Thursday, August 6, 2020

မဟာဗောဓိမြိုင်ဆရာတော် အပိုင်း ( ၂ )

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၆)

  ""တစ်သက် တစ်ကိုယ် ၏ အပျော်ဆုံးနေ့""

ထို ၁၃၁၇-ခု၊တပိုတွဲလပြည့်ကျော်(၆)ရက် နေ့ကား အပျော်ဆုံးနေ့ပင်တည်း။ ထိုည တစ်ည လုံး စိတ်သည် အလွန်ကြည်လင်လန်းဆန်းနေပြီး အိပ်မရတော့ပြီ။

-သည်ဘဝ-တရားထူးရဖို့ လမ်းစပေါ်ပြီ။ 

-သည်ဘဝ-တောထွက်ဖို့လည်းလမ်းစပေါ်ပြီ။

ထိုအတွေးများကား တစ်ညလုံးစကားပြော နေကြချေ၏။ ကျောင်းသားဘဝ (၁၃-နှစ်သား)က ပင် သင်္ကန်းစီးပြီးသော် တောထွက်မည်ဟူသော အဓိကရည်ရွယ်ချက် သတ်မှတ်ထားရှိပြီးသော
ကြောင့်ဖြစ်၏။ ဝေဘူဆရာတော်ဘုရားကြီး၏ တောပျော်ဘဝဖြင့် ပါရမီထူး ပွင့်လေသည်ဟူသော အစွဲက ငါတို့စိတ်ဝယ် ကြီးစိုးနေပြီဖြစ်၏။ တော ရောက်မှပင် တရားထူးရနိုင်သည်ဟူသော အစွဲက လည်း နာနေပြီးဖြစ်ခဲ့၏။

သို့ကြောင့် မိုးစင်စင်လင်းသည်အထိ အိပ်မရခဲ့ပြီ။ ထွက်မည့်တောကိုရွေးချယ်ခြင်း၊
နေမည့်ပုံကိုခန့်မှန်းခြင်းတို့သည် ထိုည၏ ကြီးမား
သော အလုပ်ခွင်ဖြစ်ခဲ့၏။ 

အများက အပျော်ဆုံးနေ့ သတ်မှတ်ရာ၌ မိန်းမရသောနေ့၊ ထောင်က ထွက်သောနေ့၊ ရှင်လိင်ပြန်သောနေ့ဟူ၍ တညီ တညွတ်တည်းဆုံးဖြတ်ခဲ့ချေရာ ငါတို့ကား ပြောင်းပြန် သမားဖြစ်ခဲ့ချေ၏။ ရှင်လိင်ပြန်သောနေ့ အစား ရှင်လိင်ယူသောနေ့ဟူ၍ ပြင်ဆင်သတ်မှတ်လို၏။ ထိုနေ့လောက်ပျော်သောနေ့ ငါတို့၏ တစ်သက်နှင့် တစ်ကိုယ် မည်သည့်အခါမျှမတွေ့ခဲ့ရ စဖူးချေ။

နောက်နေ့ (လပြည့်ကျော်-၇ရက်နေ့) နံနက်ကား ရှင်အမည်ခံနေ့ဖြစ်၏။ မိခင်ကြီးသည် ကန်တော့ပွဲ၊ ဆွမ်းပွဲများဖြင့် ငါတို့ကို ရှင်အမည် သတ်မှတ်ပေးပါရန်(ဆရာ့ထံ ခွင့်ပန်ရသောထုံးစံ အတိုင်း) လာရောက်တောင်းပန်ခြင်း ဖြစ်ချေ၏။

ဆရာကား ငါတို့ညီနောင်နှစ်ပါးအား ၎င်း၏ ရှေ့တော်မှောက်ခေါ်၍ “ ကဲ.. မင်းတို့ဘွဲ့ မင်းတို့ပဲ ပေးပါ” ဟူ၍ ငါတို့ကိုလွှဲအပ်တော်မူ၏။ ငါတို့ကားမဆိုင်းမတွပင်

“တပည့်တော်တို့ ညီအစ်ကိုက အင်္ဂါသား ချည်း ဖြစ်ကြလေသဖြင့် ဉေ ယျ နှင့် ဇောတိပါလ မှည့်ပေးပါဘုရား။ စံခင်ကို ဇောတိပါလ၊ တပည့်တော် က ဉေ ယျပါဘုရား” ဟူ၍ လျှောက်ထား၏။ ဆရာကလည်း ပြုံးရွှင်လျက်ကပင် “အေး-အေး.. မင်းတို့ပေးသောဘွဲ့အတိုင်း တည်စေဗျာ” ဟူ၍ နခမ်းသတ်ပေး၏။

ဤသို့ဖြင့် ငါတို့ကား ညိမ်းမောင် ဟူသော အမေ့သားဘဝမှ ဉေ ယျ ဟူသော သကျပုတ္တဘုရားသားတော် ဖြစ်ခဲ့ရချေတော့၏။ ယခင်ဘဝက ဉာဏ်ကျော်မှ ဉေယျ။ ယခုဘဝကား ငြိမ်းမောင် မှ ဉေ ယျ ဤမျှသာကွာ၏။ စိတ်ထား၊ စရိုက်၊ ဉာဉ် များနှင့် ဘွဲ့ကား တစ်သားတည်းသာတည်း။

ထိုအချိန်မှစ၍ ဆရာသည် ငါတို့ကို သဒ္ဒါ ပါဠိမှအနက် သို့ ကူးပြောင်းပို့ချချေတော့၏။
ရုပ်တွက်-ပုဒ်စပ်-ပုဒ်ဖြတ်များကို နေ့စဉ် သင်ပေး
တော်မူ၏။ ငါတို့သည်ကား တစ်ဖက်က ဆရာ့စာဝါ၊ တစ်ဖက်က တရားအားထုတ် နှစ်ခွအလုပ်ကို လုပ် လျက်သားရှိချေ၏။ တောထွက်ရန်ကိစ္စ တာစူနေ ၏။ ဝါမဆိုမီ အချိန်ပိုင်းအတွင်း တစ်နေရာရာ (ရွာနှင့်ဝေးရာ)သို့ တိတ်တဆိတ်ထွက်ရန် ကြိတ်ကြံ ကြံနေသော အချိန်ပိုင်းပင်ဖြစ်ချေ၏။

ဝေဘူဆရာတော်ကြီး သတင်းသုံးရာ ဝေဘူ တောင်သို့ စိတ်ကူးကြည့်၏။ သို့သော် ခလေးဖြစ် သဖြင့် ထိုအရပ်၊ ထိုဒေသသို့ ဉာဏ်မထောက်မီနိုင်။ အနီးအပါး လူသူလွတ်ရာအပိုင်းကိုသာ ဦးစားပေး စဉ်းစားနေမိ၏။ ဝေဘူတောင်မဆိုထားဘိ ဝေဘူ ဆရာတော်ဘုရားကြီးကိုပင် တစ်ကြိမ်သာ ပက်ပင်း ဖူးတွေ့ဖူးရ၏။ ငါတို့ရွာမင်းကုန်းနှင့် ဝေဘူဆရာတော် ဘုရားကြီး၏ရွာ အင်ကြင်းပင်ကား သုံးမိုင် (တစ်တိုင်ခွဲ)မျှသာ ခရီးကွာဝေး၏။ အင်ကြင်းပင်၏ အရှေ့မြောက်(တနင်္ဂနွေထောင့်) အရပ်ဝယ် ငါတို့ ရွာ တည်ရှိ၏။ သို့တစေလည်း ငါတို့ကား ကျောင်းနေ ဘဝ ခလေးအရွယ်မျှ ရှိနေခြင်းများကြောင့် သွား ချင်တိုင်း သွားခွင့်မရခဲ့ပြီ။

တစ်နေ့(ငါတို့တစ်ဆယ့်သုံးနှစ်သားမှ တစ် ဆယ့်လေးနှစ်သို့ မကူးမီ ငါးရက်ခန့်အလို) ဝါဆို လဆန်း-၁၀ရက်နေ့တွင် မိခင်ကြီးနှင့်အတူ ထို အင်ကြင်းပင်ကမ္မဋ္ဌာန်းကျောင်းသို့ ညအိပ်ရောက်ခဲ့ ရချေ၏။ တိလောကသဗ္ဗညုတ စေတီတော်ကြီး
နောက်ဆုံးခြုံငုံလျက်က လက်စသတ်နေသော အချိန် လည်းဖြစ်၏။ အင်ကြင်းပင်မှဝေဘူသို့ ကြွရောက် ရန် ပြင်ဆင်နေချိန်လည်းဖြစ်၏။ နှစ်စဉ် ဝါဆို လဆန်း-၁၀ရက်မှလပြည့်အတွင်းသည် အင်ကြင်း ပင်မှ ဝေဘူသို့ ပင့်ခွင့်ရ အချိန်ပင်ဖြစ်၏။

ငါတို့သည်ကား ည၌ လျှပ်စစ်မီးတို့အောက် ဝယ် ပန်းရံကိုင်နေကြသော တတိယပစ္စယံအဆင့်ရှိ ထိုပန်းရံလုပ်သားများထံသို့ တပ်ဆင်ထားသော
သစ်သား လှေကားအတိုင်း တက်ရောက်၍ အုတ်များ သယ်ဆောင်ပေးခြင်းဖြင့် ထို တိလောကသဗ္ဗညုတ စေတီတော်ကြီး တည်ထားကိုးကွယ်ရာ၌ ပါဝင်ခွင့် ရခဲ့ပါချေ၏။ 

-ထိုစေတီ၏ ထီးတော်ဒါယကာကား-ဘိုးတော်
အောင်မင်းခေါင်ကြီး။ 

-ထိုစေတီကို ကြီးကြပ်တည်ပေးသူကားဘသန့်ရှင်း။
(ထိုအချင်းအရာတို့ကို ကား ကြီးပြင်း သိခွင့်ရ၏။ ထို ဘသန့်ရှင်းဆိုသူကား ယခု ငါတို့၏ ဥပဇ္ဈယ်ဆရာ ဖြစ်လာခဲ့၏။) ဤကားစကားချပ်။

နောက်နေ့နံနက်(၁၀-ရက်နေ့ နံနက်)တွင်ကား ကျောက်ဆည်မှ ကားကြီးကားငယ်များ အတီး အမှုတ်များဖြင့် ဥပသကာ၊ ဥပသကီတို့ စုံညီစွာ ရောက်လာကြ၏။ ထိုအချိန်ထိ ငါတို့ ဝေဘူ ဆရာတော်ဘုရားကြီးကို မဖူးရသေး။ နေ့လည် (၁၂)နာရီခန့်မျှ အချိန်တွင်ကား ဆရာတော်ဘုရားကြီးသည် ၄င်းစံရာ ဒေါက်တာလျမ်း ကျောင်းတော်မှ စေတီတော်ကြီး၏ အာရုံခံတန်ဆောင်းတော် ထဲသို့ ကြွရောက်တော်မူ၏။

ငါတို့သည်ကား နံနက်ကပင် ပူပူနွေးနွေး ကောက်ရထားသော လက်ကိုင်ပုဝါဖြူလေးကို လာရာလမ်း ခင်းထားလျက်က စောင့်ကြို ဖူးခွင့် ရခဲ့၏။ ငါတို့အနား ဆရာတော် ကြွရောက်လာပြီး ငါတို့ခင်းထားရာ ပုဝါဖြူလေး၏အပေါ် ညာဘက် ခြေဖဝါး တစ်ချက်ချချိန်၌ ငါတို့၏ ဦးခေါင်းကား တင်းတောင်း၊ ပုပ်တောင်းမျှ ကြီးသွားသည် ထင်ရ၏။ ငါတို့၏ကျောပြင်ကား ကြက်သီးဖြန်းဖြန်း ထနေ၏။

 ဆရာတော်ကား ခဏမျှ လျှပ်ကနဲ နင်းသွားသော်လည်း ငါတို့ကား အကြာကြီး နှင့် ကျန်နေရစ်ခဲ့၏။ ခံစားရသော ဝေဒနာကို မဖော်ပြ တတ်။
ထိုမှတဆင့်ကျောင်းဝင်းတော်ကို ကားဖြင့် သုံးပတ်ပတ်ပြီးမှ ကျောက်ဆည်သို့ကြွချီတော်မူရာ ငါတို့ကား ထို ဆရာတော်ဘုရားကြီး နင်းပေးထား ခဲ့သောနေရာ (အာရုံခံနှင့်ဒေါက်တာလျမ်းကျောင်း ၏အကြားကွက်လပ်)လေးမှာပင် ရပ်ကျန်နေရစ် ခဲ့၏။ 

ဆရာတော်ဘုရားကြီး တစ်ပတ်လည်၍ ငါတို့ ရှေ့ ကားရောက်လာသောအခါတွင် ကာဘော်လိပ် ဆပ်ပြာတစ်ခဲနှင့် နံ့သာတိုင်ဆယ်ချောင်း လှမ်းလင့် ပစ်ချပေးသွားချေခဲ့၏။
ဆရာတော် ဘုရားကြီးကိုယ်တော်တိုင် ပစ်ချ ပေးသနားသွားသော ထိုဆပ်ပြာခဲ၊ ထိုနံ့သာဖြူ အမွှေးတိုင်များကို မသုံးရက်လောက်အောင်ပင် မြတ်နိုးလှသဖြင့် ကာဘော်လိပ်(လီးဘား အမှတ် အသားပါ) ဆပ်ပြာတစ်ပိုင်းကိုကား မိခင်ကြီးသို့ ပေးလှူလိုက်၏။ နံ့သာတိုင်ဆယ်ချောင်းတို့ကိုကား
ကျောင်းဘုရားများသို့ လှူဒါန်းလိုက်၏။ 

ထိုမှနောက် တွင်ကား ငါတို့သည် သာသနာ့ဘောင်ကူးဝင်ခဲ့ခြင်း၊ ဆရာ့အရိပ်မှ ထွက်ခွာခွင့်မရှိခြင်းများကြောင့် ဝေဘူဆရာတော်ဘုရားကြီးနှင့် ဖူးတွေ့ခွင့်မရပြီ။ တရားနာကြားရမှုလည်း မရှိခဲ့ပြီ။

ထိုသို့ တစ်ကြိမ်မျှသာလည်းကောင်း ထို တစ်ကြိမ်၏ လျှပ်တစ်ပျက်ပမာ ရှပ်ခနဲ တစ်ခဏ သာလည်းကောင်း ဖူးတွေ့ခွင့်ရခဲ့သော ဝေဘူဆရာ တော်ဘုရားကြီးနှင့် မည်သို့မျှ အနီးကပ် လက်ထက် သင် တပည့်အဖြစ် မခံယူနိုင်ပြီ။ ငယ်ရွယ်သေးခြင်း၊ ဓမ္မာနုသယထက် ရာဂါနုသယက လွှမ်းမိုးဖိစီးခံ ထားရလေသူဖြစ်ခြင်း များကြောင့်လည်း ထိုအချိန် ထိုအရွယ်သည် မည်သို့မျှ အနီးကပ်တပည့်အဖြစ် မခံယူသာပြီ။ သို့ကြောင့် ထိုဝေဘူစခန်း ဝေဘူလမ်း ကား အလှမ်းကွာလှချေသည်။ ဝေဘူဟူသောဒေသ ဝေဘူအမည်နာမ တို့သည်ကား ငါတို့အတွက် စိတ်ကူးယဉ် သက်သက်မျှသာတည်း။

""ဝနတောသို့ မသက် ကာမတောကို ထွက်ရခြင်း""

ထိုသို့ သာသနာ့ဘောင်အရောက် တော တောက်လျှောက်ဝင် ရည်ရွယ်ချက်စိတ်ကူးတို့ဖြင့် ထွက်ပေါက် ထွက်ခွင့် အရေးအခွင့်ကို မျှော်လျက် ကပင်- 

“မင်းငယ်သေးသည်။ တောထွက်၍ မသင့် တော်သေး။ကြီးရင့်သောအချိန်ရောက်က မင်းသဘော ကျ တောထွက်လိုက ထွက်ပါ။ ယခုတော့ဖြင့် ပညာ သင်ရန် မြို့တက်လေဦး ”
ထိုစကားတို့ကို ဆရာသည် ချော့မော့သော လေသံတို့ဖြင့် ဟောပြောခဲ့ပါချေ၏။ ငါတို့ကား အင်းမထုတ်-အဲမလှုပ် ငုတ်တုတ်။ 
ထို ငုတ်တုတ် ဖြင့်ပင် မြို့တက်စာသင်ရန် ၄င်း၏တူတော်သူ ကိုရင်ပဏ္ဍဝ(လူအမည်ဖိုးစပ်)နှင့်အတူ စီစဉ်ချေ တော့၏။

နှစ်ကား ၁၃၁၈-ခုနှစ် သာသနာတော် ၂၅ဝဝ ပြည့်နှစ်တည်း။ ငါတို့အသက်ကား (၁၅)နှစ် သို့ ဝင်မည့်စဲစဲ လပိုင်းမျှအလိုတည်း။ ၁၃၁၈-ခုနှစ် ကဆုန်လပြည့်နေ့သည် ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်
တော်မူသည့် သက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့် နေ့မှစ၍ ရေတွက်သော် (၂၅ဝဝ)တင်းတင်းရှိ သာသနာ အာဏာစက်ဝင်း လင်းသောအချိန်ပေ တည်း။(ပွင့်သောနှစ်မှစ၍ ရေတွက်လိုသော် ထိုအထဲ (၄၅)ဝါ ထည့်သွင်း၍ ရေတွက်ရချေမည်)

သို့ကြောင့် ဗုဒ္ဓသာသနာ အာဏာစက် သက်ရာ တစ်ပြည်လုံး တစ်တိုက်လုံး တစ်ကမ္ဘာလုံး တို့၌ပင် ဘုရားဂုဏ်အောင့်မေ့ အမှတ်ရသော အား ဖြင့်လည်းကောင်း၊ အများကိုလည်း အမှတ်ရစေ
သောအားဖြင့်လည်းကောင်း စစ်မှန်သော ဘာသာ ဝါဒဖြစ်သဖြင့် လူအလုံး၊ နတ်အလုံး၊ ဗြဟ္မာအလုံး တို့ကပင် ဤမျှသက်တမ်းရှည်ခရီးအထိ အမြတ် တနိုး ကိုးကွယ်အားထားခြင်း၊ လေ့လာလိုက်စား ပွားများခြင်း၊ ဝိဇ္ဇာပညာရပ် ပရမတ်စစ်စစ်တို့ကို လက်တွေ့တပ်အပ် သုံးသပ်ပြသခြင်းများတို့ကို သိစေသောအားဖြင့်လည်းကောင်း၊ ယင်းသာသနာ (၂၅၀၀)ပြည့်ပွဲတော်ကြီးကို ကျင်းပကြလေသည်။

ထိုသို့ အထိမ်းအမှတ်ပွဲကျင်းပရာ၌ အချို့ နေရာမှာ ဟောပြောပွဲမျှ၊ အချို့နေရာ၌ ဝိနည်း စာပြန်ပွဲစသည်တို့ဖြင့်တွဲဖက်၍၊ အချို့ဒေသများ၌ (၂၅၀၀) ပြည့်အထိမ်းအမှတ် ကျောက်တိုင်ကြီးများ တစ်ခမ်းတစ်နားအထိ၊ အချို့နေရာဒေသတို့၌ ကား (၂၅၀၀)ပြည့်စေတီတော်ပင် အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်သည်အထိ ကြီးကျယ်ခမ်းနား လှချေ၏။ ငါတို့ဒေသကား တောရွာဇနပုဒ်မျှ ဖြစ် သဖြင့် ထိုအားလုံးတို့နှင့် မထိတွေ့မိ။ 

ဝေဘူ ဆရာတော်ဘုရားကြီး၏ အင်ကြင်းပင်ကမ္မဋ္ဌာန်း
ကျောင်းတော်၌ကား ဝိနည်းစာတော်ပြန်ပွဲဖြင့် အထိမ်းအမှတ်ပြုပါသည်ကို ရွှေဘိုဝေဠုဝန် ပါဠိတက္ကသိုလ်မှ စာသင်သားသံဃာတော်များ ကြွ
ရောက်ကာ ပြန်ဆိုခြင်းဖြင့် ကျင်းပကြောင်းသိရ၏။ ( တိတိပပ မသိ။
ထိုကဆုန်လပြည့်နေ့သည် အင်ကြင်းပင် ကမ္မဋ္ဌာန်းကျောင်းဝင်းအတွင်းရှိ တိလောကသဗ္ဗညုတ စေတီတော်ကြီး၏ နှစ်စဉ်ကျင်းပမြဲ ဘုရားပွဲတော် ရက်ဖြစ်ရာ ထိုပွဲ၌ ငါတို့ကား ဆရာ့ကိုယ်စား ထိုနှစ်၊ ထိုနေ့ကကြွရောက်ပေးခဲ့ရ၏။ ထိုစဉ် မြို့သံဃာများ ကို ဖူးတွေ့ခွင့် ရခဲ့ချေရာ- ငါတို့ ဝေဠုဝန်ပါဠိ တက္ကသိုလ်သို့ရောက်သောအခါ ထိုသံဃာတော် များကို ထပ်မံဖူးတွေ့ရခြင်းဖြင့် စပ်ဟပ်ကြည့်မိခြင်း ပင်ဖြစ်၏။

ထိုနှစ် ၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀-ရက်နေ့သည်ကား ငါတို့ကို ရွှေဘိုမြို့ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ပို့အပ်ခံရသောနေ့ ပေတည်း။
ဝေဠုဝန်သည် တင်းကြပ်သောစည်းကမ်းရှိ သော စာသင်တိုက်ဖြစ်၏။ ကောလင်းမှသည် ဝက်လက်အတွင်းရှိ စာသင်ပျိုနုတို့သည်လည်းကောင်း ရေဦးမှသည် မိုးကုတ်အတွင်းရှိ စာသင်ပျိုနုတို့သည် လည်းကောင်း မှီခိုအားထားရာ စာသင်တိုက်လည်း ဖြစ်၏။ နှစ်စဉ်စာသင်သားဦးရေ (၁၈၀)တစ်ရာ့ရှစ်
ဆယ်မျှအထိ ရှိ၏။ မြို့၏ အနေအထားနှင့်နှိုင်းချင့်
သော် စာသင်သားအများဆုံးသော တိုက်တစ်တိုက် ဖြစ်ခဲ့၏။

 ဦးစီးဆရာတော်ကား ဦးစန္ဒိမာ (နောက်
သော်လူထွက်သော ကာလ ဦးစံညွန့်အမည်တွင်၏။ ငယ်နာမည်ကား အစ်ကိုကြီးဦးတုတ်မှ စပ်နွယ်၍ ဦးရှုပ်ဟူ၏) သည် ပဓါနနာယက ဩဝါဒါစရိယ အဖြစ် သတင်းသုံး၏။ ဆရာတော်ဦးစန္ဒိမာကား သူအရာ၌ တစ်ဖက်ကမ်းခက်ဖြစ်ပြီး ရွှေဘိုမြို့ ပေါ်၌ စာပေအရာတွင် တံခွန်ထူသော ပရိယတ္တိ သာသနာ့အာဇာနည် တစ်ပါးဖြစ်တော်မူ၏။
ထိုတိုက်ကို အုပ်ချုပ်တော်မူသော ဆရာတော်ဦးဉာဏိန္ဒကား လောကီလောကုတ် နှစ်ဖက် ကျွမ်းနှီးသော ဆရာတော်တစ်ပါးဖြစ်၏။ ထိုတိုက်၏ ဂဏဝါစက,ဂဏပါမောက္ခခေါ် ကထိကဆရာတော် များကား ဦးဝါသဝ၊ ဦးပညာဇောတနှင့် ဦးဉာဏိန္ဒ (တိုက်အုပ်ဆရာတော်)တို့ သုံးပါး ဖြစ်ချေ၏။ တိုက်၏ အရံစာချဓမ္မကထိက ဆရာတော်များကား ဆရာတော်ဦးကောသလ္လ(ဘောဇနဖလဘာဇက ခေါ်ဆွမ်းစားကျောင်းတာဝန်ခံ)၊ ဆရာတော်ဦးလာဘ၊ ဆရာတော်ဦးကောဝိဒ ဆရာတော် ဦးဝါသဝ၊ ဆရာတော်ဦးကစ္စာယနတို့ ဖြစ်ကြ၏။

ဆရာဘုန်းကြီးနှင့်အတူ ထိုစာသင်တိုက်သို့ ရောက်သွားသောကာလ ဦးစွာ တိုက်အုပ်ဆရာတော်ထံ သတင်းပို့သောအားဖြင့်လည်းကောင်း၊ ဂါရဝပြုသောအားဖြင့်လည်းကောင်း၊ ဩဝါဒခံယူ သောအားဖြင့်လည်းကောင်း သွားရောက်ရ၏။ ရောက်သည်နှင့် စည်းကမ်းကို ဦးစွာပြောပြတော် မူ၏။

စာအံ,စာကျက် မပျက်စေရ။ ပျက်ကွက်ခဲ့ သော် သဲဒဏ်၊ ရေဒဏ်(၁၀)ခေါက်။
လပြည့်လကွယ်၌ ရေးဖြေ၊ (၈)ရက်နေ့များ ၌ အာဂုံပြန်၊ ကျရှုံးက သဲဒဏ်,ရေဒဏ် (၁၀)ခေါက်။
ပွဲခိုးကြည့်သဖြင့် တစ်ချီမိ(၂၅)၊ နှစ်ချီ(၅၀)၊ သုံးချီပြည့်က ကိုယ့်တရားကိုယ်စီရင်။

စာသင်သားအချင်းချင်း တစ်ပါးနှင့်တစ်ပါး ရန်မက်ဖြစ်ပွားက ကိုယ့်တရားကိုယ်စီရင်။

ဤ၌ ကိုယ့်တရားကိုယ်စီရင်ဆိုသည်မှာ တာဝန်ခံတို့မှ နှင်ထုတ်ရန်မလိုပဲ မိမိဘာသာ အလိုက်သိစွာဖြင့် ထိုစာသင်တိုက်မှ ထွက်ရန်ပင် ဖြစ်ချေ၏။
အထက်ပါစည်းကမ်းများအတိုင်း လိုက်နာ နိုင်မည် မလိုက်နာနိုင်မည်ကို သုံးရက်စဉ်းစား။ ထို သုံးရက်အတွင်းကား အာဂန္တုက အဖြစ်ဖြင့်နေ ဟူ၏။

 -စည်းသည် ခွေးဆိုး၊ နွားဆိုး၊ အများသူခိုးတို့ မတိုး | ရန်တည်း။ 

-ကမ်းကား ရေတက်ရေလျှံ ရေငထန်တို့ကို တား ဆီးရန်တည်း။

ငါတို့သည်ကား ဩဝါဒစကား ထိုစည်းကမ်း များကို ကြားသိရှိရသည်နှင့် စိတ်နှာခေါင်းရှုံ့လျက် က စိတ်ကျောလည်း ချမ်းသွားစေတော့၏။

စာသင်သည်ဆိုရာဝယ် စာပေကိုသာ သင် ကြားပို့ချ၍ ယင်းစာပေ၏ အနှစ်သာရဖြစ်သော ဗုဒ္ဓ၏ဩဝါဒစကားများကို ကြားသိတော်မူစေရုံမျှ သာဟု အစက ထင်မိခဲ့၏။ ယခုအခြေအတိုင်း ဆိုသော်ကား သူ့ကျောင်းတိုက်၏ ပုံစံခွင်သို့ အံဝင်အောင် သွင်းပြီးတော့မှ ပို့ချပေးမည်ကို သိရှိလာ ရ၏။

သို့တစေလည်း ငါတို့၏အရွယ်ကား ဆရာ ကိုသော်လည်းကောင်း ထိုတိုက်ရှိ ဆရာများနှင့် စည်းကမ်းကိုသော်လည်းကောင်း အံတုရဲသော အားမာန်သတ္တိ တစ်စိုးတစ်စိမျှမရှိ။ ပေါ်လာသမျှ
သော အရေးကိစ္စမှန်သမျှ ခေါင်းငုံ့ခံရုံမှတစ်ပါးလည်း အခြားလမ်းမရှိ။

မျက်စိတစ်ဆုံးမျှလောက်ရှိ လောကကိုသာ ကျင်လည်ရဖူးသော တောကြက်, တောငှက်မျိုးတို့
သည် ဟိုသည်ပျံကူးနိုင်စွမ်းမရှိ။ ချေးကျရာ ပျော်ဘိ သို့သာ ရှိချေ၏။

မိခင်နို့မကင်းသေးသော နွားသူငယ်သည် သခင်ကြိုးဆွဲရာ၌သာ ပါရလေ့ရှိပြီး သခင်ထားရာ ချည်တိုင်၌သာလျှင် နေရရိုးထုံးစံရှိ၏

သို့သာ ရှိချေ၏၊
သုံးရက်စေ့သည်နှင့် ဆရာကား ငါတို့ကို ထားရစ်ခဲ့၍ ဌာနေသို့ ပြန်ကြွသွားချေ၏။ ငါတို့ သည် သာ ထိုစည်း,ထိုဘောင်ကြီးအတွင်းဝယ် ပိတ်မိ၍ နေရစ်ခဲ့ရချေတော့၏။ ထိုစည်းကမ်းထဲ ဝယ် နောက်တစ်ခုတိုးလာသေး၏။ 

ညနေ(၇)နာရီ ထိုးသည်နှင့် အုံးမောင်းတီးခေါက်၍ အချက်ပေး မည်။ ထိုအုံးမောင်း တီးခေါက်သည့်နောက်ပိုင်းတို့၌
ကျောင်းပရိဝုဏ် အုတ်တံတိုင်းကြီး၏ အပြင်မှာ ဘက် ရောက်ရှိနယ်ကျွံနေသော် ထိုစာသင်သားကို လည်း ပွဲကြည့်သမားအဖြစ်သတ်မှတ်ကာ ပွဲဒဏ် စည်းကမ်းအတိုင်း အရေးယူမည်ဟူသော နောက် ဆရာတို့၏ သတိပေးစကားပင် ဖြစ်ချေ၏။
ထားတော့။ အားလျှော့၍သာ ခံတော့မည်။

ထိုထိုစည်းကမ်းတို့အတိုင်းပင် ငါတို့သည် တရိုတသေ လိုက်နာ၏။ နွေရာသီ စာသင်သား မစုံလင်သေးသဖြင့် သံဃာကား(၁ဝဝ)ပတ်လည်သာသာ မျှသာရှိသေး၏။ ထို(၁၀၀)မျှသံဃာတို့သည် စာမေး ပွဲနှင့်မသက်ဆိုင်သော စာဝါများကိုသင်ကြား လိုက်နာ လျက်ရှိကြကုန်၏။ သဒ္ဒါသန်သော စာသင်တိုက်မျိုး ဖြစ်သဖြင့် သဒ္ဒါအခြေခံများကိုလည်းကောင်း၊ သဒ္ဒါ ၏အဖွင့် ကျမ်းကြီးများကိုလည်းကောင်း သူ့အဆင့် သူ့အခြေအလိုက် နေ့ဝါညဝါ ဇောက်ချ၍ သင်ကြား လိုက်နာကြကုန်၏။
ငါတို့သည်ကား အခြေခံစာသင်သားပီပီ သဒ္ဒါ၏ သန္ဓေပိုင်းကို စတင်သင်ကြားခွင့်ရချေ၏။ လက်ဦးဆရာကား ဆရာတော်ဦးကောဝိဒတည်း။

ထိုသဒ္ဒါပိုင်းသည် ရွာမှာနေစဉ်တုန်းကပင် ရွာဆရာဘုန်းကြီး၏ သင်ကြားပို့ချမှုကို လိုက်နာခဲ့ဖူး ပြီးဖြစ်သဖြင့် အခက်အခဲမရှိ ချောမောလွယ်ကူ၏။ အခြား အယူစာသင်သားများနှင့် ဆင့်မီတန်းမီ သင်အံလေ့ကျက်နိုင်စွမ်း ရှိခဲ့၏။
ကိုယ်နေစိတ်နေတို့၏ အနေအထားကား လူသူဖမ်းမိသဖြင့် လူတို့လက်ထဲပါလာခဲ့ပြီး၊ လူတို့ နှင့်အတူနေခွင့်ရသော တောကြက်၊ တောငှက်၏သို့ မျက်နှာပိုးသေလှ၏။ မှင်သက်လှ၏။ တိုက်တာကြီး ၏အရှိန်အဝါသည်လည်းကောင်း၊ မြို့နေမြို့ အခြေ တို့၏ အရှိန်အဝါသည်လည်းကောင်း ငါတို့အပေါ် ဖိစီးလွှမ်းမိုးထားသဖြင့် ကိုယ်ဣန္ဒြေ၊ စိတ်ဣန္ဒြေ ငြိမ်သက်လျက်သာရှိချေ၏။

ငါတို့နှင့် ဆေးဖော်ကြောဖက် ဆို၍ ဆရာတော်ဦးစန္ဒိမာ ဩဝါဒါစရိယ ဆရာတော်၏ တူတော်မောင် ကိုရင်ညို (ဘွဲ့တော် ရှင်ဝိမလ) တစ်ပါး
သာ အသိအကျွမ်းရှိသဖြင့် သူငယ်ချင်းနယ်ကလည်း မကျယ်ဝန်းသေး။ ငါတို့ရှေ့မှ ရောက်နှင့်နေကြသော ကိုရင်ဇော်ဂျီ(ရှင်ကုသလ)၊ (ရှင်ဇဝနကား လူထွက် သွားချေပြီ)၊ ရှင်အဂ္ဂ၊ ရှင်သုဒဿနတို့ကား ရှိ၏။ သို့တစေလည်း မြို့ရောက်သောကာလ နောက်ရောက် ငါတို့နှင့်မရောနှောမိ ကာလသားကြီးနှင့်ရှင်လူထွက်စ ပမာ ကွာခြားနေခြင်းကြောင့် ဖြစ်၏။

မြို့သည်ကား အညာ၏ဒေသဖြစ်သဖြင့် ပူပြင်းခြောက်သွေ့လှ၏။ နွေရာသီက ကဲပေးထားသဖြင့် အညာထက်ညာသော အညာဖြစ်ချေ၏။ သည်အထဲမလှုပ်ရဲ လက်မထုတ်ရဲလောက်အောင် စည်းကမ်းက ပိုကဲထားပေးသဖြင့် ငါတို့စိတ်ရှိ
သွေ့ခြောက်မှုကား နှစ်ညာ,သုံးညာ၏ ဒေသထက် ပိုဆိုး၏။

ကျောင်းတိုက်ကြီး၏ဝဲ,ယာ,ခြေရင်းတို့မှ စပါးစက်ကြီးများ၏ တဒုန်းဒုန်းမြည်ဟီးသံတို့က လည်း တို့တောရွာ၏ ဂျိုးကူသံထက်ပိုကဲ၏။ ထို
ဆန်စက်ကြီးများ၏ ခေါင်းတိုင်ဆီတို့မှ ကြွေကျလာသော စက်ဖွဲပြာ၊ မီးသွေးမှုန်တို့က ငါတို့ခေါင်းပေါ် သို့သော်လည်းကောင်း၊ ငါတို့စာဝါလိုက်နာရာ ကျောင်းတော်ကြီး၏ ခေါင်မိုးပေါ်သို့သော်လည်း ကောင်း တဖွဲဖွဲကျသံများက တဖျောက်ဖျက် ညာသံပေးနေလေသောအခါငါတို့၏စိတ်သည်
ထောင်နံရံကြားမှ ချောင်းမြောင်းကာ ထွက်ပေါက်ကို လည်းကောင်း၊ ပြင်ပလောကကိုလည်းကောင်း
မျှော်ကြည့်လေသူ ထောင်ကျသမား၏စိတ်နှယ် ရှိချေ၏။

မကြာပါလေ ဝါဆိုလထဲရောက်သဖြင့် ငါဆိုခါနီးသော အချိန်ပိုင်းများ၌ စာသင်သား အဟောင်း,အသစ်တို့သည် တဖွဲဖွဲ ဝင်ရောက်လာ
တုန်၏။ စာချဆရာတော်များလည်း စုံလင်စွာ ရောက်လာကြလေကုန်၏။ သွေ့ခြောက်သော မြင် ကွင်းသည် သံဃာတော်စာသင်သားများ၏ သွက်လတ်သော ကိုယ်နှုတ်အမူအရာ ဝင်းဝါသော ဝတ်ရုံ
တော်များ၏ အရောင်အဝါများက အစားထိုးပေးခြင်း၊ မိုးရာသီ,မိုးဥတုက အေးပေးလိုက်ခြင်း များကြောင့် ငါတို့စိတ် တအားတက်လာစေ၏။ 

ထိုအထဲ စာမေးပွဲကဇက်ကြီးများက ထွက်လာ ဖြင့် ငါကား အကြီးတန်းအောင်ပြီ၊ အလတ်တန်း အောင်ပြီ၊ အငယ်တန်းအောင်ပြီဆိုသော ဂုဏ်ဝင့်သံများ လျှံတက်လာချေရာ လူပြောများလျှင် ကောင်းမည်ခံချင်သော ငါတို့ဗီဇ အညှောင့်ပေါက်
ချေပြန်ရာ တအားပေါ်တအား ပိုးတက်လာချေ တော့၏။

ငါသည် တောထွက်လျက်က ဝေဘူဆရာတော်လို ကျင့်မည်။ တောသို့ဝင်လျှင် သိက္ခာဖြူစင် စေရန် ဝိနည်းတစ်မျိုးကိုသာ အတတ်သင်မည်။
ဤကား တောနေစိတ်ထားတည်း။ ။

ငါသည် သူတို့တစ်တွေလို ငယ်၊ လတ်၊ ကြီး၊ ကျော် အောင်မြင်သည်အထိ ကြိုးစားမည်။ 
ထို အရာအားလုံး အောင်မြင်လျှင် မြို့၌ပင် ရှင်တစ်ဆူ
လူတစ်ယောက် ထွန်းတောက်စေရမည်။
ဤကား မြို့နေစိတ်ထားတည်း။

ထိုအကြံ ထိုဟန်များကို ကြည့်လျှင် ငါတို့ ၏ တဏှာနုသယ မှန်းဆ ဝေခွဲနိုင်လောက်ပြီ။

   """ဆရာတို့ အရိပ်ကြည့်ခံရသာ ငါ""

   ငါတို့သည်ကား တောနေဆရာသမား၏ အမိန့် မလွန်ဆန်တတ်သေးသဖြင့် ထားရာနေဖို့ တောမှမြို့သို့ တက်မည်ပြုစဉ်ကား

ငါသည်ကား အရွယ်ရ၍ တောတောင်သို့ ကြွ တရားအားထုတ်လေသောအခါ သိက္ခာဖြူစင် စွာဖြင့် အားထုတ်နိုင်ရန် သိက္ခာပုဒ် ဝိနည်းတော် များကို အကျိုး,အပြစ် စီစစ်ကာ လိုက်နာပြုကျင့် တတ်ရန် ရဟန်းတစ်ပါး၏ ကမ္မာကမ္မမှု ကိစ္စများ ဖြစ်ကြပါသော ကမ္မဝါစာဖတ်ခြင်းစသည့် ရဟန်းတာဝန် ကျေပွန်စွာထမ်းရွက်တတ်ရန် ဝိနည်းတော် တစ်ခုတည်းမျှကိုသာ ထိုမြို့ ထိုစာသင်တိုက်ကြီးမှ သင်ယူမည်ဟူသော ရည်ရွယ်မှန်းထားဖြင့် မြို့ကို တက်၍ စာသင်တိုက်ကြီးသို့ ဝင်ရောက်လာခဲ့ခြင်း တည်း။

ယခုသော်ကား ငယ်၊ လတ်၊ ကြီး၊ ကျော် စာအောင်သံဃာတော်များ၏ ကြွေးကြော်သံများကို ကြားသိရသည်နှင့် ဂုဏ်ဘက် မျက်နှာလှည့်ကြည့် မိ၏။ ကြည့်မိသည့်အတိုင်းလည်း အားသွန်ခွန်စိုက် လေ့ကျက်၏။ နေ့တွင် ရသလောက်ကျက်, ညတွင် ကား ရသလောက်ပြန်ဖြင့် ငါတို့အသံကား တစ်တိုက် လုံးအတွင်း တညံညံသာရှိချေဘိ၏။

ညညများတွင် ဆယ်နာရီ , စိတ်ပါလက်ပါ ဖြစ်လာလျှင် ဆယ့်တစ်နာရီအထိ ပြန်ဆိုလေ့ရှိ၏။ တိုးတိုးကားမဟုတ် ကျယ်လောင်သောအသံကြီးဖြင့်
အော်ဟစ်၍ သာ ပြန်ဆိုလေ့ရှိတတ်၏။ သို့ကြောင့် စာပြန်နေသောဉေ ယျကို သံဃာတိုင်းက သိသလို၊ စာမပြန်ဖြစ်သော ဉေ ယျကိုလည်း သံဃာတိုင်းက သိရှိကြသည်သာ ဖြစ်ချေတော့၏။
စာကျက်,စာပြန်တို့၌ ဝိရိယကောင်းလှ သော ဥယျ၏အကြောင်းကို တစ်တိုက်လုံးက သိရှိကြသလို ဉာဏ်အရာ၌ညံ့ဖျင်းလှသော ဉယျ ကြီးအကြောင်းကိုလည်း တစ်တိုက်လုံးကပင် သိရှိ ကြသည်သာဖြစ်၏။ 

