Tuesday, July 28, 2020

ဒေါက်တာတုတ်ခိုင်

ဒေါက်တာတုတ်ခိုင်
••••••••••••••••••••

မင်းလူ

တကယ်ဆိုလျှင် ဆရာ၀န်တစ်ယောက်၏ ဆေးခန်းအတွင်းမှာ စူးရှသောအရက်ပြန်နံ့၊ မွှန်ထူသော ဘားပလက်ထိုးဆေးနံ့၊ စိမ်းရွှေရွှေ ကာဘော်လစ်ဆီ ပိုးသတ်ဆေးနံ့များသာ ကြိုင်လှိုင်ဖုံးလွှမ်းနေသင့်သည်။ ခုတော့ ဒီလိုမဟုတ်။ ဆေးခန်းနှင့် ဘယ်လိုမှမပတ်သက်သော ခဲညှော်နံ့များသာ ပျံ့လွင့်ထွက်ပေါ်လာနေလေသည်။

    "ဒါဆိုရင်တော့ ဒေါက်တာတုတ်ခိုင်ဆေးခန်းကို ပြောတာဖြစ်မှာပဲ"

    ဟု အကြောင်းသိတွေက ရိပ်မိကြပါလိမ့်မည်။

    ဒီဆရာ၀န်က တော်တော်ထူးဆန်းသည်။ ထူးဆန်းတယ်ဆိုလို့ ဂမ္ဘီရ၀တ္ထုတစ်ပုဒ်တော့ ဖတ်ရတော့မယ်ဆိုပြီး အားတက်မသွားကြပါနဲ့။ တခြားဆရာ၀န်တွေနဲ့မတူခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏။

    ဆရာ၀န်ဆိုပြီး သားသားနားနားလည်းမရှိ။ ဖြူဖြူသွယ်သွယ် ရွှေကိုင်း၊ သတ္တုကိုင်းမျက်မှန်လေး တ၀င့်၀င့်နဲ့လို့ထင်လျှင် မှားမည်။ နာမည်နဲ့လိုက်ဖက်ညီစွာ တုတ်တုတ်ခိုင်ခိုင် ဂင်တိုတိုဖြစ်၏။ ကုန်ကားဒရိုင်ဘာလိုလို၊ မြန်မာ့ရိုးရာလက်ဝှေ့သမားလိုလိုဂိုက်မျိုး။

    သူဆွဲလာတဲ့ ဆေးအိတ်ကလည်း ဆရာ၀န်ဖြစ်ခါစကတည်းက သုံးလာခဲ့ဟန်တူသည်။ ခုနေခါမှ ရေပိုက်ပြင်တဲ့လူတွေတောင် မသုံးတော့တဲ့ ပတ္တူသားနှင့်ချုပ်ထားသော အိတ်ကြီးဖြစ်၏။ အနားသားတွေကလည်း ဖွာနေပြီ။

    ဆေးခန်းကိုရောက်ပြီဆိုလျှင် ရှပ်အင်္ကျီကို ချွတ်ပြီး စွပ်ကျယ်အင်္ကျီ လက်စကနှင့်သာ နေလေ့ရှိ၏။ တကယ်တော့ ရှပ်အင်္ကျီ ၀တ်ထားလျှင်လည်း ထူးပြီးသားနားလာမှာ မဟုတ်။ သူ့အင်္ကျီက ရွှေတောင် တက်ထရွန်သား၊ လည်ကတုံး၊ လက်တိုသာဖြစ်၏။
အရောင်အဆင်းကလည်း နဂိုက အဖြူရောင်ဖြစ်ခဲ့ကြောင်း သိသာရုံလောက်သာရှိတော့သည်။

    "အင်္ကျီကောင်းကောင်းလေး ၀တ်ပါလားဆရာရယ်"

    ဟု ပြောကြလျှင်...

