Thursday, August 6, 2020

မဟာဗောဓိမြိုင်ဆရာတော် အပိုင်း ( ၃ )

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၁၁)

""တာဝန်ခံသူ မရှိ တာဝန်ကား မခံ ""

တိုက်၌ အုပ်ချုပ်သူမရှိပါက တိုက်ခါခြင်း ကိစ္စပြုကျင့်ရစမြဲ။ 
တိုက်ခါခြင်းဟူသည် ထိုတိုက်ရှိ စာသင် သားများ၏ အုပ်ချုပ်ရေး၊ နေထိုင်စားသောက်မှု စသည့် အစုစုကိစ္စရပ်များကို မည်သူ တစ်စုံတစ်ဦး ကမျှ ကြားခံမဝင်ခြင်းပင်။
 
ထိုစဉ်က တစ်တိုက်လုံး၏ စာချတာဝန်များကို ဆရာတော်ဦးပဏ္ဍဝ(ပခုက္ကူ)က တာဝန်ခံ ပို့ချနေ ချိန် ဖြစ်၏။ ရောက်လာသမျှစာချကထိကများလည်း တစ်ပါးပြီးတစ်ပါး ပြောင်းရွှေ့သွားကြသည်က များ ၏။ ယင်းဆရာတော်တစ်ပါးသာ စွဲမြဲစွာတည်ရှိ၏။ ၄င်းကလည်း ထိုအုပ်ချုပ်ရေး၊ စားသောက်နေထိုင် ရေး များကို တာဝန်မခံပြီ။ 

တာဝန်မခံသည့်အပြင်

 “အရှင်ဘုရားတို့ ကြွလိုရာကြွကြ၊ သည်တိုက်မှာ 
တာဝန်ခံမရှိ” 

ဤသို့လျှင် အတိအလင်းကြေညာတော့ ချေရာ ငါတို့သည် 

-ဤပုသိမ်ကား ငါတို့၏ ပညာဘူမိ နတ်သန် အမှန်ပေတကား။ 

-ငါတို့ကား ဤပုသိမ်မှပင် ဓမ္မာစရိယ ခရီးလမ်း ပြီးဆုံးသည် အထိ တက်လှမ်းရချေမည်တကား။ 

-ငါတို့ကား တစ်နေ့နေ့ တစ်ချိန်ချိန် ဤပုသိမ်မှာ ပင် ဣန္ဒြေရစွာဖြင့် စာချစာသင် သာသနာ့နွယ် ဝင်အဖြစ် ခံယူချေတော့မည်တကား။ 

ထိုစိတ်ကူးယဉ်များ တိမ်းပါးခဲ့ရချေပြီ။ ပညာကံအကျိုးပေး သန်သော ထိုပုသိမ် လက်လွှတ် ခဲ့ရချေပြီ။ 

သို့နှင့် ရှိစုမဲ့စု ပထမကြီးတန်း စာအုပ် စာတမ်းများ ဓမ္မာစရိယတန်း စာအုပ်စာတမ်း များစွာ တို့ကို သီတင်းသုံးဖော်ဖြစ်သူ ဦးဉာဏုတ္တရအား လှူဒါန်းထားခဲ့ပြီး အရေးကြီးသော ဓမ္မာစရိယတန်း ၏ ပါဠိတော်အဋ္ဌကထာများလောက်သာ သားရေ သေတ္တာတွင်း ထည့်သွင်းလျက်က သေတ္တာတစ်လုံး အိပ်ယာလိပ်တစ်ခုဖြင့်သာ ရန်ကုန်သို့ ပြန်ခေါက်ခဲ့ ရပါချေပြီ။ 

ထိုသို့ ပြန်လည်မခေါက်မီ ငါတို့နေထိုင်ခဲ့ ရာ သရက်တောတိုက် ကျောက်ပန်းတောင်းကျောင်း၊ ထိုစဉ်က တာဝန်ခံဖြစ်သော ဆရာတော် ဦးသုမနထံ ပြန်လည်ကာ နေထိုင်လိုပါကြောင်း စာအားဖြင့် ကြိုတင်အကြောင်းကြား ထားပြီးဖြစ်၏။ 

 သို့ကြောင့် ရန်ကုန်ရောက်ရောက်ချင်း ၄င်း ကျောက်ပန်းတောင်းကျောင်းသို့ တန်းသွား၏။ 

မကြာပါလေ။ သုံးရက်ပြည့်၍စေ့သော အခါ- “ငါက မင်းမို့လို့ သည်လောက်ခွင့်ပြုထား တာရယ်၊ တို့ ကျောင်းထုံးစံက အာဂန္တုဆိုရင် သုံးရက်ပြည့်လျှင်မထားဘူးဗျ” ဟူ၍ နှင်ပါချေ သတည်း။ 

“အင်း ကံကြွေးပြစ်ဒဏ် မာန်အစီအမံကား ခံရဖို့အလှည့် ကျလေမှကိုး” 

သို့ဖြင့် မာန်လျှော့ကာ သူငယ်ချင်းအားကိုး လျက်က သာသနာဒယကျောင်းသို့ ပြောင်း၍ နေခွင့်တောင်းပြန်၏။ မရလေ။ သို့ကြောင့် ခေတ္တ တောင်းပန်ကာ နေခွင့်ရကျောင်း အပြင်းရှာရချေ တော့၏။ 

ဘုံကျော် ယခု နိမ္မိတာကား ငါတို့ မော်လမြိုင် တုန်းကအတူနေလည်းဖြစ်ဆရာတော်ဦးကုဏ္ဍလ ၏တူအရင်းလည်းဖြစ်သူ နေခဲ့ဖူးရာကျောင်းဖြစ်ခဲ့ ၏။ ဦးသာသနထံ အကူအညီတောင်းခံက ရနိုင်စရာ အကြောင်း များစွာရှိ၏။ ဤသို့ စိတ်ကူးဖြင့် 
မော်လမြိုင်သို့ပြေး၍ ဦးသာသနထံ အကူတောင်း ၏။ ၄င်းကလည်း ရှောရှောရှူရှူပင် ဘုံကျော်ရှိ သူ့ဆရာ့ထံ စာတစ်စောင်ရေးကာ လွှတ်လိုက်၏။ 

သို့နှင့် နံနက်ခင်းတွင် ဘုံကျော်သို့သွား၏။ ဆရာတော်ကား မျက်စိမျက်နှာပျက်လေ၏။ အစ်ကို ( တစ်လှည့် ငါတို့ကိုတစ်လှည့်ကြည့်၍ စိတ်မသက် မသာ ဖြစ်နေချေ၏။ 

မကြာပါလေ။ နေ့ဆွမ်းစားပြီးသည်နှင့် စိတ်ခက်ထန်သောရဟန်းတစ်ပါး အနားသို့ရောက်လာ ပြီး ခြိမ်းခြောက်ပါချေတော့၏။ မနေရန် အတင်း အရေးဆို၏။ ငါတို့မတတ်သာပြီ။ အေးဆေးစွာပင် သေတ္တာနှင့် အိပ်ယာလိပ်ဆွဲကာ ၄င်းဘုံကျော်မှ ထွက်ခဲ့ရပါ၏။ သူငယ်ချင်း၏ သာသနောဒယ ကျောင်းသို့သာ ခေတ္တနေခွင့်တောင်း၍ ကျောင်းရှာ ရပါချေ၏။ 

ယင်းသာသနာဒယ၌လည်း ရက်ကြာလာသဖြင့် အာဂန္တုက အရာမဝင်ပြီ။ သို့ကြောင့် စားရေး၊ သောက်တာကိစ္စ၌ မျက်နှာပူလာရ၏။ သူငယ်ချင်း က မည်မျှသဘောကောင်းစေ၊ သူ့ကျောင်းထိုင် ရှိသေး၏။ သူ့အထက်ဆရာများလည်း ရှိသေး၏။
 
ထိုအခါ အစားအသောက်အတွက်ကို ကိုယ့်ကိုယ်ကိုတာဝန်ယူဖို့ ဆုံးဖြတ်ရ၏။ ပါလာသော စရိတ်လေးဖြင့် ပြင်ပဆိုင်များသို့ထွက်၍ တစ်နေ့မှ တစ်ထပ်သာ မှီဝဲရချေတော့၏။ ကြာသော် အဝစား တစ်ကျပ်ကိုပင် မတတ်နိုင်တော့ရကား တစ်မတ် တန်မုန့်လေးများဖြင့်ပင် ဝမ်းရေးကိစ္စပြီးစီးရသည့် အထိ ဆိုက်လာချေတော့၏။ 

ထိုစဉ် ငါတို့အား သနားသော ဂရုဏာရှင် ပေါ်လာ၏။ ၄င်းကား သာသနာဒယရှိ ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးမှ လာရောက်ပညာသင်ကြား နေသော ဦးစန္ဒတည်း။ ထိုဦးစန္ဒသည် ငါတို့၏ဖြစ် အင်ကို မရှုရက်တော့သဖြင့် ၄င်း၏ရွာဆိပ်ကြီးသို့ ခေါ်သွား၏။ စိတ်ကြိုက်နေရန်မှာကြား၏။ ကျောင်း ထိုင်ဆရာတော် ဦးဇောတိက ကလည်း ရက်ရော ကြည်ဖြူစွာလက်ခံထား၍ ဦးစန္ဒ ရန်ကုန်မှနေ၍ ကျောင်းရှာပေး၏။ တစ်ပါတ်တစ်ကြိမ် ရွာသို့ ပြန်ကြွ လာကာအကျိုးအကြောင်း လည်း ပြောပြသေး၏။ 

ဝါဆိုရန်သာနီး၏။ ကျောင်းနေခွင့်ကား မနီး။ ။ 

အားလုံး ခြုံငုံသုံးသပ်ရချေသော် မိမိကျောင်း ဂုဏ်သိက္ခာမကျရေးသည်သာ ရှေ့တန်းသို့ တင်ထား ကြလေပြီး သာသနာတစ်ခုလုံး၏ အရေးကား မှေးမှေး မျှသာရှိချေ၏။ ကိုယ့်ဒကာအသိုင်းအဝိုင်းနှင့်ကိုယ့် အရှိန်အဝါမညှိုးမှိန်ရေးကသာကြီးစိုးနေသည်ထင်၏။ 

သို့ကြောင့် စာသင်တိုက်ကြီးများကိုဝင်၍ စာသင်ခွင့်ရရေး အခြေမပေးတော့သောအနေ ဆိုက်နေပြီဖြစ်၍ ဆိပ်ကြီးမှစောင့်နေလည်း အခြေ ထူးမည်ကားမဟုတ်ပြီ။ ရန်ကုန်ဘက်ပြန်လှည့်ခဲ့၍ တစ်ခုခုလုပ်မှ တော်တော့မည်ဟူ၍ ဆုံးဖြတ်ချက်ချ ကာ သာသနာဒယသို့ပင် ပြန်လည်ကပ်ခဲ့ပြီး ဘုန်းကြီးလမ်း၊အမှတ်-၅၂ ၌ရှိသော နောင်တော်နှင့် ဆက်သွယ်ရချေတော့၏။ နောင်တော် ဦးရေ၀တ ကား ဦးလှအောင်ဟူ၍ ရုပ်ပြောင်းထားပြီး ဖြစ်နေ ပါချေ၏။ 

ငါတို့ ကား စာပေသင်ကြားရေးကြား ကြားညှပ် သမား။ ကြားညှပ်မှန်သမျှ မည်သည့်ကြား ဖြစ်ဖြစ် ညှပ်သွားလျှင် ကျပ်သွားတော့သည်သာ တည်း။ ကျပ်၍ လှုပ် နှုပ်မရရုံ သာရှိချေမည်။ 
ချောင်လည်၍ကား မလာပြီ။ 

ဘုန်းကြီးလမ်း၊(၅၂)သို့ သွားသောအခါ နောင်တော်နှင့် အဆင်သင့်တွေ့ရ၏။အကျိုးအကြောင်း မေးကြ၊ ဖြေကြ၏။ အခက်အခဲကူညီရန် တာဝန်ခံ ၏။ တာဝန်ခံသည့်အတိုင်းလည်း ၎င်းကိုယ်တိုင် နီးစပ်ရာ လိုက်လံရှာဖွေပေး၏။ သို့သော် အခြေ အနေကား ထူးမလာပြီ။ - 

မိမိခင်သောကျောင်းကား မိမိသို့ ပြန်မခင်ပြီ။ 

- မိမိသိသော ကျောင်းများကလည်း မိမိအား ပြန်လည်၍ မသိတော့ပြီ။ 

   ""  ရှိသမျှဟန် ဆုတ်ခံခံ၍ ထွက်ဟန်ပြင်ဆင်လိုက်ခြင်း ""

နောက်ဆုံးအခြေအနေကား လူထွက်တော့ ရန် ပိုင်းဖြတ်လိုက်ခြင်းတည်း။ 

ငါတို့စိတ်သည် ထွေနေ၏။ အားမလို အားမရစိတ် ကြားမှ မာန်သည် ထကြွလာ၏။ စိတ်ထွေနေခြင်းမှာ ငါချစ်လှသော ပရိယတ္တိစာပေ အား စွန့်ခွာခဲ့ရမည်ကိုတည်း။ ငါကြောက်လှသော လူ့ဘဝ ဝင်ရောက်ရမည်ကိုလည်း အားမလို အားမရ စိတ်ထားမှာ သာသနာ့အရေးကိုတည်း။ 

သာသနာတွင် ဆရာအနေဖြင့် ပြုမှမဟုတ် ဒကာအနေနှင့်လည်း ပြု၍ လည်းရသည်သာ။ 

မဂ်,ဖိုလ်ခြေသည် ဆရာမှ နီးသည် မဟုတ် ဒကာ့အဖြစ်ကလည်း နီးစပ်သည်သာ။ 

ဤသည်တို့ကား ထိုအချိန်က တင်ခဲ့သော စွဲချက်များဖြစ်ချေ၏။ 

ရဟန်းလောက စိတ်နာသဖြင့် ဖြစ်ခဲ့ရသော ပြစ်မှားမှုများဖြစ်ချေ၏။ 

အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ငါတို့ အမြင်သည် ဘုန်းကြီးမျှလောက်သာ အမြင်ပေါက် ပြီး သံဃာအထိ အသိမရောက်သေးသောကြောင့် တည်း။ မည်သည့်ဘုန်းကြီးဖြစ်ဖြစ် ငါသို့ပင်ဖြစ်ရ မည်ဟု ကိုယ့်စိတ်ဖြင့် နှိုင်းကြည့်တတ်ရုံသာ ရှိခဲ့ သေး၏။ 

စင်စစ် ထိုအတွေးများသည် ငါ၏အမြင်မ ကျယ်မှုသာဖြစ်ကြောင်း နောင်တော့မှ ကောင်းကောင်း သိလာရချေတော့၏။ ပရိယတ္တိဝန်းကျင်မှ ပဋိပတ္တိ ဝန်းကျင်ဘက်သို့ ရောက်လာသောကာလကျခါမှ ဘုန်းကြီးနှင့်ရဟန်း ကွဲတော့၏။ ထိုအချိန်ကာလ သို့ရောက်သော ငါတို့၏ စိတ်ထားကား သာမဏေ လေးပင်ဖြစ်ပါစေဦး။ ထိုသာမဏေလေး တစ်ဦးတည်း ၌ပင် ပုဂ္ဂိုလ်နှင့် သံဃာဟူ၍ တစ်မျိုးတည်း နှစ်မျိုးကွဲ 
လျက် ကြည့်တတ်မြင်တတ်လာချေပြီ။ 

ထိုသာသနာ့ဝန်ထမ်းဘဝ အသက်အား ဖြင့်(၂၅)၊ သိက္ခာဝါအားဖြင့်(၅)ဝါရ အချိန်၏ 
လောကဓံ မုန်တိုင်းထန်ချိန်တုန်း၌ကား မည်သည့် ဘုန်းကြီးကိုမျှ ကြည့်မရခဲ့ပြီ။ 

သို့ဖြင့် နောင်တော်အား လူထွက်တော့မည့် အကြောင်း ပြောဆို၏။ အလုပ်အရှာခိုင်း၏။ 

နောင်တော်ကား သာသနာ့ဘောင်၏ အကျိုး တရားများနှင့် လူ့ဘဝ၏ အပြစ်များကို နှိုင်းယှဉ်ပြ လျက်က လူမထွက်ရန်ဖျောင်းဖျ၏။ 

ဘာပြောပြော နားမဝင်တော့ပြီ။ 

လူထွက်ဖို့ထက် သာသနာဘက်ခရီးမဆက် ရေးသည် ငါ့ကိစ္စ။ 

လူအများနှင့်ပေါင်းရခြင်းထက် ရဟန်းများနှင့် ကင်းဝေးရေးသည် ငါ့ဆန္ဒ။ 

အရာတစ်ခု၌ မကောင်းဟုထင်လာသော အခါ မကောင်းမြင်သဘောတရားများသည် စဉ်တိုက် အားဖြင့် ပွားများလာချေ၏။ ထို မကောင်းထင် အယူအဆနောက်သို့ မာနသည် ပင့် အားဖြင့် နောက်ယောင်ခံ လိုက်လာပြီး ဒေါသကလည်း ဝင့် အားဖြင့် လိုက်ပါလာကြခြင်းကြောင့်ဖြစ်၏။ 

စင်စစ်ထိုအရာကား-ထိုအရာသာ ထိုအရာ ကား သူ့သဘောသူ့သဘာဝအတိုင်းသာ။ တစ်ဖက်သို့ 
ကောင်းအောင်လုပ်ပြခြင်းလည်းမဟုတ်၊ ဆိုးအောင် လုပ်ပြခြင်းလည်းမဟုတ်။ တစ်ဖက်ကသာ သူ့ အထင် သူ့အမြင်ဖြင့် ကောင်းပေ့-ဆိုးသည် ဝေဖန်နေခြင်း မျှသာ။
 
ရဟန်းလောကသို့ ထိုမကောင်းထင် ဝင်လာ ချိန်မှစ၍ လူ့ဘဝ၏အကောင်းမြင်ကလည်း တစ် စခန်း ထချေတော့၏။ လူ့ဘဝ၏ ဗရုတ်သုတ်ခ များစွာသည် ငါတို့အဖို့ အဟုတ်သုတ်ခပမာသာ ထင်တော့၏။ သို့ဖြင့် လူထွက်ရန်ကိုသာ ဆန္ဒအား ကြီးတော့၏။ 

နောင်တော်ကား တားမရသည့်အဆုံး တစ်ဝါ တွင်းတော့ ခေါင်းအေးအေးစဉ်းစားရန် အချိန်ယူဖို့ 
လျှောက်၏။ ထိုတစ်ဝါတွင်းနေရန်လည်း ကျောင်း ကိစ္စ သူကပင်တာဝန်ယူ၏။ လူ့ဘဝ၏ ထည့်သွင်း စဉ်းစားစရာအကွက်များကိုလည်း ကြိုတင်လျှောက် ကြားထား၏။ 

ထိုနောင်တော့်စကား မဖယ်ရှားလိုသဖြင့် တစ်ဝါနေရန်သဘောတူခဲ့၏။ နောင်တော့်အစီအစဉ် အတိုင်းပင် သင်္ကန်းကျွန်း ဘဝမြင့်ရိပ်သာအတွင်းရှိ သာသာနာ့ဝန်ဆောင်ကျောင်း ခေါ်သောကျောင်းငယ် လေး တစ်ကျောင်းသို့သွားရောက် ဝါဆိုရ၏။ 

ထိုကျောင်း၏ ကျောင်းပိုင်ဆရာတော်ကား ဦးဣန္ဒာစာရ ဘွဲ့တော်တွင်၏။ ဆရာတော် ဦးဣန္ဒာစာရ သည် ကျောက်ဆည်မြို့၊လေသာစာသင်တိုက်မှစာချ ဆရာတစ်ပါးဖြစ်ခဲ့ပြီး ထိုစာချဆရာဘဝမှထွက်ခဲ့၍ ဤရန်ကုန်၌ အခြေချနေထိုင်တော်မူသော ဆရာ တော်တစ်ပါးဖြစ်၏။ နောင်တော် ကျောက်ဆည် လေသာတိုက်နေစဉ်က ဆရာရင်းဖြစ်ခဲ့၏။ ထိုဆရာ တော်ကလည်း ငါတို့ကို လိုလားစွာလက်ခံ၏။ လိုလား စွာဖြင့်အားကိုး၏။ ဘာမဆို ငါတို့ကိုသာ တာဝန်ပေး ၏။ ငါတို့ကလည်း အကင်းအညှာ အထာပါးပါးဖြင့် 
ဆောင်ရွက်ပေး၏။ သို့ သော် 

ဆရာတော်ကား သူ့၏လက်ရုံးတစ်ဆူဖြစ် လာစေရန်တည်း။ 

ငါတို့သည်ကား လူထွက်ရမည့်ရက် စောင့်ဆိုင်းနေခြင်းမျှသာတည်း။ 

ဤသို့လျှင် ရည်ရွယ်ချက်၊ မျှော်လင့်ချက် ချင်း ကွဲလွဲလျက်ရှိပါချေ၏။ 

""မိလ္လာ ကြုံးလျက် ဘဝကို ရုန်းနိုင်မလား ""

“လောကတစ်ခုကိုကျော်လွန်ရာ၌ အကောင်း မြင်ဖြင့် ကျော်လွန်လျှင် အပြစ်ကင်းတတ်၏” 

“ဘဝတစ်ခုကိုတည်ဆောက်ရာ၌ အဆိုးမြင် ဖြင့် တည်ဆောက်နိုင်လျှင် အမြတ်ထွက်တတ်၏” 

ဤအတွေးများသည် ငါတို့၏ ဘဝတစ်ပါးကူးပြောင်းဖို့ ကြံစည်မိရာမှ ပေါ်ထွက်လာသော ရလာဒ်များတည်း။ . 

ရဟန်းဘဝမှနေ လူ့ဘဝသို့ ကူးပြောင်းရန် ကြံစည်ရာ၌ သတ္တိအားမွေးရန် ဦးစွာတွေးရ၏။ 

လူ့ဘဝဆိုသည်မှာ ကြက်ဘဝသာသာမျိုးဆိုသည်ကို ဦးစွာပြေးမြင်ထားရ၏။ ကြက်သည် ဝမ်းစာအတွက် အိပ်တန်းဆင်းမှ အိပ်တန်းတက် အတွင်း မြေကိုယက်လျက်က အသက်ဆက်ရ၏။ လူ့ဘဝသည်လည်း သည့်နှယ်သာ ကြိုးစားပါမှ ဝမ်းဝ မည်သာဖြစ်ချေ၏။ ဝမ်းပိုရန် ထိုဝမ်းပိုအလှ ဝလင် အောင် ကျွေးမွေးလိုပါသော်ကား ကြက်ထက်ပင် စောစီးစွာအိပ်တန်းဆင်းကြရမည်။ ကြက်နောက်ကျစေ၍ အိပ်တန်းတက်ပေးရမည်။ သို့မှသာ မယား ဝမ်းပို သားဝမ်းပိုများပါ စားရ ဝတ်ရချေမည်။ သို့မဟုတ်က လူ့ဘဝသည် ကြက်ကဲ့သို့ အသားဖြင့် လုပ်မကျွေးရသော်မှ အားဖြင့်ပင် သူတစ်ပါးအမှု အလုပ်အကျွေး ပြုရမည်သာဖြစ်ချေ၏။ 

“ထိုဘဝမျိုး မင်းတိုးရဲသလား” 

ကိုယ့်ကိုယ်ကို မေးစမ်းတီးခေါက်ကြည့် ရ၏။ အတန်တန်မေး၍ တိုးရဲသည်ဆိုမှ စိတ်ချရ၏။ သို့မဟုတ်က လောကဓံတစ်ချက်ခေါက် နောက် ကြောင်းသို့ ပြန်ကောက်တတ်လှချေ၏။ 

“ဟုတ်ပြီ- တိုးနိုင်သည်ထား၊ ဘာအလုပ်မှ မရ၊ မိလ္လာကြုံးဘဝ မင်းလုပ်နိုင်ရဲ့ လား” 
ဤသို့ အတန်တန်မေး၏။ လုပ်မည်ဆိုမှ စိတ်ချရ၏။
 
“နင်၏ရလာမည့်လူ့ဘဝ ရဟန်းဘဝ၏သို့ ကောင်းမွန်လှပမည်လည်းမဟုတ်။ အထက်တန်း စား အဖြစ်ဖြင့် အဖူးမြော်ခံရမည်လည်းမဟုတ်။ လူ့အသိုက်အဝန်းထဲတွင် အနုတ်စုတ်ဆုံးအဆင့်မှ ဝင်ရောက်ရမည်သာဖြစ်၏။ သို့ကြောင့် နင်ကား အများပြုသမျှ နုနိုင်ပါမည်လော” 

တွင်တွင်မေး၏။ အဖြေကား ဘယ်လောက် တင်းတင်း ထမင်းစားရတော်ပါပြီ ဟူ၏။ 

ဤသို့လျှင် ဖြစ်လာမည့်အကြောင်း မကောင်း ဘုံကိုပြ၍ ထိုမကောင်းဂုဏ်ပေါ်မှ ကျော်နိုင်- မကျော် နိုင်ကို ဦးစွာ စစ်ဆေးပြီးမှသာ ပြုမူလျှင်ကား 

အဆိုးတွေသော်အရင်း။ အကောင်းတွေ့ ချက်ချင်းအမြတ်ပေါ်တတ်သည်။ အစကတည်းက အဆိုးကို လက်ဦးတွက်ဆထားသောကြောင့် ထို အဆိုးနှင့်တိုးမိလေသောအခါ မတုန်လှုပ်ကပြီ။ အကောင်းမျှော်လျှင်ကား အဆိုးတွေ့သည်နှင့် သွက်သွက်ခါ လှုပ်ရမ်းတတ်ချေ၏။ အကောင်းမျှော် ကား မျှော်သလိုပေါ်ပါမှ အရင်းသာတည်း။ 

ထိုသို့သော အတွေးများဖြင့် လာမည့်ဘေး ပြေးတွေ့ရန် တာစူလျက်သာရှိချေ၏။ သီတင်းနေ့ တိုင်းလျှင် နောင်တော့်ထံဖုန်းဆက်၍ အလုပ်ရ-မရ မေးမြန်းရသည်ကလည်းအမော။ 

သို့နှင့် ဝါခေါင်လထဲသို့ ရောက်လာပြီ ဖြစ်ရာ နောင်တော့်ထံမှ သတင်းတုန့်ပြန်ချက် ရလာ ၏။ ဆေးလိပ်ရုံတစ်ရုံ၌ အလုပ်ရရန် နီးစပ်သည်။ ဂဏန်းရေး၊ စာရင်းတွက်များ ကျွမ်းကျင်ရန် လေ့လာ ထားပါ ဟူ၍။ 

ထိုသတင်းကား ဒုက္ခရောက်ရန်ဖြစ်၍ ပျော် လိုက်သည့်ဖြစ်ခြင်း။ 

လူတိုင်းလူတိုင်းပင် မယားရမည်ဆို ပြုံးနေ တတ်ကြသော်လည်း တရားရမည်ဆို မဲ့နေတတ်လှ ချေ၏။ မကောင်းရာကြိုက်သော ပုထုဇဉ် စိတ်မိုက် တို့၏ သဘာဝပေတည်း။ 

ထိုသတင်းစကား ကြားရချိန်မှစ၍ ငါတို့ ငယ်ငယ် တစ်ဆယ့်နှစ်နှစ်သား အရွယ်လောက်ကပင် လေ့လာတတ်မြောက်ခဲ့ပြီးသော အရောင်းအဝယ် စာရင်း၊ ငွေတိုးတွက်စာရင်း၊ သစ်တန်တွက်စာရင်း စသည်များကို အောက်ခြေသိမ်း အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား တို့မှစကာ ပတ်စာခွာ ဖျာသိမ်း အပူတပြင်း လေ့ကျင့်ရ၏။ 

အတူနေ သီတင်းသုံးဖော် ဦးဉာဏိန္ဒ(ခရမ်း) ထံမှလည်း ခုနှစ်တန်းအဆင့်နှင့် ညီမျှသော အခြေခံ အင်္ဂလိပ်စာများကို သင်ယူ၏။ ဖတ်စာ၊ ဂရမ်မာများ နှင့်တကွ မီးနင်းများကိုပါ ဒလတွန်း ကျက်မှတ်၏။ စကားလုံးပေါင်း တစ်ထောင်မျှ အာဂုံဆောင်ထား နိုင်စွမ်းရှိလာ၏။ အင်္ဂလိပ်သတင်းစာကို ပေါင်းဖတ် ဖြင့် ဖတ်တတ်လာနိုင်၏။ 

ဤကား ဒုက္ခဒဏ်ထမ်းဖို့ ပြင်ဆင်လိုက်ခြင်း တည်း။ 

ငါ့ထံရှိ မာနအင်အားသတ္တိများက လူ့ထံသို့ တန်ပို့နေခြင်းတည်း။ 

ရတက်ပွေ့သမျှ ခက်လေတ္တ တက်ခြေမာန လက်ချက်ပင်၊ မျက်ရေလွှာက သွက်သွက်ရှင်သည် ရက်ဆက်ပင် ပုပ္ပါ။ တက်တက်စင် အယူလွဲဖို့....အော် လူထဲသို့မြူဆွဲငင်သည်။ ဖြူမြဲအဆင် တခန်း၊ သူရဲအသွင် ကြွလှမ်းများ ရဟန်းဘဝနှင့် လမ်းမသိလိုပြီ ထမ်းရသတီ ကျေမချမ်း၊ ရွှေနန်းလျှင် မတမ်းချင်ဘု သေခန်းဖြင့် ဖြတ်လိုက်ချင် ဗိုက်တပြင်ပြင်၊ တိုက်ခနှင့် ခိုက်စထွင်မည်၊ အကြိုက်ဘဝတွင် 
ပျော်ဦးမကွဲလေး...။ 

ဤသို့လျှင် အတွေးချဲ့လျက်က တေးတစ်ဖွဲ့စာ ကဗျာတန်းမိခဲ့ပါချေ၏။ ဤ-ကိုယ့်အထာနှင့် ကိုယ့် ကဗျာ တစ်လှည့်စီကြည့်လျက်ကလည်း ငါတို့သည် ဇာတ်ကြမ်းကား ရိုက်ကူးနေသလော သို့တည်းမဟုတ် စွန့်စားခန်းရိုက်ကူးနေသလော သံသယဝင်နေမိ ပါ၏။ 

တော်သလင်းလဆန်း၏ တစ်ညနေတွင် နောင်တော်သည် ငါတို့ထံ ရေးကြီးသုတ်ပျား ရောက် လာကာ ခေါ်၏။ လိုက်သွားရာ ဘဝမြင့်ရိပ်သာထိပ်၏ လမ်းမကြီးပေါ်ဝယ် ဖို့ဒ်အမျိုးအစား ကားငယ်လေး တစ်စီးက အသင့်ကြိုနေ၏။ ထိုကားဖြင့်ပင် ငမိုးရိပ် တံတားအထိပါသွား၏။ ရောက်သော် နောင်တော်က ဆက်ပေးသဖြင့် ဆေးလိပ်ရုံပိုင်ရှင် မန်နေဂျာမှန်း သိရ၏။ အမည်ကား ဦးမျိုးညွန့် ခေါ်၏။ 

ထို ဦးမျိုးညွန့်သည် ငါတို့ကို ခြေဆုံးခေါင်းဆုံး ဦးစွာကြည့်၏။ ပြီးမှ ၄င်းတို့ဆေးလိပ်ရုံတွင် အတူ နေရန်ပြောဆို၏။ သူတို့မြေပေါ်၌ နေရမည်။ သူတို့ တိုက်မှာနေ-တိုက်နှင့်ပင်နေရမည်။ သူတို့စားသလို စား၍ သူတို့ဝတ်သလိုပင် ဝတ်ရမည်။ အမွေခံ မွေးစားသား တစ်ဦး၏သို့ သဘောထားပါမည်။ ကျွန် သဘောမျိုး မဆက်ဆံပါ။ သဘောထားပြော၏။ ရှိရမည့်အရည်အချင်းမှာ ရိုးသားမှုပဲဆို၏။ 

ဆေးလိပ်ရုံသည် မိန်းမတို့နေရာဖြစ်သည်။ မိန်းမတို့နေရာသည် မိန်းမတို့ဓမ္မာတာ တွင်ကျယ်တတ်သည်။ ကြိုက်လျှင်ကား ၄င်း၏အစ်မ,နှမ များကစ၍ ကြိုက် ရာယူနိုင်ပါသည်။ သို့သော် မျက်နှာမများဖို့တော့ လိုပါမည် ဟူ၏။ 

စိတ်ထဲမှကား- စိမ်လိုက် ဆိုလိုက်၏။ ကိုယ်အားဖြင့်ကား- ခေါင်းညိတ်ရုံမျှသာ။ 

သို့ဖြင့် လူထွက်ရန်ကား သေချာသွား၏။ ထွက်ပေါက်သာလိုတော့၏။ ထိုအတောအတွင်း ဆရာတော်ဦးဣန္ဒာစာရ၏တပည့်ရင်း အတူနေ ဦးဉာဏိကသည် အစစကူညီ၏။ အရာရာ လျှင်မြန် သွက်လက်၏။ ဌာနဆိုင်ရာစသည်တို့နှင့် စကား ပြောရာ၌ ကျွမ်းကျင်လိမ္မာခြင်း၊ အကင်းအညှာ အထာပါးခြင်း အပြည့်ရှိ၏။ 

၄င်း၏အကူအညီဖြင့် သင်္ကန်းကျွန်းမြို့နယ် ကုန်သွယ်ရေးမှ အင်္ကျီချုပ်ရန် အတွက် ပေါ်ပလင်စ (၅)ကိုက်ရ၏။ ငွေကြေးတို့ကား ပုသိမ်၌ ကျန်ရစ်ခဲ့ သော ဦးဉာဏုတ္တရက လှမ်း၍ထောက်ပံ့၏။ ကျန် ပုဆိုး၊ အင်္ကျီတို့ကား ကမာရွတ်ရှိ ဂျစ်ကားတံဆိပ် စွပ်ကျယ်စက်မှ ဦးဉာဏ်ထွန်းဇနီးမောင်နှံက ထောက်ပံ့ ၏။ ထိုအကူအညီများ ဦးဉာဏိက၏ အစွမ်းအစ ချည်းသာ ဖြစ်ချေ၏။ ငါတို့ကား နောက်ယောင်ခံ လူပြမျှသာ။ 

၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း (၁၀) ရက်တွင် ရွာမှဦးရီးတော် ဦးပွင့်ထံမှ စာတစ်စောင် ရောက်ရှိလာ၏။ အဖွားဖြစ်သူ အနိစ္စရောက်ကြောင်း တည်း။ 

ထွက်ပေါက်ကားရချေပြီ။ အဖွား၏သေဆုံး မှုကို လမ်းစဖော်၍ ငါတို့၏ရဟန်းဘဝ သေဆုံးရမှု စတင်ရမည်ဖြစ်၏။

 ကျောင်းထိုင်ဆရာတော်အား တပည့်တော် လူထွက်ပါတော့မည် လျှောက်တင် ခက်သောထိုကိစ္စ တပည့်တော်အဖွား သေဆုံး ကြောင်း ရွာမှ စာလာသဖြင့် သွားပါရစေနှင့် အစားထိုးရန် အကွက်ကောင်းရလာ၏။ 

သို့နှင့် ၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်နေ့ တွင် ထိုအကြောင်းပြအတိုင်း ဆရာတော် ဦးဣန္ဒာစာရ အား လျှောက်ထားပန်ကြားကာ ဦးဉာဏိကနှင့် ထွက်ခဲ့တော့ချေ၏။ ထိုဉာဏိက စီစဉ်ပေးသော အတိုင်းပင် နှင်းဆီကုန်းဘူတာရှေ့ရှိ ဓမ္မရိပ်သာ ကျောင်း သံဃာတော်များထံ သိက္ခာချခဲ့ပြီး လူ့ဘဝသို့ ရောက်ခဲ့ရချေသတည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၁၂) 
လူတို့၏သဒ္ဓါနှင့် ငါဖြစ်ရပ်များ 
၁၃၂၇-ခုနှစ်၊ ဝါဦးမှသည် လူမထွက်မီတိုင် အောင်အတွင်း၌ ငါတို့၏ ဂေါစရဂါမ်ခေါ် ဆွမ်းခံ နယ်ပယ်ကား ဘဝမြင့်ရိပ်သာနှင့် မျက်နှာချင်းဆိုင် လေးထောင့်ကန်ရပ်ကွက်ဖြစ်၏။ ဆွမ်းခံဖိတ်ချိန်မှ သည် လူမထွက်မချင်းအထိ သဒ္ဓါအားပြည့်ဖြင့် လှူဒါန်းကြချေ၏။ သို့တစေလည်း သဒ္ဓါအင်အား နောက် ဓနအင်အားကား အကူမထောက်ပြီ။ 

ထိုခေတ်ကား တော်လှန်ရေးခေတ်ဖြစ်၏။ လူတစ်ကိုယ်လျှင် ဆန်(၄)ပြည်နှုန်းသာ တစ်လတွက် ရောင်းချပေး၏။ လှူရန်, ဒါန်းရန်ကား စာရင်း၌မပါ လေ။ ထို ဆန်(၄)ပြည်နှုန်းကလည်း ဝယ်တိုင်း လည်းမရ၊ ရောင်းတိုင်းသာရသော ခေတ်အခါ ဖြစ်ချေ၏။ ဆိုရှယ်လစ်အကြောင်း ပ. မ. ည. တ တို့ ဟောထားသဖြင့် လူအများ၏နား ကြားဖူးနားဝ ကား ရှိဖူးပြီးသားပင်ဖြစ်နေပါ၏။ ယခုတော်လှန်ရေး ကြီးက ဆိုရှယ်လစ်ဆိုတာဒါပဲ ဟူ၍ လက်တွေ့ပြသ လာသောအခါ လူတို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်လာ ကြကုန်၏။ အေးရာမှ ပူလာကြလေကုန်၏။ နံနက် | လင်းသည်နှင့် ဝမ်းစာစကား များများပြောလာကြရ 
၏။ 