ရှမ်းသွေးဖြင့် စပ်ထားသော ဗမာဖြစ်သဖြင့် ငါတို့ရုပ်ကား ကြည့်ပျော်ရှုပျော် ရှိ၏။ ရေသဖန်းသီးမှည့်တစ်လုံး ကြည့်ရသည့်ပမာ ရှိချေ၏။ ရုပ်သန့်သလောက် စိတ်မသန့်သောကြောင့်ပင်ဖြစ်၏။
ဖခင်ဘက်ကား သဘင်မျိုးရိုးဖြစ်သဖြင့် ငါတို့မျက်နှာကား သဘင်သည်ဆန်၏။ အမြဲတမ်း ရွှင်ပြုံးနေတတ်၏။ အရှိန်အဝါ ကြီးမားတော်မူလှသော ဆရာတော်ဦးစန္ဒိမာကို ချန်လှပ်၍ ပါမောက္ခ ဆရာတော်များမှအစ တစ်တိုက်လုံးမည်သည့် သံဃာ တော်များနှင့် မျက်နှာချင်းဆိုင်တွေ့တွေ့ အပြုံးက သာ ရှေ့ပြေးဖြစ်နေတတ်၏။ သို့ကြောင့် စာသင်သား အားလုံးတို့က ငါတို့အား ဖိုးပြုံးချိုဘွဲ့ ပေးထားတော် မူကြ၏။ 

တိုက်သို့လာသမျှ ပရိတ်သတ်များကလည်း အဝင်အထွက်များ၍ အသိအကျွမ်း ဖြစ်လာလျှင် ထိုဘွဲ့ကိုသာ ပေးသွားတတ်ကြ၏။ အချို့သံဃာ များကား ရှမ်းလည်းမဟုတ်၊ဗမာလည်းမဟုတ်သော ငါတို့ကို လအယ် ဟူ၍လည်း ချစ်စနိုး ခေါ်ဝေါ် တတ်ကြသေး၏။
ထို စာပြန်.စာကျက် ဇွဲသန်သောငါ၊ အပြုံး သန်သော၊ ရုပ်သန့်သောငါတို့တွင် စာပြန်စာကျက် ဇွဲသန်သောအရာက ဖုံးလွှမ်းထားသဖြင့် ငါတို့ကို ဆရာတိုင်းက အရေးပေးတော်မူကြ၏။ တိုက်၏ အရံအင်အားအဖြစ် သတ်မှတ်အားထားတော်မူ ကြ၏။ ကြီးပြင်းလာခဲ့သော် ၄င်းတို့၏အရာကို ဆက်ခံမည့် ပရိယတ္တိဝန်ဆောင်အဖြစ် မျှော်မှန်းထားတော်မူခဲ့ကြ၏။

ထိုတိုက်၏ထုံးစံမှာ ဥပုသ်နေ့များတို့၌ စာချ,စာအံ,စာပြန်များ အနားပေးထားခြင်းပင်ဖြစ် ၏။ ဥပုသ်နေ့များတို့၌ နေ့တွင် လဆန်း(၁)ရက်မှ လပြည့်တိုင်အောင်လည်းကောင်း၊ လပြည့်ကျော် (၁)ရက်မှလကွယ်တိုင်အောင်လည်းကောင်း၊ ၄င်းတို့ ပို့ချပြီးသောစာဝါများ၏ သဘောတရားရေး မေးဖြေစာမေးပွဲများကို ထိုပို့ချခဲ့သောဆရာက တာဝန်ခံမေးခွန်းပုစ္ဆာထုတ်လျက်က ရေးဖြေစာမေး ပွဲ ကျင်းပပေး၏။

တပည့်တို့ဉာဏ်သွား-မသွား၊ ၄င်းတို့ပို့ချမှု များအပေါ် သဘောပေါက်-မပေါက် စမ်းသပ်သော သဘောပင်ဖြစ်ချေ၏။ သဘောမပေါ် ဉာဏ်မသွား သေးဟူ၍ ဆရာတို့သဘောရသော် ထိုဆရာများသည် နောက်နောက်အပတ်များ၌ ပို၍ပို၍ ကြိုးစား ပို့ချလေ့ရှိတတ်၏။
တစ်ဖန် လဆန်း(၈)ရက်မှ လဆုတ်(၈)ရက် တိုင်အောင်လည်းကောင်း၊ လဆုတ်(၈)ရက်မှ လဆန်း(၈)ရက်တိုင်အောင်လည်းကောင်း ထိုထို (၁၅)ရက်(၁၅)ရက်တို့အတွင်း ကျက်ပြီးသော ကျက် စာများတို့ကို ထိုထို(၈)ရက်နေ့များ၌ သက်ဆိုင်ရာ ဆရာတို့ထံ သွားရောက်၍ အလွတ်ပြန်ဆိုကြရ၏။ ရပြီးစာ မမေ့မပျောက်စေရန် လေ့ကျင့်ပေးခြင်း သဘောတည်း။ ဆရာတို့၏ အရှိန်အဝါဖြင့် ရပြီးစာ ထိန်းသိမ်းပေးခြင်း အစဉ်အလာတည်း။ ။

ထိုထိုဥပုသ်နေ့များ၏ ညဦးပိုင်း ဘုရားဝတ်တက်ပြီးစီးသောအခါတွင်ကား မိမိ, မိမိတို့ အားထားရာ ဆရာသမားတို့ထံသွားရောက်၍ ဝတ်ကြီးဝတ်ငယ် ဖြည့်စွမ်းပေးကြသော တပည့်တို့၏ထုံးစံလည်း ရှိချေသေး၏။

။ ငါတို့ကား ဆရာများ၏။ 
ဆရာတော် ဦးစန္ဒိမာထံသို့လည်း သွားရောက်ဝတ်ဖြည့်၏။ ဆရာတော်ကြီးကား ငါတို့စာပြန်ဆိုသံများကို ညစဉ်
ကြားသိတော်မူပြီးဖြစ်သည့်အတိုင်း ဝတ်ဖြည့်ရင်းက စာပေအကြောင်းအရာများကို သင်နည်းမှအစ လေ့ကျင့်နည်း အတွေးအခေါ်များကို ဟောပြော ပေးတော်မူ၏။ 

သဒ္ဒါသန်သောဆရာတော်ကြီးပီပီ
မောဂ္ဂလာန်ကား ဘယ်သို့၊ ဂဠုန်ပျံကား ဘယ့်နှယ် စသဖြင့် စုံလင်တော်မူလှ၏။ ငါတို့ပြန်ဆိုနေသော စာပေများတို့ကိုလည်း ဘယ်နေရာမှာ ဘယ်သို့ရွတ် ဖတ်သည်မှာ မှားယွင်းနေသည်။ ဘယ်သို့အသံထွက် မှမှန်ကန်သည်တို့ကို ပြုပြင်ပေးတော်မူ၏။
တစ်ဖန် ဆရာတော်ဦးစန္ဒိမာထံမှ ပြီးစီး၍ အချိန်စောသေးသော် ဆရာတော် ဦးဉာဏိန္ဒ၊ ဦးပညာဇောတ၊ ဦးကောသလ္လစသည့် မိမိအားထား ရာ ဆရာသမားများထံသို့လည်း အချိန်ရ ရသလောက် သွားရောက်ဝတ်ဖြည့်ရင်း အလ္လာပ သလ္လာပ စကားများ ပြောကြားသည်ကိုလည်း နာခံရ၏။

လောကီအကြောင်း၊ လောကုတ်အကြောင်း စုံလင်၏။ ရယ်စရာ, မောစရာလည်းပါ၏။ မှတ်သား စရာလည်းပါ၏။ အားတက်စရာလည်းပါ၏။ အထူးသဖြင့် တိုက်အုပ်တာဝန်ယူရသော ဆရာတော်ဦးဉာဏိန္ဒထံမှ အရများတတ်၏။ ထိုဆရာတော်သည် စကားပြောရာ၌ တည်ငြိမ်ပြီး အကွက် စေ့လှ၏။ စိတ်ရှည်၏။ တပည့်တို့ကို ပုံသွင်းပေး ရာ၌ ညင်သာပြီး လိုသလို ပြုပြင်နိုင်စွမ်းရှိ၏။
ငါတို့ကိုကား သည်ဘဝ အကျွတ်အလွတ် မင်းတို့ကျင့်နိုင်ကျင့်ကြ။ ငါကတော့ ဘုရားဆုပန်ဖြစ်၍ ပညာပါရမီ ဖြည့်ရစ်ရအုံးမည်။ 

တစ်နှစ်တစ်နှစ် (၁၈၀)မျှစာသင်သားများကို စာပေပို့ချပေးနေသည် မှာ ငါပန်ထားသောဆု၏ ပညာပါရမီအဖြစ် ရည်စူး ၍ ဖြည့်ကျင့်နေခြင်းပင် ဖြစ်ကြောင်း ပြောပြတော်မူ ၏။
ထိုသို့ ဥပုသ်နေ့၏ ညညများတို့၌ ဆရာ သမားများတို့ကို ဝတ်ဖြည့်ရခြင်း ထိုထို ဆရာသမား များနှင့် အနီးကပ် ချဉ်းကပ်ခွင့်ရခြင်း များကြောင့် ရလာသော အကျိုးကား ဆန္ဒအား, ဝီရိယအားများတက်ကြွလာခြင်းများပင်တည်း။

ထိုဆန္ဒ ထိုဝီရိယအားအင်များကိုအမှီပြု၍ ငါတို့သည် ဆွမ်းခံသွားလျက်ကပင် စာတစ်ပုဒ်ကို အရအမိကျက်မှတ်လေ့ရှိ၏။
နံနက်လင်းသည်နှင့် ဆရာတော်ဦးဉာဏိန္ဒ ထံသွားရောက်၍ ယမန်နေ့ကျက်ခဲ့ပြီးစာကို ပြန်ဆို ပြရပြီး ယနေ့အတွက် ရှေ့ရှိ အသစ်တစ်ပုဒ် ထပ်မံ ကာ ကြောင်းခဲ့ရ၏။ ထိုကြောင်းခဲ့ပြီးစာကို စာရွက်
ခဲတံဖြင့်ရေး သပိတ်ဖုံးပေါ်တင်ကာ လမ်းသွား ရင်း စာကျက်ရင်း ဆွမ်းခံသွားချေရာ ဆွမ်းခံပြန် စာတစ်ပုဒ်ရ ဖြစ်ခဲ့ရချေ၏။ ထိုရပြီး,မိပြီးစာသည် ငါတို့ထံရောက်သော် မီးခံသေတ္တာထက် စိတ်ချရပြီး ဘယ်သောကာလမှ မေ့သွားသည်မရှိခဲ့ပြီ။ အာရုံနှင့် ပတ်သက်သောမေးခွန်း၊ ပါဠိမှီအနက်နှင့် သက်ဆိုင်
သောမေးခွန်း၊ မည်သည့်စာမေးပွဲ မည်သည့်အဆင့် မှာမှ မဖြေနိုင်သည် မရှိခဲ့ပြီ။ ဉာဏ်စမ်းမေးခွန်းများ တွင်ကား နည်းနည်းမျှလှည့်လျှင်ပင် လည်ထွက် သွားချေပြီ။

တစ်ခါက အဘိဓမ္မာမေးခွန်း၏ ရုပ်ပိုင်း ဆိုင်ရာမှာ ထိုစဉ်က ခေတ်စားနေသော ဒုံးပျံ၊ ဂြိုဟ် တုတို့ဖြင့်တွဲဖက်ကာ စပွတ်နစ် ဂြိုဟ်တု၌ ပါသွား
သော ခွေးမလေး လီကာ၏ကိုယ်မှာ ရုပ်ပေါင်း ဘယ် မျှပါသွားသနည်း မေးရာ ကြောင်သွားတော့၏။ တကယ့်အဖြေမှာ ဣတ္ထိဘာဝဖြစ်သော ခွေးမ၌ ရုပ် မည်မျှရှိသနည်း ဒဲ့ဒိုးမေးက ယောက်ျားအထီး မဟုတ်လေသဖြင့် ပုံဘာဝ ချန်လှပ်၍ (၂၇)ဟူ၍ တပ်အပ်ဖြေနိုင်စွမ်းရှိ၏။ ဖြေဆိုနိုင်ရန်လည်း လေ့ ကျက်ပြီးသားဖြစ်ခဲ့၏။ သို့တစေလည်း ခွေးမ၏ အထဲ ဂြိုလ်တုကြီးက ဝင်နေသဖြင့် ငါတို့ အဖြေမှန် မထုတ်တတ်ခဲ့ပြီ။ 

အာဂုံပါဠိ၊ အာဂုံအနက်နှင့် ပတ်သက်၍ကား ကွက်ကျော် ပြန်ဆိုခိုင်းလည်း မလည်ခဲ့။ အစဉ်အတိုင်းလည်း တတွတ်တွတ် မြည်ဟီးထွက်စေခဲ့၏။ စာထောက်,စာမ ဆရာတိုင်း လေးစားကြ၏။ ဘေးမှနာကြားသူတိုင်းက ကြည်ညို
သဒ္ဓါပွားလာစေတတ်၏။ အသံနေ,အသံထား ပြတ်သား၍ အရပ်အနားကား ကင်းမဲ့ခဲ့၏။
သို့ကြောင့် ဆရာသမားတို့၏ ချစ်မြတ်နိုးမှု ကိုလည်းကောင်း၊ အားထားမှုကိုလည်းကောင်း ဝေဠုဝန်ပါဠိတက္ကသိုလ်၏အတွင်းဝယ် အခံရဆုံး ဖြစ်ခဲ့ရချေ၏။ 

ထိုတိုက်၌ ငါတို့နေထိုင်ရာကျောင်း ကား ဆွမ်းစားကျောင်းတည်း။ ငါတို့ နိသျည်းထိန်း ဆရာကား ဆရာတော်ဦးကောသလ္လတည်း။
ထိုဆရာတော်၏အခန်း၌ ပြုဖွယ်ကိစ္စ မှန်သမျှနံနက်မျက်နှာသစ်ရေ ခပ်ပေးရခြင်းမှသည် တံမြက်လှည်းခြင်း၊ ဘုရားသောက်တော်ရေချမ်း ကပ်ခြင်း၊ ပန်းကပ် ခြင်းတို့အထိ တစ်ခါခိုင်းပြီးက
နောက်တစ်ချီ မခိုင်းရအောင် တာဝန်ကျေခဲ့၏။ သို့ကြောင့် ထိုဆရာတော်သည် ငါတို့ အတွက် အစစတာဝန်ယူ ချီးမြှောက်တော်မူ၏။ မိခင်တစ်ဦး ၏ စိတ်ထားဖြင့် ငါတို့ဘဝကို ထိန်းကျောင်းပေး တော်မူ၏။

ငါတို့သည်ကား ဘဝစကတည်းက ထောင် ကျမှစတင်ကာ ကံခေခဲ့ရ၏။ ထို့နောက် မုဆိုးမသား ဘဝဖြင့် မျက်နှာငယ်ခဲ့ရ၏။ အစစ အရာရာတိုင်း တို့၌ လူ့အဆင့်မီ တန်းစေ့မရှိခဲ့ပြီ။ ယခု စာသင်တိုက် ထဲ ဝင်ရောက်ခြေချမိသော ကာလ၌လည်း လက်ထဲဝယ် တစ်ဆယ်ကျပ်မျှသောငွေသာ ပါခဲ့၏။
ထိုစဉ်က ရထားခမှာ ငါတို့စီးနင်းရာ ထန်းတပင်ဘူတာနှင့် ရွှေဘိုသည် (၂၆)မိုင်မျှ ခရီး ကွာဝေးသဖြင့် (တစ်မိုင်-၅းနှုန်းကျ) (၃-၃ဝါး) ကုန်ကျခံရ၏။ ထိုစရိတ် ဆရာဘုန်းကြီးက ကျခံ၏။ လက်ဝယ်ရှိ (၁ဝိ)ကား ဆွမ်းဟင်းထည့်ရန် ဝတ်ခွက်၊ သင်ဖျာ၊ ရေခွက်၊ ဆပ်ပြာ၊ ဆပ်ပြာခွက် စသည့် မရှိမဖြစ်သော အသုံးအဆောင်များ စုဆောင်းရ သဖြင့်ကုန်စင်သွားတော့၏။ နောက်ထပ်ပေါ်ပေါက် မည့်ငွေဖြင့် ဖန်ဆင်းစရာကိစ္စ သုံးစရာမရှိတော့ပြီ။ ကူမည့်ကယ်မည့်သူလည်း မရှိတော့ပြီ။

သင်္ကန်းသည်ကား ရှင်ပြုစဉ်က ပါရှိခဲ့သော မဟာဝန်တံဆိပ်ဧကသီနှင့် ဇီးကွက်တံဆိပ်သင်းပိုင် တစ်ထည်သာ။ စာသင်သားဆိုသဖြင့် ထည်ထည် ဝါဝါ မရှိခဲ့ ။ ပြောင်ပြောင်လက်လက် အဆောင်နှင့် အရောင်ကား မထွက်ခဲ့။ ရေလဲစရာ သင်းပိုင်ကိုပင်သူတစ်ပါးတို့ စွန့်ပယ်ထားသောသင်္ကန်းကို ကောက်သုံးရ၏။နောက်ထပ် ဧကသီဟောင်း သင်းပိုင်ဟောင်းများ၊ အများမသုံးတော့၍ သင်္ကန်းတန်းပေါ် ပစ်တင် ထားသော် သုံး-မသုံးမေး၍ မသုံးဆိုက သုံးခဲ့ရ၏။

ထိုစာသင်သားဘဝ၌ တစ်နှစ်လုံးလုံးမှ မဟာဘုံကထိန် ကျင်းပစဉ်ကာလ၌ သင်းပိုင်တစ်ထည် မျှရရှိခဲ့ရ၏။ ထိုသင်းပိုင်လေးကား မဝတ်ရက် မကိုင်ရက် ခေါင်းအုံးအောက် သာသာလေးထား၍ အရိပ် ကြည့်ခဲ့ရ၏။ 

တစ်စာစာ စာတို့ကို အော်ဟစ်နေရ
သော ဝမ်းရေးကား ဆာလောင်မွတ်သိပ်လှချေ၏။ သို့တစေလည်း တစ်နေ့မှတစ်ထပ်မျှသော ဆွမ်းဖြင့် ပင် ပြီးစီးခဲ့ရ၏။

ထိုသို့သော အကျပ်အတည်းဘဝကို ထို ဆွမ်းစားကျောင်းဆရာတော်ကပင် တာဝန်ယူ၏။ မရှိသောခြင်ထောင်မှ ရှိသောခြင်ထောင်အဖြစ်သို့  လည်းကောင်း၊ မရှိသောသင်္ကန်းမှ ရှိသောသင်္ကန်း အဖြစ်သို့လည်းကောင်း၊ မဖူလုံသောပစ္စည်းမှ ဖူလုံ သောပစ္စည်းအဖြစ်သို့လည်းကောင်း ဖန်ဆင်းပေး တော်မူခဲ့၏။ ဟာနေသော ဝမ်းရေးကိုကား စာပြန် သံကြားသည့် ကြည်ညိုကြလေကုန်သော သံဃာ
တော်အပေါင်းတို့က ညအချိန်ဝယ် အချို့ကား ထန်းလျက်၊ နံနက်လင်းဝယ် အချို့ကား မုန့်ဆွမ်း စသည်တို့ဖြင့် ၄င်းတို့ သုံးဆောင်သလို ငါတို့အား ချီးမြှောက်ကြလေကုန်၏။ ဆရာတော်ဦးစန္ဒိမာ သည်ပင် ၄င်းသုံးဆောင်တော်မူသော ဟောလစ်များ ဖျော်လျက်က ရံတစ်ခါ ခေါ်ယူတိုက်ကျွေးလေ့ရှိ
တော်မူ၏။ သင်္ကန်းကိုလည်း တစ်ရိုတစ်သေ တပည့်ဟူ၍ သဘောမထား ဂန္ထဓူရဆောင် သံဃတော်တစ်ပါးအမှတ်ဖြင့် ၄င်းကပင် ဒူးထောက်လျက်က လှူဒါန်းပါသည်ကို ငါတို့ အလှူခံခဲ့ရဖူးချေ၏။

“ဓမ်မာ ဟဝေ ရက်ခတိ ဓမ်မစာရီ ”
စင်စစ် တရားစောင့်လေသူကို တရားက ပြန်လည်စောင့်ရှောက်တတ်ချေ၏ ဟူသော ဘုရား စကားတော်သည် ငါတို့အတွက် ချက်ထိမှန်ကန် ၍သာ နေပါချေ၏။

သို့ကြောင့် စည်းကမ်းကျပ်တင်းသော စာ သင်တိုက်၌ မပျော်ပိုက်သော ငါတို့သည် ပျော်ပိုက်သောအဖြစ်သို့ ရောက်ရှိလာစေ၏။ 

ဆရာတော်များနှင့် စာသင်သားသံဃာတော်များ၏ အလယ်၌ ချမ်းသာစွာ အားထုတ်ခွင့်ကို ရစေခဲ့၏။

ပထမ၏ (၁၃၁၈-ခုနှစ်၏) တစ်နှစ်တာ ကာလပတ်လုံး ပရိယတ္တိ၏ အခြေခံလည်းဟုတ်၊ ပိဋကတိုက်ဖွင့်ရာသော့လည်းဟုတ်သော အခြေခံ သဒ္ဒါကိုပင် ဇောက်ချ သင်ယူခွင့်ရစေခဲ့၏။ သဒ္ဒါ၊ ထိုသဒ္ဒါ၏အခြံအရံဖြစ်သော သုတ်စစ်, ပုဒ်စစ် သံဝဏ္ဏနာ နည်းလေးဆယ်များနှင့် ဓာတွတ္ထသင်္ဂြိုဟ် ခေါ် ဓာတ်အနက်တို့ကိုသာ သင်ယူခဲ့ရပါချေ၏။

 ၁။ ဝိနည်းငယ်သည် ဝိနယပိဋကတိုက်ဖွင့်ရာသော့တည်း။ 

၂၊ သင်္ဂဟခေါ် သဂြိုဟ်သည် အဘိဓမ္မာပိဋက
တိုက်ဖွင့်ရာ သော့တည်း။ 

၃။ သဒ္ဒါသည်ကား ပိဋကသုံးပုံတိုက်အလုံးကို
ဖွင့်ရာ သော့တည်း။

ထိုသုံးမျိုးသော အခြေခံတို့တွင် သဒ္ဒါသည် ငါတို့သန်သော ကျမ်းဖြစ်ပြီး သဒ္ဒါဉာဏ်သည်လည်း ငါတို့ထံ၌ ကိန်းတည်နေစေတော့၏။ ထိုတစ်နှစ် အတွင်း သဒ္ဒါ၏အောက်ပိုင်းလေးစောင်ကို ကျေညက် စေခဲ့ပြီး သဒ္ဒါ၏ သဘောနှင့်သဘာဝများကိုလည်း ရိပ်စားမိလာစေခဲ့၏။ သဒ္ဓါနှင့်ပတ်သက်လာလျှင် အသံကြားရုံမျှဖြင့် ဘယ်အပိုင်းက ဘာသုတ်ဖြင့်
စီရင်ရမည့်အရာဆိုသည်ကို နားလည်ခွင့်ရလာခဲ့၏။ ထိုသဒ္ဒါကျမ်းကို သင်အံလေ့ကျက်နေရသော် ငါတို့ ကား စိတ်မဝင်စားခြင်း၊ ပျင်းရိခြင်း၊ အလျဉ်းမရှိခဲ့ပြီ။

"""ဆရာတို့အကြား လမ်းထား လုကြခြင်း""

ဒုတိယနှစ် ဝါဆိုခါနီးကာလတွင်ကား ငါတို့တိုက်မှ စစ်ကိုင်းတောင်ရိုး သီတာမုခချောင်သို့ပြောင်းရွှေ့ သီတင်းသုံးသော ဆရာတော်ဦးဝါသဝ ကြွရောက်လာကာ အငယ်တန်းစာဝါများနှင့်အဘိဓမ္မာ၏ အခြေခံသင်္ဂဟတို့ကို တာဝန်ယူပို့ချတော်မူ ၏။ ဆရာတော်ဦးဝါသဝကား ငါတို့ကိုမြင်သည်နှင့် အလွန်ခင်မင်တော်မူ၏။ တွေ့တွေ့ချင်းလျှင် ဖက်လှဲ တကင်းပြုတော်မူ၏။ စာဝါများ ပါဝင်သည်နှင့် အချိန်ဇယားချ၍ ပို့ချလေသောအခါ၌ ငါတို့ကို အငယ် တန်းဝင် ရန် တိုက်တွန်း၏။ ငါတို့ ကား ဆရာတော်များ၏ လက်အောက်နေရသဖြင့် ဆရာတော်များခွင့်ပြုမှ ဝင်ဝံ့မည်ဖြစ်ပါကြောင်း လျှောက် ထား၏။ စာမေးပွဲလည်းအောင်လို၏။ ဆရာများကို လည်း ကြောက်ရွံ့ ၏။

ထိုစဉ် ဆရာတော်ဦးဝါသဝက တိုက်အုပ် ဆရာတော်များနှင့် ဆုံသောအခါ ဥယျလေး စာမေးပွဲဝင်ရန်လျှောက်၏။ စာအခြေခံခိုင်မာ
တောင့်တင်းစေလိုသော၊ ကြီးသော်ရှင်တစ်ဆူ, လူ တစ်ယောက် ထွန်းတောက်စေလိုသော ဆရာတော် ဦးဉာဏိန္ဒ၊ ဆရာတော်ဦးကောသလ္လ တို့က လက်မခံ
ချေ။ ဆရာတော်ဦးဝါသသည် တစ်ကြိမ်မှနှစ်ကြိမ်၊ နှစ်ကြိမ်မှသုံးကြိမ်အထိ လျှောက်လည်း လျှောက်လေတိုင်း ခွင့်မပြုလေသောအခါ

“သည်လိုဆို ဘာပြုလို့ ပါဠိတက္ကသိုလ်ဖွင့် ထားပါသလဲဘုရား” ထိုစကားကို စိတ်ဆိုးမာန်ဆိုး
တို့ဖြင့်လျှောက်ထားရာ နောက်ဆုံးလိုက်လျောတော် မူကြရ၏။ ထိုလိုက်လျောချိန်၌ အတန်းပို့စာဝါများ၊ ရက် (၁၅ -၂ဝ) မျှ ရောက်ရှိသွားချေပြီ။

ငါတို့သည် ဝါခေါင်လထဲမှာမှ စာအုပ်စုရ ၏။ စာဝါများလိုက်ခွင့်ရ၏။ ထို (၁၅ -၂ဝ) မျှသော ရက်စုများ၏ ကျန်ခဲ့သောစာဝါများကို အများတို့ ဆိုသံ နာခံလျက်က ရစေခဲ့ရပြီး ရှေ့ ရှိစာများကိုသာ ကျက်မှတ်၍ လိုက်နာခဲ့ရ၏။ စာမေးပွဲဝင် စာသင်သား ကြီးဘဝ တစ်ခဏချင်းရောက်သွားလေမှကိုး။ ငါတို့သူငယ်ချင်း ကိုရင်ညို(ဘွဲ့-ရှင်ဝိမလ)၊ ကိုရင် အုံးဖေ(ဘွဲ့ - ရှင်နန္ဒမေဓါ)၊ ဆရာတော်ဦးစန္ဒိမာ နှင့်အတူနေနှစ်ပါးတို့ကား အခြေပြု အတိုင်း နေမြဲ ဖြစ်သဖြင့် ငါတို့နှင့်လမ်းသွားခြားနားခဲ့ရချေပြီ။ စာချင်းမရောတော့၍လူချင်းလည်း နှောမဖြစ်ကြ ချေပြီ။

ထိုနှစ်ကား တစ်နှစ်ထဲဖြင့် သဒ္ဒါ၊ သဂြိုဟ်၊ ဝိနည်း သုံးကျမ်းတို့ကိုလည်း ကျေပွန်ရမည်။ ညဝါ ခေါ် အဘိဓမ္မာခုနှစ်ကျမ်းအပါအဝင် မာတိကာ, ဓာတုကထာ,အရကောက်များကိုလည်း ကျေပွန်ရ ဦးမည်ဖြစ်သဖြင့် အချိန်ကြပ်၊ ကျမ်းကြပ် လူကြပ် သာဖြစ်၏။ နံက်လင်းမှ ည(၁၀)နာရီ (၁၁)နာရီ အထိ အချိန်အားမရှိ။ နေ့၌ မရသေးသည်များကို အရအမိဖမ်းရပြီး၊ ည၌ ရပြီးမိပြီးသားများကို အဖိတ်အစင်,အကျ အပျောက် မရှိရလေအောင် ပြန်ဆိုရ၏။

ဝါကျွတ်ခါနီး တော်သလင်းလပြည့်ကျော် (၇)ရက်မှ တော်သလင်းလကွယ်၊ သီတင်းကျွတ် လ ဆန်း(၁)ရက် (၂)ရက်အထိ ရွှေဘိုမြို့၏ ကျက်သရေ
ဆောင် မြို့ဒေါင့်စေတီ(ရွှေဘို၏ တနင်္ဂနွေအောင်ရပ် ၏ ဒေါင့်၌တည်ထားသဖြင့်) ခေါ် ၊မောဓောမြင်သာ (ပဲခူး-ရွှေမော်ဓောဘုရားနှင့်ပုံတူလည်းဖြစ်၊ ထိုရွှေမော်ဓောမှ အုတ်ချပ်များဖြင့် တည်သည်လည်းဖြစ်သဖြင့်) ဘုရားပွဲတော်ကျင်းပလေရာ ဇာတ်ကြီးများ (ထိုခေတ်ထိုအခါတုန်းကခေတ်အစားဆုံး စိန်အောင်မင်း၊ မြို့တော်သိန်းအောင်၊ မင်္ဂလာဦးအောင်မောင်း၊ ရွှေနန်းတင်၊ ကျော်ဝင်းစိန်၊ တိုင်းချစ်သန်းစိန်၊ အာဇာနည်လှကြည် စသော ဇာတ်အဖွဲ့များ) သည် လည်းကောင်း၊ ဆပ်ကပ်, အငြိမ့်, ပြပွဲများသည် လည်းကောင်း ပြည့်ညှပ်စွာခင်းကျင်းပြသနေသော် လည်း ငါတို့ကားစာကျက်မပြတ်၊ အစွဲကားမတုန်မပြုံး
ရှိ၏။

ငါတို့ကျောင်းခေါင်းရင်း၌ပင် ဇာတ်ရုံကြီး ရှိသဖြင့် ဆိုကြ၊ ကကြ၏။ ငါတို့ကား ၄င်းတို့နှင့် အပြိုင် စာပြန်သံ တညံညံသာ။ ငါတို့ကျောင်း ခေါင်းရင်းရှိ ဘောလုံးကွင်းကြီးထဲ၌ပင် ကြည့်ချင် ပွဲ(မန္တလေးမှအကျော်အမော်) အငြိမ့်များ၊ ဇာတ်ကြီး များနှင့် နင်လား ငါလားအပြိုင်ကျဲ ကပြနေကြ၏။ ငါတို့သည်လည်း ငါတို့ပြန်စာနှင့်အတူ ငြိမ့်နေမြဲ ပင်ရှိ၏။
ဘာလုပ်လုပ် တစ်ဖက်စွန်းသမားပီပီ စာစွဲသဖြင့် ထိုစာတစ်ခုတည်း စွန်းငြိနေသည်သာ ဖြစ် တော့၏။ 

ထိုနှစ်များ၌ ဆရာက(ငါတို့စာကျက်နေဆဲ) ခေါ်ငင်ခိုင်းသော် မျက်နှာညိုလာတတ်၏။ ဆရာက မြို့ထဲသော်လည်းကောင်း၊ တစ်နေရာရာသော်လည်းကောင်း အသွားခိုင်းကလည်း မျက်နှာ မကြည်မသာသာရှိတတ်၏။ ဆရာသည်လည်းငါတို့ အမူအကျင့်ကို သိ၏။ စာသန်သောတပည့် ဖြစ်သဖြင့်အလိုလိုက်၏။ ချော့မော့၏။ ရိုးလွန်းအားကြီး သဖြင့်သနား၏။ အစစ အခွင့်အရေးပေး၏။

တန်ဆောင်တိုင်၊ မဟာဘုံကထိန်ပွဲတော် ကဲ့သို့သော ပွဲရက်ကြီးများ၌ ဆရာကပင် ငွေပေး၍ ရုပ်ရှင်ပွဲ အကြည့်ခိုင်း၏။ ရွှေမန်းတင်မောင်၊ ဦးအောင်မောင်း စသည့် အကျော်အမော်ဇာတ်ကြီးများ ကြည့်ရှုရန် စေလွှတ်တော်မူ၏။ ရွှေမန်းတင်မောင်ကား မြို့ဒေါင့်စေတီဘုရားကြီးဂေါပကနှင့် သဘောချင်း မတိုက်မိသဖြင့် ထိုဘုရားပွဲ၌မပါလေ။ ထိုဘုရားပွဲကာလ၌ ဘုရားခြေရင်းရှိ ဇာတ်ရုံကြီးများ၌ မကပြ တတ်။ မြို့လယ်ရုံကြီး၌ သာကပြ၏။ သို့မဟုတ်
ထိုဘုရားပွဲမှ အလွတ်ရက်များ၌သာ ရွှေဘိုသို့ လာရောက်ကပြတတ်ချေ၏။

ထိုသို့ ဆရာလွှတ်၍ သွားရောက်ကြည့်ရ သော်လည်း စိတ်ကားမပါလေ။ ပွဲအရသာကိုလည်း တဏှာဗီဇငုတ် မြုပ်နေသဖြင့် မခံစားတတ်။ ငယ်ငယ်ကစိတ်ထားနှင့် တခြားစီ ကန့်လျှက်သာ ရှိချေ၏။ အတိတ်ဘဝစိတ်မှ လက်ရှိဘဝစိတ်သို့ ကူးဝင်လာပြီ ဖြစ်၍ တည်း။ 

- ငယ်ငယ်က တဏှာဘာဝ ကြီးထွား၏။ ယခု
မပေါ်တော့ပြီ။ 

- ငယ်ငယ်က အပျော်အပါး အားကြီး၏။ ယခု
ကင်းဆိတ်နေပြီ။ 

ငယ်ငယ်က အမြှောက်အပင့်ခံလို၏။ ယခု သော် မြှောက်မှန်းသိ မုန်းတီးလာပြီ။

ထိုငယ်စဉ်ကာလ၏ အဖြစ်အပျက်များ နောက်၌ မှတ်တမ်းတင်ပေးခဲ့ပြီးဖြစ်သဖြင့် ဤ၌ ထပ်မံပြစရာမလိုပြီ။ ငါးနှစ်သားမျှဘဝက တဏှာ စိတ်ပေါ်ခဲ့ပြီး၊ ကိုးနှစ်သားဘဝ၌ တဏှာရုပ် ပေါ် လာသည်ကို သူ့အသက်အပိုင်းအခြားအတိုင်း အသိပေးပြီးဖြစ်ခဲ့၏။ 

သဘင်နှင့် ပတ်သက်လာလျှင် အသံကြားရုံ မြင်ရုံမျှဖြင့် မေးရိုးနှစ်ခု ဝါးလက်ခုတ် လုပ်၍ လိုက်ခြင်း၊ ပုခုံးနှစ်ဖက်တွန့်၍ စည်းချက် အလိုက် ကပြခြင်းများကိုလည်း သိစေခဲ့ပြီးဖြစ်ခဲ့၏။ အမြှောက်ကြိုက်ရာ၌ နိုင်သည်သော်မှ မြှောက်မပေး သဖြင့် ငိုခဲ့ရသည်ကို မှတ်တမ်းထားခဲ့ပြီးဖြစ်၏။ 

ထိုအမြှောက်နှင့်ပတ်သက်၍ တစ်ခုသတိရလာသေး၏။
ငါတို့သည် ဆရာဘုန်းကြီး၏ အပါးတော်မြဲ အဖြစ်ဖြင့် အခြားရွာများသို့ အလှူပွဲစသည်တို့သို့ လိုက်ရစဉ် ကျီကျင်းဆိုသောရွာသို့ ရောက်ခဲ့ရ၏။ ထိုရွာ၌ တောင်ကျောင်း, မြောက်ကျောင်း ဟူ၍ နှစ်ကျောင်းရှိချေရာ မြောက်ကျောင်းသို့ ပွဲကျသော ကာလ၌ ထိုကျောင်းရှိ ကျောင်းသားလေးများနှင့် အကျွမ်းဝင်မိ၏။ တစ်ယောက်က ငါတို့လက်မောင်း
ကို လက်သည်းဖြင့် ထိုးဆိတ်လျက်က “ဟော.. ကိုညိမ်းကြီးက မနာဘူးဗျ” ဟူ၍ မြှောက်ပေး၏။

ငါကားနာပါသော်ကော။ အမြှောက်ကြိုက် သမားပီပီ မြိတ်ကြိတ်ခံ၏။

နောက်တစ်ယောက်က“ဟုတ် လား”ဆိုကာ လာဆိတ်၏။ ပြီးသော် “ဟုတ်သဟေ့” အော် မြှောက်၏။

ငါတို့ကား မှိတ်ခံမြဲ။

ထို့နောက်ကား ထိုကျောင်းရှိ ယောက်ျား လေး၊ မိန်းကလေးအားလုံးတို့ ဝိုင်းအုံ၍ လက်သည်း ရှည်ကြီးများဖြင့် တအားထိုးဆိတ်ကြချေရာ

သူတို့ကလည်း တစ်ယောက်ပြီးတိုင်း “အေဟ-သတ္တိကောင်းသည်” မြှောက်၏။

ငါတို့ကလည်း လက်သည်းဒဏ် တစ်ခါခံရ တိုင်း တုန်လျက်က အံတင်းခံ၏။

အလှူပွဲတစ်ရက်ပြီးသဖြင့် ထိုကျီကျင်းရွာမှ ပြန်လာသော် ငါတို့လက်မောင်းနှစ်ဖက်စလုံးကား လက်သည်းဒဏ်ရာများ မအားမလပ် အထပ်ထပ် ပြည့်ညှပ်နေမြဲတည်း။

ယခုသော် ထိုစိတ်တို့ကား ပြောင်းပြန်ဖြစ် သွားခဲ့ချေပြီ။ထိုငယ်ရွယ်သူတို့ ယခုငါတို့အကြောင်း ကို ကြားသိခဲ့သော်“အလကား ပြောတာနေမှာပါ” ဟူ၍ ဝေဖန်ကြလိမ့်မည်။ ယခုငါတို့၏ လက်ရှိ အမူ အကျင့်ကို မြင်ဆဲတို့ကလည်း ထိုငယ်ငယ်တုန်းက ငါတို့အကြောင်းခြင်းရာတို့ကို ပြန်ပြောင်းပြောမိသော်“မဟုတ်နိုင်ပါဘူး”ဟူ၍ သာ မှတ်ချက်ပေးကြ ပေလိမ့်မည်။

ငယ်ငယ်က အတူနေမိန်းကလေးများနှင့် လင်မယားလုပ်တမ်းကစားခဲ့ကြ၏။ ပျော်၏။ ယခု
သော်ကား ဆွမ်းခံအိမ်များမှ ချောမောလှပသော မိန်းကလေးများစွာတို့ကို ရင်ဆိုင်တွေ့သော်လည်း
ကောင်း၊ တိုက်နှင့်မကင်းသော ကျောင်းဒကာ
ကျောင်းအမများ၏ သွေးသားများဖြစ်ကြသော မိန်ကလေးများနှင့် ပက်ပင်းတွေ့ အတူနေခွင့်ရ သော်လည်းကောင်း ထိုစိတ် လုံးဝမဖြစ်မိ။

ဖြစ်မိသည်မှာ မိန်းခလေးမြင်လျှင် သူ့မိခင် မော့ကြည့်မိခြင်းပင်တည်း။ “နင်လည်းပဲ ကြီးလျှင် သည်လို ဆံဖြူသွားကျိုး အရေတွန့်မျိုးကြီး ဖြစ်အုံး မှာပဲ” ဟူ၏။