    "အမယ်..ဒီ အင်္ကျီက  ပေါ့သေးသေးမဟုတ်ဘူး။ ဟိုအရင် ဂျီအီးစီခေတ်တုန်းက စျေးပွဲတော်မှာ အထူးလျှော့စျေး လေးရာ့ငါးဆယ်နဲ့ ရောင်းတုန်းက ၀ယ်ထားတာ။ ငါးထည်၀ယ်ရင် တစ်ထည်လက်ဆောင်ရသေးတယ်"

    "ဒါနဲ့များ ဆရာရယ်၊ အားလုံးပေါင်း ၆ ထည်တောင်ရှိတဲ့ဟာပဲ။ အလဲအလှယ်၀တ်ရင် ဒီလောက်မဖြစ်နိုင်ပါဘူး"

    "၀ယ်တာက ကျွန်တော်မဟုတ်ဘူးဗျ။ ကျွန်တော့်သူငယ်ချင်း ဒေါက်တာစိုးကျော်၀ယ်တာ။ အပိုရတဲ့လက်ဆောင်တစ်ထည်ကို
ကျွန်တော့်ကိုပေးလိုက်တာ"

    အူကြောင်ကြောင်လုပ်တတ်သော ကျော်ကွန့်က ၀င်မေးပြန်သည်။

    "ဒါဆို ဆရာ၀ယ်ထားတဲ့ပုဆိုးကလည်း ဂျီအီးစီကပဲလား"

    "မဟုတ်ဘူးဗျ၊ ဒါပေမဲ့ ဒီပုဆိုးကလည်း ရာဇ၀င်ရှိတယ်"

    သူသည် အသည်းအသန်ဖြစ်နေသော အဘိုးကြီးတစ်ယောက်ကို ဆေးကုပေးခဲ့ဖူးသည်။ မိသားစုက သိပ်အဆင်မပြေသဖြင့် ဆေးဖိုးဝါးခ မတတ်နိုင်။ သူက ငွေစကားမပြောဘဲ ကုသပေးသည်။ အဘိုးကြီးမှာ ရောဂါကျွမ်းနေပြီဖြစ်သောကြောင့် ဆုံးသွားခဲ့ရသည်။

ဖြစ်ချင်တော့ ထိုအဘိုးကြီးရဲ့ ကျန်ရစ်တဲ့အ၀တ်အစားတွေထဲမှာ ပုဆိုးအသစ်နှစ်ထည် ပါသည်။ မိသားစုက မိန်းကလေးတွေချည်းဖြစ်၏။

ထို့ကြောင့် ပုဆိုးနှစ်ထည်ကို ဒေါက်တာတုတ်ခိုင်အား ကန်တော့လိုက်သည်။

    "တော်သေးတာပေါ့ဗျာ၊ လူနာက အဘိုးကြီးဖြစ်နေလို့ အဘွားကြီးသာဆိုရင် ကျုပ်တော့ ထဘီတွေပဲရမှာဗျ"

    "ဒါနဲ့ အဲဒါဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆရာ"

    ဟု မေးတော့...

    "သုံး လေးနှစ်လောက်တော့ရှိပြီဗျ"

    ဆိုသဖြင့် သူ့ပုဆိုးသက်တမ်းကို သိလိုက်ရပြန်သည်။ ဒေါက်တာတုတ်ခိုင်က အဲဒီလိုဆရာ၀န်မျိုး။ ဒီရပ်ကွက်ကလည်း ဒီလို ဆရာ၀န်နဲ့မှ လိုက်ဖက်တာ။ ဒီကလူများမှ လက်လုပ်လက်စားတွေသာများသည်။ ဆေးဖိုးဝါးခ သိပ်အကုန်အကျခံနိုင်ကြတာ မဟုတ်။

အကြွေးထားတန် ထားရသည်။ တော်ရုံတန်ရုံအဆုံးခံသင့်ခံရသည်။

    ဆေးခန်းစဖွင့်ခါစတုန်းက ခေါက်ဆွဲသုပ်သည်မပွေး လာပြသည်။ ပြန်ခါနီးကျတော့...

