Showing posts with label မင်းလူစာစုများ. Show all posts
Showing posts with label မင်းလူစာစုများ. Show all posts

Tuesday, July 2, 2019

မင်းလူစာစုများ

ကျွန်တော်နှင့် အတောင်ပံ
#မင်းလူ

အိပ်ရာမှ နိုးသောအခါ ခြင်ထောင် အမိုးမှာ ဇောက်ထိုးရပ်နားနေသော ခြင်တစ်ကောင်ကို ထူးထူးခြားခြား မြင်လိုက်ရ၏။ ထူးထူးခြားခြား ဆိုသော စကားသည် ခြင်၏ ရပ်တည်နေမှုနှင့် မသက်ဆိုင်။ ခြင်သည် ရေပြင်ညီဖြစ်စေ၊ ထောင်လိုက် ဖြစ်စေ၊ ပြောင်းပြန်ဖြစ်စေ ရပ်နားနိုင်ကြောင်း အများ သိပြီးသားပင်။ ခြင်ထောင်ထဲတွင် ခြင်ရောက်နေသောကြောင့် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်သည်။

ငယ်ငယ်တုန်းက ခြင်သတ်တမ်း ကစားဖူးသည်။ လက်ဝါးနှစ်ဖက်ကို ခပ်ခုံးခုံး ခပ်ဖွဖွလုပ်၍ ရိုက်လိုက်သောအခါ ခြင်သည် လေဟပ်ပြီး မူးမေ့သွားသည်။ အကောင်မပျက် အရှင်ဖမ်းမိခြင်း ဖြစ်သည်။ ခြင်ထောင်ပေါ်သို့ ဖယောင်းစက်ချသည်။ ဖယောင်းခြောက်သွားသောအခါ အသာ ခွာယူလိုက်လျှင် ဂူသွင်းပြီးသား ရလေသည်။ ဖယောင်းလုံး ဘယ်နှစ်လုံးရသည်ဟု သူငယ်ချင်းတွေနှင့် ပြိုင်လေ့ရှိသည်။ လူပျိုပေါက် အရွယ် ရောက်သောအခါ ခြင်တွေကို မေ့သွားပြန်၏။

တစ်ချိန်တွင် ခြင်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းတို့ကို ပေယျာလကန် သဘော ထားခဲ့လိုက်ပြန်သည်။ ခြင်ထောင် ဆိုသည်မှာ အကျင့်ကြီး ပါနေသောကြောင့်သာ ညကျလျှင် ဆွဲချ၊ မနက်ကျလျှင် လုံးထွေးပြီး ပြန်တင်အပ်သော အရာ တစ်ခုအဖြစ် အသိအမှတ်ပြုထား၏။

ကျွန်တော့်ခြင်ထောင်ထဲတွင် ပုံမှန်စတည်းချသော ခြင်လေးငါးကောင်လောက် ရှိချင် ရှိပေလိမ့်မည်။ ကိစ္စမရှိ။ ခြင်တစ်ကောင်သည် တစ်ညလျှင် တစ်ကြိမ်လောက်သာ ကိုက်နိုင်မည်။ ခြင်လေးငါးကောင် အကိုက်ခံရလို့ သွေးနှစ်စက်၊ သုံးစက် အပြင် ပို၍ မဆုံးရှုံးနိုင်။ သွေးလှူသောအခါ သွေးတစ်ပုလင်းလုံး ထုတ်ပေးလိုက်တာတောင် ကိုယ်ခန္ဓာ အတွက် ပြောပလောက်အောင် ထိခိုက်မှု မရှိနိုင်ဟု ကြားဖူးသည်။ ပြီးတော့လည်း “ခြင်ထောင်” ဆိုသောနာမည် မှည့်ထားပါလျက် ခြင်တွေကို ဝင်ခွင့် မပေးတာတော့ ဘယ်တရား မလဲဟု ကတ်ကတ်သတ်သတ် တွေးသည်။

အိမ်ထောင်ကျသောအခါ ခြင်ဆန့်ကျင်ရေးသမားနှင့်မှ သွားတွေ့သည်။ လေးမေသည် ညအိပ်ခါနီးလျှင် ခြင်ထောင်ထဲမှာ ခြင်တစ်ကောင် တစ်မြီးမျှ မကျန်အောင် သုတ်သင်ပြီးမှ အိပ်တတ်သည်။

“တစ်ကောင်တလေကျန်လည်း ကိစ္စမရှိပါဘူးဟာ၊ သိပ်နုမနေစမ်းပါနဲ့၊ ခြင်ကိုက်တာလောက်တောင် မခံနိုင်ဘူးလား၊ ခြင်ထောင် ထောင်စရာ မရှိတဲ့လူတွေ ဘယ်လိုလုပ်မလဲ” ဟု ကျွန်တော်က သူ့ကိုထေ့သည်။ သူက..
“ခြင်ထောင် မရှိတဲ့အခါကျတော့လည်း မရှိသလို နေနိုင်အောင် ကြိုးစားရမှာပေါ့၊ ခု ခြင်ထောင် ရှိနေလျက်သားနဲ့တော့ တမင်တကာ ခြင်ကိုက်မခံနိုင်ပါဘူး” ဟု ကျွန်တော့်ကို ပြန်တွယ်ပြီးလျှင် ခြင်ကြောင့် ဖြစ်နိုင်သော ရောဂါများ အကြောင်းကို ပညာပေး ဟောပြောလေတော့သည်။ ပလက်စမိုဒီယမ်ခေါ် ငှက်ဖျားပိုးကြောင့် သွေးတွေ အဆိပ်တက်ပြီး....
“ဒါတွေ ကိုယ်သိပြီးသားပါကွာ၊ ဆယ်တန်းတုန်းက ဘိုင်အိုယူခဲ့တာကွ” ဆိုပြီး အနိုင်နှင့် ပိုင်းလိုက်သည်။ သူကတော့ ညတိုင်းကျလျှင် ခြင်တွေကို ရှာမြဲ၊ သတ်မြဲပင်။

တစ်ခါကျတော့ ကျွန်တော့် အစ်ကို တစ်ယောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အချိန်မှန်မှန် တက်တတ်သော အဖျား။ သူအဖျားတက်ပြီ ဆိုလျှင် တစ်ကိုယ်လုံး တုန်နေသည်။ စောင်လေးငါးထပ် ခြုံလို့လည်း မရ။ လူသုံးလေးယောက် တက်ဖိထားလို့လည်း တုန်နေတုန်း။ အဖျားကျသွားပြီး ဆိုလျှင် လူက ယူပစ်လိုက်သလိုပင် ဟိုက်ခနဲ ကျသွားတတ်သည်။

ကျွန်တော်တို့အိမ်နားက ကလေး တစ်ယောက်ကျတော့ သွေးလွန်တုပ်ကွေး ဖြစ်သည်။ ဆေးရုံမှာ အတော် ကုယူလိုက်ရသည်။ ဆေးရုံကဆင်းပြီးသည့်တိုင် ရက်အတန်ကြာသည်အထိ နာလန် မထူချင်သေးဘဲ ဖြစ်ခဲ့ရသည်။ ထိုအခါမှစ၍ ကျွန်တော်သည် ခြင်တွေကို နည်းနည်းလန့်လာသည်။ ခြင်သုတ်သင်ရေးကို အားပေး အားမြှောက်ပြုသည်။ စာရေးခါနီးတွင် စားပွဲအောက်ကို နနွင်းမှိုင်း တိုက်သည်။ ညအိပ်ခါနီး လေးမေ ခြင်ရှာသောအခါ “ဟိုမှာ တစ်ကောင်၊ ဟိုမှာ တစ်ကောင်” ဟု ဝင်အော်ပေးတတ်လာလေ၏။

ခြင်ထောင် အမိုးမှာနားနေသော ခြင်ကို သေသေချာချာ ကြည့်သည်။ ငှက်ဖျား ရောဂါပိုးကို သယ်ဆောင်သော အနိုဖလိခြင်သည် နားသောအခါ ဖင်ထောင်နေတတ်သည်။ ခုခြင် ကတော့ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နှစ်ယောက်အနက် တစ်ယောက်ယောက်ကို ကိုက်ထားသောခြင် ဖြစ်သည်မှာ သေချာ၏။ ညက ညဥ့်နက်အထိ စာရေးခဲ့သည်။ စာရေးအပြီး ခြင်ထောင်ထဲ အဝင်တွင် ဒီခြင်က ကပ်လိုက်လာတာဖြစ်မည်။ ခြင်တို့သည် နေ့နှင့်ည သဘာဝချင်း မတူ။ ညဆိုလျှင် လှစ်ခနဲ ဝှီးခနဲနေအောင် လျင်မြန်သည်။ နေ့ဘက်ကျတော့ အာရုံခံအဂ်ါများ အားနည်း နေတတ်သလား မသိ။ ပျံသန်းလျှင်ပင် ခပ်နှေးနှေး။

ဖြန်းခနဲ ရိုက်ချလိုက်သည်။ မိမိရရှိကြောင်း လက်ဖဝါး၏ အထိအတွေ့က သိနေ၏။ လက်ဖြန့်ကြည့်သောအခါ လက်ဖဝါးပေါ်တွင် စိစိညက်ညက်ကြေနေသော ခြင်ကို တွေ့ရသည်။ သွေးတွေက ရဲနေသည်။ သူ့ကိုယ်ထဲက ထွက်လာခြင်း ဖြစ်သော်လည်း သူ့သွေး မဟုတ်။ ကျွန်တော်တို့၏ သွေးတွေ။

