Saturday, February 2, 2019

#ပဉ္စမမြောက်ဆောင်းရက်များ

 #ငြိမ်းကျော်

မှုန်နေအောင် ကျနေသောနှင်းထုကြောင့် ရာမညဆောင်ကိုလွန်လာပြီး သဲလမ်းအစပ်ကိုနင်းလိုက်သည့်အခါ လက်ဖက်ရည်ဆိုင်ကို ပီပီမတွေ့ရ၊ ငှက်ပျောခင်း၏ နံဘေးသို့ရောက်တော့မှ ဆိုင်ကိုတွေ့ရ၏။ဆိုင်အဝင် သံချေနင်းပျားပေါ်သို့ရောက်သောအခါ စားပွဲ ကုလားထိုင် အဆင်အပြင် အလုံးစုံကို ကြည်ကြည်လင်လင် မြင်သည်။
မျက်လုံးကကြည့်နေကျ နေရာသို့ရောက်သွားသည်။ အုတ်ထရံနှင့် ကပ်လျက် စားပွဲတန်း ၊ အရှေ့ဘက် အစွန်ဆုံး။
မည်သူ့ကိုမျှ မတွေ့ရချေ။
ထို့ကြောင့် စားပွဲဆီသို့ တန်းတန်းမတ်မတ် သွား၍ ထိုင်လိုက်သည်.။
သူထိုင်ထိုင်ချင်း ဆိုင်အမှုထမ်းတစ်ယောက် ရောက်လာသည်။
“လက်ဖက်ရည်ပဲလား” ဟု မေးသည်။သူက-
“တော်ကြာမှ သောက်မယ်ဗျာ” ဟု အဖြေပေးလိုက်သည်။

ထိုဆိုင်အမှုထမ်း လှည့်ထွက်မည်အပြုတွင် စားပွဲအနီးသို့လျှောက်လာသော လူရိပ်ကို တွေ့ရသည်။လှည့်အကြည့်တွင် ပြုံး၍ပြောသည်။
“ကို ရောက်နေတာ ကြာပလား”
သူရှေ့တည့်တည့် ခုံတွင်ထိုင်တော့မှ …….
“ဟင့်အင်း ခုလေးတင်ပဲ “
စကားအဆုံးတွင် ဆိုင်အမှုထမ်းကို လက်ဖက်ရည် နှစ်ခွက် မှာလိုက်သည် ။ထိုသူက ခေါင်းညိတ်ကာ စားဖိုဆောင်ဘက်သို့ ထွက်သွားသည်။
သူတို့စကားမပြောဖြစ်ကြ၊ ဆိုင်အပြင်ဘက်သို့ ငေးကြည့်နေသည် ။ထိုအခိုက်တန့်သည် တိတ်ဆိတ်လျက်ရှိသည် ။ လက်ဖက်ရည်ဆိုင်တွင် လူပါးလျက်ရှိသေးသည် ။တစ်စားပွဲတွင် ကျောင်းသားနှစ်ယောက် ၊ အနောက်ဘက်ထောင့်တွင် သုံးယောက် စကားပြောသံကို တစ်ခါတစ်ခါမှ ကြားရသည်။
ငြိမ်သက်လှသောကြောင့် တောင်ပိန္နဲရွက်များပေါ်မှတဆင့် သွပ်မိုးပေါ်သို့ကျလာသော နှင်းစက်သံကို ဖြိုးဖြိုးဖြောက်ဖြောက် ကြားရသည်။အအေးဓာတ်သည် စကားစဟူသမျှကို သိမ်းဆည်းထားတက်သလားမသိ။လက်ဖက်ရည်ခွက်ရောက်ပြီးသည်အထိ နှစ်ဦးစလုံး၏ နူတ်ခမ်းတွေ မလှုပ်ရှား။
ဆိုင်အမှုထမ်းက ဒုတိယအကြိမ်ရောက်လာသည်။သစ်သီးကိတ်တစ်ပန်းကန်နှင့် ဘဲသားကမုန့်တစ်ပွဲ လာပို့သည်။
အကြမ်းပန်းကန်နွေးလောက်ချိန်သာသာ အကြာတွင်မှ …….

“ကို ဘာဖြစ်နေတာလဲ “
“ကောင်းပါတယ် “
“အကိုနဲ့ မရီးတော်တို့က ဘာပြောလိုက်လို့လဲ “
စူးစမ်းပုံကို သဘောကျ၍ ပြုံးမိသည်။
“ဘာမှမဖြစ်ပါဘုး အမွန်ရဲ့”
အမွန်ခေါင်းခါသည်။တွေ၍နေသည်။တစ်စုံတစ်ရာကို စဉ်းစားနေပုံရသည်။ပြီးတော့မှ ပြောသည်။
“အမွန့်ကို ပြောစရာစကား ရှိလို့လား “
ဖြေဖို့စဉ်းစားမိသည်။ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ခေါင်းကို ဖြည်းဖြည်းညိတ်ပြလိုက်သည်။
“ဒါဖြင့်လည်း ပြောလေ အမွန် ကို့ရှေ့ကိုရောက်နေပြီပဲဟာ “
လက်ဖက်ရည် ပန်းကန်ကိုစိုက်၍ကြည့်ရင်းဖြေလိုက်သည်။
“ဖြေးဖြေးပေါ့ အမွန် ၊ လက်ဖက်ရည် သောက်ပါဦး “
အမွန် မသိမသာ သက်ပြင်းချလိုက်သည်။
“အမွန်မှာလည်း ပြောစရာပါလာတယ် “

ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။ပြောမည့်စကားချင်း တူနေသလားဟုလည်း တွေးမိသည်။စကားချင်းတုကြလျှင်ဖြင့် ဝမ်းနည်းစရာလား ၊ ဝမ်းသာစရာလား ကြိုတင်သိချင်လှသည်။

“ဝမ်းနည်းစရာလား ဝမ်းသာစရာလား အမွန် “
မျက်နှာကို ငုံ့ထားရင်း အမွန်ဖြေသည်။
“ကို့ စကားကကော “
မေးခွန်းက စိတ်အနေ ကျုံ့သွားစေသလား မဆိုနိုင်။သတိထား၍ ဖြေမိသည်။
“ဝမ်းသာစရာ နားမျိုးနဲ့ နားထောင်ရင်တော့ ဝမ်းသာစရာပေါ့ ၊ ဝမ်းနည်းစရာ နားမျိုးနဲ့ နားထောင်ရင်တော့ ဝမ်းနည်းစရာ ဖြစ်ချင်ဖြစ်မှာပေါ့ အမွန်ရယ် “

 အမွန်နှုတ်ခမ်းတစ်ဖက်တွန့်၍ ကျသွားသည်ကို မြင်လိုက်ရသည်။ခေါင်းကိုမဖော် တညိတ်ညိတ်နှင့် တွေးကြည့်နေဟန် ရှိသည်။အပြုံးတစ်ချက်ကို တွေ့လိုက်ရသည်။နားအလည်ရ အခက်ဆုံး ၊ တစ်ဝက်တစ်ပျက် အပြုံးမျိုး။စိတ်အကြပ်အတည်းပေါ်လာသော အခါမျိုးတွင် ထိုအပြုံးမျိုးကို တွေ့ရတက်သည်။သူ့ကို အလုံးစုံ သိနားလည်ထားသူ အမွန့်အဖို့မှာ သူ့စကားကို လွယ်လင့်တကူ သဘောပေါက်ပြီးသားဟု ယုံကြည်သည်။

 “ကိုရယ်…. ခက်လိုက်တာ “
ညည်းသံသဲ့သဲ့တွင် ပင့်သက်ရောလျက်ရှိသည်။
“ အမွန့် စကားကကော “
ရုတ်ချည်းမဖြေ ။အောက်နူတ်ခမ်းကို သွားတက်ဖြင့် အသာအယာ ဖိကိုက်ထားသည်။ခေါင်းကို မော့လိုက်သည်။
“ပြောတာပေါ့ ကိုရယ် ၊ အေးအေးဆေးဆေးပေါ့ “
အမွန့်မျက်လုံးအစုံသည် မျက်ရည်ကြည်ဖြင့် လဲ့နေသလား ထင်ရ၏။မျက်လုံးကို မလွှဲတမ်းကြည့်နေ၏။သူ့မျက်လုံးသည် အမွန့်မျက်နှာမှ တစ်ဆံချည်မခွာ။နဖုးပေါ်က ဆံစတွေကို ကြည့်သည်။
စိမ်းလျက်နေသော မျက်ခုံးကို ကြည့်သည်။အလှဆုံး မျက်နှာကို ကြည့်သည်။ အလှဆုံး နှာတံကို ကြည့်သည်။အကြောစိမ်းလေးတွေ စိမ်းနေသော ပါးပြင်ကို ကြည့်သည်။ချစ်စဖွယ် နူတ်ခမ်းလေးကို ကြည့်သည်။ကြည့်ဖန်များတော့ ပို၍ လှသည်ထက် လှလာသည်ဟု ထင်မိစေသော အမွန့်မျက်နှာတွင် ရှက်ပြုံးတစ်စ နှစ်စကို တွေ့ရသည်။
“လက်ဖက်ရည် သောက်ဦးလေ ၊ အေးကုန်ဦးမယ် “
အမွန့်စကားသည် အာရုံလွှဲသည့်စကား ။မျက်လုံးကို စားပွဲဆီသို့ ပို့လိုက်ရသည်။
“ရော့ ဒီပန်းကန်က ပိုပြည့်တယ် ၊ အမွန့်ဆီက လက်ဖက်ရည်ကိုသောက်ပါ “
မငြင်းဆန်သာ၍ လှမ်းယူရသည်။သူ့ပန်းကန်ကို အမွန့်ဘက်သို့ ရွှေ့ပေးလိုက်ရသည်။တစ်ငုံ နှစ်ငုံ သောက်ပြီးသောအခါ သစ်သီးကိတ် ပန်းကန်ထဲက အကြီးဆုံးအချက်ကို ယူကာ့

 “အမွန် ဒါကိုစားပေါ့ ဒါ့ထက်သေးတာကို ကျွန်တော်စားမယ် ၊ ဟုတ်လား “
အမွန့် အပြုံးမှာ ကြည်နူးပြုံး၊ မုန့်ချပ်ကိုယူ၍ တစ်ကိုက်ကိုက်သည်။ထိုအချိန်တွင် ကျေုာင်းသားလေးငါးယောက်က ဆိုင်တွင်းသို့ ဝင်လာသည်။တစ်ယောက်ကိုတစ်ယောက် စကားနိုင်လုလာကြဟန်ရှိသည်။သူတို့နှင့် မလှမ်းမကမ်းတွင် ထိုင်မိကြတော့မှ ငြင်းခုန်သံလျော့သွားလေသည်။ရွှတ်နောက်တက်သူဟု ထင်ရသော ကျောင်းသားတစ်ယောက်က သူတို့နှစ်ဦးကို လှမ်းကြည့်ရင်းနှင့့်
“အဟမ့်း့အဟမ်း အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေသတည်း “
ဟု မကြားတကြား ရွတ်သည်။
သူတို့နှစ်ယောက်စလုံး မျက်နှာ အထားခက်သွားသည်။အမွန်က မကြားယောင်ပြုကာ လက်ဖက်ရည်ကြမ်းငှဲ့သည်။သူကဆေးလိပ်မီးညှိသည်။သူက အပြင်သို့ငေးကြည့်သည်။အမွန်က မျက်လုံးချင်းလွှဲထားသည်။
နှင်းမှုံတွေ ကျမြဲ ကျနေသည်။
ကိုယ့်အတွေးကို ကိုယ်တိုင် ဖိတ်ခေါ်ထားမိသဖြင့် စကားမဆက်မိကြ။
“ညိုတို့ကလည်း ခုထိမလာကြသေးဘူး “
အမွန်က တိုးတိုးဆိုသည်။
*******************“

“ကို့မှာ ပြောစရာရှိတယ်ဆို ကို အရင်ပြောလေ “
နုတ်မရဲလှ။တကယ်တမ်း ဖွင့်ပြောရမည် ဆိုသောအခါ သွေးကကြောင်ချင်သည်။ရင်တွေပင် တုန်လာသည်။အသံတွေလည်း တုန်နေလိမ့်မည် ထင်၏။ကြောင့်ကြစိတ်တွေက သဏ္ဍာန်အမျိုးမျိးဖြင့် ခြောက်လှန့်လာပြန်သည်။စိုးရိမ်စိတ်တွေက တစ်ကိုယ်လုံးမှာ ပြန့်လာသည်။အမွန်ဖြေမည့် အဖြေကို စိတ်ကူးတွင် စီကြည့်သည်။
“ အင်း ” “ ဟင့်အင်း ”
တစ်ခုခု။

သို့မဟုတ် အမွန့်မျက်နှာနီသွားမည်။သို့မဟုတ် အရှက်မျက်နှာ ၊ သို့မဟုတ် ဒေါသမျက်လုံး ၊တွေးကြည့်သမျှ အားလုံးမှာ ထိတ်လန့်စရာချည်း။
အဆုံးစွန်ဆုံးမှာ သူ့စကားအဆုံးမှာ အမွန့်မျက်နှာ ပျက်ကောင်းပျက်သွားချိမ့်မည်။ထိုင်ရာမှ ဝုန်းခနဲ ထလိုက်ကောင်း ထလိုက်မည်။ထို့နောက် သူ့ပါးပေါ်တွင် အမွန့်လက်ဝါးတွေ အဆက်မပြတ် ကျလာကောင်းကျလာလိမ့်မည်။
နောက်ဆုံးတွင် အမွန့်ဒေါသစကား နာကျည်းစကားတွေ ကြားကောင်းကြားရလိမ့်မည်။အဆုံးတကာ့ အဆုံးတွင် အမွန်သည် နှင်းထုကြားထဲသို့ ထွက်ပြေး ပျေက်ကွယ်သွားကောင်း ပျေက်ကွယ်သွားလိမ့်မည်။ထိုအခါ ခင်မင်ရင်းနှီးလာခဲ့ကြသည်မှာ တတိယမြောက်ဆောင်းရာသီသို့တိုင် ရှည်ကြာခဲ့ပြီးသော လူနှစ်ယောက်၏ ဆက်ဆံရေးက ရုတ်ချည်းပြိုပျက်သွားလိမ့်မည်။
ဤတွင် အမွန်သည် နာကျည်းခြင်းကိုဆောင်ယူသွားလိမ့်မည်။သူ့ထံ၌ နောင်တရခြင်းကို ထားရစ်ခဲ့ပေလိမ့်မည်။
သို့သော် အားတင်းစိတ်ကို ဆွဲယူမိသော် ပြောတော့မည်ဟု နူတ်ခမ်းပြင်မိသည်။
သူ့ကိုတွယ်တာသော အမွန်သည် အရက်စက်ကြီး ရက်စက်လိမ့်မည်တော့မထင်။သူ့ကို နားအလည်ဆုံးသော အမွန်သည် ပြောတော့မည့် သူ့စကားကိုလည်း နားလည်မှု ထားနိုင်လိမ့်မည်ဟုထင်သည်။
ကြမ်းတမ်းသောစကား ၊ ခါးသီးသောစကား ၊ စိမ်းသောစကားကို တစ်ရံတစ်ဆစ်မျှ မဆိုဘုူးသည့် အမွန့်နူတ်ခမ်း၌ ယုံကြည်မှုတွေကို ထားမိသည်။
တစ်ခုတော့ တွေးပူမိသည်။
အမွန့်စေတနာ အမွန့်သံယောဇဉ်နှင့် အမွန့်မေတ္တာတွေကို အယူအကောက်လွဲစွာ သဘောထားခဲ့ရာ ကျလေမည်လား ၊ အခွင့်ကောင်းယူရာ ကျသွားလေမည်လား ၊ မွေးချင်းကင်းသူ အမွန်က မောင်နှမအရင်းချာသဖွယ် ဆက်ဆံလာခဲ့သမျှ အလွဲသုံးစားတွေးယူရာ ကျသွားလေမည်လား ။အမွန့််ကို စော်ကားရာ ကျသွားလေမည်လား။
ချင့်ချိန်လွန်းတော့လည့်း့
“အမွန့်ကိုချစ်တယ် “
ဆိုသောစကားကို ပြောမဝံ့တော့။မျိုသိပ်ထားဖို့သာ အင်အားမွေးမိသည်။
“ပြောလေ ကို ၊ ဘာတွေ စဉ်းစားနေတာလဲ “
ခေါင်းကို ဖြည်းညင်းစွာ ခါမိသည်။သူ့ကိုကြည့်၍ အမွန်မျက်လုံး ဝိုင်းသွားသည်။
“ဟော ကိုတစ်ယောက်တော့ ရူးများ ရူးနေပြီလား မသိဘူး ၊ ခုပဲ ပြောမယ် ၊ ခုပဲ ခေါင်းခါနဲ့ “
ရင်ထဲက စကားတစ်လုံးမှာ အလစ်တွင် ခုံထွက်သွားလေသည်.။
“အမွန်ပြောသလို ကျွန်တော်ရူးသွားရင် အကောင်းသားပေါ့ ၊ ခုတော့ မရူးလို့ အခက်ပေါင်း သောင်းခြောက်ထောင် ကြုံနေရတာ ”
အမွန့်မျက်နှာ ညိုးရလေသည်။သူ့စကား၏ အဓိပ္ပာယ်အနက်အရှိုင်းကို သိလိုက်ပေမည်။
“အဲ့ဒါ့ကြောင့် အမွန့်ကိုပြောစရာရှိတာ ပြောပါဆိုတော့လည်း ကို ဘာလို့မြုံနေလဲ “
ပြုံးမိလေသည်။သတ္တိက စိမ့်ဝင်လာပြန်သည်။
အကယ်စင်စစ် ထိုသတ္တိသည် အပြစ်ကင်းစင်လှသော အမွန့်မျက်နှာ ၊ တည်ငြိမ်သော အမွန့် က္ကနြေ္ဒတို့နှင့်ကား ရဲရဲရင်မဆိုင်ဝံ့သော သတ္တိမျိုး ။
စိတ်ကို မတက်နိုင်ဆုံး တင်းပြုပြီးပြောလိုက်မိတော့လည်း ---
“ဒါဖြင့် မြုံမထားဘူးပြောမယ် ၊ ဒါပေမယ့် အမွန်ပြောမယ်ဆိုတာကို အရင်ပြော ၊ အမွန်ပြောပြီးပြီးချင်း ကျွန်တော်ပြောမယ် ဟုတ်လား “
အမွန်ဖြေရခက်သွားသည် ထင်၏။ခေါင်းကိုမော့၍ အမိုးဆီသို့ ငေးသည်။နူတ်ခမ်းကို တင်းနေအောင် စေ့ထားသည်။လည်တိုင်တွင် အကြောစိမ်းကလေးတွေ မပေါ့တပေါ် ။
“အမွန်ပြောမယ်ဆိုလို့ ပြောမယ် ၊ ဝမ်းသာစရာ စကားတော့ မဟုတ်ဘုး ကို “
စိတ်မောစေသော စကားပါတကား ။ရင် အခုန်မြန်စေသော စကားပါ တကား ။စောင့်စားနေရသော စက္ကန့်ပိုင်းကာလကိုပင် ကြာရှည်စွာဟု ထင်မိသည်။
“တစ်နေ့က ဦးလေးနဲ့ ဒေါ်လေးတို့ဆီက စာရောက်လာတယ် “
ဦးလေးတော်သူမှာ သူ့ဖခင်၏ ညီအရင်း ၊ ဒေါ်လေးတော်သူမှာ သူ့မိခင်၏ ညီမအရင်း ။သူ့ဦးလေးနှင့် ဒေါ်လေးတို့ ဇနီးမောင်နှံသည် သြစတြေးလျသို့ အပြီးအပိုင် သွားရောက် နေထိုင်လျက် ရှိသည်။
“သူတို့ ဟိုမှာ အစစ အရာရာ စီစဉ်ပြီးပြီတဲ့ “
ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာမိသည်.။
“ဖေဖေက မနေ့ကပြောတယ် “
အမွန့်ရှေ့သို့ ကိုယ်ကိုကိုင်းကာ နားကြားမလွဲအောင် အာရုံစိုက်ရသည်။
“သြစတြေးလျကို အပြီးအပိုင်သွားဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ “
နားထဲတွင် ကျင်ခနဲ ဖြစ်သွားသည်။အပူဟပ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။အံ့အားသင့်လွန်းသဖြင့် နူတ်က ဗျာ ဟုထွက်သွားသည်။ထို့နောက် အလောတကြီးမေးလိုက်မိချေ၏။
“ အမွန်လည်း လိုက်သွားရမှာလား “
နှင်းတွေရစ်ပတ်နေသော သစ်ပင်အုပ်ဆီသို့ အမွန်ငေးနေ၏။အဖြေပေးရမည့်အတွက် အမွန်မှာ ခက်ခဲပင်ပန်းနေဟန်ရှိသည်။စိတ်အကြပ်အတည်းထဲမှ အမွန်ရုန်းမထွက်နိုင်မှန်း သိလာသည်။အမွန်ကို ကြည့်ရင်း စိတ်အစိုင်အခဲသည် တစ်စတစ်စ အရည်ပျော်လာသလားမပြောတက်။