ဆန်သည် လူတိုင်းပါးစပ်ဖျားဝယ် နေရာ ဝင်ယူလျက်ရှိချေ၏။ ယခင်က ဆန်ကို မည်သူမျှ 
လေးစားရကောင်းမှန်း မသိကြ။ ဆန်တစ်ပြည် (၇၅)ပြားပေး အချိန်မရွေးရနေကြလေသဖြင့် ရန်ကုန် အလုပ်သမအစ ဆေးလိပ်သမအဆုံး အောက်တန်းလွှာ တစ်သိုက်လုံးတို့သည် ယနေ့ အလုပ်ဆင်း၊ ယနေ့လုပ်ခယူ၊ ယနေ့ညနေစားရန်နှင့် နက်ဖြန် နံနက် စားရန် ဆန်ကို ယနေ့လုပ်ခဖြင့်ပင် အိမ်သို့ ဝယ်,ပြန်နေချိန် မျိုးဖြစ်၏။
 
ထိုအချိန်ကလည်း ဆန်တို့ဘက် ကလည်း လေးစားဖွယ်ရာမကောင်းကြ။ နေရာတကာ လမ်းဘေးပလက်ဖောင်း စသည်များ၌ပင် နေရာလု ၍ စုဝေးနေကြခြင်း လူရှေ့သူရှေ့ ထွက်ပြခြင်း ဆန်သည်မလက်ထဲမှ ဗလနှံ့ ကဲ့ လုယက် ထွက်ကြ ခြင်းဖြင့် ခြေရှုပ်နေကြချေ၏။ ၄င်းတို့နှင့် အတူ စားကုန်သောက်ကုန်မှသည် လူကုန်အထိ ရန် ကုန်၌ အလျှံပယ်ပွေရှုပ်လျက်သာရှိချေ၏။ 

ယနေ့တော်လှန်ရေးကြီး ဆင်နွှဲလိုက်ပြီ၊ ယနေ့ပင် ထိုကုန်ပစ္စည်းအားလုံး ကြက်ပျောက် ငှက်ပျောက် အားလုံးပင် ငုတ်ရှိုးသွားကြ၏။ နို့ဆီများ နှင့်တကွ ကြက်သွန်,အာလူးစသော သိုးတတ် ပုပ်တတ်သော ကုန်ပစ္စည်းတို့ကား ငါတို့ ငမိုးရိပ် တံတားမှနေ၍ ငမိုးရိပ်ချောင်းတွင်း ခုန်ချလျက်က သေကြောင်းကြံ သွားကြလေကုန်၏။ မြင်ကွင်းကား ဟင်းခနဲပင်။ 

ဤသို့ အချိန်မျိုးမှာမှ ငါတို့ ရန်ကုန် တစ်ခေါက် ပြန်လည် ရောက်လာရသောအခါ ဆွမ်းဒါယကာ ဒါယိကာမများသည် ယနေ့ဆန်ကို ဘယ်လိုသွားဝယ်ခဲ့ရပါသည်။ ဘယ်သို့သွား ရှာဖွေ နိုင်မှ အခြားကုန်ပစ္စည်းများ ရကြပါသည်။ ငါတို့အား ဖောက် သည် ချပေးလိုက်သောအခါ နေပူရာ မီးအဟပ်ခံရသည့်ပမာ ငါတို့စိတ်သည် ငါတို့၏ စိတ်ကို အပူပေးလျက်သာ ရှိချေတော့၏။ “မင်း မြန်မြန်လူထွက်တော့”ဟူ၍ ဇွတ်အတင်း ပူဆာ နေ၏။ မထွက်ချင် ထွက်ချင်အောင်လည်း လှုံ့ဆော် ပေးနေ၏။ ဒါယကာ-ဒါယိကာမတို့ကား သူတို့ရ ပစ္စည်း ငါတို့အား တစ်ဝက်ခွဲပေးနေသည်သာဖြစ် ၏။ ငါတို့သည်ကား ငါတို့ရပစ္စည်း နည်းနည်းလေး - ခွဲပေးစရာ မရှိပါသေး။ 

ဒါယကာ-ဒါယိကာမတို့ကား နိဗ္ဗာန်ရသူ ထံမှ နိဗ္ဗာန်ရရန်ရည်သန်လျက်က လှူနေခြင်းသာ 
ဖြစ်ပါ၏။ 

ငါတို့သည်ကား ဤအစာကိုစား၍ တခြားသို့ သွားကြံနေချေ၏။ ဤကျောင်းပေါ်နေ၍ တခြား အကြောင်းမျှော်ခေါ်ကာ မျက်စောင်းထိုးနေပါချေ၏။ 

- ဘုရားကျွေးရာစား၍ ဘုရားစကား နားမထောင် လေသူမှာ နင်မှနင်သာ အစစ်တည်း။ 

- အများလှူရာယူ၍ အများအကျိုး မဆောင်လေ သူမှာ နင်မှနင်သာ အစစ်တည်း။ 
- စင်စစ် သာသနာသည် နင်နှင့်မတန်ပြီ။ 
- ဒါယကာတို့၏ သဒ္ဓါတရားသည်လည်း နင်ကျက်စား 
ရာများနှင့် လားလားမျှမထိုက်တန်ပြီ။ 

- နင် ကား ဘု ရားကြားမှာနေ ဘု ရားအမွေ အလွဲသုံးစား လုပ်နေသူသာတည်း။ ။ 
- နင်ကား ဘုရားအရေခြုံ ဘုရားဂုဏ် ဖျက်နေသူ တည်း။ 

ဤအတွေးအများစုတို့သည် ငါတို့၏စိတ်ကို အမြဲပင် ထုနှက်နေချေတော့၏။ ချစ်စိတ်ဝင်နေချိန်၌ တွေ့သမျှအရာတို့သည် ချစ်စရာချည်းသာဖြစ်နေ တတ်၏။ သည့်အတူ မုန်းစိတ်ဝင်နေဆဲကာလ၌လည်း မြင်မိသမျှအရာအားလုံးသည် မုန်းစရာချည်းသာဖြစ် နေတော့ချေ၏။ ကြောက်စိတ်၊ ငြီးငွေ့စိတ် စသည်များ တို့၌လည်း ထိုနည်းနှင်နှင်သာ ဖြစ်တတ်လှချေ၏။ 

စင်စစ် ပြင်ပ၏ ထိတွေ့ခွင့်ရအရာများသည် သူ့သဘာဝ သူ့ဓမ္မတာအတိုင်းသာလျှင် ပြသနေကြ ခြင်းသဘောရှိချေ၏။ ချစ်ပါစေ၊ မုန်းပါစေ ဟူ၍ကား မရှိပေ။ 

ထို တွေ့မြင်သမျှအရာတို့ကို ဖမ်းယူခံစား သော လူတို့၏စိတ်ခင်းအတွင်း၏ စီမံခန့်ခွဲခြင်းက သာ မိမိ၏ဓါတ်ခံအလိုက် ဝေဘန်သုံးသပ်ခြင်းမျှ သာ။ 

ထိုသဘောရင်းသည် ဤ ငါတို့၏ ဖြစ်စဉ် များက သက်သေပြလျက်ရှိချေ၏။ ရဟန်းဘဝ 
ပျော်ပိုက်စဉ်တုန်းကလည်း ထိုအတွေးအမြင်မျိုး ပွဲတိုး ခဲ့ရဖူး၏။ သို့ သော် ကြောက်ရွံ့စိတ် ထိတ်လန့်စိတ် မပေါ်ခဲ့မိ။ အဘယ်ကြောင့်ဆိုသော် အပျော်က အဖေါ်အဖြစ် လိုက်ပါနေသောကြောင့်။ 

ယခုမှသာ ဤအမြင်အတွေ့မျိုးကို တစ်မျိုး အမြင်ပေါက်လာခြင်းဖြစ်၏။ အပျော်အပျက်သို့ အတွင်းဓာတ်ခံများ ပြောင်းလဲလာခြင်းကြောင့် ဖြစ် ၏။ သို့ကြောင့်လျှင် ငါတို့ရှေ့တွေ့သမျှ အကြောင်း အရာတို့သည် ရဟန်းဘောင်မနေရန် အမြဲလှုံ့ဆော် လျှက်ပင်ရှိချေ၏။ 

“အရှင်ဘုရား -သည်နေ့ ဆန်ကို မရရအောင် နံက်စောစောကပင် သွားရောက်စောင့်ဆိုင်းခဲ့ရပါ သည်ဘုရား” ဤသို့ ၄င်းတို့အခက်အခဲကို ရင်းနှီး စွာဖေါ်ထုတ်ကြ၏။ 

“အရှင်ဘုရား- အပြင်မှာကလည်း ခါတိုင်း ရောင်းနေကျ ဆန်သည်များကပင် အရင်းနှီးကမရှိ ဘူးဟူ၍ သာ ခေါင်းရမ်းပြီး ပြောလွှတ်လိုက်ပါသည် ဘုရား” ဤသို့လည်း ထွက်ပေါက်မရှိသော ၄င်းတို့ ဖြစ်အင်ကို တင်ပြသည်ကလည်း မရှားပင်။ 

ထိုအချိန်က လူတို့၏အချေအနေသည် ယနေ့ တစ်ထပ်ဝမ်းစာ ဖူလုံရေးကို အဓိကအလေး ပေးနေရချိန်သာဖြစ်နေ၏။ တစ်ခြား ဝင်ငွေရလမ်း စီးပွားရေးစခန်းများသို့ စိတ်လှမ်းစရာ မရှိလောက် အောင် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မျိုးသို့ အခြေစိုက် လျက်ရှိ၏။ ကျီးလန့်အစာစား ဟူသောစကား ထို အချိန်တုန်းက တော်တော်ပင် အသက်ဝင်၏။ 

ထို မြင်တွေ့ရ၊ ကြားသိရသော လူတို့၏ လူနေမှု ဒုက္ခရပ်များသည် ငါတို့၏သာသနာစဉ် မပီ ပြင်သော စိတ်ထားကို ချောက်ချားစေ၏။ သာသနာ ဝင်အချင်းချင်း မယိုင်းပင်းသော စိတ်ညံ့စိတ်ထား စီးပွားနေခြင်းများကလည်း ငါတို့၏ သာသနာတော် အပေါ်၌ မခိုင်မြဲလေသော စိတ် ထားကို ထိုးစစ်ဆင် ကစားနေသည်သာဖြစ်၏။ ထိုအကြောင်းခြင်းတများ ကပင် ငါတို့အား လူ့ဘောင်သို့ အသွင်ကူးပြောင်းရန် တွန်းအားပေးနေသည်ဆိုက မမှားတန်ရာပြီ။ 

နှောင်းအတိတ်ကို အရိပ်ဖမ်း၍ ပုံဖေါ်ကြည့်လိုက်သောအခါ 

ယခု ငါတို့သက်တမ်းသည်ကား (၂၅)နှစ် အတွင်းတည်း။ ထိုအတွင်း ဘဝ ခေါ် ဖြစ်စဉ်ကား အမျိုးမျိုးပြောင်းလဲခဲ့ရပါသည်ကို ပြီးခဲ့သော အကြောင်းရပ်များကို လေ့လာကြည့် သိနိုင်၏။ ပြီးစီးခဲ့သော အရွယ်ပိုင်းများသည် ကိလေသာ နယ်ပယ် မကျယ်ဝန်းသေးခြင်း၊ စိတ်ပျံ့ စိတ်လွင့် တို့၏ အလေအလွင့် နည်းပါးခြင်းများကြောင့် အားလုံးလိုလိုပင် မှတ်မိလျက်ရှိချေသေး၏။ ယခု တိုင် မြင်ယောင်လျက်သာ ရှိဘိ၏။ အသေးစိတ် ရေးပြခြင်းငှာ မသင့်သည်များကို လည်းကောင်း၊ အဆက်အစပ်ကူးပြောင်း၍ ရေးပြခြင်းငှာ အဆီအေမတည့်သည်များကို လည်းကောင်း၊ ချန်လှပ် ထားခဲ့ရသည်များလည်း ရှိခဲ့သေး၏။ 

ထိုဖြစ်စဉ်အမျိုးမျိုးတို့ကို တူရာတူရာ ပေါင်း ရုံးရေတွက်၍ပြရသော် 

- ၁။ တဏှာ၏ ကြိုးဆွဲအတိုင်း အာရုံပေါ် ခင်မင်မှု အားကြီးခြင်း၊ အာရုံသစ်ကိုမျှော်ခြင်း၊ မြှောက် ပင့်ပေးမှုကိုသာယာခြင်း၊ အများတို့၏ အချီးမွမ်း ခံလိုခြင်း၊ ရာဂစိတ်နှင့်သွေးများထခြင်းတို့ ဖြစ် ပေါ်သည်က တစ်ပိုင်း။ 

၂။ မာန၏ကြိုးဆွဲအတိုင်း ခက်ထန်ကြမ်းတမ်းစိတ် ဝင်လာခြင်း၊ မိမိကိုယ်မိမိအထင်ကြီးသဖြင့် အားကိုးစိတ်ထား မြင့်မားလာခြင်း။ မိမိအထက် တို့အပေါ်၌ အနိုင်မခံ အရှုံးမပေးလိုခြင်းတို့က တစ်ပိုင်း။ 

ဤသို့ ဘဝဆက်ဆက်က ဝိဇ္ဇာမပါ စရဏ သက်သက်သာ ကျင့်ခဲ့ဘူးလေသော သီလအားများ 
ကြောင့် ရှက်စိတ်ကြောက်စိတ်များနှင့် မြုံစိတ် ကောက်စိတ်များ ပေါ်ပေါက်လာစေ၏။ 
 
တစ်ဖန် ဘဝဆက်ဆက်က စိတ်ဖြင့် လက်သင့် ခံခဲ့သော ရာဂနှင့်ကာမစိတ်များ နိုးထစေ၏။ ဤသို့ ဘက်ပြိုင်လွန်ပွဲများ ဆွဲလျက်ရှိချေသည်ကို တွေ့မြင် ရမည်ဖြစ်၏။ 

(၁၃)နှစ်သားမှစ၍ အများတို့ ချီးမွမ်းသော အာရုံဆန်းအပေါ် ငမ်းစိတ်ဝင်လာ၏။ သို့ကြောင့် အပြောများရာ လိုက်ပါကျင့်လိုသော ဆန္ဒအား ဖြစ်ပေါ်လာစေသည်မှာ ထင်ရှား၏။ ဤမှာကား ကာမရာဂါနုသယတို့၏ လှုံ့ဆော်ပေးခဲ့သော အပိုင်း တည်း။ 

တစ်ဖန်(၁၇)နှစ်သားမှစတင်၍ မာန်ဝင် လာခြင်းသည် ထင်ရှား၏။ သို့ကြောင့်ဆရာသမား တို့၏စကားကို မနာခံလိုခြင်း၊ ကိုယ်ထင်ရာကိုယ် တဇွတ်ထိုး တွန်းထိုးပြုကျင့်လိုခြင်း၊ ထိုထို ဆရာ သမားများ၏ မေတ္တာစကားကို မာနအားဖြင့် ဖက်ပြိုင်လိုခြင်းများ ဖြစ်ပွားလာစေ၏။ ၄င်းကို ရွှေဘိုဝေဠုဝန်မှသည် ပုသိမ်သာသနာ့ရံသီအထိ ဘဝခရီးလမ်းဖြင့် ထင်ရှားခဲ့ပါချေ၏။ 

ထိုအကြောင်းခြင်းတများသည်ကား ပြီးခဲ့ သော ဘဝမှတ်တမ်များဖြင့် လုံလောက်ရာ၏။ ထိုဘဝလမ်းခရီးအတွင်း ငါတို့ကြုံတွေ့ခဲ့ရသော ဘာသာရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ကိုလည်း မှတ်တမ်းတင်ခဲ့လိုသေး၏။ 

ထိုတွင် ဘာသာရေးသည် ဘာသာရေး, လူမျိုးရေးတို့ဖြင့် ရောမွှေခဲ့ထားရသော မြို့ကြီး ပြကြီး များ၌ မှေးမှိန်လျက်သာရှိချေ၏။ ရန်ကုန်သည် အင်္ဂလိပ်မင်း ကြီးပြင်းခဲ့ရာဌာနကြီးဖြစ်သဖြင့် ထို ရန်ကုန်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အာရုံသည် ပုံ၌သာ ရှိ၏။ ဂုဏ်၌ကား မတည်လေ။ ရင့်ကျက်ခိုင်မာသော အရေအတွက်ကား ရှေးမှီတို့၌သာ အနည်းအပါး ရှိ ၏။ ခေတ်၏သားကောင်တို့၌ကား သံခေတ်၊ ကျောက်ခေတ်မဟုတ် ဒုံးပျံခေတ် ဂြိုဟ်တုခေတ် ဟူသောစကား တွင်တွင်သုံးလျက်က ဘာသာ၏ ဓလေ့ခင်းကို အတင်းငြင်းပယ်လျက်ရှိချေ၏။ 

သည့်အတူ မွန်တို့ ထွန်းကားရာ မော်လမြိုင် ၌လည်း လူကြီးသူမတို့မျှသာ ဘာသာနှင့် လူမျိုး အပေါ်၌ နှစ်နှစ်ကာကာ အလေးထား၏။ လူငယ် တို့ ကား အတွေ့၌ မေ့လျက်ပါနေသည်သာ များ၏။ 

နိုင်ငံရေးနှင့် နီးနီးစပ်စပ် တွေ့ရခြင်းသည် ကား ရန်ကုန်မှစ၍ ရွှေဘိုနှင့် ငါတို့တောရွာဒေသ နေစဉ်တုန်းဘဝကား ယင်း နိုင်ငံရေးနှင့်အတွေအထိ မရှိခဲ့။ ထို့ကြောင့် မှတ်တမ်းမတင်။ ရန်ကုန်သို့ ငါတို့ရောက်ရာကာလသည် ၁၃၂၁-ခုနှစ်ဖြစ်၏။ (၁၉၅၉-ခု)လောက်ထင်၏။ ထိုစဉ်က ဖ.ဆ.ပ.လ ၏ သန့်ရှင်း၊တည်မြဲ အကွဲတို့ ရွေးကောက်ပွဲ နွှဲချိန်ကာလဖြစ်၏။ ၄င်းကိုလည်း မှတ်တမ်းတင်ခဲ့ ပြီးရှိ၏။ 

မော်လမြိုင်သို့ ရောက်ရာနှစ်ကား ၁၃၂၂ ခုနှစ် ဖြစ်၏။ 

ထိုစဉ်ကာလကား သန့်ရှင်း အောင်နိုင်ရေး ရသဖြင့် ပ.ထ.စအမည်ခံလျက်က နိုင်ငံကို အုပ်ချုပ်ချိန်ဖြစ်၏။ (၁၉၆ဝ)ပြည့်နှစ်ထင်မိ၏။ ထို ပ.ထ.စ သည် ၄င်းတို့ သာ အာဏာ ရလျှင် ဗုဒ္ဓဘာသာကို နိုင်ငံတော်အဖြစ် ပြဋ္ဌာန်းပေးပါမည် ကတိကြောင့်လည်းကောင်း၊ ထိုစကားအား ကျန် သံဃာတော်အများ၏ ပံ့ပိုးမှုကြောင့်လည်းကောင်း အနိုင်ရမည်ဆိုက ငြင်းစရာမရှိ၊ (၈၅)ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာဝင်တို့၏ တစ်ခဲနက်အားပေးမှု၊ တစ်ပြည် လုံးနီးပါးအနိုင်ရမှုတို့က သက်သေခံနေ၏။ အတိုက် အခံတို့ ဘက်မှာမူ အစိုးရ၏ အစွန်းထွက်မျှ အရေ အတွက်မရှိ။ အတိုက်ခံကြီးများအရွေးမခံရ။ မထင် မရှား အတိုက်အခံငယ်သားကလည်း ပါလီမန်၏ အစိုးရ စံမှတ်သော မူဝါဒမှန်သမျှ အားလုံးကောင်း ပါသည်ဖြင့်သာ ကိစ္စပြီးရ၏။ 

ထိုသို့ တစ်ပြည်လုံးလုံး အနိုင်ရသော်လည်း မိမိပါတီတွင်း၌ကား အရှုံးပြလာ၏။ ရွေးကောက်ပွဲ ကြီးမတိုင်မီကာလအထိသော အကွဲအပြဲကာလတစ် လျှောက်တို့၌ ပါတီအတွင်းရေးမှူးသည် အီးစီမဒါးသား  ပြန်ပေးဆွဲမှု အကြောင်းပြ၍ ထောင်နန်းစံနေရချိန် ဖြစ်သဖြင့် တွဲဘက်များက တာဝန်ယူဆောင်ရွက်ခဲ့ ရ၏။ အနိုင်ရသောကာလ ထောင်မှလွတ်လာသော အခါ ဥက္ကဌကြီးက တာဝန်ပြန်လည်ပေးအပ်၏။ တွဲဘက်တို့ကား ဖယ်မပေးလို။ ထိုမှစ၍ ပါတီတွင်း အကွဲအပြဲဆိုက်လာခဲ့ကြရာ အစိပ်စိပ်အမွှာမွှာ ဖြစ်လာတော့၏။ 

သခင်အုပ်စု ဗိုလ်အုပ်စုဟူ၍ တစ်မျိုး၊ 

ဦး အုပ်စု ဒေါ်အုပ်စုဟူ၍ တစ်မျိုး၊ 

သင်းကွဲ အုပ်စုကွဲများ အလျှိုအလျှို ပေါ် ပေါက်ခဲ့ရ၏။ ငါတို့မော်လမြိုင်၌လည်း ဗိုလ်အုပ်စု နှင့်ဒေါ်အုပ်စုကွဲ၏။ သို့ကြောင့် ပါတီတွင်းရွေးကောက် ပွဲကြီးများ ထပ်မံကျင်းပကြလေရာ ငါတို့ မော်လမြိုင် ၌ကား ဒေါ်အုပ်စုက အနိုင်ရသွား၏။ 

ထိုအားလုံး မှတ်တမ်းတင်ခဲ့ပြီးဖြစ်၏။ ထိုအစိုးရသည် ၄င်းတို့အချင်းချင်း အကွဲအပြဲ ဆေးထည့်နေရသဖြင့် တိုင်းပြည်ကိစ္စ မည်မည်ရရ မဆောင်ရွက်နိုင်။ သည်အထဲ ရှမ်း-ကယား-ချင်းတို့ ဦးဆောင်သော ဖက်ဒရယ်မူကိစ္စကလည်း ဝင်ရောက် လာချေသေး၏။ 

မကြာပါလေ။ တော်လှန်ရေးကောင်စီက အာဏာသိမ်းကြောင်း ပေါ်ပေါက်လာချေတော့၏။ အများတို့သည် ဘာဖြစ်မလဲ၊ ဘာလုပ်မလဲ လည် တဆန့်ဆန့်ရှိနေကြ၏။ များမကြာမီအတွင်း၌ပင် အဖွဲ့အား အဖွဲ့ဝင်(၇)ဦးဖြင့်သာ အုပ်ချုပ်ခြင်း၊ လစာ များကိုလည်း အများဆုံးမှာမှ (၁၅၀၀)ကျပ်မျှသာ သတ်မှတ်ခြင်းများ ကြေညာ၏။ မြန်မာ့နည်း မြန်မာ့ ဟန်ဖြင့်သာ ဆိုရှယ်လစ်စနစ် တည်ဆောက်မည် ဖြစ်ကြောင်းများကိုလည်းကြေညာ။ အားလုံး (နိုင်ငံ ရေးအခွင့်ထူးခံတို့မှတစ်ပါး)ကပင် လှိုက်လှဲစွာ ကြိုဆို ကြ၏။ 

ယခင်က အက္ခရာဗျည်းများဖြင့် အပြိုင်အဆိုင် လိုက်၍ ဝန်ကြီးအဖွဲ့ (၃၃)ဦး ထားရှိကာ (ဌာန 
လက်ကိုင်မရှိ ဝန်ကြီးများဖြင့်ပင် အခွင့်အရေးပေး ကာ) ဖွဲ့စည်းခဲ့ရာမှ ယခု(၇)ဦးတည်းဖြင့်ပင် ဖွဲ့စည်း ခြင်းသည် အားလုံး၏ကြည်ညိုမှုကို တိုးပွားစေ၏။ ယခင် (၅၀၀၀)ကျပ်စားအမတ်၊ (၅၀၀)ကျပ်စား အမတ်တို့အစား ယခု(၁၅၀၀)ကျပ်စားသာ အလွန် ဆုံး သတ်မှတ်ထားခြင်းကလည်း ပြည်သူများ၏ လေးစားမှုကို ခံယူရချေ၏။
 
ငါတို့မော်လမြိုင်၏ နိုင်ငံရေး ဦးဆောင်များ ကပင် ငါတို့လူတွေထက်သာသည်။ သည်ခံယူချက် မျိုး ယခင်ဘယ်တုန်းကမှ မပေါ်ပေါက်ခဲ့သေး စသည် စသည်ဖြင့် ချီးကျူးသံများ ငါတို့ဆွမ်းခံသွားလျက်က ကြားခဲ့ရ၏။ သို့ကြောင့် ထိုနှစ်က သင်္ကြန်တွင် “ဆားနဲ့ပဲစားမယ်” ဟူသော ဆိုင်းဘုတ်ကြီးဖြင့် ရေပက်ခံထွက်သည်ကို တွေ့ခဲ့ရ၏။ 

ဤအထိကား မော်လမြိုင်နေလျက်က တွေ့သိခဲ့ရပုံများတည်း။ 

ထို့နောက် ရွာသို့ပြန်ကာ ဝါဆိုရ၏။ ၁၃၂၄ ခုနှစ်ထင်၏။ နတ်တော်-ပြာသိုလလောက်တွင် ငါတို့ 
ကား ရွှေဘို၏တောင်လက် လှတောနယ်၊ ဥယျာဉ်မှတ် ၌နေစဉ် ထူးကဲသော ဥက္ကာပျံကြီးကိုတွေ့ရ၏။ သတင်းစာများ၌ပင် ပါ၏။ စနေ့ထောင့်မှသည် တနင်္ဂနွေထောင့်ဆီသို့ ဒေါင့်တန်းကန့်လန့်ဖြတ်လျက် က ရှေ့ကသပိတ်လုံးကြီးပမာဏ၊ နောက်က ဖျာလိပ် ကြီးပမာဏ အနီရောင်အရာဝတ္ထုကြီးများသည် ညတစ်ည၏ (၇)နာရီခန့်မျှတွင် ဖြတ်သန်းသည်ကို 
တွေ့ရ၏။ 

ထိုနှစ်များက တော်လှန်ရေးကောင်စီ၏ ဦး စွာသော ပထမခြေလှမ်းသည် ဘဏ်အားလုံးတို့ကို ပြည်သူပိုင်သိမ်းလိုက်ခြင်းတည်း။ 

ထိုခြေလှမ်းကိုလည်း ပြည်သူတိုင်းက သောင်းသောင်းဖျဖျ ကြိုဆိုကြ၏။ ခေတ်အဆက် ဆက် ကြီးစိုးခဲ့သော အရင်းရှင်တို့၏ အရှိန်အဝါကို အညွန့်ချိုးသောအဖြစ်ကို မြင်၍။ 
 
၁၃၂၅-ခုနှစ်တွင်ကား ငါတို့ပုသိမ်သို့ ရောက် ရှိနေ၏။ ထိုနှစ်တို့တွင်ကား ဈေးဆိုင်တွေအားလုံး ပြည်သူပိုင်သိမ်းပိုက်ခြင်း၊ ရာတန်- ငါးဆယ်တန်များ ရုပ်သိမ်းခြင်းများ ဆက်တိုက်လုပ်လာချေတော့၏။ 

ထိုအခါတွင်ကား အားလုံးနီးပါး ကျောကော့ အောင် ခံလိုက်ကြရတော့၏။ ပြည်သူ့အောင်ပွဲဟူ၍ ဘဏ်သိမ်းစဉ်က အော်ခဲ့သည်အစား ယခုကား ပြည်သူ့လောင်ပွဲဖြစ်သွားချေပြီ။ ငါတို့ပုသိမ်၌ မိမိ နေအိမ်တွင် အထက်ထပ်ကားလူနေ၏။ အောက် ထပ်ကိုကား ဆိုင်ဖွင့်ထား၏။ ဈေးကြီးအနီးရှိ အိမ် များ၏ မြင်ကွင်းတည်း။ 

ထိုသို့ ဆိုင်ဖွင့်ထားရာမှ ယနေ့ ပြည်သူပိုင် ဟူ၍ ကြေညာကာ အိမ်ရှင်အစား အမှုထမ်းများက အသားလွတ်နေရာဝင်ယူလာသောအခါ အိမ်ရှင်တို့ သည် အထက်ထပ်မိမိပိုင်အိမ်မှ အောက်ထပ် ပြည်သူပိုင်ဆိုင်ခန်းသို့ ဆင်းလာသောအခါ မျက်စောင်း ထိုးလျက်က ဆင်းလာကြချေ၏။ တက်လျှင်လည်း တစ်ချက်မျက်စောင်းထိုးပြီးမှသာ တက်ကြချေ၏။ သည့်အတူ တာဝန်ခံ ဝန်ထမ်းတို့ဘက်မှလည်း အထက်ထပ်မှ ဆင်းလာသောခြေသံများ ကြားရ 
သော် တစ်ချက်မျက်လုံးပြူးကြည့် ၍ တစ်ဖန် ပြန်တက်သွားလေသောအခါ တစ်ခါမျက်ခွံလှန် ကြည့်ကြချေတော့၏။ ထိုမြင်ကွင်းကား အမြဲတမ်း ပင်တည်း။ 

တစ်ဖန် ငွေလဲလှယ်မှု အကြောင်းပြု၍ သားအဖချင်း၊ ညီအစ်ကိုချင်း မခေါ်နိုင်မပြောနိုင် အထိ ဆိုးဝါးသွားစေခဲ့၏။ ကျွန်နှင့်သခင် အားလုံးပင် ဖြစ်၏။ ငွေလဲရာ၌ မည်မျှအရေအတွက် အပ်လျှင် မည်မျှပြန်ရမည်။ မည်မျှမှ ပိုလွန်လျှင် ပြည်သူပိုင် အသိမ်းခံရမည်ဟူသော စည်းကမ်းချက်ကြောင့် မိဘက သားသမီးများကို တစ်ဖက်လှည့်အလဲခိုင်း 
ကြ၏။ ပိုင်ရှင်က အလုပ်သမားများကို အမည်ခံစေ ၍ အလဲခိုင်းကြ၏။ တော်လှန်ရေးကောင်စီက သွားသောအခါ ပြန်မပေးရ။ မိမိလဲယူ၍ ရသည် 
ကို မိမိပင်သုံးနိုင်သည်ဟူ၍ ကြေညာလိုက်ချေတော့ ၏။ ငါတို့ပုသိမ်ရှိ သား,သမီး,ကျေးကျွန် တို့သည် ငါးရာကျပ်မျှလောက်သော ငွေကြေးပမာဏလေး ဖြင့် မိဘ၊ပိုင်ရှင်တို့ကို တော်လှန်ချေတော့၏။ 

ဤကား ပုသိမ်၌ရှိစဉ် တွေ့ခဲ့ကြုံခဲ့ရသော ဖြစ်ရပ်များတည်း။ 

စီးပွားရေး၌ကား နိုင်ငံရေးအရကြောင့် လည်းကောင်း၊ မိမိတို့လူမျိုး၏ ပင်ကိုယ်သတ္တိညံ့ဖျင်း မှုကြောင့်လည်းကောင်း၊ အမြင်မကျယ်မှု၊ နေသာ သလို နေမှုများကြောင့်လည်းကောင်း၊ မြန်မာပိုင် ကား မဆိုစလောက်သာ တရုတ်-အိန္ဒိယနွယ်ဖွားတို့ လက်ထဲမှာလိုချည်း အပြီးရှိ၏။ ဈေးကွက်ဈေးကစား မှုသည် ယင်းတို့ သဘောကျအတိုင်းသာရှိ၏။ အရာထမ်းအမှုထမ်း များစွာသည်ပင် ၄င်းတို့ လက်အောက်ခံသဖွယ်သာရှိ၏။ 

အမည်ခံအားဖြင့်သာ မြန်မာနိုင်ငံ ဆိုရ၏။ အနှစ်သာရကား အတွင်းသား ခြ၏ လှိုက်စားခြင်း ကို ခံနေရချေ၏။ ထိုစက်ရုံ၊ ထိုကုမ္ပဏီ များသို့ ဝင်ရောက်အမှုထမ်းသော မြန်မာမသည် ယင်းတို့၏ မယားငယ်သော်လည်း ဖြစ်ရာ၏။ တိတ်တိတ် အပျော်ထားသော်လည်း ဖြစ်ရာ၏။ ပေါ်သော် အလုပ်ပြုတ်သေး၏။ ရပ်ကွက်တွင်း၊ ကျောင်း၊ တက္ကသိုလ် စသည်တို့၌လည်း မြန်မာမတို့ထံမှ ထွက်သော အညှီနံ့ကား တထောင်းထောင်းသာရှိ ချေ၏။ တော်လှန်ရေးတက်လာသောအခါ ခြေငြိမ် သွားကြ၏။ 

လူမှုရေး၌ကား ဆိုစရာပင်မလိုချေပြီ။ လူမှု ရေးသည် နိုင်ငံရေး၊ စီးပွားရေးကြား၌ ရပ်တည်ရ သောကိစ္စဖြစ်၏။ လူမျိုးအဖုံဖုံ ဘာသာစုံအလွှား လွှားတို့ ကြားမှ တက်နေ ရသောကိစ္စဖြစ်၏။ နိုင်ငံရေး၊ စီးပွားရေးအားနည်းသော ဘာသာရေး ခံယူချက် မှေးမှိန်နေသော ထိုခေတ်၏ လူမှုရေးကား ဝံသာနုရက္ခိတတရား ခေါင်းပါး၍ ချွတ်ခြုံကျသော ကာလပေတည်း။ 

ဤသို့ မှတ်တမ်းတင်ခဲ့ခြင်းသည် ငါတို့ ဘဝနှင့်အပြိုင် ယှဉ်ပြေးလာသော ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို နှောင်းခေတ် သားတို့ သုတပွားရန်သာ ရည်၏။
 
ဘုရားရှင်၏ နိကာယ်များ၌ ဘုရားလက် ထက်တော်က ထိုအရေးများ ပါရှိနေသဖြင့် ငါတို့သိ ရဘိသို့ ငါတို့ လက်ထက်ရှိ အရာတို့ကိုလည်း နှောင်းလူတို့ကို သိစေလို၏။ 

အစိုးရအဖွဲ့တစ်ဖွဲ့ကိုသော်လည်းကောင်း၊ ဘာသာရေး၊ လူမှုရေးအစုများကိုလည်းကောင်း အပုပ်ချခြင်း၊ ဝေဖန်လိုခြင်းကားအလျဉ်းမရှိပေ။ အစိုးရအဖွဲ့တိုင်း၌ လွတ်လပ်ရေးတိုက်ပွဲဝင်များ အများစု ပါဝင်နေချေ၏။ ထိုသူတို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ်လည်းကောင်း၊ ဘာသာ,သာသနာအပေါ် လည်းကောင်း ထားရှိသောစေတနာကိုကား မစော် ကားဝံ့။ မစော်ကားရဲပြီ။ 

-တော်စွလျော်စွဖြင့် တော်လှန်ရေးမလုပ်ရဲ။ 
-တော်စွလျော်စွဖြင့်လည်း လွတ်လပ်ရေး အရေး မဆိုရဲ။ 

-တစ်ဖန် တော်စွလျော်စွ သိက္ခာစေတနာများ ဖြင့်လည်း ခေါင်းဆောင်မဖြစ်။ 

 ယုတ်စွအဆုံး ရပ်ကွက်ခေါင်းဆောင် ဆိုသူ သည် ပင် ထို တစ်ရပ်ကွက်လုံး နှစ်သက်သော ကိုယ်ကျင့်သိက္ခာ၊ ရပ်ရွာလူထုအပေါ်ထားရှိသော စေတနာ အထူးအားကောင်းပါမှသာ ဖြစ်တတ်ချေ ရကား ထိုတိုင်းပြည်ခေါင်းဆောင်ကား ကိုယ်ချင်း စာပွား မေတ္တာထားကြည့် သိနိုင်လောက်ရာပြီ။ 

အထက်ပါ အခြင်းအရာများသည် ထို(၂၅)နှစ် သက်တမ်းအတွင်း ကြုံတွေ့ခဲ့ရသည်များ ဖြစ်ကြ၏။ မာနာနုသယ၏ အမှုတ်အလွှင့်အတိုင်း မျောပါသွား ရာမှ ရခဲ့သော အတွေ့အကြုံများလည်း ဖြစ်ပါချေ၏။ (၁၇)နှစ်သားမှစ၍ ဝင်ဆံ့လာသော ထိုမာနတရားကား 
ဘယ်သောကာလများမှ ရပ်စဲလေမည်နည်း။ 

ဤကား ငါတို့ဘဝ၏ ပထမပိုင်းတည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအပိုင်း (၁၃ )

 ""ဘဝသစ်ကို မွေးဖွားသန့် စင်ခြင်း ""
၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း (၁၃) ရက်နေ့၏ ညနေခင်းတွင်သင်္ကန်းကျွန်း၊ နှင်းဆီကုန်း ဘူတာရှေ့ရှိ ဓမ္မရိပ်သာကျောင်းတိုက်မှ သင်္ကန်းကျွန်း ဘိုးဘိုးကြီးရှိရာ နတ်စင်ကြီးအနီးရှိ ဘတ်စ်ကား (၁၃-ကားလိုင်း)ရှိရာသို့ ထွက်ခဲ့ပြီး ရန်ကုန်မြို့တွင်း 
သို့ဝင်ခဲ့၏။ ရန်ကုန်မြို့တွင်းရောက်သော် မဟာဗန္ဓုလ လမ်းရှိ လွတ်လပ်ရေးဆံသဆိုင်သို့ ဝင်ရောက်ကာ ဦးစွာ ဆံပင်ညှပ်စေ၏။ 

ထိုသို့ဖြစ်ရန်ကိုကား အကြံအစည်ဖြင့် လွန်ခဲ့သော လပြည့်နောက်ပိုင်း ဆံမပယ်ဘဲ လက်သတ်မွေးထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်ချေ ၏။ ညပိုင်းကျလေမှ (ည ၇-နာရီခန့်မှ)ဝင်ရောက် ခြင်းကား ရုတ်တရက်သော ဝတ်ကြောင်ဝတ်ကို ပြသရန် ရှက်လှခြင်းကြောင့်တည်း။ 