သွားပွတ်တံပေါ်တွင် သွားတိုက်ဆေး ညှစ်ထည့်ပြီး မျက်နှာသစ်ရန် ထွက်ခဲ့သည်။ စာရေးစားပွဲပေါ်တွင် လက်ဖက်ရည် တစ်ခွက်နှင့် မည်ကာမတ္တဟု ကျွန်တော် နာမည်ပေးထားသော ထမင်းကြော် တစ်ပန်းကန် တွေ့ရသည်။ ဆီကလေး ပါလေဟန်နှင့် အိုးကင်းပူတိုက်ပြီး ပဲပြုတ်ဖြူးထားခြင်း ဖြစ်သည်။ လေးမေကတော့ ထမင်းလှော်ဟု သူ့ဘာသာ နာမည်ပြောင် ပေးထားသည်။ မျက်နှာမသစ်မီ တစ်ဇွန်းလောက် မြည်းကြည့်မလို့ စိတ်ကူးသေးသည်။ ဇွန်းကိုကိုင်ပြီးမှ ပြန်ချထား လိုက်ပြီး ထွက်လာခဲ့သည်။ လေးမေသည် ရုံးကြိုကား မမီမှာစိုးသဖြင့် ခပ်သုတ်သုတ် ပြင်ဆင် နေသည်။ ထမင်းဘူး အဖုံးကို ပိတ်ရင်း....
“ညနေ လက်ဖက်ခြောက် ဝယ်ဖို့ မမေ့နဲ့နော်၊ ရွှေပလောင်နဲ့ ကုန်တိုက်ကဟာ ပေါင်ဝက်စီ ဝယ်ခဲ့” ဟု လှည့်မကြည့်ဘဲ ပြောသည်။ ကျွန်တော်ကလည်း ခေါင်းညိတ်ပြလိုက်၏။

မီးဖိုဆောင်ကို ဖြတ်ထွက်လိုက်သောအခါ ရေစည်ရှိရာသို့ ရောက်လာသည်။ စင်ပေါ်က ရေခွက်ကို ယူပြီး ရေခပ် မည်ပြုသည်။ ခွက်ကိုင်ထားသောလက်က တုန့်ခနဲ ဖြစ်သွား၏။ ရေမျက်နှာပြင်ပေါ်မှာ ခြင်တစ်ကောင် နားနေသည်။ စိတ်တိုသွား၏။ ခြင်တွေကလည်း နေရာတကာပဲဟု စဉ်းစားမိသည်။ ရေခွက်နှင့် ရိုက်သတ်မည်ပြုပြီးမှ မရိုက်ဖြစ်။

ကြည့်စမ်းပါဦး။ သူသည် ရေပြင်ပေါ်မှာ နားနေခြင်း မဟုတ်။ ရေမျက်နှာပြင်အောက်မှ ထိုးထွက်ဖို့ ကြိုးစား နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ဘဝ ပထမပိုင်းဖြစ်သော ပိုးလောက်လန်းအခွံထဲမှ လူးလွန့်ရုန်းထွက်နေခြင်း ဖြစ်သည်။

သူ့လှုပ်ရှားမှုကို ဆက်ကြည့်နေမိ၏။ သူသည် ကိုယ်တစ်ပိုင်းက ရေပေါ် ရောက်နေပြီ။ ခြေထောက်များက လွတ်လွတ်ကျွတ်ကျွတ် မဖြစ်တတ်သေး။ ခြေထောက်များကို နှဲ့ပြီး ထုတ်နေသည်။ အတောင်ပံကို မခတ်ဘဲ နေသည်။ မခတ်နိုင်သေးလို့လား၊ ကောင်းကောင်း မခတ်တတ်သေးလို့လား မသိ။ ရှေ့ခြေများ ထွက်လာသည်။ ထိုခြေထောက်များဖြင့် ရေပြင်ကိုကန်၍ ရုန်းနေပြန်သည်။ အတောင်ပံများ လှုပ်စပြုလာသည်။ ကိုယ်ကို လွန့်လိုက်ရာ တစ်ပတ်လည်သွားသည်။ ထိုစဉ်တွင် ဝမ်းဗိုက်ပိုင်းကို မြင်လိုက်ရသည်။ အရစ်ရစ်တွေနှင့် ခြင်ကျား။ “သွေးလွန်တုပ်ကွေး ကာကွယ်ရေး၊ ခြင်ကျားခေါ် ခြင်ပုန်း နှိမ်နင်းပေး” ဆိုသော ကျန်းမာရေး ဆောင်ပုဒ်ကို ရုတ်တရက် သတိရသည်။ သူသည် ကလေးတွေကို ကိုက်လျှင်.... ကျွန်တော့်မှာ တူကလေးတွေ၊ တူမကလေးတွေ ရှိသည်။ ရေခွက်ကို စင်ပေါ် အသာပြန်တင်သည်။ လက်ညှိုးနှင့်တောက်ပြီး သတ်မည်ဟု ကြံသည်။ လက်ညှိုးပေါ် လက်မနှင့်ဖိပြီး အသင့်ပြင်သည်။ တဖြည်းဖြည်း အနားတိုးကပ်လိုက်၏။

သူသည် တောင်ပံ တဖျတ်ဖျတ် ခတ်သည်။ ရေပြင်ပေါ်မှ ကြွတက် ၍ကား မလာ။ ရေမျက်နှာပြင်၏ တင်းအားကို သူမအောင်နိုင်သေး။ ကျွန်တော်၏ လက်ညှိုးသည်လည်း မတောက်ဖြစ်သေးချေ။

သူ၏ဘဝတွင် အစိတ်အပိုင်း နှစ်ခုရှိသည်။ ပထမတစ်ပိုင်းက ရေထဲမှာ။ ဒုတိယတစ်ပိုင်းက လေထဲမှာ။ သူသည် ဥအဖြစ်မှ တရွေ့ရွေ့ ပြောင်းလဲပြီး ပိုးလောက်လန်း ဖြစ်ခဲ့သည်။ ကိုယ်ကို ကွေးချည် ဆန့်ချည်ဖြင့် လှုပ်ရှားသွားလာရသည်။ ထိုအခြေအနေမှ ခြေထောက်တွေထွက်လာ၊ အတောင်ပံတွေ ပေါက်လာပြီး ရေပြင်ကို တွန်းထိုး၍ ထွက်ကာ အပြင်လေကို စတင်ထိတွေ့ရသည်။ ထိုအခါတွင် သူ့ကိုယ်သူ ဘယ်လောက် အံ့ဩလိုက်လေမည်နည်း။

ခုအခါ သူ၏ဘဝ ပထမပိုင်းမှ ဒုတိယပိုင်းသို့ ကူးပြောင်းနေခြင်း ဖြစ်၏။ သူသည် ရေအောက်က ကမ္ဘာ ကျဉ်းကျဉ်းကလေး ထဲမှာသာ နေခဲ့ရသည်။ ရေစည်၏ ဟိုဘက်စွန်း၊ ဒီဘက်စွန်း၊ ရေအနက် အပေါ်အောက် ရှိသလောက်သာ သူ့နယ်ပယ် အကျယ်အဝန်း ဖြစ်ခဲ့သည်။ ခုဆိုလျှင် သူ ရေပြင်ပေါ်သို့ ရောက်နေပြီ။ လေကို စတင် မြင်ဖူးပြီ။ သို့ရာတွင် သူသည် မပျံသန်းဖူးသေး။ လေတွင် ဝဲပျံရသည့် အရသာကို မကြုံရဖူးသေး။ အပြောကျယ်သော ပြင်ပ လေထုအောက်ရှိ အရောင်အဆင်းများ၊ ပန်းပွင့်များ၊ ရေပြင်လို စေးထန်း ပျော့အိမနေဘဲ မာကျော ခိုင်မြဲသော နားခိုစရာ နေရာများ အကြောင်းကို သူမသိရသေး။ ယုတ်စွအဆုံး ခြင်တစ်ကောင် ပီသဖို့ အတွက် သွေးတစ်စက်မျှကိုပင် မစုပ်မျိုဖူးသေး။

ကျွန်တော့်လက်များသည် ကွေးနေဆဲ။ လက်ညှိုးကို လက်မဖြင့် ဖိထားရသဖြင့် လက်ကတုန်နေသည်။ လွှတ်အံ့ဆဲဆဲ....
“မျက်နှာသစ်တော့လေ၊ ဘာငေးနေတာလဲ”
လေးမေ၏ အသံကြောင့် ဖျတ်ခနဲ လန့်သွားသည်။ သူသည်လည်း ဆတ်ခနဲရုန်းပြီး လေထဲသို့ ပျံတက်သွား၏။

လေးမေ ကျွန်တော့်ဘေး လာရပ်ပြီး....
“ဘာကြည့်နေတာလဲ”
“ဟိုကိစ္စပါ.. ဘာမှ မဟုတ်ပါဘူး”
ဟု ပြောပြီး ရေမျက်နှာပြင်တွင် ကျန်ရစ်ခဲ့သော ပိုးလောက်လန်းအခွံကို တစ်ချက်ကြည့်မိသည်။ လေးမေက ရေစည်နား တိုးကပ်လာပြီး ကျွန်တော်ကြည့်သလို လိုက်ကြည့်သည်။
“ဟင်.. ရေစည်ထဲမှာလဲ ပိုးလောက်လန်းတွေပါလား၊ ညနေကျရင် ရေစည်ကို လှယ်ပစ်ရအောင်.. သိလား”
ကျွန်တော် ဘာမျှပြန်မပြော။ ပါးစပ်ထဲသို့ သွားပွတ်တံကို ထိုးထည့် လိုက်သောကြောင့် ဖြစ်သည်။

(#ရှုမဝ၊ မတ်၊ ၁၉၈၃)
#crd-Min Wai Yan

Wednesday, June 26, 2019

ကူညီပါရစေ ဒုသိမ်း

ကူညီပါရေစ

(ဒုတိယပိုင်းဇာတ်သိမ်း)

#မင်းလူ

တစ်ရက်တွင် ဈေးဘက်သို့ ထွက်လာရင်း ထီဆိုင်ကို မြင်သဖြင့် ထီမထိုးရသေးကြောင်း သတိရသည်။
ဆိုင်ရှင်ကိုခင်ကလည်း လှမ်းခေါ်ရင်း.....