***********************

ညိုညိုနှင့် ကိုကြည်လွင်တို့ နှစ်ယောက်စလုံးက ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြသည်။မျက်နှာလေးခုစလုံးသည် တည်ငြိမ်ခြင်းမက တည်ငြိမ်လျက်ရှိငြား ကြည်ကြည်စင်စင် မဟုတ်ကြ။ရွှင်ရွှင်ပျပျ မဟုတ်ကြ။
မျက်လုံးတွေ တစ်နေရာတွင် အကြာကြီး ။
လက်ဖက်ရည်ပန်းကန် ၊ အကြမ်းပန်းကန်လုံး ၊ စားပွဲမျက်နှာပြင် ၊သမံတလင်း ၊ စားပွဲတွေ ၊ ကုလားထိုင်တွေ ။
ဆိုင်ရှေ့ဝါးတန်းစည်းရိုး ၊ ဗာဒံပင် ၊ဂမုန်းပင်တွေ ၊ သရက်ပင်တွေ ၊ မှန်ဗီရို ၊ မီးချောင်း ၊ နှင်းတွေထဲက ငှက်ပျောခြံ ၊တက္ကသိုလ် ပရဝဏ် သံစည်းရိုး ၊ နှင်းမှုံတွေ။
တစ်ခါတစ်ရံ တစ်ယောက်မျက်လုံးနှင့် တစ်ယောက်မျက်လုံး ။
စင်စစ် အပြင်လောက တစ်ခုလုံးတွင် ရှာမတွေ့နိုင်သော အရာကို အမိအရ ဖမ်းယူရန် ကြိုးပမ်းနေသလိုမျိုး ။
“ အမွန့် အဖိုး အဖွားတွေက ဘာမှမပြောကြဘူးလား “
ညိုညိုမေးခွန်းကို ခေါင်းခါ၍ အမွန်ဦးစွာဖြေသည်။
“ မနေ့ကညနေဟာ အိမ်မှာဆွေမျိုးစုံတဲ့နေ့ပဲ။ စီးပွားရေးကျလာလို့ အိမ်မှာလူအဝင်အထွက် နည်းသွားတာ ခြောက်နှစ်လောက်ရှိပြီးတဲ့နောက် မနေ့ကတော့ ဟိုအရင်တုန်းကလို ပထမဆုံးစည်ကားခြင်းပဲ အညို “
“ ဖေဖေက အားလုံးကို ချက်ချင်းလာဖို့ ဖုန်းဆက်ပြီး အကြောင်းအရာကိုလည်း ကြိုပြောလိုက်တယ် ။ ဒီတော့ တားကြ ၊ ဖျက်ကြ ၊ ငိုကြ ၊ ယိုကြ နဲ့ပေါ့ ။အဘိုးနဲ့ အဘွားကလည်း တားတာပါပဲ ။ဖေဖေကရော မေမေကပါ ဆုံးဖြတ်ပြီးသား မပြင်နိုင်ဘူး ။ ခု နူတ်ဆက်ပွဲ လုပ်တာလို့ ပြန်ပြောတယ်။ ဒီတော့ အဘွားက ညည်းတို့ သွားချင်သွား ၊ ဒါပေမယ့် အမွန့်ကို တို့နဲ့ထားခဲ့သင့်တယ်လို့ ပြောတယ် “
စကားပြတ်သွားသည်။ညိုညိုမျက်လုံးသည် အမွန့်နူတ်ခမ်းသို့ ရောက်နေသည်။
“ ဖေဖေကတော့ပြောတယ် ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သက်လို့ သမီးကို ဇွတ်မခေါ်ပါဘူး ။သမီးရဲ့ သဘောအတိုင်းပါ ၊ သမီးက ကျွန်တော်တို့နဲ့ ခွဲမနေချင်ခဲ့ဘူး အတူလိုက်မယ်ဆိုလို့ ခေါ်သွားမှာပါလို့ ပြောလိုက်တယ်။
ဒီတော့ ---အို အစုံပါပဲ ၊ ရန်တွေ့ စကားတွေရော ၊ ခနဲ့စကားတွေရော ၊ ဗမာစစ်စစ်ဖြစ်ရက်နဲ့ သူများတိုင်းပြည်ကို သွားနေရကောင်းလားပေါ့ ၊ အမွန်ငိုတောင် ငိုမိတယ် “
လေသံမှာ တိုးလာသည်။ နူတ်ခမ်းလှုပ်ပုံကပင် နှေးလာသည်။ အဖြစ်အပျက်တို့၏ ရုပ်လုံးတွေ ပေါ်လွင်စ ပြုလာသည်။
“ အမွန်နေခဲ့လို့ မဖြစ်ဘူးလား “
ညိုညို့အသံသည် ချိန်ဆပြီးပြောမှန်း သိလွယ်သည်။သည်စကားကို သူပြောဖို့ စိတ်ကူးရခဲ့သော်လည်း သင့်မသင့် တွေးဆဲတွင် ညိုညိုဝင်ပြောလိုက်သဖြင့် ကျိတ်၍ကျေးဇူးတင်မိသည်။
“ အမွန့်ကို ဖေဖေ ဘယ်လောက်ချစ်တယ်ဆိုတာ ညိုသိပါတယ်လေ ။နောက်ပြီးတော့ ခုအချိန်မှာ ဖေဖေ မကျန်းမာတဲ့အခါ မဟုတ်လား ။ အမွန်လိုက်မသွားရင် ဟိုရောက်ပြီးမကြာခင်ပဲ ဖေဖေသေမှာ ။အမွန် ဖေဖေ့ကို အငဲ့ညာဆုံးပါ ညိုရယ် ။မေမေက အမွန့်ထက် ရွှေတွေ ငွေတွေကို ပိုချစ်ခဲ့ပေမယ့် ဖေဖေက သူ့ကိုယ်ထက် အမွန့်ကို ပိုချစ်တာ ။
ဒီတော့ ဖေဖေအသက်ရှင်နေသမျှ ကာလပတ်လုံး ဖေဖေ့အပါးမှာ အမွန်ရှိသင့်တယ်မဟုတ်လား ။စီးပွားရေးရော ကျန်းမာရေးရော အဘက်ဘက်က ကျဆင်းလာလို့ ခုလိုအချိန်မျိုးမှာ အမွန်သိတက်ရမှာပါ ညိုရယ် “
တစ်ခွန်းတော့ ဝင်ပြောမိသည်။
“ အမွန့်မိဘတွေက ဘာဖြစ်လို့ ဟိုမှာသွားနေချင်ရတာလဲ အမွန် “
“ မေမေ့ အကြောင်းကို အမွန်ပြောပြလို့ ကို သိသင့်သလောက် သိနေသားပဲ ၊ စီးပွားရေးနဲ့ ပတ်သက်လာရင် မေမေလောဘ မထိန်းနိုင်တာ အမှန်ပဲမိုလား ”
“ အမွန်တို့ စီးပွားရေးက ဒီလောက်ထိ ပျက်သွားတာမှ မဟုတ်သေးတာ ”
အမွန်ပြုံးလေသည်။
“ အမွန်သဘော မဟုတ်ပါဘူး ကိုကြည်လွင် ၊ အမွန့်သဘောနဲ့ အမွန်ဆိုရင် ခုအနေထားကပဲ သိပ်ချမ်းသာနေသေးတာ ၊ မေမေ့ အနေနဲ့က ခု သူ့ကိုယ်သူ လူမွဲတဲ့ ၊ သူ့မှာတဲ့ ခု နေတဲ့ ခြံရယ် ၊ ဝင်းရယ် ၊ တိုက်စုတ်လေးရယ်ပဲ ရှိတော့တယ်တဲ့ ”
“ ကုမ္မဏီ ၊ စက်ရုံ သင်္ဃန်းကျွန်းက ခြံနဲ့တိုက်လည်းရောင်းခဲ့ရပြီးပြီတဲ့ ၊ ဒီတစ်ခါ ဆွေမျိုး အသိုက်အဝန်းရဲ့ ဆက်ဆံရေးက ပုံပြောင်းလာတော့ အားလုံးကို စိတ်နာတယ်တဲ့ ၊ဒါ့ကြောင့် သူ့ညီမရှိရာ သွားနေပြီး အရင်ကထက်ကြီးပွားအောင် လုပ်ပြမယ်တဲ့ ၊ သူ့ည်ီမဆီကလွဲရင် နေစရာ အရပ်မရှိတော့ဘူးတဲ့ ၊ ဒါကြောင့် သွားကို သွားမယ် တစ်စက္ကန့်တောင် မဆိုင်းချင်ဘူးတဲ့ ”
“ နောင် တကယ် စိတ်ပြောင်းလို့ ပြန်လာဖို့ ကြံရင်တောင်တဲ့ ၊ စိန်စီတဲ့ရွှေဖိနပ်ကို စီးနိုင်မှ ပြန်လာမယ်တဲ့ ၊ ဒီတော့ စဉ်းစားကြည့်လေ ”
သူသက်ပြင်းချမိလေသည်။ကိုကြည်လွင်သည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။
“ အမွန့်ဖေဖေကကော ”
ညိုညို့မေးခွန်းကို မဖြေမိ ။ အမွန်နူတ်ခမ်းကို ကိုက်၍ထားသည်။
“ ဖေဖေက မေမေသဘော မှန်သမျှ အမြဲတမ်းလိုက်လျောခဲ့တာ ညို ၊ သူနာစရာလည်း ရှိချင်ရှိမှာပေါ့ ၊ မေမေလိုတော့ ပစ္စည်းပစ္စယ မက်မောလွန်းတာတော့ မဟုတ်ဘုး ”
အခိုက်အတန့်အားဖြင့် ဆိုင်တွင်လူပါးသွား၍ အသံတိတ်နေသည်။လက်ဖက်ရည် ဆိုင်နှင့် မတူချင်။ တောရကျောင်းလေးတစ်ကျောင်းလို ဖြစ်နေသည်။နှင်းလွှာပါးပါးခြုံထားသော တောအုပ်အလယ်က ကမ္မဌာန်းကျောင်းကလေး ။
နှင်းစက်ကြွေသံ ပြောက်တိပြောက်ကြားနှင့် နှင်းအအေးကို ပုံ့ပုံ့ယုံ့ယုံ့ ခံနေရသော နေရာလေးတစ်နေရာ ။ချစ်သူတွေ ၊ မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေ ၊ ကျောင်းနေဖက်တွေ ဆုံနေရာ ၊ အပန်းဖြေနေရာ ။ဆိုင်ထဲတွင် အမွန်တို့လေးဦးသာရှိသည်။စကားဝိုင်းနှင့် မတူတော့သဖြင့် ပြည်လမ်းဘက်က ကားသံပါ စဲသွားသောအခါ ငြိမ်သက်မြဲ ငြိမ်သက်လျက်တည်း။
“ ထွက်ခွာသွားခွင့် လျှောက်လွှာတော့ မတင်ရသေးဘူးပေါ့နော် ”
ညိုညို့အသံတွင် စိုးရိမ်သံတွေ ရောနှောနေသည်ထင်၏။
“ သည်တစ်ပတ်အတွင်း လျှောက်လွှာတင်ပြီးမှပါ ”
“ ခွင့်ပြုချက်ရဖို့က ကြာသလား မြန်သလား အမွန် ”
အမွန်သည် လှုပ်ရုံမျှ ခေါင်းခါသည်။
“ ဒါက အတပ်မပြောနိုင်ပါဘူး ညိုရာ ၊ မြန်တယ်ဆိုတာတောင် တစ်နှစ်ကျော် ၊ ဒေါ်လေးတို့ သွားတုန်းက နှစ်နှစ်ခွဲကျော်မှ သွားခွင့်ရတယ် ”
ညိုညိုက မထိန်းနိုင်သော စကားတစ်ခွန်းကို ဝမ်းသာအားရ ဆိုလိုက်သည်။
“ ဒီလိုဆို တော်သေးတာပေါ့ ၊ အမွန်နဲ့ ရုတ်တရက်ခွဲသွားရမှာလားလို့ ညိုပူနေတာ ”
အမွန့်ကို သက်ပျင်းရှည်ချစေသောစကား ၊ ချက်ချင်းပြန်မပြောနိုင်သော စကား ။
“ အမွန်လည်း ဘယ်ခွဲချင်ပါ့မလဲ အညိုရယ် ၊ အားလုံးကိုပါ ”
အဓိပ္ပာယ်တစ်စွယ်ထွက်သည်ဟု ညိုညို တွေးမိသည်။ ကိုကြည်လွင်တစ်ယောက်လည်း ဒီနည်းတူတွေးမိလေသလား မဆိုနိုင်။ညိုညို့ကို လှမ်းကြည့်သည်။ညိုညိုက သူ့ကို ဝေ့ခနဲ ကြည့်လိုက်သည်။သူလည်းသိလိုက်သည်။ ပြည်လမ်းဘက်သို့ ငေးကြည့်နေလိုက်သည်။
ညိုညိုက့ 
“ ကိုထွေး ဘာစကားမှ မပြောတော့ဘူးလား ငူတူတူကြီးနဲ့ ”
ကိုကြည်လွင်က ပြုံးစိစိဖြင့် သူ့ကိုကြည့်ကာ့ 
“ ကျန်ချင်ကျန်နေဦးမှာပေါ့ ကိုထွေးရာ ၊ ထပ်ဖြည့်ပြီး ပြောဦးပေါ့ ”
သူ့မျက်လုံးသည် အမွန်မျက်လုံးဆီသို့ ရောက်သွားသည်။ အမွန့် အပြုံးကို တွေ့ရသည်။သူခေါင်းခါလိုက်သည်။အမွန်သည် သူ့မျက်လုံးကို နားလည်မည်ထင်သည်။
“ ဟုတ်သားပဲ ရောက်စက ပြောစရာ ရှိတယ်ဆို ပြောလေ ”
ညိုညိုက မေးတစ်ချက်ငေါ့၍့ 
“ ကိုကြည်လွင် ညိုတို့ သွားစရာရှိတာ နောက်ကျနေမယ် ” ဟု ပြောသည်။အဓိပ္ပာယ်နှစ်ခွထွက်သော ကြားဖြတ်စကားဟု ထင်သည်။ကိုကြည်လွင်က အကျီ င်္အိပ်ကိုနိုက်ရင်း ဆိုင်အမှုထမ်းကိုခေါ်သည်။
ကိုထွေးက့ 
“ ကျွန်တော်ပေးလိုက်ပါမယ်ဗျာ ၊ ထားလိုက်ပါ ကိုကြည်လွင် ” ဟု ပြောသည်။အမွန်က လွယ်အိတ်ထဲမှ လက်ကိုင်အိတ်ကို ထုတ်ရင့်း့ 
“ အို့  မဟုတ်တာ အမွန်ပေးပါရစေ ” ဟု ပြောသည်။ အမွန့်လက်ကို အညို ကာထားသည်။ကိုကြည်လွင်က ကိုထွေးလက်ကို ဖယ်ကာ ဆိုင်အမှုထမ်းလက်ထဲသို့ ငွေစက္ကူ ထည့်လိုက်သည်။
“ သြော့့် ကျွန်တော်တို့ လက်ထပ်ဖို့ လူကြီးတွေ ရက်ရွေးလိုက်ကြတယ် ”
ကိုကြည်လွင့်စကားကို ဝမ်းသာအားရ ကြိုဆိုမေးလိုက်တယ်။

ကိုကြည်လွင့်စကားကို ဝမ်းသာအားရ ကြိုဆိုမေးလိုက်တယ်။
“ ဘယ်နေ့လဲ ကိုကြည်လွင် ”
“ ဧပြီ ၁၂ ရက် ”
အမွန်က ပြုံး၍ ညိုညိုလက်ကို လှမ်းဆုပ်ထားသည်။
“ နှစ်လကျော်ကျော် လိုသေးတာပေါ့ ၊ ဝမ်းသာလိုက်တာ သူငယ်ချင်းရယ် ”
ဆိုင်အမှုထမ်းက ငွေပြန်အမ်းသောအခါ ကိုကြည်လွင်က ထိုင်ရာမှ ထသည်။ထို့နောက် ညိုညိုက့ 
“ အိမ်ကို လာလည်ဦးနော် အမွန် ၊ ကိုထွေးလည်း အမွန်နဲ့ လိုက်လာပါဦး ” ဟု ပြောသည်။
သူတို့နှစ်ယောက် နောက်ကျောကို ငေးကြည့်နေမိသူ နှစ်ယောက်စလုံးက အမွန်နဲ့ ကိုထွေး ။
“ ကို့  ပြောလေ ၊ ပြောမယ်ဆိုတာ ”
အမွန့်ကို အကြာကြီး စိုက်ကြည့်နေမိသည်။ နူတ်ခမ်းကို တင်းနေအောင်စေ့ထားမိသည်။စိတ်နှင့်ကိုယ် တခြားစီ ဖြစ်သွားသည်ဟု ထင်ရသည်။အမွန်နှင့်စကားပြောပြီးလျင် ကျောင်းဝင်းအပြင်က ပလက်ဖောင်းအတိုင်း မြောက်ဘက်သို့ လမ်းအတူ လျှောက်မည်။စံရိပ်ငြိမ် အဝင်ဝအထိ လိုက်ပို့မည်။ပြီးလျင် ဌာနကိစ္စတွေ လုပ်မည်။သစ်ပင် ၊ နွယ်ပင် ၊ သစ်ဥ ဖြတ်သားတုံးလေးတွေကို ဖယောင်းစိမ်မည်။ရုက္ခဗေဒ သရုပ်ခွဲကြည့်ရမည့် အနုကြည့် မှန်ဘီလူးထဲတွင် အမွန့်စိတ်ထားကို ရှာကြည့်ရမည်။အမွန့်အလှကို ရှာကြည့်မည်။တွေ့မြဲတိုင်း တွေ့ရမည့် စိတ်ထဲက အမွန်ကို စိတ်ထဲမှာပင် ချစ်စကားတွေ ဆက်ပြောမည်။တွေးသမျှအားလုံး ၊ စိတ်ကူးသမျှ အလုံးစုံ အားလုံး မနေ့ကနှင့် မတူတော့ချေတကား ။
“ ကျွန်တော်စကားပြောလို့ မရဘူး အမွန် ၊ ဆို့နင့်နင့်ကြီး ဖြစ်နေတယ်ဗျာ ခွင့်လွှတ်ပါ အမွန်ရာ ”
အားအတင်းဆုံးစကားကို ကြိုးစားပမ်းစားပြောယူရသည်။စကားအဆုံးတွင် အမွန်ခေါင်းငုံ့ပစ်လိုက်သည်။
အပြင်တွင် နှင်းကွဲစ ပြုပါပြီ။
မြောက်လေအဝေ့တွင် ဒေါင်းစရစ်ပန်းနံ့သည် မျက်စိလည်၍ လိုက်ပါလာသည်။


(၂)

 အစ်ကိုက ဆေးတံအိုးထဲသို့ ဆေးသိပ်ရင်း လေးလေးနက်နက် စဉ်းစားနေသည်။အမက စိန်ပန်းသုတ်ပန်းကန်ကို စားပွဲပေါ်သို့ချ၍ ကုလားထိုင်တွင်ထိုင်သည်။အကြမ်းပန်းကန်လုံးထဲသို့ လက်ဖက်ရည်ကြမ်းလိုက်ဖြည့်သည်။ထို့နောက် ခေါင်းငုံ့ထားသော ကိုထွေး၏ပုခုံးကို လှမ်းပုတ်သည်။
 “ စားစရာရှိတာလည်း စားလိုက်ဦး ကိုထွေး ၊ တွေးတာလည်း တွေးပေါ့ ”
 ခေါင်းကိုဖော်ပြဲီး ပြုံးပြလိုက်သည်။အစ်ကိုက သူ့ကို တစ်ချက်မျှ လှမ်းကြည့်သည်။
 “ တစ်ခုခု ဖြစ်ပြီလို့တော့ အကိုလည်း ထင်သားပဲ။မင်းတို့ ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ဆုံတဲ့နေ့က မင်းတစ်မျိုးဖြစ်နေတာကို အေးအေးကိုတောင် ပြောပြလိုက်ပါသေးတယ်ကွာ”
 အစ်မက ထောက်ခံစကား ဝင်ပြောသည်။
 “ ဟုတ်တယ် ကိုထွေး မမအေးထင်တာက ကိုထွေးနဲ့ အမွန် စကားများပြီး စိတ်ကောက်လာကြတယ်ထင်တာ ၊ ဟိုနေ့က အမွန်လာတုန်း ကိုလတ်က အမွန်နဲ့ ကိုထွေးရန်ဖြစ်ကြပြန်ပြီလား ၊ စိတ်ကောက်နေကြတုန်းပဲလားလို့ မေးတော့မှ အဲ့ဒီ အကြောင်းကိုသိရတာ။မင်းအိမ်မပြန်တာ တစ်ပတ်ရှိပြီ၊ ဌာနမှာ သူ့ဆရာနဲ့အတူ သစ်ပင်တွေ ခွဲစိတ်ပြီး ညလုံးပေါက် သုတေသနတွေ လုပ်နေလေရဲ့လို့ မမအေးပြောလိုက်တာ ။ဒါနဲ့ ဒီမနက် ကိုထွေးဆီကို သူပေါက်ချလာတယ်ထင်တာ ၊ ဟုတ်လား ကိုထွေး ”
 မမအေးကို ခေါင်းညိတ်ဖြေညလိုက်သည်။ကိုလတ်သည် ဆေးတံကို မီးညှိပြီး ပြောလိုက်သည်။
 “ တစ်ခါတစ်ခါတော့ မင်းတို့နှစ်ယောက်ကိုကြည့်ပြီး ရယ်ချင်တယ် ၊ မင်းတို့နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို ညာတာမှ တကယ့်ပိပိရိရိ  ၊ နှလုံးကွဲထွက်တဲ့အထိ ညာမယ့် ဟန်ဆောင်မယ့် လူစားမျိုးတွေ ။ ခုထက်ထိ မင်းဝန်မခံသေးတာကြည့် အံ့စရာလား ၊ ချီးကျူးစရာလား ငါမပြောတက်ဘုး ။ မင်းတို့နှစ်ယောက်လို လူမျိုးကို တွေ့လည်း မတွေ့ဖူးဘူး ၊ ကြားလည်းမကြားဖူးပါဘူး ကိုထွေးရာ ”
 သူတစ်ခွန်းမှ ပြန်မပြောမိ ။ ခန်းဆီးကို ငေးကြည့်နေသည်။ မမအေးက စိတ်ပင်ပန်းလေးလံစွာ နောက်သို့ မှီချလိုက်သည်။သူ့ကို ကရုဏာမျက်လုံးဖြင့်ကြည့်သည်။
 “ ကိုထွေးတို့ ပြဿနာက ခေါင်းထဲ အမြဲဝင်နေတယ် ၊ ကျောင်းမှာ စာသင်ရင်းနဲ့လည်း ဒီပြဿနာပဲ တွေးနေတယ် ။ အဲမွန်တယာကို သင်ပုန်းကြီးမှာရေးတာ အမွန်တယာလို့တောင် မှားရေးမိတယ် ”
 ကိုလတ်က ပြုံး၍မမအေးကို ကြည့်သည်။ထိုအခါတွင် သူတစ်ခွန်းပြောလိုက်သည်။
 “ မဟုတ်သေးပါဘူး မမအေး ပြောပုံကြီးက ကျွန်တော်နှင့် အမွန် ဘာလိုလိုကြီး ၊ အမွန်နဲ့ ကျွန်တော်က ဘာမှဖြစ်တာမှ မဟုတ်တာ ၊ အမွန်သြစတြေးလျကို သွားမယ် ၊ ဒီတော့ အရင်းနှီးဆုံး အခင်မင်ဆုံးတစ်ယောက် အနေနဲ့ ကျွန်တော်စိတ်မကောင်း ဖြစ်ရတယ် ဒါပဲလေ ၊ ဒါပါပဲ မမအေးရာ ”
 ကိုလတ်က အောင့်သီးအောင့်သက် အသံဖြင့် ရယ်ပစ်လိုက်သည်။
 “ သေပြီး ခုနှစ်ဘဝကုးတဲ့အထိ ဆေးတန်ခိုးပြတုန်းပဲ ဆိုတာမျိုးပါလား ကိုထွေးရ ၊ မင်းနဲ့ အမွန်ဘာမှမဖြစ်ဘူးဆိုတာ အကြွင်းမဲ့ ယုံပါတယ် ၊ ဒါပေမယ့် ဘာမှမဖြစ်ဘူးဆိုတာ မဟုတ်ဘူးလို့လည်း လုံးဝနားလည်ပါတယ်ကွာ ၊ သူများကို မဟုတ်မမှန်တဲ့ စကားပြောတော့မှ မုသာဝါဒကံ ထိုက်တာမဟုတ်ဘူး ၊ ကိုယ့်ကိုယ်ကို မဟုတ်မမှန်ပြောမိရင်လည်း မုသာဝါဒကံ ထိုက်တာနော် ”
 ခေါင်းကို ခါယမ်းလိုက်သည် ။ မမအေးက စိန်ပန်းသုတ်ပန်းကန်ကို လှမ်းယူပေးသည်။ဇွန်းတစ်ဝက်ခန့် ခပ်စားပြီး ပန်းကန်ကို ချထားလိုက်သည်။
 ထို့နောက် မမအေး လှမ်းပေးသော အကြမ်းပန်းကန်ကို ယုထားရသည်။အသုတ်ကို မဝါးဘဲ မျိုချပစ်ကာ ရေနွေးကြမ်းနှင့် မျောချပစ်သည်။ပန်းကန်လုံးကို စားပွဲမှန်ပေါ်သို့ ချလိုက်ချိန်တွင် ကိုလတ်၏ ရယ်သံတိုးတိုးက ထွက်ပေါ်လာသည်။
 “ အေးအေးကို ကိုလတ်မကြာခဏ ပြောဖူးပါတယ် .၊ ကိုထွေးရဲ့ သိုသိပ်လွန်းအားကြီးတဲ့ အကျင့်ဟာ သူ့ကိုပြန်ပြီး ဒုက္ခရောက်စေလိမ့်မယ်ဆိုတာ ၊ မြုံတာက နေရာတကာ ဆယ့်နှစ်နှစ် ၊ဆယ့်သုံးနှစ်သားအထိ ကလေးလို ငိုတက်တာ ၊ အဲ့ဒဲီတုန်းက အမေမဆုံးသေးဘူး ။ အမေဆူလိုက်ရင် ခေါက်လိုက်ရင် ဆူဆူချင်း ၊ ခေါက်ခေါက်ချင်း မျက်နှာမညိုးဘူး ၊ အဲ့ ညအိပ်ပြီ ၊ အားလုံးအိပ်ပျော်ပြီဆိုတော့မှ ကျိတ်ငိုတာ။
 သူလိုချင်တဲ့ ပစ္စည်းဆိုရင် ဝယ်ပေးပါလို့ ဘယ်တော့မှ တိုက်ရိုက်ဖွင့်မပြောဘူ ။ ဘယ်ဖောင်တိန်လေးက လှတယ်အကို ၊ ဘယ်စာအုပ်က ဖတ်လို့ ကောင်းမှာပဲ ၊ အဲ့ သလောက်ပြောတာ ၊ ဒီအကျင့်က အခုအသက် နှစ်ဆယ့်ခုနှစ်နှစ် အရွယ်အထိ နေမြဲတိုင်း ”
 အကို့စကားတွေက ရင်ဝကို လာမှန်သည်။ကိုယ့်ကိုယ်ကို မှန်ထဲတွင် ပြန်ကြည့်၍ မြင်ရပုံနှင့် တူနေသည်။သည်တော့ ငြိမ်နေလိုက်သည်။မမအေးက ပြုံးစိစိနှင့် သူ့ကိုကြည့်နေသည်။
 “ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အကျင့် ၊ အခြေအနေ အခွင့်အခါကို နားမလည်တက်တဲ့ လူတစ်ယောက်ဖြစ်သွားမှာ စိုးရိမ်ရတယ် ”
 “ မဟုတ်ဘူး ” ဟု စိတ်ထဲမှာ ယတိပြတ်ငြင်းပစ်လိုက်သည်။
 “ ယောကျာ်းလေးပဲ ကိုထွေးရယ် ပွင့်လင်းရဲရမှာပေါ့ ၊ ပွင့်လင်းလို့ မှားတာဖြစ်ဖြစ် မှန်တာဖြစ်ဖြစ် တာဝန်ယူရဲရမှာပေါ့ ၊ မမအေးတော့ အဲ့သလို မြင်တယ် ”
 ‘ ပွင့်လင်းချင်တာပေါ့ ၊ တာဝန်ယူရဲတာပေါ့ မမအေးရော အကိုရော ကျွန်တော့်ကို နားမှမလည်ကြတာ ‘ ဟု စိတ်ထဲကနေ ငြင်းပစ်လိုက်သည်။
 “ ဒီနေ့ ပြောမှဖြစ်မယ့်စကားကို ဒီနေ့မှာပဲ ပြောဖြစ်အောင်ပြောဖို့ ၊မနက်ဖြန်ကျမှ ပြောသင့်တဲ့စကားကို ဒီနေ့မှာ မပြောမိအောင်ဆိုင်းဖို့ ချိန်တက်ရမယ် ကိုထွေး ၊ မြုံလွန်းတဲ့ ဓလေ့ကို ကိုထွေးစွန့်ပစ်သင့်ပြီထင်တယ် ”
 ‘ ခုတော့ ဆက်မမြုံလို့ မရတော့ဘူးဆိုတာ အစ်ကိုသိဖို့ ကောင်းတယ် ‘ ဟု ရင်ထဲမှာ ဆင်ခြေတက်မိသည်။ တစ်ပြိုင်နက်တည်း အသံမှန်အောင် ထိန်းကာ “ ကျွန်တော် အိပ်ရေးတွေပျက်လို့ ဒီညစောစော အိပ်ချင်တယ် ” ဟု ပြောရင်း ထလိုက်သည်။ ကိုလတ်တို့နှစ်ယောက် ခေါင်းညိတ်ပြသည်။အိပ်ခန်းဝသို့ အရောက်တွင် “ ဟိုနေ့က အမွန် လာတာတောင် ကိုထွေးရဲ့ အဲ့ဒီ အလေ့အထတွေ ပြောပြမိသေးတယ် ”  ဟူသော မမအေး အသံကို ကြားလိုက်ရသည်။

*************

 ခြင်ထောင်အမိုးတွင် အမွန့်မျက်နှာကို မြင်ရသည်။ခေါင်းထဲတွင် ထွေးရှုပ်လာသည်။ရင်ထဲတွင် ပူလောင်နေသည် ထင်ရသည်။စိတ်ထဲမှာ အလုးလူးအလိမ့်လိမ့် ။ မကွဲပြားသော ဝေဒနာတွေ ဆင့်ကဲ ပေါက်ကွဲလာသည်။
 “ ကိုထွေးနူတ်ခမ်းက သိပ်လှတာပဲ ၊ တည်ကြည်တဲ့သဘော ဆုံးဖြတ်တာကို မဖြစ်မနေ လုပ်မယ့်သဘောတွေကို ကိုထွေးနူတ်ခမ်းမှာ တွေ့နေရတယ် ရှင့် ” ဟု အမွန် ဆိုခဲ့သော သူ့ကို နူတ်ခမ်းကို မီးရှို့ပစ်ချင်စိတ်ပေါက်လာသည်။
 ဂါထာမန္တယားတစ်ထောင် စုတ်ပြီး ကုမ္ဘဏ်တစ်ကုဋေဖွင့်မှ ပွင့်မည့် ဂမ္ဘီရလိုဏ်ဂူကြ်ီးထက် အဖွင့်ရခက်ခဲသော သူ့နှလုံးသားကို ခုတော့ မကျေမနပ် ဖြစ်ရသည်။မိုးလွန်ခဲ့သည်ကို မသိခဲ့လျက် ခုမှ ထွန်ချဖို့ ကြံရွယ်ခဲ့သော အခိုက်မျိုး ၊ ပြီးတော့ အရာရာကို အပြစ်တင်လိုက်ချင်ပြန်သည်။ကျန်ခဲ့တဲ့ ဆယ်ခုနှစ်လောက်က ဆုံစည်းခဲ့ပါတော့လား ၊ ဆယ်နှစ် မဟုတ်တောင်မှ ကိုးနှစ် ၊ ရှစ်နှစ် ၊ ခုနစ်နှစ် ထားပါတော့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက် ဖြစ်ဖြစ် ။ ဒီတုန်းကဆိုရင် သူ့အသက် နှစ်ဆယ့်တစ်နှစ် အမွန့်အသက် တစ်ဆယ့်ခုနစ်နှစ် ၊ ဘာလို့ မတွေ့ မိခဲ့ကြပါလိမ့် ။
 ကြုံကြိုက်မယ့် ကြုံကြိုက်တော့ အခုကျမှ ၊ ရင်ကွဲနာ စွဲရမယ့် အခုလို အခါမျိုးမှ  ၊ ကျောင်းကိုရောက်လာပုံကိုက မဟုတ်သေးပါဘူး ။သူက ပထမနှစ် ၊ ကိုယ်က ဒုတိယနှစ် ဘာသာရပ်ချင်းကလည်း ကွဲဖြစ်အောင် ကွဲလိုက်သေးသည်။ သူက ဒဿနိက ၊ ကိုယ်က ရုက္ခဗေဒ ဌာနချင်း အရှေ့နှင့် အနောက် တွေ့ဖြစ်ဖို့ မလွယ်လိုက်တာ ။
ယ်။ ဒီတော့ အမွန်နဲ့ သိရတာ သုံးနှစ်တည်း ။ ကာလတွေ ဘာတွေ ထည့်ပြောဖို့ မလိုပါဘူးလေ ။ ညိုညိုတို့ဆိုရင် သိကျွမ်းပြီး သုံးလလားကြာတယ် ၊ ချစ်သူဘဝ ရောက်ကြရော ။လက်ထက်ကြမယ်တဲ့ ။ ကိုယ်ကိုက သတ္တိမရှိလွန်းတာ ။
 အမွန့်ကို တွေ့လိုက်ရရင် က္ကနြေ္ဒကြီးတဲ့ ဆရာမကြီး ရှေ့ ရောက်သွားတဲ့ ကျောင်းသားပေါက်စလို စကားမှားလားမှားရဲ့ စကားထစ်လားထစ်ရဲ့ ။အမွန်က စိုက်ပြီးကြည့်တဲ့အခါတိုင်း မျက်လုံးချင်းမှ ရဲရဲ မဆိုင်ဝံ့တာ ။ အမွန့်ကို ကြောက်တာတော့ မဟုတ်ဘူး ။ချစ်တာရော ၊ ခင်တာရော ၊ လေးစားတာရော ၊ မြတ်နိုးတာရော စုံနေလို့ထင်ရဲ့ ။လေးစားတာနဲ့ မြတ်နိုးတာက အာစေးမိထားသလို ဖြစ်စေတယ်နဲ့ တူရဲ့။
 အဆုံးမထင်တဲ့ မေးခွန်းတွေ ၊ အတွေးတွေ ဖြာတော့မယ်လို့ စိတ်တင်းထားလေတဲ့ နေ့ကျတော့ သြစတြေးလျကိုတဲ့။ရေခြားမြေခြားနေကြရတော့မှာက တစ်သက်လုံး ၊ တစ်ဘဝလုံး ၊ ထာဝရ ။ဒီသံသရာမှာ ဘယ်ပုံ ဘယ်နည်းနဲ့မှ မဆုံကြတော့မယ့် ဘဝ ။ အမြဲ ခွဲရတော့မယ့် ဘဝ၊ နှစ်ယောက်စလုံး အသက်ရှင်လျက်နေကြပါလျက်နဲ့ သေကွဲကွဲပြီး ခွဲကြရတဲ့ ခွဲခွာလိုက်ရပုံမျိုး။
 ခုမှ ဘာလို့ ပြောတော့မလဲ ။နူတ်ခမ်းကို ပိတ်ထားတော့ ။သော့အထပ်ထပ်ခတ်ပြီး ပိတ်ပစ်လိုက်တော့ ။ ဒါပဲ တွေးမိသည်။
 အလင်းရောင်ကို မျက်စိက မခံနိုင် ။စာကြည့်မီးတိုင်ကို လှမ်းပိတ်ပစ်လိုက်သည်။မှောင်ထဲတွင်နေရသည်ကို လွတ်လပ်သည်ဟု ထင်ရသည်။တိတ်ဆိတ်ခြင်းကို သဘောကျလာသည်။ဆောင်းအအေးကို မမှုတော့ ။စိတ်ထဲက နေပြီး အမွန့်ကို စကားတွေ အများကြီး ပြောခွင့်ရနေသမျှ ကာလပတ်လုံး အရာရာကို မေ့သွားမည်ပေါ့ ။