ထိုလွတ်လပ်ရေး ဆံသဆိုင်မှ ထွက်လာလေ သောအခါ ညသည် မီးရောင်တို့ဖြင့် မြို့ကို တန်ဆာ ဆင်ထားပြီးဖြစ်နေ၏။ ထိုမှတစ်ဆင့် နောင်တော်ရှိရာ သို့ ထွက်ခွာခဲ့ရ၏။ နောင်တော်ကား ဘုန်းကြီးလမ်း မှာသာရှိ၏။ ဆရာကြီး ဦးလှသိန်း၏ ဌာနချုပ်ကား 
ပြောင်းသွားပြီး ဖြစ်နေချေပြီ။ သို့ကြောင့် ထိုအိမ်၌ ပရိတ်သတ်ရှုပ်ထွေးခြင်းမရှိချေ။ ထိုလ၏လပြည့်နေ့ ရောက်သောအခါ ကျောက်မြောင်းရှိ ကြံတိုင်းအောင် ဆေးလိပ်ခုံမှ မန်နေဂျာဦးမျိုးညွန့်နှင့် ဆက်သွယ်ကာ ထို ကြံတိုင်းအောင် ဆေးလိပ်ရုံသို့ ရောက်ရှိသွားချေ 
တော့၏။ 

လောကတွင်းသို့ ဝင်စသတ္တဝါတိုင်းသည် ယောင်နနဖြင့် စမ်းတဝါးဝါးသာ။ ငါတို့သည်လည်း ရဟန်းလောကမှ လူလောကကြီးထဲသို့ ရောက်သစ်စ ကာလမျှသာ ရှိချေသေးသဖြင့် အိုးတိုးအတ ယောင်နန မျှသာရှိချေသေး၏။ ခိုင်းသလောက်ကိုသာ လုပ်တတ်၍ လုပ်သလောက်ကိုသာသိတတ်သေး၏ မဝတ်တတ် ချေသေးသော ပုဆိုးသည် ကျွတ်တတ်လှချေ၏။ ရွှေဘိုဝေဠုဝန်မှ ဆရာတော်ကြီး လူထွက်သွားချေ 
သောအခါ ခါးပတ်ကြီးပတ်လျက်က ဝတ်ထားသော ပုဆိုးဝတ်ပုံကို ပြေးမြင်ယောင်မိ၏။ ညနေ၏ ညစာ စားသုံးရသောအခါမျိုးတို့၌လည်း စားမဝင်။ နင်သို့ တစ်ဆို့ ဖြစ်နေတတ်သဖြင့် အသက်(၇၅)နှစ်ကျခါမှ လူထွက်သွားသော ထို ရွှေဘိုဝေဠုဝန်ဆရာတော် လူထွက်ကြီး၏ ညစာစားမရ ဟူသော သတင်းစကား ကို ကြားယောင်ကာ ကိုယ်ချင်းစာနာမိပါချေ၏။ 

ဆေးလိပ်ခုံ၌ ကိုင်တွယ်ကြရသော ပစ္စည်း ကိရိယာများသည် အပေအကျုံပစ္စည်းများချည်းဖြစ် တတ်ကြချေရာ ပစ္စည်းတစ်မျိုး အလုပ်တစ်ခု လုပ်ကိုင်ရပြီးတိုင်း လက်ရေတစ်ခါ သွားသွားဆေး ရသည်မှာလည်း အမောပင်ဖြစ်ချေ၏။ ဆရာ မန်နေဂျာဖြစ်သူက “ဟေ့လူ- ဘာလုပ်ဦးလေ” စသဖြင့် ခိုင်းလိုက်ရာမှ “ဟေ့လူ'ဆိုသော အသံကြား ရလျှင် လန့်လန့်နေတတ်လှ၏။ “အော်-ငါလူပါလား” ဟူသော အတွေးလည်း ဝင်, ဝင်လာတတ်သေး၏။ 

ငါတို့ဆေးလိပ်ခုံကား လုပ်သား(၁၂၀)မျှ ရှိ ၏။ အလတ်တန်းစား ခုံမျိုးဖြစ်၏။ ရန်ကုန်၏ အကြီးဆုံးသော ကျားပျံမှာမှ(၇၀၀)လောက်သာ ရှိ ၏။ ထိုဆေးလိပ်သမတို့ကို ငါတို့မကြည့်ရဲသဖြင့် စာရင်းအင်းရေးမှတ်ရလေသောအခါ ဆေးလိပ်သမ တို့ တည်ရှိရာကို ကျောပေးလျက် ထိုင်ရ၏။ ကိစ္စ ၍ ၄င်းတို့ကြားမှ ဖြတ်သွားဖြတ်လာ ပြုလုပ်ရလေ သောအခါ၌လည်း ကတုန်ကယင်ဖြစ်နေတတ်၏။ 
ကျောချမ်း၍ ခေါင်းနပမ်းကြီးနေတတ်လှချေ၏။ ထိုဆေးလိပ်သမတို့ကလည်း တစ်ရက် နှစ်ရက်စ တွင်ကား ဘာမှမဆိုးကြသေး၊ အကဲခတ်၍ သာ နေကြ သေး၏။ တစ်ပတ်မျှ အနေကြာလာသောအခါ ငါတို့အား စကြ ပြောင်ကြ နောက်ကြ ချေတော့၏။ 
ငါတို့ကား မျက်နှာထားစရာမရှိပြီ။ 

ထိုခေတ်က ရုပ်ရှင်လောကတွင် ကောလိပ်ဂျင် နေဝင်းခေတ်ဖြစ်၏။ အရံများ၌ ကတုံးနှင့်ချီးဘူး ဆိုသူလည်းရှိသေး၏။ ငါတို့၌လည်း ဘိုကေပုံ မပေါ် သေးသော ကတုံးနှင့် မျက်မှန်နှင့်ဖြစ်ရာ - 
“အေး-ခုနေတော့ ချီးဘူးပဲ၊ တော်တော်ကြာ ကောလိပ်ဂျင်ဖြစ်မှာပါအေ့” ဟူ၍ ခနဲ့ကြချေ၏။ 

ဆံပင်များရှည်လာချေသော တစ်လကျော် ကြာလာသော အခါများ၌ကား ဆီမလူး မပြီးမချယ် နေလေ့ရှိသော ငါတို့ကို - 
“ဆီလူးဖို့ အိမ်လိုက်ခဲ့ဦး” မကြားတကြား နောက်ကြစကြ၏။ မိန်းမကြောက်တတ်မှန်း သိလေ ငါတို့အား စကြလေဖြင့် တစ်နှစ်နီးပါးမျှ အချိန်ရလာ သောအခါ အားလုံးက ခင်မင်လာကြ၏။
 
ထိုအခါက အလုပ်သမားဘက်ကအားပေး လျက်ရှိသော တော်လှန်ရေးကြီး၏ အရှိန်အငွေ့ ကြောင့် ပိုင်ရှင်နှင့်လုပ်သားသည် တဇောင်းစေးနှင့် မျက်ချေးနှင့်သာရှိချေ၏။ မည်မျှအလုပ်သမကရိုးရိုး ပိုင်ရှင်က ရိုးသားသည်မထင်။ မည်မျှပိုင်ရှင်က 
ကောင်းကောင်းလည်း အလုပ်သမများက အကောင်း မမြင်။ 

ငါတို့ဆိုလျှင်ကား အလုပ်သမတိုင်းက ယုံကြည်လာ၏။ မကျေနပ်ချက် တစ်ခုခုပေါ်လာ၍ စောဒကတက် ချက်ချင်း စိတ်ရှည်ရှည် ရှင်းပြပေး လေ့ရှိသော ငါတို့၏စေတနာကို ရိပ်မိလာခြင်းကြောင့် ပင် ဖြစ်၏။ 

တစ်ဖန် ပိုင်ရှင်ဘက်ကလည်း ရောက်စ တွင် အမျိုးမျိုးစမ်းသပ်၏။ စိတ်ဓာတ်၊ အသိဉာဏ်၊ စာရိတ္တ အားလုံး၌ပင် အစမ်းခံရ၏။
 
စိတ်ထားသိလိုသဖြင့် အမြောက်လည်းသုံး၊ အငေါက်လည်းသုံး၏။
 
အသိဉာဏ်သိလိုသဖြင့် မေ့လေဟန်သုံး မသိဟန်ဖုံးဖုံးလျက်ကလည်းစမ်း၏။ 

ကိုယ်ကျင့်သိလိုသဖြင့် ရံတစ်ခါ ငွေများကို အမေ့ကောက်ခါ ငါတို့စားပွဲ၏အံဆွဲထဲ၌ တစ်ညတာ မျှထားပစ်ခဲ့၏။ ငွေများနှင့်ပတ်သက်၍ လက်ရာ မပျက် တွေ့ရလေသောအခါ နာရီ စသည်များကို အမေ့ကောက် ထားပစ်ခဲ့၏။
 
ဤသို့အားဖြင့် လများစွာကြာညောင်းလာ မှ ငွေကြေးနှင့်စပ်ဆိုင်သော အရောင်းကိစ္စ၊ မှော်ဘီ၊ 
ကျောက်တန်းစသည့် ကိုယ်စားလှယ်များထံသို့ အကြွေးတောင်းကိစ္စများကို တစ်ဦးတည်း စေလွှတ် တော့၏။ 

ငါတို့သည်လည်း လများစွာကြာညောင်း လာသဖြင့် အလုပ်၏လုပ်ကွက်သဘောကို နားလည် လာပြီဖြစ်ခဲ့၏။ သို့ကြောင့် ပိုင်ရှင့်ဘက်ကလည်း ဘာမဆိုငါတို့အပေါ် အပြည့်ယုံလျှက်ကသာ ရှိချေ ၏။ ငါတို့သည်ကား ပိုင်ရှင်နှင့်လုပ်သားတို့အကြား ခုံသမာဓိအရာသို့ အလိုလိုရောက်ရှိသွားချေပြီ။ 

တစ်ဖန် အိမ်တွင်းရေး ကိစ္စရပ်များ၌လည်း တစ်အိမ်တည်းမှာပင် ပိုင်ရှင်၏ လင့်ဘက်၊ မယားဘက် 
ဆွေမျိုးများ ပေါင်းစုနေရာဖြစ်သဖြင့် အချင်းချင်း အတည့်ကြည့် မကြည့်မိကြချေ။ မယားဘက်မှ 
အစ်မ,တူမများက ထိုမယားသေပြီး နောက်ပိုင်း အိမ်တွင်းထိန်းသိမ်းရေးကိစ္စအဝဝ အစစ တာဝန် ယူထားကြရပြီး၊ လင့်ဘက်မှတူများက လုပ်ငန်း၏ ကိစ္စအဝဝ အစစ တာဝန်ယူထားရချေ၏။ 

ငါတို့၏ဆရာ မန်နေဂျာ ဦးမျိုးညွန့်သည် ကြံတိုင်းအောင် ဆေးလိပ်ရုံပိုင်ရှင်ဦးစိန်အောင်၏ နှမအရင်းမှ မွေးဖွားသောသားဖြစ်၏။ အိမ်ထောင် ကျသဖြင့် မယားနောက်လိုက်နေလျက်က အလုပ်ရုံကို ဦးစီး၏။ 

ပိုင်ရှင်၌ကား သားနှစ်ယောက်တည်းသာ ထွန်းကားချေရာ အကြီးသားကားကျောက်တန်း၌ အိမ်ထောင်ကျသဖြင့် အိမ်ခွဲသွားပြီး၊ အငယ်သား ကား ပညာသင်ဆဲမျှသာ ရှိချေသေး၏။ သို့ကြောင့် အိမ်, လုပ်ငန်းနှင့် ကိစ္စအားလုံးတို့၌ ကြားလွတ် သမားများ ချည်းသာတည်း။ 

ထိုဆေးလိပ်ခုံ၌ ငါတို့နှင့်အတူနေတို့ကား ထိုဆေးလိပ်ရုံ၏ ပိုင်ရှင်ဖြစ်သော ဒေါ်ခင်ပြုံး၏ အစ်မ များ၊ တူမများဖြစ်ကြ၏။ အစ်မများဖြစ်ကြသော ဒေါ်ခင်ခင်နှင့် ဒေါ်ဝင်းကြည်တို့ကား အိမ်ထောင်ကို စီမံ၏။ တူမများဖြစ်ကြသော ညိုညိုစိန်၊ အေးအေးစိန်၊ ဖြူဖြူစိန် သုံးဦးတို့တွင် အလတ်မကား အိမ်ထောင်ရှင် ဖြစ်နေသဖြင့် အတူနေတစ်စီးပွားဖြစ်၏။ ကျန်နှစ်ဦး သာ အိမ်ထောင်စုစာရင်းဝင်များ ဖြစ်ကြပြီး၊ ညိုညိုစိန် ကား ဆေးလိပ်ရုံ၏ ဦးစီးဖြစ်၏။ ဖြူဖြူစိန်ကား စားဖိုချောင်ဦးစီးဖြစ်၏။ 

ထိုသို့ စီးပွားရေးတစ်ခုထဲ၌ လင့်ဘက်၊ မယားဘက် ဘက်ကွဲနေကြသဖြင့် အကြည့်လည်း တွဲနေကြ၏။ မန်နေဂျာဦးမျိုးညွန့်နှင့်အတူ ကားဖြင့် မြို့ထဲလှည့်သောအခါ, ဆေးလိပ်ပို့သောအခါများ တို့၌ ဦးမျိုးညွန့်သည် ဒေါ်ခင်ပြုံး၏ တစ်ဆွေမျိုးလုံး ခုံကပ်စားနေကြသဖြင့် စီးပွားရေး နလန်မထူနိုင်ပုံ၊ ၎င်းအစ်မကြီးများက ဘာမှဝင်မလုပ်ဘဲ စားနေပုံ သည်များကို ပြောပြတတ်၏။ 

တစ်ဖန် အိမ်၌ရှိနေသောအခါ ဒေါ်ခင်ခင်နှင့် ညိုညိုစိန်တို့ကလည်း ရုံ၏ရသမျှငွေ, ရုံကိစ္စ ၄င်း ဦးမျိုးညွန့်ကသာ ထင်သလိုသုံး၊ ထင်သလိုလုပ်နေသဖြင့် စီးပွားတိုးတက်ပုံကို ပြောပြကြကာ ၄င်းယူသမျှ ငွေကြေးများ စာရင်းမှတ်ထားရန်ကိုပါ ပြောကြား၏။ 

ငါတို့ကား မည်သူပြောပြော “ဟုတ်ကဲ့” နှင့် “ဟုတ်လား”ဖြင့်သာပြီးစီးစေရ၏။ မည်သည့်ဘက်မှ ပါပြီ။ မည်သည့်စကားကိုမျှလည်း အပို့အကြို လုပ်ခဲ့ပြီ။ တစ်ဘက်ကား ဆရာ၊ တစ်ဘက်မှာကား အတူနေများဖြစ်ကြ၍ မည်သည့်ဘက်မှ ပါ၍လည်း သင့်ပြီ။ 

ထိုသို့သော အလုပ်ရှင်၊ အလုပ်သမားတို့၏ ပ၊ အလုပ်ရှင် အလုပ်ရှင်ချင်းများ၏ ပဋိပက္ခ 
တို့အကြား ရောက်ရှိနေရငြားသော်လည်း ငါတို့ သည်ကား လူလားမမြောက်သေးသောကလေးငယ် ၏ စိတ်ထားမျိုးပမာ မည်သည့်အပူဓာတ်မျှ အဟပ် မခံရချေ။ အလုပ်သမများနှင့် ငါတို့သည် စည်းလုံးမိ ကြ၏။

 ငါတို့အပေါ် အားလုံးက သံယောဇဉ်ရော စေတနာပါပိုကြ၏။ ညနေပြန်ခါနီးကြလျှင် ငါတို့ အတွက် သောက်သုံးရန် ဆေးလိပ်တစ်လိပ်, နှစ်လိပ် မျှကို အထူးတလည်လိပ်၍ ပေးကြ၏။ ယခင်က ဆေးလိပ်မသောက်တတ်ခဲ့သော ငါတို့ကား ဆေးလိပ် ရုံသို့ ရောက်သောအခါ ဆေးစပ်စပ်ရာ၌ ဦးစီး၍ စပ်ပေးရာမှ အစပ်တည့်မတည့်ကို ညိုညိုစိန်က လိပ်ပေး ငါတို့ကမြည်းစမ်းကြည့်ဖြင့် ယခု-ဆေးလိပ် သောက်တတ်သောအဖြစ်သို့ ရောက်ရှိနေပြီး ဖြစ်၏။ ဆေးလိပ်သောက်သမားကြီး ဖားဖားဖြစ်လာရ၏။ 

မန်နေဂျာဖြစ်သူ ဦးမျိုးညွန့်က ပြင်ပလုပ်ငန်း များဖြစ်သော ရုံးကိစ္စများ ကုန်ကြမ်းဝယ်ကိစ္စများ ကိုသာ အလေးပေးဆောင်ရွက်ပြီး ရုံတွင်းကိစ္စ၊ အရောင်းအဝယ်ကိစ္စ၊ ဆေးရိုးလှော်-ဆေးချေ - အစပ် ကိစ္စအဝဝ ငါတို့နှင့်သာ လွှဲပေးထား၏။ ဦးမျိုးညွန့် ကား ငါတို့နှင့်သက်တူရွယ်တူမျှသာ ရှိချေသေး၏။ 

တစ်နှစ်မှ နှစ်နှစ်ဆီသို့ ရောက်လာခဲ့ပြီ။ 
ထိုအတောအတွင်း အလုပ်သမားများ၏ ဘောနပ်စ်ကိစ္စဖြေရှင်းရ၏။ ကျေးဇူးသိသူတို့က မယူ။ မကျေနပ်သူတို့ကသာယူ၏။ ရုံတွင်း၌ အလုပ်သမ နှစ်ခြမ်းကွဲလျက်ရှိနေကြ၏။ ဆန်အခက်အခဲများ၊ အကျပ်အတည်းများ ပေါ်ပေါက်လာ၏။ 

ငါတို့ရုံရှိ အလုပ်သမတို့ကား ဒုလ္လိက္ခန္တရကပ် ဆိုက်ရှာကြရချေတော့၏။ ထမင်းစားခွင့်ရလေသူ တစ်လေတစ်ယောက်စမျှသာရှိ၏။ အချို့ကား - ဆန်ပြုတ်၊ အချို့ကား-ချပါတီ စသည်ဖြင့် ပြီးစီးကြရ ရှာ၏။ ဆန်ပြုတ်သောက်နိုင်သော အလုပ်သမကား အတော်ဆုံး ဖြစ်ခဲ့၏။ စိတ်မချမ်းသာစရာ မြင်ကွင်း တည်း။ သို့ဖြစ်သော်လည်း ငါတို့ကား မတတ်နိုင်ပြီ။ ငါတို့ရုံရှင်သည်ပင် မလုံလောက်။

 ပြင်ပအဆက် 
အသွယ်ဖြင့် လောက်ငှရုံမျှပင် အနိုင်နိုင်သာ။ 
ငါတို့ရောက်ရှိချိန်၌ ဖက်ဆေးများ ပြည်သူပိုင် အသိမ်းခံရခြင်း၊ အလုံအလောက် မပေးခြင်းများ ကြောင့် ဆေးလိပ်ရှားပါးသောခေတ်ဖြစ်ရကား လိပ်သမျှ မလောက်ငှအောင်ပင် ရောင်းကောင်း၏။ သို့ကြောင့်ပင် ဘောနပ်စ်ဆုလည်းပေးနိုင်၏။ လုပ်ငန်း သုံး ကားငယ်လေးတစ်စင်းလည်း ဝယ်နိုင်ခဲ့၏။ 

ထို နှစ်နှစ်တာ ကာလအတွင်း၌ ဦးမျိုးညွန့် ၏ လိမ္မာပါးနပ်မှုကြောင့် အိမ်တွင်းရေးများလည်း စည်းလုံးမိကြ၏။ တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ်နေ ကြရာမှ ရိုင်းပင်းရာဘက်သို့ တက်လာခဲ့ကြ၏။ ဦးမျိုးညွန့်နှင့် သွားတူလာတူ မိတ်ကောင်းဖြစ်သော ဦးသိန်း၏ ကူညီပံ့ပိုးမှု အကြံဉာဏ်ကောင်းများကြောင့် ဖြစ်၏။ 
တရုတ်-ဗမာ အဓိကရုဏ်းကြီးများလည်း ငြိမ်းအေးသွားကြလေပြီ။ လင့်မျိုး, မယားမျိုး အိမ်တွင်းရေး အဓိကရုဏ်းလတ်လည်း ငြိမ်းအေး သွားလေပြီ။ ဤတွင် ငါတို့၏အိမ်တွင်းရှိ အိမ်ထောင် ရေးအဓိကရုဏ်းလေးကား တစ်စခန်းထချေပြီတည်း။ ရုံရှင်ဦးစိန်အောင်က ငါတို့အား တူမ-ညိုညိုစိန်နှင့် နားချ၏။ တစ်ဖက် ကြီးကြီးခင်-ကြီးကြီးဝင်းတို့က ဖြူဖြူစိန်နှင့်သာသဘောတူ၏။ ထိုစဉ်က အေးအေးစိန် ကား လင်ဖြစ်သူ အစိုးရတာဝန်ဖြင့် အင်္ဂလန်သို့ ပြောင်းသွားရသဖြင့် ခလေးနှစ်ယောက်နှင့်အတူ လိုက်ပါသွားရကား အိမ်၌မရှိပြီ။ 

ငါတို့သည်ကား လွန်ခဲ့သောတစ်နှစ်ကျော် ကျော်အတွင်း၌ အိမ်ထောင်ရေးဘက်သို့ စိတ် မရောက်ခဲ့။ လုပ်ဖော်ကိုင်ဘက် ဆေးလိပ်သမတို့က ရုပ်ရှင်ကြည့်ရန်ခေါ်ခြင်း၊ အိမ်အလည်ခေါ်ခြင်းကို ပင် စိတ်မဝင်စားသဖြင့်လည်းကောင်း၊ ရှက်သဖြင့် လည်းကောင်း၊ မိန်းမများနှင့် ပူးပူးကပ်ကပ် နေရ မည်ကို ကြောက်သဖြင့်လည်းကောင်း မလိုက်ပါမိ။ အလိမ္မာသုံးလျှက်ကသာ ရှောင်ခဲ့၏။ 

အလုပ်သမားနေ့၊ လယ်သမားနေ့ စသည် များတို့၌ ထိုစဉ်က ည၌စီတန်းလှည့်လည်ရပြီး နံနက်အာရုံတက်လောက်မှာမှ ကျင်းပရာမြင်းပြိုင် ကွင်းသို့ ရောက်ရ၏။ ထိုသို့ ဆေးလိပ်သမများနှင့် အတူလိုက်ပါရသော်လည်း အနီးကပ်၍ မလိုက်ပါရဲခဲ့ (နောက်သော်ကား ပြဿနာပေါ်သဖြင့် နေ့ခင်း ကြောင်တောင်မျှသာ ချီတက်ပွဲကျင်းပတော့၏) 
အိမ်၌လည်း စားသောက်ချိန်များမှာသာ အိမ်ပေါ်တက်၍ ၄င်းတို့နှင့်အတူစားသောက်ပြီး ကျန်အချိန်များ၌ ရောရောနှောနှောမနေခဲ့။ ထိုသို့ ရှိခဲ့ရာမှ ဘကြီးအောင် (၄င်းတို့အခေါ် အတိုင်း)၏ သွေးထိုးမှုကို ခံရလေသောအခါ စိတ်ကစားလာ၏။ 

လွန်ခဲ့သော တစ်နှစ်ကျော်အတွင်းကပင် ညိုညိုစိန်က စ၏။ အမျိုးမျိုး သွေးထိုးစမ်း၏။ ငါတို့ ကား သားရေပေါ်အိပ်၍ သားရေနားစားလေသည် ဟူသောစကား ကြားဖူးနားဝရှိလေသဖြင့် စိတ် မကစားခဲ့မိ။ ယခုသော်ကား စိတ်ကစားလာ၏။ ဖြူဖြူစိန်ကား ငါတို့အောက် ငယ်သူဖြစ်သဖြင့် ရဲတင်းစွာပင် အရေးဆို၏။

 “အိမ်ကမကျေနပ် 
လိုက်ခဲ့ပါ့မည်” အထိ အဆုံးစွန်ပြော၏။ သို့သော် ကြာမြင့်စွာ ညီမလိုသဘောထားပြီးရာမှ ယခု လင်လို-မယားလို စိတ်ထားပြောင်းရမည်ကို အတော် ဝန်လေးနေ၏။ 
ညိုညိုစိန့်အပေါ်၌ကား ယခင်က နှုတ်စအာစ ကြမ်းလေသောမိန်းကလေး၊ ငါ့ထက် အသက်ကြီးသော မိန်းကလေး ဟူသော စွဲချက်ဖြင့် ပယ်ထားခဲ့ရာမှ ယခုသော်ကား အလုပ်၌ဇွဲသတ္တိရှိသော မိန်းကလေး၊ ငါ့အပေါ် အနွံအတာခံသော မိန်းကလေးအဖြစ် မျက်လုံးတစ်ဖက် မှောက်သွားချေတော့၏။ 

၄င်းတို့နှစ်ဦးမှာကား အစ်မကွယ်သည်နှင့် ညီမသည် ငါ့အနားဝင်ကပ်ကာ အမျိုးမျိုး တွတ်တီး တွတ်တာပြော၏။ အစ်မကား မြင်သည်နှင့် “အင်း နင်တို့က ငါ့ကွယ်ရာ သည်အထိရောက်နေကြ ပလား”ဟူ၍ စားမန်ခုတ်၏။ ညီမသည် ခေါင်းငုံ့ကာ 
ထွက်သွားချေတော့၏။ ညီမကွယ်သော် ငါတို့က စ၏။ အစ်မကား အင်းမလုပ် အဲမလုပ် ပြုံးရုံသာ ရှိ၏။ ဤသို့ဖြင့် ဇာတ်မျောကြီးဖြစ်နေချေရာ ရွာမှ ငါတို့၏ မိခင်နှင့်အစ်မများ လိုက်လာကြ၏။ စနည်း နာရန်တည်း။ သတင်းစကား ကြားသိသွားသဖြင့် လာရောက် လေ့လာခြင်းတည်း။ 

ထိုအခါ ပို၍ပင်ရှုပ်ထွေးလာတော့၏။ ညိုညိုစိန်ကို မိခင်တို့က မာနကြီးသူအဖြစ် စွဲချက် တင်၏။ ဖြူဖြူစိန်ကို သာ သဘောတူကြ၏။ ဖြူဖြူစိန်ကလည်း လျင်၏။ မိခင် အစ်မများ ရောက် သည်နှင့် ပြေးကပ်၏။ ငါတို့ အားပြောသည့် အတိုင်းပင် အိမ်မှသဘောမတူ လိုက်ပါမည့်အကြောင်း အထိပင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောသည် ဆို၏။ 

မိဘနှင့်ငါတို့ကား အမြင်ချင်းမတူပြီ။ 
- မိဘများကား အိမ်ထောင်ရေးအမြင်။ 
- ငါတို့ကား စီးပွားရေးအမြင်။ 
တစ်ဖန် - မိဘများကား တောဓလေ့အမြင်။ 
-ငါတို့ကား မြို့ထုံးစံအလိုက်အမြင်။ 

စီးပွားရေးကား ဘက်ထမ်းအညီကိုဦးတည်၏။ အိမ်ထောင်ရေးကား အသာစီးရမှုကို ရှေ့ရှု၏။ 
မည်သည့်မိဘမဟူ မိမိတို့ သား-သမီး ဘက်မှ အစစသာစေ့ချင်ကြ၏။ နွားအရောင်း အဝယ်ကဲ့သို့ အမြတ်အစွန်းထွက်လို၏။ မိမိသား သမီးဘက်မှ အရှုံးပေးရမည်ကို မကြည့်လို ၊မကြား လိုပြီ။ သို့ကြောင့်အိမ်ထောင်ရေးကိစ္စ၌ ကြက်တိုက် ပွဲ ပမာသာ အဆုံးအဖြတ် ပေးလိုကြစမြဲတည်း။ 

ငါတို့သည်ကား ငါတို့အစွဲကိုလည်း လက်မ လို၊ နှစ်ဘက်လူကြီးများ၏ စိတ်ဆင်းရဲမှု ကိုလည်း မခံစေလို။ ဤသို့လျှင် နှစ်ခွသောစိတ်က ဖိနှိပ်လျက်သာရှိချေ၏။ ထိုအတွင်းဝယ် ညိုညိုစိန် သည်လည်း ငါ့သဘောသို့လိုက်၏။ ဖြူဖြူစိန်က လည်း သာ၍ပင်ကဲသေး၏။ အမျိုးမျိုးအရေးဆို၏။ နှုတ်ဖြင့်မရသဖြင့် ကိုယ်,လက်တို့ပါ ပါလာ၏။ ငါကား နှမအဖြစ်မှ တစ်ပြားသားမျှ တက်၍မရပြီ။ 
နောက်ဆုံး သူမအား မကြည်ဖြူလိုက နေပါ။ အိမ်ကတော့ထွက်မသွားပါနှင့်။ အကယ်၍ အစ်မ နှင့် အတူနေပါကလည်း ကြည်ဖြူပါ၏။ ငါတို့အား 
တွေ့မြင်နေရလျှင် တော်ပါပြီအထိ အနစ်နာ ခံရှာ၏။ 

သို့တစေလည်း အခြေအနေကား လိပ်ခဲ တင်းလင်းမျှသာ။ လူကြီးများကလည်း ကြားဝင် ပေးခြင်းမရှိခဲ့။ လူကြီးကလည်း လူကြီးသဘောထား မှမပြောင်းလဲ။ ငါတို့ကလည်း ငါတို့သဘောထားမှ အချိုးမပြင်။ လူငယ်များကလည်း အကြီးကား ဣန္ဒြေဆည်ကာ အတွင်းကြံ, ကြံ၏။ အငယ်ကား စိတ်မြန်ကိုယ်မြန် အစွဲသန်၏။ . 

ထိုအတောအတွင်း မိဘများဘက်မှ တစ်စ ထောင်လာပြန်၏။ ၄င်းတို့သားကား ရိုးလွန်းလှ၏။ ဆေးလိပ်ခုံ ဝယ် ရန်ကုန် မိန်းကလေးများနှင့် အကြောင်းပါသွားလျှင် ၄င်းတို့သားသာ နာစရာ ရှိ၏။ သို့ကြောင့် တောတောချင်း မိမိတို့ ရွာမှ မိန်းကလေးနှင့် အကြောင်းပါရန် အရေးဆိုလာကြ ပြန်၏။ 

မိခင်ကြီး အသည်းအသန်ဖြစ်နေ၍ ဆိုကာ နောင်တော်ဦးလှအောင်အား သံကြိုးအရိုက်ခိုင်း ခေါ်သဖြင့် သွားရပြန်၏။ ရွာရောက်သော် ၄င်းတို့ သဘောကျ တစ်ရွာတည်းနေ မစိန်မေနှင့် နားချကြ ချေ၏။ နားမဝင်လေ။ နေမြဲဆေးလိပ်ခုံသို့သာ ပြန်လာခဲ့၏။ မစိန်မေဆိုသည်မှာ အမြင်သာရှိခဲ့၏။ လူချင်းမတွေ့ခဲ့စဖူးပြီ။ 

ဆေးလိပ်ခုံသို့ရောက်သော်လည်း အကြောင်း ကားမထူးလေ။ ထူးရန်မှာ ငါတို့အတင့်ရဲမှသာ ဖြစ်ပေလိမ့်မည်။ ငါတို့ကား လူကြီးတို့ စိတ်မချမ်းသာ လျှင် အကြမ်းမဖက်ပါလို။ သို့နှင့် အမြင်သာရှိ၍ အယှဉ်မရှိသော ထိုအဖြစ်မျိုးဖြင့် ဇွတ်တိုး မနေလို 
တော့ရကား မိတ်ဆွေဖြစ်သူ သင်္ကန်းကျွန်း၊ လေး ဒေါင့်ကန်ရပ်ကွက်၊ ကန်တော်လမ်းရှိ ဦးကျော်သန်း ကို အကူအညီတောင်း၍ ၄င်း၏အိမ်သို့ ရှောင်တိမ်း ထွက်ခဲ့ရချေတော့၏။ 

ဆေးလိပ်ခုံ တစ်ရုံလုံး ဒေါင်းတောက် နေရစ်ကြ၏။ ဆေးလိပ်သမအားလုံးသည်လည်း ကောင်း၊ ရုံရှင်သည်လည်းကောင်း လိုက်လံစုံစမ်း ကြ၏။ မတွေ့ကြလေ။ ၄င်းတို့ကား နောင်တော် ဦးလှအောင်နေရာ ဘုန်းကြီးလမ်း ထင်ထားကြ၏။ ငါတို့ကား သင်္ကန်းကျွန်းမှာ။ 

တစ်နေ့ နောင်တော်ထံသွားသော အခါ ရေကျော်မှ ဖုန်းလာကြောင်း ဆီးပြော၏။ သွားဖြစ် အောင်သွားရန်လည်း တိုက်တွန်း၏။ သို့ကြောင့် ပုဇွန်တောင်၊ရေကျော်ရှိ ဒေါ်ဖွားသောင်းတို့ နေအိမ် ရောက်သွားရာ ညိုညိုစိန်က အပေးခိုင်းသော ငွေ (၅၀၀)ကျပ်နှင့် အဝတ်အထည်များ ဆီးပေး၏။ ငါတို့ကမယူ။ ၄င်းကလည်း မယူမနေရ အတင်း အကြပ်ပေး၏။ 
အကြောင်းမှာ အိမ်မှထွက်စဉ်က ငွေပါ မသွားမှန်း သိသောကြောင့် ဖြစ်၏။ ၄င်းနှင့် (ညိုညိုစိန်နှင့်) တွေ့ရန်ကိုလည်း ချိန်းပေး၏။ အတွေ့မခံလိုတော့ပါ။ ဇာတ်လမ်းဆုံးနေပါပြီ ဆို လည်း ၄င်းစိတ်မချမ်းမသာဖြစ်နေသည်၊ ဇာတ်လမ်း ဆုံးသည်ဖြစ်စေ၊ မဆုံးသည်ဖြစ်စေ ၄င်းစိတ်ချမ်းသာ အောင် တွေသင့်သည် ဟုဆိုသဖြင့် ၄င်းစိတ်ချမ်းသာ အောင် ဆိုသောစကားက ငါတို့စိတ်ကို ဖမ်းဆီးထား ချေရကား သဘောတူလိုက်ရချေ၏။ 

တစ်နေ့ ထိုရေကျော်အိမ်သို့ ညနေတွင် တွေ့ဆုံကြ၏။ ဘယ်မှမသွားပါနှင့် အိမ်ရှိလူကြီးများ ကို ၄င်းရင်ဆိုင်ဖြေရှင်းမည်။ ထိုဖြေရှင်း၍ မပြီးမချင်း ဤအိမ်၌ပင် ခေတ္တနေရန်ပြော၏။ ငါတို့ကား မတုန် မလှုပ်သာ။ အကြောင်းမှာ ထွက်ပြီးကာမှ ပြန်ဝင် ရမည်ကိုလည်း ရှက်မိ၏။ လူကြီးများ အလိုမတူဘဲ လျက် ၄င်းတို့နှင့် အတူနေရမည်ကိုလည်း တွေးပူ မိ၏။ ဘဝတူဆေးလိပ်သမများရှေ့ ပိုင်ရှင်နှင့် ပေါင်းသင်းနေပြရမည်ကိုလည်း မျက်နှာမပြဝံ့တော့၍။ 

တစ်ဖန် ညိုညို စိန်နှင့်ပေါင်းရန်ကိုလည်း | စိတ်ကမကုန်လေ။ ဘာမျှမကြံတတ်ပြီ။ ရိုးသော၊ အ,သော၊ သတ္တိမရှိသော ငါတို့သဘောကား ပွဲတိုး ကြည့်မှ ပေါလောကြီး ပေါ်နေ၏။ 

| လူပျံတော် ဘယ်လောက်ပျံပျံ လူခံတို့ပျံ သလောက် ခရီးမရောက်။ 
ရဟန်းတို့ ဘယ်လောက်ပင် အကျင့်ပျက် ပျက် လူတို့အိပ်စက်နေသလောက် မဆိုးသေး။ 
ရဟန်းဘဝဖြင့် တစ်ပြည်လုံးလည်း နှံ့၏။ ဗဟုသုတလည်း လူမျိုးစုံ၊ ဘာသာစုံတို့နှင့် တွေ့ထိ ခဲ့ရသဖြင့် ပြည့်စုံသည်ထင်မိ၏။

 အထင်ကား အထင်သာ။ ထိုရဟန်းဘဝ၏ လည်ပတ်ပုံကား လူလောကကြီးကို ဘေးမှပတ်လျက်က အဝေးကြည့် ကြည့်ခဲ့ရခြင်းသာ။ 

တစ်ဖန် ရဟန်းလောက၌ ဒုဿီလခေါ် အကျင့်ပျက်များလည်း ရှိ၏။ သို့တစေလည်း ထို | ရဟန်းပျက်၌ အရှက်အကြောက်တရားများ ရှိချေ သေး၏။ လူလောက၏အပျက်ကား အဖတ်ဆည် စရာပင် မမြင်မိ။ 

သို့ကြောင့် ရဟန်း၏အပျက်သည် လူအိပ် နေသလောက်မျှသာရှိ၏။

 ရဟန်း၏အပျက်သည် သိက္ခာရှိလှပါသည်ဆိုသော လူလောက၏ လူကြီး လူကောင်းများထက် အဆများစွာသာ၏။ ထိုနှိုင်း ယှဉ်ချက်များကား ရန်ကုန်မြို့ကြီးတွင်းမှ ရခဲ့သော အဖြေများတည်း။ 

ငါတို့၏ မထုံတက်တေးအမူအရာကို ကြည့် ၍ ညိုညိုစိန်ကား အားရဟန်မရှိ။ သို့ကြောင့် နှစ်ကိုယ်ချင်းတွေ့ရာမှ သွားတော့မည်နှုတ်ဆက်၏။ ထိုသို့ နှုတ်အဆက်ခံရလေသောအခါ စိတ်တို့သည် 
လှုပ်ရှားလာပြန်ချေ၏။ ကပ်လျက်က ဝေးရတော့ မည်ဆိုသောအသိက လှုံ့ဆော်လိုက်သောကြောင့်။ 
“ဒါဆို ဘယ့်နှယ်လုပ်မလဲ” စတင်မေးခွန်း ထုတ်ကြည့်မိ၏။ 
ဦးသိန်းမှတစ်ဆင့် ကြီးကြီးခင်တို့ကိုပြော ကြည့်လျှင်ကောင်းမည် ဆို၏။ 