“နံပါတ်လှလှလေးတွေ ရှိတယ်ဗျ....” ဟု ပြောပြီး ထီစာအုပ် သုံးလေးအုပ် ချပေးသည်။ တစ်အုပ်ပြီးတစ်အုပ်ရွေးရင်းက
သူကြိုက်သော နံပါတ်တစ်ခု သွားတွေ့သည်။ အက္ခရာက “က” တစ်အစ...တစ်အဆုံး၊။
ထီဖိုးပေး၊ ထီလက်မှတ်ယူပြီး ကိုခင်နှင့် စကားသွားပြောတုန်း အသက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးလူကြီးတစ်ယောက်
ရောက်လာပြီး ထီစာအုပ်တွေကို ကြည့်ရင်း နံပါတ်ရွေးနေသည်။
ထို့နောက် ထီစာအုပ်တစ်အုပ်ကို လှန်ကြည့်ရင်း....

“ဟာ...ဒုက္ခပါပဲ..ငါလိုချင်တဲ့ နံပါတ်က မရှိတော့ဘူး....”
“ဘာဖြစ်လို့လဲ ဦးလေး...”
ကိုခင်က မေးသည်။
“ငါက တစ်အစ..တစ်အဆုံး လိုချင်တာကွ.. အဲဒီတစ်စောင်က သူများထိုးပြီးသွားပြီ...”

အောင်ဘာလေ .. သူ့အကျီ င်္အိပ်ကပ်ကို စမ်းလိုက်မိ၏။
ကိုခင်က အောင်ဘာလေဘက် တစ်ချက်လှည့်ကြည့်ပြီး.. လူကြီးဘက်ပြန်လှည့်၍.........

“တခြားနံပါတ် ကောင်းကောင်းလေးတွေ ရှိပါသေးတယ်... ဟောဒီမှာ ခုနှစ်အစ..ခုနှစ်အဆုံး ရှိတယ်...”

“ဟာ ..မရဘူးကွ.. တစ်အစ..တစ်အဆုံးပဲ ထိုးရမှာ...”

“ဒါဆိုရင်တော့ တခြားဆိုင်မှာ ရှာကြည့်ပါဦး.. ဟိုဘက်ထိပ်မှာ ထီဆိုင်တစ်ဆိုင် ရှိပါသေးတယ်...”

“မဖြစ်ဘူးကွ.... ဗေဒင်ဟောထားတာက တနင်္လာနေ့မှာ တနင်္လာနံ အက္ခရာနဲ့ တစ်အစ..တစ်အဆုံး ထိုးရမှာ....
ထီဆိုင်ကလည်း တနင်္လာနံနဲ့ စတဲ့ နာမည်ဖြစ်ရမယ် တဲ့ ... မင်းဆိုင်က ချမ်းသာထီဆိုင်ဆိုတော့ အားလုံးကွက်တိဖြစ်နေတာပဲ...
သူများဦးသွားတာ ဆိုးသကွာ...ဘယ်နှယ့် လုပ်ရပါ့မလဲ..”

လူကြီး၏ စကားမဆုံးခင်မှာပင် အောင်ဘာလေသည် သူ့အိပ်ထဲမှ ထီလက်မှတ်ကို ထုတ်ယူပြီး ဖြစ်နေလေပြီ။
ထို့နောက်... “ ဒီမှာ ..ဒီမှာ ဦးလေး...” ဟု ခေါ်လိုက်ပြီး...

“ဦးလေးလိုချင်တဲ့  ထီလက်မှတ်က ကျွန်တော်ထိုးထားတာပါ... ဦးလေးအတွက် အရေးကြီးရင် ယူလိုက်ပါ...”ဆိုပြီး
ထီလက်မှတ်ကို လှမ်းပေးလိုက်သည်။

လူကြီးက ထီလက်မှတ်ကို ယူကြည့်ပြီး....

“ အစစ်ပဲ...” ဟု ပြောရင်း မျက်နှာ ၀င်းပသွားသည်။ ပြီးမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် ......

“ဒီနံပတ်က မင်းလဲ ကြိုက်လို့ ထိုးထားတာ ထင်တယ်.... ငါက ပြန်ယူလို့ ဘယ်သင့်တော်ပါ့မလဲကွ...”

“ရပါတယ် ဦးလေးရ... ကျွန်တော်က နံပါတ်လှလို့ ယူထားတာပါ... အရေးမကြီးပါဘူး...
ဦးလေးကတော့ ဒီနံပါတ်ရမှ ဖြစ်မှာ မဟုတ်လား....”

လူကြီးသည် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွား၏။
ထီလက်မှတ်ဖိုး နှစ်ဆယူပါဟု ပြောသည်။ အောင်ဘာလေက လက်မခံဘဲ ဈေးရင်းသာ ယူလိုက်၏။

*********

ဒီတစ်ခါတော့ အောင်ဘာလေ၏ကူညီမှုမှာ အကြီးအကျယ် အောင်မြင်မှုရသွားသည်။
အကြောင်းမှာ ဟိုလူကြီးကို သူလွှဲပြောင်းပေးလိုက်သည့် ထီလက်မှတ်က ပေါက်သွားသောကြောင့် ဖြစ်၏။
ပေါက်တာမှ နည်းနည်းပါးပါးမဟုတ်။ ဆယ်သိန်းဆုကြီး ပေါက်သွားခြင်းဖြစ်၏။
ထိုလူကြီးမှာ ကျေးဇူးသိတတ်သူဖြစ်၏ ထီဆိုင်ပိုင်ရှင်ကိုခင်မှ တစ်ဆင့် အောင်ဘာလေ၏ လိပ်စာကိုသိရပြီး အိမ်ရောက်လာသည်။
ကျေးဇူးဆပ်သည့်အနေဖြင့် ငွေငါးသောင်းပေးသည်။ အောင်ဘာလေကလက်မခံ။

“ဦးလေး ကံနဲ့ ဦးလေးရတာပဲ . . . ” ဟု ဆိုပြီး ငွေယူရန် အကြောက်အကန် ငြင်းဆန်နေသည်။
ဘယ်လိုမှ ဇွတ်အတင်းပေးလို့ မရတော့မှ လူကြီးလည်း လက်လျှော့လိုက်ပြီး . . .

“ မင်းလို သူငယ်မျိုးကတော့ တကယ်ရှားပါတယ်ကွာ . . . နောင်တစ်ချိန် မင်းမှာ ဘယ်လိုအကူအညီမျိုးပဲလိုလို
ဦးလေးဆီကို လာခဲ့ . . . ကြားလား . . . ဦးလေးနာမည် ဦးချစ်ထူးလို့ ခေါ်တယ် . . .ဟောဒီမှာ ဦးလေးရဲ့လိပ်စာကတ်ပြားကိုယူထားလိုက်”ဟုပြောပြီး အာင်ဘာလေကို ကျေနပ်စွာ ကျောသပ်ရင်သပ်ပြီးမှ ပြန်သွားလေသည်။

**********

အောင်ဘာလေမှာ အတွဲရှိသည်ဟုဆိုလျှင် အံ့သြစရာကောင်းပေလိမ့်မည်။
တကယ်တော့ သူ့အစွမ်းအစကြောင့်မဟုတ်။ မိဘချင်းသဘောတူထားသော ကောင်မလေးတစ်ယောက်သာ ဖြစ်၏။
လူကြီးတွေက . . .