*************

( ၃ )

 လအထွက် နောက်ကျသည်။အရှေ့ဘက်က သစ်ပင်တွေ ကွယ်နေသောကြောင့် လရောင် အရောက်နောက်ကျသည်။အမှတ်တွင် စိတ်တွေ ပြန့်ကျဲနေသည်။စကားတွေ ပြတ်တိ ပြတ်တောင်း ၊ အထုံးအဆက်တွေ များလွန်းသော ကြိုးနှယ်။
 စိတ်ကူးပေါ်လာလျှင် ပြောလိုက်ကြသည်က တစ်ခွန်းစ ၊ နှစ်ခွန်းစ ၊ ထို့နောက် ဟိုငေး သည်ငေး ။ညိုညိုတို့ အိမ်ဘက်က စကားပြောသံတွေ အာရုံတွင်ပေါ်လာသောအခါ ပေါ်လာတက်သည်။သီချင်းသံကို ခပ်တိုးတိုး ကြားချင်ကြားရတက်သည်။တစ်ခါတစ်ရံ ခပ်လှမ်းလှမ်းရှိ ကညင်ပင်ကြီးဆီမှ သစ်ရွက်ခက်သံတွေ  ကြားချင်ကြားရတက်သည်။ဆောက်တည်ရာ မရှိသော စိတ်၏ ခြေဦးတည့်ရာကသာ အာရုံရောက်ရာ။အနေရ အထိုင်ရ မကျဉ်းကျပ်ရအောင် စီစဉ်ပေးသော ညိုညိုကို ကျေးဇူးတင်မိသည်။
 မနက်ဖြန်တွင် ကျင်းပမည့် ညိုညိုနှင့် ကိုကြည်လွင်တို့ လက်ထပ်ပွဲအတွက် ပြင်ဆင်နေကြသဖြင့် ညိုညိုတို့ အိမ်တွင် ဧည့်ပရိတ်သက်များလှသည်။ထိုအိမ်နှင့် ခေါင်းရင်းဘက် နှစ်အိမ်ကျော်ရှိ ညိုညို့ ညီမဝမ်းကွဲ အိမ်ရှေ့သို့ သူတို့နှစ်ယောက်ကို ပို့ထားသည်။
 အိမ်ရှေ့ ခြံကြီးထဲတွင် စားပွဲတစ်လုံး ၊ကုလားထိုင်နှစ်လုံးချပေးသည်။စားပွဲပေါ်တွင် လက်ဖက်ရည်ကြမ်းအိုး အစုံနင့် မုန့်အချိုတစ်ပွဲ ဒူးယားအစီခံ နှစ်ဆယ်ဝင်တစ်ဗူး။စားပွဲအောက်အဆင့်တွင်  မဖွင့်ရသေးသော ရမ်အကြီးတစ်လုံး ၊ ဖန်ခွက်တစ်လုံး ၊ ရေခဲတစ်ပန်းကန် ၊ ဆိုဒါလေးလုံး။
 “ ကိုကြည်လွင်က အရက်ပုလင်းထုတ်ပေးတာ ကိုက သောက်မယ်လို့ ပြောထားလို့လား ”
 သရက်ကိုင်းပေါ်မှ တွဲလွဲကျနေသော ပွင့်တံခြွေပြီးခါစ လက်တံရှည်ပန်းပင်ကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
 “ ခုကော သောက်မလား ၊ သောက်ရင် အမွန်ထည့်ပေးမယ် ”
 “ အမွန်က အရက်မသောက်ရဘူးဆို ၊ စောစောတုန်းက သောက်မယ်လုပ်တော့တစ်မျိုး  ခုတစ်မျိုး ”
 အမွန့်ကို စောင်းငဲ့ကြည့်လိုက်သည်။နူတ်ခမ်းကို မဲ့၍ပြုံးကြည့်နေသည်။
 “ ဘယ်တော့မှ မသောက်ပါနဲ့ ကိုရာ ၊ အမွန်က စေတနာနဲ့ ပြောတာပါ ၊ ကိုက အမွန်ပြောရင် နားထောင်မှာပါ ဟုတ်တယ်နော် ”
 အမွန့်စကားကို သဘောကျ၍ တိုးတိုးရယ်လိုက်သည်။
 “ ဒီညမှာ အရက်သောက်မယ်လို့ ဘာလို့ပြောခဲ့တာလဲဟင် ၊ ကို့မှာစိတ်ညစ်စရာ ရှိလို့လား ”
 သူ့ကိုယ်ပွားတစ်မျှဖြစ်နေသော အမွန်တစ်ယောက်က သူစိမ်းမေးပုံမျိုး မေးတော့ မခံချင်စိတ်ပေါ်လာသည်။
 “ စိတ်ညစ်လို့ မဟုတ်ဘူး ။ စိတ်ညစ်စရာဆိုလို့ နှမ်းစေ့တစ်စေ့တောင်မရှိဘူး ၊ပျော်လို့သိလား ပျော်လွန်းလို့ အမွန် ”
 အငေါ်တူးလိုက်သော အဖြေမှန်း အမွန်သိလိုက်သည်။ညိုးကျသွားသော မျက်နှာကို ချက်ချင်းပင် က္ကနြေ္ဒဆည်လိုက်သည်။ရယ်ရွှန်းဖွဲ့သော စကားဖြင့် စိတ်ဖြေပေးရန် စိတ်ကူးရသည်။
 “ ညိုညို့အတွက်တင် ဘယ်ကမလဲ ၊ ကျွန်တော့်အတွက်ပါ ကျွန်တော်တွေးပြီးပျော်ရတာပေါ့ အမွန်ရာ ၊ ကျွန်တော့်မှာလည်း သူများတွေမသိတဲ့ ပျော်စရာ အကြောင်းတွေ ရှိတယ်မိုလား ”
 အမွန်သည် မျက်လုံးအဝိုင်းသားနှင့် သူ့ကိုကြည့်နေသည်။မသဲကွဲသော အတွေးမျိုး တွေးမိပုံပေါ်သည်။သူ့စကားကို ဇဝေဇဝါ ဖြစ်နေဟန်ရှိသည်။နူတ်ခမ်းမပွင့် တပွင့် ။
 “ သူများတွေ မသိတဲ့ ပျော်စရာ အကြောင်းဆိုတော့ ၊ အမွန်တောင်မှ မသိခဲ့ဘူးပေါ့ ဟုတ်လား ”
 “ သိပ် ဟုတ်တာပေါ့ ”
 “ ဘာပါလိမ့် မသိရဘူလား ကို ”
 ဆေးလိပ်တိုကို မီးခိုးမှုတ်ထုတ်ကာ မျက်နှာကို မော့ထားပြီ့း့ 
 “ ကျွန်တော်လည်း ညိုညိုတို့လို တစ်အိုးတစ်အိမ် ထောင်တော့မလို့  ”
 အမွန်မျက်နှာ ပြောင်းသွားသည်။အံ့အားတသင့် မေးမိဟန်တူသည်။
 “ အမျိုးသမီးက ဘယ်ကလဲ့ ဘယ်သူလဲ   ဟင့့် ကို ”
 နောက်မှီ၍ ထိုင်နေသော အမွန်ကိုယ်သည် ရှေ့သို့နည်းနည်းတိုးလာသည်။စားပွဲအစွန်းကို ဘယ်လက်ဝါးဖြင့် လှမ်းထောက်ထားသည်။လရောင်သည် သူ့မျက်နှာပေါ်သို့ လာ၍ ထင်လေ၏။အမွန့်လက်ရာ ပါးပြင်ပေါ်တွင် အရိပ်ကျသွားသည်။
 သူ မဖြေတော့ အမွန်ထပ်မေးသည်။
 “ ဌာနကပဲလား ”
သူ့မျက်လုံးသည် ခြံဝက ပင်လယ်ကဗွီးရွက်တွေဆီမှာ ။
 “ ဘာဖြစ်လို့လဲ အမွန် ”
 “ ဌာနမှာ အလှတွေချည်းမဟုတ်လား ၊ အဲ့ဒီ အလှတွေထဲက တစ်ယောက်ယောက်က ကို့ကို ပြုစားလိုက်မှာပေါ့ ၊ ကိုကလည်း စကားတက်တာနဲ့ ဆိုတော့ အနေနီးတဲ့ ဆီကပဲ ဖြစ်မှာပါ ၊ ဟုတ်တယ် မဟုတ်လား ”
 အားရပါးရ ရယ်ပစ်လိုကချင်သည်။
 “ ပြုစားရအောင် သူတို့က စုန်းမတွေမှ မဟုတ်ဘဲ ၊ ကျွန်တော်စကားတက်တယ်ဆိုတာက ဟုတ်မှမဟုတ်တာ ၊ အနေနီးတာနဲ့ ဒီလိုတွေးတယ်ဆိုတာလည်း မဟုတ်သေးဘူး ”
 “ ကဲ ဆိုပါတော့ ၊ ခုလို လသာတဲ့အခါ အမွန်လမ်လျှောက်ဖူးတယ် မဟုတ်လား ၊ ဖိုးလမင်းကြီးက ကိုယ်နဲ့အဝေးကြီးရယ် ၊ ဒါပေမယ့် ကိုယ်သွားလေရာကို ဖိုးလမင်းကြီးက ကိုယ်နဲ့ ထပ်ကြပ်မကွာ လိုက်လာတာပါပဲ မဟုတ်လား ၊ အရှေ့သွားသွား အနောက်သွားသွား ”
 အမွန်သည် ပြုံးပြကာ ခေါင်းညိတ်သည်။ သူစကား မဆက်တော့၍ နားမလည်သလို နားလည်သလိုနှင့် ဆက်ပြောမည့်စကားကို နားစိုက်ထားသည်။အတော်ကြာသည်အထိ သူနူတ်ခမ်းမလှုပ်။သည်တော့ မေးရသည်။
 “ အဲ့ဒီတော့ ကို့ သတို့သမီးက ဘယ်သူလဲ ကို ”
 “ အို့ ဘယ်ကလဲ ကျွန်တော့်သတို့သမီးရှိရမှာလဲ ”
 ထောက်ထားသော လက်ကို ရုတ်လိုက်သည်။ကုလားထိုင်နောက်မှီနှင့် ကျောကပ်လိုက်သည်။လက်ပိုက်လိုက်သည်။ နူတ်ခမ်းကို မဲ့ယောင်ပြုထားသည်။သူ့ကို မျက်စောင်းနဲ့ ကြည့်သည်။
 “ ဒါနဲ့ ခုနတုန်းကတော့ ညိုညိုတို့လို တစ်အိုးတစ်အိမ်ထောင်မလို့ဆို ”
 “ ဟုတ်တယ်လေ ”
 “ ဟော့ လုပ်ပြန်ပြီ အမွန်တော့ နားရှုပ်လာပြီ ”
 “ ရှင်းရှင်းလေးပါ ညိုညိုတို့လို တစ်အိုးတစ်အိမ်ထောင်မလို့ စိတ်ကုးပြီး ပျော်နေတာ ပြောတဲ့ဥစ္စာ ”
 “ အဲ့ဒါကြောင့် မေးတာပေါ့ သတို့သမီးကောလို့ ”
 “ အော် အမွန်ရယ် စိတ်ကူးရုံကူးမိသေးတာ ဘယ်မှာသတို့သမီးရှိဦးမှာတဲ့လဲ ”
 နူတ်ခမ်းကို လက်ချောင်းလေးတွေနှင့် ကွယ်၍ ရယ်နေသည်။နှလုံးကြည်လင်သော ရယ်သံ ၊ အကြောင့်ကြကင်းသောရယ်သံ ၊ ထိုရယ်သံသည် သူ့စိတ်ဝမ်း ငြိမ်းချမ်းစေချင်သည်မှာ အမှန်တကယ် ၊ တစ်ရံမလပ် ကြားနေချင်သော ရယ်သံလွင်လွင် ။
 သို့သော် ရှေ့ကိုတွေးကြည့်တော့ ပျပျမြင်နေရသော လမ်းခွဲတစ်ခု ၊ ထိုလမ်းခွဲကို မျှော်မကြည့်ဖြစ်အောင် စိတ်လွှဲသည်။ မလွှဲလွှဲအောင် ကောက်ကာငင်ကာ စကားဖြင့်ကုရသည်။
 “ သင်္ကြန်တုန်းက အမွန့်ကို ရေလောင်းရတာ အားမရသေးဘူး ”
 အမွန်က မျက်ခုံးပင့်ကာ ပြန်ပြောသည်။
 “ ဒါဖြင့် အခုလောင်းလေ ”
 “ ရေတွေ စိုကုန်မှာပေါ့ ”
 “ သင်္ကြန်ရေ လောင်းချင်တဲ့သူက လောင်းလို့စိုကုန်တော့ ဘာဖြစ်မှာလဲ ကိုရဲ့ ”
 “ အခုအချိန် ရေစိုရင် အအေးမိသွားမှာပေါ့ ”
 “ အအေးမိတော့ကော ”
 “ အအေးမိတော့ နေမကောင်းဖြစ်မှာပေါ့ ”
 “ နေမကောင်းတော့ကော ”
 “ နေမကောင်းတော့ ရောဂါရမှာပေါ့ အမွန်ရဲ့ ”
 အမွန်က ခေါင်းခါသည်။
 “ နေမကောင်းတာ ကြာတော့ သေသွားမှာပေါ့လို့ ကို ပြောရမှာ ”
 ရင်ထဲတွင် နင့်ခနဲ ခံစားလိုက်ရသည်။သိသိသာသာ မျက်နှာပျက်သွားမှန်း ကိုယ့်ကိုယ်ကို သတိပြုမိလိုက်သည်။ကြိုတင်သိရလျင် ထိုစကားကို မပြောဘဲ ထားလိုက်ချင်သည်။သူ မည်သို့ ခံစားရမည်ကို အမွန် မှန်းဆမိဟန်ရှိသည်။အရွှင်လန်းဆုံး မျက်နှာပြင်ပြီး စိတ်ပြောင်းရန် ကြိုးစားသည်။
 “ သြော့့် သင်္ကြန်အကျနေ့က ကို့ကို ပေးလိုက်တဲ့ ပိတောက်နှစ်ခက်ကော သိမ်းထားတယ်မိုလား ကို”
 သူခေါင်းညိတ်လိုက်သည်။ ဆေးလိပ်ကို ကုန်အောင်ဖွာပြီးနောက် တစ်လိပ်မီးညှိလိုက်သည်။နွမ်းနယ်သောစိတ်ကို စိမ်းဖန့်ဖန့် သစ်ရွက်ပေါ် တင်ထားလိုက်  ၊ မြက်ခင်းပြင်ပေါ် ချထားလိုက် ၊ လရောင်ထဲတွင် ဖြန့်ချထားလိုက်နှင့် ပင်ပန်းလှချေ၏။
 “ ကို   ဆေးလိပ်သောက်တာ သိပ်များနေပြီ ”
 တစ်ချက်မျှ ငဲ့ကြည့်ပြီး မလှုပ်မယှက်နေလိုက်သည်။
 “ ကိုက အမွန့် ကွယ်ရာမှာ နေချင်သလို နေမှာပါ ၊ အမွန့်ရှေ့မှာသာ ခေါင်းညိတ်ပြီး ကွယ်ရာကျရင် ထင်သလို နေမှာပါပဲ ၊ အမွန်လိုက်မြင်နေရတာ မှတ်လို့ ”
 သက်ပြင်းချမိသည်။ ဤစကားကို ဧကန်ငြင်းရလိမ့်မည်။
 “ ကိုယ်သွားလိုရာကို အမြဲတမ်းလိုက်နေတဲ့ ဖိုးလမင်းကြီးလိုပါ အမွန်ရာ ၊ ကျွန်တော့်မှာ အမွန်ကွယ်ရာရယ် ၊ အမွန့်ရှေ့ ရယ်လို့ မရှိပါဘူး ၊ ဖိုးလမင်းကြီးလိုပဲပေါ့ ဘယ်နေရာ ဘယ်အခါ ဖြစ်ဖြစ် ကျွန်တော့်ရှေ့မှာ ဘေးမှာ နောက်မှာ အမွန်အမြဲရှိနေတယ်။ကြည့်နေတယ်လို့ သိနေတယ်လေ။ ဒီတော့ အမွန့် ကွယ်ရာရယ်လို့ ဘယ်မှာ ရှိနိုင်တော့မလဲ ”
 အမွန့်မျက်နှာပေါ်တွင် လရောင်က ရုတ်တရက် ဖယ်သွားသည်။ဆံကေခိုင်ပြေပြေ အထုံးတွင် လရောင် ငြိနေသည်။
 လက်မအဖျားကို ဖွဖွကိုက်ထားသော မျက်နှာကို ဝှက်ထားသည်။အနှောက်အသွား လွတ်သင့်သလောက်လွတ်ရန် စကားပြင်ပြောမည်ဟု ကြံဆဲတွင် ကိုကြည်လွင် ရောက်လာသောကြောင့် ခက်ရသည်။ကိုကြည်လွင်က လိမ္မော်ရည် နှစ်ပုလင်း လာပို့သည်။
 “ ဒီမယ် ကိုထွေး ကိုထွေးသိပ်ကြိုက်တဲ့ စန္ဒယားချစ်ဆွေ သီချင်းချည်းပါတဲ့ တိတ်ခွေကို ဖွင့်တော့မယ်။လိမ္မော်ရည်သောက်ရင်း နားထောင်ပေါ့ ၊ ချစ်ရေးခက်ခက်ရော ချစ်ရက်ကယ်နှောင်းရော အကုန်ပါတယ် ”
 သူထွက်သွားတော့ အမွန်မျက်နှာချင်းဆိုင်သည်။
 “ အမွန် အိမ်ပြန်ဖို့ အခ်ျိန် လိုပါသေးတယ်နော် ”
 ခေါင်းကို အသာအယာ ညိတ်ပြရင်းနှင့်
 “ စောစော ပြန်စေချင်လို့ မေးတာ မဟုတ်ပါဘူးနော် ”
 တိုးတိုး ရယ်မိသည်။
 “ အမွန်က ရန်စကား အမြဲပဲ ပြောတယ် ”
 အမွန် ပြုံးနေသည်။

********

( ၄ )

 ဘာသာရပ်ထဲ၌ စိတ်ကို နှစ်ထားဆဲတွင် ခဏသက်သာရာ ရသည်ထင်၏။ ဖြတ်သားတစ်ချို့ကို ဖယောင်းကြွေးထားပြီး တစ်ချို့ကို အနုဖြတ်စက်ဖြင့် ဖြတ်သားချလိုက်သည်။တချို့မှာ မှန်ချက်ပြားပေါ်တွင် အသင့်ရှိပြီး မန်ကရောက်လာသော ပင်စည်တချို့ကို အပုတ်ထိန်း ချဉ်ရည်အက်စစ်တွင် စိမ်ထားလိုက်သည်။
 အပင် ခန္ဓာဗေဒနှင့် စပ်လျဉ်း၍ ဆရာစီစဉ်ပေးထားသည့်အတိုင်း ဆောင်ရွက်ရသည်။ဆရာသည် တိကျသော စေ့စပ်သေချာသော သူ့ကို ယုံကြည်စိတ်ချသဖြင့် ဤလုပ်ငန်းကို ဆောင်ရွက်စေခြင်း ဖြစ်ဟန်တူသည်။
 စာတွေ့ လက်တွေ့ အတွေ့အကြုံကြွယ်ဝသော ဆရာ၏ သုတေသန လုပ်ငန်းတွင် ပူးတွဲဆောင်ရွက်ခွင့် ရခြင်းသည် စာသင်ခန်းထဲတွင် လေးနှစ်တိုင်တိုင် နေခဲ့ရသည်ထက် တန်ဖိုးရှိသည်ဟု ယူဆသည်။ထို့ကြောင့် လုပ်ငန်းခွင်တွင် မတိမ်းမစောင်းရအောင် သတိထားရသည်။ကြာတော့ ကျင့်သားရလာသည်။ညလုံးပေါက် မအိပ်မနေ သုတေသန ပြုသောအခါတွင် မျက်လုံးစင်းချင်စင်းမည်။အမှားအယွင်း ကင်းလာသည်။
 “ ဟေ့လူ ကိုထွေး ၊ မနေ့ညကလည်း တစ်ညလုံး မအိပ်ဘူး ၊ ခုလည်း မနားသေးဘူးဆိုတော့ ခင်ဗျား ဥစ္စာ မလွန်လွန်းဘူးလားဗျာ ”
 မိတ်ဆွေ သရုတ်ပြဆရာက ပြောသည်။အသံကျက်မိသဖြင့် မည်သူမှန်းသိ၍ လှည့်မကြည့်ဘဲ သူဖြေလိုက်သည်။
 “ အထင်တော့ မကြီးလိုက်ပါနဲ့ဗျာ ၊ သိပ်တော် သိပ်တက်လွန်းလို့ ကြိုးစားနေတယ် မထင်နဲ့နော်၊ တစ်လောကလုံးကို မေ့ထားချင်လို့ လုပ်ငန်းထဲမှာ အာရုံစိုက်ပစ်တာ ၊ ပုတီးစိပ်သလိုပေါ့ဗျာ ”
 သူဖြေပုံကြောင့် သရုတ်ပြဆရာက ရယ်လိုက်သည်။
 “ ကိုထွေးတောင်မှ တလောကလုံးကို မေ့ထားချင်ပြီ ဘာညာနဲ့ ဖြစ်လာပြီကိုး ”
 အဏုကြည့် မှန်ပြောင်းတစ်လက်နှင့် အလုပ်ရှုပ်နေသော ဆရာမတစ်ဦးက ဝင်ပြောသည်။ဆရာမစကားကြောင့် မဟာသိပ္ပံတန်းတက်နေသူ ကျောင်းနေဖက် အမျိုးသမီးတစ်ဦးက ခပ်တိုးတိုးရယ်လိုက်သည်။
 “ ဒါပေါ့ ဆရာရယ် လူဆိုတာ စိတ်ညစ်စရာတွေ ဝိုင်းရံထားတဲ့ သတ္တဝါကိုး ၊ ဒီတော့ ကျွန်တော်ဆိုတဲ့ ငထွေးကလည်း ဘာသားနဲ့ ထုထားတာမှတ်လို့ ၊ စိတ်ညစ်စရာ ဆိုတာ ထွက်သက်နဲ့ ဝင်သက်ကြားမှာ ကုဋေတစ်သိန်း ဖြစ်ပျက်ချုပ်တယ်လို့ ပြောကြတာပါပဲ”
 ကိုထွေးက ရယ်ပွဲ ဖွဲ့ပစ်သလိုနှင့်ပြောသည်။
 သူ့နောက်ဘက်ရှိ စားပွဲတစ်လုံးတွင် အစာကြောနှင့် ရေကြောကို ခွဲခြားရှာဖွေနေသူ ကျောင်းနေဖက်က တစ်ခွန်းဝင်ပြောသည်။
 “ ခင်ဗျားဆီ မကြာခဏလာနေတဲ့ အမွန်ဆိုတဲ့ ခလေးမလေးကတော့ လူတစ်ဖက်သားကို စိတ်ညစ်အောင် လုပ်တက်တဲ့ လက္ခဏာတော့ မရှိဘူးလို့ ကျွန်တော်ထင်တယ် ”
 “ ဟာ မဟုတ်တာဗျာ အမွန်နဲ့ ကျွန်တော်က ရိုးရိုးပါ ”
 ပျာပျာသလဲ ပြောလိုက်ပုံကြောင့် ဓာတ်ခွဲခန်းထဲတွင် ရယ်သံကျဲကျဲ ပေါ်လာသည်။
 “ အမွန့်ကို ကျမတွေ့ဖူးတယ် ၊တော်တော် ကျက်သရေရှိတဲ့ အမျိုးသမီးလေးပဲ ”
 ကျောင်းနေဖက်စကားကို မကြားယောက် ပြုနေလိုက်သည်။
 “ ကိုထွေးထက် အရပ်နည်းနည်းနိမ့်သွားတာက လွဲလို့ ဘာမှ ပြောစရာမရှိဘူး ” ဟု အနုကြည့် မှန်ဘီလုးတွင် မျက်စိတစ်ဖက်မှိတ်၍ ချိန်သားကိုက်နေသော ဆရာမက တစ်ခွန်းဝင်ပြောသည်။
 “ နောက်တစ်လ တစ်လခွဲဆို ဝါကျွတ်တော့မှာပါလား ၊ ကျွန်တော်တို့လို အိမ်ထောင်သည်တွေအတွက်တော့ မလိုပါဘူးလေ ၊ လုလွတ်တွေ ဆိုရင်တော့ ဓာတ်ခွဲခန်းထဲချည်း နေရင်တော့ ဘယ်စိုပြေနိုင်တော့မလဲ ”
 ဓာတုဗေဒ ဆေးပုလင်းတွေနှင့် အလုပ်ရှုပ်နေသော သရုပ်ပြဆရာမက အရွှန်းဖောက်သည်။ရယ်သံတွေထွက်လာသည်။ရယ်သံမစဲမီ ဆင်နားရွက်တံခါး တွန်းဖွင့်သံ ကြားရသည်။နည်းပြဆရာမတစ်ယောက်။
 “ ကိုထွေး တယ်လီဖုန်းလာနေတယ် ”
 ပျော်စပြုနေသော ဖယောင်းရည်ထည့်ရာ စက္ကူခွက်ကို ချလိုက်ရသည်။
 “ ဟုတ်ကဲ့ ” ဟု ဆရာမကို လှည့်ပြောလိုက်သည်။
 စိတ်ထဲတွင် အမွန်ဆက်တာ ဖြစ်မှာပဲ ဟု တွေးမိသည်။