သို့ဖြင့် လူချင်းခွဲကြ၏။ သူ့စကားအတိုင်း နောက်ရက် ချက်ချင်းပင် မန်နေဂျာဦးမျိုးညွန့်၏ အတွင်းမိတ်လည်းဖြစ် ငါတို့အားလုံးနှင့်လည်း ရင်းနှီး ပြီးသော ဟင်္သာတမြမြ ဆေးလိပ်ခုံပိုင်ရှင် ဦးသိန်းသို့ ဖုန်းဖြင့်အပူကပ် တောင်းပန်လိုက်ရာ ဦးသိန်းကလည်း မဆိုင်းမတွပင် ကြံတိုင်းအောင် ဆေးလိပ်ခုံသို့ သွားရောက်ကာ ဒေါ်ခင်ခင်၊ ဒေါ်ဝင်းကြည်တို့ နှင့် ဆွေးနွေး၏။ ၄င်းတို့ကား ဘူးပင်တည်း။ ထိုနောက် ရက် လင်းလင်းချင်း ဦးသိန်းထံသို့ ဖုန်းဆက်မေးရာ လက်လျှော့လိုက်တော့ဟူသော အကြောင်းကြားသံ ကိုသာ ကြားရတော့၏။ 

ထိုရက်အတွင်းမှာပင် ရွာ၌ ဝေဘူဆရာတော် ဘုရားကြီး၏ နှမတော်အရင်းဖြစ်သော သီလရှင်ကြီး ပျံလွန်သဖြင့် ဈာပနပွဲကျင်းပလေရာ ၄င်း၏ သား 
တော်များဖြစ်ကြသော ဦးသုမန၊ ဦးခေမိန္ဒ၊ ဦးဝံသပါလတို့နှင့်လည်း ရင်းနှီး၊ နောင်တော် ဦးလှအောင်လည်း မသွားမဖြစ် သွားရမည်ဖြစ် 
သဖြင့် ငါတို့ပါလိုက်ခွင့်ကြုံလာပြန်၏။ 

ညိုညိုစိန်ကား မသွားရန် လှမ်းတား၏။ ကိစ္စမအောင်မြင်မီ ရေကျော်မှာသာနေရန် အရေးဆို ၏။ ငါတို့ကား မသွားမဖြစ်၍ပါ အကြောင်းပြပြီး 
နောင်တော်နှင့်အတူ ရွှေဘို၊အင်ကြင်းပင်သို့လိုက်ပါခဲ့ ရချေတော့၏။ ရွာသွားသဖြင့် ဖြစ်ပေါ်လာမည့်ကိစ္စ အားလုံး တာဝန်ယူပါသည်။ ညိုညိုစိန်သဘောကျ ဖြစ်စေ ရပါမည်ဟူ၍ လည်း ဝန်ခံခဲ့၏။

 အကြောင်းမှာ ရွာသို့ ရောက်လျှင် မိဘများက မစိန်မေနှင့် နားချကြတော့ မည်ကို ညိုညိုစိန် သိပြီးဖြစ်နေသောကြောင့်တည်း။ 

ငါတို့၏ဒေသဖြစ်၍ ဝေဘူဆရာတော်ဘုရား ကြီး ဇာတိချက်ကြွေလည်းဖြစ်သော၊ ခင်ဦးမြို့နယ် (ရွှေဘိုခရိုင်၊ စစ်ကိုင်းတိုင်း၏ပိုင်နက် ဌာန) အင်ကြင်းပင်သို့ ရောက်သောအခါ မယ်တော်ပျံပွဲ ကြီး၌ ဝင်ရောက်ကူညီကာ ဆောင်ရွက်ပေး၏။ ပွဲကား နှစ်ရက်မျှသာ။ စီစဉ်ခင်းကျင်းရမူကား တစ်ပတ်၊ နှစ်ပတ်မျှ ကြိုတင်ကြာညောင်း၏။ ဖျက်သိမ်းမှု သည်ပင် တစ်ပတ်မျှ ကြာညောင်းချေ၏။ 
ဆရာတော်ဘုရားကြီး၏ ဘုန်းရိပ်ကံရိပ် အောက်မှဖြစ်သော(ဝေဘူဆရာ တော်ဘုရားကြီး၏ နှမတော်အရင်း) မယ်တော်ပျံပွဲဖြစ်သဖြင့် အထူး စည်ကား၏။

 အဝေးအနီး တောရော မြို့ပါ အသိုက် အဝန်း အတန်းအလွှာ ပရိတ်သတ်များ စုံလင်လှ၏။ ဇာတ်,အငြိမ့် စသည့် ပျော်ပွဲခေါ်ရမည်လော ပူဇော် ပွဲခေါ်ရမည်လော မသာ၌သာစေတတ်သည့် ကပွဲ များလည်း စုံလင်လှ၏။ 
ငါတို့သည်ကား မပျော်နိုင်လေ။ ခေါင်း၌ မ-စိတ်မွှေနေ၏။ မတွေ့ဘူးသော မ-ကိစ္စ၊ မကျွမ်း ကျင်သော မ-ကိစ္စ၊ ဉာဏ်မမှီသော လောကအရာ ဖြစ်သဖြင့် သုန်မှုန်ခြင်းသည်သာ မင်းမူ၏။ 

ဝေဘူဆရာတော်ဘုရားကြီး၏ ဒေသစာရီ ကြွချီရာတိုင်းတို့၌ အမြဲလိုလိုပါလေ့ရှိသော (သနပ်စိန် ရွာမှဦးချမ်း-နောင်တော်ဦးလှအောင် ဦးကောသလ္လ တို့၏ခမည်းတော်)သည်ကား 
“ရည်းစားနှစ်ယောက်ကြား ဗျာများသေရ သောမသာ၊ ရန်သူနှစ်တပ်ကြား ဗျာများသေရ သောမသာ အတူတူပဲလို့ဆိုတယ်။ မောင်ညိမ်း ဘယ်လိုသဘောရလဲ” ခနဲ့၏။ 

“မယားဇံရွေး မယားခွေးနှင့် ညားတတ် သတဲ့” ခနဲ့၏။ ငါတို့ကား ရုံသာ။ 

ထို၌နေစဉ် အတွေးတစ်ခုဝင်လာ၏။ အ ကယ်၍ သာ ငါက ရွာ၏သမီးပျို မစိန်မေနှင့် မိဘ တို့က အတင်းနေရာချပေးနေကြသဖြင့်အကြပ်တွေ နေရပြီ။ နားထောင်ပါမည်အချိုသတ်၍ ရန်ကုန်ကို ပြန်လာခဲ့မည်။ ဘယ်လိုသဘောရသလဲ။ ညိုညိုစိန် ထံ အကြောင်းပြန်ရလျှင် ညိုညိုစိန်က 
“အင်းသည်လိုဆို ဖြစ်ချေဘူး’ ဆိုကာ ကမန်းကတန်း ဆုံးဖြတ်တန်ကောင်း၏။ ထိုအခါ ညိုညိုစိန်နှင့် နှစ်ကိုယ်ချင်း အမြန်ဆုံး နီးအံ့ထင်၏။ ဤသို့အတွေးပေါက်လာ၏။ 

ထိုအတိုင်းပင် ရေကျော်ဒေါ်ဖွားသောင်း တို့ထံမှတဆင့် မြှောက်စာ,လှန့်စာလည်း ဟုတ်၊ အကူတောင်းစာ မြူတောင်းစာလည်း ဟုတ်သော စာတစ်စောင်ကို ရေးပို့လိုက်၏။ 
ငါတို့သည်ကား အစ်မဖြစ်သူဒေါ်ကြည် လာခေါ်သဖြင့် ပွဲပြီးပြီးချင်း ငါတို့ဌာနေမင်းကုန်းရွာ (အင်ကြင်းပင်၏အရှေ့မြောက် သုံးမိုင်ခန့်အကွာ ရှိ၏)သို့ လိုက်ပါခဲ့ရ၏။ ရွာသို့ရောက်သော် အစ်မ ဖြစ်သူကား တစ်ရွာတည်းနေ မစိန်မေနှင့် နားချ၏။ ရန်ကုန် သူတစ်ပါးအိမ် ကျွန်ကဲ့သို့ နေရသော သူ့မောင်ကိုမကြည့်လိုဟူ၍ အရေးဆို၏။ မိခင်ကြီး 
ကား “ငါ့သား စိတ်ချမ်းသာရာဆောင်ရွက်ပါ။ အမေ ငါ့ သားလုပ်သမျှ သဘောတူပါသည်” ဟူ၍ မနှိုင်းဆနိုင်သော မိခင်၏မေတ္တာဖြင့်သာ ဆိုရှာ၏။ 

ငါကား မြို့မှာကျင်လည်သဖြင့် တောအလုပ် ၌ မကျွမ်း။ မစိန်မေကားတောမှာသာနေရသဖြင့် မြို့အဝင်မတတ်။ ဤသို့ သဘောထားကွဲလွဲနေ သည်ကို သတိမူ၏။ 
တစ်ဖန် မြို့သို့ခေါ်ခဲ့ချေသော် ငါတစ်ဦးတည်း ၏ ဝန်ဆောင်အောက်မှာသာ သူမက လိုက်ပါရပြီး ငါတစ်ဦးတည်းကသာ ဒိုင်ခံရုန်းရမည်ကိုလည်း 
သတိမူမိ၏။ 

သဘောထားချင်း၊ အသွင်အပြင်ချင်း၊ အမြင်ချင်း မတူသဖြင့် ဖြစ်ရဦးမည့် ပဋိပက္ခကို လည်းကြောက်၏။ စရိုက်ချင်း၊ ဉာဉ်ချင်း၊ ယောက်ျား, မိန်းမ သဘာဝချင်းမတူသဖြင့် ခံရဦးမည့်ဒုက္ခကို လည်း ကြိုတင်ကြောက်၏။ 
အကယ်တိတိ ညိုညိုစိန်ဆိုသော် တစ်ဦး နှင့်တစ်ဦး သဘောချင်းလည်းသိပြီးဖြစ်၏။ မြို့လည် ချင်းလည်းတူ၏။ သတ္တိချင်းလည်းတူ၏။ ဝန်ရုန်း သော် ဘက်ညီမည်ဟု သဘောရ၏။ 

အစ်မသည်မူကား “စီးပွားတွေဘယ်မျှရှိရှိ ကျွန်သည်ကျွန်သာဖြစ်လိမ့်မည်။ တစ်သက်ပန်လုံး သူတစ်ပါးအနိုင်ကျင့်သည်ကိုသာ မောင်ခံရမည်။ ကိုယ်ကဘယ်လောက်ခံနိုင်ခံနိုင် ကိုယ့်အသိုင်းအဝိုင်း မိဘဆွေမျိုးများကား မခံနိုင်”ဟူ၍ ချေပ၏။ 

သို့နှင့် သောင်မတင် ရေမကျအင်းမလုပ် အဲမလုပ်ဖြင့်သာ ညိုညိုစိန်ဆုံးဖြတ်ရာအတိုင်းသာ စောင့်စား၍ဆုံးဖြတ်အံ့အကြံဖြင့် ရန်ကုန်သို့ပြန်လာ ခဲ့ပြီး ရေကျော်၌တည်းခို၏။ ရောက်မဆိုက်ပင် စာရ-မရမေးမိ၏။ ရကြောင်းနှင့် ညိုညို စိန်ထံ ပို့ကြောင်းပြော၏။ 
ဘာပြောသနည်းမေးရာ ဘာကိစ္စကိုမျှ ဆက်လက်မဆောင်ရွက်တော့ကြောင်း ပြောသည် ဟု ဖြေ၏။ ထပ်မံတွေ့ပြီး စဉ်းစားကြရအောင်ဟူ၍ ပြောသောအခါ ဆေးလိပ်ရုံမှာမရှိ ဘုရားဖူးထွက် သွားပြီဖြစ်ကြောင်းနှင့် ရေကျော်ကပင် ဆီးကြို ကာ ပိတ်တော့၏။ ငါတို့ သဘောပေါက်သွားပြီတည်း။ 
ငါတို့၏ “မိဘစကားနားထောင်ပါမည် အချိုသတ်၍” ဆိုသောစကားလုံးသည် ငါ့အတွက် နီးရန်ကား ဖြစ်မလာ ဝေးရန်သာနှင်သော စကားလုံး သာ ဟူ၍ ရိပ်မိလာ၏။ ယခင်ကပင်ရွာရောက်က သည်ကိစ္စပေါ်မည်ဖြစ်သဖြင့် မသွားရန်တားသည့် ကြားမှသွားသော ငါ့အား မိဘဘက်ပါသွားပြီဟူ၍ တထစ်ချ မှတ်သွားပြီထင်မိ၏။ သို့မဟုတ် ၄င်းအပေါ် မည်မျှဇွဲနဘဲကြီးကြောင်း အကဲစမ်းလည်း ဖြစ်နိုင်၏။ 

ငါတို့ကား နာတာရှည်အချစ်ရောဂါ ကြီးကို လက်သပ်မမွေးလိုတော့ပြီ။ ရုံတွင်းမှလည်း တစ်နှစ် ကျော် ခံစားခဲ့ရပြီ။ ယခု ထပ်မံခံစားနေရဦးမည်ဆို လျှင်..။ 
ငါတို့သည် “ကျွန်တော်သဘောပေါက် သွားပြီဖွားဖွား (ဒေါ်ဖွားသောင်းကိုဆိုလိုသည်) ကျွန်တော်သွားတော့မည်” ဆိုကာ ထိုညနေမှာပင် သူငယ်ချင်းရှိရာ လေးထောင့်ကန်သို့ ပြောင်းခဲ့တော့ ချေ၏။ အရှက်ဖိစီး မာနကြီးလှသဖြင့် အပျိုကြီးမ ဖြစ်နေရသော ညိုညိုစိန်နှင့် ဘုန်းကြီး လူထွက်ဘဝ ဘုမသိ,ဘမသိ ရှိချေရသော ငါတို့၏ဇာတ်လမ်းကား ဤတွင် ပြီးဆုံးသွားချေတော့၏။ 

သူငယ်ချင်း ဦးကျော်သန်းအိမ်မှာ နေလျက်က ပင် တစ်ခုခုလုပ်ရတော့မည်ကို သဘောရ၏။ အမြဲ နေရန်လည်းမသင့်၊ ထိုင်စားနေရန်လည်းမသင့် မြင်၏။ 
ဘာလုပ်မည်နည်း။ ဘာတွေတတ်သနည်း။ 

အဖြေကားမရေရာချေ။ ဆေးလိပ်ခုံကား စီးပွားရေး လမ်းဆုံဖြစ်၏။ အောက်၌ အလုပ်သမ, လုပ်သား စသည်များနှင့် ကျွမ်းနှီးသဖြင့် အောက်တန်း စား လောက၏ စိတ်နေသဘောထား၊ အမူအကျင့်၊ ဓလေ့သဘာဝ တို့ကို ယုတ်စွအဆုံး ဆေးရိုးလှော်၊ ဆေးခြေကုလားအထိ ငါသည် နှံ့စပ်၍ လာခဲ့၏။ တရင်းတနှီး ပေါင်းသင်းခွင့်ရသဖြင့် အူမချေးခါး အားလုံးစုံသိ၍ အားလုံးစုံဝင်ဆန့်ခဲ့ရ သူဖြစ်၏။ 

တစ်ဖန် အထက်၌လည်း ဆေးကိုယ်စားလှယ် ဆေးကုန်သည်များ၊ ဖက်ကိုယ်စားလှယ် ဖက်ကုန်သည် များမှသည် အစီခံရုံရှင်အထိလည်း ကျွမ်းနှီး၏။ အားလုံးတို့နှင့်ဝင်ဆန့်၏။ ဆေးလိပ်ကိုယ်စားလှယ်၊ ဆေးလိပ်အေးဂျင့် စသည်များနှင့် လည်း ရန်ကုန် မှော်ဘီအထိ ကျွမ်းနှီးဝင်ဆန့်ခဲ့ရသူ ဖြစ်ခဲ့၏။ 

သို့ကြောင့် စီးပွားရေးလုပ်ငန်း ကိုယ်ပိုင် လုပ်ဆောင်ပါက ဖြစ်နိုင်ရမည်ဟူ၍ သဘောရ၏။ စီးပွားရေးလုပ်ကွက်၊ စီးပွားရေးလုပ်ပုံများကို ဆေးလိပ်ခုံ က သင်ပေးလိုက်သောကြောင့်တည်း။ 

ထိုသို့ စီးပွားရေးကိုယ်ပိုင်လုပ်ငန်း မလုပ် လိုခဲ့သော် 
- နေရင်းမိခင်အိမ်သို့သော်လည်းပြန်၊ 
- သို့တည်းမဟုတ် သူတစ်ပါးတို့ လုပ်ငန်းများနှင့် 
သူတစ်ပါးတို့အိမ်သို့သော်လည်းခို၊ 
- သို့တည်းမဟုတ် အစိုးရလုပ်ငန်း ဝင်ရောက် လုပ်ကိုင်ကာ အိမ်ငှားဖြင့်သော်လည်းနေ၊ 
ထိုသုံးငွေ တစ်ထွေထွေကား ထွေရချေ တော့မည်။ 

ထိုတွင် မွေးစမှ လူလားမြောက်သည်အထိ မိခင်က တာဝန်ယူခဲ့ပြီးဖြစ်သဖြင့် တစ်ဖန်မိခင်ထံ ပြန်လှည့်ကာ ဒုက္ခမပေးသင့်တော့ဟု ယူဆ၏။ 
တစ်ဖန်ဆေးလိပ်ခုံမှာကဲ့သို့ သူတစ်ပါးအိမ် သို့ကပ် သူတစ်ပါးအလုပ်များကိုချည်းသာ လုပ်ကိုင် နေပြန်ဦးမည်ဆိုကလည်း သေအထိ ထမင်းကျွေး ကျွန်ခံဘဝမှ လွတ်အံ့လည်းမထင်။ 

တစ်ဖန် အစိုးရလုပ်ငန်းသို့ ဝင်ရောက်လုပ် ပါကလည်း သာသနာ့အမွေ ပရိယတ္တိစာပေသည် လူ့လောက၌ အသုံးမတည့်ရကား ရေထမ်းကုလား လောက်မျှ အရာဝင်မည်မဟုတ်။ 

ဤသို့လျှင် တွေးတောကြံဆလျက်က မိမိ စီးပွားရေးကိုသာ မိမိစွမ်းပကားဖြင့်လုပ်အံ့ တထစ် ချ ဆုံးဖြတ်ချက်ချလိုက်၏။ စီးပွားရေးလုပ်သော် အိမ်ထောင်ကို ထိန်းသိမ်းပေးသော အိမ်ထောင်ရှင် လည်း မရှိမဖြစ်ပြန် ဟူ၍ ဆင်ခြင်မိပြန်၏။ အိမ် ထောင် ထူထောင်မည်ဆိုသော် မည်သို့နည်း။ 

ငါကျင်လည်ရာသည် ကြံတိုင်းအောင် ဆေးလိပ်ခုံ တစ်ခုတည်းသာရှိ၏။ ထိုဆေးလိပ်ခုံမှ အိမ်ရှင်နှင့်မှ အကြောင်းမပါသော် ဆေးလိပ်သမ များထံမှ အကြောင်းသင့်ရာကား ရှိချေသေး၏။ ထိုအကြောင်းသင့်ရာနှင့် ဆက်သွယ်ကာ ထိမ်းမြား လျှင်... ထိုအတွေး ဝင်သည်နှင့် ပြန်ခဲ့သောလမ်းသို့ တစ်ဖန်ပြန်ဝင်ရမည်ကို အရှက်အကြောက်ကြီးလှသော ငါသည် ရှေ့-မတွေးရဲပြီ။ 

သို့ဆိုသော် မိဘတို့သဘောကျမှတစ်ပါး ရွေးစရာလမ်းမရှိတော့ပြီ။ သို့ဖြင့် နောက်ဆုံးတွင် မိဘတို့သဘောကျစီစဉ်ရန် ရန်ကုန်မှနေကာ ဖုန်း ဆက်လိုက်ရတော့၏။ ရွာရှိမိဘတို့ကား ပျော်ကြ ၏။ စီးပွားရေးလာဘ်မြင်သော ထန်းတပင်မြို့ (စစ်ကိုင်းတိုင်းရှိ) ဦးလေးဖြစ်သူ ရဟန်းဒကာတို့ ကား မကျေနပ်လေ။ ၄င်းတို့တူ ရန်ကုန်မှာသာ နေစေလိုပြီး ရန်ကုန်သူနှင့်သာ အကြောင်းပါစေလို ကြ၏။ စီးပွားရေးဇုံဖြစ်သော ရန်ကုန်မှာသာ အခြေတည်စေလိုကြ၏။ 

ထိုစဉ်က ရန်ကုန်မှာ စီးပွားဖြစ်၏။ မြို့ငယ် မြို့လတ်တို့မှာကား ဆပ်ပြာတစ်တောင့်ကိုပင် အရောင်းအဝယ်မလုပ်ရဲ။ လုပ်ပါ က ပုဒ်မ (၆/၁) ဆိုရှယ်လစ်စီးပွားရေးစနစ် ကာကွယ်ရေးဖြင့် အရေးယူခံရချေတော့၏ သို့ကြောင့် ယင်းဆပ်ပြာ တစ်တောင့်ဖြင့်ပင် ထောင်သုံးနှစ် အကျခံရတတ် ချေ၏။ 
ငါတို့ ရွာမှပြန်ခဲ့သည်ကား တပေါင်းလ ယခု နယုန်လတွင် ရွာသို့မင်္ဂလာဆောင်ရန် ပြန်ခဲ့ ရပြန်၏။ နှစ်ကား ၁၃၂၉-ခုနှစ်တည်း။ ထိုနှစ် နယုန်လပြည့်ကျော် (၅)ရက်သည် စေ့စပ်ရေးရက်။ နယုန်လပြည့်ကျော်(၁၂)ရက်သည် မင်္ဂလာဆောင် သောရက်တည်း။ 

ထိုသို့ မင်္ဂလာဆောင်ပြီးသည်နှင့် ရွာ၌ပင် သူ့အိမ်သူနေ ကိုယ့်အိမ်ကိုယ်နေသာရှိ၏။ မိဘ လယ်ယာများကို ကူထွန်ရ၏။ လယ်ထွန်နောက်လိုက် မှတပါး အခြားမလုပ်ခဲ့။ တော်သလင်းလတွင် လယ်ယာ ကိစ္စများလည်း ပြီးစီးသလောက်ရှိပြီ။ ရန်ကုန်၌ လည်း မိုးပါးစပြုပြီဖြစ်သဖြင့် ရန်ကုန်သို့ ပြောင်းရွှေ့ လာခဲ့၏။ ရန်ကုန်၌ စီးပွားရေး အခြေချရန်တည်း။ 

အထက်,မွေး အောက်ကြီးဖြင့် 
ခရီးပြင်း နှင်ခဲ့ရသော ငါ ငါတို့၏ဖြစ်စဉ်ကို ပြန်လည်သုံးသပ်လျှင်

 ၁။ သာသနာ့အမွေ ပရိယတ္တိစာပေ၌ အထက်မှ သန္ဓေ ယူ၍ အောက်မှာသာ တံခွန်ထူခဲ့ရချေသည်။ 

၂။ သာသနာ့အမွေ ရဟန်း၏အဖြစ်၌လည်း အထက် မှာဖြစ်၍ အောက်မှာသာ နစ်ခဲ့ရချေသည်။

 ၃။ လူ့လောကအမွေ အိမ်ထောင်အခြေ၌လည်း အထက်မှာထူ၍ အောက်မှာသာ ယူခဲ့ရချေသည်။ 

ထိုတွင် သာသနာတော်အတွင်းသို့ သာမ ဏေဘဝဖြင့် ပရိယတ္တိအခြေစစဉ်ကာလ၌ ဦးစွာ ရွှေဘိုဝေဠုဝန်ပါဠိတက္ကသိုလ်မှ စတင်ခဲ့ရပြီး သာသနာ့ဝန်ထမ်းသက်၏ တစ်သက်ပတ်လုံး 
အောက်ပြည်အောက်ရွာများမှာသာ ကျင်လည်ခဲ့ရ ချေသည်။ 
သာသနာ့ဘောင်၏ ရဟန်းအဖြစ်ကိုကား ဦးစွာ ရန်ကုန်မှပင်စတင်ကာ ဒါယကာပေါ်၏။ 
နောင်တော် ဦးရေဝတ အမှီပြု၍ အေဒီလမ်းရှိ ဒေါ်သုံးနှင့်သမီးမခင်သန်းတို့က ရဟန်းအမများ အဖြစ် ဝန်ခံပြီးသားဖြစ်ခဲ့၏။ လမ်းသစ်ရိပ်သာရှိ ငါတို့၏ ဆွမ်းဒါယကာများဖြစ်ကြသော တရုတ် ကုန်သည်ကြီးများက တောင်းပန်သည်ကိုပင် ငါတို့ လက်မခံခဲ့ချေ။ 

မော်လမြိုင်မှနေ၍ ရွာသို့ တစ်ခေါက် အလည်ရောက်သောကာလ ထန်းတပင်မြို့ (စစ်ကိုင်း | တိုင်း)ရှိ ငါတို့ဦးလေးတော်စပ်သူ ဦးဘသန်း+ ဒေါ်စောဉာဏ်တို့ကလည်းကောင်း၊ ထနောင်းကိုင်း ရွာရှိ အစ်မ,မတင်အေး၊ ကိုခင်မောင်တို့ကလည်း 
ကောင်း၊ ငါတို့မင်းကုန်းရွာ တစ်ရွာလုံးကလည်းကောင်း ဤသို့ သုံးပွင့်ဆိုင် အပြိုင်ပေါ်ပြန်၏။ ရန်ကုန်မှာ ရှိပြီးဆိုလည်း မရပြီ။ မိခင်များကလည်း ရဟန်းခံ ရန်ကုန်သိမ်ထွက်ကို မနှစ်သက်။ 

- တောအမြင်အားဖြင့် သိမ်အထွက် စည်မပါ၊ ဗျာမပါ ခြောက်ကပ်ကပ်ဖြစ်သောကြောင့်။ 
- တောမှာကဲ့သို့ ပရိတ်သတ်မလှိုင် တစ်ပိုင်တစ်နိုင် သာ ဖြစ်ခြင်းကြောင့် ဆို၏။ 

ထိုသို့ မိခင်များအလို မလိုက်နိုင်သဖြင့် နောင်တော်အား ရန်ကုန်မှဒေါ်သံတို့နှင့် ရဟန်းခံ ကိစ္စ စီစဉ်ပါရန် တောင်းပန်စာရေးပို့သောအခါ နောင်တော်ကပင် သာသနာထွန်းကားသေးသည့် မိမိ၏တောအရပ်ကိုပင် ဦးစားပေးရန် ပြန်ကြားစာ ရောက်လာပြန်၏။ ကြံရာကားမရတော့။ 
သည်လိုဆို တောမှာပဲ ခံတော့အံ့ ဆိုတော့ လည်း သုံးပွင့်ဆိုင်ဆုံနေသဖြင့် အခက်ကြုံ။ ကဲ သည်တော့ ငါတို့သဘောကျ ရွေးချယ်အံ့ဆိုကာ ရွာအလုံးကား ဘုံဖြစ်သဖြင့် ရေရှည်၌ ဘုံသည် တီး၍မရ ဖြစ်တတ်သည်။ တောရွာအမများကား လိုသလိုတီး၍ ကား ရ၏။

 သို့တစေလည်း စေတနာ အရိုးခံများသာ ဖြစ်ကြလေသဖြင့် မတော် လူထွက်က သာသနာတော်ပါ အကြည်ညိုပျက်တတ် လှချေသည်။ မြို့နေဦးလေးများကား ယခင်လည်း ရဟန်းခံခဲ့ကြ ဖူး၏။ ခံသောရဟန်းလည်း လူထွက်ခဲ့ဖူး၏ ငါ လူထွက်သော်မှ စေတနာပျက်စရာအကြောင်းမရှိ။ ဤသို့သုံးသပ်ဆင်ခြင်ကာ
 ထိုဦးလေးများနှင့်ပင် ရဟန်းဖြစ်ခဲ့ရ၏။ 

ရဟန်းဒကာနှင့် ရဟန်းကား သိမ်အထွက် ကွဲအက်ခဲ့ကြချေ၏။ သို့နှင့် အထက်မှာရဟန်းဖြစ် 
အောက်ရွာတွင် ဇာတ်မြှုပ်ခဲ့ရ၏။ 

ယခု အိမ်ထောင်ရေးကျပြန်တော့လည်း ဦးစွာ အောက်ရွာနှင့်ပင် စ,ရ၏။ အောက်ရွာမှာပင် အပြိုင်အဆိုင်ပေါ်ခဲ့၏။ ကျမယ့်ကျတော့ အထက် မှာပင်။ အထက်မှာလည်း အစ်မ,မတင်အေးတို့ သဘောတူသူက တစ်ဦး၊ မိဘများသဘောကျသည် က တစ်ယောက်၊ အပြိုင်ပေါ်ခဲ့သေး၏။ နောက်ဆုံး တွင် မိဘများသဘော မလွန်ဆန်နိုင်ဘဲ ထိုမိဘများ 
သဘောကျရာဖြင့်သာ ပြီးခဲ့ရ၏။ ပြီးခဲ့ရသော်လည်း အထက်မှာအိမ်ထောင်စ၊ အောက်ရွာကျမှ ပေါင်းသင်း ရချေမည်တကား။ 

ဤသို့လျှင် ငါ့ဘဝသည် မွေးကတည်းက တနင်္လာနှင့်အင်္ဂါတို့အကြား နှစ်ခွမွေးထားသည့် အားလျော်စွာ ဘာလုပ်လုပ် နှစ်ခွချည်းသာတည်း။ အကျိုးစသည် တစ်ခုကဖြစ်ပြီး အကျိုးပေးရာ၌ ကား တစ်ခုသာဖြစ်နေတတ်၏။ ရည်းစားပေါလျက် မယားအရခက်သော ဘဝမျိုးလည်းဖြစ်၏။ မယား ရလျက် အပေါင်းခက်သော ဘဝမျိုးလည်း ဖြစ်ခဲ့၏။ စင်စစ် ဖြစ်ချင်သလို ဖြစ်မရ။ ဖြစ်နိုင်သလိုသာ ဖြစ်ရ 
သော ဘဝဖြစ်စဉ်မျိုးကား နှစ်မျိုးနှစ်မျိုးသော အကျိုးပြိုင် ပေါ်လာခြင်းကြောင့်တည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအပိုင်း (၁၄ )

#""လက်ကြောမတင်းသောအလုပ် ငါနှင့်တော်၏။"" 

သူတကာတို့ မြတ်နိုးတနာ ထောက်ပံ့ပူဇော် ပါသည်ကို အဆင်သင့်စားသုံးခဲ့ရသော ငါသည်ကား ချွေးထွက်သံယိုအလုပ်မျိုး ငါမစဉ်းစားဝံ့။ အစက မစင်ပင်ကျုံး အလုပ်မျိုးဖြစ်ပါစေ လုပ်ပါ မည် ဟူ၍ ဝန်ခံကတိပြုခဲ့သော ငါသည် နဖူးတွေ့ , ဒူးတွေ တွေ့လာရသောအခါဝယ် အလုပ်ဇံ ရွေးတော့၏။ 

ဗေဒင် , နက္ခတ် တတ်ကျွမ်းသူကား ဗေဒင် ဟောစာတမ်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြု၏။ ဆေးပညာ တတ်ကျွမ်းလေသူများကလည်း ထိုပညာ ဖြင့်ပင် အသက်မွေးဝမ်းကျောင်း၏။ ငါတို့သည်ကား ထိုပညာမျိုး မကြိုးစားစဖူး။ ငါတို့တတ်ကျွမ်းသော 
သေ၌ တိလောက မဟိတံ သမ္မာသမ္ဗုဒ္ဓ မတုလံ တို့ကလည်း မယားလုပ်ကျွေးရာ၌ အကျိုးမပြုပြီ။ 

ကြံရာမရသည့်အဆုံး ဆူလွယ်နပ်လွယ် သော ဈေးဆိုင်တည်ရန် စိတ်ကူးထုတ်ရတော့၏။ မြို့အနေမှီအခြေတည်သော တရုတ်,အိန္ဒိယနွယ်ဖွား တို့ထုံး နှလုံးမူရ၏။ 

ရန်ကုန်ရောက်ပဟေ့-ဆိုကတည်းက ဦးစွာ မယားထားဖို့ နေအိမ်ကအစ အခက်ကြုံရ၏။ သို့နှင့်အစတွင် ငါတို့၏ ဝမ်းကွဲအစ်ကိုတော်သူ ကိုကြည်ရွှေ+မရီတို့ထံ အပူကပ်ကာ ၄င်းတို့ပိုင် ဆယ်သိန်းတန်းလျားအခန်း၌ နေ၍ ဈေးဆိုင်ငယ် လေးတည်ပြီး လူလောကအစ ခြေချခွင့်ရ၏။ ၄င်း ကိုကြည်ရွှေ-မရီတို့က သင်္ကန်းကျွန်း ရဲစခန်း၌ ရဲသားအဖြစ် တာဝန်ထမ်းလျက်နေ၏။ ထိုရဲစခန်း နောက်ကျောမှာပင် ၄င်းတို့ပိုင် ဆယ်သိန်းတန်းလျား ကား တည်ရှိ၏။ 

ထိုတန်းလျား၏ အခန်းရှေ့၌ပင် ဓနိတဲ ငယ် လေးတစ်လုံးထိုး၍ ဆိုင်ဖွင့်၏။ ဖွင့်သည့်နေ့ ကပင် ငါးကျပ်ဖိုးမျှ ရောင်းချရ၏။ ဝမ်းသာလိုက် သည့်ဖြစ်ချင်း။ ပထမဆုံးသော ကိုယ့်လုပ်စာ ကိုယ် မြင်ရသောကြောင့်ဖြစ်သော ဝမ်းသာမှုကား ဖော်ပြ ၍ပင် မဆုံးနိုင်ပြီ။ 

ထိုစဉ်က အရင်းအနှီးကား တစ်ဆယ်ကျပ် ဖိုးဖြစ်၏။ ထိုနေ့ရောင်းပြီး၍ စစ်ကြည့်သော် အရင်း 
နှင့်ညီမျှသော ကုန်ပစ္စည်းလည်း လက်ကျန်ရှိသေး ၏။ ရောင်းရငွေလည်း ငါးကျပ်ထွက်လာ၏။ 

ထိုစဉ်က ဈေးနှုန်းများမှာ နှစ်ဆယ်ဝင် မပေါင်းစီးကရက်တစ်ဘူး-၈၅ပြား၊ မုန့်တစ်ထုပ် လည်း ၈၅ပြားမျှသာဖြစ်ပြီး၊ စီးကရက်တစ်လိပ် လျှင်-၅ပြား၊ မုန့်တစ်ခုကား-၁၀ပြားမျှ ရောင်းချရာ စီးကရက်တစ်ဘူးကုန်မှ ၁၅ပြားသာမြတ်၏။ ၁၀ခုပါ မုန့်တစ်ထုပ်ကလည်း- ၁၅ပြားသာ။ ၂၅ခုပါ ဘီစကွတ် စသည်တို့ကား-(၁ကျပ်-၁၀ပြား)သာ ဖြစ်ပြီး၊ တစ်ခု ၁၀ပြားနှုန်းရောင်းက (၁ကျပ်-၂၅ပြား) ၁၅ပြားသာ မြတ်၏။ သည့်အတူ ငှက်ပျောသီး တစ်ဖီကို (၅)လုံးစား၊ ကြံတစ်ချောင်း တစ်မတ်စား စသည် အားဖြင့် ဆိုင်ကြီးရှင်တို့ကပေးရာ အမြတ်အစွန်း ဖြင့် လက်လီရောင်းချရ၏။ ၅ပြားတန် ဆေးပေါ့လိပ် တစ်စီး (အလိပ်တစ်ရာ) ရုံက(၄ကျပ်-၄၀ပြား)ဖြင့် ၊ လက်ကားသို့ဖြန့်ပြီး ထိုလက်ကားမှ(၄ကျပ်-၅၀ပြား) ဖြင့် ငါတို့က ဝယ်ရ၏။ ထိုတစ်ရာ ကုန်လျှင် ၅၀ပြား ကိုယ့်ဖို့ ကျန်၏။
 
ဖယောင်းတိုင်အကြီး တစ်ထုပ်(၃၂တိုင်ပါ) | ကား လက်ကားမှ-၅၄ပြားဖြန့်ပြီး၊ ငါတို့ကား 
၅၅ပြားဖြင့်ပင်ရောင်းချ၏။ သို့ကြောင့်ဝင်ငွေသည် ( ၁၀ပြား, ၁၅ပြားသာရှိ၏။ ထွက်ငွေ၌လည်း ဆန် တစ်ညီမှ(၁ကျပ်-၂၅ပြား)ထက် မပိုချေရကား အဝင်နှင့်အထွက် မျှတ၏။ ၁၃၃၁-ခုလောက်၌ ဆန်တစ်ပြီ ၅ကျပ်ဖြစ်သွားလေသောအခါ လူ အားလုံး မျက်လုံးပြူးသွားကြ၏။ “ဘုရား-ဘုရား မကြားဝံ့မနာသာ” ဟူ၍ တက်ဈေးအမိမခံရဘူး သေးသူတို့အဖို့ တအံ့တဩ ဖြစ်သွားကြချေ၏။ 

ထိုစဉ်က ငါတို့၏ဖောက်သည် ဆိုင်ရှင်ကြီး များကား သူငယ်ချင်းဦးကျော်သန်း ဆက်သွယ်ပေး 
သော ၄င်း၏မိတ်ဆွေ ဦးမြသန်း+ဒေါ်သိန်းညွန့် (သင်္ကန်းကျွန်းဈေးကြီး)၊ မရီးတော်ဒေါ်ရီ ဆက်သွယ် ပေးသော ဦးဘချော+ဒေါ်အေးသိန်း (သင်္ကန်းကျွန်း ဈေးကြီး) တို့ဖြစ်ပြီး ဦးမြသန်းဆိုင်မှ မုန့်ပဲသရေစာ မျိုးစုံ၊ ဒေါ်အေးသိန်းထံမှ ကြံ၊ ငှက်ပျောတို့ဖြစ်ကြ၏။ 