    "ဆရာရယ်၊ ၀မ်းတွေကိုက်ပြီး မနေနိုင်လွန်းလို့ လာပြရတာပါ။ ဟိုဒင်း..ဆေးဖိုးတော့ မပါလာသေးဘူး။ အဲ့ဒါ...ဟောဒီဟာလေး ခဏယူထားလိုက်ပါ။ လေး ငါးရက်နေရင် လာရွေးပါ့မယ်"

    ဆိုပြီး စတီးချိုင့်တစ်လုံးကိုပေးသည်။

    "ဒါ..အပေါင်ဆိုင်မဟုတ်ဘူးဗျ။ ပိုက်ဆံမရှိရင်လည်း နောက် အဆင်ပြေမှပေး"

    ဟု ပြောလွှတ်လိုက်ရသည်။

    ဒေါက်တာတုတ်ခိုင်သည် ကားဂိတ်ကနေ ဆေးခန်းသို့ အသွားအပြန်ခရီးကို ဒေဝါနန်း၏ဆိုက်ကားကို စီးသည်။ ပုံမှန် ၂၀၀ လမ်း ဖြစ်သော်လည်း ဒေဝါနန်က အသွားအပြန် ၃၀၀ ပဲယူသည်။ ဒေဝါနန်း နေထိုင်မကောင်းဖြစ်လျှင် ဒေါက်တာတုတ်ခိုင်က အခမဲ့ ဆေးကုပေးသည်။

    ပတေးကျတော့တစ်မျိုး။ ဒေါက်တာတုတ်ခိုင်က နေ့လယ်ဆိုလျှင် သူ့ဆိုင်မှာ လက်ဖက်ရည်သောက်လေ့ရှိ၏။ အကြွေမအမ်းနိုင်တဲ့ ပြဿနာက ခဏခဏဖြစ်သည်။ ဒေါက်တာတုတ်ခိုင်က ဆေးလိပ်မသောက်၊ သကြားလုံးလည်းမစားတတ်သဖြင့် ဒါတွေ အစားထိုး အမ်းလို့မရ။ ထို့ကြောင့် ပတေးက ...

    "မထူးပါဘူး ဆရာရယ်၊ စာရင်းမှတ်ထားပြီး လကုန်မှပဲ ပေါင်းရှင်းလိုက်ပါတော့"

    ဟု ပြောသည်။ ဒီကြားထဲမှာ ပတေးတို့ ဘာနူးတို့နေထိုင်မကောင်းလို့ ဆေးခန်းသွားပြလျှင်လည်း ဒေါက်တာတုတ်ခိုင်က
မှတ်ထားရသည်။ လကုန်ပြီဆိုမှ ပိုတာ လိုတာစာရင်းရှင်းကြသည်။ အရေးထဲမှာ ဘာနူးက ...

    "ပတေးဘိုင်.. ဆရာလက်ဖက်ရည်သောက်ထားတဲ့စာရင်းက တော်တော်များနေပြီ။ အဲ့ဒါ အကြောဆေးတစ်လုံးလောက် သွားပြန်သွင်းလိုက်ရင် ကောင်းမယ်ထင်တယ်"

    ဆိုပြီး ဆေးဖိုးနဲ့ ခုနှိမ်ဖို့ ကြံစည်ခဲ့သေးသည်။

    လှထုံနှင့်ကျမှပဲ ဒေါက်တာတုတ်ခိုင်လည်း အူလည်လည် ဖြစ်ရတော့သည်။ တစ်ရက်မှာ လှထုံသည် သူ့သား မောင်ကျော်လှကို ဆေးခန်းလာပြသည်။ ပြီးတော့...

    "ကျွန်မမှာ ပိုက်ဆံပြတ်နေလို့ ဆရာ။ အဲဒါ နောက်တစ်ခါမှပဲ ပေါင်းပြီးယူပါတော့"

    ဟု ပြောသည်။ သူပြောတာက ရိုးရိုးသားသားပဲ။ ဘာမှအမှားမပါ။ ဆေးခန်းဆိုတာက တစ်ခါလာပြီးရင် တစ်သက်လုံးပြန်လာစရာ မလိုသောနေရာမျိုးမဟုတ်။ တစ်နေ့မဟုတ် တစ်နေ့တော့ နေထိုင်မကောင်းဖြစ်ရင် ပြန်လာရမှာပဲ။ လှထုံပြောတာ သဘာ၀ကျသည်။ သို့ရာတွင် သေသေချာချာစဉ်းစားကြည့်ရင်တော့ တစ်မျိုးကြီးပဲ။ မုန့်ဟင်းခါးဆိုင်မှာလို နောက်နေ့မှ ပေါင်းပေးမယ်လို့ ပြောသင့်တာမျိုး မဟုတ်။ ဒေါက်တာတုတ်ခိုင်အနေနဲ့လည်း "နောက်တစ်ကြိမ်ပြန်ဖျားပါစေ..."လို့ပဲ ဆုတောင်းနေရမလား၊ "သိပ်မကြာစေနဲ့နော်" လို့ပဲ မှာလိုက်ရမလား။ နောင် လမ်းမှာဆုံတဲ့အခါ...