 ကျယ်ဝန်းသော ဧည့်ခန်းကို ကျဉ်းသည်ထက် ကျဉ်းလာသည်ဟု ထင်နေ၏။ရောက်နေကျအိမ် ၊ မြင်နေကျ အပြင်အဆင်တွေကို မျက်လုံးစိမ်းနေမိသည်။အထူးသဖြင့် အမွန့်နောက်ဘက်က နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားကို အာရုံတွင် မနှစ်မခြိုက် ဖြစ်နေမိသည်။
 ကျောက်ဆောင် တစ်ခက်မျှမရှိသော သဲသောင်ပြင် အနောက်ဘက်တွင် ပင်လယ်ပြင် ၊အပေါ်မှာက အပြာရောင်ကောင်းကင် ၊အပြာရောင်ရေပြင်သည် အဆုံးမမြင်ရသော အဝေးဆုံးတွင် ဆုံးလိမ့်မည်ဟု တွေးထင်ရသည်။ရေပြင်နှင့် အပြာရောင်ခြားထားသော သဲသောင်အစပ်မှာ ကမ်းမမြင် လမ်းမမြင် အဝေးတကာ့ အဝေးဆုံး တစ်နေရာသို့ အာရုံကို ပြန့်သွားစေသည် ဟု ခံစားရသည်။
 ခြောက်သွေ့လွန်းသော ၊ တမ်းတစရာကောင်းသော ၊ လူသူကင်းမဲ့သော ဝေဒနာမျိုးကို လှုပ်နိုးနေသည်ဟု ခံစားရ၏ ။ တစ်စုံ ၊ နှစ်စုံမျှသော ခြေရာပင် မထင်ရာ သဲသောင်ပြင်ကို ပို၍ မကြည့်ချင်ဆုံး ။
 “ ကို နည်းနည်း ပိန်သွားတယ်နော် ၊ မျက်နှာကျနေတယ် ”
 မှန်လို အရိပ်တကြည့်ကြည့်စကား။
 “ အမွန်လည်း သိသိသာသာ ပိန်သွားတာပဲ ”
 အမွန့်နူတ်ခမ်းသည် ကြည်နူးပြုံးကို သိသာစေသည်။
 “ ဟိုနေ့က အမွန်လာတာ ကို့ မိတ်ဆွေက ပြန်မပြောပြဘူးလား ”
 ခေါင်းညိတ်၍ ဖြေလိုက်သည်။ထိုနေ့က ကံဘဲ့လက်တွေ့ သုတေသန ဌာနသို့ ရောက်နေသည်။ကိစ္စအရေးကြီးသောကြောင့် ဌာနသို့ မဝင်ဘဲ ကံဘဲ့သို့ တန်းသွားလိုက်သည်။သုံးနာရီထိုးပြီးတော့မှ ဌာနသို့ သွားသည်။ဤတွင် အမွန်ရောက်လာကြောင်း သိရသည်။သိသိချင်း စိတ်ပူမိသည်။ ထိုနေ့က တစ်နေ့လုံးမိုးသည်းလှသည်။ထို့ကြောင့် ဖုန်းဆက်မည် စိတ်ကူးမိသော်လည်း အလုပ်တွေ များသောကြောင့် ပျက်ကွက်သွားသည်။
 နေက်နေ့တွင် အမွန့်ထံ သွားချင်သွားမည်၊ ဖုန်းဖြစ်ဖြစ် ဆက်မည်ဟု တွေးထားသော်လည်း အစီအစဉ် လွဲသွားသည်။ စံရိပ်ငြိမ်နှင့် ဌာနမှာ အိမ်ဦးနှင့်ကြမ်းပြင်သာသာ ။ သို့တစေ ညဆယ်နာရီထိုးမှ ပြန်ရသဖြင့် မသွားဖြစ်။

နောက်နေ့ညနေတွင် စောစောပြန်ပြီး အမွန့်ဆီ သွားမည် ကြံသော်လည်း မသွားဖြစ်ခဲ့ ။ထိုနေ့ည တစ်ညလုံး ဒီနေ့ညနေ လေးနာရီ ထိုးခါနီးတွင် အမွန့်ထံမှ ဖုန်းလာတော့မှ သွားဖြစ်သည်။
“ ကျွန်တော် တွေးပူတော့ ပူမိတယ်၊ အဲ့ဒီနေ့က မိုးကလည်း ကောင်းလိုက်တာ အဲ့ဒါနဲ့ အအေးမိပြီး ဖျားတာ အဟုတ်လား ”
အနွေးထည်ကို ဆွဲစေ့ရင်း ခေါင်းတစ်ချက် ခါလိုက်သည်။
“ ဟင့်အင်း ကို့ဆီလာတဲ့နေ့ ၊ အဲ့ဒီနေ့ မနက်ကတည်းက အမွန်ဖျားနေတာ ”
“ သြော် အမွန်ရယ် ၊ ဖျားနေရက်နဲ့များ ၊ ကိစ္စက ဘာကိစ္စများမိုလို့တုန်း ”
စာနာစိတ်ဖြင့် ညည်းကာမေးလိုက်သည်။
အမွန့်မျက်နှာသည် စောစောကလောက် မနွမ်းတော့ ။ မျက်လုံးအစုံသည်လည်း စောစောကလောက် မညိုးတော့ ။နူတ်ခမ်းသည်လည်း စောစောကလောက် မခြောက်ကပ်တော့။
“ ဘာကိစ္စမှ မရှိပါဘူး ၊ ကို အမွန့်ဆီ မလာတာ ကြာလို့ ဘာများဖြစ်နေသလဲလို့ သိချင်လို့ပေါ့ ”
ပြောပုံလေးက ကလေးလေးလို ၊ လေသံအဆုံးတွင် မေးငေါ့ဟန်အတန်မျှ ပါသည်။အမူအရာက စိတ်ကောက်သလို စကားနာထိုးသလို ။
“ ဒါနဲ့များ ဖုန်းဆက်ရင် ဖြစ်ရဲ့သားနဲ့ ၊ အမွန်ကလည်း မိုးတစိမ့်စိမ့်ထဲမှာ ဘာလို့လာရတာလဲ ”
“ ဆက်ချင်ပါဘူး ကိုယ့်ခြေထောက်နဲ့ ကိုယ်လာတာ ၊ သူ့ခြေထောက်နဲ့ လာတာကျနေတာပဲ ”
ဆိုဖာနောက်မှီတွင် ကိုယ်တစ်စောင်းမှီကာ မျက်နှာကို တစ်ဖက်သို့ ငဲ့လိုက်သည်။
“ နေမကောင်းရင် မိုးရွာရွာ ၊ နေပူပူ ဘယ်မှ မသွားရဘူး၊ မလာရဘူး ”
“ သွားတော့ လာတော့ ဘာဖြစ်လဲ ”
နေမြဲတိုင်း နေရာက ဆိုးမြဲအတိုင်းလေသံဖြင့်ပင် ဆိုပြန်သည်။
“ ခုလို ဖျားတာပေါ့ ” မျက်စောင်းတစ်ချက်ကို မြင်လိုက်ရသည်။
“ သူဖျားတာ ကျနေတာပဲ ” ပြုံးလိုက်မိသည်။
“ သြော် နေမကောင်းတဲ့သူကလည်း ရန်တွေ့တော့လည်း တက်တက်ကြွကြွ တွေ့နိုင်သားပဲ ”
သည်တော့မှ သူမပြုံးဘဲ မနေနိုင်။မျက်နှာချင်းဆိုင် တည့်တည့်ထိုင်သည်။
“ ရန်တွေ့မှာပေါ့ ကို ပြောတဲ့စကား ၊ ကို့ဆီလာတဲ့လူကပဲ အပြစ်ဖြစ်ရသေးတယ် ”
“ ဒီလိုရည်ရွယ်တာ မဟုတ်ပါဘူး အမွန်ရာ ”
“ ဒါဖြင့် ကို့ဆီလာတာ ကိုက မကြိုက်လို့ပေါ့ ဟုတ်လား ”
“ သြော့့် ခက်ပါလား ၊ နေမကောင်းလို့ စိတ်တိုနေတိုင်း ရန်ချည်းတွေ့ဖို့ပဲ စဉ်းစားနေတာကိုး ”
မျက်ခုံးတွန့်၍ သူ့ကိုကြည့်သည်။မျက်နှာကို ခပ်တည်တည်ထားသည်။တမင်မှန်းသိနေသည်။
“ ရန်တွေ့တာ မဟုတ်ပါဘူး ၊ ကို့ဆီကို အမွန်လာတော့ ကို့ စုန်းပျိုမလေးတွေက ‘ ကိုထွေး နှမ လာပြီဟေ့ ၊ တို့ ဝေးဝေးနေကြစို့ ၊ ဒီလို နူတ်သီးကောင်း လျှာပါး ကောင်မလေးကို ယောက်မတော်ဖို့ မဖြစ်လို့ ကိုထွေးကို ရှောင်ကြဟေ့ ’ လို့ ပြောမှာစိုးလို့လား ”
မည်သို့ ပြန်ဖြေရမည် မစဉ်းစားတက်တော့ ။
“ ပြော အမွန်၊ ပြော ပြော ၊အဒေါ် ဦးလေးတို့ကလည်း ဒီလောက် ခေါင်းမာတဲ့ မသံမဏိကို အဲ့ဒီနေ့က တားသင့်ပါတယ်ဗျာ ”
သူ့ကို တစ်မျိုးတစ်မည် ခေါ်သံကြောင့် ပြုံးစိစိ ဖြစ်သွားသည်။
“ အဲ့ဒီနေ့က အမေတို့ ကိစ္စရှိလို့ မြို့ထဲကို သွားနေကြတဲ့ ဟာ ”
ထင်တော့ထင်သည်။
အကယ်၍ ဖခင်နှင့် မိခင်တို့သာ ထိုနေ့က အိမ်တွင်ရှိနေလျင် သွားခွင့်ပြုမည်မဟုတ်။သမီးဖြစ်သူ၌ နှာစေးချောင်းဆိုး ဖြစ်လာလျင် အအေးမိမည်စိုး၍ အိမ်အပြင် ခြံဝင်းထဲသို့ပင် ဆင်းခွင့်မပေးတက်ကြောင်း သိခဲ့ဖူးသည်။
“ ကောင်းပါတယ် ”
“ ကောင်းမှာပေါ့ ”
“ ခုတော့ပိုပြီး ဖျားတာပေါ့ ”
“ ကောင်းတာပေါ့ ”
“ ဘာကောင်းတာလဲ ၊ ပြီးတော့ စွာလောင် စွာလောင် လုပ်သေးတယ်၊ တော်တော်ခက်ပါတယ် ”
ကျုံ့ကျုံ့ထိုင်နေရာမှ ခြေထောက်ချ၍ ထိုင်သည်။ ထဘီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်သည်။ မျက်လွှာချထားကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။
“ ဘာ ခက်စရာ ရှိတာမှတ်လို့ ၊ ဟို အရင့် အရင်ကတော့ အမွန်က ညီမလေးပါတဲ့ ၊ ကျွန်တော့်ကို နားအလည်ဆုံး ညီမလေးပါတဲ့ ၊ ကျွန်တော့်စိတ်ကို အဘက်ဘက်က ဖေးမဖော်ရတဲ့ ညီမလေးပါတဲ့ ၊ ခုတော့ အဲ့ဒီ ညီမက ဌာနလိုက်လာတာတောင် မိုးကို အပြစ်တင်သလိုလို ၊ အဖျားကို အပြစ်တင်သလိုလိုနဲ့ ဟင့်း့ ”
လွန်လေပြီးသော အခါက စကားတွေကို သူသတိရလျက်ရှိကြောင်း ဖော်ပြသည် ထင်၏။အမွန့်နည်းတူ ကိုထွေးက မှတ်မှတ်သားသား ရှိနေသည်။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက ပထမနှစ်ဝက် အစမ်းစာမေးပွဲ ဖြေပြီးသည့် နောက်တစ်နေ့ ။မာလာစားသောက်ဆိုင် ၊ အအေးဆိုင် ၊ အနောက်ဘက်စွန်း ၊ အမွန် ၊ညိုညို ၊ ကိုကြည်လွင် နှင့် သူ။
ညိုညိုနှင့် ကိုကြည်လွင်တို့ ချစ်သူဖြစ်ကြခါစ မကြာလှသေး ။ကိုကြည်လွင် ခေါ်သွား၍ ညိုညိုတို့ ရှိရာဆီ လိုက်ပါသွားဖြစ်သည်။ထို့နောက် အမွန်နှင့် သိကျွမ်းရသည်။ထိုနေ့က အမွန့်မျက်လုံးတစ်စုံကို ခုတိုင် လတ်တလော မြင်လျက်ရှိသည်။
ရိုးသားသော ၊ ကြည်လင်သော ၊ လှပသော ၊ သိက္ခာရှိသော ၊ တစ်ကြိမ်မြင်ပြီးလျင် မေ့ပစ်နိုင်ခြင်း မစွမ်းသော အမွန့်မျက်လုံး ။
ပေါ်လွင်သော ၊ ဝိုင်းစက်သော ၊ တပ်မက်ခြင်းကို မဖြစ်စေသော အမွန့်မျက်လုံး ။
က္ကနြေ္ဒကြီးသော်လည်း စိတ်နှလုံးမြင့်မြတ်ခြင်းကို ဖော်ပြနေသော အမွန့်မျက်လုံး ။အကြင်နာမျက်လုံး သည်မျက်လုံးအစုံကြောင့်လားမသိ ခင်မိသည်။အားပျက်စရာ မဝေခွဲနိုင်စရာ ပြဿနာတွေနှင့် ကြုံလာရလျင် ကိုကြည်လွင်နှင့် ညိုညိုတို့ တစ်ယောက်ယောက်ကို ပြောပြစမြဲ။သည်တွင် အမွန့်နားတွင် ကြားစကားတွေ တိုးလာသလို ပြောစရာ စကားတွေလည်း များလာရသည်။
တတိယနှစ်အရောက်တွင် စိတ်ညစ်စရာတချို့ ဖြစ်ပေါ်လာသည်။ကိုလတ် မကျန်းမမာဖြစ်လာသည်။ဆေးရုံတွင် သုံးလေးလကြာသည်။ငွေကုန်ကြေးကျ များခဲ့သည်။ကိုလတ် ကျန်းမာရေးအတွက် အကြွေးတင်ရသည်။ထို့ကြောင့် စာမေးပွဲကြေးနှင့် ကျောင်းလခ ပြဿနာတက်ရလေသည်။ကိုကြည်လွင် သိ၍ ညိုညိုပါ သိသွားသည်။နောက်တစ်နေ့ စာမေးပွဲကြေးနှင့် ကျောင်းလခငွေသွင်းပြီး ပြေစာကို ကိုကြည်လွင် လာပေးသည်။
အားနာလွန်း၍ စိတ်အနေရခက်သည်။အားနာစိတ်ဖြင့် အပြစ်စကားဆိုမိသည်။ကိုကြည်လွင်က သူသွားသွင်းခြင်း မဟုတ်ကြောင်း ၊ အမွန်ငွေသွားသွင်းခြင်းဖြစ်ကြောင်း ၊သို့တစေ ကိုကြည်လွင် ဆောင်ရွက်ပေးသည့် အနေမျိုးဖြင့် ဖြစ်စေချင်ကြောင်း ၊ အမွန် ကုညီလိုက်သည်ဟု ကိုထွေး မသိစေချင်ကြောင်း စသည့်စကား ဖွင့်ပြောသည်။
သည်တော့မှ မျက်နှာထားပင် ခက်ရချေတော့သည်။သုံးလေးရက်ကြာသောအခါ သူငယ်ချင်း သုံးလေးယောက်ထံမှ ငွေရှာယူလာသည်။အမွန့်ကို သွားတွေ့ပြီး ထိုငွေကို ပြန်ပေးသည်။အမွန့်မျက်နှာပေါ်တွင် စိုးရိမ်စိတ်တွေ ပေါ်နေသည်။အမွန်ခေါင်းခါသည်။ အမွန့်လွယ်အိပ်ထဲသို့ ထည့်မည်ပြုသော်လည်း ကိုယ်နှင့်ကပ်၍ ဖယ်သည်။
“ ဟင့်အင်း ၊ အမွန် ပြန်မလိုချင်ဘူး ” ဟု ငြင်းသည်။
ကြိမ်ဖန်များစွာ ပြန်ပေးနေသောကြောင့် အမွန့်မျက်နှာထား ပြောင်းသွားသည်။
“ အမွန့် သဘောထားကို တစ်မျိုးမြင်နေတယ် မဟုတ်လား ၊ အဲ့သလို ထင်နေရင်တော့ အမွန် မငြင်းတော့ပါဘူး ၊ ကို့လက်နဲ့ အဲ့ဒီ လွယ်အိတ်ထဲ ပြန်ထည့်လိုက်တော့ ”
ဟု ပြောကာ လွယ်အိတ်ကို စာသင်ခုံပေါ်သို့ တင်ပေးလိုက်သည်။ထိုစကားကြောင့် လက်တုန့်သွားသည်။ရင်ထဲမှာ အမျိုးအမည် မခွဲခြးတက်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ ထိုဝေဒနာသည့့် 
“ မောင်နှမ အရင်းတွေလို့လည်း တစ်ခါတစ်ခါ ပြောတယ် ၊ လက်တွေ့မှာတော့ သူစိမ်းထက်ဆယ်ဆစိမ်းသေးတယ် ” ဟု တစ်ချက်တည်းပြောချလိုက်သော အမွန့််စကားကြောင့်လား ၊ ပထမဆုံး သုံးလိုက်သော ‘ ကို ’ နာမ်စားကြောင့်လား ၊ မကွဲမပြား။
မည်သို့ပင် မကွဲပြားစေ အမွန့်ကို တွယ်တာသော သံယောဇဉ်အလင်းအမျှင်သည် ထိုနေ့ ၊ ထိုအချိန် ၊ ထိုနေရာတွင် ခိုင်ခိုင်ဖွဲ့နှောင်ခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
“ ဒီအထိ မတွေးပါနဲ့ အမွန်ရာ ၊ ကျွန်တော့်စိတ်ကို အမွန်အသိဆုံးပါ ”
မျက်လွှာတစ်ချက် မပင့်။
“ အမွန့် အစ်ကိုတဲ့ အဲ့ဒီအစ်ကိုက မကြာခင်ပဲ မဟာသိပ္ပံတန်းကြီးတက်ရတော့မယ် ၊ ဌာနမှာ ဆရာအလုပ်လည်း ရတော့မယ် ၊ ပြီးတော့ စုန်းဖြူ ၊စုန်းညို ၊ စုန်းပြာလှလှလေးတွေနဲ့ဆိုတော့ ”
နုတ်ဖျားအသံထက် ရင်ထဲက အသံကို နှလုံးကျက်မိလိုက်သည်။
“ လာတာကို အပြစ်ပြောနေတာ မဟုတ်ပါဘူး အမွန်ရယ် ”
ချင်ချင်း ပြန်မဖြေသေး ၊ မျက်လွှာကို ပင့်၍ကြည့်သည်။မဲ့ပြုံးတစ်ချက်ကို မပီမသ တွေ့ရသည်။မည်သည့်အကြောင်းကြောင့်မသိ ၊ ဘာတွေမှန်း မဆိုနိုင် ၊ နုတ်ခမ်းကို ဆက်ခနဲ တွန့်ပစ်လိုက်သည်။ဘာစိတ်ကူးဖြင့်ကား မဆိုနိုင် ၊ ဟင်းခနဲ တစ်ချက်ရယ်ကာ သက်ပျင်းချသည်။
“ အချိန်အခါကလည်း မိုးတွေကြားထဲ ၊ အခြေအနေကလည်း ဖျားနေလို့ ပြောတာပါ ”
ရယ်စရာစကား မဟုတ်ပါဘဲနှင့် အသံထွက်အောင်ရယ်နေသည်။သူ့စကားကို အမွန်မည်သို့ သဘောထားနေကြောင်း နားမလည်နိုင်တော့။
“ ဒါဖြင့် ကို့စကားရဲ့ အဓိပ္ပာယ်က အချိန်အခါနဲ့ အခြေအနေကို ကြည့်တက်ရမယ်လို့ ဆိုလိုတာပေါ့ ”
“ အင်းပါ့ အဲ့ဒါ ပြောတာ ”
အမွန်ပြုံးပုံမှာ ထိတ်လန့်စရာကောင်းသည်ဟု ထင်ရသည်။
“ သြော် သွားချင်လို့သွားတယ် ၊ လာချင်လို့လာတယ် ဆိုပေမယ့် အချိန်အခါနဲ့ အခြေအနေကို နားလည်တက်ရမယ် ဆိုပါတော့ ”
“ အင်း ဆိုပါတော့ ”
အမွန့်မျက်လုံးကို တစူးတစိုက် ကြည့်မိသည်။
“ သြော် ဟော့့် ဟော် အချိန်အခါနဲ့ အခြေအနေကို တွက်ဆနားလည်တက်ရမယ် ဆိုပါတော့ကိုရယ် ၊ ဟုတ်လား ”
လှိုက်ခနဲ ခံစားလိုက်ရသည်။နှလုံးသွေး ခုန်သံသည် သည်းလှသော မိုးသံထက် မြည်လွန်း ကျယ်လောင်လွန်းသည်ဟု ထင်ရ၏။

***********

( ၅ )

ဟားခါးတွင် ရှိခဲ့စဉ်က ရောက်လာသော အမွန့်စာသည် အသည်းညှာကို လှုပ်ခါထိစေသည် အမှန် ၊ စကားတွေက ရင်၌လာ၍ ဟပ်သည်။
ခုချိန်ဆိုရင် မြောက်ပိုင်းချင်းတောင်မှာ အအေးပြင်းထန်နေပြီ ထင်တယ် ၊ အနွေးထည်ကို အမြဲဝတ်ထားပါ ၊ အမွန့်စကားကို နားထောင်လို့ အရက်မသောက်ဘဲ နေမှာမိုလို့ အအေးဒဏ်ကို ခံစားရမှာပါ ၊ ဒီတော့ ကော်ဖီနဲ့ ရေနွေးကို သောက်နော် ၊ ညအိပ်ရာဝင်ရင် စောင်တွေအများကြီးခြုံအိပ်ပါ ၊ ရေမချိးပါနဲ့ ၊ရေနွေးပတ်တိုက်ပါ ၊ အစားအသောက်လည်း ဆင်ဆင်ခြင်ခြင် စားပါ ၊
ပြီးတော့ ကို ခုသွားတဲ့အလုပ်က သစ်ခွပင်တွေ စုဆောင်းဖို့ဆိုတော့ အမြင့်တွေဘာတွေ တက်ရမှပဲ ၊ ကို ကိုယ်တိုင် မတက်ပါနဲ့ ၊ အတင့်မရဲပါနဲ့ ၊ ထိခိုက်အနာတရဖြစ်မှာ အမွန်သိပ်စိုးရိမ်နေတယ် ကိုရယ် ၊ အစစအရာရာ သတိကြီးပါကွယ် ။
ကလေးတစ်ယောက်ကို ယုယသောစကားမျိုး ၊ မောင် ပေါက်စနကလေးလို မျက်ခြည်ပြတ်မခံသော စကားမျိုး ။
တစ်ခါတစ်လေတော့ ရယ်မိသည်။ပူတက်လွန်းသည် ထင်၏။ သို့ရာတွင် အကြင်နာတရား၌ အတိုင်းအဆမရှိသည်မှာ သူ့ကိုယ်တွေ့ သူယုံပြီးသား ။
သွားတာလာတာလည်း အဖော်မပါဘဲ မသွားပါနဲ့ ။ မိုးမချုပ်ပါစေနဲ့ကို ။တောတွေ တောင်တွေဝိုင်းနေတဲ့ နေရာဆိုတော့ ကျားတွေဘာတွေ ရှိမှာ ။ ပြီးတော့ အတွေးတွေလည်း သိပ်မများနဲ့ဦး ၊တောင်ကမ်းပါးဘေးကပ်ပြီး လမ်းလျှောက်တဲ့အခါ အငေးလွန် အတွေးလွန်ပြီး ချောက်ထဲချောကျမှာ အမွန်စိုးရိမ်တယ်သိလား ။
စိတ်မဖြောင့်နိုင်မှန်း သိနေရသည်။သူ အတွေးမိခဲ့သည်တို့ကို အမွန် ကြံဖန်တွေးပုံက အံ့သြစရာ ။အံ့သြရင်းနှင့် စိတ်မကောင်းဖြစ်ရသည်။အထိခိုက်ဆုံးမှာ ကိုလတ်တို့စာနှင့် ညိုညိုတို့စာထဲတွင် ပါဝင်မြဲဖြစ်သော အမွန့်အကြောင်းကို ဖတ်ရသောအခါ့ 
“ တို့က အမွန် သိပ်စိတ်မပူပါနဲ့ ၊ ကိုထွေးက သူငယ်နှပ်စားမှ မဟုတ်တာလို့ ပြောတော့ အမွန်က ဘာပြန်ပြောတယ် မှတ်လဲ။
ကိုကိုလတ်တို့ မမအေးတို့ မသိပါဘူး ၊ ကိုထွေးဟာ ကလေးပါတဲ့ ၊ နေချင်သလိုနေ စားချင်သလို စားတဲ့သူ ။အမွန်ဒီမှာ မရှိတော့တဲ့အခါဆိုရင် စိတ်ကတော့ ကိုထွေးဆီ ရောက်နေမှာတဲ့ ၊ ခက်ပါတယ်ကွာ ။
သြတြေးလျဆိုသော အသံကို ကြားလိုက်ရလျင် အသဲမှာ ကျဉ်သွားသည်။
အမွန်နှင့် သူ့အကြားတွင် သည်အမည်ကိုလည်းကောင်း ၊ သညိအမည်နှင့် ပတ်သက်သော အကြောင်းတို့သည်လည်းကောင်း မသိကျိုးကျွန်ပြုမိလျက်သား ရှိခဲ့သည်။မနှစ်က ဆောင်းတွင်းမှာ ထိုအကြောင်းကို ပထမဆုံးသိလိုက်ရသည်။ပြီးတော့ ချစ်စကားဆိုမည် ကြံသည့်နေ့။
တစ်ဦးနှင့် တစ်ဦး ထာဝရခွဲရမည် ဟူသောအသိကို ကြားသည့်ရသည့်နေ့။ မိုးအလွန်တွင် ထွန်မချဖြစ်အောင် ကြိုးပမ်းယူရသည့် စိတ်တို့ဖြင့် မဖွင့်ဟတော့ပါဘူးဟု ဆုံးဖြတ်လိုက်ရသည်။တင်းလိုက်ရသော အကြေကွဲဆုံးနေ့။
ထိုနေ့က အစပြု၍ အမွန်သည် ဟန်အဆောင်နိုင်ဆုံး မိန်းခလေးတစ်ယောက်ဖြစ်လာသည်ထင့်။သူသည်လည်းမထူး အမွန်နည်းတု မကြာမီ ရင်ဆိုင်ရတော့မည့် ရေခြားမြေခြားဘဝနှင့်စပ်၍ တစ်ခွန်းမှမဟမိကြ။
မပြောဖြစ်အောင် သတိထားနေခဲ့ကြသည်။စကားမစပ်အောင် ကြိုးစား၍ နေခဲ့ကြသည်။လျှောက်လွှာတင်လိုက်သည့် အကြောင်း ၊ လျှောက်လွှာတင်ပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာက ခေါ်ယူမေးမြန်းသည့်အကြောင်း ၊ ကုန်ဝယ်စာအုပ်မှအစ နိုင်ငံသားအခွင့်အရေးဆိုင်ရာများ စွန့်လွှတ်လိုက်ရသည့်အကြောင်း ၊ သြစတြေးလျနိုင်ငံမှ စစ်ဆေးမေးမြန်းချက်များ ရောက်လာသည့်အကြောင်း စသည့်အကြောင်းတို့ကို ညိုညိုတို့ထံမှ တစ်ဆင့်သာ သိခဲ့ရသည်။
သူ့ကို ထိုအကြောင်းများနှင့် ပတ်သက်၍ စကားရိပ်ပင် အမွန်မဆိုခဲ့။
ကွေကွင်းရမည်ကို အမှန်သိနေကြလျက်နှင့် မသိလိုက်မသိဘာသာ အားတင်းထားရခြင်းမှာ ဆင်းရဲခြင်းတစ်မျိုးဟု သူထင်သည်။တကယ်တမ်း ရင်ဆိုင်ရမည့်အခါ နှလုံးကွဲမထွက်အောင် ၊ သည်းခြေပေါက်မထွက်အောင် ၊ မည်သို့မည်ပုံ ရဲဝံ့ထားရမည်ပ။မည်သို့မည်ပုံ အသင့်နေရမည်ပ။စိတ်ကူးကြည့်ရုံမျှနှင့်ပင် စိတ်ကမခိုင်။ ရင်ကမနိုင်တော့။
“ ကိုထွေးမြန်မြန်ပြန်လာမှပဲ ၊ နို့မဟုတ်ရင်တော့ ညိုညိုတို့ နားကွဲမလား ထင်ရတယ်ရှင့် ၊ ဘယ်သူနေပါ့မလဲ ၊ အမွန်ပေါ့ ”
‘ ညိုရယ် ကိုထွေးချင်းတောင်ကို သွားတာ တစ်လခွဲကြာမှာသိသားပဲ ၊ ဘယ်နေ့ပြန်လာမယ်ဆိုတာကို ဧကန်သိလျက်နဲ့ ခဏလောက်မတွေ့ကြတာတောင် အမွန်ဒီလို ခံစားရရင် အမွန်ဟိုကိုသွားတဲ့အခါ ကိုထွေးဘယ်လို ဖြစ်ကျန်နေခဲ့မလဲ မတွေးရံပါဘူး ’ တဲ့ ၊နောက်ပြီးပြောသေးတယ်။
‘ အမွန်ကသာ ကိုထွေးကို သံယောဇဉ်ကြီးနေတာ ၊ ကိုထွေးက အမွန့်လောက် သံယောဇဉ်ကြီးပါ့မလား’ တဲ့ ။ဒီစကားကို ညိုရော ကိုကြည်လွင်ရောပါ ပြန်ဖြေလိုက်ကြပါတယ် ။ကိုထွေးသိနိုင်ပါတယ်။
နှလုံးတွင် အောင့်၍သွားရသည်။
ညိုညိုတို့ အဖြေပေးသည့် စကားကို တွက်ဆမိပါသည်။အမွန့် ထိုသံသယအတွက် ကိုယ်တိုင်ဖြေရန် လိုသည်ထင်၏။ထိုအဖြေတွင် မကြေငြာသင့်တော့သော ကြေညာချက်ထွက်မသွားရန် ဆင်ခြင်ရမည်ဟု တွေးထားသည်။ထိုစာကို ကလေးမြို့မှ ပြန်ရောက်တော့မှ ရေးမည်ဟု ဆုံဖြတ်လိုက်သည်။လောလောဆည်တော့ တစ်ပတ်တစ်စောင် စာရေးပါဟု အမွန်မှာလိုက်သည့်အတိုင်း သာမန်စာကိုသာ ရေးလိုက်သည်။
ထိုစာထဲတွင် လုပ်ငန်းခွင်အကြောင်း ၊ ပါးရဲအလှပျိုဖြူများအကြောင်း ၊ ရှေ့အပတ်ထဲတွင် တီးတိန်သို့ တက်မည့်အကြောင်း စသည်တို့။
ထို့အပြင် လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့သည် အမွန့်မွေးနေ့ဖြစ်ကြောင်း ၊ထိုနေ့အမီ ပြန်ရောက်နိုင်မည်ဖြစ်ကြောင်းများ ရေးခဲ့သည်။အမွန့်ပြန်စာကို တီးတိန်ရောက်ပြီး ငါးရက်ကြာမှ ရသည်။လိပ်စာကို တည်းမည့်နေရာသို့ တင်ကြိုပေးထားခြင်းကြောင့် စာရောက်မြဲရောက်လာသည်။အတူပါလာသူ ဆရာတစ်ဦးက ပြုံးလေသည်။
‘ ကို ရေးတဲ့စာတွေက လေးငါးရွက်တည်း တိုနံ့နံ့နဲ့ ။ အမွန်ဖတ်ရတာ အားမရလိုက်တာ။အလုပ်ကိုလည်း လုပ်နော် ၊ပါးရဲလှလှလေးတွေချည်းလျှောက်ကြည့်မနေနှဲှု့ဦး ၊ကိုပြန်လာရင် သစ်ခွပန်းမျိုးစုံ မြင်ဖူးတော့မှာ ။
ကိုတတိယစာထဲမှာ ရေးလိုက်တဲ့ အမွန့်ကို အမြဲသတိရဖြစ်နေအောင် အမွန်သဘောအကျဆုံး ပန်းမျိုးဖြစ်တဲ့ သစ်ခွကိုမှ ကျွန်တော်ရွေးပြီး သုတေသနလုပ်ဖို့ ကွင်းဆင်းတာဆိုတာ အမှန်စကားလို့ အမွန်ယုံကြည်ပါတယ်။
ဒါထက် ကိုရေ ချင်းတောင်မှာရော ဖိုးလမင်းကြိီးသာနေသလားကွယ် ၊ ရှေ့နောက်ဝဲယာ သွားလေရာမှာ ဖိုးလမင်းကြီးက လိုက်ပါနေမြဲပဲတဲ့လားကိုရယ် ၊ အဲ့ဒီ ဖိုးလမင်းကြီးမှာ ဆုတ်ရက်လည်းမရှိဘူး ၊ကွယ်တဲ့ရက်လည်းမရှိဘူး ထင်ရဲ့ ဟုတ် မဟုတ် အမွန့်ကိုဖြေ ’
ဆိုလိုချက်ကို သူသိသည်။ကလေးမြို့မှ မထွက်မီ တစ်ပတ်အလိုတွင် အမွန့်ထံ စာရေးလိုက်သည်။ပြန်လာပြီ ဖြစ်ကြောင်း ၊ထို့ကြောင့် ပြန်စာမရေးရန် ၊ ရထားဖြင့် ပြန်မည်ဖြစ်၍ ရန်ကုန်ဘူတာကြီးသို့ မည်သည့်ရက်တွင် ရောက်မည်ဖြစ်ကြောင်း ၊ အပြန်တွင် မန္တလေးတက္ကသိုလ် ဝင်စရာရှိကြောင်း စသည်စသည် ရေးပြီးမှ့ 
‘ အမွန်ဖြေခိုင်းတဲ့ အဖြေကို ကျွန်တော်ဖြေမယ် ၊ ချင်းတောင်မှာရော လမ်းတစ်လျှောက်မှာရော ဆုတ်ကွယ်ရက်ကင်းတဲ့ ဖိုးလမင်းကြီးက အမြဲသာနေလျက်ပါ ၊ကျွန်တော့်မှာ ထွက်သက် ဝင်သက် ရပ်မသွားသရွေ့ အဲ့ဒီ ဖိုးလမင်းကြီးကို အစဉ်ပဲ မြင်နေရမှာပါ အမွန်၊ အမှန်မို့ ယုံကြည်ပါအမွန် ‘
ချင်းတောင်၏ ဆောင်းရက်များက ပူပြင်းလှချေသည်။
***********

