို မေးသည်။
“ဒါ သားဦးလား၊ ဘယ်နှစ်ယောက်မြောက်လဲ”
ဆရာဝန်က ရှေ့မှာထိုင်နေသော မိန်းမတစ်ယောက်ကို မေးသည်။
“သုံးယောက်”
“အရင်က ရောဂါကြီးကြီးမားမား ဘာဖြစ်ဖူးလဲ”
“ဟင့်အင်း၊ အပရိကလောက်ပါပဲ”
“ကိုယ်ဝန်ရှိကာစတုန်းက ပြင်းပြင်းထန်ထန် ဖျားတာ၊ နာတာ..”
ခေါင်းခါပြသည်။
“အရင်ကလေးတွေတုန်းက အော်ပရေးရှင်း လုပ်ရတာတို့၊ ဖော့ဆက်သုံးရတာတို့ ရှိလား”
“ရှင်”
“သြော်.. ဗိုက်ခွဲရတာတို့၊ ညှပ်ဆွဲရတာတို့”
“မရှိပါဘူး”
“မွေးရတာ ခက်လား၊ လွယ်လား”
“ဟာ.. လွယ်လိုက်တာမှ ဆရာမရယ်၊ စမြင်းတုံးညှစ်ရတာကမှ ခက်ချင်ခက်ဦးမယ်”
အမျိုးသမီးဆရာဝန်သည် လက်ကိုင်ပဝါဖြင့် ပါးစပ်နှင့်နှာခေါင်း မသိမသာ အုပ်လိုက်သည်။
အပေါ်ထပ်ရှိ အခန်းတစ်ခန်းရှေ့တွင် မိန်းမတစ်သိုက် ထိုင်စောင့်နေကြသည်။ နီးစပ်ရာအချင်းချင်း
စကားစမြည် ပြောကြသည်။
“သားကြောဖြတ်ဖို့ လျှောက်လွှာက ပေးမှပေးပါ့မလား မသိဘူး”
တစ်ယောက်က ညည်းလိုက်သည်။ ဘေးမှတစ်ယောက်က....
“လွယ်တော့ မလွယ်ဘူး၊ ဒါပေမယ့် ဒီလိုပဲ ကြည့်ကောင်းအောင် လျှောက်ပြောရတာပဲ၊ ယောက်ျားက
ဘာလုပ်လဲ”
“ရုံးအုပ်”
“ညီမကရော”
“ဟို စည်ပင်သာယာမှာ ဆိုပါတော့”
“အစိုးရအလုပ် လုပ်တယ်လို့ မပြောနဲ့၊ အဲဒါဆို ရုံးက ထောက်ခံစာတွေ၊ ဘာတွေ ယူခိုင်းနေမယ်၊
ပျံကျဈေးသည်လို့သာ ပြော၊ ကလေးရော ဘယ်နှစ်ယောက်ရှိပြီလဲ”
“လေးယောက်”
“ဟာ.. လေးယောက်လို့ မပြောနဲ့၊ ခြောက်ယောက်လို့ ပြော”
“ဟင်.. တကယ်မှ မဟုတ်တာ”
“အို.. သူတို့ မသိပါဘူး၊ လျှောက်ရဖို့သာ အရေးကြီးတာ၊ တစ်ယောက်က ပျက်သွားတယ်၊ တစ်ယောက်က
ဆုံးသွားတယ်၊ ဒါကြောင့် လေးယောက်ကျန်တာလို့ ပြော”
“ဆေးရုံက စာရင်းမှာ..”
“အမလေး၊ ဒါများ လွယ်လွယ်လေး၊ အဲဒီနှစ်ယောက်က တောမှာ အရပ်လက်သည်နဲ့ မွေးတာလို့ ပြောပါ”
အခန်းထဲတွင် အမျိုးသမီးဆရာဝန် တစ်ယောက်က မိန်းမတစ်ယောက်ကို မေးနေသည်။
“သားကြောဖြတ်ဖို့ လျှောက်လွှာလိုချင်တယ်၊ ဟုတ်လား၊ အဲဒါက ဒီအတိုင်း မပေးဘူး၊ စည်းကမ်းနဲ့
ညီညွတ်မှ၊ အသက် ဘယ်လောက်ရှိပြီလဲ”
“သုံးဆယ့်သုံးနှစ်ပါ”
“ကလေးကရော ဘယ်နှစ်ယောက်လဲ”
“သုံးယောက်”
“အခု ကိုယ်ဝန်နဲ့ပါမှ သုံးယောက်ပေါ့”
“ဟုတ်ကဲ့”
“ဗိုက်ခွဲဖူးလား”
ခေါင်းခါပြသည်။
“ဆေးရုံတက်ဖူးလား”
“တက်ဖူးတယ်”
“ဟုတ်ပြီ၊ ဘယ်တုန်းကလဲ”
“အရင်ကလေးတွေ မွေးတုန်းက”
“အဲဒါပြောတာ မဟုတ်ဘူးလေ၊ တခြားရောဂါ တစ်ခုခုနဲ့”
“လက်ကျိုးတုန်းကတော့ ဆေးရုံမှာ တစ်ညအိပ်ဖူးတယ်”
“ဟာ.. Aအဒါလည်း မဟုတ်သေးဘူး၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ အသည်း၊ အာရုံကြော၊ အင်း..
