Wednesday, July 29, 2020

မြစ်ဆိပ်ရဲ့သီချင်း

" မြစ်ဆိပ်ရဲ့သီချင်း "
••••••••••••••••••••••
#နေဝင်းမြင့်

                    မျက်နှာကိုတိုးဝှေ့နေသော လေတွေထဲမှာ ဆားငွေ့တွေ ပါသည်။ပြီးတော့ ရွှံ့နှစ်နံ့လိုလို ညှီစို့စို့အနံ့တွေ ပါသည်။ မြစ်ရေသည် အကျဖြစ်၍ ဗောတံတားသည် ဦးစောက်ဖင်ထောင် ဖြစ်နေသည်။ ရေကျ ဖြစ်သဖြင့် ရွှံ့နှစ်နိမ့်လျှောသည် ညစ်ပတ်နေလေသည်။ ဗောတံတားပေါ်မှာတော့ လူတွေက သစ်လွင်တောက်ပနေပြန်သည်။

သင်္ဘောထွက်တော့မည်။ ကျွန်တော်က ဗောတံတားအစပ်မှာ ထိုင်ရင်း ရောင်စုံခရီးသည်များ၊ ငါးမျှားသူများ၊ ကုန်ထမ်းဝန်ထမ်းများ အားလုံးကို ငေးကြည့်နေမိလေသည်။ ဗောတံတားအောက်က ဘော်ယာပေါ်မှာတော့ လူတွေ သိပ်များများစားစား မရှိလှ။ လှေသမားတချို့ ရှိသည်၊ ဖွဲလှေတွေ ရှိသည်၊ ရေခဲလှေတွေ ရှိသည်။

အမေတို့ကတော့ ခက်တာပဲအမေရာ  သုံးရာဆိုတဲ့ ပိုက်ဆံက နည်းတာမှတ်လို့။ ဒီတစ်ခါလာမေးရင် သမီးကတော့ ရောင်းမှာပဲ"

တော်စမ်းပါအေ  ဒီတစ်ခါထပ်ပြောရင် ညည်းပါး ထပ်ကျိုးမယ် မှတ်ထား။ မိန်းမယုတ်မ  အလေနတောမ … "

ဘာဖြစ်လို့ မပြောရမှာလဲ။ အမေတို့က ကျွန်မရှာတာစားနေရတော့ ထမင်းဘယ်လိုရှာရသလဲ အမေမှ မသိတာ”

ဘာအေ့ … ညည်း ဘာစကားပြောတာလဲ။ ငါက ထမင်းဘယ်လိုရှာရတာ မသိဘူး ဟုတ်လား … ကန်းမ … ဒါ ကျေးဇူးဆပ်တာပေါ့လေ”

အသံတွေက အားလုံးကို ထွင်းဖောက် ပေါ်နေခြင်းဖြစ်သည်။ ကျွန်တော်က ဗောတံတားအောက်ကို လှမ်းကြည့်လိုက်သည်။ မြင်နိုင်သလောက်က မိန်းမရွယ်တစ်ယောက်၊ အသက်ကြီးကြီး မိန်းမတစ်ယောက်။ နောက် စောင်ပုခက်တစ်လုံး။ ဘော်ယာအလယ်မှာ ဒန်အိုးပိန်လေး နှစ်လုံး ရှိသည်။ မှောက်ထားသော ချိုင့်အဟောင်းကလေး တစ်လုံးရှိသည်။

ကိုင်း … ထွက်ဦးဟဲ့ … ထမင်းမစားရသေးဘူး”

အမေ ဆာပြီလား”

သင်္ဘောကြီးတောင် ထွက်တော့မယ်အေ့ … လေးနာရီ ထိုးတော့မယ်။ အချိန်မနည်းတော့ဘူး”

မနက်က ဆီ နှစ်ပုလင်းကို မအေးတို့ကိုပဲ ပေးလိုက်မယ်။ စျေးတော့နှိမ်တယ် အမေရဲ့၊ ဒါပေမဲ့ မတင်းရဲပါဘူး။ ရသလောက်ပေါ့”

ပေးလိုက်ပါအေ … ညည်း ပိုက်ဆံတက်ယူလိုက်။ နည်းနည်းလိုတဲ့ ဆီ တက်စုကြည့်ပါဦးလား”

အင်းပါ”

