Sunday, February 3, 2019

ဟိုအိမ် ဒီအိမ် ကူးပါလို့   -  မင်းလူ

                           မစန်းသင်တို့ လင်မယား လာလည်တာကို သိပ်သဘောမတွေ့သလိုမျိုး မိကိုယ်တိုင်က ပြောလာသဖြင့် ကိုသိန်းမောင် အံ့သြသွားရသည်။ ထိုစကားမျိုးကို ကိုသိန်းမောင်ကသာ ပြောဆိုမည်။ ပြောလို့ရသည်။ သူနှင့် မစန်းသင်တို့နှင့်က ဘာမျှတော်စပ်ခဲ့သည် မဟုတ်။ မိနှင့်ပတ်သက်ပြီးတော့မှ သိကျွမ်းရခြင်း ဖြစ်သည်။ တကယ်ဆို ကိုသိန်းမောင်က မကျေနပ်လျှင် မိက သူတို့ဘက်မှ ကာကွယ်ပြောဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော မစန်းသင်၏ယောက်ျား ကိုထွန်းဦးသည် မိ၏ အစ်ကိုဝမ်းကွဲ တော်သောကြောင့်ပင်။ ပြီးတော့ မစန်းသင်နှင့် မိနှင့်က ကျောင်းနေဖက်သူငယ်ချင်းတွေ။

                        မိက မိတ်ဆက်ပေးသဖြင့် ကိုထွန်းဦးနှင့် မစန်းသင်တို့ သိကျွမ်းခင်မင်ခဲ့သည်။ အစ်ကိုဖြစ်သူနှင့် သူငယ်ချင်းဖြစ်သူတို့ကို နီးစပ်သွားစေချင်သော ဆန္ဒဖြစ်လာသည်။ ထို့ကြောင့် မိကပင် ဟိုဘက် ဒီဘက် စိတ်ပါလာအောင် ဆွယ်တရားတွေ ဟောခဲ့သည်။ ကြားထဲက အောင်သွယ်တော် လုပ်ပေးခဲ့သည်။ သို့ဖြင့် ကိုထွန်းဦးနှင့် မစန်းသင်တို့ ချစ်ကြိုက်သွားကြသည်။ နောက်တော့ လက်ထပ်လိုက်ကြသည်။ ခုဆိုလျှင် ကလေးသုံးယောက်ပင် ရနေပြီ။ ဟိုဘက်၊ ဒီဘက် နှစ်အိမ်ထောင်မှာ အလွန်ခင်မင်သူများ ဖြစ်ကြ၏။ အကြောင်းကိစ္စ တစ်စုံတစ်ရာ ဖြစ်လာလျှင်လည်း တစ်ဦးနှင့်တစ်ဦး တိုင်တိုင်ပင်ပင် ရှိသည်။ ယောက်ျားအချင်းချင်း သော်လည်းကောင်း၊ မိန်းမအချင်းချင်း သော်လည်းကောင်း ပြဿနာ တစ်စုံတစ်ရာ ဖြစ်သည်ဟူ၍ မရှိခဲ့ဖူးချေ။ ခုကျမှ ဘယ်လိုများ ဖြစ်ရတာပါလိမ့်။

                        ဒီနေ့ စနေနေ့ဖြစ်၍ ရုံးပိတ်သည်။ ကိုသိန်းမောင်က မိုးသားတွေ ညို့တက်လာသည်ကို ကြည့်ပြီး....
“မိုးရွာမယ် ထင်တယ်ဟေ့၊ ကိုထွန်းဦးတို့ လာရင်တော့ လမ်းမှာ မိုးမိတော့မှာပဲ”
ဟု ပြောလိုက်သည်။ ထိုအခါ မိက..
“သူတို့ လာကြဦးမှာလား”
“လာမှာပေါ့ကွ.. မင်းက ဒါများ အဆန်းလုပ်လို့”
မိက မကျေနပ်သလိုလို တစ်စုံတစ်ရာ မသဲမကွဲ ရေရွတ်ပြီး ထွက်သွားသည်။ ထို့ကြောင့် ကိုသိန်းမောင်
အံ့သြသွားခြင်း ဖြစ်သည်။