    "ဘယ်လိုလဲ..ဟဲဟဲ မောင်ကျော်လှ နေကောင်းရဲ့လား၊ ကြည့်ရတာ အားနည်းနေသလိုပဲ"

    ဆိုပြီးတော့ပဲ မသိမသာ သတိပေးရမလား။ အတော်ခွကျသောကိစ္စပင်ဖြစ်၏။

    ဒီလိုရပ်ကွက်မျိုးနဲ့ ဒီလိုဆရာ၀န်မျိုးကတော့ အံကိုက်ပဲ။

    ဒေါက်တာတုတ်ခိုင်မှာ ဆရာ၀န်ဆိုပေမယ့် ဆေးကုတာအပြင် ဟိုစပ်စပ် ဒီစပ်စပ်လည်း ဝါသနာပါသေးသည်။ လျှပ်စစ်ပစ္စည်းတွေ ပြင်တာ၊ ရေဒီယို ကလိတာ၊ နာရီဖြုတ်ဆေးတာတို့ လုပ်တတ်သေးသည်။

    ဒီအတွက်တော့ သူ့ကို အပြစ်မတင်သင့်ပါ။ တခြားဆရာ၀န်တွေတောင် စာရေးတဲ့လူက ရေး၊ ပန်းချီဆွဲတဲ့လူက ဆွဲ၊ သီချင်းဆိုတဲ့လူက ဆို၊ မင်းသားလုပ်တဲ့လူက လုပ်၊ ကုမ္ပဏီထောင်တဲ့လူက ထောင်။ သူ့သူငယ်ချင်းစိုးကျော်ဆိုလျှင် ဆေးကျောင်းတက်နေရင်းက ပေဖူးလွှာမဂ္ဂဇင်းမှာ ကာတွန်းတောင် ၀င်ဆွဲလိုက်သေးသည်။ ဒီတော့ ဒေါက်တာတုတ်ခိုင် ရေဒီယိုပြင်တယ်ဆိုတာ ဘာမှ မထူးဆန်းဟု ဆိုချင်ဆိုနိုင်၏။

    ခုလည်း သူသည် ရေဒီယိုတစ်လုံးကို စစ်ဆေးနေသည်။ ရာအိမ်မှူးကိုရှိန်၏ ပစ္စည်းဖြစ်၏။ ဓာတ်ခဲအသေးနှစ်လုံး ထည့်ရသော ရေဒီယို အသေးစား။ ခလုတ်ဖွင့်ကြည့်သောအခါ အသံသဲ့သဲ့တော့ ထွက်လာသည်။ ဒါဆို စပီကာကြိုးပြုတ်တာမဖြစ်နိုင်။ ဓာတ်ခဲ  အားနည်းနေတာလား။ ကိုရှိန်ကတော့ လဲထားတာမကြာသေးဘူးပြောတာပဲ။ စိတ်ချရအောင် သူ့အားသွင်းလက်နှိပ်ဓာတ်မီးက ဘက်ထရီနှင့်ချိတ်ဆက်ပြီး ဖွင့်ကြည့်သည်။ ဘာမှမထူး။ ဘက်ထရီအပြစ် မဟုတ်တာတော့ သေချာပြီ။ အိုင်စီတွေ ဘာတွေ မကောင်းတာဆိုလျှင်တော့ သူလည်း မလုပ်တတ်။ ဆိုင်ပို့ရုံပဲရှိတော့သည်။