ဒီမယ် … နောက် ထမင်းဝယ်ရင် ငါးဖယ်ငါးဆုပ်ဟင်းပဲ ဝယ်ပါဟယ်။ ဟင်းရည်များများ ဆမ်းခိုင်း ကြားလား … မနေ့က ညည်းဝယ်တာ ခြောက်ခြောက်ကြီး”

အင်းပါ”

မိန်းမရွယ်က တံတားအောက်က အပြင်ကိုထွက်လာသည်။ ဖိနပ်မပါသော သူမ၏ခြေထောက်တွေက ရွှံ့နှစ်တွေကို တစွက်စွက် နင်းဖြတ်လာခြင်း ဖြစ်သည်။ လက်ထဲမှာ နို့မှုန့်ဘူးခွံတစ်လုံး ပါလာသည်။ ရေမြှုပ်တစ်စ ပါသည်။ သူတို့သားအမိကို ငေးကြည့်နေသော ကျွန်တော့်ကို သူမ သတိပြုမိသွားသည်။ ပြုံးပြသည်။ ထိုအပြုံးတွေကို ကျွန်တော် နားလည်သည်။ 

သူမက ခပ်လှမ်းလှမ်းက ဆီတိုင်ကီတွေဆီကို သွားနေသည်။ မြစ်ဝကျွန်းပေါ် မြို့တစ်မြို့၏ အမည်တွေ ရေးထိုးထားသည့် ဆီတိုင်ကီတွေ ဖြစ်သည်။ ဆီပုံးတွေကို စောင့်သောလူတစ်ယောက်နှင့် သူမ စကားပြောသည်။ ထောင်တချို့ လဲတချို့ ဒီဇယ်ပုံးတွေက ဒီဇယ်ဆီတွေ ဖိတ်အန်ကျနေတာ ရှိသည်။ သူမက ရေမြှုပ်နှင့် စုပ်သည်။ နို့မှုန့်ဘူးခွံထဲ ညှစ်ထည့်သည်။

သင်္ဘောကြီး ထွက်တော့မည်။ အချက်ပေးခေါင်းလောင်းသံကြောင့် လူတွေ ပိုမိုလှုပ်ရှား ပြေးလွှားနေကြသည်။ ရန်ကုန်မြစ်သည် ဆည်းဆာနေရောင်ခြည်အောက်မှာ ရယ်မောနေလေသည်။

(၂)

ရေပြင်ညီနေလုံးသည် မြစ်ကွေ့နှင့်တည့်တည့် အနားစွန်းမျဉ်းကြောင်းထဲမှာ နစ်ဝင်တော့မည်။ လေတွေ ပိုတိုက်လာသည်။ မည်းမှောင်ကာ ပိုမို လှုပ်ခါ ပွက်ထနေသည်။

ဆိပ်ကမ်းလက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေဆီက ကက်ဆက်သီချင်းသံသည်ပင် တိတ်ဆိတ်သွားပြန်ပေါ့။ သည်နေရာလေးမှာ လူရှင်းသွားပြီး။ ဂိုဏ်းသိမ်းအလုပ်သမားတချို့ ရှိနေသည်။ တချို့က ပိုက်ဆံခွဲနေသည်။ လက်တွန်းစျေးသည်တွေလည်း သိမ်းစပြုပြီ။ ကျွန်တော် မပြန်ဖြစ်သေး။ သည်နေရာကလေးမှာ နေလို့ရသလောက် (ထိုင်လို့ရသလောက်) ထိုင်နေဦးမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ မိမိသည်ပင် လာတုန်းက ငါးမျှားဖို့သက်သက်သာ ဖြစ်သည်။ သို့သော် ငါးမမျှားဖြစ်၊ လူတွေကိုပဲ ထိုင်ကြည့်နေမိသည်။

သူမ ပြန်ရောက်လာသည်။ ကျွန်တော့်ဘေးနားက တမင်ကပ်ကာ သီချင်းညည်းရင်း တံတားအောက်ကို ဝင်သွားသည်။ ပြီးတော့ လှည့်ကြည့်ကာ ပြုံးပြပြန်သည်။ လက်ထဲကနို့မှုန့်ဘူးခွံထဲမှာ ဒီဇယ်တစ်ဝက်လောက် ပါလာဟန်တူသည်။ တံတားအောက်ကို လှမ်းကြည့်တော့ မှောင်နေလေသည်။ ကလေးငိုသံနှင့် ကလေးချော့သံတွေ မှောင်ထဲက လွင့်ပျံလာပြန်သည်။ သီချင်းက လက်ဖက်ရည်ဆိုင်တွေမှာ ခဏခဏကြားရသော စတီရီယိုသီချင်းတစ်ပုဒ် ဖြစ်နေသည်။ 