( ၆ )

အမွန့်ရင်ခွင်ထဲတွင် သမီးလေးသည် နှစ်နှစ်ခြိုက်ချြိက် အိပ်မောကျနေသည်။
“ အမွန့်တူမက ဆယ်ရက်သမီးမို့ပဲ ၊ ဆယ်လသမီးဆိုရင် ဘယ်လောက်အစားကြီးမလဲမသိဘူး ၊ နို့သိပ်စို့တာ ”
ညိုညိုကိုပြုံး၍ ကြည့်နေသည်။အသားညို ပိန်ရှည်ရှည် ညိုညိုသည် အသားဝါပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာသည်။ရွှင်ရွှင်လန်းလန်းအမူအရာ ပီတိမျက်နှာနှင့် ။စိတ်ချမ်းသာစွာနှင့် ။
“ အမွန်ကတော့ တူ တူမတွေကို ချီရင်း အပျိုကြီး လုပ်နေတော့မယ်လေ ”
“ ဆိုပါတော့ ”
ညိုညိုကရယ်နေသည်။
အပ်ချုပ်စက်ပေါ်တွင် စုပုံတင်ထားသော အနှီးတွေကိုယူပြီး ပုခက်နှင့် အနီးဆုံးကုလားထိုင်တွင် ထိုင်သည်။အမွန်က သူနှင့်မျက်နှာချင်းဆိုင် ထိုင်သည်။
“ ညို ကြားဖူးတယ် တစ်သက်လုံး တစ်ယောက်တည်း နေသွားကြတဲ့သူတွေဟာ သူတစ်ပါးထက် ကိုယ့်ကိုယ်ကို ပိုချစ်ကြလို့တဲ့ ”
အမွန့်နုတ်ခမ်းတစ်ဖက်တွင် ပြုံးစိစိဖြစ်နေသည်။ညိုညိုပေါင်ပေါ်မှ အနှီးသုံးလေးထည်ကိုယူ၍ ကူခေါက်ပေးသည်.။ ညိုညိုသည် အမွန်ဖြေမည့်စကားကို စောင့်နေသည်။အမွန်မဖြေသေးတော့ 
“ ဘယ့်နှယ်လဲ အမွန်ကော ဒီလိုပဲလား ”
သည်တော့ ခေါင်းခါသည်။
“ သူတစ်ပါး စိတ်ဆင်းရဲမှာကို ငဲ့ကွက်ပြီး တစ်ယောက်တည်း နေသွားရတဲ့သူတွေ ရှိပါလိမ့်ဦးမယ် အညိုရယ် ”
ညိုညိုသည် ဆက်ပြောမည့် စကားကို နားစွင့်လျက့့် 
“ ပြီးတော့ ချစ်သူ မရှိကြရှာလို့ ဖြစ်ချင်ဖြစ်ကြမှာပေါ့ အညိုရဲ့ ”
“ ဒီလိုဆို မွန့်မှာကော ချစ်သူမရှိသေးလို့ဘဲပေါ့ ဟုတ်လား ”
နှစ်ယောက်သားပြိုင်တူရယ်မောကြသည်။ အမွန်က ရယ်သံနှော၍ ဆိုသည်။
“ အို ညိုမသိဘူးလား အမွန့်မှာ ချစ်သူရှိတာပေါ့ ”
ညိုညိုသည် အရယ်ရပ်လိုက်ပြီး တအံ့တသြကြည့်သည်။ပုခက်ကြိုးကို ဖြည်းဖြည်းဆွဲသည်။
“ တကယ် ”
“ တကယ်ပေါ့ ညိုရဲ့ ”
ညိုညိုသည် အမွန်လှမ်ပေးသော ခေါက်ပြီးသား အနှီးတွေကို ယူလိုက်ရင်းမေးသည်။
“ ဘယ်တော့ လက်ထက်ကြမလဲ ”
“ မသိဘူး ”
“ ဟင် ဒါဖြင့် မရေမရာကြီးပေါ့ ”
“ ဘယ်ဟုတ်မလဲ ညိုရဲ့ သိပ်ရေရာ သိပ်သေချာတာပေါ့ ”
“ ဘာလဲ လူကြီးတွေ သဘောမတူလို့လား ”
အမွန်ခေါင်းခါသည်။ နူတ်ခမ်းကို တွန့်ပစ်သည်။
“ မဆိုင်ပါဘူး တူတူမတူတူ ချစ်သူက ချစ်သူပေါ့ ၊ ဒါပေမယ့် လူကြီးတွေ မသိကြသေးဘူး ”
“ ဖွင့်ပြောလိုက်ပါလား ”
အမွန်ခေါင်းခါသည်။
“ ဘာလဲ သူ့ဘက်က ဆင်းရဲလို့လား ”
“ သူ့ဘက်က ဆင်းရဲတာ မဟုတ်ဘူး သူဆင်းရဲနေတာ ”
“ သူ့မိဘတွေက စွန့်ပစ်ထားလို့လား ”
အမွန်ခေါင်းခါပြန်သည်။ ညိုညိုသည် နားမလည်စွာ ငေးကြည့်သည်။
“ မဟုတ်ပါဘူး အမွန့်ကို သူချစ်မိတဲ့နေ့ကစပြီး သူစိတ်ဆင်းရဲနေတာကို အမွန်ပြောတာ ”
ညိုညို မျက်နှာထားပြောင်းသွားသည်။
အမွန့်ဆိုလိုချက်ကို နားလည်လိုက်သည်။အမွန့်ရင်ထဲတွင် အနာတရဖြစ်နေပုံကို စာနာသိ သိလိုက်သည်။ကိုထွေးမျက်နှာကို ရိပ်ခနဲမြင်လိုက်သည်။ရင်ထဲတွင် ဆို့နစ်နစ်ကြီး ခံစားလိုက်ရ၍ စကားစပြတ်သွားသည်။နှစ်ယောက်စလုံး ငိုင်တွေတွေ ဖြစ်သွားသည်။
ခဏကြာတော့ အမွန်ကိုကြည့်မိသည်။မချိတင်ကဲ မျက်လုံးဟု နားလည်သည်။
“ သူငယ်ချင်းရယ် မင်းဘဝကို အမွန်အားကျလိုက်တာကွယ် ”

**********
“အညှာကိုပါစားနော် ”
ခရမ်းသီးနှပ်ကို ကိုထွေး၏ပန်းကန်ထဲသို့ ခပ်ထည့်ရင်း အမွန်ကပြောသည်။ကိုကြည်လွင်နှင့် ညိုညိုတို့နှစ်ယောက်က ပြုံးသည်။ကိုထွေးကို နားမလည်၍ ပြုံးလိုက်သည်။
“ အညှာက အမျှင်တွေနဲ့ပဲဟာ စားလို့ဘယ်ကောင်းပါ့မလဲ ”
အညိုက ထမင်းလုပ်ကို တစ်ချက်နှစ်ချက်သာ ဝါးပြီးမျိုချလိုက်သည်။
“ အညှာကို စားရင် လူပြုစားတာ မခံရဘူးတဲ့ ၊ ကောင်းကောင်းစားရတယ်ကိုရဲ့ ”
ကိုကြည်လွင်သည် ထမင်းစားရင်း တဟင်းဟင်းရယ်သည်။ညိုညိုသည် ကိုထွေးကို ပြုံးစိစိနှင့်ကြည့်သည်။ကတ်သီးကတ်သပ်ပြောတက်သော အမွန့်စကားကြောင့် ကိုထွေးမှာ နားရှုပ်သွားသည်။
“ ကျွန်တော့်မှာ မုန်းတဲ့သူမှ မရှိတာ ၊ ဘယ်သူက ပြုစားမလဲ အမွန်ရဲ့ ၊ ပြီးတော့ ပြုစားတယ် ဘာတယ်ဆိုတာ အမွန်ယုံတယ်ပေါ့လေ ”
သည်တော့ ရယ်ကျဲကျဲနှင့်ကြည့်ကာ အမွန်ဖြေသည်။
“ အစကတော့ အမွန်မယုံပါဘူး ၊ ခုတော့ ယုံချင်တယ် ၊ ပြုစားတယ်ဆိုတာကလည်း မုန်းတာမှမဟုတ်ဘဲ ချစ်ရင်လည်းပြုစားတက်တယ်တဲ့ ၊ နောက်ပြီးကို့ပတ်ဝန်းကျင်မှာက လှတဲ့စုန်း ချောတဲ့စုန်း ၊ ခရာတဲ့စုန်းမကလေးတွေ အများကြီး ၊ ကို့ကို ပြုစားသွားမှာ စိုးရတယ်ရှင့် ”
ညိုညိုသည် သဘောပေါက်သွားသောကြောင့် သီးလုမတက် ရယ်လိုက်သည်။ကိုကြည်လွင်သည် ပလုတ်ပလောင်းနှင့် ရယ်နေသည်။ကိုထွေးက ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။အမွန့်မျက်လုံးကိုကြည့်ရင်း ရောနှောရယ်မောနေမိသည်။ရွှင်ပျသော အမွန့်မျက်နှာကိုမြင်တော့ ချမ်းမြေ့လှသည်။ကြည်နူးပြုံးတွေက ဇွန်းသံပန်းကန်သံတွေကြားထဲ ပျံဝဲနေသည်။


“ ကို အရင်ဆင်း ”
အဓိပ္ပာယ်ကို အပြည့်အဝနားလည်တော့ ငြင်းရသည်။
“ ဟင်းအင်း အမွန် အရင်ဆင်းပါ ”
အမွန်ကလည်း သူ့နည်းတူ ။
“ ရှေ့အရင်ရောက်နေတဲ့သူက အမွန်ပဲဥစ္စာ ၊ အမွန်အရင်ဆင်းပေါ့ ”
ညိုညိုသည် သူတို့နှစ်ယောက်တွယ်ကပ်နေပုံကို သဘောကျ၍ ပြုံးကြည့်နေသည်။ကိုကြည်လွင်သည် ရွှတ်နောက်နောက်စကားကိုဆိုသည်။
“ ခု ရန်မဖြစ်နဲ့ဦးလေ ”
အမွန့်မျက်စောင်းကို ဖျက်ခနဲတွေ့လိုက်ရသည်။
“ ကိုကြည်လွင်နော် ၊ဘာတွေ လျှောက်ပြောနေတာလဲ ၊ ညိုညို့လူကို မဆုံးမဘူးလား ”
ညိုညိုက ပါးစပ်ကို လက်ဝါးဖြင့်ကာ၍ တခစ်ခစ်ရယ်ရင့်း့ 
“ ညို့လူကိုတော့ ညိုကဆုံးမမှာပါကွာ ” ဟု ပြောသည်။ထိုစကားကြောင့် အမွန်နူတ်ခမ်းစုပစ်လိုက်သည်။ကိုထွေးမျက်နှာက ရှက်အမ်းအမ်းဖြစ်နေသည်။
ထို့ကြောင့် ယောင်ယမ်းပြီး လှေကားပေါ်မှ ဆင်းလိုက်သည်။သူ့နောက်တွင် အမွန်ဆင်းလိုက်သည်။ခြံဝရောက်သည်အထိ ညိုညိုတို့ ဇနီးမောင်နှံ၏ ရယ်သံကိုကြားနေရသည်။မြေနီလမ်းတစ်လျှောက်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမဆိုမိကြ။ ပြည်လမ်းသို့ရောက်မှ ကိုထွေးက စကားစပြောသည်။
“ သုံးဘီးကား စောင့်စီးကြတာပေါ့ ၊ ဟီးနိုးကားတွေက သိပ်ကျပ်တယ်၊ တနင်္ဂနွေဆိုပေမယ့်လည်း ခါတိုင်းနေ့တွေလိုပဲ အမွန်တက်နိုင်မှာ မဟုတ်ဘူး ”
ရှက်ပြုံးမျက်နှာ မပြေနိုင်သေးဟန်တူ၏။ခေါင်းကို ခပ်ငုံ့ငုံ့ထားပြီး ခါသည်။
“ လမ်းလျှောက်သွားကြရအောင် ”
“ ဝေးတော့ အမွန်လျှောက်နိုင်ပါ့မလားလို့ပါ ”
“ ခြောက်မိုင်နဲ့ စံရိပ်ငြိမ် ဘာဝေးတာမှတ်လို့ ”
သူခေါင်းညိတ်လိုက်သည်။အမွန့်စကားကို ပယ်လေ့မရှိသောကြောင့် အမွန်က မပွင့်တပွင့် ပြုံးပြသည်။လက်ဝဲဘက် လက်တစ်ကမ်းအကွာမှ သူနှင့်ယှဉ်လျှောက်လာသော အမွန်ကို အင်းလျားကန်ပေါင်ဘက်သို့ အရောက်တွင် လှည့်ကြည့်သည်။
အင်္ကျီ င်္လက်ပျက်နှင့် ဒီအကျီ င်္ကို ဝတ်တောင့်ဝတ်ခဲ ၊ ထဘီအပြာနု ၊ တစ်ထွာကျော်ကျော် ဆံမြိတ်စ ၊ ဆံထုံးအရင်းတွင် ဖယောင်းပန်း တစ်ပွင့်။
လှည့်ကြည့်နေမှန်း အမွန်သိပုံရသည်။
သူ့ကို မော့ကြည့်သည် ။ အမွန့်ပါးမို့မို့နှစ်ဘက်တွင် သနပ်ခါးပါးကွက်ပါးပါးကို မြင်ရသည်။အမွန်ပြုံးလေသည်။
“ ထမင်းစားလို့ မြိန်တယ်နော် ”
ခေါင်းညိတ်၍ ဖြေလိုက်သည်။
“ အမွန်ဟင်းချက်ကောင်းလို့ပါ ”
“ မြှောက် မြှောက် စံရိပ်ငြိမ် ထိပ်ကျရင် အမွန် လက်ဖက်ရည်တိုက်ပါ့မယ် ”
အမွန်သည် တဟင်းဟင်း ရယ်၍ လိုက်ပါလာသည်။
တံတားဖြူသို့ ရောက်ခါနီးတွင့့် 
“ ကို ဒီနေ့ တော်တော် ပျော်နေတယ်ထင်တယ် ” ဟု ဆိုသည်။
“ ဘာဖြစ်လို့လဲ ” ဟု မေးသောအခါ “ တစ်နေ့လုံး ရယ်စရာတွေ ပြောနေလို့ ” ဟု အမွန်ဖြေသည်။ဤတွင့့် 
“ ဒီနေ့ တစ်နေ့တည်း မဟုတ်ပါဘူး အမွန်ရာ ၊ ပျော်နေတာ သုံးလေးနှစ်လောက်ရှိပြီ ၊ သိပ်မပျော်တော့တာတော့ တစ်နှစ်ကျော်လောက် ရှိသွားပြီ ” ဟု စကားမှားသွားသည်။အမွန်သတိပြုမိပုံရသည်။မျက်နှာညိုးသွားသည်။
“ အလုပ်တွေ ပိလွန်းလို့ မပျော်နိုင်တာပါ ” ဟု ဖာထေးမိလိုက်သော်လည်း အမွန့်မျက်နှာက စောစောကလို မလန်းလာတော့ ။

နှစ်ဦးကြားတွင် အသံတိတ်သွားသည်။ စီးပွားရေး တက္ကသိုလ် အဆောက်အုံလေးသို့ ရောက်ခါမှ အမွန်စကားစသည်။
“ ရှေ့လဆယ့်တစ်ရက်ဆိုရင် ကို့ မွေးနေ့ရောက်ပြီနော် ”
သင်္ကြန်အကြိုမတိုင်မီ တစ်ရက်သည် သူ့မွေးနေ့ ။
“အသက်တစ်နှစ်ကြီးတာဟာ သေမင်းဆီ သဝဏ်လွှာတစ်စောင်ပို့ရသလိုပဲ ”
“ ကိုရယ် သေစကားမပြောပါနဲ့ ”
ပျာပျာသလဲ တားမြစ်သည်။ထို့ကြောင့် စိတ်ဖြေစကားဆိုရသည်။
“ နောက် အနှစ်လေးငါးဆယ်ကြာရင် ရှောင်မရမယ့် တရားတွေကို ပြောတာပါ ”
အမွန်မျက်မှောင် ကြုတ်လိုက်သည်။
“ ဝမ်းနည်းစရာ အနာဂတ်မှန်သမျှကို မေ့မေ့ပျောက်ပျောက်နဲ့ နေနေရတာ ကောင်းမယ်ထင်တယ် ကိုရယ် ”
နွေဆည်းဆာ၏ လေပြေတွင် အသည်းကို မွှန်းတက်သော သင်တုန်းဓားတွေ ဆင်ထားသည် ထင်ရလေ၏။

********

( ၇ )

မိုးစွေတောင်ကုန်း၏ အရှေ့ဘက်ကမ်းပါးစွန်းတွင် ထိုင်လိုက်တော့မှ အသက်ရှု၍ပိုကောင်းလာသည်။သစ်ဝါးရနံ့တွေရသည်။အမြင့်ဆုံးသို့တက်လာသောအခါ မြက်ခင်းပြင်ကို တွေ့ရသည်။လေပြေက တဝေ့ဝေ့။
မျက်လုံးရှေ့တွင်တားဆီးထားသော အရာမရှိ။အပေါ်မှ ဆီး၍မြင်ရသောအမြင် အရှေ့တွင် တောင်ပူစာနှစ်လုံး ၊ချိုင့်ဝှမ်းတစ်ခု ၊ တဲအိမ်သုံးလေးလုံး ၊ ဥယျာဉ်စိုက်ခင်းတွေ။
ထိုရှေ့တွင် ပြည်လမ်း ထိုရှေ့တွင် လယ်ကွင်း ၊ ထိုရှေ့တွင် ကုန်းမြင့် ၊ ကုန်းမြင့် မျက်နှာပြင်သည် မင်္ဂလာဒုံလေယာဉ်ပြေးလမ်း။ထိုရှေ့တွင် အပြာရောင်ကောင်းကင်ပြင်ကျယ်။
“ ဒီနေရာလေးဟာ တော်တော်အေးချမ်းတဲ့ နေရာလေးနော် ”
အမွန်သည် နဖူးပြင်မှ ဆံစမျှင်ကို ဖယ်လိုက်ရင်းပြောသည်။
“ မြို့ရဲ့အမြင့်ဆုံးနေရာပေါ့ အဘက်ဘက်ကိုမြင်နေရတယ် ”
“ ကိုတို့နေတဲ့အပိုင်းနဲ့ အနောက်ဘက်ပိုင်းက တစ်မျိုးစီနော် ”
“ အရှေ့ဘက်က မြေည်ီတယ် ဒီဘက်က ကုန်းမြင့်တွေချည်းပဲ ၊ ကုန်းမြင့်ဆယ့်နှစ်ခုနဲ့ ဒီမြို့ကိုတည်တာလို့ လူကြီးတွေက ပြောတာကြားဖူးတယ် ”
သူ့ကိုငဲ့စောင်းကြည့်သည်။
နေခြည်သည် အမွန့်ညာဘက်ပါးပြင်ပေါ်သို့ ကျလာသည်။
“ ရုက္ခဗေဒသမားက မြို့သမိုင်းကို ပြောပြတော့မယ် ”
ကြည်နူးဖွယ် အခနဲ့စကားကြောင့် ပြုံး၍ခေါင်းညိတ်ပြလိုက်သည်။
“ ဒါပေမယ့် မြို့သမိုင်းက လွမ်းစရာကြီးပါ အမွန်ရယ် ”
မျက်လုံးအဝိုင်းသားနှင့် အံ့သြသွားပုံရသည်။
“ ပြောပြပါလားဟင် သိရအောင်လို့ ”
နားစွင့်နေသော အမွန်ကို လှည့်ကြည့်သည်။တည်ကြည်သော အမွန့်မျက်နှာတွင် သိလိုစိတ် အရိပ်အရောင်တွေ မြင်ရသည်။ထို့ကြောင့် ဆေးပေါ့လိပ်ကို တစ်ဖွာနှစ်ဖွာသာ သောက်လိုက်သည်။
“ မြို့သမိုင်းကို မပြောခင် နေရာတွေကို ပြောပြမှ အမွန်နားရှင်းမှာ ၊ လှိုင်မြစ်အနောက်ဘက်က မွန်မြို့ဟောင်းပေါ့ ၊ အစကဒီလို ၊ သထုံဘုရင်ရဲ့ သမီးတော် တစ်ပါးရှိတယ်တဲ့။မွန်မင်းသမီးတစ်ပါးဆိုပါတော့ ။
တစ်နေ့မှာ ဘိုးတော်ဘွားတော် စံမြန်းတဲ့ ဘောလယ်မြို့ဟောင်းကို အကန်တော့ သွားတယ်တဲ့ ၊ သုံးလေးလကြာတော့ သထုံနေပြည်တော်ကို ပြန်တယ်တဲ့၊ အပြန်မှာ သထုံကလာတဲ့ အထောက်တော်တွေနဲ့ ဒီမြို့မှာ ဆုံမိကြတယ် ၊ အကြောင်းက သထုံကို ဂျွမ်းသပုန်တွေ တိုက်နေလို့တဲ့ ၊ ဒီတော့ မင်းသမီးလေးအဖို့ သထုံကို ဆက်သွားဖို့ ခက်သွားတာပေါ့ ၊ ဒါနဲ့ လှိုင်မြစ်အရှေ့ဒီနေရာမှာ တစ်ထောက်နားရတာပေါ့ ၊ အဲ့ဒီတုန်းက မြို့နယ်ငယ် ၊ မြို့သိမ်လေးတစ်ခုတဲ့ ၊ တောင်ကုန်းတွေ မရှိဘူးတဲ့ ၊ စည်မျက်နှာပြင်လို မြေညီသတဲ့”
ဒူးနှစ်ဖက်ကို လက်ချိတ်၍တုပ်ထိုင်ကာ ထိုင်လိုက်ရင်း အမွန်ခေါင်းညိတ်သည်။
ဘောလယ်ကို ဂျွမ်းစစ်သည်တွေ ဝိုင်းထားသတဲ့ ၊ ဒီမြို့ရဲ့မြို့စားမင်းသားလေးက ဂျွမ်းစစ်သည်တွေ မထိုးဖောက်နိုင်အောင်လို့ မြို့ကိုကာကွယ်ရတယ် ၊ သထုံက ခမည်းတော် မယ်တော်တို့အတွက် ပူပင်သောကရောက်ပြီး နာမကျန်းဖြစ်လာတဲ့ မွန်မင်းသမီးလေးကိုလည်း ပြုစုနေရတာပေါ့ ၊ ဆယ့်နှစ်နှစ်ကြာပြီး မွန်မင်းသမီးလေးက သထုံကို ဆက်သွားဖို့စီစဉ်တယ် ၊ အဲ့ဒီအချိန် မွန်မင်းသမီးလေးနဲ့ မြို့စားလေးတို့ဟာ ဖွင့်ဟလို့သာ တစ်ယောက်ကိုတစ်ယောက် မကြေညာတာ ချစ်မြတ်နိုးမှုခြင်း ၊ အကြင်နာခြင်း ၊ မေတ္တာခြင်း ထပ်တူထပ်မျှ ဖြစ်ခဲ့ကြပြီတဲ့ ၊ ဒါနဲ့ ”
“ အင်း ဒါနဲ့ ဆက်ပါဦး ကို ”
“ မင်းသမီးလေး ရောက်လာတယ် ဆိုရင်ပဲ ခမည်းတော်က ဝမ်းသာလွန်းလို့ ထူထူထောင်ထောင် ဖြစ်လာတယ် ၊ သိပ်ချစ်တဲ့ သားအဖကိုး ၊ မင်းသားတစ်ပါးနဲ့ စုလျားထိမ်းမြားဖို့ စီစဉ်တယ် ၊ မင်းသမီးလေးက ခမည်းတော်ကို စိတ်ချမ်းသာရေးအတွက် ခေါင်းညိတ်လိုက်တယ် ။
ဒီသတင်းကို မြို့စားလေးကြားသတဲ့ ၊ဆယ့်နှစ်နှစ်ကာလအတွင်း ယာယီတဲနန်း ဆယ့်နှစ်နေရာ ဆောက်လုပ်ပေးခဲ့တဲ့ နေရာတွေကို အလွမ်းပြေသွားပြီး ကြည့်လေ့ရှိသတဲ့ ၊ မင်းသမီးလေးရဲ့ လက်ထက်ပွဲသဘင် ကျင်းပတဲ့နေ့မှာ အဲ့ဒီ ဆယ့်နှစ်နေရာကို ကြည့်ပြီး သစ္စာဆိုတယ်တဲ့ ။
သူ့ကိုယ်ထက် ၊ သူ့အသက်ထက် မင်းသမီးလေးကို ချစ်မြတ်နိုးပါတယ်တဲ့ ၊ ဒီသစ္စာမှန်ပါရင် အဲ့ဒီ ဆယ့်နှစ်နေရာကို မမှတ်မိအောင် လျှိုမြောင်တောင်ကုန်းတွေ ဖြစ်ပါစေသတဲ့ ၊ ဒါနဲ့ ဒီမြို့ဟာ အဲ့ဒီ ကုန်းမြင့် ဆယ့်နှစ်ခု ဖြစ်လာတာတဲ့ ၊ ကြားဖူးတာလေ ”
အမွန်သည် အဝေးသို့ ငေး၍ နားထောင်နေသည်။
“ မင်းသမီးလေးနဲ့ မြို့စားလေးကော ထက်တွေ့သေးသတဲ့လား ”
သူခေါင်းခါဖြေသည်။
“ မတွေ့နိုင်ကြတော့ဘူးလေ ၊ ဘာပြုလို့ဆို မင်းသမီးလေး လက်ထပ်ပွဲ ကျင်းပတဲ့ နေ့မှာ မြို့စားလေး ရင်ကွဲနာကျပြီး သေသွားတယ်တဲ့ ”
သို့သော် မြို့သမိုင်းထဲက အကြောင်းအရာ အချို့သည် မိုးစွေတောင်ကုန်းပေါ်သို့ တွယ်တက်လာသည်ဟု တွေးလောက်ဖွယ်တည့်။
နုတ်ခမ်းအဝသို့ စကားသံတွေ ထွက်မလာဖြစ်ကြ ။