တက်တာတို့၊ ဝက်ရူးပြန်တာတို့ ဖြစ်ဖူးလား”
“ဟို.. ဟို.. မဖြစ်ဖူးပါဘူး”
“ဒါဆိုရင်တော့ အစ်မက စည်းကမ်းနဲ့ မညီညွတ်ဘူး”
“လျှောက်လွှာလေးတော့ ပေးလိုက်ပါ ဆရာမရယ်၊ ကျေးဇူးမမေ့ပါဘူး”
“သြော်.... ကျွန်မက မပေးချင်လို့ ကပ်နေတာ မဟုတ်ဘူး၊ လျှောက်လွှာတင်ရုံနဲ့လည်း ပြီးတာ
မဟုတ်သေးဘူး၊ ဆရာဝန်ကြီးတွေက စစ်ဆေးဦးမှာ၊ အစ်မရဲ့ အခြေအနေက ခွင့်ပြုချက်ရမှာလည်း
မဟုတ်ဘူး၊ အစ်မလည်း သက်သက် ပင်ပန်းဦးမယ်၊ စစ်ဆေးရမယ့် ဆရာဝန်ကြီးတွေလည်း အချိန်ကုန်ပြီး
အလုပ်ပိုဦးမယ်၊ ဒါကြောင့် စေတနာနဲ့ ပြောတာ၊ အစ်မအသက်လည်း သိပ်ကြီးလှသေးတာ မဟုတ်ဘူး၊
ကလေးများတယ်လည်း မဆိုနိုင်သေးဘူး၊ ရောဂါ ကြီးကြီးမားမားလည်း မရှိဘူး”
“ဒါပေမဲ့လည်း ကျွန်မက သိပ်ဆင်းရဲပါတယ် ဆရာမရယ်၊ အခုမွေးပြီးသား နှစ်ယောက်တောင်
မနည်းရုန်းကန် ရှာဖွေကျွေးနေရတာပါ၊ ဒီမှာ နောက်တစ်ယောက် လာဦးမယ်၊ ပြီးတော့....”
“အင်း.. ဆင်းရဲတာကို ရောဂါဆိုးတစ်ခုလို့ သတ်မှတ်လို့ရရင်လည်း ကောင်းတာပေါ့၊ ကဲပါလေ.. ကျွန်မ
လျှောက်လွှာတော့ ပေးလိုက်ပါ့မယ်၊ ဆရာဝန်ကြီးတွေကို ပြောကြည့်ပေါ့၊ တစ်ခုတော့ ရှိတယ်၊ အခု
ဒီကထွက်သွားလို့ အခန်းပြင်ရောက်ရင် လျှောက်လွှာရခဲ့ပြီ ဆိုပြီးတော့ လျှောက်မကြွားနဲ့နော်၊ တစ်ခါတည်း
တန်းပြန်၊ ဟုတ်လား”
“ကျေးဇူးကြီးလှပါပြီ အစ်မရယ်”
ဆရာဝန်မကြီး၏ အခန်းထဲတွင် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ အတော် သားသားနားနား
ဝတ်စားထားသည်။ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး၊ နာရီ အပြည့်အစုံ ဆင်ယင်ထားသည်။ အသားဖြူဖြူ၊
ကိုယ်လုံးထည်ထည်၊ ရုပ်ချောချော၊ အသက်သုံးဆယ်ခန့်။
သူက....