ခဏကြာတော့ သူမ ပြန်ထွက်လာပြန်သည်။ သည်တစ်ခါတော့ နှုတ်ခမ်းနီတွေ ညိုရင့်နေအောင် ဆိုးထားသည်။ အဆီတွေပြန်နေသော မျက်နှာပေါ်က နှုတ်ခမ်းနီသည် အဆက်အစပ်မဲ့ လှပနေသည်။ သည်တစ်ခါတော့ ကျွန်တော့်ဆီ တည့်တည့်လာခြင်း ဖြစ်သည်။ လက်ထဲမှာ ကျွတ်ကျွတ်အိတ်တစ်လုံး။

လာလည်မလို့လား”

ဗျာ”

ကျွန်တော့်ကို စကားပြောလိမ့်မည်မထင်သဖြင့် ဘာဖြေရမှန်း မသိ။

သြော် … လာလည်မလို့လား လို့ပါ”

ဘယ်ကိုလဲ”

ဟောတော့”

သူမက ရုပ်ရှင်ထဲက မိန်းမပျက်သရုပ်ဆောင်တစ်ယောက်နှင့် ပိုတူနေလေသည်။ ညို့ရီသော မျက်ဝန်းတွေနှင့်အတူ အတန်ငယ် ဖွံ့ထွားသော ကိုယ်ခန္ဓာတစ်ခုလုံး လှုပ်နေအောင် တမင် ရယ်မောနေသည်ကလည်း ကြည့်မကောင်းလှချေ။

လာလည်မလားဆိုတာ ရှင်မသိဘူးလား။ ဒါဖြင့် လှေစီးမလား ဆိုတာကော သိရဲ့လား။ ဟင်း ဟင်း … ဒီတံတားအောက်ကို လာလည်မလားလို့ မေးတာပါ”

သြော် … အင်း … ”

နေဦး … ကျွန်မ ထမင်းသွားဝယ်ဦးမယ်၊ ခဏစောင့်နော်”

ကျွန်တော် ဘာမှပြန်မပြောနိုင်မီမှာပင် သူမသည် သစ်ရွက်တစ်ရွက်လို ပြေးထွက်သွားသည်။ သိပ်မကြာလှ၊ ခဏလေးအတွင်းမှာပဲ ပြန်ရောက်လာသည်။ ကျွတ်ကျွတ်အိတ်ထဲမှာ ထမင်းတွေဟင်းတွေ ရောထွေးထည့်လာသည်။

လာလေ … လိုက်ခဲ့ … ”

ကျွန်တော်က တံတားအောက်ကို လိုက်ဖို့ မလိုက်ဖို့ စဉ်းစားနေမိသေးသည်။ နောက်တော့ တံတားအောက်ကို လိုက်ဖြစ်သွားသည်။ တံတားအောက်က အတန်အသင့်ကျယ်သော ဘောယာပေါ်မှာ သူတို့ နေခြင်းဖြစ်သည်။ တံတားအောက်မှာ အတော်မှောင်မည်းနေလေသည်။ မျက်နှာကို ပထမဦးဆုံး လာရောက်တိုးထိ နှုတ်ဆက်သူတွေမှာ ခြင်တွေဖြစ်သည်။ ကုန်းပေါ်က လှမ်းမမြင်ရသော ပစ္စည်းအချို့ တံတားအောက်မှာ တွေ့သည်။ သံသေတ္တာဟောင်း တစ်လုံး၊ ထဘီဟောင်းတွေက ပြန့်ကျဲနေသည်။

အသက်ကြီးကြီးအဘွားအိုက ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။ တံတားသံပေါင်မှာ သံကြိုးတစ်ဖက်၊ အဝတ်ကြိုးတစ်ဖက် ချည်ထားသော အဝတ်ပုခက်၊ နောက် သံပန်းကန်ပြား နှစ်ချပ် သုံးချပ်၊ ပလတ်စတစ်ခွက်ကလေး တစ်လုံး။ သူမက ထမင်းအိတ်ကို အဘွားအိုလက်ထဲ ပေးလိုက်သည်။