************

လှိုင်မြစ်ရေးရေးကို အနောက်ဘက်တွင် မြင်နေရသည်။သစ်ရွက်စိမ်းလွင်ပြင်ကြီးကို အနုအရင့် ကွဲ၍ တွေ့နေရသည်။ နေခြည်သည် သစ်ရွက်တွေပေါ်မှ ရှပ်၍ ပြေးနေသည်။အမွန့်မျက်နှာသည် ပျောင်းနွဲ့သော နေရောင်နှင့် မျက်နိုးဖွယ် မျက်နှာလှလှ ၊ မင်္ဂလာရှိစွာသော မိန်းမချော မျက်နှာ ၊ မျက်ခြည်ပြတ်မခံနိုင်အောင် မြင်စမ်းချင်စွသော မိန်းမမြတ်မျက်နှာ ။
လမ်းအကွေ့သို့ ရောက်လာသည်။
လမ်းအနိမ့်ပိုင်းဖြစ်၍ နေရောင်သည် အမွန့်ကိုယ်ပေါ်မှ လွဲထွက်သွားသည်။ ပြန်လည်မြင့်တက်လာသော တစ်ဖက်ကွေ့သို့ ရောက်သော် နေရောင်ခြည်သည် အမွန့်ဆံစအပေါ်မှအစ တဖြည်းဖြည်း အောက်သို့ကျလာသည်။လမ်းအလယ်သို့ ရောက်လာချိန်တွင် အမွန်သည် တစ်စုံတစ်ရာကို သတိရဟန်ဖြင့်ပြောသည်။
“ ကို ဒီလ ရှု့မဝ ဖတ်ပြီးပလား ”
“ အင်း ဘာဖြစ်လို့လဲ ”
“ ကြည်အေးကဗျာ ဖတ်လိုက်တယ်မဟုတ်လား ”
ခေါင်းသာ ညိတ်ပြလိုက်ရသည်။ ဝိုးတဝါးဖြစ်နေသည်။မျက်မှောင်ကြုတ်ထားပြီး စဉ်းစားသည်။ဖြေလိုက်စဉ်က ဖယ်လိုက်ရသော ဆေးလိပ်ကို ပြန်ပြီးခဲထားသည်။
“ သိမြင်ခြင်းဆိုတဲ့ ကဗျာလေ ၊ အမွန်သိပ်ကြိုက်တာပဲရှင့် ၊ အစက ‘ မောလိုက်တာကွယ် ’ ဆိုတာက စတယ်၊ ပြီးတော့ ဆင်းရဲဝေဒနာကင်းတဲ့ အအိပ်မျိုးနဲ့ အိပ်ချင်တယ်တဲ့ ၊ဒုတိယပိုင်းမှာကျတော့ အဲ့ဒီလို အိပ်တဲ့အခါမှာလည်း မောင်က အပြစ်ပြောမလား ၊ ခွင့်လွှတ်မလားဆိုတဲ့ သောကတွေနဲ့ အိပ်မက်မမက်ချင်ပါဘူးတဲ့ ”
အမွန့်အသံတွင် မသိမသာ လှုပ်ခါနေသည် ထင်ရ၏။မျက်နှာနေ မျက်နှာထားကတော့ စိုးစဉ်းမျှတော့ ပြောင်းနေသည်။မြေညီလမ်းပေါ်ရောက်ပြီး သုံးလေးလှမ်း လှမ်းလာတော့မှ့ 
“ နောက်ဆုံးအပိုဒ်ဟာ စိတ်အထိခိုက်ဆုံးပဲ ၊ အဲ့သလို အိပ်ခြင်းမျိုးတွေနဲ့ အိပ်ပြီးလို့နိုးလာတဲ့အခါကျရင် ဖြူဖွေးတဲ့ ပွင့်ဖတ်လေးတွေနဲ့ ပွင့်တဲ့ စံပယ်ပွင့်သစ်လို ဖြစ်ချင်ပါတယ်တဲ့ ၊ အဆုံးအပိုဒ်ကို အမွန်အလွတ်ရနေပြီ ၊ ကိုနားထောင်မလား ”
ကြည်နူးစွာ ခေါင်းညိတ်ပြလိုက်သည်။
“ ငြိတွယ့့် အို အစပိုဒ်က စပြီးနားထောင်တာကောင်းပါတယ် ၊ဒီလို ကို့ 
နိုးပြေသောအခါ ၊ ဖြူလွှာပွင့်လှစ်
သစ်စပယ်သို့ ၊ ငြိတွယ်ပန်းလျ
ဘဝတစ်ရာ ၊ အခါများစွာ
သေဆုံးပါလည်း ၊ မြေမှာမပစ်
မွေးဖွားသစ်ခဲ့ ၊ ချစ်သက်ပါလှည့် ကြင်နာလှည့်ကွယ်
မောင့်ရဲ့သစ္စာ ၊မြင်ခဲ့ပါပြီ့ 
တဲ့ ထိခိုက်စရာပဲနော် ကို ”
အမွန်မျက်မှောင်ကြုတ်၍ နူတ်ခမ်းစေ့လိုက်သည်။
“ ဘဝတစ်ရာ ၊ အခါများစွာ ၊ သေဆုံးပါလည်း ၊ မြေမှာမပစ်တဲ့ ၊ မြေမှာမပစ်ဆိုတဲ့စကားလုံးက ကျွန်တော့်ရင်ကို စူးဝင်လာတယ် အမွန်ရယ် ”
သူ့စကားကြောင့် အမွန်လှည့်ကြည့်သည်။
နေခြည်မကွယ်သေးသော်လည်း အမွန့်မျက်နှာတွင် မှိုင်းညိုရောင်ဆိုင်းနေသည်။တစ်ယောက်ကို တစ်ယောက် ပြုံးကြည့်ဖို့ အားယူကြသော်လည်း မပီသ။ထို့ကြောင့် မျက်နှာချင်းလွှဲလျက်ပြီး လမ်းအတိုင်းမျက်နှာမှုလိုက်သည်။ကိုထွေးတို့နေထိုင်ရာ အိမ်ခေါင်တွင် နေရောင်ခြည်၏ နူတ်ဆက်အတို့အထိကို လှစ်ခနဲတွေ့လိုက်ရသည်။အပြာရောင်ကောင်းကင်သည် အဆုံးမရှိသော ခရီး၏ လမ်းပြတစ်ဦးပေတကား ။
*******

( ၈ )

အနောက်ဘက်ဝရန်တာရှိ ယင်းကြိုးလိပ်ကို ဖြေချလိုက်ပြီး ဆေးတံကို ပါးစပ်မှ ချွတ်သည်။စားပွဲတွင် တင်ပါးလွှဲမှီကာ ကိုထွေးကိုကြည့်သည်။စောစောက စကားကို ကိုလတ်ဆက်တော့မည်ဟုသိလိုက်၍ ‘ ကိရတိကားနှင့် ဗဟု၏ အိန္ဒိယပရဆေးပင်များ ’ စာအုပ်ကို လက်ထဲမှ ချလိုက်သည်။
အေးအေးက ကျောင်းခေါ်ချိန်စာရင်းစာအုပ်နှင့် အလုပ်များနေရာမှ ကိုလတ်ဘက်သို့တစ်ချက်ငဲ့ကြည့်၏ ။ ကိုထွေးသည် ပက်လက်ကုလားထိုင်ပေါ်တွင် နောက်မှီလိုက်ပြီးငြင်းသည်။
“ ခုန အစ်ကိုပြောလိုက်သလို ခဲမှန်ဖူးတဲ့ စာသူငယ်လို ကျွန်တော်ဖြစ်ခဲ့တာကြောင့် ဖြစ်ချင်ဖြစ်မယ် ၊ အချစ်ဆိုတာ ဘာမှန်းမသိခဲ့အရွယ်တုန်းက ကျွန်တော်ရည်းစားပျက်ခဲ့တာကို ခုထိအကြောက်လွန်နေတာလား ကျွန်တော်မသိဘူး ၊ ဒါပေမယ့် အဲ့ဒီတုန်းက ကိစ္စက ဈေးတန်းမှာ အရုပ်ကလေးတစ်ရုပ်ပူဆာတာ မရလို့ ငိုနေတဲ့ ကလေးလိုပါ ၊ ခု အမွန်နဲ့ တွေ့တဲ့အချိန်မှာ အဲ့သလို သဘောမျိုး မဟုတ်တော့ဘူး ၊ အမွန့်ကို ကျွန်တော် ချစ်ရင်ချစ်မယ် ၊ ပိုင်ဆိုင်ဖို့တော့ ဟုတ်ချင်မှ ဟုတ်မယ် ”
ကိုလတ်ခေါင်းတခါခါနှင့် ရယ်နေသည်။
“ ပိုင်ဆိုင်ဖို့ ဟုတ်ချင်မှဟုတ်မယ်ဆိုတဲ့စကားကို ကိုထွေးပြောတဲ့အချိန်ဟာ အမွန်တို့သြစတြေးလျကို အပြီးအပိုင် ထွက်ခွာသွားဖို့ သတင်းကြားပြီးတဲ့နောက်မှ မဟုတ်လား ”
အဖြေမပေးတက်အောင် တွေသွားရသည်။
ထိုစကားကြောင့် ရင်ထဲတွင် ဆက်ခနဲ လှုပ်သွားရသည်။သူပြန်လည် မပြောဆိုနိုင်မှ ကိုလတ်က ရယ်သံစွက်၍ တစ်ခွန်းပြောသည်။
“ အမွန့်ကို ကျွန်တော်ချစ်နေရင် ချစ်နေမယ်တဲ့ ၊ ခုထိ မင်း ဒီစကားမျိုးပြောနေတုန်းပဲ ၊ ပါးစပ်က အဲ့သလို မျက်နှာမှာက အထင်းကြီး ”
“ အမွန့်ကို ကျွန်တော်ချစ်နေတယ်လို့ပဲ ထားပါတော့ အစ်ကို ”
“ ရော့့်  ခက်ပါပေါ့ ထားပါတော့ပဲ ရှိပါသေးလား ”
သူပြုံးမိသည်။ အေးအေးက တစ်ချက်ရယ်လိုက်ပြီ့း့ 
“ ကိုလတ်ဟာ သတင်းစာ အယ်ဒီတာလုပ်ဖို့ မကောင်းဘူး ၊ ဆွဲချလိုပဲ အတင်းပဲ ဖြောင့်ချက်ပေးခိုင်းနေတော့တာပဲ ” ဟု ပြောလိုက်သည်။ ကိုလတ်က –
“ မဟုတ်ပါဘူးအေးရယ် ၊ ရေလာအောင်ပေးထားရတဲ့ မြောင်းခမျာမှာ ဆင်းလာမယ့်ရေကို အမျှော်လင့်ကြီး မျှော်လင့်ပြီး အတိမ်ကောခံရတဲ့ မြောင်းအတွက်ကို ကိုလတ်စိတ်မကောင်းလွန်းလို့ ဒီစကားပြောရတာ ”
ဟု ပြန်ဖြေသည်။
သူ့စကားအဆုံးတွင် ကိုထွေးကို လှမ်းကြည့်၏ ။ကိုထွေး ခေါင်းမဖော် ၊အတန်ကြာတော့မှ စကားသံ ထွက်လာသည်။
“ ချစ်တာတစ်ခုတည်းနဲ့ဆိုရင် အမွန့်ကို ကျွန်တော်ပြောရဲပါတယ် အစ်ကို ”
ကိုလတ်နဖူးကြောတွေ တင်းလာသည်အထိ စဉ်းစားလိုက်သည်။
“ ဒါဖြင့် ဘာဖြစ်လို့ ”
“ သိပ်တည်ကြည်တဲ့ မျက်နှာကို မြင်လိုက်ရင် ပြောမထွက်ဘူး ၊ တစ်မျိုးပဲအစ်ကို တစ်မျိုးပဲ ”
ခေါင်းကို ဆတ်ဆတ်ခါပစ်လိုက်သည်။ပင့်သက်ကိုမှုတ်ထုတ်ပစ်လိုက်သည်။
“ သတ္တိနည်းတာပေါ့ကွာ ”
“ မဟုတ်ဘုးအစ်ကို စိုးရိမ်တာ ဖြစ်ချင်ဖြစ်မယ်၊ ဘာဖြစ်လို့ဆိုရင် ဖြစ်နိုင်ပါ့မလား ဆိုတဲ့အတွေးဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေတယ် ”
“ ငါ ကောင်းကောင်း နားမလည်တော့ဘူးကွာ ”
ကိုလတ်စကားအဆုံးတွင် ကိုထွေးသည် မဲ့ပြုံးပြုံးလိုက်သည်။
“ အမွန်နဲ့ ကျွန်တော် မတူဘူးမတန်ဘူးလို့ ထင်တယ် ”
အေးအေးသည် –
“ ဘာမတူမတန်စရာ ရှိလို့လဲ ကိုထွေးရာ ”
ဟု ချက်ချင်းပြောရင်း စားပွဲဝိုင်းဆီသို့ ထလာသည်။ကိုလတ်က ခေါင်းခါသည်။
“ ကျွန်တော် ဖွင့်ပြောပြီးတဲ့နောက်မှသာ ခုလိုရာသက်ပန်ကွဲရမယ်ဆိုရင် အမွန်ရူးမတက်ခံစားရလိမ့်မယ် ၊ ပြီးတော့ အပြစ်ကင်းတဲ့ အမွန့်ရဲ့ဘဝမှာ အမည်းစက်တစ်စက် ထင်ဖူးထားတဲ့ ကျွန်တော်နဲ့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ”
ကိုလတ်သည် ပို၍ နားမလည်ဖြစ်လာသည်။
“ ဘာ အမည်းစက်လဲ ကိုထွေး ”
“ အချစ်ဦးဟာ ဒီလောက်သဘောထား မသေးဘူးလို့ မမအေးထင်တယ် ကိုထွေး ”
အေးအေးကို ခေါင်းညိတ်ပြရင်း သူဖြေသည်။
ဒီအကြောင်းတွေ အကုန်လုံး အမွန်ကြားပြီးသားပါ မမအေး ၊ အမွန် သဘောထားမသေးဘူးလို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ် ၊ အမွန်ဟာ အခွင့်လွှတ်ဆုံးပါ ၊ ကျွန်တော့်ကို ဒီကမ္ဘာမှာ နားအလည်ဆုံး မိန်းခလေးပါ ၊ ကျွန်တော့်ကို အကြင်နာဆုံး သံယောဇဉ်အကြီးဆုံးပါ ၊ ပြီးတော့ ကျွန်တော့်ကို အချစ်ဆုံးလို့လည်း ကျွန်တော်ယုံတယ် ”
အသံတိမ်ဝင်သွားသည်။ဆက်ပြောရန် ကြိုးပမ်းယူသော်လည်း မရတော့ ။ အံကို တင်းအောင်ကြိတ်ထားမိသည်။ အေးအေးသည် စိုးရိမ်စိတ်ဖြင့် သူ့ကို ကြည့်လိုက်သည်။ကိုလတ်သည် ဆေးတံကောက်ယူပြီး မီးညှိလိုက်သည်။ကိုထွေးသည် အိမ်အပြင်သို့ ငေးကြည့်ရင်း အံတင်းထားရာမှ တဖြည်းဖြည်း လျှော့ချနေသည်။
မိုးချူန်းသံကို မကြားရသော်လည်း လျှပ်ရောင်သည် ယင်းလိပ်ကြားမှ တစ်ခါတစ်ခါ ဝင်လာသည်။

********

( ၉ )

ကိုထွေးဆီကို စာရေးလိုက်သည်။ရေးစရာအကြောင်းဆိုတာကလည်း တစ်ပတ်လျင်တစ်ခု ၊ နှစ်ခုတော့ ရှိစမြဲ ။
သူငယ်ချင်းတွေနှင့် အရက်သွားသောက်သည် ဟူသော သတင်းကြားရလျင် နောက်နေ့၌ အမွန်စာရေးဖြစ်သည်။ပညာရေးနှင့် ပတ်သက်၍ မကျေနပ်မှုတွေ ၊ ဒေါသတွေ ပေါက်ကွဲလာပြီဆိုလျင် နောက်တစ်နေ့၌ အမွန်စာရေးဖြစ်သည်။
စိတ်အားငယ်နေသည်ဟု ကြားသိရပါက အမွန်စာရေးဖြစ်သည်။ကိုထွေးသည် အမွန့်စာကို ဖတ်ပြီးသောအခါ ပြန်စာရှည်ကြီးကို ရေးမြဲဖြစ်လေသည်။ယခုသော် ရေးစရာတွေ ပြည့်နေတော့ စာတစ်လုံးမျှ ထွက်မလာ ၊ ကိုထွေးနှင့် ပတ်သက်၍ အရာရာကို မှတ်မှတ်ရရသတိပြုမိသည်။ပြောပုံ ၊ ဆိုပုံ ၊ နေပုံ ၊ ထိုင်ပုံ ၊ အသံ ၊ အမှုအရာတွေ ၊ သိကျွမ်း၍ သုံးလေးလကြာသောအခါ ခင်မင်ရင်းနှီးလာသည်။
ကိုထွေး ၊ ကိုကြည်လွင် ၊ ညိုညိုနှင့် သူတို့လေးယောက်သည် အစဉ်သဖြင့်ဆုံနေကျ ။ တရင်းတနှီးဖြစ်လာပြီး တစ်နှစ်ကျော်ကျော်တွင် ကိုထွေးအတွက် ရင်မောစရာတွေ ခံစားလာရ၏။ကိုထွေး၏အကို အထိန်းအသိမ်းခံရချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသလို ကိုထွေးအတွက် အဘက်ဘက်က မပြေမလည်ဖြစ်ချိန် ၊ စိတ်ဓာတ်ကျလွန်းသောကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်ဖို့ ကိုထွေးစိတ်ကူးပေါက်မိသည့်အချိန်။
ထိုအချိန်တွင် ကိုထွေးစိတ်ဓာတ်၊ သဘောထားအလုံးစုံကို သူ နားလည်လာရပေသည်။နားလည်မိသည်နှင့်အမျှ ဖေးမအားပေးစကားတွေပြောရန် ကြိုးစားရလေသည်။အားပေးစကားတွေ သူပြောသောအခါ အားတက်သရောမျက်နှာနှင့် ခေါင်းညိတ်တက်သောကိုထွေးကို ကြည့်၍စိတ်ချမ်းသာရသည်။ဖြေသိမ့်စကားတွေဖြင့် ကိုထွေးစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးရသည်။
အမွန့်စကားဆိုလျှင် နားထောင်တက်သောကြောင့်လားမသိ ကိုထွေးလန်းဆန်းလာသည်ကို တွေ့မြင်ရသောအခါ ဝမ်းမြောက်ပီတိဖြစ်မိသည်။ထိုပီတိသည် အလုံးစုံသော သဒ္ဓွါတရားတွေကိုပါ တိတ်တဆိတ်ခေါ်ယူခဲ့သည်လား မဆိုနိုင် အကြင်နာပိုရလေတော့သည်။
တစ်နေ့နေ့တွင် ကိုထွေးထံမှ ကြားရလိမ့်မည်ဟု တထစ်ချတွက်ထားသော ကိုထွေး၏စကားလုံးတွေကို စိတ်ကူးဖြင့် တင်ကြိုကြားယောင်ပြုကြည့်သည်။ထိုအခါတွင် သူက ပြန်ပြောရမည့် စကားလုံးတွေကို စိတ်ထဲက ပြောကြည့်မိသည်။သို့သော် တစ်နေ့နေ့ဆိုသော ကာလအပိုင်းအခြားသည် အကန့်အသတ်နှင့် ရှိမလာခဲ့။မတိကျ မသေချာခဲ့ ။ စောင့်ရင်းနှင့် မောခဲ့ရချေသည်တကား။
သူသိမှာပေါ့ ။ဒီက ဘယ်လောက်ချစ်တယ်ဆိုတာကို သိရဲ့သားနဲ့ မျိုသိပ်ထားနိုင်လွန်းတယ်။သူ့မျက်လုံးတွေကတော့ မကြာခဏ ပြောနေတယ်။ကိုယ့်ကို ဖွင့်ပြောရမှာ ဝန်လေးနေတယ် ထင်ပါရဲ့ ။လိပ်ပြာမရဲဘူးနဲ့ ထင်တယ်။ဒီလောက်တောင် တစ်ယောက်ကို တစ်ယောက်နားလည်နေကြပြီပဲဟာ ။
“ အမွန်ရယ် အမွန့်ကို ကျွန်တော်ချစ်တယ်ဗျာ ” လို့ ဖွင့်ပြောတော့ ကိုယ်က စိတ်ဆိုးမှာတဲ့လား ။အပြစ်ပြောမှာတဲ့လား။ရန်တွေ့မှာတဲ့လား ။ အဲ့လိုများပြောလာရင့့် 
“ မောင့်ကိုလည်း အမွန်သိပ်ချစ်တာပေါ့ မောင်ရယ် ” လို့ ချက်ချင်း ပြန်ပြောမှာပေါ့ ။
“ မောင် ” လို့လည်း သူအခေါ်မခိုင်းခင် ဦးအောင် ခေါ်ပစ်လိုက်မှာပေါ့ ။ ဒါမှ သူ့ ‘ ကျွန်တော် ကျွန်တော် ‘ ဆိုတာကြီး ပျောက်သွားမှာ ။
ဒီလို စိတ်ကူးထွေလာတော့သည်။ဆင်းရဲခြင်းသာ အဖတ်တင်သည်။တစ်ခါတစ်ရံတော့ ဒီစိတ်ကူးတွေကို ကိုထွေးဆီ ရေးပြလိုက်ချင်သည်။တကယ်တွင် ရေးဖို့ ခွန်အားမရှိ။မိန်းခလေးဟူသော အသိကို အဘယ်သို့ ဖျောက်ဖျက်ရဲမည်ပ။တွေးကြည့်တော့ အများကြီး ။
ကိုထွေးသည် အမွန့်နည်းတုပင် တွယ်တာမိကြသည့်အချိန်မှ ယခုအထိ အသေးအဖွဲကလေးတွေကိုမျှ မေ့ထားခြင်းမရှိ ။တခြားမကြည့်နှင့် နူတ်ဆက်စကားမဆိုဘဲ ပြန်တက်ခြင်းကိုပဲ ကြည့်တော့ ။စွဲမြဲမှတ်သား သတိထားပုံမပျောက်။
ထိုအလေ့အထသည် လွန်ခဲ့သော သုံးနှစ်ကျော်က ရယ်စရာ မောစရာသဘော ၊ နောက်တော့ အနက်တစ်မျိုးဖြင့် လေးနက်လာသည်။တွေ့ဖန်မြင်ဖန်များလာတော့ နှောင်တွယ်သော အဓိပ္ပာယ်အသစ်ဖြင့် ပြောခဲ့ကြသည်။
ယခုအခါ ရှေ့တွင် မြင်နေရပြီဖြစ်သော မှိုင်းပျပျညောင်ညိုပင်သည် သည်းခြေကို ခိုက်စေတက်သော ညောင်သီးစိမ်းတွေဖြင့် ဝေဆာနေရော့သလားဟု မှန်းမိသည်။
စာရေးစက္ကူပေါ်တွင် စာတစ်လုံးတစ်လေမျှ မှင်နှင့် ထင်မလာ။

***********

( ၁၀ )