    ဆိုင်မှာသွားပြင်လျှင် ပစ္စည်းဖိုးနဲ့ လက်ခက ရေဒီယိုတန်ဖိုးရဲ့တစ်၀က်လောက် ကျသွားနိုင်သည်။ ထို့ကြောင့် သူ့ဆီ အရင် ရောက်လာခြင်းဖြစ်၏။

    အံဆွဲထဲက သားရေအိတ်အမည်းလေးကို ထုတ်လိုက်၏။ ဒီအိတ်မျိုးက တခြားဆရာ၀န်တွေ ခြေကြွရာမှာ ဟိတ်လုပ်ပြီး ကိုင်တတ်ကြသည်။ သူကတော့ ၀က်အူလှည့်၊ ပလာယာ၊ ဇာဂနာ စသော ပစ္စည်းကိရိယာတွေထည့်သော "တူလ်စ်ဘက်"အဖြစ် သုံးခြင်းဖြစ်၏။

    အထဲက အိတ်ပြားလေးတစ်ခုကို ထုတ်ပြန်သည်။ ဒါကလည်း အသေးစားခွဲစိတ်မှုမှာသုံးတဲ့ ကတ်ကြေးတို့၊ ဓားတို့ထည့်သော အိတ်မျိုးဖြစ်၏။ အကန့်ကလေးတွေဖြစ်အောင် ချုပ်ထားသည်။ သူသည် အကန့်တစ်ကန့်ထဲက စတား၀က်အူလှည့်အသေးစားထိပ်ဖူးကို ဆွဲထုတ်သည်။ လက်ကိုင်အရိုးမှာ စွပ်သည်။ ထို့နောက် ရေဒီယိုနောက်ဖုံးမှ ၀က်အူများကိုလှည့်ထုတ်လိုက်၏။

    ဖွင့်ကြည့်လိုက်တော့ သူ ခန့်မှန်းထားတဲ့အတိုင်းဖြစ်နေ၏။ ထူးထူးခြားခြားပျက်တာမဟုတ်။ အင်တင်နာနှင့်ဆက်သော ကြိုးပြုတ်နေခြင်းသာဖြစ်၏။ ရေဒီယိုခလုတ်ဖွင့်ပြီး ကြိုးထိပ်စကို ဆားကစ်ပေါ်က ခဲစမှာ တို့ကြည့်၏။ အသံကောင်းကောင်း ထွက်လာသည်။ အဖြေကို လွယ်လွယ်တွေ့သဖြင့် ကျေနပ်သွားသည်။

    လျှပ်စစ်ပစ္စည်းတွေပြင်ရတာ လူနာကို စမ်းသပ်စစ်ဆေးပြီး ရောဂါရှာရသလိုပဲဟု သူ ထင်သည်။ လူနာတစ်ယောက် ဘာဖြစ်နေတယ် ဆိုတာ တစ်ခါတလေကျတော့ မြင်လိုက်တာနဲ့သိသည်။ မျက်လုံးနီနေတာ၊ နှာရည်တရွဲရွှဲကျနေတာ၊ နှုတ်ခမ်းတွေ ဖြူဖပ်ဖြူရော် ဖြစ်နေတာကြည့်ပြီး ခန့်မှန်းလျှင် လွဲခဲသည်။ တစ်ခါတလေကျတော့ သေသေချာချာစမ်းသပ်ကြည့်မှ သိရသည်။ ရောဂါက မူရာမာယာများနေပြီ ဆိုလျှင်တော့ အတော်ဦးနှောက်စားရ၏။ တချို့ရောဂါလက္ခဏာတွေက ဆင်ဆင်လေးနဲ့ ကွဲတတ်သည်။ ဟိုဟာလား၊ ဒီဟာလား ကြီးကြီးကျယ်ကျယ်တွေလျှောက်စဉ်းစားပြီးမှ အပရိကလေးဖြစ်ချင်ဖြစ်နေတတ်သည်။ သာမန်ဗိုက်ကလေး အိုးတိုးအောင့်တောင့်ဖြစ်ရုံလောက်ပဲထင်ပြီးမှ မခွဲလျှင် မဖြစ်လောက်အောင် ကြီးကျယ်သွားတာမျိုးလည်းရှိသည်။