အေမ … ဒီအစ္ကိုက သမီးတို့ဆီ လာလည္မလို့ တဲ့”

သူ့အမေက သူမကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့် ကြည့်သည်။ ကလေးကို ပုခက်ထဲပြန်ထည့်သည်။ ပြီးတော့ အသာအယာ လွှဲပေးနေပြန်သည်။

အစ်ကို … အချိန်ရတယ်မဟုတ်လား”

သြော် … အင်း … ရပါတယ်”

မဟုတ်ဘူး … မြန်မြန်ပြန်ချင်တာလား၊ အေးအေးဆေးဆေးလား မေးတာ”

ကျွန်တော့်ကို သားအမိနှစ်ယောက်စလုံးက ရေခြားမြေခြား သတ္တဝါတစ်ကောင်လို ကြည့်နေကြသည်။ သူမက သူ့အမေကိုကြည့်တော့ အဘွားအိုက တံတားအောက်က ထွက်သွားသည်။ အပြင်မှာ လုံးဝမှောင်သွားပြီ။ အတွင်းမှာ ပိုမို မှောင်မည်းလာသည်။
မြစ်ရေသည် လက်တစ်ကမ်းမှာ ရှိနေသည်။ လူမဲ့လှေတွေက ဆက်ကာဆက်ကာ ထိစပ်ရင်း ရှည်မျောနေသည်။ လှေတွေကိုကျော်၍ မြင်ရသော မြစ်ရေပြင်သည် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ရေပြင်ပေါ်ကို ဖိတ်အန်ကျနေသော အလင်းရောင်တွေက ရေပြင်ကို တလက်လက် အရောင်ထွက်နေစေသည်။

အစ်ကို … လာလေ … ”

ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးဖြစ်သွားသည်။ နှုတ်ခမ်းနီဆိုး နှုတ်ခမ်းတွေကို သဲသဲကွဲကွဲ မမြင်ရသော်လည်း တံတားမှောင်ရိပ်ထဲမှာ နှုတ်ခမ်းနီရနံ့သည် မွှန်စူးနေသည်။

မဟုတ်ပါဘူး။ ကျွန်တော် ရိုးရိုးလာလည်တာပါ”

ရှင် … ”

သြော် … ကျွန်တော် ရိုးရိုးလာလည်တာပါ လို့ … ”

ဒီတံတားအောက်ကို ရိုးရိုးလာလည်တယ် ဟုတ်လား … ”

တံတားအောက်ဆိုတာလည်း ခင်ဗျားတို့အိမ်ပဲ မဟုတ်လား။ ခင်ဗျားတို့ရဲ့ နေစရာပဲ မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို ခင်လို့ လာလည်တာပါ”

ဟောတော့် … အမေရေ … ”

သူမက အသံကိုမြှင့်အော်လိုက်သဖြင့် အဘွားအို ပြန်ဝင်လာသည်။ ကျွန်တော့်ဘေးမှာ ထိုင်သည်။ သစ်သားမီးခြစ်ဆံတစ်ချောင်းကို ထုတ်ကာ ဆေးလိပ်ကို မီးညှိသည်။ မရ။ ပြန်ခြစ်သည်၊ မြစ်လေကြောင့် မီးငြိမ်းသွားသည်။ ကျွန်တော်က အိတ်ထဲက ဓာတ်ငွေ့မီးခြစ်ကို ထုတ်ကာ လက်နှင့်လေကွယ်ရင်း ခြစ်ပေးလိုက်သည်။ တံတားအောက်မှာ ခဏကလေး လင်းကျင်းသွားသည်။ ပြီးတော့ မှောင်သွားပြန်သည်။

သမီးတို့ဆီကို ရိုးရိုးလာလည်တာတဲ့ အမေရဲ့ … ”

သူမက ရိတာလား၊ အတည်လား မသိရသည့် အသံမျိုးနှင့် ပြောနေခြင်း ဖြစ်သည်။

သြော် … လူလေးက လာလည်တာလား”

ဟုတ်ပါတယ်၊ အမေ့သမီးက လာလည်မလား ဆိုတာနဲ့ လာလည်တာပါ”