ထိုဆိုင်ငယ်လေးဖြင့်ပင် (၃)လမျှ နေရသေး ၏။ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲများ ပြီးအထိ နေရပြီး ပြာသိုလထဲတွင်မှ ရှေ့တစ်ဆင့်တိုးရန် ဟန်ပြင်ရ၏။ သို့တစေလည်း အရင်းအနှီးကား | နည်းပါးလှ၏။ 

ရွာမှပြန်လာသောအခါ ငွေ-၁၀၀(ကျပ် တစ်ထောင်)ပါလာခဲ့၏။ မင်္ဂလာလက်ဖွဲ့ငွေ-(၈၅8) နှင့် မိဘများက-(၁၅8) ပံ့ပိုးပေးသဖြင့် (၁ဝဝဝိ ) မျှအထိ ဖြစ်လာ၏။ ထိုတွင်ရန်ကုန်ရောက်သည်နှင့် မရီးများ ကလည်း ၄င်းတို့ထံ အပ်ပါ။ အရင်း, အတိုး လုပ်ပေးမည်ဆိုကာ တောင်း၏။ ငါတို့က မပေး။ မပေးသောကြောင့် ခဏခဏတောင်းသုံးရာ ငွေ (၃၅8)မျှ လက်ဝယ်ပါသွား၏။ တစ်ဖန် သူငယ်ချင်း ဖြစ်သူ ဦးကျော်သန်း၏ဇနီးကလည်း အရေးကြီးသဖြင့် ခေတ္တ-(၂ဝဝိ) လောက်ဆိုကာ တောင်းသဖြင့် ပေးမိလေရာ ပြန်မရတော့။ 

နောက်ပြီး မဝယ်မဖြစ်သော အိမ်ထောင် ပစ္စည်းများကလည်း ဝယ်ရသေး၏။ သို့ကြောင့် လက်ဝယ်ရှိ လက်ကျန်ကား-(၃ဝဝိ)မျှ လောက်သာ ရှိချေတော့၏။ 

 အကယ်တိတိ အိမ်ထောင်ပင် အကျဉ်းကျ သော်လည်း မိဘထံကပ်၍နေချေသော် ထို(၁ဝဝဝိ) ကား(၁ဝဝဝိ) သာ ရှိပေလိမ့်မည်။ ရသမျှစုမိ၊ ကျသ မျှ မိဘက ကြုံခံထားသောကြောင့်။ 

ထိုသို့မဟုတ် ကိုယ်စွမ်းကိုယ်စတို့ဖြင့် တစ်စင်ထောင်လိုသော်ကား ထို(၁ဝဝဝိ) သည် တစ် ပြောင်အဖြစ်သို့ ပြောင်စင်သွားပြီကား လက်တွေ့ပင် ဖြစ်ချေတော့၏။ 

ငါတို့သည် လက်တွင်းရှိ ထို(၃ဝဝိ) မျှသော ငွေစ,ကြေးစလေးများဖြင့်ပင် သင်္ကန်းကျွန်းဈေးကြီး အတွင်း တစ်ဆင့်တက်၍ ရောင်းချရန် စိုင်းပြင်း ကြည့်၏။ ထိုစဉ်က ငါတို့တန်းလျား၌ အတူနေ 
ဦးပု+ဒေါ်ကျော်တို့ကား ထိုဈေးကြီး၌ ငါးခြောက်ဆိုင် ဖွင့်လျက်က ရှိပြီးဖြစ်နေချေ၏။ 
ထိုအဖိုး၊ထိုအဖွားတို့မှတစ်ဆင့် ဆိုင် စနည်းနာလေရာ (၅ဝဝိ)တန် ဆိုင်တစ်ဆိုင် ၄င်းတို့ အနီးအပါး၌ ရှိကြောင်းပြော၏။ ထိုဆိုင်ကို လိုက်ကြည့်ရာကြိုက်၏။ လမ်းဆုံထောင့်စွန်းဖြစ် သဖြင့် ဆိုင်မျက်နှာစာ နှစ်လမ်းမြင်- နှစ်မျက်နှာရ ဆိုင်လေးပင်ဖြစ်ချေ၏။ လက်ထဲရှိ (၃ဝဝိ) ဖြင့်ပင် ကျန်(၂ဝဝိ)ကို တစ်လ၊ နှစ်လတို့အတွင်း အကျေ ပေးပါမည်၊ ဦးလေးပု+ဒေါ်တို့ ကလည်း အာမခံပါသည်ဖြင့် ပိုင်ဆိုင်ခဲ့ရ၏။ 

ဆိုင်တော့ရပြီ။ ဘာရောင်းမည်နည်း။ 

ဆိုင်ကလေးအတွင်းသို့ စီးဝင်သွားသောငွေ သည် ပြန်မထွက်လမ်းဖြစ်သဖြင့် လမ်းစပျောက် သွားတော့၏။ ရှေ့တစ်ဆင့်တက်၍ ဆိုင်ပေါ်တင် ရန် အရင်းငွေဆိုသည်မှာလည်း လက်၌မရှိ။ တုံးတိတိသာ။ 

ထိုသို့သောအကျပ်အတည်းသည် ငါ့ကို ထွက်ပေါက်ရရန် အကူအညီပေးခဲ့၏။ ဤနေရာ၌ ငါ့သတ္တိသည် မာနနှင့်ရောနှောလျက်က ပါလာ၏။ လုပ်ဖြစ်ရမည်၊ လုပ်ချင်ဖို့သည် ငါ့အရင်းအနှီး ဟူ သော မိုက်ရူးရဲအတွေး ဝင်လာချေတော့၏။ မိုက်ရူး ရဲ ဆိုသောစကားသည် ကာလသားမှမဟုတ် ငါတို့ စီးပွားရေးသမားများနှင့်လည်း သက်ဆိုင်သည် ဟူ သော ကြံတိုင်းအောင်ဆေးလိပ်ခုံပိုင်ရှင် ဦးစိန်အောင် ၏စကားသည် ငါ့နားထဲ၌ တိုးဝင်လာ၏။ ထို ဦးစိန်အောင်ကပင် သတ္တိဆိုတာ ကျင်းထဲကြပ်ထဲ ရောက်သည့်အခါ သုံးရသည့်အရာမျိုး ဟူ၍ လည်း ဆိုဖူးသေး၏။ 

စင်စစ် ကြံတိုင်းအောင်သည် ငါ၏ လောကီ သွေး မွေးရာဌာနဖြစ်ဘိ၏။ စီးပွားရေးအမြင်ကို လက်တွေ့အားဖြင့်လည်းကောင်း၊ ဦးစိန်အောင်၊ တူဖြစ်သူ ဦးမျိုးညွန့်တို့၏ အတွေးအခေါ် အယူအဆ အားဖြင့်လည်းကောင်း ငါ့အား ကျေးဇူးများခဲ့၏။ 

လူမှုရေးနယ်ပယ်ကိုလည်း ကုန်သည်ပွဲစား များနှင့်ဆက်ဆံရာမှလည်းကောင်း၊ ဆေးလိပ်သမ ဆေးချေလုပ်သား စသည်များနှင့် ပေါင်းသင်းမိရာမှ လည်းကောင်း ငါ့အား ဗဟုသုတပွားစေခဲ့၏။ 

အချစ်ရေး၊ အိမ်ထောင်ရေး နယ်ပယ်ကို လည်း ထိုကြံတိုင်းအောင်မှပင် မုဆိုးစိုင်သင်ပမာ ဖြစ်ခဲ့၏။ ဤ၌ ကြံတိုင်းအောင်ဟူသောစကား၊ ဦးစိန်အောင်၊ ဦးမျိုးညွန့် စသောစကား၊ ထိုဆေးလိပ် ခုံနှင့်ပတ်သက်၍ ဆိုစကားများသည် အမည်ရင်း ကား မဟုတ်ပေ။ အမည်ရင်းအတိုင်း သုံးနှုန်းပါက | ဂုဏ်သိက္ခာထိခိုက်စရာရှိ မိမိကြောင့် ထိခိုက်မည် 
စိုးရွံ့ သဖြင့် ၄င်းတို့ကျေးဇူး ထောက်ထားသောအား ဖြင့် အမည်လွှဲများဖြင့် သုံးထားခြင်းသာ ဖြစ်ချေ သည်။ ယခုအချိန်တွင် ထို ဦးစိန်အောင်စသော လူကြီးများကား မရှိကြတော့ပြီ။ ငါတို့နှင့်ရွယ်တူ လူငယ်များသည်ပင် အဖိုးအိုဘဝ, ဖွားအိုမ ဖြစ် လောက်ပြီ။ ထိုဆေးလိပ်ခုံ၌ ထမင်းကျွေးကျွန်ခံ ဘဝကား ငါတို့အား အထူးကျေးဇူးပြုလျက်ရှိချေပြီ။ 

ထိုသို့ အကြံမရဖြစ်နေစဉ် တစ်ခုသောအ တွေးကား ပြေး၍ ဝင်လာ၏။ ဦးလေးဖြစ်သူ ညွှန်း လိုက်သော ဦးတင်ကြည်+ဒေါ်ခင်ထွေးတို့ကို ပြေး ၍ သတိရလာ၏။ ၄င်းတို့သည် ငါတို့မြို့လေး၏ မြောက်ဘက်ရှိ ထန်းကုန်းခေါ် သံလမ်းပေါ်မှ မြို့ကလေးက ရန်ကုန်သို့ လာရောက်အခြေချ နေထိုင် ကြပြီး တောင်ဥက္ကလာ၊နန္ဒဝန်ဈေး၌ ဆေးဆိုးပန်းရိုက် ဆိုင်ဖွင့်ကာ အရောင်းအဝယ်လုပ်နေသော မိသားစု များဖြစ်ကြ၏။ အညာမှာနေစဉ်က ဦးလေး များနှင့် ရောင်းတူဝယ်ဘက် မိတ်ဆွေများပင် ဖြစ်ကြ၏။ အမြင်ကျယ်သဖြင့် ရန်ကုန်တက် စီးပွားရှာနေကြ ခြင်းတည်း။ 

ထိုဦးတင်ကြည်+ဒေါ်ခင်ထွေးတို့နှင့် သွား တွေ့ရန် ငါတို့ဆုံးဖြတ်လိုက်၏။ သို့နှင့် တစ်နေ့ ၄င်းတို့ နေထိုင်ရာ တောင်ဥက္ကလာပ(၇)ရပ်ကွက်သို့ သွားရောက်တွေ့ဆုံကာ အကျိုးအကြောင်း ပြောမိ၏။ ၄င်းတို့ကလည်း ၄င်းတို့၏မိတ်ကောင်းဖြစ်သော ဦးလေးသန်း(ရဟန်းဒကာကြီး ဦးဘသန်း)၏မျက်နှာ ကြောင့် လိုလိုလားလားပင် ကူညီမည်ဖြစ်ကြောင်း နှင့် ၄င်းတို့ လုပ်သလို ဆေးဆိုးပန်းရိုက်ဆိုင်ဖွင့်ဖို့ အကြံပေးကြ၏။ “အရင်းအနှီးဘယ်လောက်ပါ သလဲ” မေးသောအခါတွင်ကား ငါတို့ခေါင်းခါပြ ရ၏။ 

သို့ တစေလည်း “ရှင့်မှာအရင်းမပါဘဲ ဘယ်လိုလုပ်မလဲ” မမေးတော့ချေ။ သည်လိုဆိုလည်း ၄င်းတို့ဆိုင်မှ ပုံစံပြရိုက်ထည်များကို အချို့အကြွေး၊ အချို့ကိုကား ခေတ္တငှားဖြင့် ဦးစွာပထမ စတင်၍ ဆိုင်ဖွင့်ရန် အကူအညီပေး၏။ စနစ်တကျလည်း သင်ပြပေးသေး၏။ 

ဤသို့ဖြင့် သင်္ကန်းကျွန်းဈေးကြီးအတွင်း ဝယ် “ဆန်းနုယဉ် ဆေးဆိုးပန်းရိုက်လုပ်ငန်း - 
သော လုပ်ငန်းသစ်တစ်ခုကို အရပ်ကူပါ လူဝိုင်း ဖြင့် စတင်ခြေလှမ်းခဲ့ရပါချေပြီ။ 

စတင်သောနေ့မှာပင် အပ်သူလည်း ဒေါ် ၏။ ကြည့်သူတွေလည်းများပြား၏။ တစ်နေ့တစ်ခြား လည်း တိုးပွား၏။ သို့သော် ရုံသို့ အပ်ထည်များ ရွေးစရာပင် ငွေမရှိ။ အပ်ထည်တစ်ထည်လျှင် အနည်းဆုံး တစ်ပတ်မျှချိန်းရ၏။ ထိုတစ်ပ၏ အတွင်း ဝင်ငွေရမည်မဟုတ်။ တစ်ဖန် အပ်ထည်မှာ က နေ့တိုင်းကျလာ၏။ ရွေးသူဘက်က ချိန်းရယ် အတိုင်း မရွေးပြန်လျှင်လည်း ဝင်ငွေနှင့်ထွက် အလုပ်၌ လည်ပတ်မည်မဟုတ်။ 

ဤအခက်အခဲများကိုလည်း ဦးတင်ကြည် ဒေါ်ခင်ထွေးတို့ကသာ တစ်လနှစ်လမျှ တာဝန် လုပ်ကိုင်ပေး၏။ ၄င်းတို့က ရုံမှရွေးရမည့်အထည် ပင်းမင်းမှရွေးရမည့်အထည်များကို ဒိုင်ခံရွေးခဲ့ပြီး ၄င်းတို့ထံမှအကြွေးချ၍ အထည်အကုန်ယူစနစ်ဖြင့် လည်ပတ်ရ၏။ 
နှစ်လမျှ၄င်းတို့က တာဝန်ယူပြီးသော အခါ အထည်ရုံ၊ပင်းမင်း သက်ဆိုင်ရာမှန်သမျှတို့၏ ၄င်းတို့ကိုယ်တိုင် လိုက်လံပြသပြီး လွှဲပြောင်းပေး၏။ သို့ကြောင့် ကိုယ်တိုင်ကဲ့သို့ တက်ခဲ့ရ၏။ အလုပ် ကား ပြည်ပမှောင်ခိုကလည်း ကျပ်တည်း၊ နိုင်ငံခြားဖြစ် အထည်များ ကလည်းဈေးကြီးသဖြင့် ပြည်တွင်းဖြစ် တို့ တစ်ဟုန်ထိုး အလုပ်ဖြစ်နေချိန် ဖြစ်ရကား | လက်မလည်ချေ။ 

ထို ပြည်တွင်းဖြစ်များကလည်း နိုင်ငံခြားဖြစ် ထိုစဉ်ကယိုးဒယားပါတိတ်၊ အင်ဒိုနီးရှားပါတိတ် များ၏ ဒီဇိုင်း၊ဆေးရောင် လက်ကျလက်နအတိုင်း ပုံတူချွတ်စွတ်ဖြစ်သဖြင့် ပိတ်သားကိုင်မကြည့်က အစစ်နှင့်မခြားပြီ။ ပိတ်သား၌ကား ငါတို့တိုင်းပြည် ၌ အကောင်းဆုံးမှာမှ ပေါ်ပလင်သာ။ အများဆုံးကား ပိတ်ကျဲစများနှင့် မာလကျင်စ,များကိုသာ ကိုင်တွယ် ရိုက်ကြရ၏။ 

ထို မာလကျင် ခေါ် ပိတ်ကြမ်းစများကို ငါတို့ကား ဆေးဖြင့်အရောင်ချွတ်ပေးခြင်း၊ ရိုက်ခ၌ အများထက် သက်သာခြင်းများကြောင့် အပ်နှံသူ များ တိုးမပေါက်ချေ။ နံနက်တိုင်း အသစ်အပ်နှံသူ များနှင့် အပ်နှံပြီးကိုရွေးသူများ ပြည်သူ့ဆိုင် တန်းစီ တိုး နေဘိသို့ ပြည့်ကျပ်နေ၏။ ဆိုင်နီးနားချင်းတို့က “နင့်ဟာ အကောင်းမှဟုတ်ရဲ့လား”ဟူ၍ ဓာတ်ရိုက် ဓာတ်ဆင်စသော မသမာဉာဏ် ပါဟန်လေနိုးဖြင့် အမေးခံရသည်အထိ ဖြစ်လာ၏။ 

တစ်နေ့၏ အမြတ်အစွန်းသည် ပျမ်းမျှ (၂ဝဝိ)မျှအထိရှိ၏။ ဆန်တစ်ပြီ (၁)ကျပ်(၂၅)ပြား 
ခေတ်၏ ထို(၂ဝဝိ)သည် နတ်ဆေးကြိမ်လုံးထက် အစွမ်းထက်၏။ ဆိုင်သည်လည်းကောင်း၊ ငါသည် လည်းကောင်း အထူးစန်းပွင့်၏။ ဘဝတူ ဆေးဆိုး ပန်းရိုက် ဆိုင်တို့၏ မျက်မုန်းကျိုးခံရသည်အထိ ဆိုင်ကလည်း မိတ်ခေါ်ဈေးခေါ် ကောင်းချေ၏။ 

ရွယ်တူမိန်းကလေးတိုင်း၏ သွားရေယိုခံရ သည်အထိ ငါတို့၏ဆွဲဆောင်မှုကလည်း အားကောင်း လှ၏။ ပြောဆိုဆက်ဆံမှု၌ သာယာချေငံစွာ ပြော တတ် ဆိုတတ်လှသော စကားအလိမ္မာ၊ အလုပ်ခွင် နှင့်ပတ်သက်လျှင် အနွံအတာခံ ဆောင်ရွက်ပေးတတ် လှသောစေတနာ၊ ထိုအရာများက ဆွဲအားကောင်း နေခြင်းသာဖြစ်၏။ 

ရက်ချိန်းလွန်သော အထည်များကို အိမ်တိုင် ယာရောက် သွားရောက်ပို့ပေး၏။ အာမခံအတိုင်း ဖြစ်မလာလျှင် လျော်သင့်လျော်ပစ်ပေး၏။ သို့ကြောင့် အမျိုးသမီးတိုင်းက သဘောကျကြ၏။ အချို့ကား ၄င်းတို့အိမ်သို့ မရမကခေါ်၍ ထမင်းကျွေးခြင်း၊ မိတ်နှောင်ဖွဲ့ခြင်းများအထိ အဆင့်ကျော် လာတော့၏။ 

ဤသို့ဖြင့် တစ်နွေကာလအတွင်း အိမ်တစ် လုံး ကိုယ်ပိုင်ဝယ်နိုင်သည့်အဆင့်သို့ ရောက်လာခဲ့၏။ အိမ်အမျိုးမျိုး၊ ရပ်ကွက်အထွေထွေ လိုက်လံ စုံစမ်းရာ သင်္ကန်းကျွန်း၏ ဇနရပ်ကွက်မြောက်ပိုင်း (ယခင် အခေါ်အဝေါ်-နတ်စင်ဘောက်ထော်)ရှိ ခ/၅၈၊ ပြည်သာယာ(၃)လမ်း အိမ်နှင့်တွေ့မှ အလိုကျ၏။ 
ဈေးနှုန်းနှင့်အိမ် ချိန်သားကိုက်၏။ မြေမှာ ပေ (၄၀x၄ဝ)ပတ်လည်၊ အိမ်မှာကား-ပျဉ်ထောင် 
သွပ်မိုး၊ ၃ပင်x၆ပင်တိုင် အိမ်ဖြစ်၏။ တစ်သက် | ကိုယ်ပိုင်အိမ် ကိုယ့်လုပ်ခဖြင့်နေရသဖြင့် ပျော်လိုက် ဘိခြင်း။ 

ထိုအိမ်ပေါ် တက်ရပြီဆိုကတည်းက စိတ်ကြီး ဝင်လာ၏။ ငွေသည် ယနေ့ရ ယနေ့ပင် ကုန်အောင်သုံး၊ နက်ဖြန်ဆိုင်ပေါ်တက်သည်နှင့် ဖွေးကနဲ ဖွေးကနဲ သာတည်း။ 

    #""မြို့သား၏ မြို့ကား တာ လမ်းကြား၏ တာထွက်မတက်နိုင် ""

မြို့မှာနေသူ၏ တိုက်တစ်လုံး၊ ကားတစ်စီးသည် တောမှာနေ တဲတစ်လုံး၊ လှည်းတစ်စီးနှင့် အဆင့်တူ ၏။ 
ထိုအချင်းရာနှစ်ခုသည် ကာလဒေသသို့ လိုက်၍ အမြင်ကွာခြားခြင်းသာ။ ဝန်ဆောင်ရာ၌ 
ကား သူ့နေရာနှင့်သူ အတူတူသာ။ သို့ကြောင့် ငါသည် မြို့မှာနေလျှင် တိုက်တစ်လုံး၊ ကားတစ်စီး ရှိသင့်၏။ 

ထိုသို့ တိုက်တစ်လုံး၊ ကားတစ်စီးရှိပါမှ တောမှာနေသော တဲတစ်လုံး၊ လှည်းတစ်စီးတို့နှင့် အဆင့်ညီမျှရုံသာရှိ၏။ ထို့ထက်ပိုလွန်ပါမှသာ မြို့ အခြေ နေရကျိုးနပ်ချေမည်။ 

တစ်ဖန် တရုတ် အိန္ဒိယနွယ်ဖွားတွေသည် တရုတ်ပြည်၊ အိန္ဒိယပြည်က တရုတ်ငွေ၊ အိန္ဒိယ ငွေကား မပါး မြန်မာပြည်ရောက်ခါမှ မြန်မာ့ငွေနှင့် မြန်မာ့ပစ္စည်း ရောင်းဝယ်ဖောက်ကား လျက်က ကြီးထွားလာကြ၏။ 

ငါသည်ကား ဗမာ။ မြန်မာပြည်မှာမွေး မြန်မာ့မြေမှာ သွေးချင်းများရှိပါလျက်က မြန်မာ့ငွေ နှင့်မြန်မာ့ပစ္စည်း အရင်းအနှီးပြုကာ ဥစ္စာရှာဖွေသော် အဘယ်မှာ မရနိုင်ဘဲရှိအံ့နည်း။ 
ဤသို့လျှင် တက်သွေးတက်စိတ်များ ထကြွ လာချေ၏။ အရောင်းအဝယ်မှ အရောင်းအဝယ် ပညာရခဲ့သလို အရောင်းအဝယ်မှပင် ကြီးပွားလို စိတ် အင်အားကိုလည်း မွေးဖွားပေးလာချေ၏။ 

တစ်ဖန်လည်း ရဟန်းဘဝ၌ သီလအင်အား ဖြင့် စီးပွားရှာ၏။ လူ့ဘဝ၌ကား မာနအင်အားဖြင့် စီးပွားရှာမှရလေမည် ဟူ၍ လည်း တွေးမိ၏။ 

ရဟန်းဖြစ်သော် လောဘမရှိမှ၊ မာနမရှိမှ။ လူဖြစ်က လောဘကြီးမှ၊ မာနကြီးမှ ထွန်းကား၏။ သို့ကြောင့် ရဟန်းအကျင့်နှင့် လူ့အကျင့် မှောက်ဖဝါး လှန်ဖဝါးမျှ ဆန့်ကျင်၏။ ထိုအတွေးမှပင် 

-ငါသည်လူ လိုချင်စိတ်ကိုကြီးစွာမွေး၍ စီးပွားရေး ကိုထူထောင်အံ့။ 

-ငါသည်လူ အနိုင်မခံ ယှဉ်ပြိုင်လိုစိတ် မာနကို ဒေါသ၏မခံချင်စိတ်ဖြင့် တို့ဆိတ်၍ 
အထွဋ်အထိပ်တက်အံ့။ 

-ငါသည်လူ- ငါပိုင်ငါစွဲ သဲမဲစွာအားမွေး၍ ကြီးပွား ရေးသို့တက်အံ့။ 

ဤသို့အတွေးဝင်သည်မှစ၍ လူ့လောကထဲ ရောက်လာသောငါသည် လူလိုပင်တွေး၍ လူသို့ပင် ပြုကျင့်တော့၏။ ဘုရားနွယ်ဖွား ဘုရား၏သား ဖြစ် သဖြင့် မတရားကားမပြုကျင့်။ ဘုရားနွယ်ဖွား ဘုရား ၏သားဖြစ်သဖြင့် သုရာမေရယကံမှတစ်ပါး အခြား ကံများသို့ မီးမကူးစက်စေခဲ့။ 

အိမ်ထောင်နှင့် စီးပွားရေးထိမ်းရန် သူတစ်ပါး တို့၏သမီးကို မယားအဖြစ် သိမ်းခဲ့သော်လည်း ထို မယား မှီ၍ ဖြစ်သော တဏှာ၊မာန၊ ဒိဋ္ဌိကား မဖြစ်မိ။ လင်ခန်းမယားခန်း မပေါင်းမိသည့်ညတို့က အများ ဖြစ်ခဲ့၏။ တဏှာရာဂ ခေါင်းပါးပြီး ရိုးသားသော မယားဖြစ်သဖြင့်သာ တော်သေး၏။ 

စီးပွားရေးနှင့် ကြီးပွားရေးသည်သာ ငါ့စိတ် ၌ အမြဲကိန်း၏။ ငါ့ဉာဉ်သည် တစ်ခုစိတ်စိုက်မိ ထိုတစ်ခုကိုသာ သဲကြီးမဲကြီးလိုက်လေ့ရှိတတ်၏။ သူတစ်ပါးနားသွင်းလည်းမဝင်တတ်။ စီးပွားရှာကြံ ရာ၌ တရုတ်ကိုအားကျ၏။ တရုတ်ရှာဖွေနည်း၊ တရုတ်သုံးစွဲနည်း၊ ထိုတရုတ်လူမျိုးတို့၏ လုပ်ထုံး လုပ်နည်းကိုသာ တုပ၏။ 

တရုတ်တို့သည် အလုပ်ကြီးအကိုင်ကြီးများ ကိုသာ တက်လုပ်၏။ သေးနုပ်သောအလုပ်ဖြင့် မတက်တတ်။ တရုတ်တို့သည် ငွေကိုငွေဖြင့်သာ လိုက်၏။ ငွေရသိုက်တွေ့က အချောင်နှိုက်တတ်၏။ စီးပွားရေးဖြစ်မည်ဆိုက ဖြစ်သောနည်းဖြင့် လိုက် ခြင်းသည် ထိုတရုတ်တို့၏ အချောင်လိုက်နည်း ဖြစ်၏။ သုံးစားရာ၌ ဝလင်စွာသုံး၏။ တင်းတင်းစား၍ တင်းတင်းအားဖြင့်သာ ဥစ္စာရှာ၏။ အိန္ဒိယနွယ်ဖွား တို့ကဲ့သို့ အသေးအဖွဲ့ဖြင့်မရှာကြ။ အိန္ဒိယနွယ်ဖွား တို့ကဲ့သို့ မစားရက်မသောက်ရက်ဖြင့် မစုဆောင်း၊ အိန္ဒိယနွယ်ဖွားတို့ကဲ့သို့ အောက်မကြို့။ ထိုသို့သော တရုတ်တို့၏ လုပ်ကွက်ကို ငါတို့ နှစ်သက်သဖြင့် ထိုအတိုင်းပင် အားမာန်ကြီး၏။ ကြိုးစား၏။ 

မကြာပါလေ ပျော်သောစိတ်တို့ပျက်ရလေပြီ။ တက်သောစီးပွား အညွန့်ကြိုးသွားလေပြီ။ ထိုအိမ် သို့ ရောက်၍(၅)လအကြာတွင် အိမ်ဖောက်ထွင်း ခိုးယူမှုကို ဦးစွာခံရတော့၏။ အိမ်အရောက်လ ကား- ကဆုန်၊ အိမ်ဖောက်ညကား-တော်သလင်း တည်း။ ရောက်နေ့ကားမမှတ်မိ။ ဖောက်နေ့ကား စနေတည်း။ 

ထိုနေ့ညကားထူးခြား၏။ ဥက္ကလာက(၁၃) ရပ်ကွက်ရှိ ဆေးဆိုးပန်းရိုက်ရုံ၊ မှုတ်ပန်းရေးရုံများသို့ ညနေ(၅)နာရီ ဆိုင်ပိတ်၊ (၆)နာရီအိမ်ရောက်သဖြင့် ရေမိုးချိုး စားသောက်ပြီး စက်ဘီးတစ်စီးဖြင့် အိမ်မှ ထွက်ခဲ့၏။ လမ်းတွင် ရတနာလမ်းမကြီးဘေး၌ နောင်တော်ဦးလှအောင် ရုံးအားရက် လာရောက် တည်းခိုသော အိမ်တစ်အိမ်ရှိ၍ ဝင်၏။ “အပြန်တွင် ဝင်ခဲ့။ ငါပါမင်းအိမ် လိုက်အိပ်မည်”ပြော၏။ 

ရုံသို့ ရောက်သောအခါ (၁၃)ရပ်ကွက် မင်္ဂလာလမ်းရှိ မိတ်ကောင်း အားထားဖြစ်ရသူကိုတူး ၏ ပန်းရိုက်ရုံသို့ ရောက်သောအခါ အထည်များ ရွေးယူပြီး ထိုကိုတူးနှင့် စီးပွားရေး ကြီးပွားရေး စသည်ထွေလာ စကားပြောကြား၏။ ပြီးသော် ပြန်ခဲ့ ပြီး ထိုရတနာလမ်းမကြီးဘေးရှိအိမ်သို့ ဝင်မည်ပြုရာ မှောင်နေတော့၏။ အားလုံးပင် အိပ်မောကျနေကြ ပြီဖြစ်၏။ ငါတို့လည်းအခါမဟုတ် ခါတိုင်းထက် စောစွာအိပ်ချင်လာ၏။ အိပ်ချင်လျက်ကပင် အိမ်သို့ အရောက်နင်းလာပြီး အိမ်သို့ ရောက်သည်နှင့် ဟန်မဆောင်နိုင်တော့ဘဲ လက်ရှိနာရီများကို အနီး ရှိ စားပွဲပေါ် ချွတ်တင်ကာ အိမ်ရှေ့ဘုရားခန်း၌ပင် အိပ်ပျော်သွားတော့၏။
 
ရှိစုမဲ့စု အပ်ထည်များကား ဂုံနီအိတ်ကြီး များဖြင့် ထည့်သွင်းကာ အိမ်ထရံ၌ အစီအရီ ထောင်ထား၏။ ယနေ့ရွေးခဲ့ပြီးအထည်တို့သည် ကား ငါတို့ အနီးအနား၌ပင် အိတ်တစ်လုံးဖြင့် ယူခဲ့သောအတိုင်း လက်ရာမပျက် အသင့်။ 

နံနက်(၃)နာရီခန့် နိုးသဖြင့် ထအကြည့် ထိုအားလုံး မရှိကြတော့ပြီ။ နာရီလည်းမရှိပြီ။ စိုးရိမ်စိတ်ဖြင့် ထကြည့်လေသောအခါ အိမ်ရှေ့ ပျဉ်ထောင်ကား-ကွာလျက်၊ တံခါးကား-ဖွင့်ထွက်ပြီး ပြန်ပိတ်ထားသဖြင့် စေ့လျက်က။ ဇနီးသည်ကား ငိုပါလေတော့၏။ 

ထိုစဉ်က တော်လှန်ရေးကောင်စီ၏ ရပ်ရွာ အုပ်ချုပ်ရေးသည် ငါးဦးကော်မတီခေတ်ဖြစ်၏။ 
ငါတို့ရပ်ကွက်၏ ငါးဦးကော်မတီဝင်တစ်ဦးကား ငါတို့နှင့် အိမ်ချင်းကပ်လျက်ရှိ၏။ သို့ကြောင့် ထိုနေ့ နံက်(၄)နာရီခန့်တွင်နှိုး၍ သွားရောက်တိုင်တန်းချေ ရာ- “အေးလေ ပါသွား ပြီးရောပေါ့၊ နောင်မပါ ရအောင် ဂရုစိုက်အိပ်ပေါ့” ဖြင့် ပေါ့ပေါ့ပင်ပြော လွှတ်လိုက်၏။ 

လင်းသော် အချိန်မှီဈေးသို့ပြေး၍ ဆိုင်ရှိ လက်ကျန်အထည်များဖြင့် ခင်းကျင်းရန်သွား၏။ ရောက်သော်ဆိုင်နီးနားချင်းလည်းဖြစ် ဈေးကောင်စီ ၏ဥက္ကဌလည်းဖြစ်သော မွတ်တားကြီးကို  

“ ဦးလေး ကျွန်တော်တော့ ညက အိမ် အဖောက်ခံလိုက်ရပြီဗျာ၊ ရှိစုမဲ့စု အကုန်ပါသွားပြီ” 
ပြောရာ - 
“ကောင်လေး ဒီလိုဆို ဆိုင်ပိတ်ထားလိုက် မထွက်နှင့်ဦး၊ အိမ်ဖောက်ထွင်းခံရလို့ အပ်ထည်များ ပါသွားကြောင်း ရဲစခန်းသွား အကြောင်းကြားထား။ တော်ကြာနှင့်ခေါင်းပေါ် အကုန်ပုံကျသွားလိမ့်မည်” သတိပေး၏။ 

ထိုဦးလေးသတိပေးမှ ကြောက်ရမှန်း သိ တတ်လာ၏။ အစကတော့ အပ်သူတို့လာမေး-အိမ် 
ဖောက်ခံရလို့ ပါသွားပြီပြော၍ တန်ရာတန်ကြေး အလျော်ပေးပြီး၏ ထင်ထားမိ၏။ ယခုသော်နောင် ယုန်ထင်ကြောင်ထင်အမြင်မှားများဖြင့် မိမိတို့ဂုဏ် သိက္ခာကျမည်ကို တွေးပူလာမိတော့၏။ 

သို့နှင့် သင်္ကန်းကျွန်းရဲစခန်းသို့ သွားရောက် တိုင်တန်းရ၏။ ငမိုးရိပ်၊ လေးဒေါင့်ကန်ရပ်ကွက်ရှိ သူငယ်ချင်းဦးကျော်သန်းထံသို့လည်း ဖြစ်ကြောင်း ကုန်စင်သွားရောက်ပြောကြား မိ၏။ဤလိုလောကဓံ မျိုး ပွဲမတိုးဘူးသေးသော ဇနီးသည်ကား အငိုမရပ် တော့ပြီ။ တစ်ဖန် တောင်ဥက္ကလာ(၇)ရပ်ကွက်ရှိ ကျေးဇူးရှင်ဦးတင်ကြည်+ဒေါ်ခင်ထွေးတို့ထံ သွား ရောက်၍လည်း ဖြစ်ကြောင်းကုန်စင်ပြောကြားမိ။ 

“ရှင်-၄-၅ ရက်အတွင်း ဆိုင်မထွက်သေး ဘဲ နေလေဦး၊ ဖေါက်ထွင်းလည်းခံရသည် ဆိုင်လည်း အထွက်မပျက်ဆိုလျှင် ရှင့်ကို ဘယ်သူမှယုံကြမှာ မဟုတ်ဘူး” 

“နောက်ပြီး ဘာအမှုမှလုပ်မနေနဲ့ စီးပွား ရေးသမား အမှုရင်ဆိုင်၊ ရုံးခဏခဏသွားနေရရင် ပျောက်ပြီးမရသည့်အပြင် နောက်ထပ်ငွေကုန်မှာပဲ အဖတ်တင်မည်” 

ထို ဒေါ်ခင်ထွေး၏ စကားစုများကား အဖိုး တန်လှ၏။ သူမ၏အကြံပြုချက်ကြောင့် ထိုစကား များအတိုင်း လိုက်လံအကောင်အထည်ဖေါ်မည်ဟု ဆုံးဖြတ်လိုက်မိ၏။ 

အိမ်ရောက်သော် ဦးကျော်သန်းကား ရောက်နှင့်နေ၏။ စစ်ဆေးရန်ရဲများကား ရောက် မလာပြီ။ ညနေ(၃)နာရီအထိလည်းမပေါ်လာ။ သို့ကြောင့် ဦးကျော်သန်းသည် ၄င်း၏သူငယ်ချင်း ဖြစ်သူ ထိုသင်္ကန်းကျွန်းရဲစခန်းက ရဲတပ်ကြပ်ကြီး မောင်ကျော်အား သွားရောက်အကူတောင်းရာ မောင်ကျော်လိုက်လာပြီး ဖောက်ထွင်းသူခိုးတို့ အိမ် အပြင် ထားပစ်ခဲ့သော ဖောက်ထွင်းရာ၌ အသုံးပြု သည့်ဓါး ကျန်ရစ်ခဲ့သည်ကို သိမ်းဆည်းသွား၏။ ဓါးဝှက်မြှုပ်ထားသော ဖောက်ထွင်းရာ၏ ပျဉ်ချပ် များကိုလည်း ဖောက်ထွင်းပေါက်နှင့်ပျဉ်ချပ် ကပ် ကြည့်ကာ လေ့လာသွား၏။ ဤသည်ပင် ရပ်ကွက် အုပ်ချုပ်ရေးနှင့် ရဲတိုင်တန်းမှု အစ၏အဆုံးပင် ဖြစ်ချေတော့၏။ 

ဆိုင်မထွက်သဖြင့် အိမ်ကား အထည်ရွေး သူများဖြင့် စည်ကားနေ၏။ ထိုလာသမျှကိုလည်း ဖြစ်ကြောင်းကုန်စင်ကိုသာ နတ်သံနှောလျက်က ရောရ၏။ ထိုအခါ 

“ကျွန်တော်တို့အပ်တာက အိမ်မှာမဟုတ် ဘူး ဆိုင်မှာဗျာ” လည်းပါ၏။ 

“အိမ်ဖေါက်တယ်ဆိုတော့ ခင်ဗျားတို့က ဘယ်သွားနေလို့တုန်း”လည်းပါ၏။ 

“သည်လောက် ဖေါက်ထွင်းနေတာ ခင်ဗျား တို့က မနိုးဘူးလား” လည်းပါ၏။ 

မယုံစောဒကကား အစုံအစုံပင်။ 

ထိုအားလုံးကိုပင် သည်းခံရ၏။ အခိုးခံရပြီး နောက် မိတ်ပျက်ထပ်မခံရရန် သတိထားရ၏။ ပစ္စည်းဆုံးပြီးနောက် အမုန်းနောက်ထပ် မလိုက်ရန် ဆင်ခြင်ရ၏။ 