                   သူတို့၏ အိမ်များသည် သိပ်နီးလှသည်တော့ မဟုတ်။ သို့ရာတွင် ဘတ်စ်ကားလမ်းကြော
တစ်ခုတည်းပေါ်မှာ ရှိသဖြင့် သွားရလာရ လွယ်ကူသည်။ ပြားသုံးဆယ် ပေးစီးလျှင် ရောက်နိုင်သည်။
ကိုထွန်းဦးနှင့် မစန်းသင်တို့သည် အပတ်စဉ် စနေနေ့တိုင်း ကိုသိန်းမောင်နှင့် မိတို့အိမ်ကို လာလည်တတ်သည်။ ဤသို့ လာခဲ့သည်မှာ နှစ်နှင့်ချီ၍ လာခဲ့ပြီ။ ကိုထွန်းဦးတို့နေသော သုဝဏ္ဏတိုက်ခန်းက ကျဉ်းသည်။ ကိုသိန်းမောင်တို့ကတော့ လုံးချင်းအိမ်ကလေးနှင့် ခြံဝင်းကလေး အသင့်အတင့်လည်း ရှိသည်။ ထို့ကြောင့် သူတို့အိမ်မှာ ပိုမိုကျယ်ဝန်းလေသည်။

                  ထိုအကြောင်းကြောင့်လည်း ကိုထွန်းဦးတို့ကသာ သူတို့အိမ်ကို လာလေ့ရှိခြင်း ဖြစ်သည်။
ဒီနေ့လည်း ထုံးစံအတိုင်း ရောက်လာမည်ပင်ဖြစ်သည်။ အခြား အရေးတကြီးကိစ္စရှိ၍ ကိုထွန်းဦးတို့
တစ်ပတ်တလေ ရောက်မလာဖြစ်လျှင် မိက နေမထိထိုင်မသာဖြစ်ပြီး မျှော်နေတတ်သေးသည်။
“ဘာများ ဖြစ်နေကြသလဲ မသိဘူး၊ နက်ဖြန်ကျမှပဲ လာကြမလား မသိဘူး၊ တနင်္လာနေ့ကျရင်တော့
မစန်းသင်တို့ရုံးကို ဖုန်းဆက်ဦးမှပဲ”
စသည်ဖြင့် တဖျစ်တောက်တောက် ပြောနေတတ်သည်။

                    ဤသို့ နေလာခဲ့ကြရာမှ ခုလို သူတို့မလာစေချင်သောသဘောမျိုး ဖြစ်လာသဖြင့် ကိုသိန်းမောင်က စဉ်းစားရကျပ်နေခြင်း ဖြစ်သည်။ မိနှင့် မစန်းသင်တို့ ဟိုတစ်ပတ်ကများ ပြဿနာတက်သွားကြသလား မသိ။ သို့ဆိုလျှင်လည်း ဒီတစ်ပတ်မှာ သူတို့ လာကြတော့မည် မဟုတ်ချေ။ ခုဟာက သူတို့လာမည့်အကြောင်းကို မိက သိနေပြီးသား ဖြစ်သည်။ တခြား ဘာအကြောင်းများ ရှိသေးသလဲဟု စဉ်းစားကြည့်သော်လည်း အဖြေကိုမရ။