“မင်း တို့လူငယ်ချင်းရင်းနှီးအောင်၊ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်နေကြ . . .”ဟု ဆိုသဖြင့်တွဲနေကြခြင်းဖြစ်၏။
တစ်ယောက်နှင့်တစ်ယောက် လေ့လာဆဲကာလဟု ဆိုနိုင်သည်။
အောင်ဘာလေသည် ရုပ်ရည်သန့်ပြန့်ပြီး သဘောကောင်းသူဖြစ်သဖြင့် ကောင်မလေးက စိတ်ဝင်စားပုံတော့ရသည်။

အောင်ဘာလေကလည်း လူကြီးတွေသဘောမျှထားသည့်ကိစ္စကို ကူညီသည့်အနေဖြင့် ကောင်မလေးအပေါ်ကြည်ကြည်ဖြူဖြူရှိသည်။
သို့ရာတွင် ကောင်မလေးတို့မိသားစုမှာ ရပ်ရေးရွာရေး၊ လူမှုရေး စိတ်ဝင်စားကြသူများမဟုတ်။

ကောင်မလေးမှာလည်း သည်စရိုက်တွေအပြည့်ပါရှိသည်။ အောင်ဘာလေဆိုတဲ့ကောင်ကတော့ သာမန်ထက်တောင်ထူးပြီး
လူမှုရေးစိတ်ဓာတ်ရှိသူဖြစ်၏။
ထိုအခါ . . .

သူတို့နှစ်ယောက်တွဲ၍ သွားကြလာကြသည့်အခါတိုင်း ကောင်မလေးမှာ စိတ်မရှည်စရာများနှင့် ကြုံရသည်။
အောင်ဘာလေက သွားရမည့်လမ်းကို ဖြောင့်ဖြောင့်သွားတတ်သူမဟုတ်။

တစ်ခါတလေ ရုပ်ရှင်ချိန်နီးနေသဖြင့် ကောင်မလေးကခပ်သွက်သွက်သွားစေချင်သည်။အောင်ဘာလေက ကျောင်းဆင်းလာသည့်ကလေးတွေ လမ်းဖြတ်ကူးနိုင်အောင် စောင့်ခေါ်ချင်ခေါ်သည်။

ကောင်မလေးနှင့်အတူတူ လျှောက်လာရင်း ကားမှောက်တာတွေ့သဖြင့် ကောင်မလေးကို မေ့ထားခဲ့ပြီးလူနာတွေဝင်သယ်၊ ပြုစု၊ ဆေးရုံလိုက်ပို့တာမျိုးလည်း ရှိသည်။

တစ်ခါက သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်သို့ သူတို့နှစ်ယောက် အတူတူသွားကြသည်။ကောင်မလေးက ရွှေပါတိတ်တွေဘာတွေနှင့် အပျံစားဝတ်လာသည်။ကံကလည်းကောင်းချင်တော့ ဘတ်စ်ကားပေါ်မှာ နှစ်ယောက်အတူတူ တွဲထိုင်ခွင့်ရသည်။

ကံအကြောင်းမလှချင်ပြန်တော့ သူတို့ထိုင်သည့်ခုံတန်း၏ ဘေးမှာ ကုလားအဖိုးကြီးတစ်ယောက် မတ်တပ်ရပ်နေခြင်းပင် ဖြစ်၏။
ကောင်မလေးသည် အောင်ဘာလေကို သူ့အိမ်က အကြောင်းများ၊ စီးပွားရေးလာဘ်မြင်ဖို့အကြောင်းများကို တတွတ်တွတ်ပြောနေသည်။ အောင်ဘာလေကတော့ “အင်း” လိုက်ရင်း ခေါင်းညိတ်နေရသော်လည်း စိတ်ကတော့ဘေးမှာရပ်နေသော ကုလားကြီးဆီရောက်နေသည်။ တစ်ချက်တစ်ချက် မော့မော့ကြည့်သည်။

ကုလားအဘိုးကြီးမှာ အသက်တော်တော်ကြီးလှပြီ။ ခုနစ်ဆယ်ကျော်လောက်များ ရှိမလားမသိ။လက်ထဲတွင် ထမင်းချိုင့်ကြီးတစ်လုံး ဆွဲထားသည်။ တန်းကို လှမ်းကိုင်ထားသည့် လက်မောင်းပေါ်တွင် ခေါင်းကိုမှီပြီးအမောဖြေသလို မှေးနေသည်။

အောင်ဘာလေသည် ကုလားအဘိုးကြီးကို သနားသွားသည်။
သူ့ခမျာ မြို့ထဲမှာ အလုပ်လုပ်နေသည့် သားသမီးထံ ထမင်းချိုင့်သွားပို့ရခြင်း ဖြစ်နိုင်သည်။သည်အသက်အရွယ်ကြီးနှင့် တစ်လမ်းလုံးမတ်တတ်ရပ်သွားရလျှင် တော်တော်ပင်ပန်းရှာမှာပဲဟု တွေးမိသည်။

“ ဘာပဲလုပ်လုပ် အသိအကျွမ်းလေးလဲရှိမှ . . . ငွေကလဲ အရေးကြီးတယ် . . . ငွေမရှိရင် . . . ”

ကောင်မလေး စကားမဆုံးခင်မှာပင် အောင်ဘာလေသည် ဖျတ်ခနဲ ထရပ်ပြီးသားဖြစ်နေသည်။

“ လာ . . . လာ . . . ဦးလေးကြီး ဒီမှာထိုင် . . . ”ဆိုပြီး သူ့နေရာကို ဖယ်ပေးလိုက်၏။

ကုလားအဘိုးကြီးလည်း ၀မ်းသာအားရ ၀င်ထိုင်လိုက်သည်။
ကောင်မလေးက အောင်ဘာလေကို မျက်စောင်းလှမ်းထိုးသည်။
ကုလားအဘိုးကြီးသည် စောစောတုန်းက မတ်တတ်ရပ်နေခဲ့ရသဖြင့် ပင်ပန်းသွာဟန် တူသည်။

ထိုင်နေစရာလည်းရရော စိတ်ချလက်ချအိပ်လေတော့သည်။ ကုလားအဘိုးကြီး၏ကိုယ်က မုန်ညင်းဆီစော်လည်း နံသည်။
တစ်ခါတစ်ခါ သူ့ဘက် ငိုက်ငိုက်ကျလာလိုက်၊ လူကိုလာမှီလိုက်ဖြစ်နေသဖြင့် ကောင်မလေးမှာ အံတကြိတ်ကြိတ်
ဖြစ်နေ၏။ အောင်ဘာလေဆီသို့လည်း မျက်စောင်းတွေ တစ်စင်းပြီးတစ်စင်းလွှတ်နေသည်။ အောင်ဘာလေကတော့
သူမဟုတ်သလိုပင်။ ကားပေါ်တိုးတက်လာသူတွေ အဆင်ပြေအောင် နေရာရွှေ့ပေးရင်း နောက်ဘက်နားသို့ပင်ရောက်သွားသည်။

တစ်နေရာအရောက်တွင် ကားက အရှိန်နှင့်ကွေ့လိုက်သည်။ ကုလားကြီးမှာ အိပ်ပျော်နေသဖြင့် ထမင်းချိုင့်ကြီးကို သေချာစွာ ထိန်းကိုင်ထားနိုင်ခြင်းမရှိ။ ထို့ကြောင့် ထမင်းချိုင့်ကြီးသည် ကောင်မလေးဘက်သို့ ယိုင်လဲကျသွားသည်။

ကောင်မလေး၏ထဘီမှာလည်း ချိုင့်ထဲမှ ထွက်ကျလာသည့် ပဲဟင်းများဖြင့် ပေပွကုန်သည်။ကောင်မလေးမှာ ဒေါသလည်းဖြစ်၊ ရှက်လည်းရှက်ပြီး နောက်မှတ်တိုင်ရောက်တော့ အောင်ဘာလေကိုပင်မခေါ်ပဲကားပေါ်က ဆင်းသွားလေတော့သည်။

အလားတူကိစ္စမျိုးတွေက မကြာခဏကြုံရသည်။ ကြုံဖန်တွေ့ဖန်များတော့ ရိုးသွားသည်ဆိုခြင်းမှာလင်မယားဘ၀၌သာဖြစ်နိုင်သည်။ ခုဟာက သမီးရည်းစားလည်း မဟုတ်။ တရားဝင်စေ့စပ်ပြီးသားလည်းမဟုတ်၊လူကြီးချင်း နားလည်မှုယူထားပြီး လူငယ်ချင်းနားလည်မှုရှိဖို့ လေ့လာတုန်းအချိန်။

သမီးရည်းစားများပင်လျှင် သည်လို စိတ်သဘောထားမတိုက်ဆိုင်တာများလာလျှင် ပြဿနာဖြစ်တတ်သေးတာပဲ။ ခုလည်း ကောင်မလေးသည် အောင်ဘာလေအပေါ် စိတ်ကုန်စပြုလာသည်။

အောင်ဘာလေက သူ့ထက် တခြားမိန်းကလေးတွေကို ပိုပြီးအရေးပေးနေလို့ သူငယ်ချင်းအပေါင်းအသင်းတွေကို
ပိုပြီးဂရုစိုက်နေလို့ ဆိုလည်း ထားပါတော့။ စိတ်ကောက်သင့်ကောက်၊ သ၀န်တိုသင့်တိုရုံသာ ရှိ၏။

ခုကျတော့ ဒီလိုမဟုတ်။ အောင်ဘာလေ၏ ဂရုစိုက်အရေးပေးခြင်းခံရသူများမှာ အများအားဖြင့် တစ်ခါမှတောင်မမြင်ဖူးသူတွေ၊ ကုလားအဘိုးကြီးတွေ၊ နှပ်ချေးတွဲလောင်းနှင့် ကလေးတွေ၊ သီလရှင်တွေဖြစ်နေသည်။စိတ်ဆိုးရခက်၊ မနာလိုရခက် သ၀န်တိုရခက်။