ကျောင်းဒကာ ဦးအံ့တိုက်သို့လည်းကောင်း၊ ကျောင်းဒကာ(၄င်း၏ညီတော်) ဦးမောင်ကြီးတိုက် သို့ သော်လည်းကောင်း သွားရောက်၍ ဆရာတော် များအတွက် ဆွမ်းချိုင့်ကို ယူပေးရ၏။ ထိုစဉ် ၄င်းတို့ တိုက်၌ပင် ဆွမ်း-ဟင်း မကျက်မချင်း ထိုင်စောင့်ရ ၏။ ထိုင်စောင့်ရာ၌ ဧည့်ခန်း၏ ဆိုဖာကြီးများပေါ် ထိုင်၍လည်းကောင်း၊ ရေဒီယိုနားထောင်၍ လည်း
ကောင်း၊ သတင်းစာဖတ်၍ လည်းကောင်း၊ ကော်ဖီ မုန့်များစားသုံး၍လည်းကောင်း၊ ၄င်းတို့သမီးများ ပြုစုသော ဝေယျာဝစ္စတို့ကို ခံယူကာ စောင့်ဆိုင်း နေရလေ့ရှိတတ်၏။ တစ်ဦးနှင့်တစ်ဦး ရင်းနှီး၍ စကားပြောခွင့်ရလာသောအခါ တဏှာစိတ် ဝင်ရောက် ဝှေ့လေ့ရှိတတ်၏။ ထိုအခါ

“နင်တို့တော့ နေနှင့်ဦးပေါ့လေ၊ တစ်နေ့ ငါ တရားထူးရခဲ့လျှင် အနိစ္စမျက်လုံးနှင့် ၄င်းတို့ကို ကြည့်လိုက်လျှင် ဘယ်သူခံနိုင်လိမ့်မတုန်း” ဟူ၍ စိတ်တွင်းမှ ကျုံးဝါးလျက်သာ ရှိချေခဲ့၏။

 - ငါတို့ ချစ်မြတ်နိုးသော တစ်ခုတည်းသော အရာ
မှာ စာတည်း။ 

- ငါတို့အားကိုးသော တစ်ခုတည်းသော အရာမှာ ဆရာတည်း။
ထိုနှစ်၌ပင် ငါတို့ဆရာများဖြစ်ကြသော ဆရာတော် ဦးကောသလ္လသည်လည်းကောင်း၊ ဆရာတော် ဦးဝါသဝသည်လည်းကောင်း ဓမ္မာစရိယ တန်းစာမေးပွဲ အောင်မြင်တော်မူကြလေရာ မန္တလေးမြို့၊ လေးဆယ့်ငါးတာသာသနာ့ဗိမာန်
တော်ကြီး၌ သွားရောက်၍ ဘွဲ့ယူတော်မူကြရ၏။ 

ထိုသို့ သွားရောက်ရာ၌ ငါတို့ကိုလည်း ရောက်ဖူး၍ ဗဟုသုတရစေရန် ခေါ်၏။ ငါတို့ကား ဆရာများနှင့်အတူ မန္တလေးမြို့ ဘုရားကြီးတိုက် သိမ်ကျောင်းသို့ တည်းကြရ၏။ ထိုသိမ်ကျောင်းကား ဆရာတော်ဦးရာဇိန္ဒ(ဆရာတော်ဦးဉာဏိန္ဒ၏ညီ တော်)ပိုင် ကျောင်းတည်း။

ထိုကျောင်းမှနေ၍ မန္တလေးတစ်မြို့လုံး လှည့်လည်ရှုကြည့်ခွင့် ရစေခဲ့၏။ မန္တလေးတောင် နှင့်တကွ တန်ခိုးကြီးဘုရား များစွာတို့ကိုလည်း ဖူးတွေ့ခွင့် ရစေခဲ့၏။ ထိုမှတဆင့် ဆရာတော်ဦးဝါသဝ သီတင်း သုံးရာ စစ်ကိုင်းတောင်ရိုး ( တစ်လျှောက်သို့လည်း လှည့်လည်ခွင့်ရစေခဲ့၏။

ဆရာတို့၏ ငါတို့အပေါ် ထိုဗဟုသုတ ပေးခြင်းကား | နောင်သော် ဗဟုသုတကောင်း မဖြစ်စေခဲ့ပြီ။
ထိုနှစ်နွေဦးကာလသင်္ကြန်မကျမီ၌ ငါတို့လည်း အငယ်တန်းစာမေးပွဲဝင်ရောက် ဖြေဆိုရ၏။

ထိုမတိုင်မီ တပို့တွဲ,တပေါင်းလလောက်ကပင် တိုက်တွင်းစာမေးပွဲက ကြိုတင်ကျင်းပပေး၏။ ထို နှစ်မျိုးလုံးဖြေဆို၏။ ထိုတိုက်တွင်း အစိုးရစစ် စာမေးပွဲနှစ်ခုစလုံးပင် အောင်မြင်ခဲ့ချေ၏။ ပထမ ငယ်အောင် စာသင်သားဘဝဖြင့် ပျော်လိုက်သည့် ဖြစ်ခြင်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၇)

""အကောင်ကြီး စည်းကျော်"'
 
ထိုတတိယ၏ (၁၃၂၀-ခုနှစ်၏ ) နွေဦး၌ ကား နွေကာလ၏ထုံးစံဖြစ်သော ရူပသိဒ္ဓိ (သဒ္ဓါ အဖွင့် ) နေ့ ဝါ ညဝါများကိုလည်းကောင်း၊ ဋီကာ ကျော် (အဘိဓမ္မာအဖွင့်)စာဝါများကိုလည်းကောင်း၊ ကင်္ခါဝိနည်းအဘွင့်) စာဝါများကိုလည်းကောင်း
သင်အံလေ့ကျက်ဆဲ ကျောက်ရောဂါရလာခဲ့၏။ အရွယ်အားဖြင့်ဆယ့်ခြောက်နှစ် ပြည့်ကာနီးကာလ ဖြစ်၏။

သို့ကြောင့် ရွာသို့ခေတ္တပြန်ကာ နေရ၏။ မိခင်သည် မရွံမရှာပြုစုရှာ၏။ အများတို့ ကူးစက် မည် ဖြစ်သဖြင့် တောထွက်နေရ၏။ ခေတ္တမျှ
ကျောင်းတွင်း (မင်းကုန်းတောရကျောင်းကြီး၏ အတွင်း)ရှိ ကျောင်းဆောင်တစ်ဆောင်ပေါ်ဝယ် ဆရာတော်ကထားစေကာ ကုသနေပါသည်ကို ရွာမှ ငါတို့မျိုးရိုးအပေါ် မကျေနပ်သူအချို့တို့၏ မကျေနပ် စကားပြောကြားမှုကြောင့် တောထွက်ခဲ့ ရခြင်းဖြစ်၏။ ထိုငါတို့နှင့် မရှေးမနှောင်းပင် ငါတို့နှင့် ဝေဠုဝန်၌ အတူနေ ကိုရင်သန်းစိန် (ဘွဲ့ - ရှင်သောဘိတ, ငယ် အမည် ကျွဲအောင်)သည် လည်းကောင်း၊
ကျောင်းသားကျော်အေးသည်လည်းကောင်း၊ ၄င်းတို့ နှစ်ဦးလည်း ကျောက်ရောဂါကြောင့် တိုက်မှ ပြန်လာ ကြရပြီး ငါတို့နှင့်အတူ တောထုတ်ခံရှာကြရ၏။ မိခင်၏အကုအသကောင်းမွန်မှုကြောင့် သေထိုက် ပါလျက်က မသေခဲ့ရပြီ။

ကျောက်ရောဂါပျောက်ကင်းသော် လူဝတ် လဲလျက်ကပင် တစ်နွေလုံးလုံး မိခင်တို့နှင့်အတူ နေရသေး၏။
မိခင်ကား သူ့သား အရိပ်တကြည့်ကြည့်။ ငါတို့ကား သည်လောက်တောင် သံယောဇဉ်ကြီးရ ကောင်းလားဆိုကာ မုန်းတီး၏။

မိခင်ကား ရှစ်နှစ်သားမှစ၍ ရင်ခွင်တွင်းမှ ကွဲကွာသွားသောသူ့သားကို ယခုရှစ်နှစ်ပြည့်မြောက် တစ်ဆယ့် ခြောက်နှစ်မြောက်ကာလ၌ ထပ်မံကာ အတူနေခွင့် ရပြန်သဖြင့် ဝမ်းသာမဆုံး တပြုံးပြုံး။ ငါတို့ကား ဘယ်နေ့များမှ စာသင်တိုက်ကြီးသို့ ပြန်ရပါ့မတုန်း အချိန်ကိုစောင့်လင့်၍ သာ နေချေ၏။

သည်အထဲ ရှင်လူထွက် လာရောက်ကြည့် ကြသော ရွယ်တူမိန်းကလေးများကတမှောင့် ဖြစ် နေသဖြင့် ခြင်ထောင်တွင်းမှမထွက်ရဲတော့။ ငါတို့
ရုပ်ကလည်း ကျောက်ပေါက်မှန်အရာများ ပို့တိမ်
ကောသွားစေရန် သနပ်ခါး ပဲကျားရိုက်ထားချေရာ ရှက်လိုက်သည့်ဖြစ်ခြင်း။ ထိုရှက်သည့် ကြားမှပင် ငါ့ရုပ်သည်ကား မိမွေးတိုင်းဖမွေးတိုင်း အတိုင်း ပြန်လည်၍ လှမှလှပါဦးတော့မလား- စိုးရိမ်မကင်း စိတ်က ဝင်နှောင့်သေး၏။

ထိုကျောက်ရောဂါဖြစ်ပွားချိန်မှာ ငါတို့ အသက်ကား ဆယ့်ခုနစ်နှစ်၏ အတွင်းသို့ ချဉ်းနင်း ခဲ့ပြီဖြစ်၏။ 

ဤ၌ ငါတို့သက်တမ်းနှင့် ခုနှစ်တို့ကား စပ်ဟပ်၍ ထိုအသက်နှင့် ထိုခုနှစ်တို့ကို ယှဉ်ပြရာဝယ် ငါတို့ကိုယ်တိုင်ပင်လျှင် ဝေ့လည်လည် ဖြစ်၍နေပါ ချေ၏။ ကာယကံရှင်သော်မှ ဝေ့လည်လည် ဖြစ်၍ နေသေးလျှင် စာဖတ်သူတို့ကား သာ၍ပင် ဝေ့လည်
ကြောင်ပတ် ဖြစ်စရာအကြောင်း ရှိချေ၏။ သို့ပါ၍ ဤနေရာမှပင် ကြားညှပ်လျှက်က အသက်နှင့် ခုနှစ်တို့ကို ယှဉ်တွဲပြသလိုပါသေး၏။

ငါတို့ကိုမွေးပေးသော ခုနှစ်ကား ၁၃၀၃| ခုနှစ်တည်း။ ငါတို့လူ့ပြည်ရောက်သောနေ့ကား | ဝါဆိုလပြည့်နေ့ ညဉ့်တစ်ချက်တီး တည်း။
သို့ကြောင့် ၁၃၀၄-ခုနှစ်၊ ဝါဆိုလပြည့်နေ့ သို့ ရောက်သော် ငါတို့အသက် တစ်နှစ်ပတ်လည် ခဲ့ပြီဖြစ်၍ တစ်နှစ်တင်းတင်းပြည့်သားတည်း။

သို့တစေလည်း မွေးခုနှစ်ဖြင့် ရောက်ဆဲခုနှစ် တို့ကို အကြီးအထက်မှာထား အသေးအောက်မှဝင်၍နှုတ်ကြည့်သော် (ထိုလေးခုနှစ်အောက် သုံးခံ ၍ နှုတ်ကြည့်သော်) ရလဒ်ကား တစ်ကြွင်းသဖြင့်
တစ်နှစ်သားထင်ရသော်လည်း စင်စစ် ဝါမဆိုမီ | အတွင်းသာလျှင် တစ်နှစ်သားအဖြေသည်မှန်၏။
 ဝါဆိုလပြည့်ကျော်(၁)ရက်နေ့ရောက်တိုင်းရောက် တိုင်းကား နှစ်နှစ်သား-သုံးနှစ်သား စသည်သို့သာ ကူးဝင်ပြီး ဖြစ်ချေတော့၏။ ဆိုကြပါစို့။
၁၃၁၇-ခုနှစ်ထဲသို့ အသေးဖြစ်သော ၁၃၀၃-ခုနှစ်ဖြင့် အောက်ခံထားနှုတ်ကြည့်က
အဖြေမှာ (၁၄)နှစ်သား ဖြစ်နေပေရော့မည်။ စင်စစ် ထိုအဖြေသည် ဝါမဆိုမီ အတွင်းတွင်သာ မှန်၏။ ဝါဆိုပြီးနောက်ကား (၁၅)နှစ်သား အမည်ခံရမည်
သာ ဖြစ်ချေတော့၏။

 သို့ကြောင့် ထို ၁၃၁၇-ခုနှစ်၏ ရှင်ဖြစ်လဖြစ်သော တပို့တွဲလပြည့်ကျော်(၅) ရက်,(၆)ရက်များသည် (၁၅)နှစ်သားဟူ၍ပင် ဆိုရ ပေလိမ့်မည်။
သည့်အတူ ၁၃၁၈-ခုနှစ်၏ ဝါမဆိုမီ လများ သည်လည်း ယင်း (၁၅)နှစ်သား၌ပင် စာရင်းဝင် ပေလိမ့်မည်။ ငါတို့ဝေဠုဝန်သို့ ခြေချမိလေသော ယင်းနှစ် ကဆုန်လပြည့်ကျော်(၁၀)ရက်သည်လည်း (၁၅)နှစ်သားအတွင်း၌ပင် တည်ရှိပေလိမ့်မည်။ သို့ကြောင့် ငါတို့စာသင်တိုက် ဝင်ရောက်နှစ်ကို (၁၅)နှစ်သားဟူ၍ ပြောင်းလဲကာ အသိမှတ်ပြု၍ ဝါဆိုပြီးရှိ စာသင်နှစ်(ဝါဆိုနှစ်)ကိုကား (၁၆)နှစ် သား ဟူ၍ အသိအမှတ်ပြုရပေလိမ့်မည်။ စာဖြေ
သော နှစ် ၁၃၁၉-ခုနှစ်၏ ဝါဆိုပြီးနောက်ကိုကား (၁၇)နှစ်သား ဟူ၍ သာ အသိအမှတ်ပြုပါလေ။

ထို(၁၇)နှစ်သား၏ စာဖြေပြီးနွေကာလဝယ် ကျောက်ရောဂါ ဖြစ်ပွားခဲ့ရသော ငါတို့ သည် ၁၃၂၀-ခုနှစ်၏ နယုန်လသို့ ရောက်သောကာလ အမေ့အိမ် မနေလိုပြီ။ နေ၍လည်းမရတော့ပါပြီ။ သို့ပါ၍ ကမန်းကတန်းပင် ကျောင်းသို့ သွားတဲ့ကာ သင်္ကန်းဆည်း၏။ သင်္ကန်းဆည်းပြီးသည်နှင့် စာသင် တိုက် သို့သာ ပြန်လည်ရောက်ခဲ့ရချေတော့၏။
၁၃၂၀-ခုနှစ်၏ ဝါဆို သို့ ရောက်ခဲ့ပြီ။ စာမေးပွဲ ဂေဇက်ထွက်သဖြင့် အောင်ပွဲလည်းရခဲ့ပြီ။ အရွယ်အားဖြင့်လည်း (၁၈)နှစ်သို့ ဝင်လာခဲ့ပြီ။ 

ငါတို့သည်ကား ဆွမ်းစားကျောင်းသားပီပီ ထို ဆွမ်းစားကျောင်း၌ (၁၈၀)ကျော်မျှ သံဃာတို့၏ ဆွမ်းကိစ္စတို့ကို ပြုမူဆောင်ရွက်ရ၏။ ဆောင်ရွက် သည်ဆိုသဖြင့် ဆွမ်း၊ ဆွမ်းဟင်း ချက်ပြုတ်ရသည် ကားမဟုတ်။ ချက်ပြုတ်စရာ ဆန်၊ ဆီ၊ ဆား စသည် များလည်း ကျောင်း၌မရှိ။
တိုက်တွင်းရှိ ဂဏဝါစက, ဂဏပါမောက္ခ အဖွဲ့ စာချဆရာတော်၊ ဓမ္မာစရိယအတန်းသား သံဃာ၊ ကျောင်းစောင့်သံဃာ(ထိုစာချ ဆရာတော် များ)မှလွဲ၍ စာသင်သားအားလုံး ဆွမ်းခံထွက်ကြ ရ၏။ တစ်နေ့လျှင် တစ်ထပ်စာမျှသော မွန်းလတ် ဆွမ်းအတွက်ဖြစ်၏။ ထိုဆွမ်းခံသံဃာတို့ အသီး အသီး ဆွမ်းခံပြီးစီးသဖြင့် ကျောင်းသို့ပြန်လည်
ရောက်ကြလေသောအခါ ဆွမ်းသပိတ်နှင့် ဆွမ်းဟင်း ဝတ်ခွက်များတို့ကို ဆွမ်းစားကျောင်းသို့ လာရောက် အပ်နှံကြရ၏။
ထိုဆွမ်းဟင်းများထဲမှ အရည်သောက် ဟင်းချိုလုပ်၍ ဖြစ်မည့် ဆွမ်းဟင်းများကို (၁၈၀)
ကျော်မျှသောက်သုံးလောက်သော ကြေးအိုးကြီး တစ်လုံး၏အထဲ စုပေါင်းထည့်သွင်းကာ အရည်
သောက်ဟင်းဖြစ်ရန် တာဝန်ခံကိုရင်ကြီး ကိုရင် စက်မြ(ဘွဲ့-ရှင်နန္ဒာစရိယ)က ဆောင်ရွက်ရ၏။ သက်သက်စားဖြစ်မည့် ဆွမ်းဟင်းတို့ကိုကား အညီ အမျှ တူရာတူရာ စုစည်းပေးရပြီး ဆရာတော်ကြီး များ ပွဲမှသည် သာမဏေငယ်များပွဲအထိ ညီတူညီမျှ ခွဲဝေ၍ တင်ထားပေးကြရ၏။ ဆရာတော်ကြီး ဟူ၍ အခွင့်ထူးမရ။

 သာမဏေလေးများပွဲဟူ၍ လည်း အခွင့်အရေး မနိမ့်ကျရပြီ။ ဆရာတော်ကြီး နှင့်တကွ ဓမ္မာစရိယတန်းသားအထိ၏ အခွင့်ထူး တစ်ခုမှာ ဘုရားဒကာ ကျောင်းဒကာ ဦးအံ့တိုက်မှ ဆွမ်းချိုင့်တစ်ချိုင့်။ ကျောင်ဒကာ ဦးအောင်ကြည် တိုက်မှ ဆွမ်းချိုင့်တစ်ချိုင့်မျှသာ။

ထိုသို့ နှစ်နှစ်တာမျှ ဆွမ်းဝေယျာဝစ္စ ဆောင်ရွက်ခဲ့ရသဖြင့် ငါတို့အလျင်ရောက်နှင့်ကြ၍ ကျောင်းဆွေး,ကျောင်းပျော်ကြီးများဖြစ်ကြသော ကိုရင်စက်မြ၊ ကိုရင်ညို၊ ကိုရင်ပဏ္ဍိစသည့် ဝေယျာဝစ္စ ပြုဖော်ပြုဘက် ဒုက္ခခံဖော်ခံဘက်များတို့နှင့် ပလဲ နံပသင့်လာကြကုန်၏။ အတူနေ အတူပြုတို့ သဘာဝ အတိုင်း တစ်ဦးအနွံအတာတစ်ဦး ခံဖော်ခံဘက် လည်း ဖြစ်လာကြကုန်၏။ ညီအစ်ကိုအရင်းထက်
မကတော့သော သံယောဇဉ်များ ကြီးထွားလာကြ ကုန်၏။

ထိုတွင် ကိုရင်စက်မြကား ထိုရွှေဘိုသားစစ် စစ်တည်း။ ၄င်းကို ရွှေဘိုမြို့၏ ဘုရားဒကာ
ကျောင်းဒကာ ညီနောင် အံ့ကြီးဆန်စက်အတွင်းဝယ် မွေးဖွားသဖြင့် စက်မြဟူ၏။ ၄င်းအထက် အစ်ကို နှစ်ယောက်တို့ကား စက်ဝင်း၊ စက်လှ ဟူ၍ အမည် တွင်ကြကုန်၏။၄င်းတို့၏မိဘများကား ထိုဆန်စက် ကြီး၌ လူယုံတော်အဖြစ် အမှုထမ်းကြရသော ဆန်စက်ထိန်းကြီးများတည်း။

ထိုကျောင်းပျော် ကျောင်းဆွေးကြီးတို့ကား ငရုပ်ပိုး၏ ငရုပ်ပူမကြောက်တော့သကဲ့သို့ တင်းကြပ်
သော ကျောင်းစည်းကမ်းကြီးမျိုးကို မကြောက်ကြ ပြီ။ စာသင်သားသံဃာတို့အတွက် အကျိုးကျေးဇူး များသဖြင့်လည်း အတော်အလျော့ စည်းကမ်းပျက် မှုမျိုးကို ဆရာတို့အရေးမယူကြပြီ။ ထိုကျောင်းဆွေး ကြီးတို့ကား စာမေးပွဲဂေဇက် ထွက်လေတိုင်းလည်း အောင်သူညီအော်သံ မကြားရစဖူးပြီ။ ။

ငါတို့ကား တတိယနှစ်၏ ထို ၁၃၂၀-ခုနှစ် ၌ ထိုသူငယ်ချင်းများနှင့် တွဲဖက်လျက်က ဥပုသ် နေ့တိုင်း စာပြန်လှည့် ပြန်ဆို၏။ စာဖြေလှည့်၌ လည်း ဖြေဆို၏။ စိတ်ဝင်စားမှုကားမရှိ။ ဝတ်ကျေ တန်းကျေ ပြန်ဆိုမှဖြေဆို စည်းမလွတ်ရုံမျှရှိပြီး သူများထက် စောစီးစွာ ကမန်းကတန်းပြီးဆုံးစေပြီး ရွှေဘိုမြို့၏ မြောက်ဘက်ရှိ မဟာနန္ဒာကန်တော်ကြီး သို့လည်း အပျော်အပါး ထွက်ကြလေကုန်၏။ ရေကူးကြ၏။ လှေစီးကြ၏။ လေသေနတ်တစ်လက် ဖြင့် ပစ်ကစားကြကုန်၏။

ရံတစ်ခါ အံ့ကြီးဆန်စက်ဝင်းကြီးအတွင်းရှိ ကိုရင်စက်မှ မိဘများတန်းလျားသို့ သွားကြကာ ဖဲကစားကြ၏။ လေသေနတ်ပစ်ကစားကြ၏။ ဥပုသ် နေ့မှ အပရက်များ၌ကား စာကျက်မပျက်ကြ။ စာလိုက် လည်းမပျက်ကြပြီ။ ညများ၏ စာပြန်မှုကိစ္စများလည်း ခါတိုင်း၏သို့ပင် တစာစာပင်ရှိနေကြသေး၏။

ထိုနှစ် ၁၃၂၀-ခုနှစ်၌ ဆရာတော်ဦးစန္ဒိမာ ၏ကျောင်း၌ နေသော ကိုရင်အုံးဖေ လူထွက်သွား ၏။ သို့ကြောင့် ငါတို့ကို ဆရာတော်ဦးစန္ဒိမာက ခေါ်သဖြင့် ငါတို့ကား ဆွမ်းစားကျောင်း (ဆရာတော် ဦးကောသလ္လထံ)မှ ဆရာတော်ကြီးကျောင်းသို့
ပြောင်းရွှေ့ခဲ့ရ၏။

 သူငယ်ချင်း ကိုရင်ညိုနှင့်တွဲဖက် ၍ ဆရာတော်ကြီး၏ အဆောင်အယောင်အတိုင်း ချွတ်စွပ်တူ အခင်းအကျင်းတို့ဖြင့် နေခွင့်ရချေ၏။
ထိုနှစ် ၁၃၂၀-ခုနှစ်၏ ဆောင်းကာလသို့ ရောက်သော အခါတွင်ကား တစ်သက်ပတ်လုံး ပရိယတ္တိစာပေကြား ဉာဏ်သွင်းထားသော ဆရာတော် ဒွါရစုံအားလုံး တစ်ပေါက်ကမှ အကောင်းမကျန် သည် အထိ စာဇွဲသန်တော်မူသောဆရာတော်၊ တစ်ဘက်၏ ရေးရေးမျှ မျက်လုံးဖြင့်ပင် စာကြည့် မပျက် ပညာကုသိုလ်၏ သမာဓိဘက်ဆက်ထားသော ဆရာတော်၊ စေတီတော်သာသနာ့ရိပ်သာသို့ ကြွ ရောက်ကာ ပရိယတ်လှေကားထစ်မှသည် ပဋိပတ် လှေကားထစ်သို့ တစ်ဆင့်နင်းကြည့်တော်မူပါချေ၏။
မကြာပါချေ။ (တစ်လမျှရှိပြီထင်၏) ကိုရင် ညိုနှင့်ငါတို့ကို အခေါ်လွှတ်ကာ ၄င်း၏အသုံးအ
ဆောင်ပစ္စည်းများကို အသိမ်းခိုင်း,အယူခိုင်းလျက် က မိမိကျောင်းသို့ပြန်ကြွလာ၏။ နောက်ရက်၏ ညနေ ဘုရားဝတ်တက်အပြီးတွင်ကား တစ်တိုက် လုံးရှိ သံဃာအားလုံးတို့ကို စုဝေးစေ၏။

ထိုသံဃာစုံညီ၏ ရှေ့မှောက်မှာပင် ၄င်း အောက် ဝါအကြီးဆုံး သိက္ခာလည်းအကြီးဆုံးသော ဆရာတော်ဦးဝါသဝ(ဂဏပါမောက္ခ)အား ကျောင်း တိုက်ကြီးကို လွှဲအပ်တော်မူ၏။ ထိုဆရာတော်ကား လက်မခံလေ။ ဆရာတော်ဦးစန္ဒိမာကသာ ထိုဆရာ တော် လက်ခံသည်ဟူ၍ သဘောပိုက်ကာ အလွှဲအ ပြောင်း လုပ်ပေးတော်မူ၏။
ထိုသံဃာစုံညီ၏ ရှေ့မှောက်မှာပင် တိုက် အုပ်ဆရာတော်လည်းဖြစ်၊ မွေးစားသားလည်း ဖြစ်
သော ဆရာတော်ဦးဉာဏိန္ဒကို ကြိမ်းမောင်း၍ လည်းဆုံးမ၏။ သတိပေး၍ လည်းဆုံးမ၏။

“ဉာဏိန္ဒ-မင်းကြပ်ကြပ်သတိထား၊ မင်းလုပ်ဆောင်ချက် မှန်သမျှ ဓမ္မဘက်ကလည်းမဟုတ် ဝိနယဘက်ကလည်း မဟုတ်သေးဘူး။ ဓမ္မဝိနယနှင့် မင့်အလုပ် တခြားစီ ဖြစ်နေတယ် ”

“မင်းကို ငါ-တပည့်အဖြစ် ပေါင်းမိလို့ မင်း လည်းမကောင်း၊ ငါလည်းမကောင်း ဖြစ်ခဲ့ရတယ်။ မင်း-ကြပ်ကြပ်သတိထားပြီးတော့သာ နေရစ်ပေ ရော့”

ထိုသို့ ဆုံးမဩဝါဒ ပေးတော်မူပြီးနောက် သက်တော်(၇၅)၊ ဝါတော်(၅၅)သို့ ရောက်တော်မူခဲ့ ပြီးသော ဆရာတော်ဦးစန္ဒိမာသည် ချုံးပွဲချကာ ငိုယို တော်မူရှာ၏။

ပြီးခဲ့ပြီးသော သက်တမ်းကာလဘဝကို နှမျောလည်း နှမျောဟန်ရှိ၏။ စက်ဆုပ်လည်း စက် ဆုပ်တော်မူဟန် ရှိ၏။

နောက်ရက်တွင်ကား သားရေသေတ္တာ (လက်ဆွဲအငယ်စားလေး)တစ်လုံး ဆွဲတော်မူကာ မန္တလေးသို့ ရထားဖြင့် လိုက်ပါတော်မူပြီး သိက္ခာ ချတော်မူ၏။ ၄င်းကို ရွှေဘိုဝေဠုဝန် တက္ကသိုလ်က ဆရာတော်ကြီးမှန်း သိသူတို့က သိက္ခာချမပေး
သို့ကြောင့် ဘုမသိဘမသိ ကျောင်းငယ်လေး တစ်ကျောင်းသို့ သွားရောက်ကာ သိက္ခာချပြီးမှ ပြန်လာချေတော့၏။

လူဖြစ်ပါသော်ကော ဘုန်းကြီးကျင့် မပျောက် တော့၍ ညစာ စားမဖြစ်ပြီ။

လူဖြစ်ပါသော်ကော-ပုဆိုးမဝတ်တတ်ရှာ တော့၍ ခါးပတ်ကြီးဖြင့် နေရရှာတော့၏။

လူဖြစ်ပါသော်ကော-လူလိုမဆက်ဆံတတ် တော့၍ ကျောင်းသို့ပြန်ခဲ့ရရှာပြီ။

သိက္ခာချပြီးနောက် အစတွင်ကား ဘယ်သော ကာလက ဆက်မိထားသည်မသိ၊ အသက်(၆၅)နှစ်မျှ ရှိပြီဖြစ်သော ပျဉ်ဈေးရပ်မှ ဒေါ်ပ ဆိုသော မိန်းမကြီး နှင့် ပေါင်းသင်း၏။ ကြာသော် ဘုန်းကြီးစိတ် လက်မလွှတ်သော ငါတို့ဆရာကြီးကို ထို ဒေါ်ပ ကပင် လက်မခံလိုတော့။ နေရာတကာပါသည်ဆို၏။ မီးဖိုချောင်လည်းမလွတ်၊ ဟိုနေရာမလွတ်၊ သည်နေရာ မလွတ်။ ကျောင်းသားငယ်တစ်ယောက်ကို အုပ်ချုပ် စီမံလေ့ရှိသော ဘုန်းကြီးစည်းကမ်းကြီးဖြင့် ဒေါ်ပ ကို ပေါင်းချေရာ ဒေါ်ပခမျာ ကြီးကောင်ကြီးမှ
ကျောင်းသူမလေးဘဝ ရောက်ခဲ့ရသဖြင့် ကြာသော် မတတ်နိုင်ရှာပြီ။

တစ်နေ့ ဒေါ်ပသည် ဆရာကြီး အပြင်ထွက် သွားခိုက် လွတ်ပြီအထင်နှင့် တစ်ဖက်အိမ်မှ အိမ်ရှင် မ နှင့် လျှက်ရည်ချိုတစ်ခွက် စပ်တူဝယ်၍ သောက်မိ ဆို၏။ ထိုခေတ်ထိုအခါက လွှက်ရည်ချို တစ်ခွက် ကား (၂၅)ပြားနှုန်း ဖြစ်သဖြင့် ဒေါ်ပကား(၁၀)ပြား၊ တစ်ဖက်အိမ်ရှင်မကား(၁၅)ပြား စိုက်ထုတ်ကာ အတူသောက်ကြချေ၏။ ထိုစဉ် ဆရာကြီးရောက် ရှိလာချေရာ သူခိုးမိသွားတော့၏။

“နင်တို့ သည်လောက်တောင် သုံးဖြုန်း နေကြ၊ ကြီး,ခက်ကြလိမ့်မယ်”ဟူ၍ ဆုံးမတော် မူသတဲ့။ပေါင်းကာစ ပူပူနွေးနွေးမျှသာ အရွယ်ရ ကြလေသေးသဖြင့် ငယ်သေးဟူ၍ ထင်မြင်ယူဆ ကာ ဆုံးမတော်မူသည်ထင်မိ၏။ ထင်လည်း ထင် လောက်ပေသကိုး။

ထိုသို့ နေရာတကာပါသဖြင့် ကြာသော် ဒေါ်ပကား မကြည်ဖြူပြီ။ ဆရာကြီးကိုယ်တိုင်က လည်း စိတ်ကူးနှင့်လက်တွေ့ တစ်စေ့လေးမျှ မတူ လာတော့သဖြင့် စိတ်ကုန်ဟန်ရှိ၏။ ကြားရသူ ရှင်,,ရဟန်း တို့ကား လူထွက်သွားသည်။ မိန်းမ ယူသည်ဆိုသော ထိုသတင်းများကို အံဩမဆုံး စုတ်သတ်၍မဆုံး ရှိကြချေ၏။

ဒကာရင်း-ဒကာမ ရင်းများကား ရဟန်း ဘဝဖြင့် မပျော်သည့်တိုင် ကိုရင်ကြီးဘဝဖြင့်ပင်ကျောင်းတိုက်၌ နေပေးပါရန် တောင်းပန်ကြချေ၏။ ဝေး,နီးက ကြားရကုန်သော ရဟန်းတော်များက ဆရာကြီးထံ လာရောက် မေးမြန်းကြ၏။

“လူထွက်တာမှန်သည်။ မိန်းမယူမိတာမှား သွားသည်။” ဤစကားနှစ်ခွန်းကိုသာ တွင်တွင် အဖြေပေး၏။

ကြာသော် ထိုဒေါ်ပအိမ်သို့ မနေပြီ။ ဝေဠုဝန်သို့သာ ပြန်လည်နေပြီး သေတစ်ပန် သက် တစ်ဆုံး တပည့်ကြီး,ငယ်တို့၏ မျက်စိအောက်မှာပင် တရားအားထုတ်သွားသည်ဆို၏။ ။

ပရိယတ်လှေကားထစ်မှ ပဋိပတ်လှေကား ထစ်သို့ တစ်ဆင့်လှမ်းတက်ခဲ့သောဆရာကြီး၊ ပဋိပတ် ၏ ဒုတိယလှေကားထစ်မှသည် ပဋိဝေဒတည်းဟူ
သော တတိယလှေကားထစ်ကို နင်းနိုင်သွားပါစေ ဟူ၍ သာ ငါတို့ဆုတောင်းမိချေသည်။
ဆရာကြီးကား ငါတို့မျက်ကွယ်မှာသာ ဘဝပြောင်းရွှေ့သွား ခဲ့ချေပြီတကား။

""ဆရာ ဝေးတော့ သံချေးတက်'""

ဆရာကြီး လူ့ဘဝ ရောက်သွားသဖြင့် ငါတို့ မနှမြောမိ။ ဆရာကြီးကိုယ်စား တာဝန်ယူထားရ
သောဆရာတော်ဦးဝါသဝ ငါတို့ကျောင်းပြောင်းရွှေ့ လာသောကာလ အလွန်အေးဆေးငြိမ်သက်သော ဆရာတော်ဖြစ်သဖြင့် ငါတို့ကား မကြောက်လေ။
ကျောင်းဆွေးတို့၏ပျော်ပွဲကား မီးကုန်ယမ်းကုန်ပင် ဖြစ်၍ လာစေ၏။

သည်အထဲ ငါတို့ ဥပဇ္ဈာယ်ဆရာတော် ဦးကောသလ္လကလည်း တိုက်၏ကထိကတာဝန်
ယူနိုင်ရန် ပခုက္ကူသို့ ကြွရောက် စာသင်တော်မူ၏။ ငါတို့အားလုံး ဘူတာအထိလိုက်လံပို့ကြရ၏။ ၄င်း | ကိုယ်စား ဆရာတော်ဦးကောဝိဒ (လက်ဦးစာချ ဆရာ) က ဆွမ်းစားကျောင်း တာဝန်ယူလာ၏။ တစ်ဖန် ကိုရင်စက်မြကြီးကလည်း သက်စေ့ ပြီဖြစ်၍ ရဟန်းဘောင်သို့ တက်သွားလေရာ ငါတို့သည် လည်း ဝေယျာဝစ္စတာဝန်ခံ ဖြစ်၍ လာ၏။

ထိုဆရာတော်ကား အပြုံးမကြိုက်သော ဆရာတော်တည်း။ ရောက်စကတည်းက မြင်လျှင် ပြုံးပြတတ်သောငါတို့နှင့် လုံးဝမတည့်။ ငါတို့က လည်း မြင်တိုင်းပြုံး၏။ ၄င်းကလည်း ပြုံးတိုင်း အတည်ပေါက်ဖြင့်ငေါက်၏။
သည်အထဲ ၄င်း၏ ရဟန်းအမ(ဒေါ်ကြင်) တစ်ည ကျောင်းသို့လာ၍၄င်းထံဝင်စဉ် ထိုဆွမ်းစား
ကျောင်း၏အောက်ဝယ် စာပြန်နေသော ငါတို့ အသံကို ကြားရရုံမျှဖြင့် ကြည်ညိုသွားကာ ငါတို့ ၏ ဘွဲ့ကိုလည်းကောင်း၊ ပုံကိုလည်းကောင်းမေးကာ ဆွမ်းခံရန်(၄င်းတို့အိမ်သို့ဝင်ရန်) ဆီးကြိုဖိတ်သည် ကိုဝင်မိသဖြင့် (ကုလမစ္ဆရိယ နှိပ်စက်ခံတော်မူရရှာ သဖြင့်)ငါတို့အပေါ် မကျေနပ်သော ကျောင်းတော်က ရန်စလည်း ရှိခဲ့ဖူးသေး၏။

သို့ကြောင့်မတည့်သောဆရာနှင့် မတည့် သော တပည့်တို့ ဆွမ်းစာကျောင်းတာဝန် အတူတွဲ ထမ်းကြလေရာ အပေါက်အလမ်းကား မတဲ့မှအဖွဲ့သို့ ဆိုက်ချေတော့၏။ ငါတို့၏စရိုက်ကလည်း မကောင်းခဲ့။ အမြှောက်ကိုသာလက်ခံ၍ အငေါက်ကိုမုန်းတီးသော ဉာဉ်ကလည်း ရှင်သန်လာခဲ့၏။ အစာမြင် လျှာထိန်း မရသော အကျင့်လည်း ရှိသေး၏။
လူအမြင်ကပ်ရသည့်အထဲ ထမင်းပွဲအီးပါ ဆိုသောပုံစကား၏သို့ အချင်းချင်း ပုဂ္ဂလသပ္ပါယ မမျှတ,ရသည့်အထဲ ငါတို့၏ဉာဉ်စွဲက ကဲနေပြန် သဖြင့် ဆရာနှင့်တပည့်ကား တဇောင်းစေးနှင့် မျက်ချေးပမာသာ ရှိဘိ၏။

“မင်းကို ငါတို့ကထိကအားလုံးက ပါးစပ်ထဲ လက်လျှိုတောင် ကိုက်မည့်သူလေးမဟုတ်ဘူးဆိုပြီး မှတ်ချက်ချထားကြတယ်။ ခုတော့ မင်းက ကောဝိဒ ကို မချေမငံ ဆက်ဆံသည်လို့ ကြားသိရတယ်။ မင်း-ရပ်တန်းကရပ်ပါ။ ကောဝိဒစကား နားထောင် ပါ” ဟူ၍ လည်းကောင်း။

“ငါတို့တိုက်ကဲ့သို့ စည်းကမ်းထိန်းပေးသည့် ကျောင်း ရှာကြည့်စမ်းပါ။ စာပေကတော့ အတူတူ ပါပဲ။ စည်းကမ်း၊ ဆရာ ပြည့်စုံတာ ငါတို့တိုက်က သာသည်” ဟူ၍လည်းကောင်း ခေါ်ယူဆုံးမတော် မူသည်ကို ပထမဆုံး ခံရချေတော့၏။

သည်အထဲ ဥပဇ္ဈာယ်ဆရာက ပခုက္ကူမှ နေကာ ၄င်းထားခဲ့သော သေတ္တာထဲမှ သင်္ကန်းတစ်စုံ ကိုထုတ်ယူ၊ ဉယျကိုပေးရန်ဟူ၍ ဦးကောဝိဒထံ စာရေးအကြောင်းကြားလေရာ၊ နေ့စဉ်မပြတ် ထို ဥပဇ္ဈာယ်ဆရာရှိစဉ်တုန်းကကဲ့သို့ မျက်နှာသစ်ရေ၊ တံမြက်လှည်း၊ ဘုရားရေချမ်းကပ်၊ ပန်းကပ် ဝတ်ဘက် မပျက်ကွက်ခဲ့သောငါတို့ကို

“မင်းဆရာက ပေးလိုက်သော သင်္ကန်းတစ်စုံ ကိုလိုချင်လျှင် ငါ့အခန်းထဲ အမြဲ တံမြက်လှည်းရ မည်” ဤသို့ ဦးကောဝိဒထံမှ ထပ်ဆင့်အမိန့်ထုတ် ခံရရာ ထိုနေ့မှစ၍ ၄င်း၏အခန်းထဲ လုံးဝမဝင်ရောက်တော့ပြီ။ ၄င်းကိုလည်း စကားမပြောတော့ပြီ။