“ဘာလီတို့ လာပြီဟေ့” ဟုအော်ရင်း သားက အိမ်ရှေ့ကို ပြေးထွက်သွားသည်။ ကိုထွန်းဦးတို့
သားနှစ်ယောက်သည် မျောက်ရှုံးအောင် ဆော့တတ်သဖြင့် သုချိတ်နှင့်ဘာလီဟု သူတို့အဖေက
နာမည်ပေးထားသည်။ ကိုသိန်းမောင်တို့၏ သားကတော့ သာမန်အားဖြင့် သိပ်မဆော့ဟု ထင်ရသည်။ အမှန်မှာ အဖော်မရှိ၍သာ ဖြစ်သည်။ ကိုထွန်းဦး၏ သားနှစ်ကောင်နှင့် ပေါင်းမိပြီဆိုသည်နှင့် သူလည်း စံချိန်မီ ဖြစ်လာတတ်သည်။

              ထို့ကြောင့် ကိုထွန်းဦးတို့ အလာကို သူကလည်း မျှော်နေလေ့ရှိ၏။ ကိုထွန်းဦးတို့ သမီးငယ်နှင့် ကိုသိန်းမောင်တို့၏ သမီးအငယ်သည်လည်း မတိမ်းမယိမ်း။ သူတို့သည်လည်း မိန်းကလေးတို့ သဘာဝအတိုင်း ကစားဖော်များ ဖြစ်ကြ၏။
“ခင်ဗျားတို့ နောက်ကျတယ်ဗျာ” ဟု ကိုသိန်းမောင်က ဆီးကြိုရင်းပြောသည်။
“အေးဗျာ.. ထွက်လာခါနီးမှ မိုးက တအားရွာချလို့ မိုးစဲအောင် စောင့်နေရတယ်”
ကိုထွန်းဦးက ပြန်ပြောသည်။ မစန်းသင်က..
“မိတစ်ယောက်ကော.. ချက်လို့ပြုတ်လို့မှ ပြီးသေးရဲ့လား” ဟု ပြောပြီး မီးဖိုဘက် လှမ်းဝင်သွား၏။ မိ၏
စောစောက အမူအရာကို မြင်ထားသော ကိုသိန်းမောင်က စိုးရိမ်သွားမိ၏။ မိက မစန်းသင်ကို မချေမငံများ
ပြောလိုက်လေမလား၊ မနှစ်သက်သော အမူအရာများ ပြလိုက်မလားဟု စိတ်ပူသွားခြင်း ဖြစ်သည်။

                  ထို့ကြောင့် ကိုထွန်းဦးကို “ခဏထိုင်ဦးဗျာ” ဟု ပြောပြီး မီးဖိုထဲသို့ မယောင်မလည် ဝင်လာခဲ့သည်။ မစန်းသင်က မိဘေးမှာထိုင်ပြီး ဟင်းနုနယ်ရွက်တွေ ကူသင်ပေးနေ၏။ မိ၏မျက်နှာထားကို
အကဲခတ်ကြည့်ရာ ပုံမှန်အတိုင်းပင် ဖြစ်သည်။ တင်းမာသော အရိပ်အယောင် မတွေ့ရချေ။
မစန်းသင်က…..
 “ဟင်းနုနယ်ရွက်ကလေးတွေ သန်လိုက်တာနော်၊ အရိုးတွေ ကြီးနေလို့ ရင့်မယ်အောက်မေ့တာ၊ ချိုးကြည့်မှ နုနုလေးတွေမှန်း သိရတယ်” ဟု ပြောသည်ကို မိက….
 “ဟုတ်တယ် မစန်းသင်ရဲ့၊ မိတို့ဈေးမှာက ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်တယ်” ဟု စိတ်လိုလက်ရ အသာတကြည် ပြန်ပြောလိုက်၏။ သူတို့နှစ်ယောက် ဆက်ဆံပုံမှာ ဟိုအရင်ကအတိုင်း ဖြစ်သည်။ ကိုသိန်းမောင် စိတ်အေးသွားရသည်။