သို့နှင့် (၄)ရက်ကျော်လွန်သွားသောအခါ ခါတိုင်းလိုဆိုင်ဖွင့်၏။ နံက်လင်းသည်နှင့် အပ်ထည် များတဖြစ်လဲ ဖေါက်ထွင်းထည်များ ရွေးရန်လာသူ များနှင့်သာ ဦးစွာရင်ဆိုင်ရချေ၏။ ထိုအခါ ဖေါက် ထွင်းခံရပုံကိုလည်း အရှိအတိုင်း စိတ်ရှည်ရှည် နှင့် ပြောပြရ၏။ တစ်ဝက်နှုန်းမျှလျော်ပါမည် ဟုလည်း အသနားခံခြင်း၊ တောင်းပန်ခြင်းဖြင့် ပြေငြိမ်းစေ ရ၏။ 

ငါတို့၏စေတနာကြောင့်ထင်၏။ အားလုံး နီးနီးက ခွင့်လွှတ်၏။ ထုံးစံကား အခိုးခံရသော်လျော် ရိုးမရှိ။ ဘောက်ချာစည်းကမ်းထဲ၌ပင် ရန်သူမျိုး ငါးပါးဖျက်ဆီးခြင်း၊ အဟောင်းထည်များ အပ်ပါက ဆေးရောင်ပျက်ခြင်း၊ စုပ်ပြဲခြင်းများကို တာဝန်မခံ ပါကြောင်း အတိအလင်း ထည့်သွင်းပုံနှိပ်ပေးထား ပြီးဖြစ်၏။ သည်အထဲက တစ်ဝက်လျော်ပါမည် ဆို 
သောအခါ 

-အချို့ကား ပြည်သူ့ဆိုင် ထုတ်ဈေးဖြင့်သာ တစ်ဝက်မျှယူကာ ထပ်မံအပ်ကြ၏။ 

-အချို့ကား အခိုးခံရတာ မယူပါဘူးဆိုကာ ထပ်မံ၍ပင် အပ်နှံကြ၏။ 

အားလုံးထဲတွင် အိန္ဒိယနွယ်ဖွား အမျိုးသမီး တစ်ဦး၏ မကျေနပ်ချက်ကြောင့် ရဲစခန်းသွားတိုင် သဖြင့် တစ်ချီသွား၍ ဖြေရှင်းရ၏။ အမှုတာဝန်ခံ ဒု-ရဲမှူး၏ သက်သေခံကြောင့် ငါတို့အမှုမဖြစ်။ ဗမာ လူမျိုးတစ်ဦး မချေမငံပြောကာ ၄င်းပါလာသော ဘောက်ချာဆွဲဆုပ်လျက် က ပြန်သွားသည်ကို တစ်ကြိမ်ခံရ၏။ 

ထို့နောက်ဆိုင်ကား ယခင်ကထက်ပို၍ အပ်နှံသူတွေ တိုးတက်လာ၏။ “အခိုးခံရသော်မှ လျော်ပေးသည်” ဟူသောသတင်းကောင်း၊ “ဆေး ရောင်မခိုင်သောအရာ လက်ရာမသန့်သောရုံ စသည်များကို အရိုးခံအတိုင်း ပြောသည်” ဟူသော သတင်းကောင်း ထိုနှစ်ကောင်းက ထပ်ဆောင်း လောင်းသွန်းပေးလိုက်သောအခါ မကောင်းကံများ အကြားမှ ကောင်းကံ အညွန့်အဖူးများတို့သည် တအားကြီး ထိုးထွက်လွန့်လူးလာကြကုန်၏။ သို့ကြောင့် 

- လူ့အစီးအပွား လူကြီးထွားနှုန်းဖြင့် တိုးတက် လိုသော ကြီးပွားရေးတဏှာသည် ပိုကဲလာ၏။

 - အိန္ဒိယနွယ်ဖွားနှင့် အများချင်း၊ အမှားချင်း ပြိုင် ချင်သော မာနတို့သည်လည်း ပို၍ပင်တင်းမာ လာ၏။ 
- အများလက်၏ ရှိပစ္စည်း၊ ကိုယ့်ပစ္စည်းဖြစ်ချင် သော ဒိဋ္ဌိတို့ကလည်း ဖင်တစ်ကြွကြွ ထလာ၏။ 

ဤသည်မှာ ထိုစဉ်က ငါတို့၌ရှိသော စိတ်ဓာတ်များပင်ဖြစ်ချေ၏။ ဖောက်ထွင်းခံလိုက် ရသောပစ္စည်းတန်ဘိုးကား ကာလပေါက်ဈေး အား ဖြင့်(၅ဝဝဝိ) ကျပ်ငါးထောင်ဘိုး ထက်မပိုပြီ။ ရလာသောအသစ်အသစ်တို့ကား ထို၏သုံးဆမျှ ကြီးထွားလာသဖြင့် ငါ့ထံရှိ မာန-တဏှာ-ဒိဋ္ဌိတို့ကား မြွေဟောက်၏ဥကြောင်း ဒုတ်ချောင်းလေးသေးသေး ဖြင့် အခေါက်ခံရသည့်ပမာ ဒုတ်ချက်နှင့်လှုပ်ချက် မကာမိသို့ ထိရာမှထကြွလာချေတော့၏။ 

သို့တစေလည်း တစ်ဘက်ရှိဇနီးသည်ကား သွားလေသူ ထိုပါတိတ် စိတ်စွဲအားကြီးချေရကား အိပ်လည်းမအိပ်တော့ပြီ။ အစာလည်း ဟုတ္တိပတ္တိ မစားတော့ပြီ။ 

“မင်းပဲအလုပ်လုပ်ရတာ မင်းပဲစား လိုသ လောက်စားပါ။ ကော်ဖီ, လဘက်ရည်ကိုလည်း သောက်မြဲသောက်ပါ။ ငါကတော့အစားနဲနဲစားပြီး သွားပြီးသားအကြွေး ကြေသည်အထိ ခြိုးခြံတော့ မည်” ဟူ၍ အရေးဆိုလာ၏။ 

ဤနေရာ၌ ငါတို့နှင့်ဇနီးသည်တို့၏ အသွင် မတူသောဖြစ်အင်ကို ဖော်ပြလိုသေး၏။ 

ငါတို့ကား- တရုတ်စိတ်၊ ဇနီးသည်ကား အိန္ဒိယနွယ်ဖွားစိတ်၊ စီးပွားရေးအမြင် အမူအကျင့် 
မတူညီလေ။ 

ငါတို့ကား- လျင်မြန်စိတ်၊ ဇနီးသည်ကား အေးဆေးငြိမ်သက်စိတ် အိမ်ထောင်ရေးကိစ္စ၌ အမူအကျင့် မတူညီလေ။ 

ငါတို့လက်ကား လက်ဖျာကဲ့၊ ဇနီးသည်ကား လက်စိပ်သမား အသုံးအစွဲများ၌ အမူအကျင့်ခြင်း မတူညီလေ။ 

ဤသို့လျှင် ယောက်ျားနှင့်မိန်းမ မူလ သဘောရင်းကိုက မတူညီရသည့်အထဲ စရိုက်, ဉာဉ် များကပါ မူကွဲ,အယူကွဲ ကွဲလာလေသောအခါ တစ်ဦးနှင့်တစ်ဦး ခြေကျလက်ကျကား မထပ်မိချေ ပြီ။ ထိုမထပ်မိသော ခြေလက်တို့ကို ဂဟေဆက်မိ လေရာ ထွက်ပေါ်လာသော နောက်ဆုံးအဖြေကား စိတ်ကောက်ခြင်းနှင့် အရွဲ့တိုက်ခြင်း နှစ်ခုတို့သာ 
ဖြစ်ကြချေ၏။ 

အေးဆေးသဖြင့် လူသိရှင်ကြား ရန်မဖြစ် လိုသော ဇနီးသည်ကား စိတ်ကောက်သမား။ စိတ် 
ကောက်လေမှန်းသိ၍ အထွန့်တက်ပြတတ်သော ငါတို့သည်ကား အရွဲ့တိုက်သမား။ 

ဇနီးသည်ကား တစ်လလျှင် (၃၁)ရက် လောက် စိတ်ကောက်၏။ ဗမာရက်နှင့် ထိုရှေ့လမှ တစ်ရက်ချေးငှားရမတတ်ပင်။ 

ငါတို့သည်ကား ၄င်းထက်နှစ်ပြန် ဖြစ် သဖြင့် ရှေ့လာမည့်နှစ်မှ တစ်လအကြိုထုတ်ယူ ထားရမတတ်ပင်။ နှစ်ဦးသဘောတူ ဆိုသည်မှာ အိပ်ရာဝင် ခြင်ထောင်တွင်းများမှာပင် မရှိခဲ့ပြီ။ 

သို့ကြောင့် ပျော်တတ်ရွှင်တတ်သော ငါ သည် အိမ်၌ ပျော်စရာရွှင်စရာ အတိုင်အဖောက် ပျောက်ရှနေတော့သဖြင့် ကိုတူးအိမ်မှာသာ အချိန် ကုန်တတ်၏။ နံနက်အိပ်ရာထမှ ညနေ(၅)နာရီ တိုင်အောင်သည်ကား ဈေးမှာသာအချိန်ကုန်၏။ ထမ်းပိုးမညီသော နွားနှစ်ကောင်၏ ဝန်ရုန်းလှည်းကို ဆွဲရာ၌ သူ့ဘက်နှင့်သူ ဘက်ကန်ဆွဲသကဲ့သို့သာ တည်း။ 

  #""စိတ်တဇနာ  ""

ထိုသို့ ဇနီးသည် အစားမစား အနေများလာ သဖြင့် စိတ်ကိုယ် ကြောင်တောင် ဖြစ်လာသောအခါ မဖြစ်ချေဘူးတဲ့ဆိုကာ ရွာသို့ပြန်လည်ကာ ချောမော့ ပို့လိုက်ရတော့ချေ၏။ စိတ်ပြောင်းသွားစေရန်နှင့် လောကဓံ၏ ဆိုးသံကောင်းသံ မမြင်ရကြားရ စေရန်ဖြစ်၏။ မိခင်ကြီးသည် လာရောက်၍ ငါ့ တစ်ယောက်တည်းကို ကူညီ၏။ တစ်ဆောင်းရာသီလုံး ဇနီးသည်အား ရွာသို့ပြန်ကာ အနားယူစေ၏။ အိမ်ကား မိခင်ကစောင့်ပေး၏။ အစာချက် ကျွေးမွေး ၏။ လူကြီးဖြစ်သဖြင့် အအိပ်အနေ နည်းပါး၏။ 
တောဓလေ့အတိုင်းပင် နေ၍ တောဓလေ့အတိုင်း ပင် ပြောဆိုဆက်ဆံတတ်၏။ သို့ကြောင့် ငါတို့၏ အပေါင်းအသင်းများနှင့် ချိန်းတွေ့ကြကာ သောက်စား ခြင်းကိုမနှစ်မြို့။ 

ငါတို့သည်လည်း နှစ်မြို့၍ ကားမဟုတ်။ ပြီးတိုင်းလျှင် ကုန်ခန်းသွားသောငွေနှင့်ခံစားရသော 
ပျော်မှုကို အမြဲပင်နှိုင်းယှဉ်ကြည့်ကာ နှမြောစိတ် ဝင်မြဲဖြစ်၏။ တစ်ဖန် ငွေရရန် ရှာဖွေကြိုးပမ်းရမှု၏ အချိန်ကာလနှင့်သုံးသောကာလတို့၏ အချိန်ကာလ ကိုလည်းကောင်း၊ ငွေတစ်ကျပ်တစ်ပြား သူတစ်ပါး ထံမှလက်ခံရယူစဉ်၏ မရမီ ပေးမည့်ဆဲဆဲ ထားရှိ 
မွေးမြူခဲ့ရသောစိတ်နှင့် မိမိလက်မှငွေ သူတစ်ပါး ထံသို့ပေးစဉ် ထားရှိသောစိတ်တို့ကိုလည်းကောင်း ချိန်ထိုးကြည့်မြဲဖြစ်ခဲ့၏။ ထိုသို့ချိန်ထိုးကြည့်တိုင်း လျှင် ကုန်ခန်းသွားသောငွေအပေါ်၌ နှမြောစိတ်ကား ဝင်စမြဲ။ 

သို့တစေလည်း ငါ၏မွေးရာပါ အားနာစိတ် နှင့် တစ်ဖက်သားချမ်းသာစေလိုသော စေတနာတို့ က အမြဲလွှမ်းမိုးနေတတ်ခြင်း၊ သူခိုးအခိုးခံရသဖြင့် ငွေမလည်ပတ် သာဖြစ်နေစဉ် ထို သူငယ်ချင်း ဆေးဆိုးပန်းရိုက်ရုံနှင့် ပင်းမင်းများသို့ အကြွေးကျန် လေသည်မှာ မျက်နှာပူပါသည်ကို ကာကွယ်လိုခြင်း တို့ကြောင့် သူငယ်ချင်းများသွားရာ ပါဝင်ရချေ၏။ အပျော်နှင့် အဖော်၏အပေါ် ခင်မင်မှုကလည်း ပါ သေး၏။ သို့ ကြောင့် မိခင်ကား စိတ်မချမ်းသာလေ။ 

မိခင်သည် အိမ်သို့လာတိုင်းသော စီးပွားဘက် ထိုသူငယ်ချင်း မိတ်အပေါင်းများကို ၄င်း၏ သားကို မဖျက်ဆီးကြရန် ပြောဆိုလွှတ်၏။ ကြာသော် သူငယ်ချင်းများ ခွာရဲသွားကြလေပြီ။ ငါတို့နှင့်တွေ လျှင် ခပ်တန်းတန်းခပ်မှန်မှန် ဆက်ဆံလာကြကုန်၏။ စီးပွားရေးအရ မလွှဲသာကြ၍ ဆက်ဆံခြင်းမျိုး လောက်သာ ရှိကြလေ၏။ ကြာသော် မေးကြည့် ရ၏။ ထိုအခါကျမှ ငါတို့၏မိခင်က ဤသို့ဤနှယ် ငါတို့ကွယ်ရာပြောဆိုလွှတ်ကြောင်း အချို့ကပြောပြ ၏။ အချို့ကား ရေငုံနှုတ်ပိတ်။
 
ခက်ကပြီ။ သားနှင့်အမိ တစ်လှည့် ရင်ဆိုင် မိရပြန်ပြီ။ 

သားသမီးနှင့်မိဘ မေတ္တာချင်းပြိုင် ငါတို့သာ ရှုံးပေလိမ့်မည်။ ငါတို့မိခင်အပေါ် တုံ့ပြန်သော မေတ္တာကား တောင်ကျစမ်းချောင်းရှိ ရေစီးအားကို လက်ဖြင့်တစ်ချက်လှန် သပ်ရုံမျှသာရှိပေလိမ့်မည်။ အရာရာ ကိုယ်ကျိုးကားမငဲ့။ သားသမီးဘက်လှည့် ထားသော မိစိတ်, ဖစိတ်ကား သားကောင်းသမီး ဖြစ်စေလိုရင်းသို့သာ ဦးဆိုက်စမြဲ။ သားသမီး ကိုယ် ကျိုးနည်းမည်ကိုကား နဲနဲလေးမျှ မကြားလို မမြင်လို။ 

ယခုငါတို့နှင့် မိခင်ကြီးကြား ဖြစ်ပေါ်လာ သော ဓမ္မတာတရားကလည်း ထိုနည်းထပ်ဆင့် သာ။ 

- ငါတို့ကား မိတ်နှင့် စီးပွားအပေါ် စိတ်ထား၏။ မိခင်ကြီးကား သားအပေါ် စိတ်ထား၏။ 

- ငါတို့ကား မြို့ဓလေ့ မြို့အနေအစားသို့ စိတ် လမ်းသလား၏။ မိခင်ကြီးကား တောထုံးတောသုံး ကြားမှ စိတ်မထွက်။ 

တောလှည်းက မြို့တွင်း အတင်းဝင်မောင်း ကတ္တရာလမ်းကောင်း အက်ကြောင်းထင်တတ်၏။ မြို့ကားက တောကြားတိုးထွက် တောက်သို့ ကျော်မတြက်နိုင်။
 
ထို ဓလေ့ချင်းမတူဘဲလျက်က တွဲဖက်မိရ ခြင်းသည် မီးအိုးကင်းနှင့်ရေစိမ်းပမာသာရှိချေ၏။ လူအချင်းချင်း ထုံးတမ်းမတူရာ မျိုးခြားရိုးခြားများ နှင့် အတူတကွသွားရောက် ပေါင်းသင်းကြလေသူ များ၊ ဘာသာအချင်းချင်း အယူအဆချင်းမတူရာ မျိုးခြားရိုးခြားများနှင့် သွားရောက်စပ်ယှက်ကြလေ သူများ၊ နိစ္စဒူဝ အချိန်ပြည့်ရက်ပြည့် သေတစ်ပန် သက်တစ်ဆုံး ခံစားရရှာမည့် ဒုက္ခကိုတွေးလျက်က ကိုယ်ချင်းစာနာမိချေ၏။ တစ်ဖက်က တစ်ဖက်သို့ ချစ်လွန်းလို့သာကျိတ်မှိတ်ကာ အလိုလိုက်ရမည်။ အကြိုက်ကား တွေ့လေမည်မဟုတ်။ ငယ်ကတည်း က အစွဲနာ ဘာသာဝါဒကား ကိုယ်ပြောင်းသော်မှ စိတ်ပြောင်းလိမ့်မည်မဟုတ်ပြီ။ 

ဤသို့ သားနှင့်မိခင် အမြင်မတူသည်ကို ကြားဝင်ဖျန်ဖြေသူရှိမှသာ ကောင်းမည်ဟု ယူဆကာ နောင်တော်ဦးလှအောင်အား အကူတောင်းရ၏။ နောင်တော်ကလည်း ရုံးပိတ်ရက် ဥပုသ်နေ့တိုင်း (ဆရာကြီးဦးလှသိန်း၏ သာသနာပြုအဖွဲ့ချုပ်ကား ဗုဒ္ဓဘာသာပီပီ ဥပုသ်နေ့သည် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။) အိမ်သို့လာရောက်ကာ မိခင်ကြီးအားနားချ၏။ မရလေ။ 

“ကျုပ်သားကရိုးပါသတော်- တော်ရို့မြို့နဲ့ မကိုက်ပါဘူး”ဟူ၍လည်းကောင်း။ ။ 

“ကျုပ်တို့အမျိုးထဲမှာ အရက်သမားရယ်လို့ တစ်ယောက်မှမပေါ်ပါဘူး တော်”ဟူ၍လည်းကောင်း။ 

“သာသနာ့ဘောင်က ထွက်လာပြီးမှ အရက် သမားကြီးဆိုတော့ ကျုပ်- ရှက်လှသတော်” ဟူ၍ လည်းကောင်း။ 

နောင်တော်လည်း မတတ်နိုင်ပြီ။ နောင် အိမ်သို့ပင် မလာတော့ပြီ။ အကြောင်းရှိ၍ တွေ့လို လျှင် အိမ်နှင့်ရုံး တစ်ခုခုသို့ သွားရောက်တွေ့မှသာ ဖြစ်တော့သည်။ 

သည်အမေ၊ သည်သား၊ သည်မိသားစု တစ်ပေါင်းတည်း တစ်စည်းတည်း အတူနေရန် ဟူသော စိတ်ကူးသည် လက်တွေ့နှင့်ယှဉ်ကြည့် လိုက်သောအခါ အမိုက်တွင်းကလှေကားတစ်စင်း ပမာ မပီမသသာ တွေ့မြင်ရတော့ချေ၏။ 

အမေ့ထံ၌ ငါတို့အပြင် သားတစ်ဦး၊ သမီး တစ်ဦးသာရှိ၏။ ထိုနှစ်ဦးတွင်လည်း သားလတ် ဖြစ်သူမောင်သန်းကား ချိနဲ့နဲ့သာ။ သမီးဖြစ်သူ မကြည်ကသာ ရှိသမျှဝန် မိန်းမသားနှင့် မတန်မရာ 
အောင် ရုန်းနေရရှာချေ၏။ 

အစ်မကား သတ္တိရော ဉာဏ်ပါ ထက်၏။ အပြောအဆိုရော လူကဲခတ်ပါ မညံ့။ မြို့တက် စီးပွားရေးစားကျက်ထွင်လျှင် အကွက်ဝင်မည်ဟု အတပ်သိထား၏။ ငါတို့ ဇနီးမောင်နှံနှင့် အတူနေ ကာ အစ်မရယ်၊ ငါရယ်၊ ဇနီးရယ် သုံးယောက် ပေါင်းသော် အလောင်းကျော်၍ အကောင်းပေါ်စေ ရမည်ဟူ၍ စိတ်မာန်ကြီးထားခဲ့၏။ အတွေးကား အတွေးသာ။ 

ဘာလုပ်လုပ် ဘက်စုံကြည့်မှ အကုန်သိရ မည်။ သဘာဝမိခင်ကြီးက ငါတို့ကို မျက်လုံး နှစ်လုံး ဘာကြောင့်တပ်ပေးထားသနည်း။ ထိုအဖြေကို ယခု မှပင် သဘောပေါက်တော့သည်။ ထိုသဘောပေါက်မှု သည် ကိုယ်တွေက အဖြေပေးခြင်းတည်း။ 

ငါတို့၌ မျက်လုံးနှစ်လုံးရှိရာတွင် အကယ် တိတိ ဝဲဘက်မျက်လုံးမှိတ်လျက်က ယာဘက် တစ်လုံးတည်းဖြင့် မြင်ကွင်းကိုကြည့်သော် ထိုအမြင် ကား ထိုယာဘက်ဆွဲလျက်က မြင်ရာ၏။ 
အကယ်တိတိ ဝဲဘက်မျှသာဖွင့်၍ ယာဘက် တစ်ဘက်မှိတ်ကြည့်မိပြန်သော်ကား ထိုမြင် ကွင်းရှိ အမြင်သည်လည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွား ကာ ဝဲဘက်ချည်းသာ အမြင်သန်ရာ၏။ 

အကယ်တိတိ နှစ်ဖက်လုံးပြည့် ဘက်စုံ အကုန်ဖွင့်ကြည့်ပါသော်ကား ထိုမြင်ကွင်း၏ အလယ်တည့်တည့်ကိုသာ အကြည့်နှင့်အသိ ထပ်မိ နေတတ်ပြီး နှစ်ဖက်လုံးစုံ ဝဲဘက်ယာဘက် အကုန် အစင်ပင် သိမ်းဆည်းလျက်က မြင်တွေ့နေတတ်လှ ချေသည်။ 

အကယ်တိတိ နှစ်ဖက်စုံ အကုန်ရှိလျက်က မျက်စိစုံမှိတ် စွဲစိတ်ချည်းသက်သက်ဖြင့် ရှုကြည့်ပါ 
သော်ကား သူ့အကြောင်း၊ ကိုယ့်အကြောင်းကို လည်းကောင်း၊ ရှေ့ကြောင်း၊ နောက်ကြောင်းကို လည်းကောင်း၊ ရှေ့တူယူမြင်ကွင်းအရှိ ဝဲဘက်၊ ယာဘက် ဘာဆိုဘာမျှ မသိရတော့သည့်ပမာ ရှိချေရာ၏။ 

လောကအတွင်း၌ အသွင်မတူရာ အရာ ဌာနတိုင်းတို့၌ ဘက်ကွဲတို့သည်ကား များပြားလှချေ ၏။ ယောက်ျားနှင့်မိန်းမအားဖြင့်လည်းကောင်း၊ စရိုက်, ဉာဉ်အားဖြင့်လည်းကောင်း၊ ဓလေ့ထုံးတမ်း အစဉ်အလာအားဖြင့်လည်းကောင်း၊ ဘာသာအယူ ဝါဒ၏ ယုံကြည်မှုအားဖြင့်လည်းကောင်း၊ တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားလျက်သာ ရှိချေ၏။ 

ထိုသို့ကွဲပြားကြရာတွင် မိမိတစ်ဖက်မှာချည်း တစ်ဖက်သတ်အနိုင်ယူသော် ကျန်တစ်ဖက်ကား ကိုယ်စိတ်နှစ်ပါးစုံပင် ချမ်းသာလိမ့်မည်မဟုတ်။ သို့ တည်းမဟုတ် ထိုတစ်ဖက်သည်း အလိုလိုက် အကြိုက် ပေးရဖန် များလာလတ်သော် ရေရှည်၌ မိမိ၏ ကိုယ်-စိတ်နှစ်ပါး သက်သာစေလိမ့်မည်ကား မဟုတ်။ 

သို့ကြောင့် ဘက်ကွဲနှင့်တွဲလျက်က စီးပွား ရှာကြံရခြင်းမျိုးသည် ငရဲပြည်သွား၍ စီးပွားဖြစ်လို ဖြစ်ညား စနည်းနာခြင်းမျိုးနှင့် ဘာမျှမခြားပြီ။ ဘက်မတူနှင့်တွဲဖက်ကာ စီးပွားရှာရာမှ ကြီးပွားရေး လမ်း ဖြောင့်သဖြင့် ထိုစည်းစိမ်ကို စပ်တူခံစားလေ လျှင် ထိုခံစားမှုကား ငရဲပန်းကို ကုန်း၍ နမ်းရှူး၊ နေရ သည်သို့သာရှိခြိမ့်မည်။ လျှက်နှင့်ထန်းလျက် တွဲဖက် သုံးရာ၌ အရသာကား ကွဲလျက်သာ။ 

ထိုသို့ သားနှင့်မိခင် အသွင်မတူ အမြင်ကွဲ လိပ်ခဲတင်းလင်းဖြင့် ဆောင်းသက်ကြွေ နွေဘက်ကူးလာလေသောအခါ ဇနီးသည်လည်း စိတ်ပြေလက် ပျောက်ပြီ ဖြစ်သဖြင့်ရွာမှပြန်လာတော့၏။ အစ်မ သည်လည်း လယ်ယာများသိမ်းဆည်းပြီးသဖြင့် အတူပါလာ၏။ ထိုအခါ၎င်းတို့ဘက်က သုံးယောက်အပေါင်းစုအား အားများလာသဖြင့် ပို၍ပင် ဆိုးရွား လာ၏။
 
ယခင်က လင်ဩဇာအောက် ကြောက် ကြောက်ဖြင့် တိတ်တဆိတ်သာ စိတ်ကောက်ရဲသော ဇနီးသည် သည် ယခုသော်ကား အော်ကြီးဟစ်ကျယ် ဖြစ်လာ၏။ ပြောင်ပြောင်တင်းတင်းလည်း စိတ်ကောက်ပြ၏။ ကြိတ်မှိတ်ခံထားရသော အရင်းကား နောက်ကူရလာသဖြင့် အတိုးတက်လာတော့၏။ 

မိခင်ကြီးသည်လည်း တစ်မိုးတစ်ဆောင်း အောင်းထားရသော အားမရစိတ်များ ထိပ်တက် လာတော့၏။ ငါတို့၏ရုံမှအပြန် မိခင်ကြီးစားသုံးရန် မုန့်ပဲ သရေစာဝယ်လာသောအခါ၊ ဈေးမှအပြန် ဆေးလိပ်, လက်ဖက် ဝယ်လာလေသော အခါ၊ မစားဖူးသည်များ စားသုံးရန်၊ မသုံးဖူးသည်များ သုံးဖူးရန် အထူးတလည်တွေ့၍ ဝယ်လာလေသော အခါ အိမ်တွင်းဘက်၌ တကျက်ကျက်ဖြစ်လာကြ ချေ၏။
 
မိခင်ကြီးကား- “မင်းဘဏ္ဍာကိုယ့်ဟာ မှတ်လို့ တစ်ပြုံးပြုံးသုံးကြသကွယ့်” ဆို၏။ 

အစ်မဖြစ်သူကား-“မောင်မင်းလုပ်တာနဲ့ မောင်မင်းစုပ်တာ အတူတူပေါ့လေ” ခနဲ့၏။ 

ဇနီးဖြစ်သူကား-“ မညောင်းကော့ပစ္စည်း ကိုယ့်ပစ္စည်းထင်နေတာတော့” ရွဲ့၏။ 

ကြာသော် အိမ်သို့ရောက်၍ အိမ်တံခါး ပေါက်၌ ခြေနင်းခုံသို့ကျော်နင်းမိသည်နှင့် ငါ့စိတ် များသည် အလိုလို ပူပြင်းလာ၏။ အိမ်ကြီးသည် အလိုလို အပူထနေသည်ဟုထင်ရ၏။ အိမ်တွင်း ရောက်သဖြင့် ခံစားရသောငါ့စိတ်များကား မီးလောင် ပြင်ကြား တစ်ထောက်နားနေရသည့်ပမာသာ ရှိ ချေ၏။ မလွှဲသာသော အိပ်ချိန်မှတစ်ပါး အိမ်သို့ မဝင်လိုတော့ပြီ။ အမြှောက်ကြိုက်ငါ့စိတ်သည် အကောက်နောက်မလိုက်ပြီ။ အပျော်ကြိုက် စိတ် ကလော်နောက် မလိုက်ပြီ။ 

တစ်နွေကုန်သဖြင့် တစ်မိုးဝင်လာသော် အစ်မသည် လယ်ယာအတွက် ရွာသို့ပြန်၏။ မိခင် ကြီးကျန်ရစ်၏။ ထိုကျန်ရစ်သော မိခင်သို့ ငါ့အပေါ် မကျေနပ်သောဇနီးက မကျေနပ်တိုင်းတိုင်၏။ မိခင်ကား ဇနီးသည်အစား ဒိုင်ခံကာ ငါတို့နှင့် ရန် ဖြစ်၏။ 
အိမ်၌ မိခင်နှင့်ဇနီးအတူနေရာ အိမ်ကိစ္စ ထမင်းချက်၊ အဝတ်လျှော် မိခင်ကြီးက ဖင်ပေါ့ပေါ့ ဖြင့် ဒိုင်ခံလုပ်၏။ ဇနီးကားမလှုပ်မယှက်။ထိုမြင်ကွင်း ကြည့်လျက်က ငါတို့ကား ရင်ထုမနာသာ။ ငါတို့စိတ် ကား မချမ်းသာပြီ။ 

ဤသို့ဖြင့် သားအမိချင်း မသင့်မမြတ်ဖြစ် လာ၏။ ရွာမှနေ ထူထောင်ပေးထားသော အရင်းအနှီး များပင်မရှိတော့ဟု မိခင်က စွပ်စွဲ၏။ ငါတို့က အိမ်တန်ဘိုး၊ အထည်လက်ကျန်တန်ဘိုး လည်ပတ် ငွေလက်ရှိတို့ဖြင့် စာရင်းချတွက်ပြ၏။ ထိုအခါ ၄င်းအား ချေပရပါမို့လားဆိုကာ ၄င်းအား လိုရာသုံးရန် ပေးထားသော မုန့်ဖိုးပဲဖိုးလေးများကိုပင် ပြန်လည် အပ်တော့၏။ 

ဇနီးသည်ကိုလည်း ဆိုင်၌ နှစ်ဦးချင်းတွေ လေသောအခါ ရှေ့မှဦးဆောင်နေရသောသူ တစ်ဦး ၏ အခက်အခဲကို သဘောပေါက်ရန်ပြောပြမိ၏။ လူမှုဆက်ဆံရေး စီးပွားရေးအရ ဆက်ဆံရေးကို ရှင်းပြ၏။ မရလေ။ သူထင်သည်မှာ ငါတို့သည် ငွေကိုငွေမမှတ်သုံးလေသည်ဟု တစ်ယူသန်၏။ လူမှုရေးမလိုဟု ကန့်ကွက်၏။ မိတ်ရှိရန် မလို စောဒကတက်၏။ 

အပေးအယူမမျှတော့ပြီ။ ငွေမျောငွေနှင့် လိုက် လှေမျောပါကလှေနှင့်ပင်လိုက် ဟူသော ငါတို့ အယူကား ဇနီးအပေါ် မလွှမ်းမိုးနိုင်ပြီ။ တရုတ် ကြံကြံ၍ တရုတ်လိုစီးပွားရှာလိုသော ငါတို့၏ထုံး ကား ဇနီးသည်နှင့် လုံးလုံးကြီးမတည့်တော့ပြီ။ ထိုမှ စ၍ ကိုယ့်ငွေကိုယ်တိုင် ကိုယ့်ဆိုင်လျှင်ကိုယ်ထွက် ဖြင့် ဇနီးသည်ကိုယ်တိုင် လက်တွေ့ခံစားရန် အကြံ ပေါ်လာ၏။ 

ထိုအကြံအတိုင်း ဇနီးသည် ဆိုင်တက် ရန်၊ တစ်ဖန်ငါမရှိချေသော်၄င်းကိုယ်တိုင်လောကဓံ ရင်ဆိုင်တတ် ရန် ဤရည်ညွှန်းချက်များလည်း အကြံဆက်လာ၏။ 
ထိုစဉ် မိခင်ကြီးကား ငါ့ရွာငါပြန်တော့မည် ဆိုကာ ပြန်သွားတော့၏။ သို့ကြောင့် ငါတို့ဇနီးမောင် နှံသာ အိမ်၌ကျန်ရှိတော့ရာ ထိုအကြံကို လက်တွေ အကောင်အထည်ဖော်တော့၏။ ဇနီးသည်ကို ဆိုင် အပ်၍ ငါတို့ကား ဆိုင်မှဆင်းလိုက်ပြီ။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
အပိုင်း (၁၅)

ဆိုင်မှဆင်းဆင်းချင်း မဲနယ်စက်တစ်လုံး ထူထောင်လိုက်၏။ ပထမသော် မိတ်ရင်းဖြစ်သော ဦးတင်စောထံ အကြံဉာဏ်တောင်းခံရချေ၏။ ဦးတင်စောသည် အစမှအဆုံးတိုင်အကူပေး၏။ မဲနယ်အမှုန့်ရိုက်စက်ကို ၄င်း၏မိတ်ဆွေများထံမှ ခေတ္တငှားရမ်းပေး၏။ မော်တာကိုကား ၄င်းပိုင်ကို အလကားပေး၏။ မဲနယ်ဖော်စပ်နည်းကိုလည်း ၄င်း၏မိတ်ဆွေများထံသို့ လှည့်လည်ခေါ်ဆောင် သွားကာ နည်းတောင်းပေး၏။ ၄င်းကျေးဇူးကား ဖော်ပြရန် အတိုင်းအတာကိန်းဂဏန်း ရှာဖွေ မတွေ့မိပြီ။ 

ထိုမဲနယ်လုပ်ငန်းသည် တစ်ဖက်ဆေးဆိုး ပန်းရိုက်လုပ်ငန်း တိမ်ကောလျှင် အစားထိုးမိစေရန် မတိမ်ကောမီက ကြိုတင်ပြင်ဆင်ထားခြင်းလည်း မည်၏။ ဇနီးသည်အား အလုပ်ဖြင့်ဆုံးမ၍ မိမိ လည်း အလုပ်မပျက်ရန်လည်း ရည်ရွယ်၏။ 
ထိုမဲနယ်လုပ်ငန်း၏ တံဆိပ်ကို “ရွှေခြင်္သေ့ မဲနယ်” ဟူ၍ အမည်တပ်၏။ ငါတို့ကား အင်္ဂါသား ဖြစ်သဖြင့် အင်္ဂါစွဲပီပီ အင်္ဂါနံဖြင့်ပင် အမည်ခံ၏။ ဗေဒင်ကိန်းခန်းနှင့်တွက်ချက်ခြင်းကားမရှိ။ အဘယ့် ကြောင့်ဆိုသော် အကြောင်းခံကံနှင့် လက်ရှိလုပ်ရပ် ကံတို့ကိုသာ အစွဲအမြဲယုံသောကြောင့်တည်း။ 

ထိုမဲနယ်ကို မိမိဌာနေ သင်္ကန်းကျွန်းကို ဗဟိုပြု၍ တစ်ဖက်၌ ရန်ကုန်သစ်၊ သုဝဏ္ဏ၊ သာကေတ။ တစ်ဖက်၌ကား တောင်,မြောက်ဥက္ကလာများနှင့် ကမာရွတ်၊လှည်းတန်းတို့သို့ လှည့်လည်ဖြန့်၏။ နယ်သို့ကား တွံတေး၊ ကြံခင်း နှစ်မြို့သာ ထိုးဖောက် နိုင်၏။ ရန်ကုန်မြို့လယ်ကိုကား အသုံးနဲသည် ထင် သဖြင့် မဖြန့်ပြီ။ 

ထိုတွင် နယ်၌ ကြံခင်းသည် အသွက်ဆုံး၊ ဈေးအရဆုံး ဖြစ်ခဲ့၏။ မြို့၌ကား မြောက်ဥက္ကလာ သည် အတွင်ဆုံးဖြစ်ပြီး တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း ၌ ခြေကုပ်ရခဲ့၏။ ကျန်တို့ကား တစ်ပတ်လျှင် တစ်ကြိမ်ကျ သာမာန်မျှသာ တွင်ကျယ်၏။ 

တစ်ဖန် ထိုမဲနယ်ကို သတင်းစာမှလည်း ကြော်ငြာရန်စိတ်ကူးမိ၏။ ကာတွန်းကိုပင် ကာတွန်း ဦးဖေသိန်းထံမှ သုံးမျိုးမျှ ရေးဆွဲပြီးဖြစ်၏။ သတင်း စာမှကြော်ငြာလိုသောအခါ ထိုစဉ်က လုပ်သား၊ ကြေးမုံ၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း လေးစောင် မျှရှိရာ ကြေးမုံသည် လုပ်သားနှင့်အပြိုင် လူကြိုက် လည်းများ၏။ ကြော်ငြာစာစီဌာန၌ မိတ်ဆွေလည်း အဆင်သင့် ရှိနေပြန်၏။
 
သို့ကြောင့် ကြေးမုံကိုပင် အားကိုးအားထား ပြုကာ ကြော်ငြာရန် စိုင်းပြင်းရ၏။ သတင်းစာလော က၌ အယ်ဒီတာချုပ်ကား သူ့အာဏာနယ်တစ်ပိုင် ၌သာအလေးသာ၏။ ကြော်ငြာ၌မပိုင်လေ။ ကြော် ငြာ၌ နေရာကောင်းရရန်၌ကား ထိုကြော်ငြာ စာစီ သမားသည်သာ အခရာတည်း။ 

ကြေးမုံသတင်းစာတိုက်၏ ကြော်ငြာစာ ဌာန၌ ငါတို့နှင့် မော်လမြိုင်၊စိန်မမတက္ကသိုလ်မှာ တုန်းက ကဗျာစာပေတွင် ဝါသနာတူ စိတ်တူ ကိုယ်တူ ဖြစ်ခဲ့ဖူးသော ဦးရာဇိန္ဒသည် ဦးစိုးမြင့် ဟူသော လူတစ်ဖြစ်လဲသို့ ရောက်ရှိကာ ထို သတင်း စာ ကြော်ငြာဌာန၌ အမှုထမ်းလျက်ရှိနေ၏။ 