 ၄င်းကလည်း ငါတို့ကို ဆွမ်းစားကျောင်းရှိ ခဲဘွယ် များ နှိုက်စား၊ ကော်စား လုပ်မည်ဟု သင်္ကာမကင်း ရှိသဖြင့် ဆွမ်းစားကျောင်း၏ ကျက်သရေတိုက်ခန်း သော့ကိုသာပေးပြီး ခဲဘွယ်များထားရာ ကြောင်အိမ် သော့ကိုကား မအပ်တော့ပြီ။ ငါတို့သည်ကား ရှက်လိုက်သည့်ဖြစ်ခြင်း။ ။

မာနသည် မျက်စိမရှိ။ 
ဆရာမှန်း, တပည့်မှန်းလည်းမသိ။

မာန်ထ၍ မာန်ကြွလာသော် ဆရာအာခံရန် ဝန်မလေးပြီ။

""မာနာနုသယ ခက်ပွားဆင့်လာခြင်း""

နှစ်ကား ၁၃၂၁-ခုနှစ်တည်း။ အရွယ်ကား (၁၈)နှစ်အတွင်းတည်း။

ထိုနှစ်ဝါမဆိုမီ ဝါဆိုမည့်ဆဲဆဲ၌ပင် အထက် ၌ ဆရာတို့ ဗဟုသုတဖြစ်ခေါ်သွားသည့် လမ်း အတိုင်း ဦးစွာ ငါတို့အပေါ် အရေးပေးသည့် ဓမ္မာစရိယအောင် စာချဆရာတော် ဦးဝါသဝ သီတင်းသုံး ရာ စစ်ကိုင်းတောင်ရိုးသီတာမုခချောင်သို့ ထွက်ခဲ့ ချေတော့၏။

 - ငါကြိုးစားလျှင် ဘယ်ကျောင်းနေနေ စာတော်
စာတတ် ဖြစ်ကိုဖြစ်ရမည်။ 

- ငါ့ကိုယ်ငါ ထိန်းသိမ်းနိုင်လျှင် ဘယ်မှာ သွားသွား စည်းကမ်းရှိသမား ဖြစ်ကိုဖြစ်ရမည်။

ဤကား ဝေဠုဝန်တိုက်မှ ထွက်မည်ကြံစဉ် က ဖြစ်ပေါ်ခဲ့သောမာနဓာတ်အားတည်း။ သို့မဟုတ် တဏှာအပေါ် မာနဆင့်၍ မာန်ဝင့်လာသော အရွယ်ပိုင်းတည်း။
မာနသည် စိတ်ဓာတ်ကို ခက်ထန် မာကြော သော တွန်းအားရှိ၏။

ထိုမာနကို တံခွန်ထူလျက်ကပင် ၁၃၂၁-ခု နှစ်၊ ဝါဆိုလဆန်း(၅)ရက်နေ့တွင် ဝေဠုဝန်မှ အပြီး ထွက်ခဲ့၏။ အစသော် အနီးဆုံး သီတာမုခချောင် (စစ်ကိုင်းတောင်ရိုး)သို့သွား၏။ သို့တစေလည်း ထိုစစ်ကိုင်းတောင်ရိုးကား ငါတို့ခိုကိုးရာ မဖြစ်ခဲ့ပြီ။ သီတာမုခသို့ရောက်သည်နှင့် ဆရာတော် ဦးဝါသဝ မတွေ့ရတော့။ ချောင်ပိုင်ဦးလက္ခဏ တစ်ပါးသာတွေ့ရရာ လျှောက်ထားကြည့်သောအခါ လှတော အနီးရှိ ဥယျာဉ်မှတ်ရွာ၌ ဦးဝါသဝ ကြွရောက် သီတင်းသုံးကြောင်း သိခွင့်ရ၏။ သို့နှင့် ပါလာသော သေတ္တာကို ထိုသီတာမုခ၌ ထားခဲ့ကာ မရောက်ဖူး
သော ထိုဒေသဆီသို့ ကားဖြင့် နောက်နေ့နံနက် အရဲစွန့်ထွက်ခွါခဲ့၏။ နေရန်ကားမဟုတ်။ စရိတ်
တောင်းရန်သာ။ စာသင်မည့်သူ တောရွာ၌နေ သဖြင့် မတိုးတက်။

ငါတို့ထံ၌ စစ်ကိုင်းမျှသာမှန်းသဖြင့် စရိတ် ကား (၁၅)ကျပ်မျှသာ ပါရှိခဲ့၏။ ထိုစစ်ကိုင်းကိုမှီ၍ စာသင်ရန်အားကိုးမရလျှင် ငါတို့အားကိုးအားထား ပြုသော ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်၊
ကျောက်ပန်းတောင်းကျောင်းရှိ နောင်တော် ဦးရေ၀တ (ဝေဘူဆရာတော်ဘုရားကြီး၏ တူတော်သူ) ထံသို့ သွားရောက်ရန် တာစူခြင်းပင်ဖြစ်၏။ ထိုရန်ကုန်ကား လိပ်စာမှတစ်ပါး မမြင်စဖူး၊ မတွေ့စဖူး။

ထိုဝါဆိုလဆန်း (၆)ရက်နေ့ လှတောရွာ၏ အနီး ဥယျာဉ်မှတ်ရွာသို့ရောက်သောအခါ ငါတို့ သတင်းထောက်လှမ်းရန် ငါတို့သွားမည့် သေချာပေါက် နေရာဖြစ်သော ထိုဥယျာဉ်မှတ်ရွာ၌ စာချဆရာတော် ဦးလာဘကား အရင်ရောက်ရှိနေချေပြီ။

ထို ဦးလာဘကား ခေါ်ရန်မဟုတ်သဖြင့် မခေါ်ယူပြီ။ ငါတို့ အစီစဉ်ကို စနည်းနာ သက်သက် မျှသာပြုချေ၏။ လဆန်း ၈-ရက်နေ့ စစ်ကိုင်းသွား မည်။ လဆန်း (၉)ရက်နေ့ မန္တလေး ယှင်ဆရာများ နှင့် တည်းခဲ့ဖူးသော ဘုရားကြီးတိုက်၊ သိမ်ကျောင်း သို့။ လဆန်း(၁၀)ရက်နေ့ ရန်ကုန်သို့ ရထားစီး၍ ခရီးထွက်မည်။

ထိုအစီစဉ်ကို ရန်ကုန်သို့ လည်း စာဖြင့် အကြောင်းကြား၏။ ဆရာတော်ဦးဝါသဝကိုလည်း
လျှောက်ကြား၏။ဆရာတော်ဦးလာဘကား ထို သတင်းကို ဆောင်ယူလျက်က(၈)ရက်နေ့ ငါတို့အား ခေါ်မည့်ဆရာအမှီ (၇)ရက်နေ့ကပင် ပြန်လည်ကြွ သွားတော်မူ၏။ ငါတို့ကား လဆန်း (၈)ရက်နေ့တွင် ဆရာတော်ဦးဝါသဝ ထောက်ပံ့လိုက်သော ဝတ္ထုငွေ (၂၀)ကျပ်ယူလျက်က ဥယျာဉ်မှတ်မှ ထွက်ခဲ့ချေ တော့၏။
နောက်တစ်နေ့ညနေ (၃)နာရီခန့်တွင် ရွှေဘိုမှထွက်လာသော ကုန်ရထားကို စောင့်ကြိုကာ
မန္တလေးသို့ခရီးဆက်၏၊ ထိုရထား၏ ငါတို့စီးသောတွဲ မှနောက်ရှိ တွဲပေါ်ဝယ် ငါတို့ကိုခေါ်မည့် ဦးကောဝိဒ
ခေါ် ဦးမတည့်ကြီးလည်းပါလာ၏။ ငါတို့ကားမသိ။ မန္တလေး၊ ရှမ်းစုဘူတာသို့ ရောက်သဖြင့် သေတ္တာကို ထမ်း၍ လွယ်အိတ်တစ်လုံးကိုလွယ်၍ ငါတို့ကား ဘုရားကြီးတိုက်သို့ရှေ့ကသွား၊ ဦးကောဝိဒကား နောက်ကလိုက်။ ဘုရားကြီးတိုက် သိမ်ကျောင်း ပေါ်သို့ ငါတို့ကသေတ္တာအချ၊ ဦးကောဝိဒကား နောက်ကချောင်းအဟန့်။

“ေယျလေး ငါနဲ့ပြန်လိုက်ခဲ့ပါကွာ။ ငါနဲ့ တွဲမလုပ်ချင်လည်း မင်းသဘောပါ။ ငါနဲ့တော့ လိုက်ဖြစ်အောင် လိုက်ခဲ့ပါ”
ချော့မော့ခေါ်၏။ မရ။ ခေါင်းမျှပင် ထောင်မကြည့်မိ။ တစ်ညလုံးနားချ။ မရပြီ။

နောက်ရက် လဆန်း (၁၀)ရက်နေ့ ညနေ တွင် ရန်ကုန်သို့ထွက်မည့်စာပို့ရထားနှင့် သိမ်ကျောင်း
နေ ဦးအရိယဝံသ၏အကူအညီဖြင့် ခရီးစတင် | ထွက်ခဲ့၏။ ရထားခကား(၁ဂို-၅ဝါး)မျှသာ ကုန်ကျ၏။ | အမြန်ဖြစ်သော် အမြန်နှုန်း(၄)ကျပ် ပိုပေးရသော ခေတ်သာရှိသေး၏။
ရန်ကုန်ကား မရောက်စဖူးဘူး။
သရက်တောတိုက် ကျောက်ပန်းတောင်း ကျောင်းဟူသည် မမြင်စဖူးဘူး။
အကယ်တိတိ မှန်းသည့်အလိုက် မကိုက်ခဲ့ သော် ဒုက္ခအတိရောက်ရချည့်။

ဤကား ပင်ကိုယ်စိတ်၏ သတ္တိပျော့ညံ့ သော အတွေးအဖျက်တည်း။

ပါးစပ်ရှိ လမ်းသိသည်။ ငါမသိ ဆိုက်ကား သမားသိလိမ့်မည်။
တရုတ်၊ အိန္ဒိယနွယ်ဖွားတွေ တစ်ပြည်မှ | တစ်ပြည်ပင် မသိဘဲနှင့်လျှောက်ရောက်သေးသည်။
တစ်ခြားဘာသာ သာသနာက ဘုန်းကြီးတွေ ဗမာစကားမတတ်ဘဲနှင့်တောင် ငါတို့မြန်မာပြည်
လာ၍ သာသနာပြု လူစုနိုင်သေးသည်။ ငါဘာပြုလို့ မဖြစ်နိုင်ရမည်လဲ။

ဤကား ခက်ထန်သောမာနထောက်ပံ့ ထားသော အခြေပေးစိတ်၏ ထိုးကွက်တည်း။
ထိုအတွေး, ထိုအကြံများဖြင့် ရန်ကုန်သို့ တစ်ညလုံးလုံးစုန်ဆင်းခဲ့၏။ လမ်း၌ဘူတာတွေတိုင်း လည်း မြို့နာမည်တင်ဆိုင်းဘုတ်ကို အငန်းမရ ကြည့်ရသေး၏။အနီး၌ပါသော ခရီးသည်ဒကာများ ကိုလည်း ခဏ,ခဏ မေးကြည့်မိ၏။ ထိုအထဲမှ ခရီးသည်ဒကာတစ်ဦးကား ရန်ကုန်အထိသွားမည် ဆိုသဖြင့် အားကိုးမိ၏။ ထိုဒကာကလည်း ရိုးသား စွာပင် အကူအညီပေးခဲ့၏။ ရန်ကုန်ဘူတာကြီးသို့ နံနက်(၈)နာရီခန့်၌ ရောက်ရှိ၏။ ထိုဒကာလည်း ဘူတာကြီးရောက်မှပင် ရောက်ပြီပြောကာ သွားလိုရာ သွားတော့၏။

ငါတို့ ရထားပေါ်မှ သေတ္တာကိုဆွဲ၍ ဆင်း ကာ စင်္ကြန်ပေါ် လျှောက်မိသည်နှင့် နောင်တော် ဦးရေဝတ၏ညီတော် ဦးကောသလ္လကား အဆင် သင့် ကြိုဆိုနေချေပြီ။ အချိတ်အဆက်သည်ကား ကွက်တိမျှ ဖြစ်ချေရာ ရန်ကုန်နှင့်အောက်ပြည်ကား ငါတို့၏ ဘူမိနက်သန် မှန်ပေသည်ဟု ဆိုသင့်လောက် ချေပြီ။
သရက်တောတိုက်၊ ကျောက်ပန်းတောင်း ကျောင်းသို့ရောက်ရှိသော် ထိုကျောင်းကား စုစုပေါင်း (၄၅)ပါးမျှသာဆန့်ရာ ငါတို့ကား အနီးကပ်ရုတ်တရက် ဝင်လာသဖြင့် ထိုနှစ်က(၄၆)ပါး ကြပ်ကြပ်တည်းတည်း နေကြရသောဟူ၏။ နောင်တော် ဦးရေဝတကား ဆရာ, ဆရာတော်တစ်ပါး ဖြစ်နေသဖြင့် ငါတို့ အခွင့် ရေးရခြင်းဖြစ်ခဲ့၏။ ၄င်းသည် ဝေဘူဆရာတော်ဘုရား ကြီး၏ မျက်စိတော်အောက် ကျောက်ဆည်၊ လေသာ
ကျောင်း စာသင်တိုက်မှ ပြောင်းရွှေ့လာသူ ဖြစ်၏ ငါတို့ ပထမနှစ် ဝေဠုဝန်နေစဉ်က ဓမ္မာစရိယတန်း ကို ငါတို့ရွှေဘိုစာဖြေဌာနမှ လာရောက်ဖြေဆိုသဖြင့် ငါတို့နှင့် ညီအစ်ကိုတမျှ ခင်မင်ရင်းနှီးသွား၏။

ဆရာဟူသောသညာထက် နောင်တော်ဟူသောသညာ ဘက်က ပို၍ အလေးသာ၏။ ထိုကျောင်း၌ အားလုံး သည်ပင် ချောမောပြေပြစ်၏။ စိတ်ချမ်းသာ၏။ ရှုပ်ယှက်ခတ်ကား၊ ရှုပ်ယှက်ခတ်လူ၊ ရှုပ်ယှက်ခတ် ရောင်းဝယ်ဖောက်ကားမှုတို့ ထူပြောရာ ထိုရန်ကုန်သို့ ရောက်စ-ကား ငါတို့မျက်စိနှင့်စိတ် ဂဏာမငြိမ် တတ်။

ရန်ကုန်မြို့၌ လူလည်ဖြစ်ရန် ကျောင်းနေ ကိုထွန်းရင်က တာဝန်ယူ၏။ ၄င်းကား နောင်တော် ဦးရေဝတ၏ညီအရင်း၊ ဦးကောသလ္လ၏အစ်ကို ဖြစ်ပြီး ထိုစဉ်က အမှတ်(၉)ဘပ်စ်ကားလိုင်း (ရန်ကုန်မှထောက်ကြံပြေးကားလိုင်း)၏ လက်မှတ်ရောင်းဖြစ်၏။ ထိုလက်မှတ်ရောင်းကား ရန်ကုန်မြို့၌ ပြေးဆွဲနေကြသော ဘပ်စ်ကားလိုင်းမှန်သမျှ မည်သည့် ကားစီးစီး(ဘဝတူချင်း ကိုယ်ချင်းစာသဘောဖြင့်) အခမဲ့သာရှိချေ၏။ သံဃာများတွင်လည်း ဆွမ်းခံ ချိန်ပြင်ပ၌ နှစ်ပါးအခမဲ့။ တစ်ပါးပို တစ်ပါးတစ်ဝက် နှုန်းသာ။ (ငွေရှာခွင့်,ငွေစုခွင့်မရှိသည့် သံဃာတော် များကိုကြည်ညိုသောအားဖြင့်) စီးခွင့်ရချေ၏။ ဆွမ်းခံချိန်မျိုးတို့၌ကား မည်မျှသံဃာများများ လက်မှတ်ခ(စီးနင်းခ) မပေးကြရပြီ။

ထို ကိုထွန်းရင်နှင့်ပင် တစ်မြို့လုံး ကပ်၍ လှည့်ပတ်၏။ ပတ်မဥသုံအလုံးစုံ တာဝန်ခံကာ လိုက်ပြပေး၏။ အစသော် အရှေ့အနောက်ပင် မကွဲ။ အနေကြာမှ အရှေ့ကထွက်လာသောနေကို နေကား အရှေ့ကထွက်သည်ဟု ယုံလာ၏။

ပြီးခဲ့သော ရွှေဘိုနေစဉ်က ဖြေခဲ့ရသော အလတ်တန်းမအောင်လေ။ သို့ကြောင့်ရန်ကုန် သို့ ရောက်သောကာလ၌လည်း ထိုအလတ်တန်းစာ ကိုပင်ဆက်သင်ရ၏။ စာချဆရာကား နောင်တော် ဦးရေဝတပင်တည်း။ ရူပသိဒ္ဓိ စသော အချို့စာဝါ များကို ထိုတိုက်ရှိ သာသနာဝံသကျောင်း ဆရာတော် ဦးသာသနာဝံသ ထံ၌သင်ယူခဲ့ရ၏။ ထိုရန်ကုန်၌ ယမိုက်ညဝါ(ဦးရေဝတ)၊ ရူပသိဒ္ဓိ(သာသနဝံသ
ဆရာတော်)မျှသာ သင်ယူခဲ့ဖူး၏။ ကျန်ဘာသာရပ် တို့ကား ဝေဠုဝန်၏ အမွေအနှစ်ဖြင့်ပင် ပြီးစီး၏။

ထိုကျောင်းသို့ ရောက်သောကာလတို့၌ကား ဆရာတို့အနား မချဉ်းကပ်တော့ပြီ။ ဝေဠုဝန်၌ ဆရာတို့အနား ချဉ်းကပ်မိသဖြင့်လည်းကောင်း၊ ဆရာတို့အထာကြည့်၍ အလိုက်သိသိ ပြုစုမိသဖြင့် လည်းကောင်း၊ ဆရာတို့အကြား ဝိဝါဒ ကွဲပြားခဲ့ကြ ရသည်ကို သင်္ခန်းစာယူ၍ နောင်- ဘယ်ကျောင်းတိုက် ဝင်ဝင် ဆရာတို့နှင့် မခင်မင်မိပါစေရန် အထူး ရှောင်ကြဉ်ခဲ့၏။
ဝေဠုဝန်၌ ငါတို့ အနီးကပ်ကြီးကြပ်မှုပေး သည့် ဆရာတော်ဦးကောသလ္လ၊ တိုက်အုပ်ဆရာတော် ဦးဉာဏိန္ဒ၊ ၄င်းတို့ကား တစ်နယ်တည်း ဇာတိတူ များလည်းဖြစ် ဆရာတပည့်လည်းဖြစ် သဖြင့်တစ်တွဲ။ စာချကထိကဆရာတော် ဦးပညာဇောတ၊ ၄င်းကား ငါတို့ရွာကျောင်းဆရာနှင့် စာသင်ဘက်သူငယ်ချင်း ဖြစ်သဖြင့်တစ်ဘက်။ ထိုတွင် တိုက်အုပ်ဆရာတော် နှင့်ဦးပညာဇောတ တို့ကား အပေးအယူမတည့်ကြ။ တိုက်အုပ်ဆရာတော်က လောကီဘက်, လောကုတ် ဘက် နှစ်ဘက်စလုံးတို့၌ လောကျမ်းကြေ၏။ ဆရာတော်ဦးပညာဇောတကား စာပေနှင့်ဝိနည်း အကျင့်တို့မှလွဲ၍ အခြားမနှံ့စပ်။ ၄င်းနှစ်ပါးတို့ အကွဲတွင် ငါတို့ဆရာတော် ဦးကောသလ္လကား တိုက်အုပ်ဘက်မှ ရပ်၏။ သို့ကြောင့် ဦးပညာဇောတ၊ ဦးကောသလ္လတို့လည်း မတည့်ကြ။ ထိုအကွဲကြား ထဲဝယ်

ငါတို့ကို ဆရာတော်ဦးပညာဇောတထံ စာကြောင်းစာပြန် ပြုလုပ်သောအခါ တိုက်အုပ် ဆရာတော်က “မင်း- သူ့ဆီသွား စာကြောင်း စာပြန် လုပ်လို့ လျှာထားမမှန် အာထားမမှန် ဖြစ်လာတယ်။ သူ့ဆီမသွားနဲ့။ ငါ့ဆီလာ” ဟူ၍ ခေါ်၏။

တစ်ဖန် ဆရာတော်ဦးပညာဇောတက “မင်း-ငါနဲ့ဝေးလို့ ပေါ့ပျက်ပျက်ဖြစ်နေပြီ။ ဥပုသ်နေ့ များမှာ ငါ့ဆီလာ စာကျက်” ခေါ်ပြန်၏။
ထိုအခါ ဦးကောသလ္လက- “ဥပုသ်နေ့ စာကျက်ရိုးထုံးစံမှ မရှိဘဲနဲ့ မသွားနှင့်” ၊
ဤသို့ ငါနှင့်ပတ်သက်၍ ဆရာတို့အကြား ဝိဝါဒကွဲပြားခဲ့ကြ၏။ သို့ကြောင့်ကျောက်ပန်းတောင်း
ကျောင်း(သရက်တောတိုက်)သို့ ရောက်သောကာလ “အာစရိယာနံ ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ” ဟူ၍ သိက္ခာပုဒ်တစ်ပုဒ် တိုးမြှင့်ကာ တင်ထားခဲ့၏။ ငါတို့ကိုကား စာပေသင်အံ လေ့ကျက်မှု၌ ဇွဲပါသဖြင့် ဆရာအားလုံးကပင်ညှာ၏။

မှတ်မိသေးတော့သည်။ တစ်ခါမှာ ငါတို့ ကျောင်း ကိုးကွယ်သူ တရုတ်သူဌေးနှင့် တစ်ခြား တရုတ်သူဌေး မိမိတို့နေထိုင်ရာတိုက်အိမ်ချင်း
လောင်းကြေးထပ်၍ ဖဲကစားကြချေရာ ငါတို့တရုတ် ကား ရှုံးနိမ့်သွားသဖြင့် ထို မိမိတိုက်အိမ်ပေါ်မှ တိုင်ကပ်နာရီလေးတစ်လုံးဖြုတ်ယူကာ ငါတို့ကျောင်း အောက်ထပ်သို့ မိသားစုနှင့်တကွ လာရောက် ခိုလှုံရ ချေ၏။ ရှိစုမဲ့စု အလုပ်ရုံသော်လည်းကောင်း၊ ဆိုင်သော်လည်းကောင်း၊ အသက်မွေးဝမ်းကြောင်း မှုပြုသွားရာများလည်း ပါသွားသည်ထင်၏။

“တရုတ်ရှုံးတော့ ဒယ်အိုးကုန်းခေါက်” ဆိုသော ပုံစကားအတိုင်း ဆန်ပြုတ်လှည်းတစ်စီး လုပ်၍ ညဈေးတန်း(လေဟာပြင်)ဝယ် ရောင်းရ သောဘဝဆိုက်ရချေ၏။ တရုတ်အမျိုးသားများ သည် အရင်းအနှီးမရှိက အရင်းအနှီးထူထောင် သောအားဖြင့် အစားအသောက်ဘက်ကို အလေးပေး ရှာဖွေတတ်ကြောင်းဆိုလိုသော ပုံစကားပင် ဖြစ် ချေ၏။
ထိုသို့ အခြေပျက်,အနေပျက်ဘဝမျိုး ရောက်ရလေသောအခါ မယားဖြစ်သူ တရုတ်မကား ပွစိ ပွစိ၊ နားမခံနိုင်သော ထိုလင်က ရိုက်နှက်၏။ ငို၏။ ငါတို့စိတ်မကောင်းပြီ။ သို့ကြောင့် ငါတို့ ရှေ့ဝယ် မရိုက်နှင့်၊ မယားမညှင်းဆဲနှင့် ထွက်သွား။ ဟူ၍ ငါတို့က စာပစ်၏။ ထိုစာကို ဆရာတော် ဦးလာဘ(ညောင်ဦးမှကြွရောက်လာ၍ အုပ်ချုပ်သူ)
ထံသွားပေး၏။ ဆရာတော်ကား စာကို စာချဘုန်းကြီး ဦးဘာဝိတသို့ ခေါ်ငင်ပေးကာ ဤစာ ရေးသူကို
ဖော်ထုတ်၍ ကျောင်းမှထုတ်စေ အမိန့်ထုတ်၏။ ဦးဘာဝိတကား ငါတို့လက်ရေးမှန်း အတပ်သိ ပြီးဖြစ်သဖြင့် စာတော်သော ငါတို့အား ညှာတာ သောအားဖြင့် ဖုံးအုပ်ကာ အကာအကွယ် ပေးခဲ့ချေ၏။

""ဝိသဘာဂကြားမှ စာ အနာ မလွတ်တတ်""

ထို သရက်တောတိုက်ကား ရန်ကုန်မြို့ကြီး ၏ အလည်ခေါင်၌ တည်ရှိချေရကား လောကီအာရုံ တို့ ရှုပ်ထွေးပွေလီလှချေ၏။ ငါတို့ သရက်တော တိုက်ဝယ် ထိုစဉ်က ကျောင်းပေါင်း(၇၆)မျှ အရေ အတွက်ရှိ၏။ ကျောင်းနေသံဃာကား (၆၀၅)ပါး မျှရှိပြီး အိမ်ထောင်သားမွေးလူဦးရေကား အသက် (၁၈)နှစ်ပြည့်ပြီးသူပင်(၇ဝဝ)ကျော်၏။

 သူကြီး တစ်ပိုင်အုပ်ချုပ်ရသော သရက်တောကျောင်းတိုက် ရပ်ကွက် အမည်တွင်၏။ သူကြီးကား သာယာကုန်း ကျောင်း၌ရှိ၏။
သည်အထဲ နိုင်ငံရေး၏ သန့်ရှင်း၊ တည်မြဲ အကွဲအပြဲကလည်း မင်းမူ၏။ ငါတို့ရောက်သော ထိုနှစ် (၁၃၂၁-ခုနှစ်)သည် အိမ်စောင့်အစိုးရ ခေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ တစ်နှစ်ခြောက်လ အစိုးရ ခေတ်လည်းဖြစ် ရွေးကောက်ပွဲကာလလည်း ဖြစ်ခဲ့ ချေ၏။

ထိုစဉ်က အိမ်စောင့်အစိုးရတွင် ဗိုလ်ချုပ် ကြီးနေဝင်းတစ်ဦးတည်းသည်သာ ဘက်မလိုက်ဖြစ် ခဲ့၏။ တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေး ပါမည်ကတိအတိုင်း တည်ကြည်စွာ အုပ်ချုပ်ခဲ့သူ ဖြစ်ခဲ့၏။ ၄င်း၏လက်အောက်ရှိ တာဝန်ခံများဖြစ်
ကြသော ထိုစဉ်ကအာဏာရှိ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ရွှေတို့ကား တည်မြဲဘက် အလေး ကဲသဖြင့် လက်အောက်ခံတပ်များသည်လည်း တည်မြဲသန်တပ်များတို့ချည်း ဖြစ်နေကြချေရာ ထိုနယ်အတွင်း လူတို့မသွားဝံ့ မစည်းရုံးရဲ ဆို၏။ တည်မြဲတို့ကလည်း တပ်အားကိုးဖြင့် ရှုံးလျှင်လည်း နိုင်ရမည်။ နိုင်လျှင်လည်းနိုင်ရမည် ဟူ၍ပင် ရဲတင်းစွာ ကြွေးကြော်နေချိန်ဖြစ်၏။

တစ်ဖန် သန့်ရှင်းဘက်၌ စီးပွားရေးသမား ထောက်ထောက်ခံခံမရှိ။ တည်မြဲတို့ဘက်မှာကား စီးပွားရေးအရင်းရှင် တရုတ်သူဌေးကြီးပေါင်းများစွာ ပင် ကျောထောက်နောက်ခံရှိ၏။ သို့ကြောင့် မဲရှင် တို့အား ငွေပေး၍ တစ်မျိုး၊ အာဏာဖြင့်ခြိမ်းခြောက် ၍တစ်ဖုံ မဲစွယ်စုံရှိ၏။ ငါတို့ကျောင်းတိုက်တွင်းကား လမ်းမတော်နယ်ဖြစ်သဖြင့် မဲရှင်တစ်ဦး(၃၀၀)ကျပ် မှ(၅၀၀)ကျပ်အထိပင် မဲတစ်ပြားအတွက် တန်ဘိုး ရကြသည်ဆို၏။ အတိအကျကား မသိ။ ကြားဖူးခဲ့ သည်သာ။

 ရွေးကောက်ပွဲနေ့၌ ထမီနီတစ်ထည်ဖြင့် ဇိမ်ခံကား အလကားစီး၍ မဲပေးရသည်ကား မျက်မြင်တည်း။  သတင်းစာတို့တွင်လည်း အိုးဝေ၊ပြည်ထောင် စု တို့မျှသာ သန့်ရှင်း၌ပါ၏။ မီးနတ်၊မဏ္ဍိုင် စသည် များကား တည်မြဲဘက်မှ ရပ်ကြ၏။ ရန်ကုန်၊ ကြေးမုံ တို့ကား သတင်းစာသက်သက်မျှအဖြစ် ရပ်တည် ကြ၏။

ထိုသို့ အကြိတ်အနယ် အမျိုးမျိုးတို့ အကြား မှ ရွေးကောက်ပွဲကြီး ပြီးစီးသွားရ၏။ သန့်ရှင်း ဘက်မှ အပြတ်အသတ်(တစ်ပြည်လုံးနီးနီးအထိ)
အောင်ပွဲခံရ၏။ ငါတို့ကား ထိုအချိန်သည် စာထက် နိုင်ငံရေးသတင်းက ပိုပြီးအားပါနေ၏။ စာကျက်၏။ ရ၏။ အချို့နေရာများ၌ ယမန်နှစ်ကရပြီးသားဖြစ်ခဲ့ သည်ကို စွဲ၍ ရသယောင် ထင်မိ၏။ ဂဃနဏ စစ်ကြည့် - ဟုတ်တိပတ်တိမမိ။ မြို့ကြီး၏ မြို့လယ် ကျောင်း ဖြစ်သဖြင့် စာစည်းကမ်း၊ သာသနာစည်းကမ်း
တင်းကြပ်မှုမရှိ။

 ရွာ,ရွေးကောက်ပွဲကြီးပြီး၍ စာရွေးကောက်ပွဲကြီး ကျင်းပရာသို့ ငါတို့ဝင်ရောက် ဖြေဆို၏။ မအောင်လေ။ မမိသောစာသည် မိရာ သို့ကား မဝင်။ လွတ်ရာသို့သာ စင်သွားသော ကြောင့်တည်း။

""တစ်ရွာမပြောင်း သူကောင်းမဖြစ်""

ထိုနှစ် (၁၃၂၁-ခုနှစ်) ၏ နွေဦး စာဖြေပြီးချိန် ရောက်သောအခါတွင် ငါတို့သည်ကား အာရုံကြီးစိုး ရာ ရန်ကုန်နေ၍ ဖြင့်တော့ တိုးတက်ရန်မရှိ ဟူ၍ သုံးသပ်မိ၏။ ငါတို့နည်းတူ ဦးပညာဝံသ (ဝေဘူဆရာတော်ဘုရားကြီး၏တပည့်အရင်း၊ အင်ကြင်းပင် ဇာတိ) နှင့် ဦးဇနိတ(အင်ကြင်းပင်) တို့လည်း သုံးသပ်မိကြ၏။ အစတွင် သုံးပါးစလုံး တောင်ကြီး သိမ်တောင်ပါဠိတက္ကသိုလ်သို့ သွားရန် စီစဉ်ကြ၏။ ဥတုဒဏ် မခံနိုင်မည် စိုးသဖြင့် မသွားဖြစ်ကြ။ သို့ကြောင့် ဥတုလည်းမျှ မြို့ အနေအထားလည်း မသေးလှ မငယ်လှသော မော်လမြိုင်သို့ ထိုနှစ်၏ သင်္ကြန်အကြိုနေ့ကြီးဝယ် ရထားဖြင့် သုံးပါးစုံ သွားကြလေကုန်၏။

ဦးပညာဝံသကား အလယ်တောရတိုက် ပါဠိ တက္ကသိုလ် စာချကျောင်းမှ။

ဦးဇနိတ ပုစွန်တောင်၊ညောင်ကုန်း ပြဿဒ်ကျောင်းမှ။

ငါတို့ သည် ကား သရက် တောတို က် ကျောက်ပန်းတောင်းကျောင်းမှ။

ငါတို့သည်ကား သင်္ကြန်အတွင်း မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်သို့ ရောက်ခဲ့၏။ ငါတို့ဆရာ ဦးကောသလ္လကား ပခုက္ကူမှနေ တကူးတက ငါတို့ကို
ခေါ်ရန် ကျောက်ပန်းတောင်းကျောင်းသို့ လာ၏။ အပြောင်းလျင်သဖြင့် လွဲသွားရချေပြီ။

ငါတို့ ကျောက်ပန်းတောင်း၌ ရှိဆဲအတွင်း က ပခုက္ကူမှနေ၍ ငါတို့ထံ စာတစ်စောင်ရေး၏။ အချုပ်မှာ ငါ့စကားနားထောင်မလား၊ နားမထောင် ဘူးလား ဟူ၏။
ထိုစဉ်က ငါတို့ကလည်း ပြန်စာဆက်ကပ် ၏။ ထိုပြန်စာထဲ၌ ဖြစ်ကြောင်းကုန်စင် အားလုံးပင် ပါဝင်၏။ အဆုံးမှာကား ဝေဠုဝန်သို့ ပြန်ဝင် ရမည်ဆိုသော ဆုံးမစကားမှလွဲ၍ ကျန်အားလုံး နားထောင်ပါမည် ဟူ၍တည်း။ ။

ယခု ဆရာမျှော်သောတပည့် မတွေ့ရတော့ သဖြင့် လက်လျှော့ကာ ဝေဠုဝန်သို့ ပြန်ကြွသွား သည်ဟု သတင်းကြားရ၏။ စိတ်ထားမကောင်းမိ။ သို့သော် ဘာမျှမတတ်နိုင်ပြီ။

မော်လမြိုင်ကား နေရာလည်းသာယာ၏။ လူလည်းသာယာ၏။ ငါတို့စိတ်လည်းသာယာ၏။ ပင်လယ်ကွေ့ ဖြစ်သဖြင့်လည်းကောင်း၊ တောတောင်စုံ ရှိသဖြင့်လည်းကောင်း၊ နေရာသည်သာယာ၏။ ဥတု မျှတ၏။ တွေ့သည်နှင့် လှိုက်လှဲဖော်ရွေစွာ ဆက်ဆံ
လေ့ရှိသောမွန်၊ တွေ့သည်နှင့် ရည်မွန်သော စေတနာ များဖြင့် ဆီးကြိုလေ့ရှိသောမွန်၊ တွေ့သည်နှင့် ရဟန်းဆို ရှေးက ဆွေဟောင်းမျိုးဆက်တို့ ပြန်လည်တွေ့ဆုံရပုံ မျိုးများဖြင့် ဝတ်ပြုလေ့ရှိသောမွန်၊ တွေ့သည်နှင့် မာတုဂါမ(မိန်းမ)မှန်သမျှ ရဟန်းတို့နှင့် ထိပ်တိုက် ရင်ဆိုင်ကာ သွားလာလှုပ်ရှားခြင်း မပြု။ ထိုရဟန်း ၄င်းတို့ကို ကျော်လွန် လွတ်မြောက် သွားလေမှသာ လမ်းဘေးထိုင်ရာမှ ထသွားလေ့ရှိသောမွန်၊ ထိုမွန်, ဤမွန်တို့ အခြေစိုက်ရာ ဒေသကောင်း ဖြစ်သဖြင့် လည်း သာတောင့်သာယာရှိ၏။

စင်စစ် မွန်တို့သည် ဤမြန်မာပြည်၏ ဘုရားသာသနာ ဦးစွာခြေခြရာ ဒေသကောင်းဖြစ် လေသဖြင့် အမူအကျင့်ကောင်းများ မြောက်များစွာ ကျန်ရှိနေချေသေး၏။
ဘုရားရှင် ရှစ်ဝါအရ သထုံပြည် (ယခု တောင်စွန်း ကေလာသတောင်၏အနီး ဝင်းက
ဂရက်သမရွာ)သို့ ဂဝံပတိထေရ်၏ ပင့်လျှောက်ချက် အရ နောက်ပါရဟန္တာ(၅၀၀) အခြံအရံတို့ဖြင့် ကိုယ်တော်တိုင် ကြွရောက်တော်မူခဲ့သောနေရာ ဒေသဖြစ်ချေ၏။ ထိုဒေသတို့၌ တာကူးလပြည့်နေ့ ကို ဘုရားပွဲ(ကေလာသဘုရားပွဲ)ကျင်းပခြင်း၊ အလှူ ဒါန ထူးကဲစွာပြု ကျင့်ကြခြင်း စသည်များကို
ထောက်လျှင် ထိုစဉ်က ဘုရားကြွလာတော်မူသော နေ့ရက်သည် ယင်းလပြည့်ဝန်းကျင် ဖြစ်ဟန်ရှိ၏။

မွန်တို့သည် ရှင်စောပုခေတ်၌ ရဟန်းတော် များကို အလေးပေးခြင်း၊ မနူဟာခေတ်၌ ရဟန်းတို့ ကို အလေးပေးခြင်းစသော အမူအကျင့် ဓလေ့ကောင်း အမွေကောင်းတို့ကို လက်ဆုပ်မိရ ကိုင်မိဆုပ်မိ ထား ဟန်ရှိ၏။ ဘာမဆို သံဃာသို့သာ ဦးတည်၏။
ကားသစ်ဝယ်ပြီးသူသည် ၄င်းကားကို သံဃာ များ သတင်းသုံးရာကျောင်းသို့ မောင်းနှင်လာခဲ့ပြီး သံဃာတော်တို့က ပရိတ်တရား ကားပေါ်ဝယ် ရွတ်ဖတ် ချီးမြှင့်ခြင်းကို ခံယူပြီးမှသာ သုံးလေ့ရှိသည် ကို တွေ့ခဲ့ရ၏။

လူမမာ ဆေးရုံသွားလိုလျှင်လည်း ကျောင်း သို့ လာကာ ရဟန်းတို့ထံမှ ပရိတ်တရားနာယူ ပြီးမှ သာသွားလေ့ရှိသည်ကို ငါတို့ စိန်မမကျောင်း ကိုးကွယ်သော ဒေါက်တာ ဆွန်ဒရွန်း(သီဟိုဠ်ဇာတိ) ဆီးချိုရောဂါဖြစ်ပွားသဖြင့် ရန်ကုန်သို့ သွားရောက် ၍ ဆေးကုသခံယူရန် ပြင်ဆင်စဉ်က ငါတို့ အဝင် အပါ တစ်ကျောင်းတိုက်လုံး(သံဃာ ၇၀-ခန့်)ရှိ သံဃာတော်တို့၏ ပရိတ်တရား လာရောက်နာကြား သည်ကိုထောက်၍ သိခွင့်ရခဲ့၏။

သို့ကြောင့် မွန်တို့ဒေသ မော်လမြိုင်သည် စိတ်မြင်ကွင်းသာယာနေသဖြင့် စိတ်ကြည်ရွှင်ခြင်း ကိုဖြစ်စေဘိ၏။ ရာမည-နှလုံးမွေ့လျော်ဖွယ် ဖြစ်စေ သောအရပ် ဆိုသည်နှင့်လည်း ညီ၏။

ဘာသာဟူသည် ယုံစရာမရှိသဖြင့် အရဲလို နေသောစိတ်ကို မြှင့်တင်ရာ၏ လက်နက်ဖြစ်၏။

အစွဲ၍ အရဲပိုလာစေသော စိတ်တန်ခိုး စိတ်သတ္တိ မွေးထုတ်ရာ မိခင်ပမာဖြစ်၏။ စိတ်နေအဆင့် မြင့် မားတိုးတက်စေရန် လေ့ကျင့်ပေးနေသော ဆရာ ပမာလည်း ဖြစ်၏။

အစမျှသာသိပိုင်သော ခေါင်းဆောင်တို့ ဦး စီးရာ ဘာသာဝါဒ၌ ကံတစ်ခုကိုသာ ဦးစားပေး လျက်က စိတ်ကို မကောင်းရာမှကောင်းရာသို့ ဆွဲဆောင်ပေးတတ်၏။

တစ်ဝက်မျှသာ သိပိုင်သော ခေါင်းဆောင် တို့ ဦးစီးရာ ဘာသာဝါဒ၌ ကံတွင်း ဈာန်သွင်းပေး လျက်က စိတ်ကို ကောင်းရာမှ မြင့်ရာသို့ ဆွဲဆောင် ပေးတတ်၏။