                    သို့ရာတွင် မနက်က မိ၏ အမူအရာကြောင့်တော့ စိတ်ထင့်နေတုန်းပင်။
ကိုထွန်းဦးက..
“ဒီနေ့ လုပ်သားသတင်းစာထဲက ဆောင်းပါး ဖတ်ပြီးပြီလား” ဟု မေးသည်။
ကိုသိန်းမောင်က..
“မဖတ်ရသေးဘူးလေ၊ ကျွန်တော်တို့အိမ်က ဗိုလ်တစ်ထောင်ပဲ ယူတာပဲ၊ ဘာအကြောင်း ရှိလို့လဲ”
“အစားအစာထဲထည့်တဲ့ ဆိုးဆေးတွေအကြောင်းလေဗျာ” ဆိုပြီး ဆောင်းပါးကို ပြန်ပြောပြသည်။
အစားအစာတွင် ပါသော ဆိုးဆေးများ၏ အန္တရာယ်အကြောင်း၊ ထိုမှ စကားစရသွားပြီး ဆေးဝါးအတုတွေ
အကြောင်း၊ ဝိသမလောဘသားတွေ အကြောင်းထိ ဆက်ပြောကြသည်။
မိက ထမင်းစားဖို့ လာခေါ်မှပင် စကားစ ပြတ်တော့၏။ ကိုထွန်းဦးတို့ သားနှစ်ကောင်သည်
ဟင်းစားကြီးသည်။ စားသောက်ရာတွင်လည်း ငြိမ်ငြိမ်ဆိမ်ဆိမ် မရှိ။ လူကြီးတွေထည့်အပေးကို မစောင့်ဘဲ
သူတို့ဘာသာ ဟင်းခွက်တွေကို စိတ်ကြိုက်နှိုက်တတ်သည်။ ကိုသိန်းမောင်တို့ သားနှင့်သမီးတောင်မှ
သူတို့အတုခိုးပြီး စည်းကမ်းဖောက်ချင်လာသည်။ မိမကျေနပ်တာ ဒါများလားဟု ကိုသိန်းမောင် တွေးလိုက်မိသေးသည်။ နေ့လည်ပိုင်းကျတော့ ကိုသိန်းမောင်နှင့် ကိုထွန်းဦးတို့က အိမ်ရှေ့ခန်းမှာ စစ်တုရင်ထိုးကြသည်။

                  မိနှင့် မစန်းသင်တို့က မီးဖိုထဲမှာ တစ်ပတ်အတွင်း ကြုံတွေ့ရသမျှ သတင်းတွေကို ဖလှယ်ကြသည်။ ကလေးငါးယောက်က အိမ်ရှေ့ကွက်လပ်မှာ ကစားကြ၏။ ကိုသိန်းမောင်၏ သားနှင့်သမီးသည် သာမန်အားဖြင့် လိမ္မာရေးခြား ရှိကြသူများဟု ဆိုနိုင်သည်။ မျက်စိနောက်လောက်အောင် အကြမ်းပတမ်း ဆော့တတ်သူများ မဟုတ်ကြ။ သုချိတ်နှင့် ဘာလီညီနောင်တို့နှင့် ပေါင်းမိသော အခါတွင်ကား သူတို့စံချိန် အမီလိုက်တော့သည်။ မိန်းကလေးနှစ်ယောက်ကလည်း အသံကလေးတွေ တစ်စာစာနှင့် ဖြစ်နေကြလေသည်။ စစ်တုရင်ထိုးကြရာတွင် ကိုသိန်းမောင်နှင့် ကိုထွန်းဦးတို့ တစ်ယောက်တစ်ပွဲစီ နိုင်ကြသည်။ တတိယပွဲကို အကြိတ်အနယ် ယှU်ပြိုင်ကြရာ ကိုသိန်းမောင်က ကစားကွက် သာနေသည်။
ထိုအချိန်တွင် ကိုထွန်းဦးသား အကြီးကောင်ကို အငယ်ကောင်က စပြီး ထွက်ပြေးသည်။ အကြီးကောင်က
နောက်ကလိုက်သည်။ အငယ်ကောင်က အိမ်ပေါ် ပြေးတက်လာရာ အရှိန်လွန်ပြီး စစ်တုရင်ခုံကို
ဝင်တိုက်မိသည်။