ထိုဦးစိုးမြင့်၏ အကြံဉာဏ်အား၊ အကူအညီ အားများဖြင့်ပင် သတင်းစာမှနေ မဲနယ်ကြော်ငြာ၏။ ထိုစဉ်က တစ်ကော်လံ,တစ်လက်မလျှင် တစ်ဆယ် ကျပ်နှုန်းမျှသာ ရှိသေး၏။ ဦးစွာ မဲနယ်တစ်ထုပ်လျှင် ဆယ်ပြားဖြစ်သဖြင့် “ခြင်္သေ့တစ်ကောင်ဆယ်ပြား” ဟူ၍ လည်းကောင်း၊ လုပ်ငန်း၏အမည်ကား နေကို ရည်ညွှန်းခြင်း၊ အင်္ဂါနံမလွတ်ကင်းခြင်းဖြင့် ဆန်း  အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ဟူ၍ ဖြစ်သဖြင့် “ဆန်းမွေးမြူရေးခြံ” ဟူ၍လည်းကောင်း ကြော်ငြာ မည် စီစဉ်ရာ ကြော်ငြာလက်ခံဌာန၏ တာဝန်ခံက တိုင်းပြည်အထိတ်တလန့် ဖြစ်စေသောကြော်ငြာ တိုင်းပြည် သို့လောသို့လော ဖြစ်စေသောကြော်ငြာ ဆို က လက်မခံပါ ဆိုသဖြင့် လက်လျှော့ကာ - ‘ရွှေခြင်္သေ့ မဲနယ်လာပါတော့မယ်” ဟူ၍ သာ တစ်ကြိမ်ကြော်ငြာ နှစ်ရက်ဆက်နှုန်းဖြင့် ကြော်ငြာ ၏။ 

ထိုမှနောက် တစ်လက်မ နှစ်ကော်လံ၊ တစ် လက်မ သုံးကော်လံအထိ တိုး၍, တိုး၍၊ ကြော်ငြာ စာလုံးများကိုလည်း တစ်ကြိမ်မှတစ်ကြိမ် အသစ် တီကာ, ထွင်ကာ သုံးလျက်ကကြော်ငြာ၏။ ထို အားလုံးသောကြော်ငြာများတွင် 
‘ရွှေခြင်္သေ့မဲနယ်သည် နှစ်ဆယ်ရာစုခေတ်၏ မှတ်တိုင်တစ်ခုလို့ ဆိုချင်ကဆိုနိုင်ပါသည်” ဟူသော 
ဦးစိုးမြင့်၏ ရွေးချယ်ပေးသောစာတမ်းသည် လူတိုင်းပြောစမှတ်ဖြစ်ခဲ့၏။ ငါတို့၏ ရောင်းရင်း များနှင့်တွေ့တိုင်း နှစ်ဆယ်ရာစုကြီး” ဟူ၍ စကြလေ ကုန်၏။ 

| ငါတို့၏အကျိုးပေးကံသည် ငါတို့၏ အတွေး အကြံတို့နောက် ဖဝါးထပ်လျက် လိုက်နေသည် ထင် ၏။ လုပ်လျှင်ဖြစ်သည်ဟူသော ယုံကြည်ချက်ကို လည်း ထပ်ဆောင်းလောင်းပေးနေသည်သာ ဖြစ်၏။ ငါတို့ကလည်း ဖြစ်လျှင်လုပ်သည် ဟူသောဇွဲဖြင့် ငါစွဲကြီးလျက်ပင်တည်း။

  #ကျွန်တော်နိုင်ငံရေးသမားပဲလှော်ကြားဆားဝင်မည်

 ငါတို့သင်္ကန်းကျွန်း၏ ဇ, ရပ်ကွက်မြောက် ပိုင်းသို့ရောက်၍ များမကြာမီလပိုင်းအတွင်း နေ အိမ်အဖောက်ခံရသည်ကိုလည်းကောင်း၊ သက်ဆိုင် ရာလူကြီးအား သွားရောက်တိုင်ကြားသောအခါ အားမပေးသည့်အပြင် ခပ်ပေါ့ပေါ့ပြောဆိုလွှတ် လိုက်သည်ကိုလည်းကောင်း၊ ရပ်ကွက်တွင်း၌ မိတ်ရင်း ကင်းသဖြင့် လည်စင်းခံရပါသည်ကိုလည်းကောင်း ၊ နောက်၌ ဖော်ပြခဲ့ပြီးဖြစ်ခဲ့၏။ 

ထိုအချိန်မှစ၍ အိမ်လုံခြုံစေရန် အမျိုးမျိုး ကြံဆ၏။ ထိုအကြံအစည်ထဲတွင် လူတံတိုင်းကာရံ ရန်လည်း တစ်ခုအဝင်အပါဖြစ်ခဲ့၏။ သို့ကြောင့် ရပ်ကွက်တွင်း အိမ်နီးနားချင်းမိတ်ရင်းများမှသည် တစ်ပိုင်တစ်နိုင်အတွင်း မိတ်သင်းတိုးပွားစေရန် လူမှုရေးကိစ္စရပ်များ၌ စစ်မျက်နှာတစ်ခု တိုးချဲ့ဖွင့် ခဲ့၏။ 

ရပ်ကွက်သန့်ရှင်းရေး၊ လမ်းသန့်ရှင်းရေး ညီညွတ်ရေး အဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် 
ကျင်းပရေးများ၌ ငွေအား၊ လူအား၊ ပစ္စည်းအား ထိုအားသုံးမျိုးတို့ဖြင့် တက်ကြွစွာ ကိုယ်ဖိရင်ဖိပါဝင် လုပ်ကိုင်မိ၏။ အိမ်နီးချင်းများ အိမ်ပြင်ဆင်သော် ပစ္စည်းရောလူပါ ဝင်ရောက်ကူညီ၏။ 

ပျော်တတ်သောငါတို့၌ ပျော်တတ်သော ကာလသားတို့က ဝိုင်းအုံလာကြ၏။ ဘာမဆို ငါ့ အလိုကျ တညီတညွတ်တည်းပါကြ၏။ ထို အင်အား ဖြင့်ပင် တစ်အိမ်က အိမ်မိုးလိုလျှင် ငါတို့အဖွဲ့သည် ခေါင်မိုးပေါ်မှာတည်း။ တစ်အိမ်ကအိမ်ဆောက်လို လျှင် ငါတို့အဖွဲ့သည် မြေကျင်းတူးလျက်တည်း။ တစ်အိမ်က အိမ်ပြင်လိုလျှင် ငါတို့အဖွဲ့ကား သံ, တူလွှ ဆွဲလျက်တည်း။ 

တစ်ဖန် အိမ်တစ်အိမ်မှ နာရေးပေါ်လာ လေသောအခါ ငါတို့ရပ်ကွက်သည် ဆင်းရဲသားရပ် ကွက်ဖြစ်၍ လျှပ်စစ်မီးမရှိ။ ငါတို့အိမ်နှင့် တစ်အိမ်စ နှစ်အိမ်စမျှသာ မီးရှိကြ၏။ ပျဉ်ထောင်သွပ်မိုးကား ငါတို့အိမ် တစ်အိမ်မျှလောက်သာ ရှိ၏။ သို့ကြောင့် ထိုလိုအပ်သော မီး၊ မီးကြိုးတို့ကို ငါတို့ကိုယ်တိုင်ပင် သွားရောက်တပ်ဆင်ပေးကာ နာရေးရက်တစ်ပတ် မပြီးမချင်း အခမဲ့ကူညီ၏။ ငွေပေးသော်မှမယူခဲ့။ ခမျာများ ဖဲဝိုင်းထောင်၍ မသာစရိတ်ရှာကြံကာ ထိုမသာပွဲ လှပအောင် ပြင်ဆင်ကြရသောဘဝမျိုး ဖြစ်ခြင်းကြောင့်တည်း။ 

သို့ကြောင့် အနီးတစ်ပိုင် အားလုံးကပင် ခင်မင်၏။ လူကြီး လူငယ်အားလုံးပင်ဖြစ်၏။ မိန်းကလေး-ယောက်ျား လေးများက ပျော်တတ်သော ငါ့ အား ဝိုင်း၍ခင်မင်ကြ၏။ လူကြီးများက ငါ့ဂုဏ် သိက္ခာကိုယုံသဖြင့် ပုံထားကြ၏။ ငါဖြစ်ချင်သော အရာ ရွာနှင့်ကားအတည့်ပင်။ 

ဇနီးသည်ကား မျက်စောင်းတခဲခဲသာ။ 

“သူများအိမ်ကအလုပ်ဆို ဖင်လေးကို မြောက်လို့ ကိုယ့်အိမ်ကအလုပ်ကျ ဘာတစ်ခုမှ ကူညီဖော်မရဘူး။” ဟူ၍လည်း မကြားတကြား ဆို၏။ ငါတို့ကားမဖြုံပြီ။ 

“သူများသမီးယူပြီး ဆိုင်တစ်လုံးနှင့် ပစ်ထား တာ တစ်နေ့ ဝဋ်လည်ဦးမည်။” ဟူ၍ လည်း မထိတထိကျိန်၏။ ငါတို့ကားမတုန်ပြီ။
 
| ငါတို့ ဦးဆောင်ရှာဖွေပေးစဉ်တုန်းက နောက်မှနေ တဆူဆူတဆောင့်ဆောင့်၊ ထိုဇနီးသည် ယနေ့ ကိုယ်တိုင်ဝန်ရုန်းရလေသောအခါ ငါတို့ခံစား ခဲ့ရသော လောကဓံမျိုးတို့နှင့် တိုးမိနေပြီကို အတပ် သိလာပြီဖြစ်သဖြင့် “မှတ်ဟ” ဟူ၍ သာ စိတ်တွင်း က ပြန်လှန်မိချေတော့၏။ 

ထိုသို့ ရပ်ရေးရွာရေးတို့မှာ အလေးပေး ဆောင်ရွက်လာသောအခါ ရပ်ကွက်ရှိ ပါတီစိတ်က မျက်စိကျလာ၏။ လာရောက်ဆွယ်၏။ ငါတို့ကား စိတ်မဝင်စား။ လိမ္မာပါးနပ်စွာဖြင့်သာ ငြင်းပယ်ခဲ့၏။ စီးပွားရေးနှင့် နိုင်ငံရေးတို့ကိုမတွဲလို။ တွဲသော်စီးပွား ဘက်ချိနဲ့တော့မည်ကို စိုး၍ပင်။ သို့သော်မရလေ။ ၄င်းတို့ကိုယ်တိုင် လျှောက်လွှာဖောင်ယူလာပြီး အတင်းဖြည့်ခိုင်း၏။ အတင်းတင်ကြ၏။ သို့ဖြင့် နိုင်ငံရေးထဲ ရောသောပေါသော ပါသွားတော့၏။ 

မကြာပါလေ။ အုပ်ချုပ်ရေးစနစ်များ ပြောင်းလဲတော့၏။ ငါးဦးကော်မတီမှ ရ-လ-က အမည်သို့ဖြစ်၏။ ထိုစဉ်က သင်္ကန်းကျွန်းပါတီယူနစ် ၌ ဥက္က ဌကား ဦးမျိုးလွင်၊ ရပ်ကွက် ၌ကား အ.ထ. ကပြဆရာကြီး ဦးသိန်းညွန့် တည်း။ 

ရပ်ကွက်တွင်း၌ကား ဌာနေနှင့် ပြန်ကျ ဟူ၍ နိုင်ငံရေးနှစ်သင်းကွဲနေ၏။ ထိုဆရာကြီး ဦးသိန်းညွန့်နှင့် ဦးဆောင်အားလုံးသည်လည်းကောင်း၊ ငါတို့သည်လည်းကောင်း၊ ပြန်ကျထဲ၌ပါဝင်နေ 
ရာ ငါတို့သည်လည်း ဌာနေစွဲတို့ မျက်မုန်းကျိုးသော အထဲ အလိုလိုပါဝင်သွားချေတော့၏။ 

ထို ရ လ ကအဖွဲ့ထဲတွင် ငါတို့ကား ဦး ဆောင်ကော်မတီ(အမှုဆောင်လူကြီး) ငါးဦးထဲတွင် ပါတီကိုယ်စားလှယ်အဖြစ် ပါရ၏။ တရားရေးကော် မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်းယူရ၏။ အုပ်စုခေါင်း 
ဆောင်၏တာဝန်ကိုလည်း ယူရသေး၏။ တစ်ဦး တည်း တာဝန်သုံးမျိုးပုံကျလာ၏။ ပါတီ၌လည်း ပါတီမိတ်ဆွေ အဆင့်မှ အရံပါတီဝင်အဖြစ်သို့ တိုးမြှင့်ခံရကာ ပါတီကိစ္စကိုလည်း ပါဝင်ရသေး၏။
 
| ရပ်ကွက်တွင်းကိစ္စ၊ မြို့နယ်တွင်းကိစ္စ၊ ပါတီ ကိစ္စများနှင့်အုပ်ချုပ်ရေးကိစ္စရပ်များ စုပြုံကျရောက် လာသောအခါ မဲနယ်လုပ်ငန်းကား အလျင်မင်း ဖောက်သည်များ(မြို့နယ်အသီးသီးတို့ရှိ အေးဂျင့် ကြီးများ) က ဖုန်းဖြင့်၊ စာဖြင့် အကြောင်းကြားပါ ကမန်းကတန်း ပြေး၍ ပို့ရသော အခြေသို့ ဆိုက်လာ ချေတော့၏။ ဇနီးသည်ကား တသုန်သုန် တမှုမှုံတည်း။ 

မယားအချစ်ခံလိုလျှင် အများလည်းမုန်း ဘုရားလည်းမုန်းကို ခံနိုင်ရမည်။ 

အများအချစ်ခံလိုလျှင် အများသာပြီး မယားမုန်းကိုကား ခံနိုင်ရမည်။ 

ဘုရားအချစ်ခံလိုလျှင်ကား မယားလည်း ပြုံး အများလည်းပြုံးမည်ကား သေချာပြီ။ 

လောက၌ အရေးများစွာရှိလေရာတွင် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ထိုသုံးရေး တို့ကား မျက်နှာလှည့်အနေထားချင်း မတူချေ။ သရီးဖစ် ခေါ် သုံးလိုင်းသွားဓါတ်ကြိုးပမာသာ အလားတူ ချေ၏။ ဓါတ်ကြိုး၌ ထိုသုံးလိုင်းပူးက ရှော့ဖြစ်ကာ ဓါတ်လိုက် တတ်၏။ 

လောက၏ ထိုသုံးရေးတို့၌လည်း စီးပွား ရေးကား ကိုယ်ကျိုးကိုသာ ငဲ့ရ၏။ မယားဝမ်းသာ ၏။ အမေ့မို့လို့ဆိုတောင် တစ်ကျပ်လောက်တော့ ဈေးတင်ရောင်းမှကြီးပွား၏။ 

လူမှုရေးကား ကိုယ်ကျိုးသို့ နည်းနည်းတဲ့ လျှင် နည်းနည်းပင် အများမယုံချင်တတ်။ ကိုယ်ကျိုး မငဲ့ အများအကျိုးဘက်လှည့်ပါမှ လူမှုရေးသမား ကောင်း ဖြစ်လာတတ်၏။ တစ်ရပ်ကွက်လုံးယုံ ရပ်ကွက်ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာ ပြီ။ တစ်မြို့နယ်လုံးယုံပါမှ မြို့နယ်၏ခေါင်းဆောင် 
ကောင်းတစ်ယောက် ဖြစ်လာတတ်၏။ အကယ်တိ တစ်ပြည်လုံးကယုံကြည်ပါမူကား တစ်ပြည်လုံး ကပင် အားထားမှီခိုရသော တိုင်းပြည်ခေါင်းဆောင် 
ကောင်းတစ်ယောက် ဖြစ်လာရန်မှာ မလွဲပြီ။ နိုင်ငံ ရေးသည် ဘာသာရေးကဲ့သို့ ပစ္စုပ္ပန်သံသရာကား ငဲ့မရချေ။ လက်ရှိပစ္စက္ခ၏ တိုင်းပြည်အခြေအနေ သို့ လိုက်လျက်ကသာ တစ်ခုကောင်း စောင်းလှိမ့် ပေးရတတ်ချေ၏။ 

ဘာသာရေးကား ထိုနှစ်ပါးနှင့် တစ်ခြားစီ သာ။ မယားနှင့်အများ မည်သည့်အလိုအကြိုက် သို့မျှ မလိုက်ပါဘဲလျက်က ကိုယ်ကျင့်သီလလည်း ဖြူစင်စေရ၏။ ခုရောနောင်ပါ နှစ်ဖက်ကောင်းကို လည်းကောင်း၊ သူရောကိုယ်ပါ နှစ်ဖက်ကောင်းကို လည်းကောင်း ငဲ့ရ၏။ သီလမပျက်စေဘဲ ကြီးပွား 
စရေ၏။ 

အလောင်းတော် တေမိမင်းသား၏ ကျင့်ထုံး ကဲ့သို့သော မိမိ, မိဘစသော သူတစ်ပါး တိုင်းသူ ပြည်သားစသော လောကသား မည်သည့်ဘက်ကို မျှ မလိုက်လျောဘဲ ထိုအားလုံးတို့၏ အကျိုးကို သည်ပိုးပေးခြင်းဖြင့်သာ ဘာသာရေး ခေါင်းဆောင် 
ကောင်းတစ်ယောက် ဖြစ်လာနိုင်ချေသည်။ 

-မငဲ့နှင့် ငဲ့လျှင်စောင်းတတ်သည်။ 

-စောင်းလျှင် မှောက်ဖို့ကား သေချာပြီ။ 

-မှောက်လျှင်မှား မှားလျှင် ကားသွားမည်။ 

ထိုသို့ လူမှုရေးဘက်ဝင်မိရာမှ နိုင်ငံရေး ဘက်သို့အထိ နယ်ကျွံသွားလေသောအခါ စီးပွား ရေး မိတ်ဖက်တို့၏ ငြိုငြင်မှုကိုခံရချေတော့၏။ ကုန်ပစ္စည်းမှန်မှန်မပို့နိုင်သဖြင့် အချို့ကိုယ်စားလှယ် များကား ဖြတ်တောက်ပစ်ကြ၏။ အချို့ကား ရန်မူကြ ၏။ တောင်းပန်ရုံမှတစ်ပါး အခြားမတတ်နိုင်ပြီ။ စီးပွားရေးသည် အောက်ကျခံ၍ အထက်ဆန်တက် ရသောသဘောမျိုး။ 

နိုင်ငံရေးကိစ္စများကလည်း တစ်နေ့ထက် တစ်နေ့ အသွင်တိုးမြှင့်လျက်သာ ရှိချေတော့၏။ ငါတို့ လက်ထက်အတွင်း၌ လာကပ်မောင်း 
ယာဉ်လမ်းကြောင်း၏ အသွင်ကူးပြောင်းစနစ်လည်း ပါ၏။ ငါကား နေ့ရောညပါ စောင့်ကြပ်ပေးခဲ့ရ၏။ ထိုစဉ်က ဗဟိုလုံခြုံရေးကော်မတီ(ဗ. လ. က)၏ ဥက္ကဌကား ဗိုလ်မှူးကြီးအောင်ကျော်၊ တိုင်း (တ. လ. က) ဥက္ကဌမှာ-ဗိုလ်မှူးမင်းညီ တို့ခေတ် ဖြစ်၏။ 

သင်္ကန်းကျွန်းရဲများနှင့်လက်တွဲ တာဝန် ပူးတွဲကာ မှောင်ခိုနှိမ်နှင်းရေးလည်းပြုလုပ်ရ၏။ 
မော်လမြိုင်မှလာသောရထားကြီးအား သင်္ကန်းကျွန်း ဘူတာမှစောင့်ကြိုကာ ရှာဖွေဖမ်းဆီးခြင်း၊ သင်္ကန်း ကျွန်း-သုဝဏ္ဏလမ်းဆုံ အသင်းတိုက် (၁၃-၁၄-၁၅ ဘပ်စ်ကားအသင်းတည်ရာ)မှစောင့်ကြိုကာ လာ သမျှကားကြီးကားငယ် အသွယ်သွယ်တို့ကိုစစ်ဆေး ရှာဖွေရခြင်း၊ ညကင်းများလှည့်ရခြင်း၊ ကင်းပုန်းများ ချထားခြင်းများလည်း ရက်မခြား ဆက်တိုက်ပင် ဖြစ်ချေ၏။ 

ငါတို့ နောက်ဆုံးထမ်းဆောင်ခဲ့ရသော တာဝန်ကား လူထုဆန္ဒပေးပွဲများနှင့် ကောင်စီအဆင့် ဆင့် ရွေးချယ်ပွဲများပင်ဖြစ်ချေ၏။ ထိုနှစ်ပွဲ တစ်လ လောက်သာကွာခြားသော ဆက်တိုက်ပွဲများပင် ဖြစ် ချေ၏။ ထိုမတိုင်မီကပင် ဆန္ဒရှင်းလင်းပွဲများကို တိုင်း၌ အဖွဲ့ခွဲ(၁၅)အဖြစ် ဗိုလ်မှူးချုပ်စန်းယု ဦး 
ဆောင်သော ဦးကျော်ထင်(ဗိုလ်မှူးကြီး)၊ ဒေါက်တာ ဗိုလ်လေး၊ ဆရာချယ် စသူတို့က လာရောက်ကာ ငါတို့တာမွေ၊ ရန်ကင်း၊တောင်ဥက္ကလာ၊ သင်္ကန်းကျွန်း ရှိ ပါတီဝင်များကို ကျိုက္ကဆံ ဆရာစံခမ်းမမှာ ဆုံတွေ့ပြီး ရှင်းလင်း၏။ ငါတို့က မိမိတို့မြို့နယ်တွင်း ရပ်ကွက်တွင်း ထပ်ဆင့် ရှင်းလင်းပြရ၏။ 

ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး၏ ဆန္ဒသဘောထားများကို ငါတို့က အထက်ကအပြော အတိုင်း ရှင်း၍ အောက်ကဆန္ဒကို တောင်းခံပေးခဲ့ရ ချေ၏။ဆန္ဒခံယူပွဲကျင်းပလေသောအခါ အားလုံး ကြိုက်နှစ်သက်သည်ကားမဟုတ်။ မည်သည့်ဝါဒ မဟူ ဆန္ဒတူဖြစ်ရိုးလည်းမရှိ။ အချို့ကား အလွန် စိတ်ဝင်စား၏။ အချို့ကား ရောယောင်လျက်ကသာ။ 
အချို့ကား ပြောင်ပင် ဆန့်ကျင်မဲပေး၏။ 

ထိုတွင်နိုင်ငံ၏ကိစ္စ၊ နိုင်ငံ၏အရေးအခင်း၊ နိုင်ငံရေးခေါ် မိမိ၏ အမျိုး-ဘာသာ-သာသနာ မတိမ်ကော မပပျောက်စေလိုသော လူသားတစ်စု။ ၄င်းအစုကား အားတက်သရော ပါလာသည်ကို တွေ့ရ၏။ 

မိမိ၏ အိမ်တွင်းရေးကိစ္စ၊ စီးပွားရေးကိစ္စ မျိုးတို့ကိုသာ အဓိကရှိသောလူကားတစ်စု။ ၄င်းအစု ကား လာချင်ရာလာ၊ ဖြစ်ချင်ရာဖြစ်၊ ငါကောင်းစား ရေးသာအဓိကဟူသော ခံယူချက်ရှိသဖြင့် သာရာ ဘက် ခွတက်ပါလာသည်ကို တွေ့ရ၏။ 

မိမိကိုယ်ကျိုး ထိခိုက်ခံထားရသဖြင့် စိတ်နာ နေသောလူကားတစ်စု။ ၄င်းအစုကား ဒင်းတို့ ဘာလုပ်လုပ် အရှုပ်မျှသာမြင်တော့သဖြင့် ဆန့်ကျင် ဘို့သာ ပြင်ဆင်၏။ သို့ကြောင့် မဲရုံတိုင်းလျှင် အဖြူ ပုသို့မငဲ့ အမဲပုံးထဲသို့သာ မဲထည့်သော ရိုက်(v) သို့ မလိုက်၊ ကြက်ခြေ(%)သို့သာ ပိုက်သောမဲများ ပါဝင်သည်သာဖြစ်ခဲ့၏။ 

သို့တစေလည်း ဆန္ဒမဲပွဲ မကျင်းပမီကပင် ဤ နယ်မြေသည်ဆန့်ကျင်၏။ ထိုဆန့်ကျင်မဲပေးရာ နယ်မြေကို မျက်ခြေမပြတ် သန်းခေါင်စာရင်းစစ်ခြင်း၊ ရှာဖွေခြင်းပြုမတဲ့ ဟူသော သတင်းစကားက ဦးစွာ ပေါ်ထွက်လာချေရာ ငါတို့ခေါင်းဆောင်များသည် မိမိရပ်ကွက် မနစ်နာစေရန်ဟူသော ရည်ရွယ်ရင်း ထားများဖြင့် ခေါင်းချင်းရိုက်၍ အမဲမှအဖြူသို့ 
ပြောင်းပေးခဲ့ရချေတော့၏။ ကာယကံရှင်ကလည်း တိတ်တိတ်ပုန်းသော ဗြောင်ဆန့်ကျင်ပုံမျိုးဖြစ်သဖြင့် “ကျုပ်မဲထားတာ ဘယ်မလဲ” မမေးဝံ့ပြီ။ ဤနည်း ဖြင့်ပင် ဆွတ်ဆွတ်ဖြူခဲ့ရပါချေ၏။ လူတိုင်းဆန္ဒကား 
ကောင်စီအဆင့်ဆင့် ရွေးချယ်ပွဲ၌ ထင်ရှားလာ မည်။ 

ထို ကောင်စီအဆင့်ဆင့် ရွေးပွဲ၌လည်း ရပ်ကွက်တွင်းတွင် ဌာနေနှင့်ပြန်ကျတို့၏ အုပ် တိုက်ပွဲက အခဲမကြေနိုင်ရှိကြလေသဖြင့် အကြံ၏ အနယ် သဲကြီးမဲကြီး သူ့အုပ်စုအနိုင်ရရေး တို အုပ်စုအနိုင်ရရေး ပါတီတွင်း ဆန္ဒပေး လျာထား ရာမှသည် ရွေးပွဲကျင်းပအထိ မီးကုန်ယမ်းကုန် ကြိုးစားနေကြရချေ၏။ မြို့နယ်အဆင့်၌လည်း တို့ရပ်ကွက်ကိုယ်စားပြု မြို့နယ်ကောင်စီဝင် အလောင်း အလျာများကို သူ့လူကိုယ့်လူ တက်ရောက်ခွင့်ရရေး အလေးပေးနေကြရချေ၏။ 

တိုင်းဗဟိုအဆင့်တို့ကား အထက်မှချ လိုက်သော သူများချည်းဖြစ်သဖြင့် ၄င်းတို့၏ကိုယ် ရေးရာဇဝင် ဖြူလေသည် မဲလေသည်ကို မသိကြရ သည်ကတစ်ကြောင်း၊ ကိုယ့်ရပ်ကွက် ကိုယ့်မြို့နယ် အရေး အနီးကပ်ဆောင်ရွက်ရလေသူများ မဟုတ် သည်ကတစ်ကြောင်း တို့ကြောင့် ကန့်ကွက်ရန်ဆန္ဒ အလျဉ်းမရှိကြချေ။ သို့ကြောင့် ထိုတိုင်း ထိုဗဟို ကောင်စီဝင်အလောင်းအလျာများကား ရပ်ကွက် မြို့နယ်ကောင်စီဝင်အလောင်းအလျာတို့၏ ရှုပ်ရှက် ခတ်အကြားမှ ကြားချောင် ဝင်ရောက်သွားကြရ ချေတော့၏။ ငါတို့ရပ်ကွက်၌ ကန့်ကွက်မဲ တစ်မဲမျှ မရကြ။ 

ဤသည်မှာ ငါတို့ နိုင်ငံရေးဆောင်ရွက်စဉ် က ငါတို့ပါဝင်ခဲ့သော ရက်ကွက်တွင်းက လှုပ်ရှားမှု အခြေအနေများ ဖြစ်ကြချေ၏။ အခြား၌ မည်သို့ မည်ပုံကား ငါတို့မသိတော့ပြီ။ ထိုသို့ တစ်ရပ်ကွက် သားများချင်း နိုင်ငံရေးစစ်ခင်းရာမှ ပေါ်ထွက်လာ 
သော အဖြေကား အာဃာတ တရားများသာတည်း။ တစ်ပါတီ မူတူ ဝါဒတူခြင်းပင် ဤမျှ ပုဂ္ဂိုလ်ရေး အခြေခံ အာဏာလုရာ၌ အကျောက်အကန်ပေါ် သေးလျှင် ပါတီစုံ၌ကား ဆိုဖွယ်ရာမရှိတော့ပြီ။ 

ယခင် ပါတီစုံခေတ်က ရပ်ကွက်ခြယ်လှယ် 
ထားသူများကား ဌာနေ လူလည်များတည်း။ 

ယခု ဆိုရှယ်လစ်ခေတ်၌ ရပ်ကွက်ခြယ်လှယ် ထားသူများကား လူစုံ ရိုးဖြောင့်သူများတည်း။ 

တစ်ဖန် ဆိုရှယ်လစ်မဲခေတ်၌ ပြန်လည် နလံထလာသူများကား ဌာနေ လူလည်များတည်း။ 

ဌာနေ-ပြန်ကျ အာဏာလုရာ၌ ဆွေမျိုး များသူ အနိုင်ရစမြဲပင်ဖြစ်ရာ ပြန်ကျတို့ နလံမထ နိုင်ပြီ။ ဆွေမျိုးသည် မဲပေးပွဲဆင်ရာ၌အရေးပါ၏။ မည်သူမဆို လူကောင်းထက် အမျိုးအားကိုး၏။ အမျိုး(ဆွေမျိုး)ကား အရေးဆို ကိုယ့်ဘက်ပါမည် သေချာ၏။ လိုရာအကူရမည်သေချာ၏။ စင်စစ် ဆန္ဒမဲမှန်သမျှ နိုင်ငံကိုယ်စားပြု မဲအရေအတွက် 
ကား နည်းပါးလှဘိတောင်း။ 

ထို တစ်ကျော့ပြန်တို့ ပြန်လည်အာဏာရ လာသောအခါ ငါတို့ယခင်လုပ်ဖူး ကိုင်ဖူးသမား 
အားလုံးတို့အပေါ် နိုင်ငံရေးပညာဖြင့် နှိပ်စက်ချေ 
တော့၏။ ငါတို့လည်းခံရချေတော့၏။ နိုင်ငံရေး ဘီးပတ် နောက်ပြန်လိမ့်လာခြင်းဆိုသည်မှာ ဒါထင် ၏ဟု တွေးမိတော့၏။ 

ယခင် ရ လ က ဥက္ကဌဟောင်း နေအိမ် မှသည် ၄င်းတို့အတိုက်အခံပြုထားသူများအားလုံး တို့အပေါ် မရရရာ ဥပဒေတို့ဖြင့် စွဲချက်တင် ရုံးပို့ ဖြစ်ကြကုန်၏။ အမှုကား အိမ်ပြင်ဆင်မှုများချည်း ဖြစ်ကြ၏။ ခံရသူအားလုံးလည်း တင်းပြည့်ပါတီဝင် တို့ချည်းဖြစ်ကြ၏။ ဗိုလ်ကြီးဟောင်းများပါဝင်ကြ ချေ၏။ သို့တစေလည်း မြို့နယ်ကား ဆင်ခြင်ဉာဏ်ရှိ သဖြင့်လက်မခံလေ။ 

ငါတို့၌ကား ခြံရှင်ခြံပြဿနာများ ဖေါ်ဆွ ပေးခံရ၏။ အမှုပွဲစားကား ၄င်းကောင်စီက အာဏာ ရ များဖြစ်ကြ၏။ ငါတို့ခြံကား ယခင်က အိန္ဒိယ နွယ်ဖွားပိုင်၊ ယခု အခြားတစ်ဦးပိုင်ဖြစ်၏။ ထို အိန္ဒိယနွယ်ဖွား နှင့် ထိုတစ်ဦး ယခင့်ယခင်ကလည်း အမှုဖြစ်ခဲ့ကြပြီး၊ ထိုတစ်ဦးက အနိုင်ရသဖြင့် ခွဲပိုင်း ရောင်းစားသည်ကို တစ်ဆင့်ကတစ်ဆင့် လက်ပြောင်း လာခဲ့ပြီး ငါတို့လက်ထဲ ရောက်လာသော ခြံမြေ ဖြစ်၏။ 

ယခု ထိုအိန္ဒိယနွယ်ဖွားကို ကောင်စီကပင် သွားရောက်ဆွေးနွေးကာ ကောင်စီ စတက်သည်နှင့် အမှုပေါ်လာတော့ချေ၏။ ခြံမြေပေါ်နေ ငါတို့နှင့်တကွ အပေါင်းပါ(၁ဝ)ဦးတို့ ဒူးနှင့်မျက်ရည်သုတ်ကြရ ချေတော့၏။ အလားတူ ငါတို့နှင့်အတူနေ လုပ်ဖော် ကိုင်ဖက် ဦးထွန်းအောင်တို့ အသိုက်၌လည်း တစ်ဖက် ကခြံရှင် တစ်ဖက်က ဦးထွန်းအောင်နှင့် အပေါင်းပါ (၁၃)အိမ်ထောင်စုတို့သည်လည်း စကောထဲ ဇီးဖြူ 
သီး ထည်၍ အလှိမ့်ခံရလေသည်ပမာ ဒုက္ခတွေ ပင်လယ်ဝေစွာ ခံစားရရှာကုန်၏။ထိုအားလုံးတို့ သည် ငါ့အကြောင်းပြု၍ ခံကြရသောသူများချည်း တည်း။ ငါ့ခေါင်းဆောင်မှုနောက် တညီတညွတ်တည်း လိုက်ကြရာမှ ရလာသော ဒုက္ခများတည်း။ 

စိတ်လည်းမကောင်းမိ။ နိုင်ငံရေး သံဝေဂလည်း ရမိ၏။ 

-ငါဖြစ်ချင်သောအရာမှာ အများကောင်းစားရေး။

 -ငါမြင်တွေ့ချင်သောအရာမှာ အများပျော်ရွှင်မှု။ 

ယခုသော်ကား မြင်ကွင်းပြောင်းပြန် မျက်စိခွက် ပက်လက်လန် ဖြစ်သွားရချေ၏။ 

အများကောင်းစားစေချင်သဖြင့် အများ ကောင်းစားရေး ရှေးရှုသော လူမှုရှေ့ဆောင်များကို ရွေးထုတ်၍ မိမိကောင်းစားရေးရှေးရှုသော လူမှု ရှေ့ဆောင်များကို ပ-ထုတ်မိရာမှ ဤသို့သော တန်ပြန်အားကို ခံစားရရှာချေ၏။ အများကောင်း စားရေး ရှေးရှုသူကိုရွေးသော် ရိုးသူကိုရွေးရချေ သည်။ ထိုရိုးသူမျိုးကား အ,အမျိုးချည်း ဖြစ်နေတတ် လှချေသည်။

 မိမိကောင်းစားရေး ရှေးရှုသူကား လည်သူသာဖြစ်ချေသည်။ လည်သူကား ပတ်တတ် လှချေသည်။ လောကကြီးဝယ် အလည်ရိုးကား ရှားပါးလှချေ၏။ 

ထိုငါတို့၏ မဖြစ်စလောက်သော ရပ်ကွက် လူမှုရေးလုပ်ငန်း လုပ်ရာမှရလာသော နိုင်ငံရေး သံဝေဂသည် တိုင်းပြည်ခေါင်းဆောင်များ၏ နိုင်ငံ ရေးကလဲ့စားချေမှုတိုင်အောင် မျှော်တွေး, တွေးလျက် က ရင်လည်းမအေး၊ ကိုယ်ချင်းစာလည်း မွေးမိချေ ၏။ စိတ်ဓာတ်အချိန်မစီး ကိုယ်ချင်းစာစိတ်နည်းပါး 
သော ငါတို့တိုင်းပြည်၌ လွတ်လပ်ခွင့်ဆိုသော ပရမ်း ပတာ ဒီမိုကရေစီမျိုးနှင့် မတန်မရာလေသည်ကို သဘောပေါက်မိ၏။ 

အပျော်များ၍ မိမိအကျိုးစီးပွား၌သာ ကုန်းနေရရှာသော လူထု၌ နား,မျက်စိ မရှိ။ 

အမြှောက်ကြိုက်၍ အနှိုက်ခံလေ့ရှိသော လူထုလူတန်းစားမျိုးတို့၌ မျက်စိမပါ နားဗလာ။ 

ထိုသို့သော ငါတို့လူမျိုးစရိုက်ကား လူလည် အမြှောက်သမားများနောက်သာ လိုက်ပါရလေ့ရှိ ၏။ အပြောကောင်း, ကောင်းသလောက်ပါ၏။ လိပ်သည်ဂျပိုးဖြစ်သွားပြီး ဂျပိုးကား လိပ်ဖြစ်သွား တော့၏။ ထို လူရည်လည် အပြောကောင်းကား နိုင်ငံရေးလုပ်စား ကိုင်စားသမားများသာ ဖြစ်လာပြီး လက်တစ်ဆုပ်စာထက် မပိုချေပြီ။ ထိုလက်တစ်ဆုပ် စာ၏ အတို့အလှုပ်ကား အများအပြားတို့မြုပ်ဖို့ရာ ချည်းတည်း။ ထိုလက်တစ်ဆုပ်စာ၏ လက်ခုပ်ရာ ကြီးသလောက် လူထုခမျာ ကြမ္မာငင်ရှာကြရပြီ။
 
  #နူရာဝဲစွဲ လဲရာသူခိုးထောင်း ခံရပြန်ပြီ "

ထိုသို့ ခြံမြေအမှု အရှုပ်အရှင်းများဖြင့် ရုံးဆင်းရုံးတက် ဆက်နေစဉ်အတောအတွင်းမှာ တွင်ပင် ငါတို့၏ဆိုင်ကား ဖောက်ထွင်းခံရပြန်ချေပြီ။ ထိုဖောက်ထွင်းခံရသော သင်္ကန်းကျွန်းဈေးနှင့် ဆိုင် 
ကား သင်္ကန်းကျွန်းရဲစခန်းရှေ့မှာတည်း။ 