    လျှပ်စစ်ပစ္စည်းပြင်ရတာလည်း ဒီလိုပဲ။ တစ်ခါက ရေဒီယိုကက်ဆက်တစ်လုံးကို တစ်စစီ ဖြုတ်စစ်ဆေးတာ ဘာချို့ယွင်းချက်မှ
ရှာမရသဖြင့် ချွေးပြန်နေခဲ့ပြီးမှ ပလပ်ခေါင်းမှ ဝါယာတစ်စ လွတ်နေတာလေးဖြစ်နေသည်။

    ခုဟာကတော့ အပြစ်ကို ချက်ချင်းတွေ့သည်။ လုပ်ရတာကလည်း လွယ်လွယ်လေး။ ခဲပြန်တို့လိုက်ရုံပဲဖြစ်သည်။ သူသည် ဂဟေ ဆော်သော "ဂေါက်"ကိုယူ၍ ပလပ်ထိုးထားလိုက်သည်။ ခဲခွေကို အဆင်သင့်ပြင်သည်။ ထင်းရှူးဆီဘူးကလေးကိုဖွင့်သည်။

    ခဏကြာတော့ ဂေါက်ရဲ့ထိပ်ဖျားကသံချွန်ကို တံတွေးလက်မှာဆွတ်ပြီး တို့ကြည့်သည်။ ရှဲခနဲမြည်သွား၏။ လိုအပ်တဲ့အပူချိန်ရပြီ။

ဂေါက်ဖျားကို ထင်းရှူးဆီခဲမှာ တစ်ချက်နှစ်လိုက်ပြီးနောက် ခဲချောင်းကို အရည်ဖျော်ရင်း အင်တင်နာကြိုးကို ပြန်ဆက်သည်။ ခဲညှော်နံ့တွေ ထောင်းခနဲ ထွက်ပေါ်လာ၏။

    ထိုဂဟေဆော်သောဂေါက်ကြောင့်ပဲ သူ နာမည်ပျက်မလိုဖြစ်ခဲ့ရဖူးသေးသည်။ ဒီရပ်ကွက်မှာ ဆေးခန်းဖွင့်ခါစ အချိန်တုန်းကဖြစ်၏။

အစပိုင်းဆိုတော့ လူနာကပါးသည်။ (ခုလည်း သိပ်များလှတာတော့မဟုတ်)။

    ဆေးခန်းမှာ တစ်ယောက်တည်းထိုင်နေရတာ ပျင်းစရာကောင်းလှသည်။ ရပ်ကွက်နဲ့လည်း စိမ်းနေသေးသဖြင့် စကားစမြည်
လာပြောမယ့်လူမရှိ။ ဂျာနယ်လေး၊ မဂ္ဂဇင်းလေးဖတ်လိုက်၊ ဟိုတွေး ဒီငေးလုပ်လိုက်နဲ့ပဲ အချိန်ကုန်သည်။ ထို့ကြောင့် ပစ္စည်းကိရိယာတွေ ယူလာပြီး သူ့ဝါသနာအတိုင်း ဟိုဟာပြင် ဒီဟာထွင် လုပ်နေရသည်။

    တစ်ရက်မှာ ဘက်ထရီမီးအိမ်လေးတစ်လုံးကို ပြင်ဆင်နေသည်။ ခဲဆော်စရာရှိသဖြင့် ဂေါက်ကိုထုတ်ပြီး ခဲတို့နေတုန်း မပွေးတို့ သားအမိ ရောက်လာသည်။ သူ့သားအငယ်ကောင် သန်ထိုးနေလို့ လာပြခြင်းဖြစ်၏။

    သူတို့ဆေးခန်းထဲ၀င်အလာ ခဲဂဟေဆော်တဲ့ ဂေါက်တံကြီးတယမ်းယမ်းလုပ်နေသော ဒေါက်တာတုတ်ခိုင်ကိုမြင်သောအခါ မပွေး၏
သားမှာ မျက်လုံးပြူးသွားသည်။ အလိုလိုကမှ ဆေးထိုးခံရမှာကြောက်လို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ပါလာတာ။ အရေးထဲမှာ ဒေါက်တာတုတ်ခိုင်က ဂေါက်ကြီးကို ထင်းရှူးဆီခဲထဲ နှစ်လိုက်သဖြင့် ရှဲခနဲမြည်ပြီး မီးခိုးတွေ အူထွက်လာသောအခါ ဂေါက်ကြီးကို ထင်းရှူးဆီခဲထဲ နှစ်လိုက်သဖြင့် ရှဲခနဲမြည်ပြီး မီးခိုးတွေ အူထွက်လာသောအခါ...