                  အရုပ်တွေ ဖရိုဖရဲ ပြိုလဲကျကုန်သည်။ ဘယ်အရုပ်က ဘယ်အကွက်မှာ ရှိခဲ့မှန်း မသိကြတော့။ ပြန်၍ နေရာချလို့ မရသဖြင့် ပွဲပျက်သွားသည်။ ကိုသိန်းမောင်သည် နောက်တစ်ကွက်၊ နှစ်ကွက်ဆိုလျှင် ကိုထွန်းဦး၏ ဘုရင်ရုပ်ကို အမိဖမ်းနိုင်တော့မည့် အခြေအနေတွင် ပွဲပျက်သွားရသဖြင့် နည်းနည်း ဒေါသထွက်သွားသည်။ ကိုထွန်းဦးကို အားနာသဖြင့် ဘာမျှတော့မပြော။
ကိုထွန်းဦးကတော့..
“တော်တော်ဆိုးတဲ့ကောင်တွေ၊ ဝေးဝေးမှာ သွားကစားကြကွာ” ဟူ၍သာ ပြောသည်။ သူ့သားတွေကို
ဆူပူကြိမ်းမောင်းခြင်း မရှိချေ။
ညနေစောင်းတွင် ကိုသိန်းမောင်နှင့် ကိုထွန်းဦးတို့ အပြင်ထွက်ကြသည်။ စားသောက်ဆိုင်တစ်ဆိုင်မှာ
“အဖြူ” ပုလင်း တစ်ပြားစာကို နှစ်ယောက်သောက်ကြသည်။ တစ်ခါတလေလည်း နည်းနည်းပိုသွားသည်။
စကားတပြောပြောနှင့် သောက်ကြပြီး ထမင်းစားချိန်ကျမှ အိမ်ပြန်သည်။
ညနေစာ ထမင်းစားပြီးချိန်တွင် မှောင်လုနေပြီ။ ထိုအခါကျမှ ကိုထွန်းဦးတို့ မိသားစုလည်း ပြန်ကြလေတော့သည်။
မစန်းသင်နှင့် မိတို့သည် ပြန်ခါနီးအထိ စကားစ မပြတ်ကြသေး။ မစန်းသင်က ပြန်ရန်နှုတ်ဆက်ရင်း....
“နောက်မှ အေးအေးဆေးဆေး ပြောပြဦးမယ်” ဟု ဆိုသွားသေးသည်။ မိက ပြုံး၍ ခေါင်းညိတ်၏။
သူထင်ထားသလို မဟုတ်ဘဲ မိနှင့် မစန်းသင်တို့ ပြေပြေလည်လည် ရှိနေကြသည်ကို မြင်သဖြင့်
ကိုသိန်းမောင် တစ်နေ့လုံး စိတ်ထင့်ခဲ့ရသည်များ ပျောက်သွားသည်။ မိအနေဖြင့် စိတ်အခန့်မသင့်လို့သာ
မစန်းသင်တို့ အိမ်လာလည်နေသည်ကို မနှစ်မြို့ဟန်မျိုး ပြောခဲ့ခြင်းပင် ဖြစ်လိမ့်မည်။ ခုတော့ သူလည်း
စိတ်ပြေသွားပြီ ထင်သည်။