တစ်ခုသောနံနက် ဈေးထွက်ရန် ဇနီးသည် သွားသောအခါ ဆိုင်ကားဗလာဖြစ်နေတော့၏။ အကြောင်းကြားသဖြင့် လိုက်သွားလေသောအခါ သွပ်မိုးသွပ်ကာ သွပ်တံခါးများဖြင့် အခိုင်အခံ ပြုလုပ်ထားရှိသော ငါတို့၏ဆိုင်၌ ပြင်ပ၏အာခံ 
သော့ကြီးသည်လည်း အကွဲအစများ ဖြစ်ကျန်ရစ် ချေ၏။ အတွင်းရှိ ဗီဒိုသော့များကား ဂွင်းမှဖြတ် 
တောက်ထားသော ဂွင်းစများသာ ကျန်ရစ်တော့၏။ တစ်ဆိုင်လုံး စိတ်ရှိလက်ရှိ ထုခွဲဖျက်စီးခြင်းကို ခံလိုက်ရ၏။ သို့ကြောင့် ပါသွားသောအထည် စာရင်းများ၊ တန်ဘိုးများ တွက်ချက်ပြီး ရဲစခန်းသို့ သွားရောက်တိုင်ကြားရ၏။ မတိုင်ကြားမီ ဈေး အစည်းအဝေးလုပ်၏။ အကြောင်းမှာ တစ်လအတွင်း ဆိုင်ပေါင်း တစ်ဆယ့်သုံးဆိုင်အထိ ဖောက်ထွင်းခံ ထားရသောကြောင့်ဖြစ်၏။ ကောင်စီရွေးပွဲအပြီးနှင့် မရှေးမနှောင်းပင်ဖြစ်ချေ၏။ 

ဈေးကြီး၌ အစိုးရကထားသောညစောင့် ဈေးမှထားသောညစောင့် နှစ်မျိုးရှိ၏။ အစိုးရခန့် ကားတစ်ဦး၊ ဈေးခန့်ကားသုံးယောက်ဖြစ်၏။ ထိုသို့ အလုံအလောက် အစောင့်ချထားသောကြားမှချည်း အမှုပေါ်နေသဖြင့် အုပ်ချုပ်သူများ ခေါင်းခဲနေကြ ၏။ ဈေးကြီး၏အပြင်တန်း၌ကား ညအိပ်ညနေ အိမ်ထောင်တစ်စုလုံးနေသော ဆိုင်ခန်းများလည်း တောင်ဘက်မြောက်ဘက်တို့မှ အပြည့်အနှက် ရှိချေ သေး၏။ ၄င်းတို့၏ဆိုင်ခန်းများကား ဈေးတွင်းသို့ အချိန်မရွေးဝင်နိုင်သော နောက်ဖေးပေါက်များ 
ဖောက်ထားကြသည်ချည်းဖြစ်ရာ တရားခံမှာ မည်သူ မည်ဝါ အဖြေရှာဖွေရန် အခက်အခဲတွေ့နေကြ 
သောကြောင့်ဖြစ်၏။ 

ယခု ငါတို့ဆိုင် အဖောက်ခံရလေသောအခါ ဈေးခေါင်း၊ ဈေးကောင်စီ၊ ဈေးကြီးကြပ်ရေးအဖွဲ့ အားလုံးစည်းဝေးကာ သည်အမှု ရအောင်ဖော်ပေး။ မဖော်ပေးက အားလုံးနှုပ်ထွက်တော့မည် ဟူ၍ ဆုံးဖြတ်ကြ၏။ ရဲစခန်းသို့ သွားရောက်တိုင်တန်း 
သောအခါ ဈေးခေါင်းကြီးနှင့် ဈေးကောင်စီဥက္ကဋ္ဌ တို့ပါ ငါတို့နှင့်အတူပါပြီး တိုင်ကြားပေး၏။ ထိုစဉ်က စခန်းမှူးမှာ ဦးမောင်မောင်သီဖြစ်ပြီး မြို့နယ်မှူး ကား ဦးမြင့်ဖြစ်၏။ 

စခန်းမှူးသည် ငါတို့နှင့်ရပ်ကွက်မှုခင်းများ အရေးယူရာ၌ ငါတို့နှင့်လက်တွဲခဲ့ရသဖြင့် မျက်မှန်း တန်းမိနေသည်ကတစ်ကြောင်း၊ ဆန္ဒပေးပွဲ၊ ကောင်စီ ရွေးပွဲ မှစပြီး အရေးအခင်းပေါ်လေတိုင်း ဆက်ဆံ ခဲ့ရသည်ကတစ်ကြောင်းတို့ကြောင့် ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုစကားအတိုင်း ခင်ဗျားလဲကူညီရှာဖွေ ပေးပါ။ ကျွန်တော်တို့လဲ အစွမ်းကုန်ကြိုးစားပါမည် ဟု ငါတို့ကို မှာကြားလိုက်ချေ၏။ 

ငါတို့သည် ထိုစခန်းမှာပင် လူဆိုးထိန်း မောင်ကြည်အား အကူအညီတောင်း၍ အထည် 
ဟောင်းရောင်းချလေ့ရှိသော ကြည့်မြင်တိုင်ညဈေး တန်းများမှသည် ပုဇွန်တောင်စသည်များသို့ လိုက် လံရှာဖွေ၏။ မတွေ့။ တစ်နေ့ဇနီးသည်ခေါ်၍ ငါတို့ မိတ်ဆွေများပေါများရာ တောင်ဥက္ကလာ နန္ဒဝန်ဈေး ကြီးသို့ သွားရောက်ရှာဖွေရာမှ သဲလွန်စ ရလာ၏။ 

, ဈေးအတွင်းရှိ အထည်ဟောင်း ရောင်းသော ကိုကျော်တင့်-မငွေကြည်တို့ဆိုင်မှာ ငါတို့ လျှို့ဝှက် အမှတ်အသားပါသော ဆေးဆိုးထည် ထမီတစ်ထည် တွေ့ရ၏။ သို့နှင့် သင်္ကန်းကျွန်းရဲစခန်းသို့ လှမ်း၍ ဖုန်းဆက်ခေါ်ကာ သိမ်းဆည်းပေးရ၏။ ငါတို့၏ အမှု၌ အမှုလိုက်ရဲအရာရှိကား ဦးဟန်ကြည်ဖြစ်၏။ 

ထိုဦးဟန်ကြည် စစ်သဖြင့် ဤအထည်ဝယ် ခဲ့သော နေရာကား (၃၈)လမ်းဈေးဟူ၍ သိရ၏။ 
နောက်တစ်နေ့ ထိုကိုကျော်တင့်+မငွေကြည်ရယ်၊ ငါတို့ရယ်၊ လူဆိုးထိန်းမောင်ကြည်ရယ်၊ ဦးဟန်ကြည် ရယ် (၃၈)လမ်းဈေးသို့ သွားရောက်ရာ ရောင်းသူ မောင်ကွတ်ဆိုသူနှင့်တင်လှဆိုသူ စပ်တူနှစ်ယောက် တွေ့ရ၏။ ၄င်းတို့ကို စစ်သောအခါ ကျွန်တော်တို့ ကား ဘယ်သူဘယ်ဝါ မသိပါ။ ကျွန်တော်တို့ အရောင်း အဝယ်လုပ်ရာ ဝေဇင်ကဖီးက စားပွဲထိုး ကျင်မောင် ကတော့ သင်္ကန်းကျွန်းရဲစခန်းက ရဲသားတွေလို့ 
ပြောပါသည်ဟု အစစ်ခံပြန်၏။ 

သို့နှင့်ဝေဇင်ကဖီးမှ ကျင်မောင်ဆိုသူအား ခေါ်ယူစစ်ဆေးလေရာ အပြည့်အစုံ အတိအကျ လူပုံပန်းသဏ္ဍာန်များနှင့်တကွ ကလေးပီပီ အူမချေး ခါး ပြောကြားပါလေတော့၏။ ဒု-လုံမှူးဦးဟန်ကြည် က “မင်း ဘာဖြစ်လို့ သင်္ကန်းကျွန်းရဲရယ်လို့ သိရသလဲ” စစ်မေးသောအခါတွင်မူကား ၄င်းသည် သင်္ကန်းကျွန်း၊ ငမိုးရိပ်ရပ်ကွက်သား ဖြစ်ကြောင်း။ ထိုရပ်ကွက်၌ အသုဘပေါ်လေတိုင်း ထိုရဲသားများ ရပ်ကွက်ကောင်စီဥက္ကဋ္ဌမှတစ်ဆင့် ငွေလာတောင်း လေ့ရှိကြောင်းတို့ကိုပါ တသီတတန်းကြီး ဖော်ကောင် လုပ်ပါချေတော့၏။ 

ထို “ရဲသားတွေပါ” ဟူ၍ အပ်ကျမတ်ကျ ပြောလေသူ ကျင်မောင်ကို သင်္ကန်းကျွန်းရဲစခန်းသို့ ခေါ်လာခဲ့၏။ ရောက်သော် “ဘယ်ရဲလဲ” ဟူ၍ ကား တန်းစီမပြတော့ပြီ။ ချက်ချင်းပင် ပြန်လည်လွှတ် လိုက်ချေတော့၏။ ငါတို့ကိုကား - 

“ခင်ဗျားအမှုက သဲလွန်စ ပြတ်နေပြီ။ ဖော်ထုတ်ရန်ခက်သဖြင့် အမှုပိတ်ပေးပါ” ဟူ၍ ရဲအရာရှိ ဦးဟန်ကြည်က ပြော၏။ ငါတို့ကလည်း ဆိုင်ဖောက်ထွင်းခံရသည်၊ တရားခံမရှိဆိုက မိမိ ဂုဏ်သိက္ခာကျမည်။ အပ်နှံ သူတို့မယုံဖြစ်မည်။ တရားခံသာဖော်ပေးပါ။ အမှုမလုပ်ပါဟုဆို၏။ တစ်ဖန်ရဲအရာရှိသည် အိမ်လိုက်တောင်းပန်၏။ ငါတို့ကား သည်စကားသာ။ 

ထိုအတောအတွင်း ထိုစခန်းတွင်းမှပင် အကြံပေးလာ၏။ အမှုကို အဆင့်ကျော်မတိုင်လေနှင့် ဒု-လုံမှူးကအရေးမယူ စခန်းမှူးတက်၊ စခန်းမှူး ကမှအရေးမယူမြို့နယ်မှူးဆီတက်၊ ၄င်းက အရေး မယူမှသာ အထက်အဆင့်ဆင့်တက်ပါလေ။ အဆင့် 
ကျော် အကိုင်ခံရမည်ဟူ၏။ 

တစ်ဖန် မိတ်ကောင်းကြီးဖြစ်သူ လူဆိုးထိန်း မောင်ကြည်ကလည်း “ကိုငြိမ်း ယခုရက်ပိုင်းအတွင်း 
ဟိုအိမ်သည်အိမ် လျှောက်မလည်ပါနှင့် အိမ်မှာသာ ငြိမ်နေပါ ” အကြောင်းကြား၏။
 
တစ်ဖန် မြို့နယ်ရှိ မိတ်ဆွေ သတင်းထောက်များကလည်း “ခင်ဗျားကို ရဲ-စ/ပုဒ်မဖြင့်အရေးယူဖို့ အခြေအနေကိုစောင့်နေ ပြီ သတိထား” ဟူ၍ ဝိုင်း၍ ဖောက်သည်ချကြ၏။ တစ်ပူပေါ်နှစ်ပူဆင့်ခဲ့ရပြန်ပြီ။ 

ပစ္စည်းပျောက်လို့ တရားခံရှာ၊ တရားခံဟာ ပုလိပ်ပါပဲ။ 

ဤသံချပ်အလိုက်ပင် ပစ္စည်းပျောက်၍ ဒေါင်းတောက်နေရသည့်အထဲ ပစ္စည်းဆွဲသူကား ရဲဖြစ်နေသဖြင့် တစ်ပူပေါ်နှစ်ပူဆင့်လာရပြန်ချေ၏။ အိမ်တွင်းမှအိမ်ပြင်ပင် ထွက်မတွေ့ ရဲလောက်အောင် အခြေအနေဖြစ်လာ၏။ တစ်ဖက်က တင်းမာလာ သောကြောင့်ဖြစ်၏။ ရှေ့တိုးသဖြင့် ပေါ်လာသောအမှု ကား ငါ့သို့သာ ဦးလှည့်လာချေ၏။ ငါသည် တရားလို ဘဝမှ တရားခံဘဝရောက်ဖို့မေးတင်နေချေပြီကော။ အရပ်သားတရားလို နှင့် တရားခံရဲသားတို့၏ ဇာတ်လမ်းကား အကွေ့ တစ်ထောင် အကောက် တစ်သိန်း ဇာတ်ကွက်မျိုးတည်း။ 

 ""တစ်ခွန်းပြောဖူး ကိုယ့်ကျေးဇူး ""

ထိုသို့ အမှုမှ အကျဉ်းအကြပ်တွေ့လေသော အခါ ငါ့အုပ်စုအတွင်း၌ လွန်ခဲ့သောနှစ်များ အတွင်း ကမှ ပြောင်းရွှေ့လာကြသော ဦးမြင့်ဆွေ+ ဒေါ်ဘေဘီ မိသားစုသည်ရှိ၏။ ၄င်းတို့ကား တရုတ်အမျိုးသား များဖြစ်ကြပြီး လုပ်ငန်းကြီးများကို လုပ်ကိုင်နေသူ များဖြစ်ကြ၏။ ၄င်းတို့ရောက်စဉ်ကာလက ငါတို့ကား ရ. လ. က အမှုဆောင်အုပ်စု(၂)၏ ခေါင်းဆောင် အဖြစ် တာဝန်ထမ်းစ အချိန်ဖြစ်သဖြင့် သန်းခေါင် စာရင်း လာရောက်တိုင်တိုင်ချင်း ၄င်းအိမ်သွား၍ သတိပေးဖူး၏။ 

“ဤရပ်ကွက်ကား မြို့လည်ခေါင်က ရွာကြီးဖြစ်သည်။ မကောင်းမှုဒုစရိုက်သမားတို့ ချစ် ရာဒေသဖြစ်သည်။ ဤရပ်ကွက်ရောက်ခါစလူ ၏ 
ကောင်း, အပေါင်းအသင်းမရှိသေးမီ အိမ်၏ ထွင်းခိုးယူခံရတတ်သည်။သတိထားပါလေ” ဟူ၍ လည်းကောင်း၊ 

“ရပ်ကွက်အုပ်ချုပ်ရေး ဆိုသည်မှာ အမှု မပေါ်မီ သတိပေးရုံသာအာဏာရှိပါသည်။ အတယ် တိတိ အမှုပေါ်ပေါက်လာသောအခါ အရေး တတ်စရာ ပုဒ်မလည်းမရှိပါ။ တရားခံရှာဖွေတတ် 
သော မျက်လုံးလည်းမရှိပါ” ဟူ၍ လည်း ကောင်း သွားရောက်ပြောကြားမိခဲ့ဖူးချေ၏။ 

ထို ငါတို့၏သတိပေးချက်ကြောင့် ၄င်း ဦးမြင့်ဆွေသည် မအိပ်မနေ စောင့်ကြပ်နေရာ လေးကြိမ်တိတိ ညမှောင်မှောင်ဝယ် ခြံတွင်းဝင်ရန် အကြိုးစားခံခဲ့ရသည်ဆို၏။ တစ်ကိုယ်လုံး အဝတ် နက်ကြီးဝတ်လျက်က ခြံ၏အကာအရံများ ကိုခွာခြင်း အိမ်တွင်းအရိပ်အကဲများကို စေ့၍ နားထောင်ခြင်း စသည်အားဖြင့် သူခိုး၏ အမူအရာစုံ အကုန်မြင် တွေ့ရဆို၏။ အတွင်းမှနေ ချောင်းဟန့်သံပေးလိုက် လေသောအခါ တစ်ချိုးတည်းပြေးတော့သည်ဆို၏။ ငါတို့သတိပေးမှုကား ထိရောက်စွာ ကာကွယ်နိုင်ခဲ့ ချေပြီ။ 

ထိုကျေးဇူးကို ဦးမြင့်ဆွေကား မမေ့ဟုဆို ၏။ တွေ့တိုင်းလည်းပြော၏။ အပြောသာမဟုတ် ကိုယ်, နှုတ်အားဖြင့်လည်း ကိစ္စပေါ်တိုင်း ငါတို့အား ကျေးဇူးတုန့်လေ့ရှိခဲ့၏။ ယခုလည်း ငါတို့အပူတံ ၄င်းအားကပ်၍ အပူတပ်ရပြန်ချေပြီ။ ၄င်းသည် မြို့အတွေ့အကြုံအတော်စုံ၏။ အမှုမျိုးစုံတို့နှင့်လည်း တွေ့ကြုံရင်ဆိုင်ခဲ့ဖူးပြီး ကျော်လွှားခဲ့ဘူးပြီးလည်း ဖြစ်၏။ 
သို့နှင့် ထိုဦးမြင့်ဆွေ၏ အကြံဉာဏ်အား ကိုယ်အား၊ စိတ်အား၊ ငွေအား များကိုပါ ရယူလျက် က အမှုမပေါ်ပေါ်သည်အထိ လိုက်ရချေတော့၏။ 

အစတွင် အမှုလိုက် ဦးဟန်ကြည်အား ချဉ်း ကပ်လျက်က အမှုစုံစမ်းရ၏။ တစ်ပတ်ကျော်လွန် သွားသော်လည်း ဘာမှအကြောင်းမထူးတော့ပါ အဖြေသာ ဆက်ကာဆက်ကာ ရချေ၏။ 

ဒုတိယ- စခန်းမှူးထံဝင်တွေ့၏။ မထူးဟူ၍ ဖြေ၏။ ငါတို့က တစ်နေ့ လူဆိုးထိန်းမောင်ကြည်နှင့် စခန်းမှူးအိမ်သို့အသွား စခန်းမှူးသည် ရဲသားစိုးမြင့် ကိုခေါ်လျက်က စကားပြောနေသည်ကို တွေ့ခဲ့ရ သဖြင့် ၄င်းကိုအထင်ကပ်၍ “ဖုန်းမနေပါနှင့်ဗျာ ကျွန်တော်သိပြီးပြီ” ဟူ၍ အစ်လိုက်မိချေရာ “အေးဗျ-အတော်စစ်ယူရတယ်”ဟူ၍ သဲလွန်စရ လာ၏။ သို့သော် “ကောက်ရတာတဲ့” ဖြင့် ထစ်ထား ၏။ မြို့နယ်မှူးက ကိုငြိမ်းနှင့်ရင်းနှီးလျှင် အမှုပိတ် ပေးဖို့ ပြောကြောင်းကိုသာ အဖြေရတော့၏။ 

တတိယ-မြို့နယ်မှူးထံဝင်တွေ့၏။ ၄င်းနှင့် မဆိုင်။ စခန်းမှူးထံသွားပါ ဟူ၍ သာ လက်ကာ လက်ရမ်းဖြင့် နှင်လွှတ်လိုက်ချေတော့၏။ မြို့နယ်၏ ရဲကိစ္စ လမ်းစဖြင့်ကုန်ချေပြီ။ 

သို့ကြောင့် ဦးမြင့်ဆွေနှင့်တိုင်ပင်ရာ ၄င်း သည် ၄င်းနှင့်ရင်းနှီးသော ရဲအရာရှိဟောင်းများထံ ချဉ်းကပ်လျက်က အကြံဉာဏ်တောင်းခံရာ- တိုင်း၊ ဗဟို၊ ရဲချုပ်များရုံးသို့ ဘိုင်နိမ်းခေါ် ၄င်းတိုင်းမှူး၊ ရဲချုပ်ကြီးများ၏ အမည်တပ်ကာ စာတိုက်မှ တိုင်စာ ပို့ ဟူ၏။ စာတိုက်မှ တစ်ကြိမ် နှစ်ကြိမ် တိုင်စာတက် ၏။ မထူး။ 

တစ်ဖန် မြို့နယ်တွင်းရှိ ကောင်စီသို့ သွား ရောက် တိုင်၏။ ထိုစဉ်က အစစွာ မြို့နယ်ဥက္ကဋ္ဌကား ဦးစောဦး(ဗိုလ်ကြီးဟောင်း)ဖြစ်၏။ အတွင်းရေးမှူး မှာ ငါတို့ရပ်ကွက်မှတက်သွားသော တစ်ဖက် စင်ပြိုင် အဖွဲ့၏ခေါင်းဆောင် ဦးအုန်းမောင်ဖြစ်၏။ 

မြို့နယ်ကောင်စီဟူ၍ စတက်ခါစခေတ် ဖြစ်သဖြင့် မြို့နယ်၏အုပ်ချုပ်ရေးအာဏာနှင့် ပတ် သက်၍ မြို့နယ်ကောင်စီဥက္ကဋ္ဌနှင့် မြို့နယ်ရဲမှူးတို့ 
သူပိုင်ငါပိုင် အငြင်းပွားဆဲဖြစ်နေ၏။ ရဲအမှု, ရဲကိစ္စ များ၌ မြို့နယ်ဥက္ကဋ္ဌပါဝင်နေလေသဖြင့် မကျေ မလည်အချိန်ပင်ဖြစ်ချေ၏။ ထိုအတောအတွင်း ငါတို့က ရဲအမှု ကောင်စီသို့တက်ရောက်တိုင်လေ သောအခါ 

မြို့နယ်ဥက္ကဋ္ဌသည် ဝမ်းသာအားရ ခါးဖက် လျက်က ၄င်း၏အခန်းတွင်းသို့ခေါ်သွား၏။သေချာ 
တိကျစွာမေးပြီး၍ ပိုင်လောက်သည်ထင်မှ တစ်ဖက် ခန်းရှိ အမှုဆောင်အဖွဲ့များသို့ လွှဲပေးကာ အစစ်ခံ 
စေ၏။ မှတ်တမ်းယူခြင်း၊ လက်မှတ်ထိုးခြင်းအားလုံး ပြုလုပ်ပေးရ၏။ စစ်မေးသူကား-အတွင်းရေးမှူး၊ မှတ်တမ်းရေးကား-မှုခင်းကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဦးသောင်းညိမ်း ဖြစ်၏။ 

စစ်မေးရာ၌ ငါတို့ကိုသာမက (၃၈)လမ်းမှ ရောင်းသူမောင်ကွတ်၊တင်လှ၊ သက်သေကျင်မောင် တို့ကိုပါ သွားရောက်ခေါ်ပေးရပြီး အစစ်ခံခဲ့ရချေ၏။ တစ်ဖန် မြို့နယ်ကောင်စီသို့ လိပ်တပ်၍ ဖြစ်ပျက် ပုံနှင့် ရဲမှအရေးမယူပုံများကိုလည်း တိုင်ကြားစာ တစ်စောင်ပေးပို့၏။ သိသာရန်မိတ္တူတို့ကိုကား မြို့နယ်ပါတီယူနစ်သို့လည်းကောင်း၊ မြို့နယ်ရဲ 
တပ်ဖွဲ့မှူးရုံးသို့လည်းကောင်း၊ တိုင်းရဲတပ်ဖွဲ့မှူးရုံး ( သို့လည်းကောင်း၊ ရဲချုပ်ရုံးသို့လည်းကောင်း ပေးပို့ 
လိုကျ၏။ 

မြို့နယ် သတင်းထောက်များ ကလည်း သတင်းရေး၏။ ဗိုလ်တထောင်သတင်းစာ၌ “တရားခံ ထိန်ချန်မှု ကာယကံရှင်က တိုင်” ဟူသောခေါင်းစီး ဖြင့် သတင်းပါလာ၏။ မြို့နယ်ကောင်စီမှ အမှုဖော် နိုးနိုးဖြင့် မျှော်ကိုးမိ၏။ တစ်ပတ်, နှစ်ပတ် အထိ စောင့်၏။ တစ်ပတ်ကျော် နှစ်ပတ်အတွင်းရောက် သဖြင့်အမှုလက်ကိုင် အတွင်းရေးမှူးအား သွားရောက် မေးရာ-“ကျွန်တော်တို့အရေးယူလိုက်လျှင် မြို့နယ် ရဲမှူးကြီး ထိခိုက်နစ်နာလိမ့်မည်၊ မြို့နယ်ရဲမှူးကြီး သိက္ခာကျမည်စိုး၍ ကျွန်တော်တို့ အရေးမယူတော့ ပါ” ဟူ၏။ 

လမ်းစကား စလျက်က ဆုံးချေပြီ။ အကြံ ပေးကြီး ဦးမြင့်ဆွေလည်း လက်မှိုင်ချရပြီ။ ဘိုင်နိမ်း ဖြင့်ပို့ခွင့်ရသော ထိုစဉ်ကခေတ်စကားအရ ငှက်ခါး လေးလည်း ပျံသာပျံ နားသံကား မကြားသိရပြီ။ 

ထိုစဉ်က တိုင်းမှူးမှာ ဦးသိန်းအောင်(ဗိုလ် မှူးဟောင်း)ဖြစ်ပြီး၊ ရဲချုပ်ကား ဦးအုန်းကြည်(ဗိုလ်မှူး ကြီးဟောင်း)က တာဝန်ယူ ဆောင်ရွက်ချိန် ဖြစ်၏။ ကိုယ်တိုင်ကား တွေ့ခွင့်မရှိ။ စာဖြင့်သာလှမ်း၍ တိုင်ကြားရသောခေတ်ဖြစ်၏။ အရပ်အုပ်ချုပ်ရေး 
ကောင်စီဖြစ်စေ၊ ရဲအုပ်ချုပ်ရေး ရဲတပ်ဖွဲ့ဖြစ်စေ မိမိတို့မြို့နယ်တွင်းကိစ္စ မိမိတို့မြို့နယ်တွင်းမှာသာ ပြီးပြတ်ရန်ဖြစ်၏။ နိုင်နိုင်နင်းနင်းကိုင်တွယ်ရန် ဖြစ် ၏။ ပြင်ပအရပ်ကနေ တိုင်ကြားရုံမျှဖြင့်လည်း မြို့နယ်ကိစ္စ တိုင်း,ဗဟိုက တာဝန်မယူတတ်။ ဆိုလို သည်မှာ တံခါးတစ်ပိုင် ဓါးတစ်ကိုင်စီ အာဏာပေး ထားချိန်ပင် ဖြစ်ချေ၏။ ဟိုရှေးယခင်က မြို့စားကြီး၊ ရွာစားကြီးဆိုသော ဝေါဟာရတို့ကို သွားရောက် သတိရမိချေ၏။
 
ထိုသို့ ရဲတပ်ဖွဲ့နှင့်ငါတို့ထိပ်တိုက်တွေ့နေဆဲ တစ်မြို့နယ်လုံးရှိ ပါတီကောင်စီနှင့် ရဲတို့ကတစ်ဖက်၊ ငါတို့တစ်ဦးတည်းကတစ်ဖက်ဖြင့် ဖုံးတမ်းဖော်တမ်း ကစားနေကြရင်း လမ်းစပျောက်မတတ် ဖြစ်နေရာ တွင် ငါတို့အားကိုးကား သတင်းထောက်များသာ ကျန်တော့၏။ 

ဦးစွာရင်းနှီးခွင့်ရ သတင်းထောက်မှာ ငါတို့ ဆိုင်သို့ ကြေးမုံသတင်းစာ လပေးပို့နေသော မြို့နယ် သတင်းထောက် (မြန်မာ့အလင်း)ဦးအုန်းမောင် ဖြစ် ၏။ ၄င်း၏အကူအညီဖြင့်ပင်ဦးထွန်းတင်(လုပ်သား) ဦးတင်အေး(ဗိုလ်တထောင်)၊ ဦးစိန်မောင်(ကြေးမုံ) 
တို့နှင့်လည်း ရင်းနှီးခွင့်ရလာ၏။ 

ထိုစဉ်က ဤသတင်းစာ လေးစောင်သာ ထုတ်ဝေလျက်ရှိ၏။ သို့ကြောင့် ၄င်းတို့ထံ ချဉ်းကပ် ၍ သတင်းစာရှင်းလင်းပွဲ သို့မဟုတ် အဆင်မသင့် သဖြင့် ရင်ဖွင့်ပွဲကျင်းပရန် အကူတောင်း၏။ ၄င်းတို့ ကလည်း ၄င်းတို့၏ သတင်းထောက်မှတ်ပုံတင် နံပါတ်များကို မြို့နယ်ကောင်စီက အသီးသီး မှတ်တမ်း ပြုစုထားပြီးဖြစ်နေ၍ သတင်းစာထဲ ဤအမှု၏ ဖြစ် ကြောင်းကုန်စင် ဖွင့်ရေးမိသော် ၄င်းတို့အား ကျိန်းမည်ဖြစ်သဖြင့် မရေးဝံ့ဆို၏။ 

ရော်-ခက်ကပြီ။ 

ခက်သထက်ခက် နှစ်ခက်ဆင့်လျက် ပင့်နေ ချေပြီကော။ ငါတို့ကား လက်မလျှော့။ အခက်သည် လွယ်တော့မလို့ဟု သဘောထားသည်။ မှန်လျှင် 
လုပ်ရဲရမည်။ မြွေပွေးနှင့်ရင်ဆိုင်ရာ၌ ခေါင်းကိုနိုင်း  အနိုင်ရတတ်ရိုးရှိချေသည်။ ယခု အုပ်ချုပ်ရေး 
နှင့်ငါတို့ ရင်ဆိုင်မိကြရာ၌လည်း ပိုင်မှသာနိုင်မည်။ မပိုင် အကိုင်ခံရတတ်သည်။ 

နေ့စဉ် ဥပဒေအရေကျိုသောက်၍ ပဲလှော် ကဲ့သို့ ကျွတ်ကျွတ်ဝါးစားလေ့ရှိသော ရဲများနှင့် ထိပ်တိုက်တိုးမိရာ၌ အကယ်တိ မိမိဘက်က ခြေ မသွက်လျှင် မိမိပင် အခြေပျက်ချေမည်။ 

ဤသို့အတွေးဝင်မိသောငါသည် မြို့နယ် သတင်းထောက်အကူမရ- တိုက်သတင်းထောက် များနှင့်ဆက်ကြည့်အုံဆိုကာ သူငယ်ချင်းဦးစိုးမြင့် ရှိရာ ကြေးမုံသတင်းစာတိုက်သို့သွား၍ ဦးစိုးမြင့် ထံမှအကူအညီတောင်းခံ၏။ ဦးစိုးမြင့်ကလည်း ရိုးသားလေသူပီပီ 

“ငါတော့မကျွမ်းကျင်ဘူးမောင့်- ငါတို့ တိုက်ကပြောင်းသွားတဲ့ ကိုမြတင်(မြန်မာ့အလင်း) ကတော့ သတင်းထောက်အားလုံးနဲ့ ရင်းနှီးတယ် သူ့ဆီသွားကြရအောင်” ဆိုကာ မြန်မာ့အလင်း သတင်းစာတိုက်သို့ နှစ်ဦးသားသွားကြ၏။ ရောက် မဆိုက် ထိုဦးမြဝင်း(စာစီသမား-ဆောင်းပါး ဆရာ)နှင့်တွေ့၍ အကျိုးအကြောင်းပြော အကူအညီ 
တောင်းခံ၏။ ၄င်းကရှောရှောရှုရှုပင် မြန်မာ့ သတင်းစဉ်(အင်-အေ-ဘီ)ရှိ နိုင်ငံတော်သတင်း ထောက် ဦးခင်မောင်ထွေးနှင့် တွေ့ပေးခဲ့၏။ ငါတို့က 
အကျိုးအကြောင်း အစမှအဆုံးတိုင် ပြောပြ၏။ 

“ဟာ- ဒီလိုဆို ခင်ဗျားကအမှန်ပဲ၊ ပြော သာပြော ကျွန်တော်တို့ အကူအညီပေးမယ်။ ကျွန်တော်တို့ကို ဘာမှဧည့်မခံပါနဲ့ မြေကြီးပေါ် ဖျာခင်းပေးပြီးတော့သာပြောပါ”ဟူ၏။ 

ဝမ်းသာလိုက်သည့်ဖြစ်ချင်း။
 
သို့နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် နေရာရွေးချယ်ရ၏။ ဦးခင်မောင်ထွေးကလည်း သူ့အိမ်မှာပင် ပြုလုပ်ဖို့ခွင့်ပေး၏။ လုပ်သား၏ တိုက်သတင်းထောက် ဦးလှထွန်းကလည်း သူ့အိမ် မှာလည်း ပြုလုပ်နိုင်ကြောင်းခွင့်ပေး၏။ 

နောက်တစ်ရက်၌ ဦးခင်မောင်ထွေး၏ နေအိမ်မှာပင် ရှင်းလင်းပွဲလုပ်ဖြစ်၏။ အစစ ဦးမြဝင်းနှင့် ဦးခင်မောင်ထွေးတို့က တာဝန်ယူ၏။ ဦးခင်မောင်ထွေး၏ ဆော်ဩပေးမှုဖြင့် လုပ်သားမှ သတင်းထောက်ဦးလှထွန်းနှင့် ဓါတ်ပုံသတင်းထောက် ဦးသောင်းကြည်၊ဗိုလ်တထောင်မှ ဦးစိုးမြင့် နှင့် ဦးတင့်လွင်၊ ကြေးမုံမှတစ်ဦး တက်ရောက်၏။ 

နောက်တစ်ရက်တွင် ဦးခင်မောင်ထွေးက ၄င်းရေးထားသော သတင်း အပိုအလိုသိရန် လာ ရောက်ဖို့ ၄င်းရုံးခန်း၌ ချိန်းသဖြင့် သွားကြည့်ရ၏။ “ကွက်တိပါခင်ဗျာ” ဆိုမှ တိုက်လေးတိုက်သို့ ဖြန့်ပို့ပေး၏။ 

နောက်တစ်ရက်တွင်ကား ဗိုလ်တထောင်နှင့် မြန်မာ့အလင်းတို့တွင် ခေါင်းစီးစာလုံးမဲကြီးများဖြင့် အကျယ်တဝင့် ပါလာချေတော့၏။ 

ထိုနေ့မှာပင် တရားခံရဲတပ်သားညိုဝင်းနှင့် စိုးမြင့်တို့လည်း ဖမ်းဆီးချုပ်နှောင်ခြင်း ခံရှာကြရ ချေတော့၏။ စခန်းမှူး၊ မြို့နယ်မှူးတို့လည်း ရဲချုပ် ရုံးသွားရောက်ရကာ သတင်းထောက်ကြီးများ (အင်-အေ-ဘီ နှင့် တိုက်သတင်းထောက်ကြီးများ) ၏ရှေ့တွင် အစစ်ခံကြရချေ၏။ တိုင်းရုံးသို့ သွား ရောက်လျက်ကလည်း အစစ်ခံကြရသေး ဆို၏။ 
 
ထို့နောက် ခုံရုံးဖွဲ့ကာ တိုင်းရုံးတွင် အစစ်ခံ ကြရ၏။ ခုံရုံးဥက္ကဋ္ဌကား တိုင်းရုံးမှ ဦးလှဖြစ်ပြီး အဖွဲ့ ဝင်များမှာ ဆိပ်ကြီးမြို့နယ်မှူး ဦးမာနှင့် သုံးခွမြို့နယ် မှူးဦးရွှေဝင်းတို့ ဖြစ်ကြ၏။ ငါတို့သက်သေအဖြစ် အစစ်ခံရာ၌ ဦးရွှေဝင်းကားမလာချေ။ ငါတို့နှင့်တွဲ၍ အစစ်ခံရာ၌ အမှုလိုက်အရာရှိ ဦးဟန်ကြည်တစ်ဦး နှင့်တရားခံစိုးမြင့်သာ လာရောက်၏။ နောက်တစ်ချီ ငါတို့သွားရောက်အစစ်ခံရရာ၌ စခန်းမှူးဦးမောင်သီ 
တစျဦးသာလာ၏။ 

ပြီးသော် ဦးဟန်ကြည်ကား ထုတ်ပယ်ခံရ ရှာ၏။ ဦးမောင်သီကား လစာနှစ်ဆင့်လျှော တစ်နှစ် အတွင်း ရာထူးမတက်စေရအမိန့်ဖြင့် နယ်ပြောင်း ရ၏။ မြို့နယ်မှူးဦးမြင့်ကား နယ်ပြောင်းရုံမျှသာ ဒဏ်သင့်၏။ ထိုစခန်းမှူး၊ မြို့နယ်မှူးတို့ကား ကချင်ပြည်နယ်သို့ အပို့ခံကြရဆို၏။ 

တာဝန်မကျေမှုကား ပြီးဆုံးပြီဖြစ်၏။ ရာဇ ဝတ်မှုကား တန်းလန်းတည်း။ 
ထိုရာဇဝတ်မှု(ဖောက်ထွင်းခိုးယူမှု) ရင်ဆိုင် ရန် ရှေ့နေငှားရမ်းရ၏။ လူဆိုးထိန်း ဦးကြည်ကား မငှားရန်အကြံပြု၏။ ငှားစရာမလိုလောက်အောင် အကြောင်းခိုင်လုံနေပြီဖြစ်၍ ဟုဆို၏။

 ငါတို့ကား အစိုးရိမ်လွန်သဖြင့်လည်းကောင်း၊ ရုံးတော်ဝယ် ထိုပွဲမျိုး မတိုးဖူးသေးသဖြင့်လည်းကောင်း၊ ကြောက် သောကြောင့် ရှေ့နေဦးစိန်ဝင်း (မြင်းခြံ)အား သွား ရောက် အကူညီတောင်းရ၏။ ၄င်းကို ငါတို့နှင့် ရပ်ကွက်အုပ်ချုပ် ရေး ရ လ က အဖွဲ့တုန်းက ဥက္ကဋ္ဌလုပ်ခဲ့ဖူးသော ဗိုလ်ကြီးဟောင်း ခင်မောင်က သင့်တော်ကြောင်းပြောသဖြင့် အကူတောင်းခြင်း ဖြစ်၏။ ထိုဗိုလ်ကြီးဟောင်းခင်မောင်မှာ မြို့နယ် စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့၏ လက်ရှိဥက္ကဌ လည်းဖြစ်၏။

 ကောင်စီရွေးပွဲမတိုင်မီက ပထမ မြို့နယ်တရားသူကြီး၊ နောက် တိုင်းတရားသူကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်၏။

ဆက်လက်ပူဇော်ပါမည်။

No comments:

Post a Comment