သူမထံက ခစ်ခနဲ ရယ်သံ ကြားရသည်။

အမေတို့ အရင်က ဘယ်မှာနေတာလဲ”

ကြည့်မြင်တိုင်ကမ်းနားက ကျောက်ကွင်းစပ်မှာ။ အဲဒီကနေ ဒီရောက်လာတာ”

ဒီနေရာ ရေရောက်တယ် မဟုတ်လား”

ရေတက်ချိန်တို့၊ မိုးတွင်းတို့ ဆိုရင်တော့ ဒီနေရာကလည်း မြင့်လာတာပေါ့။ ရေကျတော့ ဗောကြီးက လိုက်ကျသွားပြန်ရော။ ရေမြင့်တော့ ကြာမြင့် ဆိုသလိုပေါ့”

ပုခက်ထဲက ကလေးငိုသံ ထွက်လာပြန်သည်။ မိခင်ဖြစ်ဟန်တူသူ မိန်းမရွယ်က ထမကြည့်။

ဟဲ့ကောင်မ … နို့တိုက်ဦး”

သောက်ကလေးက လုပ်ပြီ … ”

ညည်း တစ်နေ့လုံး နို့မတိုက်ရသေးပါဘူးအေ။ ကျုပ်မြေးလေး နို့ဆာရောပေါ့။ ထပါအေ … ”

ရေပြင်က ပြန်ဟပ်သော အလင်းရောင်ပဲ ရှိသည်။ ခြင်တွေက သဲသဲမဲမဲ။ လှေတွေကို ရေတိုးသံက တဖျပ်ဖျပ် မြည်ဟည်းနေသည်။

ဒီနေရာမှာ နေလို့ ရလား”

ဘယ်ရမလဲ။ ဒါပေမဲ့ ဒီလိုပဲ နေရတာပဲ”

စားတော့ကော”

တစ်ခါတလေလည်း ချက်တာပဲ။ ဝယ်စားတာက များပါတယ်”

မဟုတ်ဘူး … ဝင်ငွေကိုပြောတာ”

ဝင်ငွေလား … နေ့ခင်းဘက် ဆီ လိုက်စုတယ်။ ဟိုဘက်တံတားတွေမှာ ဘိလပ်မြေ လိုက်စုတယ်။ ပဲစေ့တွေ ကောက်စုတယ်”

ညနေတုန်းက ဆူညံပွက်ထနေသော သည်နေရာက အခုတော့ ငြိမ်သက်တိတ်ဆိတ်နေသည်။ တစ်ခါတစ်ခါ သင်္ဘောဥသြသံအချို့ကို ကြားနေရသည်။ ရွှံ့နှစ်နံ့၊ မြောင်းပုပ်နံ့၊ သစ်သီးပုပ်နံ့၊ ညှီပြဲ့ပြဲ့ရနံ့ … ရနံ့ဆိုးတွေ ဝေ့ဝဲနေသည်။

ကျွန်တော် ပြန်တော့မယ်နော်  ခလေးဖို့ မုန့်ဖိုးပေးချင်လို့"

ကျွန်တော်က ဆယ့်ငါးကျပ်တန်တစ်ရွက် ပေးတော့ အဘွားအိုက လှမ်းယူသည်။ ထမင်းထုပ်ဝယ်ထားသော်လည်း သူတို့ ထမင်းမစားရသေးတာကို သတိရသည်။

ထမင်းစားကြဦးလေ”

ရပါတယ် … နောက်မှပဲ စားတော့မယ်”

ကျွန်တော် တံတားအောက်က ထွက်လိုက်သည်။ အသက်ကို တဝကြီး ရှူပစ်လိုက်သည်။ ဗောတံတားပေါ်ကို ပြန်တက်လိုက်သည်။ ဆိပ်ကမ်းတစ်လျှောက် တစ်မျှော်တစ်ခေါ် ထိန်ညီးနေလေသည်။ တံတားပေါ်နှင့် တံတားအောက်၊ အလင်းနှင့် အမှောင်က ရက်စက်စွာ စည်းခြားနေလေသည်။

(၃)

မာကျူရီမီးရောင်အောက်က ကွမ်းယာဆိုင်ကလေးမှာ စီးကရက်တစ်ဘူး ဝယ်လိုက်သည်။ တစ်လိပ်ထုတ်ကာ ဓာတ်ငွေ့မီးခြစ်နှင့် ညှိလိုက်သည်။