    "အမယ်လေး...အမေရေ... ဆေးထိုးအပ်ကြီးက အကြီးကြီးဗျ"

    ဟု အလန့်တကြားအော်ပြီး ထွက်ပြေးသဖြင့် မနည်းလိုက်ဖမ်းရသည်။ သူ ကြောက်မယ်ဆိုလည်း ကြောက်စရာပဲ။ မပွေး၏သားက ဆေးထိုးအပ်ဟု ထင်သွားသော ဂေါက်ကြီးမှာ အရှည်က တစ်ပေနီးပါးရှိသည်။ ထိပ်ဖျားက သံချွန်ကြီးက ၃လက်မ အိမ်ရိုက်သံလောက် ရှိတာကိုး။

    ထိုစဉ်က ကလေးတွေကြားမှာ ဒေါက်တာတုတ်ခိုင်ရဲ့"ဆေးထိုးအပ်ကြီး"ဆိုတာ အတော်နာမည်ကြီးသွားသည်။ လူကြီးတွေကလည်း ဒီကိစ္စကို အသုံးချကြသည်။ ကလေးတွေ နေပူ မိုးရွာထဲ အဆော့လွန်ပြီး ခေါ်လို့မရလျှင်...

    "အေး.. ပြောလို့မရဘူးနော်။ တော်ကြာအပူရှပ်ပြီး ဖျားလို့ကတော့ ဒေါက်တာတုတ်ခိုင်ရဲ့ ဆေးထိုးအပ်ကြီးနဲ့တွေ့မယ်"

    ဟု ခြောက်လိုက်လျှင် ချက်ချင်း ပြေးလာကြတာပဲ။

    ဒီလှန့်လုံးက ဘယ်လောက်အထိ တာသွားသလဲဆိုတော့ ကလေးတွေ ကစားနေကြတုန်း ဒေါက်တာတုတ်ခိုင် လျှောက်လာတာ မြင်လျှင်...

    "ဟာ... ဆရာလာပြီဟေ့"

    ဆိုပြီး အိမ်ပေါ်ပြေး တက်ပုန်းကုန်ကြခြင်းပင်ဖြစ်၏။

    "ခင်ဗျားတို့ကလည်းဗျာ။ ကလေးတွေကို အဲဒီလိုမခြောက်စမ်းပါနဲ့။ အလိုလိုကမှ ဆရာ၀န်ဆို လန့်နေရတဲ့ကြားထဲ။ ခင်ဗျားတို့ လုပ်တာနဲ့ ကျုပ်ကို ဘီလူး သရဲလို ကြောက်နေကြပြီ"

    ဟု ဒေါက်တာတုတ်ခိုင်က ဟန့်တားထားရသည်။ ကလေးတွေကလည်း ဆေးခန်းရောက်တာနဲ့...

    "ဆေးမထိုးဘူးနော် ဆရာ"

    ဟု မျက်လုံးကလေးတွေဝိုင်းပြီး ငိုမဲ့မဲ့ပြောကြသည်။

    "အေး..ဒီတစ်ခါတော့ မထိုးပါဘူးကွာ။ ဒါပေမဲ့ သန်ကောင်တွေ သိပ်များလာရင်တော့ ဆေးထိုးသင့် ထိုးရမှာပဲ။ ဒီတော့ ထမင်း စားခါနီးတိုင်း လက်ကို စင်အောင်ဆေးရမယ်၊ ကြားလား"

    ဟု အခွင့်သာခိုက် ကျန်းမာရေးပညာပေး လုပ်တန်လုပ်ရသေးသည်။


    ၃နာရီ ထိုးပြီ။ လက်ဖက်ရည်သောက်ထွက်ရင်းက ဦးကုလားအိမ်ကို၀င်မည်ဟု ဒေါက်တာတုတ်ခိုင် အစီအစဉ်ချလိုက်သည်။