“မနေ့က မမရဲ့ဆေးခန်းတောင် ရောက်သေးတယ်၊ တိုကင် တစ်ရက်ကြိုယူရတယ်ဆိုလို့ အဲဒါနဲ့ ဒီကိုပဲ
လာခဲ့တာပါ”
“ဟုတ်လား၊ ဆိုပါဦး”
ဆရာဝန်မကြီးက စကားထောက်ပေးသည်။
“ကျွန်မ.... ကျွန်မ ကလေးလိုချင်လို့ပါ”
“သြော်.. ကလေးမရလို့ပေါ့၊ အိမ်ထောင်ကျတာ ဘယ်လောက်ရှိပြီလဲ”
“သုံးနှစ်ကျော်ပါပြီ.. မမ”
“တားဆေးတွေ ဘာတွေ သုံးခဲ့ဖူးလား”
“ဟင့်အင်း.. ဘာမှ မသုံးပါဘူး၊ အိမ်ထောင်ကျကတည်းက ကလေး လိုချင်ခဲ့တာ”
“မှန်မှန်ရော လာရဲ့လား”
“တချို့လတွေတော့ မမှန်ဘူး မမ”
“တစ်ခုရှိသေးတယ်၊ ကလေးမရတာ အမျိုးသားဘက်က ချွတ်ယွင်းတာလည်း ဖြစ်နိုင်သေးတယ်”
“ကျွန်မ အမျိုးသားကတော့ ချွတ်ယွင်းချက် မရှိပါဘူး မမ”
“ဘယ်လိုလုပ်သိလဲ”
အမျိုးသမီးက မျက်လွှာချ၍
“သူ့အရင်Aိမ်ထောင်နဲ့ ကလေးနှစ်ယောက် ရဖူးပါတယ်”
“သြော်.. ဒါဆို ကောင်းတာပေါ့”
“ရှင်”
“မဟုတ်ဘူးလေ၊ သူ့ဘက်က ချွတ်ယွင်းချက်မရှိဘူးဆိုတာ သေချာသွားတာကို ပြောတာ၊ ကောင်းပြီလေ၊
ကျွန်မ စမ်းကြည့်ပေးမယ်၊ သားအိမ်တို့ ဘာတို့ အနေအထားကောင်းရင် ဖြစ်နိုင်စရာ ရှိပါတယ်”
“ဖြစ်အောင်သာ လုပ်ပေးပါ မမရယ်၊ ဘယ်လောက် ကုန်ကုန်ပါ၊ ကလေးတစ်ယောက်ရရင် ကျေနပ်ပါပြီ”
ဆရာဝန်မကြီးက ပြုံး၍..
“ငွေမကုန်မှာတော့ မပူနဲ့၊ လိုအပ်ရင် သုံးရမယ့်ဆေးတွေက ဈေးသိပ်ကြီးတယ်၊ အပြင်မှာ
ရှာဝယ်ရလိမ့်မယ်”
အမျိုးသမီး ထွက်သွားသောအခါ ဆရာဝန်မကြီးက....
“အင်း.. ကျွေးနိုင်မွေးနိုင်တဲ့ လူကျတော့လည်း ကလေးမရ၊ ဆင်းရဲတဲ့ လူတွေကျတော့လည်း....”
ဟု ရေရွတ်နေတုန်း အဝတ်အစား ခပ်နွမ်းနွမ်း ဝတ်ထားသော မိန်းမကြီးတစ်ဦး ဝင်လာပြီး စားပွဲရှေ့မှာ
ယို့ယို့လေးရပ်သည်။
ဆရာဝန်မကြီးက..
“ကဲ.. ထိုင်၊ ဘယ်လိုလဲ၊ ပြီးခဲ့တဲ့လကတည်းက လာခဲ့ပါလို့ ကျွန်မ သေသေချာချာမှာတာ ဘာဖြစ်လို့
မလာသလဲ၊ ဘာလဲ၊ ဆေးရုံတက်ရမှာ ကြောက်လို့လား၊ မကြောက်ပါနဲ့နော်၊ ဆေးရုံတက်မှ ပျောက်တာ”
“ကြောက်လို့ မဟုတ်ပါဘူး၊ ဆရာမကြီးတို့က ကောင်းစေချင်လို့ပြောတာ သိပါတယ်၊ ဆရာမကြီးရဲ့
စေတနာကို စော်ကားတာ မဟုတ်ပါဘူး၊ ဟိုလေ.. ဟို.. ဒီကိုလာဖို့ လမ်းစရိတ် မရှိတာနဲ့ ပဲကလေး၊
နှမ်းကလေးပေါ်အောင် စောင့်နေရတာပါ၊ ရန်ကုန် တစ်ခေါက်လာရတာကလည်း မလွယ်ဘူး မဟုတ်လား”
ဟု ရိုသေစွာ ပြော၏။

မင်းလူ
ရုပ်ရှင်အမြုတေ၊ မတ်၊ ၁၉၈၀

No comments:

Post a Comment