အစ်ကို  ပြန်တော့မယ် ဟုတ်လား”

သူမ …

အဘွားအိုက ကလေးတစ်ဖက်ကိုချီကာ ခပ်လှမ်းလှမ်းမှာ ရပ်နေကြသည်။ ကျွန်တော်ထွက်လာပြီး သူတို့ ထွက်လိုက်လာမှန်း ကျွန်တော် မသိ။

အင်း  ဟုတ်တယ်  သွားတော့မယ်  အဲ  နေပါဦး၊ ညနေက သုံးရာနဲ့ရောင်းမယ် ဆိုတာလေ  ကျွန်တော်ကြားတယ်။ အဲဒါ မမေးမိသေးဘူး"

စင်စစ် သည်မေးခွန်းက ရိုင်းသွားမှန်း ကျွန်တော်သိသော်လည်း ရင်ထဲမှာရှိနေသဖြင့် မေးလိုက်မိသည်။ တံတားအောက်က သူတို့အိမ်ကလေးထဲမှာ သုံးရာတန်ဆိုလို့ ဘာမှ မတွေ့ခဲ့ရ။ သူတို့အတွက် ငွေသုံးရာသည် များလှသောငွေကြေး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ငွေသုံးရာလောက် သူတို့ဆီမှာရှိသည်ဆိုလျှင်ပင် အထိုက်အလျောက် အဆင်ပြေနိုင်သည်။

အလကားပါအစ်ကိုရာ အဲဒီအကြောင်းပြောရင် ဒေါသဖြစ်ရတယ်။ အမေပေါ့  ကပျက်ကယက် သိပ်လုပ်တာ”

အဘွားအိုက ကလေးကိုပွေ့ချီရင်း မြစ်ပြင်ကို ငေးနေဆဲ။ တစ်ခွန်းတလေမှ ဝင်မပြော။

အင်းပါ … ပစ္စည်းကို မေးတာပါ။ ဘာပစ္စည်းလဲ လို့ … ”

သြော်  ကလေးပါ  ဟောဒီ ကလေးပါ"

သူမက ဘွားအေချီထားသောကလေးကို မေးငေါ့ပြသည်။ ပြီးတော့ ခံစားချက်မဲ့မျက်နှာဖြင့် ဆက်ပြောသည်။

အစ်ကို ဝယ်မလား။ ဝယ်ပါ အစ်ကိုရဲ့ " သုံးရာပဲ ပေး။ မိန်းကလေးတော့ မိန်းကလေးနော်။ တစ်လောက ရေထဲကျသေသွားတဲ့ ကလေးက ယောက်ျားလေး။ ချောက ချောသနဲ့။ အစ်ကိုတွေ့ရင် သဘောကျမှာ " ယူပါအစ်ကိုရဲ့ "

အဘွားအိုကမူ မြေးငယ်ကို ပိုမိုတင်းရစ်စွာ ပိုက်ပွေ့ထားသည်ဟု ထင်သည်။ ပြီးတော့ တံတားအောက်ထဲသို့ ပြန်ဆင်းသွားသည်။ လမ်းပေါ်က မာကျူရီမီးအောက်မှာ နှုတ်ခမ်းနီတွေရဲနေအောင် ဆိုးထားသောသူမ ရှိသည်။ တံတားအောက်မှာတော့ သံသေတ္တာဟောင်း တစ်လုံးရှိမည်၊ သံပန်းကန် နှစ်ချပ်ရှိမည်၊ အဝတ်ဟောင်း ပုခက်တစ်လုံးရှိမည်၊ ကလေးချော့ စတီရီယိုသီချင်းတစ်ပုဒ် ရှိမည်၊ ခြင်တွေ ရှိမည်၊ 

ပြီးတော့ ".... မျက်ရည်တချို့ ရှိနေမည်။ မာကျူရီညထဲမှာ ရန်ကုန်မြစ်ရေသည် ထုံးစံအတိုင်း တသိမ့်သိမ့် ရယ်မောနေလေသည်။

                          နေဝင်းမြင့် 

   ၁၉၉၁။ ဧပြီ။ ရင်ခုန်ပွင့် မဂ္ဂဇင်း။
Crdမိုးမခ

No comments:

Post a Comment