အဆုံးထိ သိပိုင်တော်မူသော ဘုရားရှင် ဦးဆောင်သည့် ငါတို့ ဗုဒ္ဓဝါဒ၌ကား ကံ-ဈာန်တို့ အတွင်း ဉာဏ်ပါသွင်းပေးလျက်က မြင့်ရာမှ မြတ်ရာ သို့အထိ ပို့ဆောင်ပေး၏။

သို့ကြောင့် ထိုဘာသာဝါဒတို့၏ နောက် လိုက်များစွာတို့တွင်
ကံဆွဲဆရာတို့၏ နောက်လိုက်တို့ကား လူ့ဘုံ နတ်ဘုံများမှ ရှေ့မတိုးသာပြီ။ လူ့စည်းစိမ် နတ်စည်းစိမ် ခံစားခွင့်မှလည်း ရှေ့ထွက်မလာပြီ။ ထွက်ရကောင်းမှန်းလည်းမသိပြီ။

ဈာန်ဆွဲဆရာတို့၏ နောက်လိုက်တို့ကား လူ့ဘဝ-လူ့စည်းစိမ်၊ နတ်ဘဝ-နတ်စည်းစိမ်များ အပြင် ဗြဟ္မာဘဝ၏ ဗြဟ္မစည်းစိမ်အထိကိုပါ ခံစားခွင့်သာစေ၏။ သို့တစေလည်း ဉာဏ်သွား မဖက် ဈာန်လားသက်သက်မျှသာဖြစ်ခြင်း၊ ကိုယ်ပိုင် မထုတ် နောက်လိုက်အလုပ်မျှကိုသာ ဆန္ဒ- ဝီရိယ အားသွင်းထားခြင်းများကြောင့် ဗြဟ္မာ အောက်တန်း စား ဗြဟ္မာအောက်ဆင့်များမှ ရှေ့မတိုးသာပြီ။ နိဗ္ဗာန်ဘုံနှင့် အရိယာစည်းစိမ် ခံစားခွင့် ဘက်သို့ လည်း ထွက်မလာပြီ။

ဉာဏ်ဆွဲဆရာတစ်ဆူ ဖြစ်တော်မူသော
ဘုရားရှင်၏ ဩဝါဒခံ ဗုဒ္ဓဘာသာတို့မှာမူကား ကံ ချမ်းသာတို့ ကြီးစိုးရာ လူ့ဘဝ-လူ့စည်းစိမ်၊ နတ်ဘဝ-နတ်စည်းစိမ် များကိုလည်း ခံစားခွင့်ရ၏။ ဉာဏ်ပင်း ဈာန်ချမ်းသာတို့ ကြီးစိုးရာ အထက်အထက် ဗြဟ္မာဘဝ၊ ဗြဟ္မစည်းစိမ် များကိုလည်း ခံစံခွင့် ရ၏။ ဖလသမာပတ်၊ နိရောဓသမာပတ် မှသည် မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ များကိုလည်း ဉာဏ်ချမ်းသာကြွယ်ဝလျှင် ကြွယ်ဝသလောက် သုံးပိုင်ခွင့် ပိုလာသေး၏။

ထိုအတုမဲ့ဘဝ၊ အတုမဲ့ချမ်းသာ(ပြိုင်စံကင်း ချမ်းသာ) မျိုးကို ပိုသုံးခွင့် ရစေသည့်အပြင် ရုပ်ဒုက္ခ၊ နာမ်ဒုက္ခတို့ကို အိုမှု၊ နာမှု၊ သေမှု ဟူသော အကြီးစား မှသည် အသေးအဖွဲများ ဖြစ်ကြလေသော တစ်ဦး နှင့် တစ်ဦး အကြိုက်ပေး၍ အဖျက်ဆီးခံနေရခြင်း၊ မကြိုက်ပေး၍ အဖျက်ဆီးခံရခြင်း၊ သဘာဝဘေးရန် တို့၏ အဖျက်ဆီးခံရခြင်းစသည်များမှ လွတ်မြောက် ရာ နိဗ္ဗာန်ဘုံသို့ ပြောင်းရွှေ့ နေခွင့်ရသေး၏။

နိဗ္ဗာန်ဆိုသည်မှာ တစ်ခြားဘာသာရေး သမားတို့ ပုတ်ခတ်စွပ်စွဲသလို မရှိသောအရာမျိုး မဟုတ် ရှိသောအရာသာဖြစ်၏။ ရှိသဖြင့်သာ ဘုရားစသား အရိယာကြီးများ သွားရောက် စံနေနိုင် ကြ၏။ မရှိသော် စံ၍ ဖြစ်မည်မဟုတ်။ ထိုနိဗ္ဗာန် သည် ရုပ်, နာမ် ခေါ် ခန္ဓာမှ အလွတ်ဖြစ်၏။ အစွဲ ကင်းသဖြင့် စွဲရုပ်, စွဲစိတ် မရှိသော အရာမျိုးဟု ဆိုလို၏။

အာယတန ခေါ် အကြောင်းခံအားဖြင့် ဟူသော အကြောင်းထား အထင်အရှားရှိ၏။

 ဓါတ်ခေါ် ဖြစ်ပွင့်ခြင်းအားဖြင့် ဓမ္မဟူသော အရှိန် တွန်းအား အထင်အရှားရှိ၏။

သစ္စာ ခေါ် အမှန်သဘာဝအားဖြင့်လည်း နိရောဓ ဟူသော ငြိမ်သက်အား အထင်အရှားရှိ၏။
 ထို့ကြောင့် နိဗ္ဗာန်ဝင်ပြီးဘုရားသို့ အာရုံတန်း ရည်မှန်း၍ ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူသော်
ဓမ္မာယတန ဓမ္မဓါတ်အကြောင်းခံ အမှန်ရှိထားခြင်း
ကြောင့် ယုံကြည်လေသူတိုင်း ယုံလျှင် ယုံသလောက် အကျိုးထူး သက်ရောက်စေခြင်းသို့ သတ္တိစွမ်း ပြသတတ်ချေ၏။

ထိုဘုရားဆွမ်းကပ်၊ ပန်းရေချမ်းကပ်သည် ဘုရားအတွက်ကား မဟုတ် မိမိအတွက်သာ။

နိဗ္ဗာန်၏(နိဗ္ဗာန်ဝင်ပြီး၏)ဓမ္မာယတနနှင့် မိမိ၏ မနာယတန ခေါ် အာရုံပြုမနော ထိုနှစ်ခုတို့ တည့်တည့်ကြီး ထိတွေ့မိချေသော် မိမိ၌ ဗုဒ္ဓဂုဏ် ဟိတ် ပုံရိပ်သည် မနောဝိဉာဉ်အဖြစ် ပေါ်ထွန်း၍ လာစေ၏။ ထိုမနောဝိဉာဉ်ခေါ် မိမိအသိဉာဏ်၌ သဒ္ဓါဉာဏ် ထပ်ပိုးဝင်လာသောအခါ
ဗုဒ္ဓ၏(နိဗ္ဗာန်ဝင်ပြီး၏)ဓမ္မဓာတ်နှင့် မိမိ၏ မနောဓာတ်တို့သည် အပွင့်ဓာတ်အဖြစ် ပွင့်ပေါ်လာ ၏။ ထိုအခါ မနောဝိဉာဉ်ဓာတ်သည် မဲညစ်နေရာမှ ဖြူစင်တောက်ပလာပြီး လူ့ဘဝ လူ့အကျိုးကို လည်း
ကောင်း၊ နတ်ဘဝနတ်အကျိုးကိုလည်းကောင်း၊ ဗြဟ္မာဘဝ ဗြဟ္မာအကျိုးကိုလည်းကောင်း သယ်ပိုး သွားချေတော့၏။ သို့မဟုတ် ထိုကုသိုလ်ယှဉ် ဉာဏ်ယှဉ် စိတ်တန်ခိုး စိတ်သတ္တိလေး၏ အလင်း ရောက်က လူသွားလမ်း၊ နတ်သွားလမ်း၊ ဗြဟ္မာသွား လမ်းများကို အလင်းပြ၍ လမ်းစဖော်ပေးခြင်း။

ဗုဒ္ဓ၏(နိဗ္ဗာန်ဝင်ပြီး၏) နိရောဓသစ္စာသည် လည်း ဉာဏ်လမ်းသို့ တက်လာသူဖြစ်ခဲ့လျှင် ထိုသူ၏ တစ်ချက်မှတ် ကိလေသာချုပ်စပ် တစ်ချက်ပြတ် တဒင်္ဂနိရောဓနှင့် ထိတွေစေသောအားဖြင့် တွန်းအား အရှိန်တည်ရှိကာ ဓာတုပရိနိဗ္ဗာန် မစံမချင်း အငြိမ်း ဓာတ်ကို ဝိုင်းဝန်းဖွင့်ပေးလေသည်သာ။

သို့ဆိုသော် နိဗ္ဗာန်ဆိုသည်မှာ မရှိသော နေရာဟူသည့်စကား အဘယ်မှာ ယုတ္တိ ရှိအံ့နည်း။ ဘုရားဆွမ်းတော်ကပ်က ကြွက်စာ၊ ဘုရားပန်းကပ် က ကြွက်သိုက်၊ ဘုရားရေချမ်းက ကြွက်သောက်ရေ၊ ဘုရားဆီမီးကား ကြွက်လမ်းပြဟူသည့် စကားလည်း
အဘယ်မှာ အဓိပ္ပါယ်ရှိအံ့နည်း။ လေဓာတ်၊ မီးဓာတ် များ၏ အခိုးအရှိန်သတ္တိကို လက်ခံနိုင်သေးလျှင် ဓမ္မဓာတ်၏ အရှိန်သတ္တိ လက်မခံနိုင်စရာ အကြောင်းမရှိ။

သင်သည် ပြင်ပဗန်းပြ သာမာန်မျှသော ကံကုသိုလ်၊ ဉာဏ်ကုသိုလ်မှု ပြုကျင့်တတ်ရုံမျှဖြင့် ဗုဒ္ဓဘာသာ အမည်မခံသင့်။

သင်သည် ပြင်ပကိုကြည့် အပေါ်ယံမျှသော အသိဖြင့်လည်း ဗုဒ္ဓဝါဒ၏ အကြောင်းခြင်းတ များကို မဝေဖန်သင့်။

| ဗုဒ္ဓဝါဒသည် ဉာဏ်၌သာ နား၏။ ကိုယ်ပိုင် ဉာဏ်ရှင်တို့၏ ကျက်စားရာသာ ဖြစ်ဘိ၏။ ဖရဲသီး၊ ပိန္နဲသီးတို့၏ မှည့်မမှည့်ကို ပုတ်ကြည့်မှ သိရ၏သို့ အတွင်း၌သာ ဓမ္မဓာတ်၏ ဓမ္မရသ၊ နိဗ္ဗာနဓာတ်၏ ဝိမုတ္တိရသ အမြုတေတည်သော ဗုဒ္ဓ၏ စစ်မှန်တည့်
ဖြောင့်လှသော ဝါဒရေးရာအဖြာဖြာကိုလည်း မိမိ ကိုယ်တိုင် မိမိခန္ဓာဖြစ်စဉ်ကို သတိဖြင့်ဖိ၊ အသိဖြင့် လှည့်ကြည့်လေမှ တွေ့သိရတတ်ချေသည်။

မည်မျှ ဗုဒ္ဓဘာသာ အမည်ခံထားသော် လည်း ဉာဏ်မပင်းသော ကံတွင်းကုသိုလ်မျှဖြင့် ဗုဒ္ဓ၏ အဆုံးအမ အဆုံးဘဝအထိ မရတတ်ချေ။
 ဉာဏ်ကင်းသော ဈာန်ရင်းကုသိုလ်မျှဖြင့်လည်း ဗုဒ္ဓ၏အမွေမြစ်ချေမှသည် အပွင့်အသီး, အမှည့် တို့အထိ မမိတတ်ချေ။

ဤကား ဘာသာနှင့်ပတ်သက်သော ညှပ်ဖက် စကားတည်း။

ငါတို့နေရာ ရာမည ခေါ် မွန်တို့ဒေသ မော်လမြိုင်ကား တော်သလင်းလပြည့်ကျော်(၁၀) ရက်မှသည် မိုးမကျမချင်း(သင်္ကြန်နှစ်မကူးမချင်း) ဘာသာရေးပွဲများဖြင့် အချိန်ကုန်၏။ မုပွန်ရပ်ကွက် ဘက်မှစ၍ အစဉ်အတိုင်းသော ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ အချို့ကား တစ်ရပ်ကွက်၊ တစ်လမ်း တည်း၌ပင် အထက်အောက် နှစ်နေရာခွဲ၍ ဆွမ်းဆန်
စိမ်း လောင်းပွဲများ သူ့ထက်ငါ ကျင်းပကြကုန်၏။

မိုးကျခါနီးကာလ၌ကား တစ်မြို့လုံးရှိ သဘင်အဖွဲ့အားလုံးတို့သည် မြို့စောင့်ဘိုးဘိုးကြီး တည်ရှိရာ ဒိုင်းဝန်ကွင်းရဲစခန်းအနီးရှိ မြို့ပေါက်ဝ ကွက်လပ်၌ လာရောက်ကပြကြရကုန်၏။ ရုပ်သေး၊ အငြိမ့်၊ ဇာတ်စုံ အကုန်ပင် အလှည့်ကျလာရောက် ကပြ ကြရကုန်၏။

ဝါတွင်း၌ကား ပျားရည်ဆွမ်းလောင်း ဟူ သော အစဉ်အလာလည်းတွေ့ခဲ့ရ၊ အလှူခံခဲ့ရချေ ၏။ ဓလေ့ထုံးစံကား အလွန်ကောင်း၏။ အလွန် လည်း တလေးတစား လိုက်စားကြလေကုန်၏။ သို့တစေ လည်း ဉာဏ်မပါသဖြင့် အဆံမပါသော ဆွဲလည်း လှုပ်ခါကြည့်ရသလို အပျော်ဘက်အားကြီး အနှစ် မကြီးလေ။ အပေါ်ယံသားေ၍ အထဲသို့မတိုးဝှေ့ လေ။ ကြာသော် မိရိုးဖလာမျှသာဖြစ်ပြီး ငါကျိုးစား သောငါ့ဘာသာအဖြစ် ရပ်တည်ရန် ခဲယဉ်းလာ ပေလိမ့်မည် ထင်မိ၏။

""အပျော်လွန်သဖြင့် နယ်ကျွံသွားသော ငါ""

ငါတို့ ဝင်ရောက်ခိုလှုံရာ စိန်မမပါဠိတက္ကသိုလ် ၏ အဓိပတိကား ဆရာတော်ဦးကုဏ္ဍလ ဖြစ်၏။ ၄င်းကား ရမည်းသင်း ဇာတိဖြစ်၏။ ထိုဆရာတော်၏ ဝါဒမှာ ဘုရားရှင် ကိုယ်တော်တိုင်ကမှ အသက် (၂ဝ)ပြည့်၍ သိတတ်လာပြီဆိုကာ ရဟန်းအဖြစ် ခွင့်ပြုထားသဖြင့် စာသင်သားတို့အပေါ် စည်းကမ်း ထားစရာ မလိုဟူသော အယူအဆပင်ဖြစ်၏။ ထိုဝါဒ အတိုင်းလျှင် စာသင်သားတို့ကို လွတ်လပ်စွာ ထားတော်မူ၏။

သည်အထဲ ငါတို့၏ ရန်ကုန်၊ ဗဟိုစည်ရပ် ကွက်ရှိ ဆွမ်းဒကာ-ဒကာမများ ဖြစ်ကြလေသော
ကိုစိန်မြိုင်-မခင်ရီတို့က ၄င်းတို့ မိဘ,ညီညီမများ ရှိရာ မော်လမြိုင် ဒိုင်းဝန်ကွင်း အောက်ကျင်းရပ် (ကျိုက်ဖနဲဆိပ်ကမ်း၊ ကျိုက်ဖနဲဘုရားအနီး)သို့
လိပ်စာပေးလိုက်ရာ ထို ကိုစိန်မြိုင်၏ညီ ကိုစန်းလွင် (စီးပွါးရေးဆန်းလွင်အမည်ခံနှင့်)သွား ဆက်မိချေ၏။ ၄င်းသည် ယခင်က စီးပွါးရေးသတင်းစာတိုက်ပိုင်ရှင် (စီးပွားရေးမြင့်ဦး, နောင်သော် ရဟန်းဘောင်ကူးသွား
တော့၍ ဘွဲ့အမည်- ဦးမုနိန္ဒ) နှင့် အကျွမ်းဝင်၏။ ယင်းသတင်းစာအတွက် သတင်းထောက် လုပ်ကိုင်ခဲ့ ဖူး၏။ စီးပွါးရေးစန်းလွင် ကလောင်အမည်ဖြင့်လည်း
ဆောင်းပါး၊ ဝတ္ထု ရေးခဲ့ဖူးသည်ဆို၏။ ယခုသော်ကား စာရေးဆရာကြီး ဦးရန်အောင် ဦးဆောင်ကာ စိန်လွင်လေး၊ စီးပွားရေးမြင့်ဦး စသည့် ကလောင် အကျော်အမော်တို့က မြန်မာနိုင်ငံ ကလောင်သစ်များ အသင်းဟူ၍ ဖွဲ့စည်းတည်ထောင်လေရာ မော်လမြိုင် ၌လည်း ထိုစန်းလွင်ကပင် ဦးဆောင်ကာ အဖွဲ့ခွဲ ထူထောင်၏။

စာပေဝါသနာရှင်များ ကလောင်သွေးလိုသူ များ တက္ကသိုလ် ကျောင်းသား, ကျောင်းသူများ အထိ ပါဝင်လာ၏။ ငါတို့သည်လည်း ကဗျာစာပေ ဝါသနာပါသည်က တစ်ကြောင်း၊ ကောင်းဆိုး လက်တည့်စမ်းချင်သော တဏှာအခုအခံက ထကြွ သည်က တစ်ကြောင်းတို့ကြောင့် ထိုအဖွဲ့ထဲ ချော်လဲ ရောထိုင်မိခဲ့ရ ချေ၏။ ထိုအဖွဲ့က စည်းရုံးသော အားဖြင့်လည်းကောင်း၊ အင်အားပြသောအားဖြင့် လည်းကောင်း၊ မြို့လူထုတို့ မြင်သာရာ၊ မြို့လူထုတို့ ဦးခိုက်ရာ ကျိုက်သလ္လန်စေတီ ရင်ပြင်ဝယ် ဝါဆိုပန်း တပ်ပွဲ ကျင်းပခြင်း၊ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပ ခြင်း စသည်များ၌ ထိုအကြောင်းအရာဘွဲ့ ရတုပိုဒ်စုံ မှန်သမျှငါတို့လက်ရာချည်း ဖြစ်ခဲ့၏။ ထိုရတုပိုဒ်စုံ ကို ထိုပွဲလည်၌ အသံကောင်းသော ထို ကိုစန်းလွင်က ဗတ်၍ ဘုရားပူဇော်ရာ တစ်ချီနှင့် နားထောင်မပြီး နှစ်ချီ-သုံးချီမျှအထိ ပွဲတောင်းခံခဲ့ရ၏။

ငါတို့ ရေးဖွဲ့မှုကား ရှင်မဟာရဋ္ဌသို့ မသက်၊
ရှင်မဟာသီလဝံသသို့သာ ဆက်မိ၏။ တုံးတိရှင်းလင်း စေသော အသီအကုံးမရ။ သွယ်ဝိုက် ရှည်လျှားသော အသီအကုံးသို့သာ (စကားကြောရှည်သူပီပီ) ဖွဲ့နွဲ့၍ ရချေ၏။ နောက်သော် ကဗျာသင်တန်း နည်းပြအဖြစ် လည်းကောင်း၊ ထိုအသင်း အတွင်းရေးမှူးအဖြစ် လည်းကောင်း ရှင်ဘဝဖြင့်ပင် ပါဝင်ခဲ့ရချေ၏။ ကာလသား-ကာလသမီးတို့အကြား တလွှားလွှား သာ ရှိဘိ၏။

ငါတို့နေရာ အလယ်တိုက်ကြီး၏ ငါတို့ နေရာအခန်း၌ကား တက္ကသိုလ်ကျောင်းသားတို့ ဝင်ထွက်ရာဌာန ဖြစ်ဘိ၏။ ပထမလတ်တန်းကျ နှစ်ခါလည်သား ဖြစ်သဖြင့် စာဝါတက်ခြင်းမရှိ။ စာကျက်ခြင်းလည်းမရှိခဲ့။ ည,နေ့ တို့ ပတ်လုံး စာအံ, စာပြန် မျှသာရှိခဲ့၏။ စာအံ,စာပြန်ကား မပျက်။ ငါ့တစ်သက် ထိုသက်တမ်းကာလက အမြဲဆုံးအစွဲဆုံးမှာ စာတစ်ခုသာရှိ၏။ ပရိယတ္တိစာပေ ကိုကား အထိမခံခဲ့ချေ။

ထိုနှစ် နတော်လ၌ စာဆိုတော်ပွဲ ကျင်းပ ကြ၏။ ပြန်ကြားရေးအရာရှိ ဦးခင်သန်း၊ ချွေတာစု
ဆောင်းရေးအရာရှိ ဦးမောင်မောင်၊ ကင်းထောက် တိုင်းမှူး ဦးတင်ငွေတို့နှင့် ငါတို့အဖွဲ့က ဦးဆောင်၏။ မော်လမြိုင်ကောလိပ် ကျောင်းအုပ်ကြီး ဦးတိုးအောင် (ကုသ)လည်း ပါဝင်၏။တစ်မြို့လုံးရှိ စာပေဝါသနာ ရှင်များလည်း စုံညီ၏။

ထိုပွဲ၌ စာပေပြိုင်ပွဲလည်း ပါ၏။ ခေါင်းစီး မှာ “ဓားသွားထက် ကလောင်သွားက ထက်၏” | ဟူသော အကြောင်းရာဘွဲ့ဖြစ်၏။ ပြိုင်ပွဲဝင် စည်းကမ်းမှာ ဝတ္ထု၊ ပြဇာတ်၊ စာညွန့်၊ ကဗျာ ၎င်းလေးမျိုးတို့ကို လေးမျိုးလုံးဖြစ်ဖြစ် ကြိုက်ရာ ဖြစ်ဖြစ် တစ်မျိုးလျှင် လျှောက်လွှာစာရွက် ဝတ္ထု၊ ပြဇာတ်၌ ငါးမျက်နှာ၊ စာညွန့်၊ ကဗျာ တို့၌ တစ်မျက်နှာကျစီ ဖြင့်သာ ခြုံမိငုံမိစွာ ဖွဲ့ဆိုနိုင်စွမ်း ရှိရမည်ဟူ၏။

ထိုစဉ် ငါတို့စိန်မမ၌ ဦးရာဇိန္ဒကား မထင်မရှားဖြင့် ငါတို့အတုယူကာ ဝင်ရောက်ယှဉ်ပြိုင်၏။ ငါတို့ကား ကဗျာ(ရတုပိုဒ်စုံ)တစ်ခုမျှသာ ဝင်ရောက် ယှဉ်ပြိုင်၏။ ဆုရကြေညာသောအခါ ထိုဦးရာဇိန္ဒ (ကလောင်အမည် မာန်အောင်စိုးမြင့်) ကချည်း ပထမသုံးမျိုး (ပြဇာတ်မှအပ) ရပြီး ပြဇာတ်၌ကား ၄င်း မယှဉ်ပြိုင်သဖြင့် ကျောင်းသားတစ်ဦးက ရ၏။ ငါတို့မှာကား တတိယပင် မချိတ်။ နှစ်သိမ့်ဆုဖြင့်
သာ ကိစ္စပြီးခဲ့ရချေ၏။

 ရေးသားရာ၌ နဘေသို့ အလေးပေးတတ်သူပီပီ အဓိပ္ပါယ်၌ မပေါ်လွင်လေ။ နဘေမစွက် အဓိပ္ပါယ်မြင် သက်သက်တို့ကား အောင်ပန်းဆွတ်ခူး သွားချေတော့၏။

ဆုပေးပွဲကိုကားနတော်လဆန်း(၁)ရက် နေ့ ညဝယ် ကပွဲဖြင့်ခမ်းနားစွာ ပေးအပ်ခဲ့ချေ၏။ ဆုရသူ ၎င်းဦးရာဇိန္ဒနှင့် ငါတို့ သည် ရေးဖွဲ့မှု အကြောင်းအရာခြင်း တူ၏။ ကလောင်သွားထက်ပုံ ၏ ပထမသည် - အနန္တသူရိယ၊ ဒုတိယကားလက်ဝဲသုန္ဒရ၊ တတိယကား- လှိုင်ထိပ်ခေါင်တင် ဟူ၍ အကွက်ဆင် ရေးဖွဲ့ကြ၏။ အသုံးအနှုန်း သည်ကား ၎င်းကသာလွန်ခဲ့ချေ၏။ ကပွဲ၏ ခင်းကျင်း မှု၌ကား လှိုင်ထိပ်ခေါင်တင် ဇာတ်လမ်းတည်း။

ထိုဇာတ်လမ်း၌ လှိုင်ထိပ်ခေါင်တင်အဖြစ် မအုံးရီ (ကိုစန်းလွင်၏နှမ) က သရုပ်ဆောင်၏။ ကျန် ဇာတ်ဆောင်များကား ကိုစန်းလွင်၊မောင်အေး စသူတို့ ဖြစ်ကြ၏။ နောက်ခံသီချင်းကိုကား အဆို
တော် မဉ္ဇူမြင့်က သီဆိုပေး၏။ တေးဂီတကား ရွှေမြိုင်တေးသံဝေ တူရိယာအဖွဲ့ဖြစ်၏။ ကားကြိုပို့ ကိုကား သူဌေးဦးစိုးတင့်က ကူညီ၏။
ဆုရပြီး နောက်ရက်များတွင်ကား ထို ဦးရာဇိန္ဒနှင့်ငါတို့ တွဲမိ, ချိတ်မိသွားကြပြီး ကျိုက္ခမီ၊ မုဒုံ၊ ကျိုက္ခရောစသည်သို့ ခရီးထွက်ကြ၏။ လေ့လာ ကြ၏၊ ရံတခါ မော်လမြိုင်၊ တောင်တန်းကြီးပေါ် သို့ တက်ကာ စာပေဆွေးနွေးကြ၏။ ဟိုသည် မျက်စိကစားရာမှ ထုံးဖြူဖြူစေတီနှင့်မြင်ကွင်းတွေတွေသည့်ဘက် မရောက်ရောက်အောင် သွားကြ၏။

ငန်းတေးနှင့် မုတ္တမတောင်တန်းများသည် ငါတို့ နှစ်ပါး၏ ခြေရာဖြစ်ခဲ့၏။ အစွန်းထွက်ဖြင့် မွေးဖွား
လာခဲ့ရသော ငါတို့ကား ဘယ်အစွန်း နင်းနင်းနင်းကျွံ ချည်းသာတည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၈)

""ရမ္မက်နှင့်အရှက် တွဲဘက်မိသော ငါ""

မော်လမြိုင်မွန်ဒေသ၏ ခင်မင်ရင်းနှီးမှုကား အစ၌ ဖော်ပြခဲ့ပြီး ဖြစ်ခဲ့၏။ သာသနာဝင် ရဟန်း များအပေါ် ဆက်ဆံမှုကိုလည်း အသိပေးခဲ့ပြီး ဖြစ်ခဲ့ ၏။ ထိုရင်းနှီးသော ဆက်ဆံမှုကား မည်မျှ အတိုင်းအတာ အထိ ခရီးရှည်သနည်းဆိုသော် မိမိတို့ သမီး ပျိုများ၊ ရဟန်းပျိုများနှင့် လွတ်လပ်စွာ ထားပေး ခြင်းအထိ တာသွား၏၊

 ဆွမ်းခံအိမ်တိုင်း သမီးပျို ရှိတတ်၏။ ဆွမ်းခံတိုင်းလည်း အချို့အိမ်များ၌ မိဘများ အိမ်ပြင် အရှာအဖွေထွက်ကြကာ သမီးပျို များချည်း တွေ့ရတတ်၏။ ထိုသမီးပျိုများကလည်း ဖော်ရွေတတ်ကြ၏။ ရဟန်းဟယ်ဆိုကာ ရဟန်းခင်မခင်၊ မိတ်ဆွေမင်-မင်တတ်သူချည်း နီးနီးသာ ဖြစ်တတ်ကြ၏။ အချို့ကား စကြသေး၏။ ငါတို့
အား ခနိုးခနဲ့ နှဲကြသေး၏။ ရင်းနှီးလေ အတွင်းမီး ရှို့လေဖြစ်လာခဲ့၏။ 

ထိုစဉ်က ငါတို့ အရွယ်မှာ (၂၀)နှစ်ဝန်းကျင်မျှ ရှိသေးသဖြင့် သွေးဆူလူပြည့် ရှုကြည့်လျှင် စွဲငြိစရာဖြစ်ဘိ၏။ 

- ငါတို့၏ ရာဂသွေးကား ထကြွ၏။ ရှက်သွေးများက သိမ်းဆည်းပေးထား၏။

 - ငါတို့၏ ရာဂစိတ်ကား ထိပ်တက်လာ၏။ ရှက် စိတ်က သိုဝှက်ထားလိုက်ပြန်၏။

သူ့ဆွမ်းစား၍ သူ့အား ရည်းစားစကား ပြောရမည်ကို ရှက်၏။ မိဘတို့ကို မျက်နှာပူ၏။ ရာဂသွေးမကင်းသော မျက်လုံးဖြင့် မော့ကြည့်ရမည်ကိုပင် ဝန်လေးမိ၏။ တစ်ဖန် မျက်ကွယ်ရောက် ၍ ရှက်သွေးပျောက်သွားလေသောအခါ ရာဂသွေး များက ထ၍နေရာယူကြ ပြန်၏။ ဤစိတ်နှစ်မျိုး တို့သည် ရန်ကုန်ရောက်ကတည်းက အားစမ်းပွဲ ကျင်းပကာ ကစားနေကြချေ၏။

ရွှေဘိုနေစဉ်က ကလေးစိတ်၏ အဆော့သန် ဖြင့် ရာဂစိတ်ကို ကစားကွက်ဖန်ခဲ့၏။ ထိုရွှေဘို နေစဉ်က ဆွမ်းခံသွားရာ၊ မြို့တွင်းသွားရာတို့၌ အလွန်ဣန္ဒြေရ၏။ 

ငါတို့ အရပ်အမောင်းကလည်းကျောက်ရောဂါ မရမီက ပု၏။ ပုပုနှင့် ဣန္ဒြေကြီး လွန်းလှသဖြင့် ပျဉ်ချေးရပ်ရှိ ဒကာများက မိုးထိ ဆရာတော်လေး ဟူ၍ ချစ်စနိုး ကင်ပွန်းတပ်ကြပြီး၊ မြင်းတပ်ရှိ ဒကာများက သံကိစ္စသာမဏေလေး ဟူ၏။ ထိုမြို့တွင်း၌ ဣနြေကောင်းသလောက် ကျောင်းရောက် သော်ကား မျောက်လောင်းတည်း။

တစ်ဖန် ငါတို့ရွှေဘိုနေစဉ်က ဘိနပ်စီး၊ ထီးဆောင်းလည်း အလွန်ပျင်း၏။ မည်မျှ နေပူ သဲပူ များကို မည်မျှ နင်းရနင်းရ ဘိနပ်ကိုကားမစီးမိ။ သို့ကြောင့် ဆရာဖြစ်သူ ဦးကောသလ္လက ဘိနပ်မစီး ဘဲ သွားခဲ့သော် ခြေထောက်ကို ကြိမ်ဖြင့်ရိုက်မည်ဟု အမိန့်ထုတ်သည်အထိ ဖြစ်ခဲ့၏။ 

ယခုမော်လမြိုင်၊ ရန်ကုန်တို့၌လည်း ဘိနပ်ကား ဗွက်ကြောင့် စီးဖြစ် သေး၏။ ထီးကား မဆောင်းမိသေး။ တစ်ဖန် ထို ရွှေဘို၌ အရှက်နှင့်ပျော်စိတ်တို့က အားပြိုင်ခဲ့ကြပြီး၊ ယခု မော်လမြိုင်၊ ရန်ကုန်တို့၌ကား အရှက်နှင့် ရမ္မက် တို့က အားပြိုင်၍ နေချေပြီ။ အရှက်သည် အသက် ပမာ ဖြစ်ခဲ့၏။

ဘဝအဆက်ဆက် ကျင့်ခဲ့သောစရဏကား အရှက်ကိုသာ စုဆောင်းခဲ့၏။ ရမ္မက်ကိုကား မပယ် ဖျက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဝိဇ္ဇာဉာဏ် ဖက်မိသောကြောင့်။ ။

ဘဝအဆက်ဆက် ထမ်းရွက်ခဲ့ရသော သာသနာကား ငုံ့ခံကိုသာ စုဆောင်း၏။ မာနကိုကား မဖယ်ရှားနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အကျိုးအပြစ် မဆင်ခြင်မိဘဲ ခံမိသောကြောင့်။

စရဏအကျင့်သည် သူတစ်ပါးတို့ကို သာသနာ ပြုရာ၌ ထိရောက်လှပြီး ကိုယ့်ကိုယ်ကို သာသနာ ပြုရာတို့၌ မထိရောက်ခဲ့။ ကိုယ့်ကိုယ်တွင်း၌ ညှင်းဆဲ နေသောရမ္မက်ကို ချိုးဖျက်ရန် ၄င်း၌ အင်အားသတ္တိ မရှိ။ သို့ကြောင့် ငါတို့ထမ်းရွက်ခဲ့ရသော သာသနာ သည် စရဏတစ်ဖက်ထည်းတည်းကိုသာ အားကိုး အားထားပြု၍ စီးနင်းလိုက်ပါခဲ့ရခြင်း ဖြစ်သဖြင့် ထင်သလောက် မစင်ကြယ်တတ်ပြီ။ ငါတို့ဆရာတော် ဦးစန္ဒိမာ၏ ဖြစ်အင်ကိုကြည့်။

သောဝစ္စဿတဂုဏ်နှင့် ညီရန်ကို လည်း ကောင်း၊ သုဗ္ဗဇ (ဆိုလွယ်စကားရှိသော)ရဟန်း အဖြစ်ကို ခံယူရန်ကိုလည်းကောင်း ရည်ညွှန်း၍ မိမိထက် ဝါ, သိက္ခာ ကြီးမြင့်ပုဂ္ဂိုလ်ကို ခေါင်းငုံ့ခံ ပြန်မပြောသောအကျင့် မိမိဆရာသမားတို့အပေါ် ခေါင်းငုံ့ခံ ပြန်မပြောသောအကျင့်များသည်လည်း

ဤဩဝါဒကား၊ ငါ့ကိုလမ်းတည့်ပေးသော အရာပေတည်း။ 

ဤဩဝါဒစကား၊ ငါ့ကို ချီးမြှင့်မြှောက်စား
သော အရာပေတည်း။

ဤသို့သော ဝိဇ္ဇာအခံ ဆင်ခြင်ဉာဏ် ကင်းမဲ့ ခဲ့ချေရကား ငါတို့၏ နာခံမှုအကျင့်များလည်းအောင့်ခံ, တောင့်ခံမျှသာ ရှိသဖြင့် စိတ်ကောက်ဘဝ သို့ ငါ့အား တွန်းပို့ခဲ့ချေပြီ။

စင်စစ် အမြဲအကောက် မှန်သမျှ ထိုအောင့်အီးခံရမှုမှ အရင်းတည်၏။ 

- မိန်းမတို့၏ လင်ယောက်ျားအပေါ် စိတ်ကောက်
ခြင်များကိုကြည့် သိနိုင်၏။ 

- သားသမီးတို့၏ မိဘတို့အပေါ် စိတ်ကောက် တတ်ခြင်းများကိုကြည့် ရိမ်မိစေနိုင်၏။

ထိုအရာအားလုံး အသိဉာဏ်မပါသော စရဏအကျင့်ခေါ် ထုံးစံတို့အတိုင်း လိုက်နာကြ ရာမှချည်း ဖြစ်လာတတ်၏။

ထိုအကောက်သန် ဉာဏ်ကင်းများသည် မလှန်နိုင်စဉ်သာ ငုံ့နေတတ်ခဲ့ပြီး လှန်နိုင်သောဘဝ နှင့်အခြေကိုရက မာနအဖြစ် ခံပြင်းသော ထန်ခြင်း သို့ ပြောင်းလဲထမ်းဆောင်တတ်လှပါသည်ကို ငါတို့ ဖြစ်စဉ်တလျှောက်ကိုကြည့် သိနိုင်လောက် တန်ရာ ၏။ စင်စစ် ငါတို့သည် စရဏသာသွင်း၍ ဝိဇ္ဇာဉာဏ် မပင်းမိသော အကျင့်မျိုး၌သာ မေးတင်၍ နေချေပြီတကား။

""လျှောက်နေကျလမ်း ဖဝါးအောက်က
အပျောက်မခံလို""

 ထိုနှစ် (၁၃၂၂- ခုနှစ်)၏ စာမေးပွဲကား နီးကပ်၍ လာ၏။ ငါတို့သည် ထိုပရိယတ္တိအမွေကို ကား မျက်ခြေပြတ်မခံလေ။ သို့ကြောင့် ဆောင်း ကာလ၊ နွေဦးကာလများတို့၌ စာကိုဖိလေ့လာ၏။ အများနှင့်လည်းမရောတော့၊ ဟိုဟိုသည်သည်အိမ် များ၊ ကိစ္စများစွာတို့ကိုလည်း အဆက်ဖြတ်တောက် ၏။ တစ်ပါးတည်းတည်းပင် တတ်ရောင်ကား ဖြစ် စေသော စာပေဘာသာရပ်များကို အမိအရ လေ့ကျက် ၏။ ညနေ.ညမျိုးတို့၌ ကျောင်းရေကန်၏အနီး အုံးပင်၊သစ်ပင်များစုဝေးရာ ခြံထဲ၌ သွားရောက် ပြန်ဆို၏။ စိတ်ကိုလည်း တစ်စိတ်ထဲဖြစ်ရန် သန့်စင် ထား၏။

ထိုထိုစာပေဘာသာရပ်တိုင်းတို့၌ သဘော တရားရေးနှင့်ပတ်သက်သော ဉာဏ်စမ်းမေးခွန်း များ ဖြစ်ခဲ့ချေသော် ငါတို့ကား စိတ်ပျံ့သမား၊ စိတ် ကစားသမားမျှသာ ဖြစ်သဖြင့် ထိုသဘာဝအပေါ် တို့၌ စိတ်စိုက်ကျသွားခြင်းမရှိ။ ယောက်ယတ်ခတ် စိတ်၏ အနော့အကော့ကြောင့် ပီပြင်ထင်ရှားခြင်း မရှိ။ လေ့ကျက်ထားသော အဖြေမှန်များနှင့် မေးခွန်း များ တည့်တည့်ဆုံမိသော်မှလည်း ရေးမည် , ဖြေမည်
ဟန် ပြင်ဆင်လေအခါ အလိုအကြံများဖြင့်သာ ဖိတ် တစ်ဝက်,စင်တစ်ဝက် ဖြစ်တတ်လှချေ၏။ အာဂုံ
ဆောင် ပါဠိ, အနက်, အရကောက်တို့နှင့် ပတ်သက် လာသော်ကား လာချင်ရာလာခဲ့ စိမ်ခေါ်ရဲခဲ့ ချေ၏။

  ဆိုပါစို့ အငယ်တန်း၏ သဒ္ဒါ- သဂြိုဟ် - ဝိနည်း ဘာသာရပ်ကဲ့သို့သော ပါဠိ, အနက်မေးခွန်း မျိုးဖြစ်ခဲ့သော် တစ်ချက်ကလေးမျှ မလွဲစေရ။ မာတိ ကာ ဓာတုကထာကဲ့သို့သော အဘိဓမ္မာအရကောက် ညဝါမျိုးဖြစ်ခဲ့သော် ထိုအရကောက် မေးခွန်းကား ငါတို့လက်အောက်၌ ဒူးထောက်ရချေ၏။ ထိုတန်း၌ မေးခွန်း(၆)ခု၊ အောင်မှတ်(၂၄)မှတ် ရက အောင်ပြီ ဖြစ်ရာ- ပါဠိ(၁၀)မှတ်၊ အနက်(၁၀)မှတ်တို့ကား ငါတို့၏ဓာတ်စာဖြစ်ခဲ့ရချေ၏။ အလယ်တန်း၌ မေးခွန်း(၈)ခု၊ အောင်မှတ်(၃၂)မျှ ဖြစ်ချေရာ ငါတို့ ကား အောင်မှတ်(၂ဝ) ကျိန်းသေဖြစ်ခဲ့ပြီး (၁၂)မှတ် မျှသာ ကြိုးစားရမည် ဖြစ်ချေ၏။