သည်ကြားထဲမှာ သည်းမခံနိုင်သော ကိစ္စတစ်ခုဖြစ်လာသည်။ ကောင်မလေး၏ ညီမ၀မ်းကွဲများနှင့်သူငယ်ချင်းများ နယ်မှရောက်လာကြသည်။ အောင်ဘာလေကိုလည်း မြင်ဖူးချင်သည်။
ရန်ကုန်မြို့ထဲကိုလည်း လျှောက်လည်ချင်သည်ဟု ဆိုသည်။ ထို့ကြောင့် အိမ်ကို စောစောလာရန် မှာလိုက်သည်။
ချိန်းတဲ့နေ့ကျတော့ ကောင်မလေးနှင့်အဖွဲ့သည် ၀တ်ကောင်းစားလှဝတ်ပြီး စောင့်နေသည်။အောင်ဘာလေက တော်တော်နှင့်ရောက်မလာ။ ညီမ၀မ်းကွဲတွေ၊ သူငယ်ချင်းတွေက ထင်မြင်ချက်ပေးကြသည်။

“ ခုလိုအချိန်မှာတောင် ဒီလိုမလေးမစားလုပ်နေရင် နောက်ခက်ရောပေါ့ . . . ”” ဟုဝေဖန်ကြသည်။

ကောင်မလေးကတော့ အောင်ဘာလေတစ်ယောက်ယောက်ကို ကူညီနေလို့ပဲဆိုတာ သိသည်။

မှန်ပေသည်။ အောင်ဘာလေသည် ကောင်မလေး သေသေချာချာ မှာထားသည့်အတိုင်း သပ်သပ်ရပ်ရပ်သားသားနားနားဝတ်ဆင်ပြီး အိမ်မှထွက်လာခဲ့သည်။ ကောင်မလေးအိမ်ရှိရာ ရပ်ကွက်ထဲသို့ဝင်အလာတွင် အိမ်တစ်အိမ်ရှေ.၌ ကလေးငယ်တစ်ယောက် ထိုင်ငိုနေသည်ကို တွေ့ရ၏။ မေးကြည့်တော့ သူ့ခွေးကလေး
အိမ်သာတွင်းထဲကျသွားတာ ပြန်မတက်နိုင်လို့ဟုပြောသည်။ လူကြီးတွေလည်း အိမ်မှာမရှိကြ။သည်တော့ အောင်ဘာလေပဲဟာ၊ ဘယ်ရမလဲ။ အိမ်သာတွင်းထဲကျနေသော ခွေးကလေးကို အားကြိုးမာန်တက် ကူညီဆယ်ပေးတော့တာပေါ့။

ကြိုးတစ်ချောင်းရှာ၊ ကွင်းလျှောလုပ်ပြီး ခွေးကလေး၏ကိုယ်ကို စွပ်အောင်လုပ်ရသည်။ခွေးကလေးမှာကြောက်လန့်နေသဖြင့် သူ့ကိုကယ်မှန်းမသိဘဲ ကြိုးကွင်းကို ရှောင်ရှောင်နေသဖြင့် အခက်တွေ့နေရသည်။မလိုအပ်ပဲ အချိန်ပိုကြာသွားရသည်။

အတော်ကြာမှ စွပ်မိပြီး ချော့၍ဆွဲတင်ရ၏။ အပေါ်ရောက်တော့ ခွေးတို့၏ထုံးစံအတိုင်းကိုယ်ပေါ်မှအမွေးများကို ခါလိုက်ရာ အောင်ဘာလေ၏တစ်ကိုယ်လုံး အနှံ့အပြား စင်ကုန်တော့သည်။
ကိုယ်ပေါ်မှာပေကျံနေတာတွေကို ရေဆေးပစ်၍ရသော်လည်း အ၀တ်အစားပေါ် စွန်းပေသည့် အစက်တွေကိုတော့ သည်အတိုင်း ထားလိုက်ရသည်။

ချိန်းထားသည့်အချိန်ကိုလည်း တော်တော်တောင်ကျော်နေပြီ။
ဟိုရောက်လို့မေးလျှင် ကားတစ်စင်း ဘေးကဖြတ်မောင်းလို့ ရွှံ့စက်စင်တာဟု ပြောမည်စိတ်ကူးသည်။

အိမ်ပြန်အ၀တ်အစားလဲဖို့ အချိန်မရတော့။ ခြောက်သွားလျှင်တော့ ကိစ္စမရှိတန်ရာဟုတွေးမိ၏။ဟိုရောက်တော့လည်း နောက်ကျနေသဖြင့် ကမန်းကတန်းတောင်းပန်ပြီး ထွက်လာကြရသည်။

လေးဘီးကားတစ်စင်းငှားပြီး မြို့ထဲထွက်လာကြရာ လမ်းရောက်တော့မှ အားလုံး နှာခေါင်းတရှုံ့ရှုံ့ဖြစ်ကြရတော့သည်။
သူထင်သလို အနံ့က ပျောက်မသွားပဲ ကားသွားသည့်အရှိန်နှင့် ၀င်လာသောလေစီးကြောင်းမှာ ပျံ့လှိုင်၍နေလေ၏။

ကောင်မလေးမှာ တော်တော်စိတ်ဆိုးသွားသည်။ အောင်ဘာလေလုပ်ပုံကြောင့် သူ့ညီမ၀မ်းကွဲတွေ၊သူငယ်ချင်းတွေ ကြားမှာ တော်တော်သိက္ခာကျသွားရသည်။

“ ဒီလောက် စုတ်စုတ်ပဲ့ပဲ့နေတတ်ပြီး အလိုက်ကမ်းဆိုးမသိတဲ့လူကို လက်ခံတွဲနေတာ အံ့ပါရဲ့ . . . ”ဟု
ပြောသွား၏။

ကောင်မလေးမှာ အောင်ဘာလေကို လုံးဝစိတ်ကုန်ပြီး အဆက်ဖြတ်လိုက်လေတော့သည်။အောင်ဘာလေကတော့ ခပ်အေးအေးပင်။ ဆွေးနေတာတို့၊ စိတ်ပျက်တာတို့မဖြစ်ပဲ ခွေးကလေးအတွက်
လည်ပတ်ကလေးတစ်ခုတောင် ဟိုချာတိတ်ကို လက်ဆောင်သွားပေးလိုက်လေသေးသည်။ချာတိတ်၏မိဘများနှင့်လည်း ခင်မင်သွားသည်။

***********

အောင်ဘာလေသည် သူ၏ထုံးစံအတိုင်း လမ်းပေါ်မှာ ငှက်ပျောခွံတို့၊ ပုလင်းကွဲတို့ရှိလျှင်ကောက်ပြီးဖယ်ပစ်နိုင်ရန် ကြည့်ရှုရှာဖွေရင်း လျှောက်လာသည်။ တစ်နေရာတွင် အုတ်ခဲကျိုးတစ်ခု ကျနေသည်ကို တွေ့ရ၏။လူတစ်ချို့မှာ တိုက်မိမည်စိုး၍ ကျော်လွှားသွားကြသည်။

“သြော် . . . လူများနှယ် . . . အမြင်မတော်ရင်လဲ ကောက်ပစ်လိုက်ပါတော့လား . . .ကိုယ်မတိုက်မိပြီးရောဆိုပြီး မျက်နှာလွှဲသွားကြတယ် . . . ခဲကိုကောက်ပစ်ဖို့တော့ သတိမရကြဘူး . . ” ဟု သူတွေးသည်။

အုတ်ခဲကျိုးကောက်ပြီး လမ်းဘေးမြောင်းထဲသို့ ပစ်မည်ပြုစဉ် . . .

“ဟေ့ကောင် . . . ဘာလုပ်တာလဲ . . . ”

လူတစ်ယောက်က အုတ်ခဲကျိုးကိုင်ထားသော သူ့လက်ကို လာဆွဲရင်းဟောက်လိုက်သည်။သူ လှည့်ကြည့်သည်။ လူပုံကတော့ ခပ်မိုက်မိုက်ပဲ။ အောင်ဘာလေ ပြုံးပြပြီး . . .

“ သူများတွေ ခလုတ်တိုက်မိမှာစိုးလို့ လွှင့်ပစ်မလို့ပါဗျာ . . . ”

“ ဘာကွ . . . ဒါ တမင်သက်သက် ချထားတာကွ . . . ”

“ ဗျာ . . . ”

“ အေး . . . ဟုတ်တယ် . . . ညနေကျရင် ငါ ရေခဲရေရောင်းဖို့ နေရာဦးထားတာကွ . . . ”ဟု ပြောပြီးအောင်ဘာလေလက်ထဲက အုတ်ခဲကျိုးကို ဆွဲလုလိုက်သည်။ ငါ့များထုလိုက်ရင် မစားသာဘူးဟုတွေးမိပြီး . . .

“ဆော . . . ဆောရီးနော် . . . မသိလို့ပါ . . . ” ဟု ပြုံးဖြဲဖြဲလုပ်၍ ပြောပြီး တစ်ချိုးတည်း လစ်ခဲ့ရသည်။
ဟိုလူကစောင်းငန်းစောင်းငန်း ကြည့်နေသေးသည်။

အောင်ဘာလေဆိုတဲ့ကောင်က ဒါနဲ့တောင် မမှတ်သေး။
ဆက်လျှောက်လာရင်း ရှေ့မှာ လူနှစ်ယောက်ကရေခဲသေတ္တာကြီးတစ်ခုလုံးကို မနိုင်တနိုင်သယ်လာတာတွေ့တော့ မကူညီပဲမနေနိုင်ပြန်။ သူပါဝင်ပြီး ကူသယ်ပေးသည်။ ဟိုနှစ်ယောက်က . . .