“ကိုက သိပ်ခက်တာပဲ ၊ ဘာလို့များဖိနပ်သွားဝယ်ရတာလဲ ၊ ပင်အပ်တွယ်ထားတဲ့ဟာ စီးလို့ရသားနဲ့ ” အပန်းဖြေရိပ်သာ အဆောက်အအုံ၏ အုတ်ခုံမှအဆင်းတွင် ညည်းသံနှင့် ဆိုသည်။စောစောတုန်းက ကိုထွေးနင်းမိလို့ သူ့ဖိနပ်ပြတ်ခဲ့သည်။သူက —
“ ကျွန်တော်ဝယ်လာတာကို မစီးချင်ရင် အဲ့ဒီစကားကို ဆက်ပြောပေါ့ ”
ဟု မကြည့်ဘဲ ပြောလိုက်သည်။စင်္ကြန်အရှည်ကို ဖြတ်အထွက်တွင် – –
“ မစီးချင်လို့ ပြောတာမှ မဟုတ်တာ ၊ ကိုကလည်း စိတ်ကောက်တာက အရင်ပဲ ” ဟု ပြုံး၍ပြောလိုက်သည်။
“ ကျွန်တော် စိတ်မကောက်ပါဘူး အမွန် ၊ ငြင်းတယ်လို့ ထင်လို့ စိတ်မကောင်း ဖြစ်သွားတာပါ ”
အမွန်ခေါင်းခါသည် ။နှစ်နှစ်ချြိက်ခြိုက်ပြုံးလိုက်ရင်း သူ့ကို ငဲ့စောင်းကြည့်သည်။
“ ဖိနပ်ဆိုတာ သွားစရာကို ညွှန်းတဲ့ပစ္စည်း ဖြစ်နေလို့ အမွန်ပြောမိတာပါ ”
အမွန် မျက်နှာလွှဲလိုက်ရသည်။
မိုးသားအစွန်းတွင် တွန်းထွက်လာသော နေရောင်ခြည်သည် မြက်ခင်းပြင်ပေါ်သို့ ခပ်စွေစွေ ကျနေ၏။ယုဒသန်ဘုရားရှိခိုးကျောင်း၏ မြောက်ဘက်အခြမ်းသို့ အလင်းရောင် ထင်နေ၏။မျှော်စင်၏ ဆင်ဝင်ရှေ့က ဝါးရုံသည် တစ်ရွက်တစ်လေမျှ လှုပ်ခက်ခြင်းမရှိ။


( ၁၆ )

လေငြိမ်သဖြင့် အင်းလျားကန်၏ရေမျက်နှာပြင်တို့သည် လှိုင်းကျပ်ခွပ်တို့ အိပ်မောကျလျက် ရှိသေးသည်။စိမ့်၍အေးနေသည်။ နှာသီးဖျား နားရွက်ဖျားနှင့် လက်တွေက အအေးဒဏ်ကို ခံစားနေရသည်။
ရင်ထဲမှာတော့ ဆန့်ကျက်ဘက်။
အပြင်ဘက်မှာ ဆောင်းမှ တကယ့်ဆောင်း ။ရင်ထဲမှာဖြင့် နွေခေါင်ခေါင် ။နွေအစစ်။မနက်ဖြန် သည်လိုအချိန်တွင် ဝေးကြ ၊ ရပ်ဝေးမြေခြားသို့ ထွက်ခွာသွားတော့မည့်သူ ။ တစ်ဦးနှင့်တစ်ဦး အပြီးအပိုင် ကွဲကွာသွား၍ လမ်းခွဲထွက်ရတော့မည့်သူ ။
သူ အခု ရပ်နေရာ ခြေရာတွင်ဆိုလျင် မနက်ဖြန်သည်အချိန်၌ နှင်းစက်ဖျက်၍ ပျက်ပြီးသား ဖြစ်ချိမ့်မည်။မှတ်သားဖွေရှာရ မလွယ်ဖြစ်တော့မည်။
“ ကြည်နူးစရာ ကောင်းတယ်နော် ကို ”
ခေါင်းညိတ်ပြလိုက်သည်။
“ စိတ်ငြိမ်းချမ်းမှု အခိုက်အတန့်တော့ ရစရာပဲ ၊ ဟုတ်တယ် မဟုတ်လား အမွန် ”
သူ့ဆီသို့ အမွန့်မျက်လုံး ရောက်မလာမီအတွင်း အမွန့်ကို ကြည့်နေမိသည်။ပါးပေါ်က သနပ်ခါးတွေကို မြင်နေရသည်။
နှာတံစင်းစင်းကို ကြည့်မိသည်။
နီတွေးတွေး နူတ်ခမ်းကို ကြည့်မိသည်။
ပါးချိတ်ပေါ်က အကြောစိမ်းစိမ်းလေးတွေကို မြင်နေရသည်။
နဖူးပေါ်သို့ ကျနေသော ဆံစလေးတွေ နားသယ်စလေးတွေကို ကြည့်လိုက်မိသည်။
တစ်ပတ်လျှိုဆံပင်ကို ကြည့်မိသည်။ဆံပင်ကို လက်ယာပုခုံးပေါ်မှ ရင်ညွန့်ပေါ်တွင် ဖြတ်ကျော်တင်ထားသည်။သည်လို သတိရအောင်ကြည့်ရင်းနှင့် တွေ့မြင်ဖူးခါစ ပထမဆောင်းကို သတိရနေမိသည်။သည်လို သတိရအောင် အပြာနုရောင် ဆွယ်တာအင်္ကျီက လှုံ့ဆော်နေသည် ထင်၏။
“ အမွန်နဲ့ ကိုသိတာ ငါးနှစ်ရှိပြီနော် ၊ ကို မှတ်မိလား ”
အမှတ်တမဲ့မေးသော အမွန့်ကို ချက်ချင်းပင် ခေါင်းညိတ်ပြကာ ဖြေလိုက်သည်။
“ မှတ်မိတာပေါ့ ကျွန်တော့်စိတ်ထဲတော့ မနေ့လားလို့ ထင်မိတယ် ”
မပွင့်တပွင့် ပြုံးလေ၏။စိတ်အနေ ကျဉ်းလာသောအခါ ပြုံးတက်သော အပြုံးမျိုးဟု မှတ်မိနေသည်။ထိုသို့ပြုံးလျင် သက်ပြင်းချလေ့ ရှိသည်ကိုလည်း သိနေသည်။သိနေသည့် အတိုင်းပင်။
“ အချိန်ကာလဆိုတာ ဒီလိုပဲ တိုတောင်းတယ်ထင်တယ် ၊ ဘဝဆိုတာလည်း အဲ့သလိုလို့ပဲ အမွန်ထင်တယ် ”
လေးလေးနက်နက် စဉ်းစားထားပုံရသည်။
“ ဟုတ်တယ် အမွန် အဲ့ဒီ အခိုက်အတန့်လေး အတွင်းမှာပဲ ရယ်ရတာတွေ ငိုရတာတွေ ပတ်လည်ဝိုင်းနေမှာပဲနော် ၊ တစ်ခါတစ်ခါတော့ အသက်ရှင်မှုကို သံသယလည်း ဖြစ်လာတယ်။ဘာအဓိပ္ပာယ်နဲ့လည်းလို့ မေးမိတယ်။ ယုံကြည်ချက်တွေ ဘာတွေနဲ့ ကိုယ်လုပ်ချင်တာလုပ်ဖို့ တစ်ခါတစ်လေတော့ အသက်တစ်ရာမက နေချင်တယ်။တစ်ခါတစ်ခါကျတော့ တစ်စက္ကန့်တောင် မနေချင်ဘူး ။အမွန်သိပါတယ် ”
မျက်လုံးချင်း တည့်တည့်ဆိုင်နေသည်။
စိုက်၍ကြည့်နေသည်။ ပြီးတော့ မျက်လွှာချထားလိုက်သည်။
“ ကို စိတ်ဓာတ်ကျနေသလား ဟင် ”
ကိုထွေး ခေါင်းခါသည်။
“ အမွန်ပြောတဲ့ စကားတွေကို မေ့ပစ်ရာ ကျမှာပေါ့ ၊ မဟုတ်ဘူလား ”
တိုးတိုးရယ်လိုက်သည်.။ အမွန်ကြည်နူးနေပုံ ရသည်။
“ အသက်ရှင်နေသမျှ ကာလပတ်လုံးမျှော်လင့်ချက် တစ်ဝက်ရထားပြီးသား ကိုရာ ”
ခေါင်းကို ညင်သာစွာ ညိတ်ပြသည်။အမွန်က နူတ်ခမ်းကို လျှာဖျားဖြင့်သိမ်းပြီး ဆက်ပြောသည်။
“ ကိုရယ် မျှော်လင့်ချက်ဆိုတာ ရေရာတယ်ပဲဖြစ်ဖြစ် မရေရာဘူးပဲ ဖြစ်ဖြစ် ၊ မျှော်လင့်ချက်ပဲပေါ့ ၊ လုံးဝမျှော်လင့်ချက် မရှိတဲ့သူ ၊နည်းနည်းလေးမှ မရှိတဲ့သူနဲ့စာရင်တော့ အပုံကြီးသာသေးတာပေါ့ ၊ကို သိပြီးသားပါ ”
“ ဒီ စကားကို ထပ်တလဲလဲကြားရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ် အမွန် ၊ အမြဲကြားချင်ပါတယ် ”
အမွန့်နူတ်ခမ်းသည် ဆတ်ခနဲ တွန့်ကျသွားသည်။မျက်နှာလွှဲလိုက်သည်။
“ အမြဲ ဟုတ်လား ကို ”
မေးခွန်းနှင့်အတူ လှည့်ကြည့်လိုက်သူ အမွန့်ကို ခေါင်းညိတ်ပြလိုက်သည်။
အမွန်က တွေပြီးကြည့်နေသည်။နောက်တော့ ခေါင်းခါပြသည်။
“ မနက်ဖြန်ဆိုရင် အမွန်တို့ ခွဲကြပြီပဲ ”
စကားတစ်ဝက်တွင် အသံက တိမ်ဝင်သွားသည်။နင့်ခနဲဖြစ်သွားသော ရင်ကို ကိုထွေး ဇွတ်တင်းပစ်ရသည်။
“ မခွဲပါဘူး အမွန့်ကို ပြောပြီးသားပဲ ၊ ဖိုးလမင်းကြီးပါလို့ မှတ်မိတယ်မိုလား ”
အားတက်သရော အပြုံးကို မြင်လိုက်ရသည်။
“ အမွန်မှတ်မိပါတယ် ကို ၊ ဒါပေမယ့် အမွန်စိတ်မဖြောင့်ဘူး သိလား ၊ ဒီတော့ အမွန်စဉ်းစားတယ် ၊ ကို့ဆီမှာ တစ်ယောက်ယောက်တော့ အမွန့်ကိုယ်စား ထားခဲ့ဖို့ ”
“ ဘာပြောတယ် အမွန် ၊ ဘယ်သူ့ကို ကျွန်တော့်ဆီမှာ ထားခဲ့မှာလဲ ”
“ မနက်ဖြန်သွားမယ့်သူက အမွန်အတုပါ ၊ ကို့ဆီမှာ အမွန်အစစ်ကို ထားခဲ့မှာ ၊ သိပ်ချစ်တဲ့ မောင်နှမတွေဆိုတော့ မျက်ကွယ်ပြုနိုင်ရိုး မရှိပါဘူး ”
စကားတွေကို အဖုံးအဖိနှင့် ပြောတက်ပါကလားဟု သတိပြုလိုက်သည်။ဆတူခံစားရမည်ကလည်း သိမိကြသည်။
နေရှိန်တက်လာ၍ နှင်းကွဲစ ပြုလာသည်။နှင်းကွဲလာတော့ ပီပီသသ မြင်စမှတ်ပြုလာရသည်။


“ ဒီနေ့ တစ်မျိုးကြီးပဲကွယ် ၊ ပေါ့ရှပ်ရှပ်နဲ့ လေပြင်းပြင်းတိုက်လိုက်ရင်တောင် လွင့်သွားမလား ထင်ရတယ် ”
တန်းလျားနောက်မှီတွင် တံတောင်ဆစ်တင်ထားရင်း တိုးတိုးဆိုသည်။ပြန်မပြောနိုင်အောင် ပင်ပန်းမိသည်။ခေါင်းကိုသာ ခါပြလိုက်သည်။ခဏကြာမှ ပြန်ဖြေနိုင်သည်။
“ ကျွန်တော်လည်း အမွန့်လိုပါပဲ ၊ ကျွန်တော် စိတ်ထိခိုက်နေတာ အမွန်နားလည်မှာပါ ၊ အမွန့်ကို ကျွန်တော့်အမေရဲ့ နို့ကိုစို့တဲ့ နှမရင်းတစ်ယောက် ဖြစ်စေချင်ပါတယ်ဗျာ ၊ ကျွန်တော့်စိတ်ထဲကတော့ ဒီအတိုင်းပါ ၊ ယုံပါ ”
“ ယုံပါတယ် ကိုရယ် ၊ အစ်ကိုအရင်းလို အမွန်နှလုံးသွင်းခဲ့တာပါ ၊ ဒါကြောင့်လည်း ကိုလို့ အမွန်ခေါ်တာပါ ၊ ဒါကို ကိုကလည်း ယုံပါ ”

တစ်နှစ်က ဆောင်းတွင် ကြားသိခဲ့ရသော ထာဝရခွဲခွာခြင်းသည် မနက်ဖြန် နံနက်တွင် အစပြုတော့မည်ဟု သိရှိခံစားလာရသည်။
လျှောက်လွှာတင်သည်။ နိုင်ငံသား အခွင့်အရေးများ ရုပ်သိမ်းခြင်း ခံရသည်။ပစ္စည်းပစ္စယများ ရောင်းချလိုက်သည်။ထွက်ခွာခွင့် လက်မှတ်ရသည်။ပြင်ဆင်မှုများ ပြုလုပ်နေသည်။စသည့် သတင်းတွေကို ညိုညိုထံမှ ကြားသိခဲ့ရသည်။
ခုတော့ ထိုသတ္တိက မဖြစ်စလောက်။အထုအထည်က ပိုးမျှင်သာသာ ။
“ သိပ်ပြီး သံယောဇဉ်ရှိတဲ့ ကို့အတွက် အမွန်နောက်ဆံတင်းတာတော့ အမှန်ပါပဲ ၊စိတ်ဓာတ်ခိုင်မာစေချင်တယ် ကို လုပ်နေတဲ့အား မပျက်စေချင်ဘူးလေ ၊ တစ်နေ့မှာ ကိုမျှော်လင့်ထားသမျှ အောင်မြင်လာမှာပဲလို့ အမွန်တထစ်ချ ယုံကြည်တယ် ၊ မြှောက်ပြောတာ မဟုတ်ဘူး ကိုက သိပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲဟာ ၊ ပြီးတော့ နားလည်မှု ရှိပြီးသား ၊ အားမငယ်စေချင်ဘုး ကိုရာ နော့့် ”
ဝမ်းနည်းစိတ်နှင့် ခေါင်းညိတ်မိသည်။
သဲလမ်းကို စိုက်၍ကြည့်ရင်း သူပြုံးသည်။ပြန်ပြောခါနီးတွင် မျက်လုံးချင်းဆုံသည်။
စိတ်ပျံ့၍ သွားသောအခါ မျက်စိရှေ့က စာကြည့်တိုက်နံရံကို လည်းကောင်း မိမိကိုယ်ကို လည်းကောင်း ၊ ဖြတ်သန်းသွားလာကြသူ တစ်ယောက်စ နှစ်ယောက်စကို လည်းကောင်း သစ်ရွက်ခတ်သံကိုလည်းကောင်း အာရုံတွင် ကွယ်ပျောက်သွားသည်။
သို့သော် ဖွင့်ပြောချင်သော စကားတွေထဲက တစ်ခွန်းကို ပြောဖြစ်အောင် ကြိုးစားရသည်။
“ အမွန်နဲ့ ကျွန်တော် သဘောတူညီချက်ကလေးတစ်ခုတော့ လုပ်ချင်တယ် ”
အံအားတသင့် လှည့်ကြည့်သည်။မျက်တောင်ကို တဖျပ်ဖျပ်ခတ်ပစ်လိုက်ပြီး ပြုံးပြသည်။
“ ဘာကိုလဲ ကို ၊ ကို ဘာလုပ်ချင်လဲ ပြောလေ ”
ထိုစကားကို အားကိုး၍ တစ်လုံးချင်းပြောလိုက်သည်။
“ ဒီလိုပါ အမွန်ဖြစ်ဖြစ် ကျွန်တော်ဖြစ်ဖြစ်ပေါ့ဗျာ ၊ တစ်ချိန်မှာ ဘယ်သူပဲ အိမ်ထောင်ရက်သားကျကျ အရင်ဆုံး အိမ်ထောင်ကျတဲ့သူ ပေးထားခဲ့ဖူးတဲ့ လက်ဆောင်ပစ္စည်းတွေထဲက တစ်ခုခုကို ပြန်ပေးကြေး ဖိတ်စာပို့စရာ မလိုဘူးလေ၊ တစ်ခုခု ပြန်ပို့ပေးရင် အဲ့ဒီ အဓိပ္ပာယ်နဲ့ပေါ့ ၊ ဘယ့်နှယ်လဲ ”
စကားအဆုံးတွင် အမွန်ရယ်လိုက်သည်။ဟက်ဟက်ပက်ပက် ရယ်နေသဖြင့် သူနားမလည်သလို ဖြစ်သွားရသည်။ရယ်သံနှင့်အတူ ပြောသည်။
“ အမွန့်အဖို့တော့ ကို့လက်ဆောင်ထဲက ဘာတစ်ခုမှ ဒီတစ်သက် ပြန်မပို့ဘူး ကို ၊ မောင်နှမ အချစ်တွေထဲက ဘယ်သူ့ကိုမှ ခွဲဝေမပေးဘူး ၊ ကိုရေ အမွန့်ကို ယုံ ” သူက ပြုံးလိုက်သည် ။ ချက်ချင်းပင် ပြောလိုက်သည်။
“ ကျွန်တော့မှာ အမွန့်စကားမျိုးပဲ ပြောစရာ ရှိပါတယ် ၊ အမွန့်ကို စိတ်ဆင်းရဲစေမယ့် ယောက်မကို ကျွန်တော်လည်း ဘယ်ရှာပါ့မလဲ ”
“ အမွန့်ကို စိတ်ချမ်းသာစေမယ့် ယောက်မကို တွေ့ရင်ကော”
ကောက်ကာငင်ကာ မေးလိုက်သောကြောင့် ရယ်မိသည်။စကားကို ပြင်လိုက်ရသည်။
“ မှားလို့ ဘယ်ယောက်မကိုမှ မရှာပါဘူး အမွန်ရဲ့ ”
ယုဒသန်မျှော်စင်တွင် နေကွယ်ခဲ့ချေပြီ ။


ဗာဒံရွက်တွေ စိမ်း၍ ဝေ၍ကောင်းနေတုန်းပင် ဖြစ်လေသည်။
နေမျက်စောင်းသည် မြားဆိပ်ပင်ကြီးနှင့် တောင်ပိန္နဲပင်ကြားမှ ထိုးကျလျက်ရှိသည်။ပတ်ဝန်းကျင် တစ်ခုလုံးသည် အေးချမ်းတိတ်ဆိတ်၍နေသည်။သည်အချိန် သည်အခါမျိုးတွင် တက္ကသိုလ် ပရဝဏ်သည် ငြိမ်သက်စမြဲ ဖြစ်သည်တည့်။
ဘယ်အပင်ပေါ်က လာမှန်းမသိနိုင်သော ဒေါက်စရစ် ပန်းနံ့တွေ ဝေ့လာတက်သည်။တောအုပ်ကလေး၏ အလည်မှ စားသောက်ဆိုင်သည် ဤအချိန်မှ ပို၍လှသည်။လွမ်းဆွတ်ဖွယ် ရစ်ဆိုင်းလာသည် ထင်ရ၏။
“ နွေပေါက်လာရင် ဂျပန်ဖိနပ် မစီးနဲ့နော် ၊ ပူလို့ မျက်စိကို ထိခိုက်မှာ စိုးရတယ် ၊ သားရေဖိနပ်ဆိုရင် စိုပြီးတော့ အအေးမိမယ် ”
ခေါင်းညိတ်ပြသည်။ရေနွေးကြမ်းငှဲ့ပေးရင်းက ထပ်ပြောသည်။
“ ဆံပင်ကို တစ်လတစ်ခါညှပ် ၊ လက်သည်းကို တစ်ပတ်တစ်ခါညှပ် ၊ အမွန်နဲ့ သိစကလို ဆံပင် ဘုတ်သိုက်သိုက် မနေနဲ့နော် ၊ သပ်သပ်ရပ်ရပ် နေပါ ကိုရယ် ”
စိုးရိမ်စိတ်ကို မြင်နေရသည်။
သည်းပွတ်အထာကို အကွယ်အကာမဲ့မြင်နေရသည်။
“ အရက်လည်း မသောက်နဲ့နော် ၊ ဆေးလိပ်လည်း ပြန်ပြီး မသောက်ပါနဲ့ ကို ရယ် ၊ ပြီးတော့ အစားအသောက်လည်း မှန်စေချင်တယ် ၊ နေပု မိုးရွာမရှောင် ကိုးချောင်းကိုးရှင်း သွားလာတာလည်း မလုပ်စေချင်ဘူး ကို ၊ စိတ်မလေပါနဲ့ ကိုရယ် ”
ဘယ်ဘက်လက်မောင်းပေါ်တွင် တင်ထားသော လက်ခုံကို အကြောင်းမဲ့ ငေးကြည့်ရင်း နားထောင်နေမိသည်။
သူတစ်ပါး မကဲ့ရဲ့ဘူး ၊အမွန် အထင်မမှားဘူး ဆိုရင် လက်ခုံလေးကို အသာအယာ ဆွဲယူကာ နမ်းလိုက်ချင်သည်။အကြင်နာဆုံး အနမ်းဖြင့် နူတ်ဆက်ချင်၏။
ပြီးတော့ သူ့ကိုယ်နံ့လေးစွဲနေမည့် လက်ထဲက လက်ကိုင်ပဝါကို တောင်းယူကာ သိမ်းထားချင်သည်။ကိုယ့်ကိုယ်နှင့်မကွာ ဆောင်ထားချင်သည်။မိန်းမမြတ်ကိုယ်စား ကိုယ်ပွားတစ်ခုခု မှတ်ယူချင်သည်။အလွမ်းပြေ။
“ စိတ်ငယ်စရာဆိုလည်း ဘာမှမတွေးပါနဲ့ကွယ် ”
မြင့်မြတ်သော အချစ်၏သဘောသည် ဒါပါပဲဟု တွေးသသည်။တစ်ယောက်၏ သဘာဝကို တစ်ယောက်က နားလည်ခြင်းသာဖြစ်သည်ဟု ယုံကြည်သည်။နားလည်မှုက ချစ်ခြင်းနှင့်တကွ အရာခပ်သိမ်းကို ဖန်တီးနိုင်စွမ်းသည်ဟု သိလာရသည်။
“ နောက်ပြီးတော့ စိတ်ညစ်ညစ်နဲ့ တွေ့ကရာတွေ လျှောက်မလုပ်နဲ့နော် ”
စကားသံ၏နောက်ကွယ်မှ အနက်ပွားမှန်သမျှကို မှန်းဆသိမြင်လိုက်ပါ၏။တစ်လောကလုံးတွင် နားအလည်ဆုံး ၊ အကြင်နာဆုံး ၊ အတွယ်အတာထားဆုံး မိန်းမတစ်ယောက်နှင့် တစ်သက်တစ်ခါ ဆုံခဲ့ရပါ၏။ချမ်းမြေ့ခဲ့ရပါ၏။အားတက်ခဲ့ရပါ၏။ကြည်ျနူးခဲ့ရပါ၏။
သို့သော် တစ်ခဏခွဲခွာကြတော့မည်က တစ်ဘဝလုံး။
အသက်ရှင်နေသမျှ ကာလပတ်လုံး ချစ်သည်ဆိုသော စကားကိုမျှ ပြောခွင့်မရခဲ့သော ဆုံစည်းကြပုံများ။
“ ကို ဒီကပြန်ရင် အိပ်ပျော်အောင် အိပ်”
“ တွေးစရာကင်းရင်တော့ အိပ်ပျော်မှာပေါ့ ”
“ မနက် ကိုလတ်တို့ မမအေးတို့ အမွန့်ဆီလာတဲ့အခါ ကို လိုက်မလာပါနဲ့ ၊ အမွန့်စကားကို ကို နားထောင်မယ် မဟုတ်လား ၊ လိုက်မပို့ဘူး ”
တုန်လှုပ်သွားရသည့်အလျောက် နားလည်လိုက်သည်။အမွန့်ကို မော့ကြည့်လိုက်သည်။သူ့ကို မျက်တောင်မခတ်ကြည့်နေသည်။မျက်လုံးထဲက အသံတို့ ကြားနေရသည်။ကောင်းကင်တွင် အလင်းရောင် ပြယ်သွားပြီ။

*******

( ၁၇ )

နှလုံးသည်းပွတ်ကို အစိုးမရ၊ စိတ်ကိုအစိုးမရ ၊ ကိုယ်ကို အစိုးမရ ၊ ဆောက်တည်စိတ်သည် စိုးစဉ်းမျှ မငြိမ်သက်။
တစ်ညလုံး သည်အတိုင်း။
ညနေက အမွန့်ကို သူအိမ်ဝအထိပို့ပြီး သူအိမ်ပြန်သည်။အိမ်ရောက်တော့လည်း အနေရ အထိုင်ရ စိမ်းဆတ်ဆတ်ဖြစ်နေသည်။
ကိုလတ်နှင့် အမတော် အေးအေးတို့က အလိုက်သိစွာ တစ်စုံတစ်ရာမေးမြန်းခြင်းမပြု။ထမင်းတစ်ဝက်တစ်ပျက် စားသည်ကိုလည်း မမေးမြန်း။
ရှစ်နာရီကျော်ကျော်တွင် ကိုလတ်တို့ ရုံးကကားရောက်လာသည်။ညအယ်ဒီတာတစ်ယောက်က အရေးပေါ်ခွင့်တင်သွားသဖြင့် လူစားဝင်ရန်လာခေါ်ခြင်းဖြစ်သည်။ကိုလတ်အထွက်တွင် သူပါလိုက်မည်ဟု ပြောလိုက်သည်။အေးအေးက မနက်ဖြန် အမွန်တို့ကို လိုက်ပို့ရန်ကိစ္စနှင့် ပက်သက်၍ပြောသည်။အမွန့်စကားကို ပြန်လည်ပြောပြလိုက်သည်။
ဒီည အိမ်မှာအိပ်လျင် မနက်ဖြန်နံနက်တွင် လေယာဉ်ပျံအသံကို ကြားရမည်ဖြစ်၍ ဌာနသို့သွားလိုကြောင်း တစ်ဆက်တည်းဖြေသည်။
သို့နှင့်ဌာနတွင် လုပ်လက်စတွေကို ဆက်လုပ်ကြည့်သည်။သူငယ်ချင်းနှင့်အတူ ဓာတ်ခွဲခန်းထဲတွင် အချိန်ဖြန်းလိုက်သည်။သန်းခေါင်ကျော်တော့မှ ခဏနားလိုက်သည်။စိတ်ပင်ပန်းလွန်း၍လားမသိ လှဲချင်သည်။စားပွဲဘေးတွင် စာအုပ်တွေကို ခေါင်းအုံးလုပ်ကာ မှေးမိသည်။တွေးစရာ အစအနတွေက စုပြုံရောက်လာကြပြန်သည်။
ဆယ့်နှစ်လအတွင်း ဒီကိုပြန်လာမယ်ဆိုရင် ပြန်လာနိုင်တဲ့ အခွင့်အလမ်းလည်း ရှိနေသားပဲ ။ပြန်များလာရင် သိပ်ကောင်းမှာပဲ။
အမွန့် မိဘတွေကလည်း ခက်လိုက်တာ ။ငါးနှစ်ကြာနေဖို့လောက် လျှောက်သင့်တာ ။ခုတော့ အပြီးအပိုင် လျှောက်ထားတာကိုး။
စီးပွားရေးသမားတွေကိုး ငွေကလွဲလို့ ဘာမှမြင်တာမှ မဟုတ်တာ ။ကိုယ့်ပြည်ကိုယ့်ရွာကို မချစ်ခင်တဲ့ လူစားတွေပဲ။
ဒီအထဲမှာ အမွန်တော့မပါပါဘူး။အမွန်က ဒီလိုမဟုတ်ဘူး ။အမွန်က အပြစ်မဲ့တဲ့သူပါ။အမွန်က ရုပ်သေးရုပ်လေး တစ်ရုပ်ပါဟု တွေးမိသည်။
အတွေးတွေက ရင်ထဲမှာမွှေနှောက်လွန်းလှသည်။မေ့ပျောက်ကြည့်တော့မရ။အမွန့်မျက်နှာက တရစ်ဝဲဝဲ။ကိုယ်နေလှုပ်ရှားနေပုံက ပြတ်ပြတ်ထင်ထင်။အသံတွေ ။ အပြုံးတွေ ။ အကြည့်တွေ ။ အားလုံးကို မေ့ပျောက်၍ မစွမ်းတော့။မတမ်းတဖြစ်အောင် စိတ်တင်းတော့လည်း မရပြန်။
စိတ်မလွင့်ပါးအောင် နည်းပြတန်းအဖြေလွှာတွေကို အမှတ်ပေးရန် ဖတ်ကြည့်သည်။စိတ်မစူးစိုက်။အလုပ်ဝင်ပြီး လေးငါးရှစ်လအတွင်း လုပ်ငန်း၌ အာရုံမချုပ်နိုင်သည်မှာ ရက်ပိုင်းအတွင်းသာ ဖြစ်သည်။စောင်းပါးရိပ်ခြည်မျှသာ သိနေသော သူငယ်ချင်းက သူ့ကိုနားလည်နေသည်။နံနက်လေးနာရီထိုးသောအခါ လုပ်ငန်းကို ခေတ္တရပ်လိုက်သည်။လှည်းတန်းထိပ်သို့ သွား၍ တစ်ခုခုစားသောက်ရန်ပြောသည်။အိပ်ချင်စိတ်မရှိတော့ ခေါင်းညိတ်ပြလိုက်သည်။