ထို(၁၂)မှတ်ကိုလည်း အဘိဓမ္မာပိုင်းများ ဖြစ်ကြလေသော ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ | ယမိုက်များ၌သာ အကြပ်အတည်းတွေ့ရလေ့ရှိ၏။
ကျန်တို့ကား ငါတို့လက်ထဲ၌ အပြည့်ရှိနေတတ်၏။ သို့ကြောင့် ထိုအားလုံးတို့ကို သတိတင်းကြပ်စွာ ထားလျက်က လေ့ကျင့်နေရပါချေ၏။ ချုံးရသော် ငါတို့ကား ကံ, ဉာဏ်, ဝီရိယ သုံးစားတို့တွင် ဝီရိယ သမား မျှသာတည်း။

ဗေဒင်၏မဟာဘုတ်ကိန်းခမ်းအရ တွက် ချက် ပြဆို ရချေသော် ပညာကား - အဓိပတိ၊
အောင်မြင်မှုသည်ကား-ဘင်္ဂအိမ်၌ နားခိုနေချေရာ ကံမကောင်းလှချေ။ ဆိုလိုသည်မှာ မင်းဘဝသည် ပညာကြီးစိုးသလောက် အောင်မြင်မှု၌ကား စိတ် ဆင်းရဲ ခံရမည်ဟူ၏။

စင်စစ် ထိုပညာကြီးစိုးမှုကား ကြိုးစားမှုမှ ဖြစ်သော အာဂုံဆောင်ပညာ(စရဏပညာ) သက် သက်မျှသာတည်း။ ယောက်ယက်ခတ် အတွေးအခေါ်
မှဆင်းသက်လာသော ဇဝေဇဝါပညာမျှသာတည်း။
အာရုံကိုမှီး၍ ဉာဏ်ကြီးစေသော(သညာသိ)ပညာ မျှသာတည်း။

တစ်ဖန် အရံမိတ်၊ အရံပရိတ်သတ်၏ နားအိမ်ကား ရာဇတံခွန်မှာဖြစ်သဖြင့် ငါတို့၏ သဏ္ဍာန် ငါတို့၏ဟန်ပန်ကား အများအထင်ကြီး စရာ ဖြစ်ချေဘိ၏။

သို့ကြောင့် စာမေးပွဲမဖြေမီ ယခုနှစ်ငါတို့ စာသင်တိုက်မှ မည်သူတွေ မည်သည့်အဆင့်မှအောင်မည်- မအောင်မည် တို့ကို ဆရာတို့ ခန့်မှန်း တွက်ချက်ကြလေတိုင်း ငါတို့ကား တစ်ပေးခံခဲ့ရသည် ချည်းဖြစ်၏။ ဖြေပြီး၍ ဂေဇက်ထွက်သော ကာလ ရှုံးဂေဇက်၌သာ ငါတို့ကား တစ်ချိတ်ခဲ့သည်ချည်း တည်း။ ဗေထိဆို ဉယျကြီး ကွဲနေပြီတည်း။

ထိုအဖြစ်မျိုး သည်တစ်နှစ် မဖြစ်စေရ။ နှစ် ခါကျမှ သုံးခါချမခံရစေရ။ ဤစိတ်တန်ခိုးစိတ်သတ္တိ သည် ဤနှစ်၌ အထူးအားကြီးနေ၏။ အထူး
တောက်ထိန်နေ၏။ သို့ဖြင့် စာမေးပွဲကြီး ဖြေဆိုရပြီ။ ဂေဇက်ထွက်လေသောအခါ အောင်ခဲ့ရချေပြီ။ စိတ် တန်ခိုး, စိတ်သတ္တိ၏ လက်ငင်းအကျိုးကား ငါသည် ပထမကြီး အတန်းသားတည်း။

""အချစ်ရေး နှင့် အိမ်ထောင်ရေး အခြားသော
ဂြိုဟ်သား""

ငါတို့သည် စာမေးပွဲကြီး ဖြေဆိုပြီးစီးခဲ့သဖြင့် မွေးရပ်အမှန် အညာသို့ပြန်၏။ မော်လမြိုင်မှ ရွှေဘို ပြန်ရန် ခရီးစရိတ်များကား ဂန့်ဂေါ်တန်း ရပ်ကွက်ရှိ ဆွမ်းဒကာ- ဆွမ်းအမတို့က အလှူမခံရလေဘဲနှင့် ဝိုင်းဝန်းထောက်ပံ့လိုက်ကြ၏။ သားအရင်းမျှခင်မင် ကြလွန်း၍။

ရွာသို့ရောက်သော် ရဟန်းခံကိစ္စပေါ်၏။ ရဟန်းဒကာများကား ရွာ၌ပင်သုံးပွင့်ဆိုင်၊ ရန်ကုန်၌ နှစ်ပွင့်ဆိုင် ပေါင်း-ငါးပွင့်ဆိုင်တည်း။

ငါတို့ရွာ မင်းကုန်းတစ်ရွာလုံးမှ စုပေါင်း၍ ရဟန်းခံရန် စီစဉ်ကြ၏။

ငါတို့၏ ဝမ်းကွဲအစ်မ ထနောင်းကိုင်းရွာမှ လည်း ရဟန်းခံရန် စီစဉ်၏။

ငါတို့ဦးရီးတော် ထန်းတပင်မြို့လေးမှလည်း ရဟန်းခံရန် စီစဉ်၏။

ထိုအားလုံး ငါတို့ကား တစ်ခုမှ မနှစ်သက် လေ။ အဘယ်ကြောင့်ဆိုသော် ငါတို့တောသူ, တောသားများသည် ရှိစုမဲ့စုလေးဖြင့် ထောက်ပံ့ ရှာကြရမည်။ ငါတို့က ရဟန်းပြည်ထိုင် ရဟန်းလို မနေနိုင်က ခမျာများ သဲထဲရေသွန် အဆိပ်ပင် ရေသွန်ဘိသို့သာ ဖြစ်ကြမည်စိုးသောကြောင့်။

တစ်ဖန် ငါတို့တောသူ,တောသားများသည် သဒ္ဓါဖိစီး အားကိုးလည်း အလွန်ကြီးကြ၏။ မတော် လို့ ငါတို့က ရဟန်းဘဝမှ တိမ်းပါးခဲ့ချေသော် ခမျာ များ တန်ပြန်အကုသိုလ် အဖိခံရမည်စိုးသောကြောင့်။

ထိုအချက်များကို ထောက်ဆ၍ ရန်ကုန်ရှိ ရဟန်းဒကာများ (ငါတို့နှင့်မရင်းနှီး နောင်တော် ဦးရေဝတထံ တောင်းခံထားကြသော အေဒီလမ်း ရှိ ဒေါ်သုံ၊ သမီးမခင်သန်း) တို့ထံ ရဟန်းခံရန်
နောင်တော်ထံ အကြောင်းကြားစာရေးပို့ခဲ့၏။ ရွာ၌ ဖြစ်နေသော အခြေအနေတို့ကိုလည်း စာရေး လျှောက်ထား၏။

အကြောင်းကြားစာ ပြန်လာပြီ။

မိမိဒေသ မိမိဒကာ,ဒကာမများကို ငဲ့၍ ရွာ ၌ပင် ရဟန်းခံဖို့ စီစဉ်ရန်ဟူ၏။
ခက်ကပြီ-ရှေ့နေငှားမှ ထောင်လုံးလုံးကျ သို့ ဆိုက်နေချေပြီ။ သို့တစေလည်း မတတ်သာပြီ။ ရွာမှကားငါပိုင်၊ ရန်ကုန်မှကား ကြားအောင်သွယ်
ပိုင်။ ဤသို့ အခြေကွဲနေချေသဖြင့် ရွာမှပင် ငါတို့ သဘောဆန္ဒ ဉာဏ်ယှဉ်ဆကာ ရွေးချယ်ရတော့မည်။

  ထိုရွာ၏ သုံးမျိုးသော ရဟန်းဒကာတို့တွင် ဦးရီးတော်ဦးဘသန်း +ဒေါ်စောဉာဏ်(ကုန်သည်ပွဲစား ကြီး)တို့သည်သာ ငါလွဲသော်မှ စေတနာမကွက် ရှိချေ ရာသည်။ ကျန်တို့ကား ဘုရားမှတ်လို့ ကိုးကွယ်မိ ဖွတ်ထွက်လာမှ တောင်ပို့မှန်းသိဟူသော စကားလုံး အပြောများဖြင့် အပရစေတနာဇော ရေတိမ်မျောရှာ ကြပေလိမ့်မည်။

ဤသို့ ဆင်ခြင်ကာ ထိုထန်းတပင်မြို့ (စစ်ကိုင်း တိုင်း)ရှိ ဦးဘသန်း+ ဒေါ်စောဉာဏ် တို့၏ ပစ္စည်းလေးပါးကိုခံယူ၍ နှစ်ကျိပ်မျှသော သံဃာတော်များ (ဝေဠုဝန်မှ ကိုယ်စားဆရာတော် ဦးပညာဇောတ၊ လှတောမှ ဦးဝါသဝ အပါအဝင်) ထန်းတပင်မြို့၊ ရွှေဖောင်ဦးကျောင်းတိုက် ခဏ္ဍ သိမ်ဝယ်
  
  
၁။ နာယကဆရာတော်ကား- ထန်းတပင်မြို့၊
အုတ်ကျောင်းဆရာတော် ဦးဣန္ဒက။ 
  
  ၂။ အနုသာသနဆရာတော်ကား- ရွှေဖောင်ဦး
ကျောင်းဆရာတော် ဦးဣန္ဒိယ။ 

  ၃။ ဥပဇ္ဈာယ်ဆရာတော်ကား- မင်းကုန်းကျောင်း
ဆရာတော် ဦးအာစရ။

ထိုတနင်္ဂနွေမင်း ဆရာတော်သုံးပါးတို့နှင့် ကာရကသံဃာများ၏ ရှေ့မှောက်၌ မြင့်သော မြတ်သော အထက်တန်းစား ရဟန်းဘဝ ရောက်ခဲ့ရ ချေသည်။ ရက်ကားမမှတ်မိ။ လ,ကား ဝါဆို လဆန်းတည်း။

ထိုရဟန်းခံပွဲ၌ တရားဟော, ရေစက်ချကား ငါတို့ကိုယ်တိုင် ဆောင်ကြဉ်းခဲ့ရ၏။ တရား တော်ကား ဝမ္မိကသုတ်တော်လာ တောင်ပို့ကြီး တရားတည်း။

““တောင်ပို့ကြီးသည် အောက်မှ အခိုးလွှတ် သာ အပူဓာတ် မြေခိုးငွေ့တို့ဖြင့် ၄င်း၌ရှိသမျှ အပေါက်များမှ အခိုးအလျှံထွက်ကာ တရှိန်ရှိန် အပူတောက်လောင် နေကြ လေကုန်၏။

သည့်အခြေပမာသာလျှင် လူတို့သည်လည်း တဏှာ-မာန - ဒိဋ္ဌိတို့၏ အခိုးအငွေ့ လွှတ်တင်မှု
ကြောင့်လည်းကောင်း၊ ရာဂ-ဒေါသ-မောဟ စသော ကိလေသာ အခိုးအငွေများ ကြောင့်လည်းကောင်း၊ ကာမရာဂ၊ ဘ၀ရာဂ စသော သံယောဇဉ်တရား များ၏ အငွေသတ္တိများကြောင့်လည်းကောင်း အိပ်ရာမှ နိုးသည်နှင့်

- မျက်စိပေါက်မှလည်း အပူမီး ,အခိုးအလျှံများ မပြော
မတိတ် တရိပ်ရိပ်တည်း။

 - နားပေါက်များမှလည်း ကြိုက်ခိုး, ဆိုးငွေ့များ
တဝေ့ဝေ့ သာတည်း။

 - နှာခေါင်းပေါက်များမှလည်း မုန်းရှိန်. ချစ်ခိုးများ
တဖြိုးဖြိုး သာတည်း။

 - လျှာပြင်ထက်မှလည်း ကြိုက်ငမ်း ဖမ်းချက်များ
တသွက် သွက်တည်း။ 

- ကိုယ်တစ်ခုလုံးမှလည်း ကြိုက်ပြစ်မှား , မကြိုက်
စော်ကား တဖွားဖွားတည်း။ 

- စိတ်တံခါးပေါက်မှလည်း ကြိုက်လက်ခံ, မကြိုက်တော်လှန် တို့ကား ရှေ့ရောက်နောက်ပြန်သာတည်း။

နေသည်- နေ့အခါ လောကသားတို့အပေါ် အပူရှိန် အခိုးလွှတ်၍ စီးပိုးလာသောအခါ လောက သားများသည်လည်း

- ရှေ့ပြေး နေအရုဏ်လာသောအခါ နိုးထလျက်က
စောင့်ကြို နေကြရချေ၏။

 - နေထွက်လာသောအခါ လှုပ်ရှားစ ပြုလာကြရ၏။
နေတက်လာသောအခါ အလုပ်ဖက် ပြင်ဆင်ကြရ၏။ 

- နေသည် ထန်းတဖျားရောက်သော် လောကသားတို့
လည်း အလုပ်ပူ မိလာကြကုန်ပြီ။ 

- နေသည် မွန်းတည့်လာလတ်သော် လောကသားတို့ လည်း အလုပ်ဒေါင်းတောက်လာကြကုန်ပြီ။

- နေသည် မွန်းတိမ်းသွားသောအခါ လောကသား
တို့လည်း အလုပ်၌ကတိမ်းကပါး ဖြစ်ကုန်ကြပြီ။ 

- နေသည် နောက်ကြောင်း စောင်းသွားသောအခါ
လောကသားတို့လည်း အလုပ်လမ်းကြောင်း ပြောင်းလာ ကုန်ကြပြီ။ 

- အကယ်တိတိ နေဝင်စပြုသွားသော် လောကသားတို့ လည်း အလုပ်ရပ်နားစ ပြုလာကြကုန်ပြီး နေ၏အရှိန်
အေးသည်နှင့်အမျှ စိတ်အေးဝင်လာကြကုန်၏။

 - နေသည် လောကသားတို့ကို မျက်ကွယ်ပြုလျက်က စုပ်စုပ်မြုပ် ဝင်ရောက်သွားလေသောအခါ လောက သားတို့ကိုလည်း အနားယူစေသောအားဖြင့်လည်း ကောင်း၊ စိတ်သက်သာရာ ရစေသောအားဖြင့်လည်း ကောင်း ချွေးသိပ်,သိပ်ပေးခြင်း၊ လှဲသိပ်, သိပ်ပေးခြင်း ဖြင့် သိပ်ထား ပေးခဲ့ပါချေ၏။ 

ထိုသိပ်ပေးမှုကား

- နက်ဖြန် ၄င်းလာလျှင် ဆီးကြိုရန်တည်း။ 

-နက်ဖြန် ၄င်းထွက်လျှင် အလုပ်ဆက်ရန်တည်း။

သည့်အခြေပမာသာလျှင် ပပဉ္စ ကိလေသာ သံယောဇဉ်နေမင်းတို့သည်လည်း ပြင်ပနေနှင့်အတူ လူတို့ကို အပူငွေသွင်း ခန္ဓာအိမ်သို့ ချေခွင်းလျက်ကသာ ခန္ဓာအိမ်တရှိန်ရှိန် တောက်လောင်စေလျက်က အခိုး ထွက်။ ၄င်းတို့အကြိုက် အလုပ်ဘက်ဆက်စေပြီး ဖျက်ဆီး နေကြလေကုန်၏။ နေ့အချိန်ကုန်၍ ညဘက်ဘုံသို့ ဘုံခန်းဝင်လေသောအခါ ကာမသတ္တဝါကို ကာမအစာ ကျွေးတဲ့ပြီး နောက်တစ်နေ့ သူခိုင်းသမျှ မဆိုင်းမတွ လုပ်ချင်အောင် လှဲသိပ်ပေးကြလေကုန်၏။

သို့ဖြင့်ပင် တစ်ရက်တစ်ရက်နှင့် ရက်ဆက် ကြာရှည် လာကြရကုန်ချေပြီ။

သို့ဖြင့်ပင် တစ်သက်မှတစ်သက် အသက်ဆက် ၍လည်း လာကြရကုန်ချေပြီ။

အကယ်တိတိ အပူတိတ်၍ အေးရိပ်ပေါ်စေ့ သချင် လျှင် မဂ္ဂင်အလျင် စိတ်၌ တပ်ဆင်ကြပါကုန်၊

အကယ်တိတိ အမြင်သန်၍ အမှန်တွေ့စေ့သချင်လျှင် မဂ္ဂင်ယာဉ်အလျင် စီးနင်းကြပါကုန်။”

ဤကား ငါတို့ ရဟန်းဘဝ ဝင်ကာစ၏ တရားဦး ပေတည်း။ တရားလည်းဟောပြီးချေပြီ။ ရဟန်းခံကိစ္စလည်း အောင်မြင်ပြီးစီးခဲ့ချေပြီ။ ထို သိမ်ထွက် ရဟန်းဘဝရောက်သည်နှင့် ရဟန်းဒကာ နှင့် ငါတို့ အပေးအယူ မမျှခဲ့ပြီ။ အိမ်ထောင်ရေးမလှ ကြတော့ပြီ။ 

- လည်လွန်းသောဘီး ချေးပေတတ်၏။ 

- ခရီးများသောရဟန်းလည်း အဆန်းပေါ်တတ် ချေ၏။

သို့ကြောင့် မည်သည့်မြို့ရွာဒေသသို့မျှ ကြွ မသွားပဲ စစ်ကိုင်းတောင်ရိုး လေးကျွန်းသာယာချောင်မှာသာ သီတင်းသုံးရန် ရဟန်းဒကာက အရေးဆိုလာ၏။

 ( ငါတို့ကလည်း တစ်ယူသန် မာန်ကြီးလေသူ ပီပီ 

- - ရေထဲသွားသောဘီး ချေးကပ်သော်မှ ချေးမထပ်။ 

- ခရီးများသော ရဟန်းသည်လည်း ကိလေသာအစေး ကပ်သော်လည်း ကိုယ်ပိုင်သတိ၊ ကိုယ်ပိုင်အသိ တပ်ဆင်ထားသော် ကိလေသာချေး မပတ်မိ။ ဘယ်မှာနေနေ ဘယ်ပြည်ရောက်ရောက် မိမိ သည်သာအခရာ မိမိသည်သာအညှာ ဟူ၍ ချေပ၏။

ရဟန်းဒကာက ရှေ့တစ်ဆင့်တိုး ပြောသော် ငါတို့ကလည်း တစ်ထပ်ဆင့်ကာ ချေပ၏။ ဆရာနှင့် ဒကာ သိမ်ထွက်ဝယ် စကားစစ်ထိုးပွဲ ကျင်းပ၏။ ငါတို့ကား အရှုံးမပေးပြီ။

သို့နှင့် နောက်တစ်ရက်မျှကြာသော် ငါတို့ မြို့၌ လာရောက်တရားဟောသော ရွှေဘို ဦးအာသဖ နှင့်အတူ ရန်ကုန်သို့လိုက်ပါခဲ့၏။ သိမ်ထွက်၌ ရပစ္စည်းမှန်သမျှ အားလုံး စွန့်ပစ်ခဲ့၏။ အချို့ကား နွမ်းပါးသောသာမဏေများလှူ၏။ အချို့ကား မယ်တော်နှင့် အမေကြီးတို့ကို စွန့်၏။

ထိုဦးအာသဖ(ဘိလပ်ပြန် ရွှေဘိုဦးအာသဖ) သည် မန္တလေးရောက်သော်ရွှေဘုံသာ ကျောင်းတိုက်
ဟောင်းကြီး၌ သီတင်းသုံးနားခိုရာ ငါတို့လည်း ထို၌ ပင် သီတင်းသုံးခဲ့ရ၏။ နှစ်ည, သုံးညမျှ ထို၌နေခဲ့ရ ၏။ ထို့နောက် ရန်ကုန်သို့ ခရီးဆက်ကြ၏။ ထို ဆရာတော်ကား မီးရထားအခမဲ့လက်မှတ် ရရှိထား သဖြင့် ငါတို့ကား ထန်းတပင်မှ ရန်ကုန်အထိ စရိတ် မကုန်ပြီ။ ရန်ကုန်ရှိ သူငယ်ချင်း ဦးပဝရ သီတင်းသုံး ရာ သရက်တောတိုက်၊ သာသနာဒယကျောင်း၌ တစ်ညခိုခဲ့ပြီး နောက်တစ်နေ့ နံနက် မော်လမြိုင်သို့ ခရီးဆက်ကာထွက်ခဲ့၏။

မော်လမြိုင်သို့ ရောက်သော် အတူနေ ဦးပညာဝံသက သင်္ဘောဆိပ်မှ ကြိုဆိုပြီးကျောင်း (စိန်မမ)သို့ ရောက်ပြန်ရချေ၏။ ငါတို့အရောက်နှင့် ဝါဆိုကား နှစ်ရက်မျှသာ ကွာခြား၏။ သည်တစ်နှစ် ၁၃၂၃- ခုနစ်၊ မော်လမြိုင်၌ ဝါဆိုရပြီး အကြီးတန်း စာဝါများကိုဆက်လက်သင်ကြားရ၏။ ကလောင် တာဝန် ကလောင်ကိစ္စများ အဆက်ပြတ်သွားချေတော့၏။ ထိုအရာကား ရေတက်ငစင်ရိုင်း အဖြစ်မျိုး မျှ သာတည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၉)
""ညဝါကိုင် ပိုင်နိုင်လှသောဆရာတော်'"

မော်လမြိုင်၊ စိန်မမဆရာတော် ဦးကုဏ္ဍလ သည် ကိုယ်တော်တိုင် အဘိဓမ္မာညဝါများ ဖြစ်ကြ
သော ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းများကို ကိုင်တွယ် ပို့ချတော်မူ၏။
ထိုတိုက်၌ အထက်အညာစာသင်တိုက်ကြီး များကဲ့သို့ စာချဆရာမစုံလင်လှ။ ငါတို့ရွှေဘိုဝေဠုဝန် ၌ စာချကထိက(၃)ပါး၊ အရံ(၃)ပါးတို့ အပြင် လက်သင်ဆရာ(၄,၅)ပါးမျှ ရှိချေသဖြင့် အောက်ခြေ
ဖြစ်ရမည်ဟု မာန်ထား၏။ 

ထိုမာနဖြင့်ပင် စာစစ် ကိစ္စ ပါဠိတက္ကသိုလ် ဗဟိုကိစ္စတို့ဖြင့် ရန်ကုန်ဝယ် ရောက်ရှိနေသော ဆရာတော် ဦးကုဏ္ဍလ ထံသို့
ဤစိန်မမ၌ ဦးဃောသိတ ရှိနေလျှင် မနေလို။ တိုက်မှ ယခုနှစ်ထွက်မည်ဟူ၍ စာဖြင့်အကြောင်း ကြား အရေးဆိုသည်ဆို၏။ ထိုတွင်
တိုက်၌ ၄င်းမရှိသော် ပါဠိတက္ကသိုလ် ဆိုင်းဘုတ် ပြုတ်ရမည့် အခြေသို့ဆိုက် အကြပ်ရိုက် သွားသော် ဆရာတော် ဦးကုဏ္ဍလ(နာယက - တိုက်ပိုင်) ဆရာတော်သည် ဆုံးချင်းဆုံး ဥစ္စာ တာဝန်ခံလက်ရုံးသာ ဆုံးစေ၊ ပညာလက်ရုံး မဆုံးရှုံး စေရဟူသော ဆုံးဖြတ် ဉာဏ်ဖြင့် ထို ရန်ကုန် မျက်ကွယ်မှနေ၍ပင် ဦးသောဘိတအား တိုက်မှ နှင်စာ ပေးချေတော့သည် ဆို၏။

ထိုစာအရ ဆရာတော်ဦးဃောသိတကား တိုက်မှ ထွက်ခွာသွားရရှာပြီ။ (နောင်သော် စိန်ထက် သာသောအရာကို ရည်ညွှန်းကာ ပတ္တမြားကျောင်း ဟူ၍ တစ်စင်ထောင်၏။)ငါတို့ဝါဆိုရန် ရောက်လာ သောကာလ၌ ဦးဃောသိတကား စိန်မမ၌ မရှိ
တော့ပြီ။ 

ထိုဆွမ်းစားကျောင်းတိုက်၏ အထက်ထပ် ၌ ဦးသုမနက ရောက်ရှိ နေရာယူထားနေချေပြီ။

သို့ဖြင့် ဝါဆိုကြရချေတော့၏။ ဝါဆိုပြီး သည်နှင့် သက်ဆိုင်ရာဘာသာရပ်များ စတင်ပို့ချ လေရာ အထက်ယမိုက်-ပဋ္ဌာန်းတို့ကား ဆရာတော် ဦးကုဏ္ဍလ ကိုင်ချေပြီ။

ဆရာတော်ကား ဝေဠုဝန်ကျောက်ပန်း တောင်းတို့၌ ငါတို့စာနာခဲ့ရသော စာချနည်းမျိုးနှင့် လုံးဝကွဲလွဲ၏။ ထိုကျောင်းများ၌ ဦးစွာ ငါတို့က အရဘက် ကိုပြန်ဆိုရ၏။ ထိုအရကောက်၌ ပါသော အတိုင်း အဓိပ္ပါယ်လျှောက်၍ ပို့ချပေး၏။ ငါတို့ ဉာဏ်နားတိမ်၍ မစွဲခဲ့။

တစ်ဖန် ဆ ရာတို့ကား စာပေပို့ချရာကုလားထိုင်(ပလ္လင်)ပေါ်က ခန့်ညားစွာထိုင်ကာ ပို့ချ
လေ့ရှိပြီး တပည့်များက မျက်စိမှတ်နာခံကြရ၏။ မီးများ လုံးဝမထွန်းရချေ။ စိန်မမ၌ကား ထိုသို့ မဟုတ်၊ လျှပ်စစ်မီးရောင် ထိန်ထိန်ညီလှသော ဆရာတော်  သီတင်းသုံးရာသိမ်တိုက်ပေါ်ဝယ်၊ ဆရာတော်ကား ကြမ်းပြင်အိပ်ရာပေါ်ဝယ် ပက်လက် ၊ ရင်းနှီးရဲတင်း
သောငါတို့အဝင်အပါ(၄)ပါးကား ၄င်းအားဝတ်ဖြည့် လျက်က ဦးစွာ အရကောက် ပြန်ဆို ပြကြရ၏။

ထို့နောက် သင်္ဂြိုဟ်မည်သည့်အပိုင်း မည်သည့် ပါဠိ ရွတ်ပြစမ်း ခိုင်း၏။ ငါတို့က ရွတ်ဖတ်ပြ - အနက်ပါ ဆိုပြရ၏။
ထိုပါဠိ၊ ထိုအနက်တို့အတိုင်း အရကောက် ကို ဆစ်ပိုင်းရှင်းလင်းပြချေရာ ဘုံ-ပုဂ္ဂိုလ်-စိတ်တို့ဖြင့် မည်သည့်စိတ်ဖြစ်ပေါ်နေသော၊ မည်သို့သောပုဂ္ဂိုလ် | မျိုးများဖြစ်လျှင် မည်သည့်ဘုံသို့ သွားရ, လားရမည်ကို ပြဆိုသော ယမိုက်သဘာဝကား ပေါကြီး ပေါ် စေတော့၏။ စိတ်၌ချက်ချင်းလင်း၏။ 

ခက်သောယမိုက်မှ လွယ်သောယမိုက်အဖြစ်သို့ တစ်မုဟုတ်ချင်း ကူးပြောင်းစေတော့၏။

ယခင်က ယမိုက်ဟူသည် ရမှ မိုက်ရဲသောကျမ်း ဆိုရိုးပြု၏။
ယခုသော်ကား မရသော်လည်း မိုက်ရဲတတ် လာစေခဲ့ပြီ။

ငါတို့၏ ထူပိန်းလှသော လူပြိန်းအဖို့ကား ထိုသင်သည် အသည်း၌စွဲနစ်စေခဲ့ပြီး အရကောက် ၌ စိတ်ရက်ဆိုမိသည်နှင့် မည်သည့်ပုဂ္ဂိုလ်စား မည်သည့်ဘုံသို့လားရမည်ကို အတပ်သိတတ်လာ ပြီး မည်သည့်ဝိဘင်းထုတ်ရမည်ကို ဝန်မလေးတော့ပြီ။ ပဋ္ဌာန်းကျမ်းကား သူ့ပစ္စည်း အကြောင်းခံအလိုက် စက်လှည့်ကာ မူလီသွတ်ခြင်း၊ အာရုံ, အာရုံခံ စပ်ဟပ်ခြင်း စသည်များ သာ ဖြစ်ကြလေသဖြင့် ယမိုက်လောက် မခဲခက်လ
ထိုသို့ ဆရာနှင့်တပည့်တို့ အဘိဓမ္မာ ညဝါ ကြော မျောနေကြတုန်း ဗြုန်းဆို အရေးအခင်း
တစ်ခုက ပေါ်လာတော့၏။

 ဆရာတော်ဦးသူရိယ သည် စာချပါဝါတွင်မက တိုက်အာဏာကိုပါ ရလာ
သောကာလတွင် တိုက်စည်းကမ်း၊ တိုက်မိန့်များ ထုတ်ပြန်တော့၏။ 

- စာသင်သားတိုင်း မိမိကျက်စာများ ပြန်ဆို၍
ပြကြရမည်။ 

- ဆရာ့ထံ ခွင့်မပန်ဘဲ မည်သည့်အရပ်ဒေသ သို့မျှ သွားခွင့်မပြု။
ဤသို့သောစည်းကမ်းများ ရုတ်တရက် ထုတ်ပြန်လိုက်ရာ အစက ဆရာတော်ဦးကုဏ္ဍလ ထားရှိသောအရာများနှင့် ပြောင်းပြန်ဖြစ်သွားချေ တော့၏။ ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

ယခင်ဆရာတော်၏ မိမိစေတနာ၊ မိမိ ကိုယ်ကျင့် သိက္ခာများဖြင့် သိတတ်စွာနေကြ, သင်ယူ ကြ ဆိုတုန်းကလည်း ရသူကားရ၍ မရသူသာ မရ ဖြစ်ခဲ့၏။ အောင်သူကား အောင်မြဲဖြစ်ရ၍ ကျသူ သည်သာ ကျမြဲဖြစ်ခဲ့၏။ ရသူကားမရ, အောင်သူ ကျမဖြစ်ခဲ့ချေ။ သို့ပါလျက်
ဤသို့စည်းကမ်း ရုတ်တရက် တင်းကြပ် လိုက်သောအခါ စာသင်တိုက်ခို၍ စာမကျက်လို သော ကျောင်းအိုကျောင်းဆွေးကြီးတို့ မခံရပ်နိုင် ကြပြီ။ သည်အထဲ ဦးသူရိယထံ အမြဲဝင်ထွက် နေကြလေသော စာချတန်းမှ ဦးဝဏ္ဍိတ၊ ဦးပရမတို့ နှစ်ပါး 

“ ဒါ- ဒို့ဆွဲပေးတဲ့စည်းကမ်း၊ သည် စည်းကမ်းက ဒို့ကိုမခိုက် အောက်တန်းသားတို့သာ ခိုက်၏” ဟူ၍ ကြွားလုံးထုတ် ကြွေးကြော်ကြလေရာ အစကတည်းက မာနခံ ဇ, ရှိသော ငါတို့ကား ဆတ်ဆတ်ခါလာ ခဲ့ချေပြီ။

တစ်တိုက်လုံး စာသင်သားများကလည်း သပိတ်မှောက်ထွက်မည်ဟု နှိုးလည်း နှိုးဆော်ကြ၏။ တာလည်းစူကြချေ၏။ စာပြန်သောအခါ အရွဲ့ တိုက်ကြစတမ်းဟုလည်း ကတိထားကြ၏။
သို့နှင့် ငါတို့ကား တားမရလောက်အောင်
ထန်လာခဲ့ပြီး စာပြန်ရက် ဥပုသ်နေ့ သတ်မှတ်သော ကာလ တစ်ဝါတွင်းစာ၏ ကျက်စာ-အလင်္ကာဆန်း- အဘိဓာန်ကို စာတစ်မျက်နှာမျှပင် မပြည့်
သော ပြန်ဆိုခြင်းဖြင့် စတင်တိုက်ခိုက်တော့၏။ အတိုက်ခံရရှာသူကား ဦးသုမနတည်း။

ဦးသုမနကား မောင်းမဲခြင်းမပြုရှာလေ။ နောက်ဥပုသ်နေ့ တော်သလင်းလကွယ်အရောက် တွင်ကား တစ်ဖန် ဆရာတော်ဦးသူရိယက ဘုရား ဝတ်တက်အပြီး ထပ်ဆင့်ကာ ရာဇသံပေးပြန်၏။ ဤတိုက်၌ ဆွမ်းဆန်ထဲ ကြွက်ချေးရောမခံနိုင်။
ရောခဲ့သော် ထိုကြွက်ချေးများကို သန့်စင် ထုတ် မည်ဟူ၏။

သည်တွင် ငါတို့ကား ကျောင်းသစ်ဖွေရှာ တော့၏။ ငါတို့နှင့်တွဲဖက် ဦးစန္ဒိမာ(ဖျာပုံပြဿဒ်ကျောင်းထွက် ယခုကျိုက်ထိုမှပြောင်းရွှေ့လာသူ) နှင့် သီတင်းကျွတ်ထွက်ရန် ပြင်ဆင်ကြ၏။ သီတင်း ကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင်ပင် ထွက်ခဲ့ကြ ချေတော့၏။
မထွက်မီ ဦးသူရိယအား ထွက်ခွင့်ပေးရန် ပန်ကြား၏။ မရပေ။ မည်သို့မျှ လျှောက်၍မရ။

“ေယျ-မင်းလည်းကဗျာသမား၊ငါလည်း ကဗျာသမားပဲ မင်းစကားတတ်သလောက် ငါလည်း တတ်သည်။ ရှေ့ဆက်လျှောက်မနေနှင့်တော့” ဆို၏။

ငါတို့ကား မလျှော့တော့။

“တပည့်တော်က သည်တိုက်အတွက် ဆန် မဟုတ် ကြွက်ချေးပါဘုရား၊ ထိုကြွက်ချေး ကျောင်း ထဲထားလည်း မစားကောင်းပါဘုရား”
ထိုသို့လျှောက်ထားသောအခါ ဆရာတော် ဦးသူရိယမျက်နှာ မဲသွား၏။

“ကဲ- သည်လောက် တားတာတောင် မင်း ထွက်ချင်-ငါရှိသမျှ သည်တိုက် မလာနှင့်တော့”

“မှန်ပါ့-ဝမ်းမြောက်လှပါဘုရား”

ဤသို့ဖြင့် မာနအလျင် နှင်သောအတိုင်း ငါတို့ကား သုခကာရီခေါ် မွန်ကျောင်းတစ်ကျောင်း သို့ ပြောင်းခဲ့ချေတော့၏။ စိန်မမသို့လည်း မရောက်တော့။ ထိုမွန်ကျောင်း၌လည်း တစ်လလောက်သာခံ နိုင်၏။ ထန်လျက်ခံထားသော မာန်ကြောင့် ဝတ်ကြီး
ကျောင်းခေါ် ဘီလူးမကျောင်းသို့ တစ်ဆင့် ပြောင်းကြရ၏။

ထိုသုခကာရီကျောင်း၏အခမ်းနေ ဦးဝရဉာဏသည် ညညများ၌ ငါတို့ နှစ်ပါးနေရာ သိမ်တိုက်သို့ တိတ်တဆိတ်ခြောင်းမြောင်း ကြည့်ရှု တတ်ချေ၏။ ငါတို့အား မသင်္ကာစိတ်ထားရှိ၏။ ဘာလုပ်နေကြလေသနည်း။ ဘယ်လိုနေကြလေ သနည်း။ စနည်းနာ သဘောဖြစ်၏။
စင်စစ် တစာစာမြည်ဟီးနေသော အသံ ထွက်နှုန်းဖြင့် စာပြန်စာကျက် ရက်ဆက်နေသောငါ တို့ကို မျက်စိဖြင့် မြောင်းမြောင်းကြည့်စရာမလို ထင် ၏။ ထိုကျောင်း၌ ငါတို့နှစ်ပါးကား ကျောင်းသား လေးများဖြင့် နံနက်(အရုဏ်)၌ ဆွမ်းခံထွက်ပေး ကျွေးခဲ့ရသေး၏။ ဒါတောင်၊ ထိုတောင်ဆိုသော မာနကား ဇ, ပြချေပြီ။ ထန်စိတ်ကား မာန်ဖိတ်ရာ ပါချေပြီ။

ဝတ်ကြီးကျောင်းသို့ရောက်သော် ကျောင်း ပိုင်ဦးနန္ဒိမာ(ငါတို့ ရွှေဘိုဝေဠုဝန်ဆရာတော်ကြီး ဦးစန္ဒိမာ၏ဇာတိ ဝါးရုံကုန်းရွာဖွားလည်းဖြစ်၊ ဝေဠုဝန်ထွက်လည်းဖြစ်သူ နောင်သော် တစ်ပါးတည်း
သော ထိုကျောင်းကို စာသင်တိုက်ကြီး တစ်တိုက်က လာရောက်အနိုင်ကျင့်ခံရရှာသဖြင့် လက်လွှတ်ခဲ့ရ ၏)နှင့်အတူ သွားရောက်နေကြရ၏။ ထိုသို့ နေခွင့်ရ အဆက်အသွယ်မှာ ဝေဠုဝန်၏သူငယ်ချင်းဖြစ်သူ ကိုရင်ညို (ဦးနန္ဒမာနှင့်တစ်ရွာထည်းဖွား)၏ ကျေးဇူး
ကြောင့်ဖြစ်၏။ ကိုရင်ညိုကား ထိုစဉ်က ဝေဠုဝန်မှ စင်ထွက်လာကာ မော်လမြိုင် ကင်ပွန်းချုံကျောင်း ဝယ် နေဆဲကာလတည်း။

ထိုဝတ်ကြီးကျောင်း၌ ပျော်ပိုက်၏။ စာဝါ များ အကျက်မပျက်။ တစ်နှစ်ထဲဖြင့် အကြီးတန်း
အောင်မြင်ရမည်ဟူသော မာန်ကလည်း ကြီးမား လာ၏။ နေ့ည စာအံ,စာကြည့်မပျက်။ ထိုစဉ်က ရေနံဆီတစ်ပုလင်း (၁၀)ပြားတိတိသာ ဝယ်ဈေး ရှိ၏။ လေသာမှန်အိမ်ခေါ် အသေးစားပြောင်းရှည် တစ်ခုက အပြား (၅၀)ပေးရ၏။ သို့ဖြင့် ည(၈)နာရီ မှ(၁၀)နာရီအထိစာကြည့်၊ နံက်အိပ်ရာထ (၄)နာရီ မှ(၅)နာရီအထိ စာကြည့်၊ ပြီးမှ အရုဏ်ဆွမ်း အတွက် စီစဉ်၏။ ကျန်အချိန်များကား စာအံ, စာကျက်, စာပြန်များဖြင့် ငါတို့နှစ်ပါးတည်းဖြင့်ပင် တစ်ရပ် ကွက်လုံး ဆူညံစေတော့၏။

ထိုအတောအတွင်း မော်လမြိုင်၏ဝိနယာဓိက စာပြန်စာဖြေပွဲ အောင်မြင်၏။ သုသမာစာရ စာမေးပွဲကား အပြန်၌ အထောက်, အမ လွတ်အောင်မြင်၏။ ရေးဖြေ၌ကား ငါတို့၌ကြီးမားသော ဝက်ခြံကြီးများက မျက်နှာ၊ မေးတစ်ခုလုံး ထွက်လာ သဖြင့် ဆွမ်းစားမရ။ ဆရာဝန် ဆေးထိုး၊ ဆေးကုဖြင့် ဖြေဆိုရသဖြင့် မအောင်မြင်ခဲ့။ ဝက်ခြံမှာ ထို ဝိနယာဓိက စာအောင်ဆုပေးပွဲဝယ် အုန်းရည်စိမ်း များ ဆက်ကပ်သဖြင့် အဝအပြဲ သောက်သုံးမိရာမှ ကန်ထုတ်ခံရခြင်းတည်း။

အစိုးရစာမေးပွဲကြီး ကျင်းပပြီ။ ငါတို့ကား သွေးအားနည်းဖျား- ဖျားနာနေချေပြီ။ သို့ကြောင့် ဝင် ရောက်၍ပင် မဖြေနိုင်ခဲ့ပြီ။ ဖျားပြီးသော် မျက်စိများ ကြည့်မရလောက်အောင် အားနည်းသွားခဲ့ပြီ။ ရေနံ ဆီမီးခွက်နှင့် ကျောက်ရောဂါဟောင်း၏ အပူပြန်မှု နှစ်ခု ဆုံ၍ အတိုက်ခိုက်ခံခဲ့ရပြီ။ ဆရာဝန်သွားပြ၏။ ဦးနှောက်အားနည်း ရောဂါဆို၏။ သို့နှင့် ရန်ကုန် သို့ ထွက်ခဲ့ရချေတော့၏။