“ ကိစ္စမရှိပါဘူးဗျ . . . နေပါစေဗျ . . . ” ဟုတားသော်လည်း . . .

“ရပါတယ် . . . ခင်ဗျားတို့ချည်းပဲ နိုင်မှာမဟုတ်ဘူး . . . ပြုတ်ကျရင် နှမျောစရာကြီး . . . ”ဆိုပြီး အတင်းဝင်ကူသည်။

အမိုးဖွင့်ထားသော ပါဘလစ်ကာကားပေါ်သိ ကူတင်ပေးသည်။
ဟိုလူနှစ်ယောက်က ကျေးဇူးတင်စကားပြောပြီး ကားမောင်းထွက်သွားသည်။

သူက ပြုံးပြီး လက်ပြနှုတ်ဆက်လိုက်သေးသည်။
ရေခဲသေတ္တာ ကူသယ်လိုက်ရဖြင့် နည်းနည်းမောသွားသည်။
ထို့ကြောင့် အနီးရှိ အအေးဆိုင်ထဲဝင်ထိုင်ပြီးစပတ်ကလင်တစ်ပုလင်း မှာသောက်လိုက်၏။

သည်နေ့အဖို့ နှစ်ခုဆက်တိုက် ကူညီလိုက်နိုင်ခြင်းမှာ တော်တော်ကုသိုလ်ထူးသည်ဟု တွေးပြီး ကျေနပ်နေတုန်း . . .

စောစောက ဆိုင်နေရာဦးထားတယ်ဆိုသော လူသည် အအေးဆိုင်ထဲသို့ ပြူးပြူးပျာပျာ ၀င်လာသည်။သူ့လက်ထဲမှာလည်း အုတ်ခဲကျိုးကိုင်ထားဆဲ။ဟိုဟိုသည်သည် ကြည့်ပြီး . . .

“ ဟော . . . ဟိုမှာ . . . သူပဲ . . . ”  ဟု ပြောပြီး အောင်ဘာလေထိုင်နေရာသို့ ပြေးလာသည်။

နောက်ကလည်း လူလေးငါးခြောက်ယောက်လောက် ၀ိုင်းလိုက်လာ၏။တချို့လူများ၏လက်ထဲမှာ တုတ်တွေ ဓားတွေနှင့်။
မိန်းမကြီးတစ်ယောက်သည်လည်း နောက်မှ အူယားဖားယားလိုက်လာသည်။ထို့နောက် အောင်ဘာလေကိုဝိုင်းထားလိုက်ကြပြီး အုတ်ခဲကိုင်ထားသူက . . .

“ ဟေ့ကောင် . . . မပြေးနဲ့ . . . "

အောင်ဘာလေလည်း အူတိအူကြောင် မော့ကြည့်ပြီး . . .

““ကျွန်တော်က ဘာဖြစ်လို့ ပြေးရမှာလဲ . . . ” ဟုပြောလိုက်သည်။
အုတ်ခဲနှင့်လူက . . .

“ ဘာ အူကြောင်ကြောင်လုပ်နေတာလဲ . . . သေသွားချင်လို့လား . . . ” ဆိုပြီး
အုတ်ခဲကျိုးနှင့်ထုရန် လက်မြှောက်လိုက်သည်။

“အမယ်လေး . . . မလုပ်ကြပါနဲ့ . . . သွေးသံရဲရဲ မကြည့်ရဲလို့ပါ . . . ”

မိန်းမကြီးက ပြောရင်း ၀င်ဆွဲသဖြင့် အောင်ဘာလေသက်သာသွားသည်။ဒါမှမဟုတ်လို့ကတော့ တုတ်ရော၊ ဓားရော၊ အုတ်ခဲကျိုးရော မိလိုက်လို့က မသက်သာ။

“ အရမ်းမလုပ်ကြပါနဲ့ . . . စခန်းကိုပို့ရမယ် . . . ” ဟု ပြောရင်း ရ-၀-တ အဖွဲ့ဝင်များနှင့်အရန်မီးသတ်ရဲဘော်များရောက်လာသည်။
သူတို့မရောက်ခင်ကလေးတင် နားရင်းနှစ်ချက်သုံးချက် အအုပ်ခံလိုက်ရသေးသည်။

အောင်ဘာလေမှာ ထူပူပြီး ဘုမသိဘမသိ ကြောင်တိကြောင်တောင်ဖြစ်လျက် . . .

“ ကျွန်တော်ဘာလုပ်လို့လဲဗျ . . . လမ်းသွားလမ်းလာတွေ ခလုတ်တိုက်မိမှာစိုးလို့ အုတ်ခဲကိုဖယ်ပစ်တာပါဗျ  ”... ဟု ကယောင်ကတမ်းပြောရင်း ဆွဲခေါ်ရာကို ပါသွားသည်။

**********

လူအများထိခိုက်မှာစိုးလို့ တာဝန်သိသိလုပ်ခဲ့တာကို ဘာကြောင့်ဖမ်းရသလဲဟု နားမလည်နိုင်အောင် ဖြစ်နေသည်။ ရဲစခန်းရောက်မှ သဘောပေါက်သည်။ခုကိစ္စမှာ အုတ်ခဲကျိုးနှင့် ဘာမျှမဆိုင်။

ဖြစ်ပုံက အိမ်ရှင်တွေ အပြင်သွားနေတုန်း အိမ်တစ်အိမ်ကို လူနှစ်ယောက်က ဖောက်ထွင်းဝင်ရောက်သည်။သူတို့လုပ်ပုံက ပိပိရိရိရှိလှသည်။ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ၊ ငွေများ ရှာဖွေယူပြီးနောက် ရေခဲသေတ္တာထဲထည့်လိုက်သည်။ ပြီးတော့မှ ရေခဲသေတ္တာကြီးကို အိမ်ရှေ့ပေါက်မှတစ်ဆင့် ခပ်တည်တည် မ ထုတ်လာသည်။

နေ့ခင်းကြောင်တောင်ကြီးလည်း ဖြစ်၊ လူမြင်သူမြင် မှင်သေသေ လှုပ်ရှားသွားသောကြောင့်ဘယ်သူကမှ မသင်္ကာမဖြစ်မိ။ တစ်ခုပဲရှိသည်။ ရေခဲသေတ်္တာကြီးက သူတို့ထင်ထားတာထက် ပိုလေးနေသည်။ထို့ကြောင့် မနိုင့်တနိုင်ဖြစ်နေတုန်း အောင်ဘာလေက ကူပြီးသယ်ပေးခဲ့ခြင်းဖြစ်၏။

သူခိုးများထွက်သွားပြီးနောက် မကြာခင်မှာပင် အိမ်ရှင်၏ဇနီး မိန်းမကြီးမှာ ဈေးဝယ်ရာမှ ပြန်လာသည်။အိမ်ရှေ့တံခါးကြီးပွင့်နေတာ မြင်ကတည်းက ထိတ်ထိတ်ပျာပျာဖြစ်ပြီး အိမ်ထဲဝင်ကြည့်ရာ သူခိုးဖောက်သွားကြောင်းသိရသည်။ အော်ဟစ်အကူအညီတောင်းသဖြင့် လူအချို့ရောက်လာသည်။ ဖြစ်ပုံသိရသောအခါ အုတ်ခဲကျိုးကိုင်ထားသူက ရေခဲသေတ္တာကို လူသုံးယောက်သယ်၍ ကားပေါ်တင်သည်ကိုတွေ့ရကြောင်း၊ ထိုအထဲမှတစ်ယောက်သည်
အအေးဆိုင်ထဲမှာရှိသေးကြောင်း ပြောသဖြင့် အောင်ဘာလေကို ဖမ်းမိသွားခြင်းဖြစ်၏။

ရဲက အောင်ဘာလေကို စစ်ဆေးသောအခါ သူဘာမှမသိရကြောင်း၊ လူနှစ်ယောက် ရေခဲသေတ္တာကိုမနိုင်မနင်းသယ်နေတာတွေ့ရ၍ ရိုးရိုးသားသား ၀င်ကူညီခြင်းသာဖြစ်ကြောင်း ပြောသည်။
ခက်နေတာက မျက်မြင်သက်သေ(အုတ်ခဲကျိုးနှင့်လူ)၏ ထွက်ဆိုချက်အရ အောင်ဘာလေက တစ်ဖက်မှလျှောက်လာကြောင်း၊ ကျန်လူနှစ်ယောက်က ရေခဲသေတ္တာသယ်လာကြောင်း၊
ထို့နောက် အောင်ဘာလေနှင့်ဆုံပြီး သုံးယောက်အတူသယ်ကြကြောင်း၊ကားပေါ်တင်ပြီးနောက် နှစ်ယောက်က ကားနှင့်ထွက်သွားပြီး အောင်ဘာလေကနေခဲ့ကြောင်း၊ကားထွက်သွားသောအခါ အောင်ဘာလေက လက်ပြနှုတ်ဆက်လိုက်သေးကြောင်း။