အလင်းရောင်သည် အရှေ့ဘက်တွင် မေးတင်လိုက်သည်။အပေါ်က စီး၍ကြည့်ရတော့ အနေအထားတွေ အားလုံးလှနေသည်။အင်းဝစားသောက်ဆိုင် စင်္ကြန်အမိုး ၊ အုပ်ကြွပ်တန်း ၊ အင်းဝဆောင်မျက်နှာစာ တစ်ပိုင်းတစ်စကို သစ်ပင်တွေ ကြားထဲက မြင်နေရသည်။
ကံကော်တောအုပ်ကို စွေတစောင်းမြင်နေရသည်။ပိဋကတ်တိုက်ကို ထက်ဝက်ပိုင်းမြင်နေရသည်။ရှေက ကံကော်ပင်များ ၊ အဓိပတိလမ်းတစ်လျှောက်က ရေတမာပင်များ အပန်းဖြေရိပ်သာ တောအုပ်အလည်က ယုဒဿန်ဘုရားရှိခိုးဆောင်နှင့် မျှော်စင်ကို ကွက်တိကွက်ကြားမြင်ရသည်။
ဝန်းကျင်တစ်ခုလုံးတွင် ကျရောက်လျက်ရှိသော အလင်းရောင်သည် နာမကျန်းသူ၏ အသားအရေကဲ့သို့ ဖျော့တော့လှသည်။မြူငွေ့ကြောင့် ထင်ရ၏ ။ပြာပြာမှိုင်းမှိုင်း အမြင်ဟူသမျှသည် မောစရာချည်း။
မျက်နှာတွင် အုပ်၍ထားသော လက်ဖဝါးနှစ်ဖင်စလုံးသည် အအေးကြောင့် ကျဉ်နေ၏။
ခုအချိန်ဆိုရင့့် ခုအချိန်ဆိုရင့့် 
အတွေးနှင့်စိတ်ကူးကြည့်မိသည်။စိတ်မကူးရဲတော့ ။မျက်လုံးကို စုံမှိတ်ထားလိုက်သည်။အာရုံကြောတွေ အားလုံးရုတ်ခြည်းပင် အိပ်မောကျသွားစေချင်၏။ယောက်ယက်ခတ်လွန်းသောစိတ်ကို ဖြစ်သည့်နည်းနှင့် ထူးခတ်ထားချင်၏။
မျက်လုံးဖွင့်ကြည့်သောအခါ နှင်းမှုန်ံတွေ ဆိုင်းလာသည်ကို တွေ့ရ၏ ။ ဝရန်တာတွင် ထောက်ထားသည့် တံတောင်နှစ်ဖက်ကို ရုပ်လိုက်သည်။ခါးကိုမတ်လိုက်သည်။ချွေးငွေ့ငွေ့ပြန်နေသည်ကို သတိပြုလိုက်သည်။တိုက်ပုံအင်္ကျီထဲက လက်ကိုင်ပဝါကို ထုတ်ယူကာ မျက်နှာသုတ်လိုက်သည်။ထိုစဉ် ငြိမ်သက်လွန်းကာ ငြိမ်သက်လျက်ရှိသော ပတ်ဝန်းကျင်တွင် ကားဂီယာ ခွေးသွားစိပ်ချင်း ပွတ်တိုက်သံတစ်ချက် ကြားရသည်။
အမှတ်တမဲ့ လှမ်းကြည့်သောအခါ မာဇဒါကား အစိမ်းနုနု အရှိန်ပြင်းပြင်းနှင့် တက်လာသည်။သင်္ဘောမဲဇလီပင်တွေကြားက မြင်ရသည်။ကားတွေထားရာနေရာသို့ ရောက်သောအခါ တုံခနဲ ရပ်သွားသည်။
တံခါးနှစ်ဖက်စလုံး ပြိုင်တူပွင့်သွားသည်။လူနှစ်ယောက်ထွက်လာသည်။သူ့ဆီသို့ မော့ကြည့်လိုက်ကြမှ ကိုကြည်လွင်နှင့် ကိုလတ်တို့နှစ်ယောက်မှန်း သိလိုက်သည်။ကိုလတ်က —
“ ဟေ့း့ ကိုထွေး လာ လာ မြန်မြန်လာ ”
ဟု အမောတကော လှမ်းခေါ်သည်။ကြောင်ပြီးကြည့်နေရာမှ” ဘာလဲအစ်ကို ဘာလဲ ” ဟု မေးလိုက်သည်။
သူ့အသံကြောင့် ဓာတ်ခွဲခန်းထဲက သူငယ်ချင်းဖြစ်သူက ပြေးထွက်လာသည်။အနားရောက်တော့ အောက်သို့လှမ်းကြည့်သည်။
ကိုကြည်လွင်က–
“ ဘာလဲ မမေးနဲ့ ၊ ဆင်းလာခဲ့ ဆင်းလာစမ်းပါ ” ဟု လှမ်းအော်ပြီးပြောသည်။
ဒီတော့မှ “ ကဲ သူငယ်ချင်းရေ ၊ တစ်ခုခုပဲ ငါသွားမယ် ” ဟု ပြောကာ အပြေးဆင်းလာသည်။
လှေကားထစ်ကို ဘယ်ပုံဘယ်နည်း နင်းမှန်းမသိ ၊ လက်တန်းကို လက်ဖြင့် လျှောကာ ထိန်းကာ ဆင်းလာခဲ့သည်။ကားဆီသို့ အရောက်ပြေးလာခဲ့သည်။
သူအနားမရောက်မီ ကိုလတ်က ကားထဲသို့ဝင်ပြီး စက်နိုးထားသည်။ကိုကြည်လွင်က နောက်ခန်းထဲသို့ ဝင်ထိုင်သည်။ကိုထွေးသည် ကိုလတ်ဘေးသို့ ဝင်ထိုင်ပြီး တံခါးကို တအားဆွဲပိတ်သည်။
ကိုလတ်သည် ကားခေါင်းကို အနောက်ဘက်သို့ ဦးတည်လိုက်သည်။အဓိပတိလမ်းပေါ်သို့ ရောက်သောအခါတွင် လက်ယာဘက်သို့ ချိုးလိုက်သည်။ဘွဲ့နှင်းသဘင် လမ်းဆုံသို့ အရောက်တွင် ဘယ်ဘက်သို့ ကွေ့လိုက်သည်။သစ်ပင်တွေ တရိပ်ရိပ် ကျန်နေခဲ့သည်။
ပြည်လမ်းအရောက်တွင် လက်ယာဘက်သို့ အရှိန်မလျှော့ဘဲ ချိုးလိုက်သည်။တံတားဖြူ အလွန်တွင် စက်ရှိန်ကို လျှော့ပစ်လိုက်ရသည်။
နှင်းပြိုချေပြီ။
“ ကျွန်တော်နားမလည်ဘူးဗျာ ၊ ဘာဖြစ်လို့လဲ့ ဘာလဲ ”
ရှေ့မီးကို ဖွင့်လိုက်ရင်း ဖြေသည်။
“ အမွန်က ခေါ်ခိုင်းလို့ ”
“ ဗျာ ”
အံ့သြသွားသည်။
ကိုကြည်လွင်ဘက်သို့ စူးစမ်းသော မျက်လုံးများဖြင့် လှည့်ကြည့်သည်။
“ ကျွန်တော့်ကို သူပြောတော့ လိုက်မပို့ရဘူးတဲ့ ”
“ ဟုတ်တယ် ကိုထွေး ၊ အဲ့ဒါ ကျွန်တော်တို့တောင် မသိဘူး ၊ မနက်က သုံးနာရီကျော်ကျော်လောက် အမွန်တို့အိမ် ကျွန်တော်တို့သွားမှ သိတာဗျ ၊ အဲ့ ကျွန်တော်တို့လည်းရောက်ရော ခင်ဗျားကိုတွေ့ချင်တဲ့ အကြောင်းပြောတယ် ၊ ခင်ဗျားကို သွားခေါ်ပေးဖို့ပြောတယ် ။
ဒါနဲ့ ခင်ဗျားတို့အိမ် ကျွန်တော်ရောက်လာတာ ၊ ကားငှားရတာ တော်တော်နဲ့ အဆင်မပြေလို့ လေးနာရီလောက်ကျမှ ရောက်တယ်ဗျာ ၊ မမအေးနဲ့တွေ့တော့ ခင်ဗျားဌာနမှာ ရှိမယ်လို့ သိရတယ်။ပြန်ထွက်မယ်လုပ်တော့ မမအေးက ငါးနာရီလောက်ကျမှ အစ်ကိုပြန်လာမယ် ၊မမအေးကို လာခေါ်ပြီး အမွန်တို့အိမ်သွားမယ်ဆိုတာသိရလို့ အစ်ကို့ကို စောင့်ရတယ် ။
အစ်ကို့ကားလည်း ရောက်ရောက်ချင်း အမွန်တို့အိမ်ဝင် ၊မမအေးကိုထားခဲ့ ၊ခင်ဗျားဆီလာတော့ ဘယ်သူမှ မတွေ့ဘူး ”
ကိုကြည်လွင်အသံက လှိုက်မောသံ ပါနေသည်။ကိုလတ်က ရှေ့တည့်တည့်သို့ အာရုံစိုက်ထားသည်။မှန်တွင်အငွေ့ပြန်သောကြောင့် မှုန်သွားသည်။လက်တစ်ဖက်က စတီယာရင် ဘီးကိုထိန်းပြီး ကျန်တစ်ဖက်က အပြင်ကိုထုတ်ပြီးမှန်ကို ပွတ်သည်။
ရေသုတ်လက်တံကို ဖွင့်ထားသော်လည်း မှန်အတွင့်အပြင်ကို ပွတ်နေသည်။အင်းလျားလေးအကွေ့ကို လွန်လာခဲ့သည်။
“ ကိုကြည်လွင်တို့ လာတဲ့အချိန် ကျွန်တော်က လှည်းတန်းထိပ်ကိုရောက်နေတယ် ”
“ ခင်ဗျားသွားတက်တဲ့ နေရာအနှံ့ပဲ ၊ စမ်းချောင်းက ကီဝီအိမ်တို့ ၊ ကိုကျော်တို့အိမ်လည်းရောက်တယ် ၊ သမိုင်းက ကိုဇော်တို့အိမ်လည်းရောက်တယ် ၊ ကျောက်မြောင်းက ကိုစန်းမြင့်တို့အိမ်ရော ၊ သင်္ဃန်းကျွန်းက ဝဏ္ဏတို့အိမ်ရော အစုံပဲဗျာ ။
အစ်ကို သတိပေးလို့ ဝင်ဒါမီယာက ရုပ်ရှင်စတီဒီယိုလည်း ရောက်ခဲ့သေးတယ် ၊ ခြောက်နာရီထိုးတော့ လက်လျှော့ပြီး အမွန်တို့အိမ်ပြန်သွားရတာပေါ့ ၊ လေဆိပ်ရောက်ပြီးတော့ အချိန်ရသေးတာနဲ့ ဒီကိုတစ်ခေါက်ပြန်လာတာ ၊ လူကိုသေချင်စော်နံသွားတာပဲ ”
ကိုကြည်လွင်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ထားလိုက်သည်။ရင်ထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။နှလုံးသွေးတွေ ဆူလာသည် ထင်ရ၏။
ကိုလတ်က သူ့ကိုငဲ့ကြည့်ပြီး ပြုံးသည်။ကားစက်သံမှတစ်ပါး စကားမဆိုမိကြ။ပင့်သက်တစ်ချက် ရှိုက်မိသည်။နူတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။
“ ဒီနေ့ ဆိပ်ကမ်းမှာ ကျွန်တော်တာဝန်ကျတာ မနည်းကြီးပြောယူရတယ် ၊ဒါ့ကြောင့် ခင်ဗျားနဲ့ မနေ့က မတွေ့ဖြစ်တာ ၊ နို့မဟုတ်ရင်တော့ ဘယ်မှာရှိတယ်ဆိုတာ သိရမှာ ၊ မနေ့က သူများအလှည့်မှာ တာဝန်အစားယူလိုက်ရတယ်လေ ”
ခေါင်းကိုသာ ညိတ်ပြလိုက်ရသည်။စိတ်ကစောနေသည်။အမွန့်ထံသို့ စိတ်ရောကိုယ်ပါ ချက်ချင်းရောက်သွားချင်သည်။ကားအချိန်နှေးကွေးလွန်းသည် ထင်ရ၏။
“ မီမှ မီပါ့မလားမသိဘူး ”
စိတ်မောသံနှင့် သူ့ကိုယ်သူပြောသလိုပြောသည်။ကိုကြည်လွင်က လက်ပတ်နာရီကို ကြည့်ပြီး —
“ ခုမှ ခုနှစ်နာရီဆယ်မိနစ်ဆိုတော့ မီပါတယ်ဗျာ ၊ လေယာဉ်က ခုနှစ်နာရီလေးဆယ်ငါးကျမှ ထွက်မှာပါ ”
ရှစ်မိုင်ကုန်းအဆင်းတွင် ကိုလတ်က ကားအရှိန်အနည်းငယ်မြှင့်ပြီး မောင်းရင်းတိုးတိုးရယ်သည်။ရယ်သံတွေ ၊ ယူကျူံးမရသံတွေ ၊ အားမလိုအားမရ ဖြစ်သံတွေ ရောနေသည် ထင်ရ၏။ကိုထွေးက နားမလည်သော အကြည့်နှင့် လှည့်ကြည့်သည်။
“ ဒီမယ် ကိုထွေး ၊ ရာဇဝတ်ဘေး ပြေးမလွတ်ဘူးတဲ့ သိလား ၊ ရာဇဝတ်မှု တစ်ခုခုကို ကျူးလွန်မိပြီဆိုရင် တရားခံကိုယ်တိုင် ဖြောင့်ချက်ပေးလို့ပဲ ဖြစ်ဖြစ် ၊ တရားခံပေါ်ရတာချည်းပဲ ။ အဲ့သလို ကိုထွေး ၊ အချစ်ဆိုတဲ့ ပြစ်မှုကို ကျူးလွန်လိုက်မိပြီဆိုရင်လည်း တရားခံအစစ်ပြေးဖို့ လွတ်ရိုးထုံးစံမရှိပါဘူးကွာ ”
ပြန်မပြောနိုင်အောင် ဖြစ်ရသည်။
မင်္ဂလာဒုံ လေယာဉ်ကွင်း ၊ လမ်းခွဲသို့ ရောက်တော့မှ တစ်ခွန်းသာ ပြန်ပြောနိုင်သည်။
“ ပြောသမျှ အလုံးစုံကို ကျွန်တော်ရင်ဆိုင်နိုင်ပါတယ် အစ်ကိုရယ် ၊ ပြောကြပါ ပြောနိုင်ပါတယ် ”
ရှေ့တွင် နှင်းထုတွေတားဆီးနေတာကို ကားမှန်ထဲမှ လှမ်း၍မြင်နေရသည်။
“ အမွန်လည်း ခင်ဗျားကို တွေ့မှတွေ့ပါ့မလားလို့ စိတ်စောနေမှာပါပဲ ကိုထွေး ၊ ခင်ဗျားကို တွေ့လိုက်ရရင်တော့ သူသိပ်ဝမ်းသာမှာပါပဲ ”
သစ်ပင်တွေ နောက်မှာကျန်နေရစ်ခဲ့သည်။
လေဆိပ် အဆောက်အအုံထဲသို့ ဝင်ကာ အုတ်တိုင်ဖြူဖြူလေးတွေကို လွန်လာခဲ့သည်။

*********

ကားရပ်လျင်ရပ်ချင်း ကိုထွေးက ချက်ချင်းဆင်းသည်။သူ့နောက်က ကိုကြည်လွင်က ကပ်လျက်ပါလာသည်။လူသွားလူလာ အဖြတ်အသန်းများလှသဖြင့် မျက်လုံးအဝေ့အဝှိုက် ညာဘက်ရွှေ့ကာ အမွန့်ကိုကြည့်ရသည်။အသင့်ဖွင့်ထားသော မှန်တံခါးဆီသို့ မရောက်မီကပင် ရှာမိသည်။
မှန်အကာတွေကြောင့် ခန်းမကြီးထဲရှိ လူတွေကို မြင်နေရသည်။အတွင်းသို့ ခြေလှမ်းမိသောအခါ ရင်တွေပိုပြီးခုန်လာသည်။တွန်းလှည်းတွေနှင့် ပစ္စည်းပစ္စယတွေ သယ်ယူနေကြသော အမှုထမ်းများ လေယာဉ်အရာရှိများ ၊ လုံခြုံရေးတာဝန်ခံများ ၊ ခရီးသည်တို့ကို လိုက်ပို့သူများ ၊ နိုင်ငံခြားသားများ လေဆိပ်အမှုထမ်းများ သွားလာလှုပ်ရှားလျက်ရှိသည်။
စုရုံးပြီး စကားရပ်ပြောနေကြသူများ ၊ အပေါ်ထပ်နှင့် အောက်ထပ် တက်ဆင်းနေကြသူများ ၊ ဘဏ်တိုက်ခွဲ ပတ်လည်တွင် အလုပ်လုပ်နေကြသူများ ။
လူတွေ ကွယ်နေသောကြောင့်လား ၊ ပူလောင်နေသောကြောင့်လားမသိ။အမွန့်ကို မတွေ့ ။
ကိုကြည်လွင်က သူ့ကိုဆွဲခေါ်ကာ —
“ ဟိုမှာ ဟိုမှာ ” ဟု ပြောသည်။
ကိုကြည်လွင် လက်ညိုးညွှန်ရာသို့ လှမ်းအကြည့်တွင် အမွန့်ကို ညိုညို အေးအေးတို့နှင့်အတူ တွေ့ရသည်။အမွန်သည် သူ့ကို လှမ်းမြင်သည်။
မြင်သည့်ခဏတွင် သူရှိရာသို့ ပြေးလာသည်။သူက အမွန့်ထံသို့ ခပ်မြန်မြန်လျှောသွားလိုက်သည်။
လမ်းတစ်ဝက်တွင် အမွန်သည် လေယာဉ်မှုးတစ်ဦးနှင့် တိုက်မည့်တော့မည်နှယ် ဖြစ်သွားသည်။ခြေကိုတုန့်ကာ ရှောင်လိုက်ပြီး ခပ်သုတ်သုတ်လျှောက်လာ၏။မျက်နှာချင်းဆိုင်တွေ့မိတော့ အမွန်ပြုံးလေ၏။
“ ကို့ ရောက်လာတယ်နော် ”
ရင်တွေခုန်လွန်းသောကြောင့် ရုတ်တရက် မဖြေနိုင် ။ ပြုံးပြဖို့ပင် အတော်အားယူရသည်။
“ အမွန် သိပ်ကို တွေ့ချင်လွန်းလို့ပါ ”
သူခေါင်းညိတ်လိုက်သည်။အမွန်က ကိုယ်ကိုလှည့်ကာ ညိုညိုတို့ရှိရာ ခြေဦးတည့်သည်။သူ့ဘယ်ဘက်ဘေးတွင် ကပ်ပြီး အမွန်လိုက်လာသည်။
ပခုံးစွန်းချင်း လက်ဖဝါးချင်း ရံခါထိမိသည်။
အမွန်သုံးနေကျ ရေမွှေးရနံ့သည် ထုံထုံပျံ့ပျံ့။
အပေါ်ထပ်လှေကား၏ ဘယ်ဘက်လှေကားသို့ ရောက်သော် သူ့ကိုညိုညိုနှင့် အေးအေးတို့က ပြုံးပြသည်။
ထိုအချိန်တွင် ကိုလတ်သည် သူတို့အပါးသို့ ရောက်လာ၏ထို့နောက် အမွန့် မိခင် နှင့် ဖခင်တို့ ရောက်လာကြသည်။
စကားတစ်ခွန်းနှစ်ခွန်းပြောရသေးသည် ။မိတ်ဆွေတစ်စု ရောက်လာသောကြောင့် အရှေ့ဘက်ခန်းမဆီသို့ ရောက်သွားပြန်သည်။
ကိုကြည်လွင်အနီးသို့ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက် ရောက်လာသည်။စကားစမြည်ပြောပုံကိုထောက်လျင် တစ်ဌာနတည်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်ဟန်ရှိ၏။ထိုအရာရှိ ခေါ်ရာဘက်သို့ ကိုကြည်လွင် လိုက်သွားသည်။ခန်းမထဲတွင် စကားသံတွေ ၊ အိတ်ဆောင်ရေဒီယိုမှ သီချင်းသံတွေကို ကြားနေရသည်။
ကိုလတ်က ခြေထောက်ကို ရွှေ့လိုက်သည်။အေးအေးနှင့်ညိုညိုတို့က ဟိုလိုဟိုလို ဒီလိုလိုနှင့် အရှေ့ဘက်သို့ လျှောက်သွားကြသည်။ထိုအချိန်တွင် အာရုံတွေ ထွေပြားလာသည်လားမသိ။နားထဲတွင် အသံတွေ တိတ်ဆိတ်သွားသည်။
အမွန့်ကို ငေးကြည့်နေမိသည်။မနေ့က ဆွယ်တာအင်္ကျီနှင့် ။အမွန်အသက်ရှုမြန်နေသည်ဟု ထင်ရ၏။ ရင်ညွန့်သည် မို့လာလိုက် ။နိမ့်သွားလိုက်။
“ ကျွန်တော် ဘယ်လိုဖြစ်နေတယ်ဆိုတာ အမွန်သိပါတယ်နော် ”
အစွန့်စားဆုံး စကားလုံး ။ညိုးနေသော အမွန့်မျက်နှာသည် ကြည်လင်လာသည်ထင့် ။နှစ်နှစ်ကာကာ ပြုံး၍ခေါင်းညိတ်သည်။
“ သိတာပေါ့ ကို ရယ် ၊ အမွန်လည်း ကို့လိုပါပဲ ”
စကားတစ်ဝက်တစ်ပျက်တွင် ရှိုက်သံက ရောယှက်လာသည်ကို အမှတ်ထားမိလေသည်။
မေးကြောလေးတွေ တင်းလာသည်အထိ အံကြိတ်ထားသည်။မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ ခေါင်းငုံ့ပစ်လိုက်သည်။
“ ကို ”
ခေါ်သံ၏ နောက်ကွယ်တွင် ခံစားမှု အတိုင်းအတာကို ချင့်တွက်နားလည်မိသည်။
“ ဘာလဲ အမွန် ၊ အမွန် ဘာပြောချင်လဲ့ ပြောလေ အမွန် ”
အမွန့်နှာသီးဖျားလေးတွေ လှုပ်ရှားလျက်ရှိသည်။
နူတ်ခမ်းသည် မသိမသာ တုန်နေသည်။
သက်ပျင်းတစ်ချက် ချလိုက်သည်။
ပျောက်သွားမည်စိုးသောကြောင့် အကြာကြီးစိုက်ကြည့်သည်။ပြီးတော့ အသံကို ထိန်းပြုကာ ခပ်ဖြည်းဖြည်းဆို၏။
“ ကို ပြောချင်တဲ့ စကားရှိရင် အမွန့်ကို ပြောလိုက်ပါတော့ကွယ် ၊ အမွန်ကြားချင်တယ် ၊ ပြီးတော့ ပြန်လို့လည်း ပြောချင်တယ် ကိုရယ် ”
ရင်တွေ ကွဲထွက်မတက် ခံစားလိုက်ရသည်။ စကားအဆုံးတွင် နှလုံးသွေးအခုန်သည် ဆူပွက်တော့ မတက်။
သည်းပွတ်ထဲတွင် ငဲ့ညှာခြင်း ၊ ထောက်ထားခြင်း ၊ စာနာခြင်းတွေ တစ်စစီပြိုကျလာ၏။
ကိုက်ထားမိသော နူတ်ခမ်းကို လွှတ်လိုက်သည်ည။ အားတင်းလိုက်သည်။ ပြောဖို့စကားကို ဆုံးဖြတ်လိုက်သည်။နူတ်ခမ်းကို ပြင်လိုက်သည်နှင့် အမွန့် မျက်နှာလှုပ်ရှားလာသည်။
အလှဆုံး မျက်လုံးအစုံကို သူကြည့်လိုက်စဉ့့် 
“ မျက်လုံးတစ်ကြည့် ၊ အပြုံးတစ်ချက်နဲ့ ရင်ထဲရှိတာကို တစ်ယောက်က ပြောတယ် ၊ ဒီစကားကို တစ်ယောက်ကလည်း နားလည်တယ် ။ နားလည်လို့ မျက်လုံးတစ်ကြည့် အပြုံးတစ်ချက်နဲ့ပဲ ပြန်ပြောတယ် ။နားလည်လိုက်ကြပြီပဲ မဟုတ်လား ။နူတ်က ဖွင့်ဟတဲ့ စကားဆိုတာ လိုသေးရဲ့လား အမွန်ရယ် ”

စကားအဆုံးတွင် အမွန်သည် မျက်လုံးကို အသာမှိတ်လိုက်သည်။သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း မျက်လွှာဖွင့်သည်။
ထို့နောက် ပြုံးသည်။ ခေါင်းတစ်ချက် ညိတ်သည်။

သူ့ကို ကြည့်သည်။


( ၁၈ )

ကားဦးသည် ဆောင်းလေအအေးထုကို အရှိန်ပြင်းစွာ ထိုးဖောက်လျက်ရှိသည်။
ကားစက်သံကို ဂျက်လေယာဉ် အင်ဂျင်သံက လွှမ်းမိုးနေသည်။လျှိုတွေ ၊ ချိုင့်ဝှမ်းတွေ ၊ တောအုပ်တွေ ၊ လမ်းကွေ့တွေကို ပီပီသသ မြင်နေရသည်။
သူ့မျက်လုံးထဲတွင် တရိပ်ရိပ် မြင်နေရသည်။
နှင်းကွဲ သွားချေပြီ။
သို့သော် မှုန်ဝါးဝါး ဖြစ်လာပြန်သည်။
သူ့မျက်လုံးထဲတွင် နှင်းတွေ ဝေလာလေ၏။


ငြိမ်းကျော်


      Have a nice day.
Aung Thu Win (Pyawbwe Town )


No comments:

Post a Comment