ရန်ကုန်ရောက်၍မျက်စိဆရာဝန် ဒေါက်တာ ဒွေးသို့ သွားရောက်ပြသကြည့်မိရာ မျက်မှန်တပ်ရ သည်အထိရောက်ခဲ့ရ၏။ ရန်ကုန်သို့ ရွှေ့ပြောင်း လာစဉ်၌ပင် ရွာသို့ပြန်လည်ရောက်ခဲ့ရချေသည်။

  ""ဧ၀ဘူ အားကျ ဘူနှင့် ပက်ပင်းတွေ့"'တွေ့ရလေသောအခါ """

ရွာသို့ ငါတို့ ရောက်သောအချိန်သည် ဝေဘူဆရာတော်ဘုရားကြီး၏ ဇာတိမြေ အင်္ကြင်းပင်ပြောင်းရွှေ့စံသည့် နွေကာလဖြစ်ချေရာ ထိုအမြှောင်း ပင်နှင့် သုံးမိုင်မျှသာ ဝေးသောရွာရှိ ငါတို့ကား အကြိုင်းပင်၌သာ သွားရောက် နွေခို၏။ ငါတို့နည်း တူ ၄င်း၏တူများ၊ တပည့်များဖြစ်ကြသော ဦးသုမန ညီနောင်သုံးပါးတို့သည်လည်းကောင်း၊ ဦးမာဃိန္ဒ (စောကြီးသူကြီး ဦးထွန်းလေး၏သား နောင်-လူထွက် သွားသောအခါ လူအမည်ထွန်းမင်း) ဦးပညာဝံသ (အမြှောင်းပင်)၊ ဦးအာစရ(စောကြီး)၊
ဦးကောသလ္လ (သနပ်စိန်)စသည်များလည်း စုံညီရောက်နေချိန် ပင်ဖြစ်၏။

နောင်တော်ဦးရေ၀တကား နိုင်ငံရေးသမား ဖားဖားကြီးဖြစ်နေချေရကား ထိုနှစ်က ဆရာတော် ဘုရားကြီး၏အရိပ် ဝင်ရောက်မခိုနိုင်ခဲ့ပြီ။

နိုင်ငံရေးကား ထိုခေတ်သည် ပါလီမန် နိုင်ငံရေးခေါ် မဲစု ပုဂ္ဂိုလ်ရေး၌သာ တည်ရှိ၏။ ပုဂ္ဂိုလ်ရေး ကြည်ညိုမှုရရန်နှင့် မဲများရန်တို့သည် ပါလီမန်နိုင်ငံရေးတို့၏ ထုံးစံတစ်ခုတည်း။

ဦးနု အာဏာမဲ့စဉ်က ၄င်းသာအာဏာ ရသော် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာပေးမည် ကတိဖြင့်ဆွယ်၏။

သို့နှင့် သန့်ရှင်းအဖွဲ့မှ အပြတ်အသတ် အနိုင်ရရှိသွား လေသော အခါ ကတိအတိုင်း “ဗုဒ္ဓဘာသာသည် နိုင်ငံတော်၏ ဘာသာဖြစ်သည်” ထိုသို့ ကြေညာနိုင်ရန် ဦးစွာ နိုင်ငံတော် စုံစမ်းရေး ကော်မရှင်ဖြင့် တစ်ပြည်လုံး ဆန္ဒခံယူ၏။ ထို ကော်မရှင် ရောက်ရာတိုင်းတို့၌ ဒကာ, ဒကာမ အားလုံးတို့က တလှိုက်လှဲ ကြိုကြ၏။ ဝမ်းပမ်း တသာ သာဓု ခေါ်၍ ကောင်းချီးပေးကြ၏။
စုံစမ်းပြီးစီးလေသောအခါ အထက်ပါအတိုင်း ကြေညာ၏။

ကြေညာပြီးသည်နောက် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်သည်အားလျော်စွာ ဗုဒ္ဓ ဘာသာဝင်လူတစ်ဦး၌ မရှိမဖြစ်သော ကိုယ်ကျင့် သိက္ခာခေါ် ငါးပါးသီလကို အတန်းကျောင်းတိုင်း၌ ကျောင်းသား-ကျောင်းသူတိုင်း ခံယူကြရချေတော့၏။
စင်စစ် ထိုကိုယ်ကျင့်သိက္ခာ ငါးမျိုးတို့သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်မှမဟုတ်ချေ။ လူတိုင်း အတွက် လူကျင့်တစ်ခုမျှသာ ဖြစ်ချေသဖြင့် လူတိုင်း နှင့်သက်ဆိုင်အကျုံးဝင်သော ကျင့်ဝတ်ပင် ဖြစ် ချေ၏။ 

၁။ လူဆိုလျှင် ကိုယ်ချင်းစာ ရှိရသည်။
ထိုကိုယ်ချင်းစာစိတ်ကို ဤကျင့်ဝတ်ငါးမျိုးက
တာဝန်ယူသည် 

၂။ လူဆိုလျှင် တန်းတူရည်တူစိတ်ရှိရသည်။
ထို တန်းတူရည်တူ (မေတ္တာ) စိတ်ထားမျိုးကို
လည်း ဤငါးမျိုးကတာဝန်ယူသည်။ 

၃။ လူဆိုလျှင် အတုံ့အလှည့် ဖြစ်စေတတ်သည့် မကောင်းကျင့်မျိုးကို ရှောင်ရသည်။ ထို နောင်တစ်ဖန် မိမိက တစ်လှည့်ပြန်လည် ခံရမည့် အဖြစ်ဆိုးများကိုလည်း ဤငါးမျိုးက တာဝန်ယူသည်။

ထိုပြင်ဆင်ချက်ကား စတုတ္ထပြင်ဆင်ချက် ခေါ်သတတ်။

ထိုပြင်ဆင်ချက်ကား မကျင့်လို- သင့်သလို သာ နေနိုင်သည်ဟူ၏။

ပ.ထ.စအစိုးရခေတ်၌ ပြည်ထဲရေး တာဝန်ယူသော ထိုဦးအေးမောင်သည် ဒေါက်တိုင် ဖြစ်၍ လာ၏။ အစိုးရ၏ နိုင်ငံရေး အကြပ်အတည်း ပေါ်လာသော်လည်းကောင်း၊ အရေးအခင်းပေါ် လာသော်လည်းကောင်း
“ဆရာကြီးပဲ ကြည့်လုပ်လိုက်” ဟူ၍ ဦးအေးမောင်ကို လွှဲခဲ့ပြီး ဦးနုကား ပုပ္ပါးတောင် ပြေးတဲ့ကာ ဥပုသ်ဆောင် တိမ်းရှောင် ဝင်နေတတ် ချေ၏။ ၄င်းဦးအေးမောင်သည်သာ ဖြေရှင်းရိုး ထုံးစံ ဖြစ်လာခဲ့၏။ ဥပဒေသည် ပြည်သူတို့၏ ဆန္ဒမဲကို မဖြူစေနိုင်။

ထို စတုတ္ထပြင်ဆင်ချက် သို့မဟုတ် ချွင်းချက် အတည်ပြုရန် လွှတ်တော်စည်းဝေးမည် အပြုတွင် အတွင်းဝန်ရုံးကြီးကို နေ့ရောညပါ ဝိုင်းဝန်းပိတ်ဆို့ ထားကြ၏။ စည်းဝေးပွဲ တက်ရောက်ရန် လာသူ ပါလီမန် အမတ် အားလုံးတို့ကို စည်းဝေးပွဲ၌ မဲအရေအတွက်မရ အထမမြောက်ရန် မေတ္တာရပ်ခံ တားမြစ်ကြ၏။ ထိုရုတ်ရုတ်သဲသဲ ကြားမှပင် 

ဦးနု ကိုယ်တိုင်လျှင် အတွင်းဝန်ရုံးကြီး၏ ကာရံထားသော သံတိုင်တို့ အကြားမှဝင်ကာ စည်းဝေးခဲ့သဖြင့် အတည်ဖြစ်သွားချေတော့၏။ တစ်ခြမ်းပဲ့တို့ အပဲ့ ဆားထိသဖြင့် ဆတ်ဆတ်ခါ နာသွားကြကုန်၏။
အောင်ပွဲရသွားချိန်တွင် ပ.ထ.စ ပါတီတွင်း ၌ကား အကွဲကား ပြဲရုံမျှမက နံစော်၍ပင် လာခဲ့
ချေပြီ။ ဦး-ဗိုလ်-သခင် အကွဲအပြဲ အနံ့-အသက်များ ထွက်လာခြင်းတည်း။
ရွေးကောက်ပွဲ မကျင်းပမီ သက်တမ်းတစ် လျှောက်ဝယ် ပါတီအတွင်းရေးမှူးများ တာဝန်ကို ဗိုလ်မှူးမြင့်ဆွေ၊ ဗိုလ်တင်မောင်ကြီးတို့က တာဝန် ယူကာ ကြိုးကိုင်စည်းရုံးခဲ့ရ၏။ သခင်ကျော်ဒွန်း ကား မအူပင်ထောင်တွင်း၌ ထောင်နန်းစံလျက်။
တကယ်ရွေးကောက်ပွဲကြီး အနိုင်ရလာ၍ အစိုးရ အာဏာရလာသောအခါ ထောင်မှ (ထိုစဉ် က ကျောက်ဆင်းတုပွေ့ပိုက်လျက်က ထွက်လာ၏) ထွက်လာသူ သခင်ကျော်ဒွန်းကို နေမြဲအတိုင်း ပါတီ အတွင်းရေးမှူး အရာထား၏။ လက်ရှိ ဗိုလ်အုပ်စု ကား မကျေနပ်။

ထိုအတွင်းရေးမှူးကိစ္စ အကြောင်းပြုလျက်က
သခင်အုပ်စု၊ ဗိုလ်အုပ်စု ကွဲပြဲလာ၏။ ထိုမှ အလွတ် ဦးအုပ်စုကလည်း အလိုလိုပင် တစ်အုပ်စု ဖြစ်သွား ချေတော့၏။ ငါတို့ နေ ရာ မော်လမြိုင်မှာပင် ပ.ထ.စ ချင်း၊ ဒေါ်နှင်းလှနှင့် ဗိုလ်ကျောင်ဒင်တို့ ဒေါ်အုပ်စု၊ ဗိုလ်အုပ်စု ကွဲပြဲကြချေသေး၏။ တစ်ပြည် လုံးအနှံ့လည်း အကွဲအပြဲ၊ အပြဲကြားမှအနံ့ ထွက် လာကြကုန်၏။ - နွားကွဲလျှင် ကျားဆွဲခံရတတ်သည် ဆိုသော စကား။ - နွားမရဲ ကျားရဲပေါ်တတ်သည် ဆိုသော စကား။

ပါတီနိုင်ငံရေး-ပါလီမန်နိုင်ငံရေး ကစား ကွက်များကို ရည်ညွှန်းလေသလားမသိ။
ထို ပါတီဝင်အချင်းချင်း မသင့်မြတ်ကြချိန် ရှမ်းမှာ-သခင်သာခင်၊ ကယားမှ-စပ်ဝဏ္ဏတို့နှင့် ချင်း ခေါင်းဆောင်တို့ ခေါင်းထောင်ထလာကြကာ ဖက်ဒ ရယ်မူကိစ္စ အရေးဆိုကြ၏။ တစ်ဖန် စစ်ဘက်မှ | အရာရှိကြီးများလည်း ခေါင်းထောင်ကြည့်လာချေ တော့၏။
ဖက်ဒရယ်မူ ကိစ္စ၌ တစ်ဖက်ကတင်းမာ သောစကား သုံးလာကြ၏။ ရလျှင်ရ- မရလျှင်ချ ဟူသော အဓိပ္ပါယ်ကို ပေါ်လွင်အောင် ဖော်ဆောင် ကာ အပြင်းထန်ဆုံးအထိ ဖြစ်လာခဲ့၏။ ဖက်ဒရယ် ကိစ္စကား အမေရိကန် စစ်သင်္ဘော ကြီးသည်ပင် မြန်မာ့ပင်လယ် ဝ၌ ရောက်နေသည်ဟူသော သတင်းသည်ပင် ထွက်ပြူလာချေတော့၏။

ဦးနု ကား- ရွှေမင်းသားရုပ်ကလေးကို အားလုံးတို့က ထုလုပ်သူကထုလုပ်၊ လက်,ခြေ ဖော်သူကဖော်၊ အလှပြင်သူကပြင်ဆင် ပြီးကာမှ အချင်းချင်းမညီ ညွတ်ကြသဖြင့် ကိုယ်ထုရာကိုယ်ယူ၊ ကိုယ်ဖော်သောခြေလက် ကိုယ်ဖြုတ်၍၊ ကိုယ် အလှပြင်ကို ကိုယ်ဖျက်ကြသဖြင့် ရုပ်ပျက်, ဆင်းပျက် ဖြစ်ရပုံဖြင့် မိန့်ခွန်းဟောပြောကာ ရပ်တန့်ထားချေ ခဲ့၏။

 ပြတ်သားသောစကား၊ ချေမှုန်းသောထိုးနှက်မှု၊ လွှမ်းမိုးသောအာဏာစက် တစ်စက်ကမ မပြနိုင်ပြီ။
ထိုစဉ်က မန်းဝင်းမောင်သမ္မတမှ ဒူးဝါးဆင်ဝါး နောင်သမ္မတဖြစ်ရန် တာစူချိန်ဖြစ်၏။ ၄င်း သမ္မတအပြောင်းအလဲ အကြောင်းပြုကာ ပြည်သူတို့ အကြားဝယ် သမ္မတတစ်ဦးနှင့်တစ်ဦး အကူးအခပ် လစ်လပ်နေဆဲအကြား ဗိုလ်ချုပ်ကြီးနေဝင်းက ခေတ္တ တာဝန်ယူရမတဲ့ ကောလဟာလများ ထွက်လာ ၏။ မကြာပါချေ။

“တိုင်းပြည်ကို ဗိုလ်ချုပ်ကြီးနေဝင်းက ထိန်းသိမ်းလိုက်သည်”
ပုံ- ဗိုလ်နေဝင်း။

 ထိုကြေညာချက်များ ရေဒီယိုမှ ဆက်တိုက် ပေါ်ထွက်လာချေတော့၏။ ငါတို့၏ နောင်တော် သည်လည်းကောင်း ငါတို့နှင့် ရွှေဘိုဝေဠုဝန် အတူ နေ ဦးဩဘာသသည်လည်းကောင်း ဆရာကြီး ဦးလှသိန်း၏ သာသနာပြုအထဲ ထိုးဝင်သွားကြလေ တော့သတည်း။

ဤဖြစ်ရပ်တို့မှာ ငါတို့ဘဝဖြစ်စဉ်များနှင့် မျဉ်းပြိုင်ပြေးလာသော အရာများဖြစ်ကြ၍ မှတ်တမ်း တင်ခဲ့ခြင်းမျှသာဖြစ်၏။

ဤ၌လည်း ငါတို့ တိတိပပ သိသဖြင့် ရေး သော ရေးကွက်များမဟုတ်။ နောင်တော်ထံမှ တစ်ဆင့်ကြားများကိုသာ နှောင်းလူတို့ လေ့လာစိမ့် သောငှာ ထားခဲ့ခြင်းဖြစ်ခဲ့ချေ၏။

မည်သူ သာစေ၊ နာစေ ဆန္ဒကား (ငါတို့ နိုင်ငံရေးသမား မဟုတ်ခဲ့သဖြင့်) မပါဝင်ပြီ။
ဤမှတ်တမ်း၏ ရည်ညွှန်းချက်မှာ ပါတီနှင့် ပုဂ္ဂိုလ်ရေး အလေးပေးသော နိုင်ငံရေးမှန်သမျှ ပြတ်သားမှု လုံးဝမရှိသည်ကို သိစေလို၏။ စုစည်း သိပ်သည်းသောအရေအတွက်ထက် အရည်အချင်း အားပြုသော ပါတီမဟုတ်က နိုင်ငံရေးမုန်တိုင်းကို မခံနိုင်ပုံ မြင်တွေ့စေလို၏။ သင်ခန်းစာအဖြစ် နှောင်းလူတို့ ယူတတ်ရန်ညွှန်းဆို၏။

ထိုနိုင်ငံကိစ္စကြား ဖားဖားကြီးဖြစ်နေရှာ သော ထိုနောင်တော် ဦးရေဝတကား ယခုနှစ် ဝေဘူဆရာတော်ဘုရားကြီး၏ ခြေတော်ရိပ်သို့ လာရောက် မခိုလှုံ နိုင်ခဲ့ပြီ။ ကျန် တူ, တပည့်များနှင့် ငါတို့သည်သာ အင်ကြင်းပင် ကမ္မဋ္ဌာန်းကျောင်း၌ ယခုနှစ် ဆုံဆည်းမိကြ၏။

ထိုသို့ဆုံဆည်းမိကြရာ၌ ဝေဘူဆရာတော် ဘုရားကြီးအနားကပ်လျက်က ဝေဘူဆရာတော် ဘုရားကြီးနှင့် ဝေးရာအရပ်မှာသာ ငါတို့တစ်တွေ နေကြ၏။ ငယ်သူများပီပီ ပျော်ကြ၏။ 

အထူးသဖြင့် ဦးမာဃိန္ဒ နှင့် နေရသည်မှာ ၄င်း၏အမူအရာ နှုတ်ထွက်စကား များကို ကြည့်ရှုနားထောင်လျက်က ငါတို့ကား တဝါးဝါး တဟားဟားသာ ရှိဘိ၏။

နေ့၌ ကျောင်းဝေယျာဝစ္စ လက်သမား၊ ပန်းရံ၊ ဆေးသုတ် စသည်များကို ဦးစရ၊ ကိုထွန်းရင် စသည့် ရဟန်းရှင်လူများနှင့် တွဲဘက် ပြုလုပ်ကာ ဆရာတော်ဘုရားကြီး၏ သာသနာကို ပိသုကာလက်သင်အဖြစ်ဖြင့် ဝိုင်းဝန်းခွင့်ရစေခဲ့၏။

ညနေ(၅)နာရီ ဆေးမှီ ဝဲ ချိန် မျိုး၌ ဆရာတော်ဘုရားကြီးထံ မသွားမနေရဖြစ်သဖြင့် အများနှင့် ရောနှောပါသွားတတ်၏။ တေ့တေ့ ဆိုင်ဆိုင်ကား ငါတို့အား အကောင်းပေးမည်ကို
ကြောက်သဖြင့် ရင်မဆိုင်ဝံ့ပြီ။ ထိုစဉ် ဆရာတော် ဘုရားကြီး၏ တူဖြစ်သူ ဦးသုမနက
“ဥယျလေး ဆရာတော်ဘုရားကြီးဆီ လည်း တစ်ခေါက်လောက် သွား ဂါရဝပြုချေဦးကွာ” ဤသို့မိန့်၏။
“တင်ပါ” ဖြင့်ပြီး၏၊ မသွားခဲ့။ သွားရမည် ဝန်လေးနေခဲ့၏။

တစ်နေ့ - နေ့(၁၂)နာရီခန့်တွင် ၄င်း ဦးသုမနကိုယ်တိုင်ပင်လျှင် ငါတို့အား လက်ဆွဲခေါ် ငင်ကာ- “မင်း- သည်ကျောင်းလာနေပြီးကာမှ ဆရာတော်ဘုရားကြီးထံ သွားမှကောင်းမည် လာ
လာ” ဟူ၍ ဆွဲခေါ်ရာ အလိုက်သင့် ပါသွားချေတော့ ၏။ ဆရာတော်ဘုရားကြီးစံမြန်းရာ ပိဋကတ် တိုက်တော်ကြီးသို့ ရောက်သောအခါ အပြင်မှခတ် ထားသော သော့ကိုဖွင့်ပေးကာ အတွင်းသွင်းလိုက်၏။

ကိလေသာပူကင်းစင်သော အရိယာကြီးများ ၏ နေရာတစ်ပိုင်ကား အလွန်အေးမြလှဘိခြင်း။

အတွင်းသို့ဝင်မိသည်နှင့် ရွှင်စိတ်မှ တည်စိတ် သို့ ချက်ချင်းပြောင်းလဲသွားခဲ့၏။

 တစ်ကိုယ်လုံးသည် အေးမြလျက်သာရှိဘိ၏။ ကြောက်ခြင်း၊ ရွံ့ခြင်း၊ တွန့်ခြင်းကား အလျဉ်းမရှိ။ သည်ကြားထဲ တည်စိတ် ကြားမှ ကစားစိတ် ဝင်လာသေး၏။

 “ဆရာတော် ဘုရားကြီးက ငါ့ကို ဘာများစွန့်တော်မူလေမလဲ” ဟူသော အတွေးကား နှောက်သေး၏။

ထိုစဉ်က မလုံလဲသော စိတ်လုံးတီးဖြင့် သွားခဲ့မိသော ဖြစ်ရပ်ကို ယခုတွေးမိတိုင်းကား ရှက်လာမိ၏။

 အရာရာထိုးဖောက်သိနိုင်စွမ်းရှိသော ထိုအရိယာကြီးရှေ့ စိတ်လုံးတီးဖြင့် သွားရောက်ပြသ မိခြင်းသည် လူတို့ရှေ့ အဝတ်မပါသော တိရစ္ဆာန် အထီး, အမများ သွားလာပုံမျိုးနှင့် နှိုင်းယှဉ် သဘော ပေါက်မိလေသောကြောင့်။

ဆရာတော်ဘုရားကြီးကား သလွန်တော် အောက်ခြေစွန်းပေါ်မှ တရိုတသေထိုင်ကာ ငါတို့ အလာကို အဆင်သင့် စောင့်ကြိုတော်မူလျက်သာ ရှိဘိ၏။ ဂါရဝပြုပြီးသည်နှင့်

“ဘယ်ကလာရတာတုန်း” ဖြင့် နှုတ်ခွန်း တော် ဆက်လိုက်၏။ 

“မော်လမြိုင်ကပါဘုရား ”

“အေး ကောင်းပါ့ဗျာ ကောင်းပါ။ သာဓုသာဓု”

“ဦးမော်လမြိုင်ကြီးရဲ့ ကမ္မဋ္ဌာန်းတရား အား ထုတ်စမ်းပါ့ဗျာ။ ခင်ဗျားတို့စာကျက်ရသလောက် မခက်ပါဘူး မှတ်နေရုံလေးရယ်ဗျာ”

“မှန်ပါ့ဘုရား တပည့်တော်များ ပရိယတ္တိ လိုက်စားဆဲမို့ မအားသေးပါဘုရား” ။
ငါတို့ကား စမ်းရေကျအလာ လျှာလွှဲပေး လိုက်၏။ မရပါလေ။

“မဟုတ်ဘူးဗျာ ခင်ဗျားတို့ ပရိယတ္တိဆောင် ရင်းက သတိလေးပါ ဆောင်ထားလိုက်ရုံပဲ”

“မှန်ပါ့ တစ်ခုထဲနှစ်လုပ် လုပ်နိုင်လောက် အောင် အင်အားမရှိသေးလို့ပါ ဘုရား ”

“အင်အားဆိုတာ မွေးယူရတာဗျာ။အခုမွေး ကြည့် အခုရပါတယ် မွေးကြည့်စမ်းပါ”

ရော်-ခက်ကပြီ။ အခုပင်မွေးရမတဲ့။

ဤသို့ ငါတို့က ဘူးသီးသီး၏။ ဆရာတော် ဘုရားကြီးကလည်း ထိုဘူးသီးများကို ချက်ချင်းပင် တွင်တွင်ဆွတ်ပေးနေ၏။ နာရီဝက်မျှ ကြာသွား ထင်၏။ မည်သို့မျှ ဘူးသီးခွင့် မရလေသောအခါ

“တပည့်တော် တတ်နိုင်သောအခါ ဆရာတော် တိုက်တွန်းသည့်အတိုင်း ကြိုးစားပါ့မည် ဘုရားဤသို့ ကတိခံလျှောက်ကြားလေမှ

“အေးဗျာ ကောင်းပါ့-ကောင်းပါ့ ချမ်းသာ သလို နေတော့ဗျာ” ဟူ၍ လွှတ်လိုက်၏။

စင်စစ် ထိုစဉ်ကကတိမှာ ထွက်ပေါက်မရ သဖြင့်သာ ခံခဲ့ခြင်းဖြစ်၏။ တကယ် အားထုတ်ချင် စိတ် ပေါ်လာသဖြင့် ဝန်ခံခြင်းကား အလျဉ်းမဟုတ်ခဲ့ အဘယ့်ကြောင့်ဆိုသော်
ပထမကြီးတန်းဟူသော ပရိယတ္တိ မာန် ခံနေခြင်းကြောင့် လည်းကောင်း၊ ငါကြီးပြင်းလာလျှင် သ. စ. အဖြစ်ရန် အားခဲထားသောကြောင့် လည်း ကောင်းပင်။

သ.စ. အ ဟူသည် သ-ကား သကျသီဟ ဓမ္မာစရိယ၊ စ-ကား စေတီယင်္ဂဏဓမ္မာစရိယ၊ အ-ကား အစိုးရဓမ္မာစရိယ၊ သုံးထပ်ကွမ်းကိုဆို၏။

ထိုစဉ်က တိပိဋကဓရကား ဆရာတော် ဦးဝိစိတ္တ တစ်ပါးမျှသာ ရှိလေသေးသဖြင့် ခေတ်မစားသေး။ သ.စ. အ တို့ကသာ အရာရာတွင်ကျယ်နေ ချိန်ဖြစ်သဖြင့် ၄င်းကို သွားရည်ယိုအားကျစိတ် တဏှာမာနတို့က ငါ့အား ကြိုးကိုင်ထားဆဲသာ ရှိနေ ၏။ ဝိပဿနာ-ကမ္မဋ္ဌာန်းကား ငါ၏ဓာတ်စာ မဟုတ် သလောက် စိမ်းသွားနေချိန်ဖြစ်၏။ ငယ်သွေးငယ်မူ တို့လည်း ခေါင်းမပြုရဲသောအချိန် ဖြစ်နေ၏။ သို့ကြောင့် ပေဘူကိုအားကျခဲ့သော ငါတို့ကား ဝေဘူနှင့်ပက်ပင်းတွေ့-တွေ့ရာ၌ တွေ့ရကျိုး နပ်သင့် သလောက် မနပ်ခဲ့ပြီတကား။

ထိုနှစ် ၁၃၂၄-ခုနှစ်၊ ဝါမဆိုမီ (ကျောက် ဆည်မှလာရောက်မပင့်မီ) ထိုအင်ကြင်းပင်ကမ္မဋ္ဌာန်းကျောင်း၊ ဝေဘူဆရာတော်ဘုရားကြီ၏အရိပ် အောက်မှာသာ အချိန်ကုန်ခဲ့၏။ ဝါဆို ခါနီး ကျောက်ဆည်မှ လာရောက်ပင့်ဆောင်၍ သွားကြ ပြီး နောက်တစ်ရက်မှာမှ ငါတို့လည်း ရွာကျောင်းသို့ ပြန်လည်ရောက်ရချေတော့၏။ ဦးအာစရလည်း စောကြီးကျောင်း၌ပင် ကျောင်းထိုင်လျက်ရှိ၏။ ကျန်သံဃာများကား မိမိတို့စာပေမွေ့ရာ ဌာန ကိုယ်စီသို့ ပြန်ကြွသွားကြလေပြီတည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၁၀)

  ""နှစ်ရွာ တစ်ကျောင်း မထိုင်ကောင်း""

ရှေးက တစ်ရွာနှစ်ကျောင်း မထိုင်ကောင်း ဆိုရိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ကျောင်းခွဲများသော် ကျောင်းသားချင်း မသင့်မြတ်ကြရာမှ အမှိုက်ကစ ပြဿဒ်မီးလောင်ပမာ ဘုန်းကြီးများပါ စိတ်ဝမ်းကွဲကြရချေ၏။

တဖန် ပြဿဒ်အမြင့်ဆီမှ မီးပွားများ အနိမ့် ရှိ အိမ်ခေါင်မိုးပေါ်သို့ ကျရောက်သွားချေသောအခါ အိမ်နေ ဒကာ-ဒကာမများလည်း ဘုန်းကြီးချင်းပြိုင် လျက်က ရန်ဘက်ဖြစ်သွားကြရသဖြင့် ရွာကိစ္စ ဘာလုပ်လုပ် ညီညွတ်မှုမရှိတော့ပြီ။

သို့ကြောင့် တစ်ရွာနှစ်ကျောင်း မထိုင်ကောင်း ဟူ၍ နှစ်ကျောင်းပြိုင် တစ်ရွာထိုင်သံဃာတော် များက နောင်တော်သံဃာများ သတိထားမိစေရန် ဆောင်ပုဒ်ဖြင့် အညွှန်းထားရှိခဲ့ချေ၏။
သည့်အတူ နှစ်ရွာတစ်ကျောင်း မထိုင် ကောင်း ဆိုသည်ကိုလည်း ငါတို့ကိုယ်တွေ့ဖြင့် သတိ ပေးအညွှန်း ထားလိုခဲ့ပါသေး၏။

ငါတို့၏ ဇာတိမြေမှ မင်းကုန်းတောရ ကျောင်းကြီးကား မင်းကုန်းရွာနှင့် အင်္ကျီလက်ရွာ နှစ်ရွာစုတို့၏ အကိုးကွယ်ခံ အပူဇော်ခံ ကျောင်း ပေတည်း။

ထိုသော ကျောင်းကြီး၏ မူလရာဇဝင် ကိုကား ငါတို့မသိမှီခဲ့။ သိမှီသလောက်မှာ မင်းကုန်း ဟူသော အခေါ်အဝေါ် သည် ဦးအောင်ဇေယျ လက်ထက်က တရုတ်တို့ လာရောက်တိုက်ခိုက်သော် ခံတပ်ပြုလုပ်ရန်အတွက် ရွှေဘိုနှင့်မိုင်(၃၀)မျှ ကွာဝေးရာမှသည် ကောလင်း၏အရှေ့ တောင်ခြေ အထိ ငါးမြို့တည်ဖန်တော်မူ၏။ ၄င်းတို့ကိုလည်း ပဉ္စလငါးမြို့ ဟူ၍ပင် သမုတ်တော်မူ၏။

ယင်းတို့ကို အတိုကောက်အားဖြင့် ရ ငှက်ညောင်-ပင်း-နဂါးဆင်း ဟူ၏။ အရှည်မှာ

ရ-ကား ရွာစားမြို့ ဟူသတတ်၊ 

ငှက်-ကား ငှက်ပျောတိုင်း၊

ညောင်-ကား ညောင်ကိုင်း၊ 

ပင်း-ကား ပင်းသာမြို့၊ 

နဂါးဆင်း-ကား နဂါးဆင်းမြို့ဟူ၏။

ဤ၌ နဂါးဆင်းမြို့ဆိုသည်မှာ တရုတ်တို့ ဆင်းသက်လာတတ်ရာ ဒေသကိုအစွဲပြုလျက်က ခေါ်ဝေါ်သည်ထင်မိ၏။ ကောလင်းမြို့၏ အရှေ့ တောင်ခြေ၌ တည်ရှိ၏။

ထိုမှ နောက်ပြန်အားဖြင့် တစ်မြို့နှင့်တစ်မြို့
မကွာဝေးတည်ဖန်လာခဲ့ရာ ရွှေဘိုနှင့်မိုင် (၃၀)မျှ ငါတို့နေရာ၌ မူရင်း ရွာစားမြို့ကို တည်ဖန် ၏။ထိုမြို့တို့ကို အပိုင်စားရသူမှာ ဦးမှတ်ဖြစ်၏။ ထိပ်တင်မှတ်ဟူ၍ အမည်ရ၏။ ၄င်းသည် ဘုရင်က ထီးဖြူတော်အဆောင် အယောင်များဖြင့် ချီးမြှင့် ဆက်စားခံရလေသောကြောင့် ထီးဖြူတော်ဦးမှတ် အမည်တွင်၏။
ထိုထီးဖြူတော်ဦးမှတ်ကား မူလအစ အပိုင်စားရ ဟုတ်အံ့မထင်ပြီ။ အဘယ့်ကြောင့်ဆိုသော်

ရတနာပုံခေတ် ငါတို့နှင့်မလှမ်းမကမ်းသာ ရှိခဲ့၍ သည်။ တစ်ဖန် ကနောင်မင်း၏သားတော် နောက်ဆုံး အင်္ဂလိပ်ကို ခံတပ်မြို့ (ရွာစားမြို့) မှနေ၍ ခုခံသော အထင်မှတ်လည်း ဟုတ်အံ့မထင်။ ။
စင်စစ်ထီးဖြူတော်ဦးမှတ်ဟူသည် ရွာစားမြို့ ကို ယမ်းချက်လျှက်က မန္တလေးနေပြည်တော် သို့ အမြှောက်လက်နက်၌ ထိုးသွင်းရန် ယမ်းတော်သွင်းရသော ထီးဖြူဆောင်း ရွာစားမင်းသာ

ထိုရွာစားကြီး ထီးဖြူတော်ဦးမှတ်သည် အင်း၀ပြည်အတွက် ယမ်းချက်လုပ်ငန်းကြီးကိုလည်း ကွပ်ကဲရ၏။ ရပ်ရွာအုပ်ချုပ်ရေးကိုလည်း တာဝန် ရ၏။ ထိုရွာစားမြို့ ကိုးကွယ်ရာ ဘာသာ, သာသနာ ဘက်ကိုလည်း တာဝန်ယူရ၏။

ဦးအောင်ဇေယျ မြို့တည်ထားစဉ်က မြို့နှင့် တစ်ပြိုင်နက်တည်း ကိုး- ကိုးမြို့တို့ကို တည်ဖန်ထား ၏။ ၄င်းတို့မှာ ကျုံးလည်းကိုးခု၊ ကန်၊ ဂူ စသည် လည်းကိုးခုစီ။ သံဃာတော်များ သီတင်းသုံးရန် ကျောင်းတိုက်ကြီးများကလည်း ကိုးခုတို့ဖြင့်  

ဘု ရားဂုဏ်တော်သည် ကိုးပါးရှိ ဘိသို့ ကိုးခုကျစီကိုလည်းကောင်း၊

ဘုရားဂုဏ်ကိုးပါးသည်လည်း သတ္တိစွမ်း အားဖြင့် ကွဲပြားဘိသို့ တစ်ဂုဏ်လျှင် တစ်မျိုးကျစီဖြင့်
ကိုးဌာနကိုလည်းကောင်း တည်ဖန်ထားတော်မူခဲ့ ပါချေ၏။

ယင်းလက်ငုတ်တိုးသို့ လိုက်၍ ထီးဖြူတော် ဦးမှတ်၏လက်ထက်၌လည်း ၄င်း၏လက်ထဲရှိ လူ၊ ငွေကြေး၊ ပစ္စည်း ပမာဏသို့လိုက်၍ ဘာသာ သာသနာရေးတို့၌လည်း ဦးစိုက်ခဲ့ချေသေး၏။ ယနေ့သွားရောက်လေ့လာပါက ထိုမြို့ဟောင်း၏ ပတ်ပတ်လည်တို့တွင် ဘုရားအို၊ ကျောင်းပျက် များစွာတို့ကို အထင်းသားတွေ့ရမည်ဖြစ်ချေ၏။

ထိုသို့ တိုင်းပြည်အတွက်၊ ဘာသာ, သာသနာ အတွက်၊ အများအတွက် တာဝန်ထမ်းဆောင်နေရ သဖြင့် အလုပ်နှင့်လက်နှင့် မအားဟူ၍ မအားကိုင်ပြ ခြင်းကားမရှိချေ။ ၄င်းနှင့်၄င်း၏မိသားစု စားသောက်ရန် အတွက်ကိုကား လယ်ယာများ ထွန်ယက်စိုက်ပျိုး လျက်ကသာ ဝမ်းကျောင်းသက်မွေးမှု ပြုချေ၏။

ရွာစားစည်းစိမ်နှင့် ဘုရင်ပေးသောဆုတော် လာဘ်တော်တို့ကား အမျိုးဘာသာ, သာသနာ ဘက် သို့သာ သီးသန့်ဆောင်ရွက်မှုပြုချေ၏။ အတုယူစရာ ကောင်းလေစွ။
ထိုလယ်ယာလုပ်ကိုင်ရာ ဒေသကား ယခု ငါတို့ရွာတည်ရာမှာပင် ဖြစ်၏။ ယခင်က ထိုလယ်တော သည် ချဉ်မြစ်ပင်လယ်တောဟူ၍ အမည်တွင်၏။ ထီးဖြူတော်ဦးမှတ် ထိုချဉ်မြစ်တောအနီးရှိ ကုန်းပြင် ပေါ်သို့တဲနန်းထိုးကာ လယ်ထွန်,ယာလုပ် လာရောက် လုပ်ကိုင်ရာမှ “မင်းကုန်း” ဟူသော အမည်တွင်သည် ဆို၏။ ရွာစားမြို့နှင့် တစ်မိုင်ခန့်ဝေးသော တနင်္ဂနွေ ထောင့်အရပ်၌ တည်ရှိ၏။

ရွာစားမြို့နေ အမှုထမ်းများက “မင်းကြီးနေ သည့်ကုန်း သွားကြရအောင်” ဤသို့အချင်းချင်း ခေါ်ပြောကြရာမှ “မင်းကုန်း အမည်ပေါ်သတတ်။

နေပြည်တော်မှလာသော အမှုထမ်းများက “မင်းကြီးနေသည်ကုန်းသို့ ပို့ပေးပါ။” ဤသို့ဆိုကြရာ မှလည်း'မင်းကုန်း” ဟူသောအမည်ရှင် တွင်သတတ်။

ထိုထီးဖြူတော်ဦးမှတ်ကိုမှီ၍ ၄င်း၏မိသားစုအသိုင်းအဝိုင်းများ၊ ၄င်း၏မိတ်ရင်းများ စုပေါင်းနေ ထိုင်လာကြသောအခါ လယ်လုပ်ရာတဲနန်းမှ ရွာ အဖြစ်သို့ ပြောင်းလဲလာခဲ့ပါချေ၏။ ၄င်းသည်လည်း တဲအစား ပျဉ်ထောင်ပျဉ်ခင်း အိမ်ကြီးရှင်အဖြစ်
ပြောင်းလဲစိုးစံခဲ့ပါချေ၏။ ယနေ့တိုင် ထိုအိမ်ကား ရှိချေသေး၏။ ယနေ့တိုင် ၄င်းတို့သုံးစွဲ သွားခဲ့ကြ သော ပစ္စည်းများကား မကွယ်ပသေး။

ထိုသို့ ရွာဟူ၍ တစ်သီးတစ်ခြား ပေါ်လွင် ထင်ရှားလာလျှင် ထိုရွာ၏ ကိုးကွယ်ရာကျောင်း ဟူသည်လည်း ရှိရစမြဲသာဖြစ်ချေ၏။ ကျောင်းပြီးလည်း မင်းအကိုးကွယ်ခံ နန်းဦးဆရာတော်ရှိမြဲ၏သို့ ရွာဦးဆရာတော်လည်း ရှိရမည်သာဖြစ်ချေ၏။ ထိုမင်းကုန်းရွာနှင့် မနီးမဝေး၌လည်း လယ်ရှင်တို့ လယ်ခွင်ဝင်ရာ အင်္ကျီလက် ဟူသော တဲစုလေးများလည်း ရှိနေနှင့်၏။ ထိုတဲစုလေးများလည်း အနေ ကြာ ရွာဖြစ်လာချေတော့၏။

ထီးဖြူတော်ဦးမှတ်သည် ထိုနှစ်ရွာရှိ လူ အပေါင်းတို့ကို ဆော်ဩစည်းရုံးကာ ဦးစန္ဒိမာ ဟူသော ဆရာတော်တစ်ပါးကို ပင့်လျှောက်၍ ကိုးကွယ်ကြ၏။ ထိုဆရာတော်ကား တောရအကျင့် သန်တော်မူ၏။ သမထဘက်၌ထူးချွန်ပေါက်မြောက် တော်မူ၏။

သို့ကြောင့်ထိုဆရာတော်၏ ဆန္ဒတော်အတိုင်း မင်းကုန်းနှင့်တာငါးရာ၊ တစ်တာလျှင် လေးတောင်ကျ ဖြစ်သဖြင့် အတောင်ပေါင်းနှစ်ထောင် ယခု အခေါ် တစ်မိုင်မျှအကွာအဝေးရှိ မြောက်စူးစူး ကုန်း ကြီးပေါ်ဝယ် ကျောင်းတည် ကိုးကွယ်ကြရချေ၏။