                    သို့ရာတွင် မစန်းသင်တို့ ပြန်သွားသည်နှင့် မိ၏မျက်နှာထားက မနက်ကလို ပြန်ဖြစ်သွား၏။ ပါးစပ်ကလည်း ဖျစ်တောက်ဖျစ်တောက် ဖြစ်လာသည်။ ကိုသိန်းမောင်က....
“ဘယ်လို ဖြစ်တာလဲကွာ၊ သူတို့က အရင်လည်း အမြဲလာနေကျပဲဟာ၊ ခုမှ ဘာမကျေမနပ် ဖြစ်နေတာလဲ”
“အရင်နဲ့ မတူဘူး၊ ရှင်က သူတို့အကြောင်း ဘာသိလို့လဲ”
မိက ခါးတစ်ဖက်ထောက်ရင်း ပြန်မေးသည်။
“ငါသိတာကတော့ ကိုထွန်းဦးက မင်းရဲ့ အစ်ကိုဝမ်းကွဲ၊ မစန်းသင်က မင်းရဲ့သူငယ်ချင်း”
“သူငယ်ချင်းလည်းဖြစ်၊ ယောက်မလည်းဖြစ်လို့ ခက်နေတာပေါ့”
“သူက ဘာဖြစ်နေလို့လဲ”
“ဘာဖြစ်ရမှာလဲ၊ _______ဟိုတစ်ပတ်လာတုန်းက ပြောသွားတယ်လေ၊ ရွှေလေးဘာလေး ရောင်းမယ့်လူရှိရင်
ပြောစမ်းပါတဲ့၊ တစ်မတ်သားလောက်ပေါ့တဲ့”
 “အေးလေ.. အဲဒါ ဘာဖြစ်လဲ၊ သူ့ဘာသာ ရွှေဝယ်တာ၊ ဒါကတော့ မစန်းသင်က စုဆောင်းတတ်လို့
ဖြစ်မှာပေါ့၊ အသုံးအစွဲ စနစ်ကျလို့ ဖြစ်မှာပေါ့”
“စနစ်ကျတာ မဟုတ်ဘူး၊ စီးတာ.. စီးတာ၊ သိရဲ့လား”
“စီးတာ ဟုတ်လား၊ ငါတော့ မသိပေါင်ကွာ”
“သူက ရွှေဝယ်ဖို့ ပိုက်ဆံကို ဘယ်လိုနည်းနဲ့ စုတယ်မှတ်လို့လဲ”
“ပြောပါဦး”
“မိတို့အိမ်ကို သူတို့ စနေနေ့တိုင်း လာတယ်မဟုတ်လား၊ တစ်နေ့လုံး နေတယ်လေ၊ မနက်စာရော ညစာပါ
စားပြီးမှ ပြန်တယ်လေ၊ တစ်ရက်စာ အကုန်သက်သာတာပေါ့၊ သူတို့အိမ်မှာ ချက်စားရင်
တစ်ဆယ်လောက်ကုန်မယ်၊ ဒီတော့ တစ်ပတ် တစ်ဆယ်.. တစ်လ လေးဆယ်လောက် ပိုထွက်လာတာပေါ့၊
အဲဒါတွေစုပြီး ခုရွှေဝယ်တာပဲ၊ ရှင်းပြီလား”
“ဒါဆိုလည်း အိမ်ကိုမလာနဲ့လို့ ပြောလိုက်ပေါ့ကွာ”
“တစ်ခု စိတ်ကူးမိလို့ပါ၊ မိတို့လည်း တနင်္ဂနွေနေ့ကျရင် အမေတို့အိမ် သွားသွားနေကြရင် ကောင်းမလားလို့”
ကိုသိန်းမောင် ပြုံးလိုက်သည်။ ပြီးတော့....
“ဒီလိုလုပ်ကွာ၊ အတုံအလှည့် ဖြစ်သွားအောင် တနင်္ဂနွေနေ့တွေကျတော့ မစန်းသင်တို့အိမ်ကို ငါတို့က
ပြန်သွားလည်မယ်”
“ရပါလိမ့်မယ်၊ တနင်္ဂနွေကျရင်လည်း မစန်းသင်တို့က သူ့အစ်မအိမ် သွားသွားနေတာတဲ့”
ဟု မိက ပြန်ပြောသည်။

မင်းလူ
 ဖေဖော်ဝါရီ၊ ၁၉၈၅
#ကျွန်တော်ချစ်သောစာအုပ်များ မှ

No comments:

Post a Comment