အထက်ပါထွက်ဆိုချက်အရ အောင်ဘာလေသည် ဖောက်ထွင်းသူများနှင့် တစ်ဖွဲ့တည်းဖြစ်သည်ဟုယူဆနိုင်စရာ အကြောင်းရှိနေသည်။ ထို့ကြောင့် အောင်ဘာလေကို ဆက်ချုပ်ထားလိုက်၏။

အိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူမှုဖြင့် အောင်ဘာလေအဖမ်းခံရကြောင်း ကြားသိရသောအခါတစ်ရပ်ကွက်လုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားသည်။ အောင်ဘာလေ၏အကြောင်းကို
သိနေသဖြင့် ဒါ တခြားလူအတွက် ဓားစာခံရတာပဲဆိုတာ သိနေကြ၏။

အောင်ဘာလေ၏မိဘများနှင့် ဦးကုလားတို့ ရဲစခန်းလိုက်သွားကြသည်။ အာမခံကိစ္စရဖို့ သွားပြောသည်။
ဦးကုလားက လိုအပ်လျှင် သူအာမခံပါမည်ဟု ပြောသည်။ လောလောဆယ် အာမခံပေးလို့မရသေးကြောင်း
ရဲစခန်းကပြောလိုက်၏။ ညနေကျတော့ သူတို့ရပ်ကွက် ရ-၀-တ အဖွဲ့ဝင်များ ရောက်လာပြီး အောင်ဘာလေမှာ
ဒီလို အလုပ်မျိုး လုပ်မည့်သူမဟုတ်ကြောင်း၊ အကျင့်စာရိတ္တ အလွန်ကောင်းသည့် လူရိုးလူကောင်းတစ်ယောက်ဖြစ်ကြောင်း
ထောက်ခံကြပြန်သည်။

ရပ်ကွက်ထဲမှလူများကလည်း အောင်ဘာလေတစ်ယောက်တော့ အားငယ်နေတော့မှာပဲဟုဆိုပြီးစခန်းကိုလိုက်လာကြသည်။ မုန့်ဝယ်လာသူ၊ ဆေးလိပ်လာပေးသူများဖြင့် ရဲစခန်းတစ်ဝိုက် စည်ကားနေသည်။တချို့မိန်းမတွေကလည်း အချုပ်ခန်းနား သွားနှုတ်ဆက်ခွင့်မရသဖြင့် စခန်းနောက်ဘက်မှပတ်၍ . . .

“အောင်ဘာလေရေ . . .  ဘာမှအားမငယ်နဲ့ဟေ့ . . .” ဟု အော်ဟစ်နှုတ်ဆက်ကြသည်။

ထိုမျှမကသေး။ အောင်ဘာလေ ဆေးရုံမှာသွားပြုစုခဲ့သူသည် ဆေးရုံမှဆင်းလာပြီး ထော့နဲ့ထော့နဲ့နှင့်ရောက်လာသေးသည်။
အောင်ဘာလေ အိမ်သာတွင်းမှဆယ်ပေးခဲ့သော ခွေးကလေးပိုင်ရှင် ချာတိတ်၏ဖခင်မှာရှေ့နေဖြစ်၏။သူကလည်း သတင်းကြားသဖြင့် ရောက်ရှိလာပြီး အားပေးစကားပြောရင်း လိုအပ်လျှင် သူ့အနေဖြင့်အခမဲ့ရှေ့နေလိုက်ပေးမည်ဖြစ်ကြောင်း ပြောသည်။

စခန်းမှူးအနေဖြင့် အောင်ဘာလေနှင့်ပတ်သက်ပြီး စဉ်းစားစရာဖြစ်လာသည်။သည်လောက် အာမခံချင်သူပေါများသော တရားခံမျိုး တစ်ခါမှမတွေ့ဖူးသေး။

ပြီးတော့ အောင်ဘာလေ၏ပုံစံမှာလည်း ဖောက်ထွင်းဝိဇ္ဖာ တစ်ယောက်နှင့် လုံးဝမတူ။ သည်အမှုမှာ အောင်ဘာလေပါဝင်ပတ်သက်နေတယ်ဆိုတာ သံသယရှိစရာ ဖြစ်လာ၏။
ထိုမျှမက . . .

**********

ဖောက်ထွင်းခံရသည့် အိမ်ရှင်လူကြီးသည် ရဲစခန်းသို့ရောက်လာပြီး အမှုအခြေအနေကို မေးသည်။
စခန်းမှူးက . . .

“ကျွန်တော်တို့လဲ တရားခံတွေအားလုံးမိအောင် အပူတပြင်းကြိုးစားနေပါတယ် . . .
သူတို့အဖွဲ့နဲ့ ပတ်သက်လို့ မသင်္ကာတဲ့လူတစ်ယောက်ကိုတော့ မိထားပါတယ် . . . ”

“ ဟုတ်လား . . . ဘယ်သူလဲ . . . ”

“ လူပုံကတော့ ထင်လောက်စရာ မရှိပါဘူး . . . သူ့နာမည်ကလည်း ခပ်ဆန်းဆန်းပဲခင်ဗျ . . .
အောင်ဘာလေတဲ့ . . . ”

“ ဘာ . . . အောင်ဘာလေ . . . ဟုတ်လား . . . ကျုပ် သူ့ကို တွေ့ချင်တယ်ဗျာ . . .အန်ကယ့်အသိများဖြစ်နေမလား မသိဘူး . . . ”

“ ရပါတယ် . . . တွေ့ရပါတယ် . . . ”

လူကြီးကို အချုပ်ခန်းဆီခေါ်သွားပြီး အောင်ဘာလေနှင့်တွေ့ပေးသည်။လူကြီးနှင့် အောင်ဘာလေတို့မှာတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အံ့သြတကြီး ဖြစ်ကုန်ကြလေသည်။
လူကြီးက အောင်ဘာလေကို လက်ညှိုးထိုးပြီး . . .

“ ဟာ . . . သူမဟုတ်ဘူး . . . သူမဟုတ်ဘူး . . . ” ဟု အော်လိုက်သည်။ စခန်းမှူးက . . .

“ ဟုတ်ကဲ့ . . . သူဟာ ဦးလေးရဲ့အသိ မဟုတ်နိုင်ပါဘူး . . . ”

“ ဒါကိုပြောတာ မဟုတ်ဘူး . . . အန်ကယ့်အိမ်ကိုဝင်ခိုးတာ သူမဟုတ်နိုင်ဘူးလို့ ပြောတာ . . .ဒီသူငယ်ဟာ အင်မတန် ရိုးသားဖြောင့်မတ်တဲ့သူငယ်ပါ . . . ”

စခန်းမှူးမှာ . . . “လာပြန်ပြီတစ်ယောက် . . . ” ဟု စိတ်ထဲက ရေရွတ်ရင်း ပါးစပ်အဟောင်းသားဖြစ်သွားရ၏။
လူကြီးက ဆက်လက်၍ . . .

“ သူမဟုတ်ဘူးဆိုတာ အန်ကယ်အာမခံပါတယ် . . . သူ့ကိုလွှတ်ပေးလိုက်ပါ . . . ”

“ ဟာ . . . ဒီလိုတော့ လုပ်လို့မရဘူးခင်ဗျ . . . ဥပဒေသဘောအရတော့ လုံးဝခိုင်လုံအောင်၊
ထောင့်စေ့အောင် စောင့်ကြည့်ရပါဦးမယ် . . . ”

“ ဒါဆို သူ့ကို စားစရာလေးဘာလေး ပေးပါရစေ . . . ”

“ ဒါတော့ရပါတယ် . . . ”

ထိုလူကြီးမှာ အောင်ဘာလေ ထီလက်မှတ်လဲပေးလိုက်သဖြင့် ဆယ်သိန်းဆုပေါက်သွားသောဦးချစ်ထူးပင်ဖြစ်လေ၏။

ဦးချစ်ထူးသည် အောင်ဘာလေကို ဘာမှ အားမငယ်ရန်ပြောသည်။ အောင်ဘာလေစားဖို့ ဒံပေါက်ထမင်းနှင့်မရင်ဒါ ၀ယ်ပေးခဲ့သည်။ ညနေတစ်ခေါက်ရောက်လာပြန်ပြီး ထမင်းကြော်၊ ဘဲကင်၊ အစိမ်းကြော်နှင့် ကျွဲရိုင်းအချိုရည်ဘူး၊ ညဘက်ဆာလျှင် စားဖို့သောက်ဖို့ ပေါင်မုန့်၊ ဘီစကွတ်၊ ပိုကာဖျော်ရည်ဘူး စုံအောင်ဝယ်လာသည်။
ညကျလျှင် ခင်းအိပ်ဖို့ ဂွမ်းကပ်နှင့်သက်္ကလပ်စောင်တွေ၊ ခေါင်းအုံးတွေပါ ယူလာသောကြောင့်အချုပ်ခန်းထဲမှာ ဒါတွေပေးလို့မရပါဘူးဟု စခန်းမှုးက မနည်း တောင်းပန်လွှတ်လိုက်ရသည်။

စခန်းမှူးမှာ တော်တော်ဦးနှောက်ခြောက်လာ၏။ ခုဖြစ်နေပုံကတော်တော်ဆန်းသည်။တရားလိုက တရားခံမှာ အပြစ်မရှိပါဘူးဟုဆိုပြီး အာမခံနေသည်။ပြီးတော့ အချုပ်ခန်းထဲမှာ လိုလေသေးမရှိအောင် လုပ်ပေးထားသည်။

သည်အတိုင်းဆိုလျှင် အောင်ဘာလေမှာ အပြစ်မရှိကြောင်း တစ်ဖြေးဖြေးပေါ်လွင်လာသည်။သူ တကယ်ပြစ်မှုကျူးလွန်သည်ဆိုလျှင် ဟိုကောင်တွေနှင့် တစ်ခါတည်းလိုက်သွားရမည်။
ခုလို အအေးဆိုင်မှာ စိမ်ပြေနပြေအအေးသောက်နေတာကို ကြည့်လျှင် သူနှင့်သူခိုးတွေဘာမှမဆိုင်ကြောင်း ညွှန်ပြသလိုဖြစ်နေသည်။

ထို့ကြောင့် အောင်ဘာလေကို တစ်ခါထပ်ပြီး စစ်မေးပြန်သည်။

“ မင်းက ဟိုကောင်တွေနဲ့ဘာမှမဆိုင်ဘူးပဲ ထားပါကွာ.. အဲဒီကောင်တွေကိုမြင်ရင် မင်း မှတ်မိနိုင်ပါ့မလား...”