ထိုကျောင်းကား မင်းကုန်းတောရကျောင်း ဟူ၍ အမည်တွင်စေ၏။ ထိုကျောင်းဝင်း၏ အတွင်းဝယ် စေတီ(အတောင်သုံးဆယ်ခန့်)များ စနစ်တကျ
တောင်မှမြောက်သို့စီတန်းလျက် တည်ထားကိုးကွယ် ခဲ့ချေ၏။ စုစုပေါင်း တစ်ဆယ့်တစ်ဆူမျှ ရှိ၏။

ထိုတွင် အလည်ဗဟို၌ ထီးတော်ဦးမှတ်၏ ဘုရား အထင်အရှားရှိချေ၏။ မြောက်အစွန်ဆုံး၌ ငါတို့၏ဘေးတော် ဘိုးဖိုးဘုရား ဟူ၍ အထင်အရှား ရှိချေ၏။

ထို ထီးဖြူတော်ဦးမှတ်၏ ဘုရားကားထီးနန်းဆန်၏။ တံကဲမုခ်များဖြင့် တန်ဆာဆင်ထား၏။ မူရင်းလက်ရာများ၌ ပစ္စယံနဖူးစည်းအားလုံး စပါယ် ပွင့် အထိမ်းအမှတ်ရှိခဲ့၏။ စေတီတစ်ဆူလုံး ခြုံငုံ ကြည့်သော် မင်းခမ်းမင်းနားပမာသာ ရှိချေ၏။ စေတီနှင့်အတူ သိမ်တစ်လုံးလည်း တည်ဖန်ထား ရှိ၏။ စေတီ၏မုခ်လှိုင်ဂူကား အရှေ့မှရှိသဖြင့် သိမ်သည်လည်း အရှေ့ဘက်မှာသာ တည်ဖန်၏။

ရှေးခေတ်က ဂူသွင်းရုပ်ပွားသည် အရှေ့ကိုသာ မျှော်တော်မူအဖြစ်ထားရှိ၏။ ဘုရားရှင် ဗောဓိ ပင်ခြေရင်း ပွင့်သောအရပ်သည်လည်း တနင်္ဂနွေဆောင်သော အရပ်သာဖြစ်ခြင်း၊ ဘုရားရှင်သည် ဘုရားဖြစ်ချိန်မှစတင်ပြီး ၄င်း၏ဘဝဖြစ်ပြီးနောက် ကိုကားမမျှော်လေ။

အနောက်သည် ပုပ်ပြီးသိုးပြီး ဖြစ်ခြင်းကြောင့်၊ အရပ်ဒေသအားဖြင့်လည်း အနောက်အရပ်သည် ဒုမင်္ဂလခေါ် အပုပ်အသိုးများသာ စွန့်ပစ်ရာအရပ် ဒေသဖြစ်ခြင်းကြောင့်။

အရှေ့ကား ဘဝအားဖြင့် လည်း နိဗ္ဗာန်နန်း မြန်းကြွလေရာ အကောင်းအသစ် ဖြစ်လျက်ရှိခြင်း၊ သုမင်္ဂလခေါ် မင်္ဂလာအရပ်ဒေသ (နေလနက္ခတ်တို့၏ တက်ရာဒေသ) ဖြစ်ခြင်းကြောင့် ရှေးခေတ် ရုပ်ပွားများ အရှေ့ကိုသာ လှည့်ရိုးထုံးစံမှု ပြုချေ၏။ ထိုရုပ်ပွား တော်ကြီးသည်လည်း ယခုတိုင် လက်ရာ မပျက်တည်ရှိဆဲပင်။

စေတီနှင့်သိမ်ကား ထီးတော်ဦးမှတ်၏ မြေး များဖြစ်ကြသော ဦးမြဘူး၊ ဦးထွန်းလင်းမိသားစု တို့က ထပ်မံ၍ ပြုပြင်ထား၏။ အင်္ဂတေသင်္ကန်းသစ် ကပ်လှူခြင်းနှင့် သိမ် ပြုပြင်ခြင်းမျှသာဖြစ်၏။

ထိုသိမ် ထိုစေတီကား မဟာတံတိုင်းကြီး များ၊ စိန်တောင်စိန်တက်များ ဝိုင်းရံလျက်ကရှိဘိ၏။ အရှေ့နှင့်အနောက်တို့၌ နတ်လမ်းစောင်းနန်းကြီး များသည်လည်းကောင်း၊ ယင်းစောင်းနန်းဦး၌ခြင်္သေ့ ကြီးနှစ်ကောင်သည် တစ်ဖက်တစ်ချက် တည်ဖန် လျက်ကလည်းကောင်း ခန့်ညားထည်ဝါစွာတည်ရှိ ၏။ ၄င်းတို့ကိုထောက်ဆ၍ ထိုထီးဖြူတော်ဦးမှတ် ရရှိသောစည်းစိမ်သည် ဘာသာ, သာသနာဘက်၌သာ မြုပ်နှံထားကြောင်းကောင်းကောင်းကြီး သက်သေပြနေပါချေ၏။ ။

ထိုတစ်ဆယ့်တစ်ဆူမျှသော မြေစိုက်စေတီတော်ကြီးများ၏အကြား(တောင်ဘက်အစွန်းနှစ်ဆူ မြောက် နှင့် သုံးဆူမြောက်တို့အကြား)အာရုံခံ  တန်ဆောင်း ကြီးတစ်ခုလည်း တည်ဖန်ထားသေး၏။ ယင်းအာရုံခံကြီးထဲ၌ကား ကိုးပေမျှမြင့်သော ရုပ်ပွား  တော်ကြီးသုံးဆူတို့က အရှေ့ဘက်မှ အနောက်ဘက် ဆီသို့ မျက်နှာတော်မူလျက်ကလည်းကောင်း၊တောင် ဘက်တစ်လျောက်၌ကား မြောက်ဘက်သို့ မျက်နှာမူ တာ နှစ်ဆယ့်ခုနှစ်ပေမျှသော ပလ္လင်တော်ကြီးပေါက် ရောက်စေကာ ၄င်း၏အထက်၌ ကျောက်ဆင်းတု ရုပ်ပွားတော်များ ဉာဏ်တော်အစားစား သီတင်းသုံး လျက်ကလည်းကောင်း တည်ထား ကိုးကွယ်သည်ကို
တွေ့ရ၏။ ထိုစေတီရုပ်ပွားတို့ တည်ဖန်စဉ်က ဖုတ်လုပ်ခဲ့သော အုတ်ချပ်ဖော်ဒေသကား ယခုအခါ အုတ်ကျင်းကန်ဟူ၍ တစ်ဘက်ဆည်ကန် လယ်ရေသောက် ကန်ကြီးတစ်ကန်အဖြစ် အထင်အရှား သက်သေခံလျက်ပင် ရှိနေပါချေ၏။

ထိုကျောင်းတည်စက အခြေအနေအရပ် ရပ်တို့ကိုလေ့လာလျှင် ထီးဖြူဦးမှတ်၏ ဦးဆောင်မှု က ပီပြင်နေခြင်း၊ လူနေအိမ်ခြေများကား မင်းကုန်း ဌာက သာလွန်နေခြင်း ကျောင်းထိုင်ဆရာတော် ကလည်း ၄င်းထီးဖြူ၊ ဦးမှတ်၏အနွယ်ဖွား သို့မဟုတ် “ ထီးဖြူတော်ဦးမှတ် ကြည်ညိုသောဆရာတော် ဖြစ်နေခြင်းများကြောင့် မြုပ်နှံထားကြသော ဒါနထုပ်အရေအတွက်သည် မင်းကုန်းဘက်က များနေသည် ကိုတွေ့ရ၏။

စေတီ တစ်ဆယ့်တစ်ဆူတို့တွင် အင်္ကျီလက် မှ ဘိုးကျိန်းဘုရား၊ ရွှေစာရံဘုရား နှစ်ဆူသာ ထင်ရှား ၏။ ရွှေစာရံကား အင်္ကျီလက်မှ ရှမ်းနွယ်များ ဖြစ်ကြ လေပြီး စောမွန်လှ၏ ရွှေစာရံသို့ မသွားရောက်နိုင်သော ဤနေရာဒေသသို့ ရောက်ရှိနေချေရကား ထို မိဖုရားစောမွန်လှ၏ဘုရားမှ အုတ်တစ်ချပ်ကိုယူ၍ ဤနေရာ၌ ကိုယ်ပွားဘုရား ထပ်ဆင့် တည်ထားခြင်း ဖြစ်စေသည်။သည့်အတူ ယောက်သွားကန်ရွာ အနီး ၌လည်း ပုဂံရွှေစည်းခုံ နွယ်ဖွားတို့သည် ထိုပုဂံ ရွှေစည်းခုံသို့ နှစ်စဉ်မသွားရောက်နိုင်ကြလေသဖြင့် ထိုပုဂံရွှေစည်းခုံမှ အုတ်တစ်ချပ်ကို သယ်ဆောင် ယူခဲ့ကာ ရွှေစည်းခုံဘုရားဟူ၍ ကိုယ်ပွားတစ်ဆူ တည်ထားသည်လည်း အလားတူတွေ့ရ၏။

ထိုကျောင်းတည်,ဘုရားတည် ဒကာများ လည်း ကွယ်လွန်ကုန်ကြချေပြီ။

ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာသည် လည်း သမထအာရုံ ပိုင်ဆိုင်တော်မူသည်နှင့်အညီ ဂျပန်တို့ တက်လာပြီးနောက်ပိုင်း ဘယ်နေ့ဂျပန်တွေ စစ်ရှုံးမည် ဘယ်နေ့ဂျပန်တွေ ဗမာပြည်က ဆုတ်ခွာ ပေးကြရမည်ကို ဟောကိန်းထုတ်မိသဖြင့် ဂျပန်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြကာ ရွှေဘိုထောင်ထဲ၌ အကျဉ်းချထားခြင်းကို ခံတော်မူရသည်ဆို၏။ ထိုထောင်ထဲ၌ပင် ပျံလွန်တော်မူသွားသည်ဟုလည်း ကြားရဖူးသေး၏။

ထိုမှနောက် ကျောင်းထိုင်သစ် ရှာဖွေကြ သောအခါ ကျွဲဖြူရွာဇာတိ စစ်ကိုင်း၌ သီတင်းသုံး တော်မူလျက်ရှိသော ဆရာတော်ဦးသုနန္ဒအား ပင့် လျှောက်ကာ ကျောင်းတင်ကြကုန်၏။ထိုဆရာတော် ကား ဝိနည်းသိက္ခာပုဒ်တော်များကို လေးစားရာ၌ မထေရ်ကြီးများကပင် လေးစားကြရ၏။ စိတ်လည်း ထက်၏။ သိက္ခာနှင့်မညီလျှင် မည်သူ့ကိုမျှ မညှာတာတတ်။ ထိုဆရာတော်၏ လက်ထက်၌ အင်္ကျီလက် ရွာ ဒကာ-ဒကာမများက ပိုမို၍ သဒ္ဓါထက်လေ သည်ကို ဆောက်လုပ်ထားသောကျောင်းတော်ကြီး များ ဥပုသ်သည်တို့ သီတင်းသုံးနေထိုင်ရာ ဇရပ် ကြီး များစွာတို့ကို ကြည့်လျက်က ခန့်မှန်း၍ ရချေ၏။

အင်္ကျီလက်ဇာတိ ဘိုးထွန်းကြွယ်ဆောက် လုပ်သောကျောင်းဆောင်၊ အင်္ကျီလက်ဘုံကျောင်း ဆောင်၊ မင်းကုန်းဘုံကျောင်းဆောင် ဟူ၍ ကျောင်း ဆောင်ကြီး သုံးဆောင်တွဲကျောင်းကြီး ထီးထီး ပေါ် လာချေရာ ဘိုးထွန်းကြွယ်၏ အဆောင်ကား ကျန် ဘုံကျောင်းနှစ်ဆောင်စာမျှကြီးမား၏။ ထိုခေတ်ကား ဆရာတော်ဦးသုနန္ဒသည် ရှမ်းအနွယ်ပွားလည်းဖြစ်၊ အင်္ကျီလက်ဒါယိကာ- ဒါယိကာမများနှင့်လည်း အနွယ်အဖက်တူညီနေသောကြောင့် တစ်ကြောင်း၊ ဆရာတော်၏ သီလအရှိန် လေးစားကြည်ညို သည် ကလည်း တစ်ကြောင်းကြောင့် ဖြစ်တန်ရာ၏။ ထို ဆရာတော်နှင့်ငါတို့ နှစ်ဘဝမျှ ဆက်လက်၍ ဆရာ တပည့်ဖြစ်ခဲ့ရပါသည်ကိုလည်း ကျမ်းအစ၌ ရေးပြ ခဲ့ပြီးဖြစ်၏။

ဤ၌သိစေလိုသောအချက်မှာ မင်းကုန်းနှင့် အင်္ကျီလက် စေတနာထားရာ၌ ဘက်ရှိနေကြောင်း ပြလိုရင်း သိစေလိုရင်းပင် ဖြစ်ချေတော့၏။ နှစ်ရွာတွဲသော်လည်း သဘောထားကွဲနေသည်ကို ထင်ရှား စေလိုရင်းဖြစ်၏။ ငါတို့မျက်မြင်ဖြစ်ခဲ့၏။ အခြေ အနေအရ ကောက်ချက်ချရသော် ငါတို့မင်းကုန်း ရွာသူရွာသား များကား ဘာသာ, သာသနာဘက်၌ မိရိုးဖလာမျှသာတွေ့ရ၏။ ညီညွတ်မှုနှေးကွေး၏။ အင်္ကျီလက်ကား ဘာသာ, သာသနာဘက်၌ တက်ကြွ သည်ကိုတွေ့ရ၏။ ရွာငယ်သလောက်ညီညွတ်ကြ ၏။ အိမ်ခြေကား ငါတို့လက်ထက်၌ မင်းကုန်းကား (၈၀)၊ အင်္ကျီလက်ကား(၁၆)အိမ်ထောင်မျှသာ ရှိချေ။ သေး၏။ ထို(၁၆)အိမ်ထောင်ကား တစ်စိတ်တည်း တစ်ဝမ်းတည်းသာရှိ၏။ အမြင်ကျယ်၏။ ဉာဏ် သွက်လက်၏။ ၄င်းခန့် မှန်းချက်ကား ငါတို့ဆရာဦးသုနန္ဒ၏ ဘုန်းကြီးပျံပွဲ၌ အထူးထင်ရှား၏။

ယခု ငါတို့လက်ထက် ကျောင်းထိုင်ရန်ကိစ္စ ပေါ်ပေါက်လာသောအခါ၌လည်း ငါတို့မင်းကုန်း ကား လှုပ်ရှားမှုမရှိလေ။ မည်သူထိုင်ထိုင်မျှသာ။ အင်္ကျီလက်မူကား ၄င်းတို့အင်္ကျီလက်ရွာသားကိုသာ ဤကျောင်း၌ ဆက်လက်တာဝန်ယူရန် အစွမ်းကုန် တာစူချေတော့၏။ ထိုစဉ်က ထိုမင်းကုန်းတောရကျောင်းမှ ပေါက်ဖွားသော ရဟန်းကား အနီးနှစ်ပါး အဝေးရောက်နှစ်ပါးအားဖြင့် လေးပါးကား အဓိက ဖြစ်နေ၏။ တစ်ဖန် ကြီးမှဖြစ်သော ရဟန်းကလည်း နှစ်ပါးရှိချေသေးရာ ပေါင်းခြောက်ပါးတည်း။

ထိုခြောက်ပါးတို့တွင်လည်း ကျောင်း၌ မင်း ကုန်း၌ငါတို့နှင့် ငါတို့၏နောင်တော်ဦးသာသနဟူ၍ နှစ်ပါး၊ အင်္ကျီလက်မှလည်း ဦးအဂ္ဂနှင့်၄င်း၏ အဖိုး ဘိုးဂျမ်းဟူ၍ နှစ်ပါး။

တဖန် အဝေးရောက်နှစ်ပါးတွင်လည်း မင်း ကွန်းတောင်ရိုး၌ ပညာတော်သင်လျက်ရှိကြလေသော မင်းကုန်းမှ ဦးဂုဏာလင်္ကာရနှင့် အင်္ကျီလက်မှ ဦးဓမ္မာလင်္ကာရဟူ၍နှစ်ပါး။ ။

ဤသို့လျှင် ဘက်ညီလျက်ပင်ရှိပါချေ၏။

ထိုသို့ဘက်ညီနေသည့်အထဲ အင်္ကျီလက် ဘက်ဆွဲဘက်မှ စကားတို့ကား ငါတို့နားမခံသာပြီ။
ကျောင်းကြီး၏လှေခါးထားရာ ကြမ်းပြင်ကြီးကား အိုမင်းမစွမ်းရှိ၏။၄င်းကိုပြုပြင်မည့်သူမှာ အင်္ကျီ လက်မှဖြစ်၏။ ပြုပြင်ရန်တိုင်လုံးကြီးများပင်ရောက်ရှိ နေချေပြီ။ သို့တစေလည်း ငါတို့ရှိနေသဖြင့် မပြင်လို သေးဟူ၍ လေသံပစ်၏။ ငါတို့မရှိမှသာ ပြင်မည် ဟူ၍ လည်းလေသံပစ်သေး၏။ ငါတို့ကား စိတ်ထဲ မကောင်းတော့ပြီ။

သို့နှင့် သီတင်းကျွတ်ပြီဆိုလျှင်ပင် ငါတို့ ၏ ကျောင်းမှ ထွက်ခွါလာခဲ့တော့၏။ မေမြို့ဈေးတောင် ကျောင်းကြီးရှိ သူငယ်ချင်း ဦးဝိမလ(ရွှေဘိုဝေဠုဝန် တုန်းက အတူနေခဲ့ရသော ကိုရင်ညို)ဆီသို့ သွားရောက်ကာနေရန် တာစူရ၏။ ပြင်ဦးလွင်မြို့ ရောက်သည်နှင့်၄င်းကားမတွေ့ရပြီ။ မုံရွာသို့ပြောင်းရွှေ့ သွားပြီဆို၏။ သို့နှင့်ဆရာတစ်ဆူဖြစ်သော လှတော နယ်၊ ဥယျာဉ်မှတ်ရွာရှိ ဆရာတော်ဦးဝါသဝထံ တစ်ဆောင်းခိုလှုံရန် ပန်ကြား၍နေရတော့ချေ၏။ စာမေးပွဲ ပထမကြီးတန်း ဖြေဆိုရန်ကို ကားဦးဓမ္မာလင်္ကာရနှင့်အတူ ပြင်ဦးလွင် စာဖြေဌာန၊ ဈေးတောင်ကျောင်းကြီးမှ စာရင်းပေးသွင်းထားခဲ့၏။

ထို့နောက် လှတော၏ဥယျာဉ်မှတ်တွင် လေးလမျှ နေခဲ့ပြီး တပေါင်းတွင် ပြင်ဦးလွင်သို့ ဦးဓမ္မလင်္ကာရနှင့် အတူတက်ခဲ့ပြီး စာမေးပွဲဖြေရန် စာကျက်ကြရချေ၏။ ဈေးတောင်ကျောင်း ကြီးကား ပရဟိတကျောင်းလည်း ဖြစ်သဖြင့် တောင်ပေါ်နေ ပအိုဝ် ကျောင်းသားများ၊ လီဆူးများ စသည်ဖြင့် လူမျိုးစုံ ခိုလှုံရာ ဌာနဖြစ်ဘိ၏။ ထိုကျောင်းကြီး၏ ပဓာနဆရာတော်ကား ဦးကေသရတည်း။

ထိုဆရာတော်ဦးကေသရသည် ငါတို့ကို အထူးအားပေး၏။ ပထမကြီးတန်းစာမေးပွဲ ဈေးတောင်ကျောင်းမှ အောင်မြင်ပါက ဆုများအပြင် ချီးကျူးပွဲများကိုပါ ပြုလုပ်မည်ဖြစ်ကြောင်း မိန့်၏။ ငါတို့လည်း တအားတက်လျက်ကြိုးစား၏။ သို့သော် ဂေဇာက်ထွက်လာသောအခါ ငါတို့နှစ်ပါးစလုံး မပါ လေ။

စာမေးပွဲဖြေဆိုပြီးသည်နှင့် ရွာမှပင့်စာ ရောက်လာ၏။ ငါတို့၏ ရှင်ဒကာလည်းဖြစ် ဆွေရင်း မျိုးရင်းလည်းဖြစ်ကြသော အင်္ကျီလက်မှ ဦးကျ + ဒေါ်သွယ်မတို့က မြေးရှင်ပြုမည့်ကိစ္စကတစ်ခု၊ မင်းကုန်းတောရကြီးကျောင်း၏ ကျောင်းထိုင်ကိစ္စ ရွေးချယ်ရန်ကတစ်ခု။ ထို နှစ်ကိစ္စတို့ဖြင့်။

ထိုအလှူပွဲသို့ ငါတို့သာမက အဝေးရောက် ဦးဂုဏလင်္ကာရ၊ ဦးဓမ္မာလင်္ကာရ နှစ်ပါးကိုလည်း ပင့်ထားသေး၏။ သို့ကြောင့် ထိုအလှူပွဲကား မင်းပေါင်းစုံပွဲတည်း။

သို့တစေလည်း ကျောင်းထိုင်တာဝန်၌ကား ငါတို့နှင့်ဦးအဂ္ဂ နှစ်ပါးသာအဓိကဖြစ်၏။ ဦးအဂ္ဂကား ငါတို့ထက် အသက်,သိက္ခာ,ဝါ ကြီး၏။ သို့တစေ ငယ်စဉ်ကတည်းက အာရုံမမှန် ပင်ကိုယ်စိတ် မသန် သူ ဖြစ်ရကား ငါတို့ကို လေးစားစွာ ဆက်ဆံရ၏။ ငါတို့စကားလိုက်နာရ၏။ ကျန် ဦးဂုဏာလင်္ကာရ၊ ဦးဓမ္မာလင်္ကာရတို့ကလည်း ငါတို့ကိုသာ အလေးမူ ကြချေ၏။ သို့ကြောင့် ငါတို့ကား ထိုကိစ္စ အဓိက ဆုံးဖြတ်ရမည့် တာဝန်ခံဖြစ်၍ လာ၏။

ကျောင်းထိုင်ကိစ္စသည် အလှူပွဲမတိုင်မီ ကပင် ဆုံးဖြတ်ကြ၏။ ငါတို့ကား ဤကျောင်း၌ ထိုင်ရန် မသင့်ယူဆ၏။ နှစ်ရွာစလုံးတို့၌ပင် ငါတို့ ဆွေမျိုးများသည်လည်းကောင်း၊ ဦးအဂ္ဂ၏ ဆွေမျိုးများသည်လည်းကောင်း၊ ရောနှာလျက်နေထိုင်ကြ ချေရာ အကယ်တိတိ ငါတို့က ကျောင်းထိုင်ခဲ့သော် ငါတို့ဘက်ဆွေမျိုးများက ဝမ်းသာ ကြိုဆိုကြပြီး၊ ဦးအဂ္ဂဆွေမျိုးများကမူ ငြူစူကြပေရော့မည်။ သည့် အတူ ဦးအဂ္ဂကျောင်းထိုင်မည်ဆိုပါကလည်း ငါတို့ ဘက်က မကြည်ဖြူကြမည်မှာ သေချာနေ၏။ တစ်ဖန် ရွာနားမြက် ရွာနွားမစားဟူသောစကား ကလည်း ငါတို့ ကျောင်းလက္ခံရန်မသင့် ဟူသော အယူအဆကို ထောက်ခံနေချေ၏။

ထိုအကြောင်းခံအမှန်ကို ကျန် ဦးအဂ္ဂ၊ ဦးဂုဏာလင်္ကာရ၊ ဦးဓမ္မာလင်္ကာရ သုံးပါးတို့အား ချပြချေရာ ထို အားလုံးတို့ကပင် တညီတညွတ်တည်း သဘောကျ လက်ခံကြ၏။

ငါတို့မထိုင် မည်သူထိုင်မည်နည်း။

ဆက်လက်ဆွေးနွေးကြလေသောအခါ စစ်ကိုင်းမှ မထေရ်ကြီးတစ်ပါးပင်လျှင် သင့်တော်မည် ဟု သဘောလည်းရ၏။ ဦးဂုဏာလင်္ကာရကလည်း တာဝန်ခံ၏။ ကျောင်းထိုင်ရန် ထိုရဟန်းကလည်း သဘောတူပြီးသားဆို၏။ အလွန်ကောင်းသော စီမံ ချက်ဟု အများသဘောတူ၏။

သို့နှင့်နှစ်ရွာရှိ ဒါယကာများနှင့် စည်းဝေး ကြ၏ ငါတို့ကားဒိုင်လုပ်၏။

“အင်္ကျီလက်ဒါယကာများ လျှောက်လိုရာ လျှောက်ပါ” ဟု ငါတို့ကလမ်းစခင်း ပေး၏။

“တပည့်တော်များ ဦးအဂ္ဂကိုသာ ထားလိုပါ သည်။ ဦးအဂ္ဂဆိုလျှင် ဦးပဉ္စင်းကြီး ဘိုးဂျမ်းလည်း ချမ်းသာပါမည်။ တပည့်တော်များလည်း ချမ်းသာပါ မည်ဘုရား။”

“ကဲ- မင်းကုန်းဒါယကာများဘက်က ဘယ်လို သဘောရသတုန်းဗျား”

“တပည့်တော်များကတော့ မည်သူထိုင်ထိုင် သည်မင်းကုန်းကျောင်းကြီးက ထွက်သောသံဃာ မှန်သမျှ အားလုံးကိုပင် ကိုးကွယ်ပါမည်ဘုရား”

“အင်း- ဒါယကာများဘက်ကဆန္ဒကိုတော့ အားလုံးသိကြရပြီ။ ကျုပ်တို့သံဃာများဘက်ကသာ လိုတော့သဗျ။ ကဲ- ဦးအဂ္ဂသဘောထား မိန့်ပါဦး”

“ကျုပ်မှာ ပထမကြီးစာမေးပွဲကလည်း ဖြေမပြီးသေးဘူး။ ဆယ်ဝါကလည်းမပြည့်သေးလို့ ကျောင်းထိုင်တာဝန် မယူနိုင်သေးဘူးဒကာတို့”

ထိုအခါ အင်္ကျီလက်ရွာသားများ ငိုင်ကုန်ကြ ချေ၏။

တစ်ဖန် ငါတို့အလှည့်ရောက်သော အခါ တွင်လည်း တီးလုံးတိုက်ပြီးထားသည့် အတိုင်းလျှင် ဦးအဂ္ဂနည်းတူ ကျောင်းထိုင်ရန် ပယ်မြစ်လိုက် ချေ၏။

ထိုအခါ မင်းကုန်းရွာသားများလည်း မလှုပ် တော့။ တစ်ဖန် ငိုင်ရာ မလှု ပ်ရာတို့မှ လှုပ်ရှားလာကြ ကာ “ကိုယ်တော်တို့မှ ကျောင်းမထိုင်လျှင် တပည့် တော်တို့တော့ ခက်ကြပြီ။ ဘယ်လိုမှ မကြံစည်တတ် တော့ဘူးဘုရား” ဟူ၍ တစ်ညီတည်းလျှောက်ထား ကြချေ၏။

ထိုအခါလည်း ငါတို့ကပင် “ကျောင်းထိုင် သံဃာ ရှာဖွေရေး ကျုပ်တို့ကိုအပ်နှံပါ။ ကျုပ်တို့တာဝန်ယူ ရှာပေးပါမည်” ဟု ကတိဆိုလိုက်ရာ အပ်နှံကြကုန်၏။

သို့နှင့် ဦးဂုဏာလင်္ကာရကိုလွှဲအပ်ရာ ဦးဂုဏလင်္ကာရက စစ်ကိုင်းမှသံဃာတော်ကြီး တစ်ပါး ထားမည့်အကြောင်းမိန့်ဆို၏။ ထိုရဟန်း
တော်ကြီးကလည်း တောရ ရသောကျောင်းကို နှစ်ခြိုက်တော်မူ၏။ ပြောဆိုလည်းပြီးပြီးသားဟူ၍ မိန့်၏။

ကျောင်းထိုင်ကိစ္စကား ပြီးပြေသွား ခဲ့ကြချေပြီ။ သို့သော်မပြီးပြေလေ။ ပြီးပြေရာမှ မပြီးပြေစရာ ဝင်ရောက်လာချေပြီ။ နောက်ရက်များ တွင် အင်္ကျီလက်ဒါယကာများသည် ဦးအဂ္ဂကို နားသွင်းကြချေ၏။ အာရုံ မမှန် စိတ်မသန်ရှာသော ဦးအဂ္ဂသည်လည်း ဒကာများ နားသွင်းရာ ပါသွား ချေတော့၏။

“ဟေ့ကောင်တို့ ကျောင်းထိုင်ကိစ္စ ပြန် စဉ်းစားကြပါဦး” ဆိုလာ၏။

အားလုံးက ၄င်းကျောင်းထိုင်ချင်မှန်း သိသွားကြ၏။ သို့ကြောင့် ဦးဓမ္မာလင်္ကာရကပင် “သည်ကောင် ကျောင်းထိုင်ချင်နေပြီ။ ပေးလိုက်ကြ စမ်းပါကွာ” ဆိုပြန်တော့ရာ

“ကဲ-ခင်ဗျားသဘောပဲ တော်တော်ကြာ ဆရာတော်ဦးသုနန္ဒလက်ထက်က ဦးညွတ်ခဲ့တဲ့ ရွာ နှစ်ရွာမကွဲပါစေနဲ့” သတိပေးကာ စစ်ကိုင်းတင်ရေး ကိစ္စ လက်လျှော့လိုက်ကြရ၏။

အင်္ကျီလက်မှ ဒါယကာများကလည်း ငါတို့ နယ်ပယ်၏ ဂိုဏ်းထောက်ဆရာတော်ဖြစ်သော ထန်းတပင်၊ အုတ်ကျောင်းဆရာတော်ဦးဣန္ဒကထံ သွားရောက်ချဉ်းကပ်ကြကာ ၄င်းဦးအဂ္ဂ ကျောင်းရရှိ ရေး ဆရာတော်ကအသိမှတ်ပြုရေး လျှောက်ထား ကြချေ၏။ သို့ကြောင့် ထနောင်းကိုင်းရွာ၏အလှူပွဲသို့ ငါတို့သွားရောက်လေသောအခါ

“မင်း- မင်းကုန်းကျောင်း ကျောင်းထိုင်ဘို့ စဉ်းစားသလား” ခေါ်မေး၏။

“တပည့်တော် ငယ်ပါသေးသဖြင့် မထိုင်ပါ ဘုရား” လျှောက်ကြား၏။

“အေး-သည်လိုဆို သူတို့တင်မယ့်ရဟန်းကို ဝင်မရှုပ်နဲ့” ဟူ၍ သတိပေး၏။

“တင်ပါ့ဘုရား တပည့်တော်ကလွဲရင် မည်သူ ထိုင်ထိုင်ပါဘုရား” လျှောက်ကြားခဲ့၏။

ငါတို့ရွာမှ ဒါယကာတို့ကား ငြိမ်လှ ချေ၏။ ရှေ့ရေးကိုလည်း နည်းနည်းလေးမျှ တိုး၍ မျှော်တွေးဆင်ခြင် မြင်အံ့လည်းမထင်မိ။

ငါတို့၏ ဦးရီးတော်ဦးပွင့်ကား ငါးရွာကို အုပ်ချုပ်ရသော ဒိုင်နယ်လူကြီးဖြစ်ဘိ၏။ ၄င်းကား ဘာပြောပြော ငယ်မွေးခြံပေါက် သားလိုချစ်ပါသည်လျှောက်၏။ ငါတို့၏ ဦးလေးတော် ဦးသောင်းဖေ ကမူကား တခြားရွာမှ လာရောက် ကျောင်းထိုင်ခဲ့ပါ ချေသော် တော်တော်ကြာရွာပြန်ရန် လမ်းစရိတ် စသည် စရိတ်တောင်းခံရမည်ကို ရွာစားရွာသို့ လာရောက်ကျောင်းထိုင်လေသော ကညွတ်ကွင်း နယ်မှဘုန်းကြီး ၄င်း ကညွတ်ကွင်းသို့ ပြန်ကြွလိုတိုင်း တစ်ရွာလုံး စရိတ်စုကြရသည်ကို ထောက်ပြကာ တန့်ကွက်ခဲ့ချေ၏။

သို့ဖြင့် ဦးအဂ္ဂကား မင်းကုန်းတောရ၏ ကျောင်းထိုင်ဖြစ်ခဲ့ရချေပြီ။

သို့ဖြင့်ပင် ငါတို့လည်း ရွာလွန်ရွက်တိုက်ခဲ့ရပါချေပြီ။

ထို ငါကား

- ဘယ်ကိုသွားမည်နည်း။ 
ထို ငါကား
- ဘယ်ကိုနားမည်နည်း။

အဖြေကား ရေရာတိပခြင်းမရှိ။ နေခဲ့သမျှ မြို့၏ စာသင်တိုက်မှန်သမျှကလည်း ထွက်ခွါချိန်ဝယ် ကန်ထွက်ချည်းထွက်ခဲ့ပြီးဖြစ်သဖြင့် အသွားမှသည် အပြန်လုပ်၍မရတော့သည်ချည်းသာ ဖြစ်ခဲ့ရချေ၏။ မာန၏ဒဏ်ကား ခံချက်မဆုံးတော့ပြီ။

သို့နှင့်ငါတို့နေခဲ့ဖူးရာ မော်လမြိုင်မြို့၏ သင်တိုက်မှ တစ်ခုခုသို့ဝင်ရန် တာစူရ၏။သို့သော်ရဟန်းဒကာကား စရိတ်မထောက်ပြီ။ သို့ကြောင့် ငါတို့၏စာသင်ရန်သည် စရိတ်ဖြတ် တောက်ခံရခြင်း ဖြင့် အတောင်ကျိုးမတတ် အခြေဆိုက်နေချေ၏။ 

သို့တစေလည်း ငါတို့၏စိတ်ဓာတ်ကား ပြင်းထန်လွန်းလှ၏။ ဤသို့လုပ်တော့မည်ဟူ၍ ဆုံးဖြတ်ချက်ချပြီးလျှင် နောက်ဆုတ်တတ်သော တွန့်စိတ်မျိုးမရှိတတ်။ မဖြစ်ဖြစ်သောနည်းဖြင့် လုပ်တတ်သော အလေ့အကျင့်ကား ကျင့်သားရ နေချေပြီ။ 

ဦးစွာ လှတောရှိဆရာထံဝင်၍ စရိတ် တောင်းခံ၏။ ထိုဆရာ၌လည်း ငွေစုထားလေ့ မရှိ ချေရကား ၃၀-ကျပ် မျှသာရရှိခဲ့၏။ ထိုစရိတ်ဖြင့်ပင် မော်လမြိုင်အရောက်သွား၏။ သွားသဖြင့် ရောက်ရုံ သာရှိချေ၏။ အကြောင်းမှာ ထိုစဉ်က မော်လမြိုင်မှာဝမ်းရောဂါအကြီးအကျယ် ကပ်ဆိုက်နေရကား တစ်မြို့လုံး ကျီးလန့်စာစားဖြစ်နေ၍ပင်တည်း။ 

ရောက်သဖြင့် တည်းခိုစရာကျောင်းလည်း မရှိ။ နောက်ဆုံးထွက်ခဲ့သော ဝတ်ကြီးကျောင်း တစ်ကျောင်းတော့ရှိ၏။ သို့သော် ၄င်းတစ်ပါးပင် အစားအစာ မလုံလောက်ချေရကား အာဂန္တတစ်ပါး လက်ခံရန် အင်အားမရှိချေပြီ။ သို့ကြောင့်ရင်းနှီးရာ ဒါယိကာမကြီးဒေါ်ကြည်အေး(မော်လမြိုင် ဒိုင်းဝန် ကွင်း၊ မြို့ပေါက်ဝ ဆာဦးသွင်၏ ရွှေချက်သိုဘုရားနှင့် ကပ်လျက်ရှိ) နေအိမ်သို့ ခေတ္တတည်းကာ ကျောင်း ရှာရန် ကြိုးစား၏။ 

သို့တစေလည်း ငါတို့ကသာရင်းနှီးပြီး ၄င်းဘက်မှာ မရင်းနှီးချေရကား နှစ်ရက်မြောက်တွင် ဝမ်းရောဂါများ ကူးစက်မည်စိုးသဖြင့် အကြောင်းပြ ကာ ရိုရိုသေသေဖြင့် နှင်လွှတ်လိုက်၏။ 

တစ်ဖန် ဒုတိယအရင်းနှီးဆုံးသော ကျိုက္ခနဲ ဘုရားလမ်း သင်္ဘောဆိပ်အနီးရှိ ဦးစန်းလွင်+ ဒေါ်ကြည်စိန် တို့အိမ်သို့ ပြောင်းရွှေ့ကာ ကျောင်းရှာ၏။ ဝမ်းရောဂါသည် ငါတို့အား သွားလေရာရာမှ နေ၍ အဆီးအတားပြုလုပ်နေရသေ့ကား မည်သည့် ကျောင်းမျှမရ။ ထိုအိမ်နေရန်လည်း တာရှည်မသင့်။ 

ဤသို့ဖြင့် ရန်ကုန်ဘက် ရွက်လွှင့်ခဲ့ရချေပြီ။ သူငယ်ချင်းဦးပဝရ သီတင်းသုံးရာ သရက်တော တိုက် သာသနာဒယကျောင်းသို့ဝင်ကာ စရိတ် အကူတောင်းခံရ၏။ ဦးပဝရထံမှ စရိတ် (၃ဝ)ကျပ်မျှ ရလေသောအခါ မိမိကြားဖူးနားဝမျှသာရှိသော ပုသိမ်မြို့ အမှိုက်ပုံကြီးကျောင်း ခေါ် သာသနာ့ရံသီ ပါဠိတက္ကသိုလ်သို့ ဆက်ပြန်ရချေသည်။ 

၁၃၂၅-ခုနှစ်၊ နွေဦးတွင် သာသနာ့ရံသီ၌ သီတင်းသုံးခွင့်၊ စာသင်ခွင့်ရခဲ့၏။ ထိုကျောင်း၏ ပဓါနနာယကနှင့်တကွ စာချဘုန်းကြီး၊ ဆွမ်းစား ကျောင်းဘုန်းကြီး တို့ကား ငါတို့ရွှေဘိုမှချည်း ဖြစ်ချေ ရကား အရေးကြီးသွေးနီး၍ သွေးစည်းသွား ချေတော့၏။ ထိုကျောင်း၌နေစဉ် အစစ ငါတို့အား အရေးပေး၏။ 

ကိစ္စတစ်ခုပေါ်တိုင်း ကြီး ခေါ်ငင်ကာ စီရင်ခိုင်းသည်သာဖြစ်၏။ မြို့ရှိ ဆွမ်း ဒါယကာ-ဒါယိကာမများလည်း ကြည်ညိုကြ၏။ ဆွမ်း၊ကွမ်းလည်းမရှား။ ပစ္စည်းလေးပါးလည်းမရှားပါး။ ပညာအင်အားကောင်းခဲ့ပါချေ၏။ ထိုနှစ်စာမေးပွဲသို့ ပထမကြီးတန်း တတိယအကြိမ်မြောက် ဝင်ရောက် ဖြေဆိုရာ ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့ရချေ တော့၏။ 

ထိုနှစ်က ဖြေဆိုရပုံမှာ ယနေ့သဒ္ဒါဘာသာ ဆိုတော့မည်ဖြစ်လျှင် ညကပင် မေးခွန်းပုစ္ဆာများ အိပ်မက်ထဲ၌ တွေ့ပြီးသား။ နောက်ရက်သွား အံကိုက်။ 

သည့်အတူ ဘာသာရပ်အားလုံးနီးပါး ရှေ့ ပြေး နိမိတ်များ လက်ဦးညညများမှပင် ပေါ်ပေါက် နေတော့သဖြင့် နာရီဝက်အတွင်း အားလုံးဖြေပြီးသားကြီးဖြစ်နေတော့၏။ ကြီးကြပ်သူတို့က မြန်မြန်ပြီး သော် သံသယဝင်မည်စိုးသဖြင့် ပေမှိတ်ထိုင်နေရ သည်သာဖြစ်၏။ အောင်ဂေဇက်ထွက်လာသော အခါ ပုသိမ်စာဖြေဌာနမှ ဒုတိယအမှတ်အများဆုံးရ ဖြစ်ခဲ့ရ၏။ ပထမပြန်ဆွမ်းကျွေးအဖွဲ့၏ လစဉ် ထောက်ပံ့ကြေးစရိတ် ရယူခဲ့ရ၏။ ကျောင်းတိုက်မှ လည်း ပါဠိတက္ကသိုလ်ကျောင်းသား ဖြစ်သွားပြီဖြစ် ၍ လစဉ်စရိတ် ထောက်ပံ့သေး၏။ 
လောကကြီးကား ပျော်စရာကောင်းလှ ဘိခြင်း။

(ဆက်လက်ကြည်ညိုပါမည်)

No comments:

Post a Comment