“ မှတ်မိမယ် ထင်ပါတယ် . . . ”

“ ဒါဆိုရင် သူတို့ရဲ့ ပုံသဏ္ဍာန်ကို ပြောပြစမ်းကွာ . . . ”

အောင်ဘာလေက ခဏစဉ်းစား၍ . . .

“ အသားမည်းမည်း . . . ”

“ အင်း . . . ဟုတ်ပြီ . . . ကိုယ်လုံးကိုယ်ထည်က . . . ”

“ ခပ်ကျစ်ကျစ်ပဲ . . . အရပ်က မနိမ့်မမြင့် . . . ”

“ မျက်နှာပုံပန်းကရော . . . ဆံပင်ကစပြောကွာ . . . ”

“ ခေါင်းတုံးဆံတောက်လို ဆံပင်မျိုး . . . ”

“ မျက်နှာက . . . ”

“ အင်း . . . မျက်နှာမှာ ၀က်ခြံတွေနဲ့ . . . ”

“ မင်းပြောတဲ့ပုံတွေက လူအများစုထဲက ပုံပဲ... ဒီလောက်နဲ့တော့မရသေးဘူး... ထူးခြားတာ ဘာရှိသလဲ ...
မျက်နှာမှာ အမာရွတ်ရှိတာတို့...  လက်မှာ ဆေးမှင်ကြောင်ထိုးထားတာတို့ . . . ”

“ အဲဒါတော့ သတိမပြုမိဘူးဆရာ . . . ”

“ ကဲ . . . ဒါဆို နောက်တစ်ယောက်အကြောင်းပြော . . . ”

“ နောက်တစ်ယောက်ကလည်း အဲဒီအတိုင်းပဲ . . . ”

“ ဟေ . . . ဘယ်လို . . . ”

အောင်ဘာလေက အတန်ကြာအောင် နှုတ်ခမ်းကိုက်စဉ်းစားနေပြီးနောက် . . .

“ ဟာ . . . သိပြီဆရာ . . . သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းသိပ်တူတာ . . .
အမြွှာဖြစ်နိုင်တယ် . . . ”

စခန်းမှူး၏မျက်နှာ ၀င်းလက်သွား၏။

နယ်ထိန်းကို လှမ်းကြည့်သည်။ နယ်ထိန်းက ဖြစ်နိုင်တယ်ဆိုသောသဘော ခေါင်းညိတ်ပြသည်။စခန်းမှူးက . . . “ သူ့ကို စီအိုင်ဒီခေါ်သွားပြီး ဟိုကောင်တွေဓာတ်ပုံ ပြလိုက်ပါ . . . ”” ဟု ပြောသည်။

အောင်ဘာလေကို စီအိုင်ဒီမှုခင်းမှတ်တမ်းဌာနခွဲသို့ ခေါ်သွားသည်။ ပြစ်ချက်ရှိခဲ့ဖူးသူများ၏ဓာတ်ပုံတွေထားသော ဖိုင်တွဲထဲက ဓာတ်ပုံများကို ပြသည်။ အောင်ဘာလေက . . .

“ဟုတ်ပါတယ် . . . သူတို့ပါပဲ . . . ” ဟုပြောသည်။

ဤသို့ဖြင့် ပိုက်စိပ်တိုက်ရှာဖွေရာ ဖောက်ထွင်းဝိဇ္ဖာ အေးမြင့်နှင့်အေးတင့်တို့ အမြွှာညီအစ်ကိုတို့အားခိုးရာပါပစ်္စည်းများနှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့သည်။

***********

အောင်ဘာလေကို လွှတ်ပေးလိုက်သည်။ အောင်ဘာလေက ပြန်ခါနီး ကျေးဇူးတင်စကားပြောနေတုန်းအဘွားကြီးတစ်ယောက်ဝင်လာသည်။

စခန်းမှူးက . . . “အမေ . . . ဘာဖြစ်လို့ လိုက်လာတာလဲ . . . ”” ဟု မေးသည်။

အဘွားကြီးက . .

“ အညာက မင်းဦးလေးရောက်နေလို့ လာခေါ်တာ . . . ” ဟု ပြောပြီး အောင်ဘာလေဘက် လှည့်သည်။

အောင်ဘာလေမှာ အံ့သြသွားပြီး . . .

“ဟင် . . . အမေကြီးပါလား . . . ”

လမ်းဖြတ်ကူးရာမှာ သူကူညီခဲ့ဖူးသော အဘွားကြီးဒေါ်ကြင် ဖြစ်နေလေ၏။အဘွားကြီးကလည်း အောင်ဘာလေကို စူးစိုက်ကြည့်ရာမှ လက်မောင်းကို ၀မ်းသာအားရဆုပ်ကိုင်ပြီး . . .

“အလို . . . မင်း . . . ဟိုသူငယ်ကိုးကွယ့် . . . ”

စခန်းမှူးမှာ မျက်လုံးပြူးသွားပြီး . . .

“သူက . . . သူက အမေနဲ့လည်း သိတယ် . . . ဟုတ်လား . . . ”

အဘွားကြီးက . . .

“ဟုတ်ပါ့ . . . အမေ တစ်ခါပြောဖူးပါရောလား . . . လမ်းဖြတ်ကူးတဲ့အကြောင်း . . .အဲဒါ ဒီသူငယ်ပေါ့ . . . အမယ် . . . ခုမှသတိရတယ် . . . အမေ့အတွက် ဒဏ်ငွေဆောင်ဖို့
သူစိုက်ပေးခဲ့တဲ့ ငွေနှစ်ရာတောင်ပြန်မပေးရသေးဘူး . . .
ဟဲ့ . . . မင်းမှာ ငွေနှစ်ရာရှိရင် သူ့ကိုပေးလိုက်စမ်း . . . ”

“ ဗျာ . . . ”

“ သြော် . . . ငွေနှစ်ရာပေးလိုက်ပါလို့ . . . ”

“ ဟုတ် . . . ဟုတ်ကဲ့ . . . ”

စခန်းမှူးက အောင်ဘာလေကို တစ်ရာတန်နှစ်ရွက် ထုတ်ပေးသည်။ အောင်ဘာလေက ငြင်းသည်။
အဘွားကြီးက အိတ်ထဲအတင်းထည့်ပေးရသည်။ အောင်ဘာလေထွက်သွားပြီးနောက် စခန်းမှူးက ရေရွတ်သည်။

“ဒီလို တရားခံမျိုး တစ်ခါမှ မကြုံဘူးပေါင်ဗျာ . . . ”

သည်လောက်နှင့်မပြီးသေး။ ဦးချစ်ထူးမှာ ဟိုတစ်ခါကတည်းက အောင်ဘာလေကြောင့်ဆယ်သိန်းဆုပေါက်ပြီးပြီ။ အခုလည်း အောင်ဘာလေ ကူညီဖော်ထုတ်ပေးလို့ တရားခံတွေမိပြီး
အခိုးခံရတဲ့ပစ်္စည်းတွေ ပြန်ရသည်။

ထို့ကြောင့် အောင်ဘာလေကို အလွန်ကျေးဇူးတင်မိ၏။ ဟိုတစ်ခါ အိမ်ကို လာလည်ဖို့ဖိတ်သော်လည်းမရောက်ဖြစ်ခဲ့။ သည်တစ်ခါတော့ မလာမဖြစ်လာရမည်ဆိုပြီး အိမ်ခေါ်၍အကောင်းဆုံး ပြုစုကျွေးမွေးသည်။ဤသို့ဖြင့် အောင်ဘာလေမှာ ထိုအိမ်မှာတင် တစ်ခါတည်းနေဖို့အထိ ဖြစ်လာ၏။

အကြောင်းမှာ ဦးချစ်ထူး၏သမီးကလေးသည် အလွန်လှပသောကြောင့်ပင် ဖြစ်သတည်း။

မင်းလူ

(ငိုအားနှင့် ရယ်အားစာအုပ်)
၁၉၉၆၊