ဆေးခန်းကို တံခါးပိတ် သော့ခတ်သည်။ လူနာတွေရောက်လာလျှင်လည်း သိပ်တော့ပြဿနာမရှိ။

    "ဦးကုလားအိမ် သို့မဟုတ် လက်ဖက်ရည်ဆိုင်"

    ဟု စာရေးပြီး ချိတ်ထားခဲ့သည်။ အရေးကြီးလျှင် လိုက်ခေါ်လိမ့်မည်။ လူနာကိုယ်တိုင် လိုက်လာစရာမလို။ ကလေးတစ်ယောက် ဖြစ်ဖြစ်၊ လမ်းကြုံတဲ့လူတစ်ယောက်ဖြစ်ဖြစ် မှာလိုက်ရုံပဲ။

    ဦးကုလားအိမ်သွားရတာက အကြောင်းနှစ်ခုရှိသည်။ တစ်ခုက ပုံမှန်လုပ်နေကျအတိုင်း ဦးကုလားကတော် ဒေါ်ခင်တီကို သွေးပေါင် ချိန်ပေးဖို့ဖြစ်၏။ နောက်တစ်ခုကတော့ ဦးကုလားတို့အိမ်ကစလောင်းမှာ လိုင်းတွေ ပျောက်နေသဖြင့် ပြန်ရှာထည့်ပေးဖို့ဖြစ်၏။

    အမှန်တော့ စလောင်းချိန်ဖို့ကသာ အဓိကဖြစ်ပြီး သွေးချိန်တာက ခရီးသွားဟန်လွှဲသဘောသာဖြစ်၏။ ဦးကုလားကပေးသော ငွေမှာလည်း ခြေကြွခလား၊ စလောင်းချိန်ခလား ခွဲခြားရခက်ပေလိမ့်မည်။

    "ဘယ်လိုလဲ ဦးလေး၊ ဓာတ်ခဲလက်ချက်မှ ဟုတ်ရဲ့လား"

    ဟု ဒေါက်တာတုတ်ခိုင်က ရောက်ရောက်ချင်းမေးသည်။ ဦးကုလားက...

    "ထုံးစံအတိုင်းပေါ့ ဆရာရယ်။ ဘယ်သူက မြှောက်ပေးလိုက်လဲမသိပါဘူး။ အိမ်ကစလောင်းနဲ့ပဲ ဖိုက်မူဗီလိုင်းကို ကြည့်လို့ရတဲ့နည်း
ရှိတယ်ဆိုပြီး လျှောက်ကလိလိုက်တာ ရှိတဲ့လိုင်းတွေပါ ပျောက်ကုန်တော့တာပဲ"

    "ဒီကောင်ကတော့ ဖြစ်ရမယ်"

    ဦးကုလားတို့ရဲ့သားဓာတ်ခဲကတော့ အဲဒီအတိုင်းပဲ။ ဟိုဟာ ကလိ၊ ဒီဟာ ကလိ လုပ်တတ်သည်။ ပျက်သွားရင် ထားပစ်ခဲ့ရော။

    "ပြီးရင် ကြည့်လိုက်ပါ့မယ်"

    ဟု ပြောပြီး ဒေါ်ခင်တီကို သွေးပေါင် အရင်ချိန်ပေးလိုက်သည်။ သွေးက နည်းနည်းလေးတက်ချင်နေသည်။

    "ဘယ်လိုလဲ အဒေါ်ကြီး တညင်းသီးအုန်းနို့ဆမ်းတွေ စားပြန်ပြီထင်တယ်"

    ဟု မေးလိုက်သည်။

    "အဲဒါ မဟုတ်ပါဘူး။ ဟိုဒင်းပါ"

    "တောသည်တွေဆီက ငါးခြောက်ကလေးကောင်းလို့ပေါ့လေ"

    "ငါးသလောက်ဥပါ ဆရာရဲ့"

    "တော်ရုံတန်ရုံစားရင်တော့ သိပ်ပြဿနာမရှိပါဘူး"

    "သိပ်တော့မများပါဘူး။ နှစ်မြောင်းလောက်ပါပဲ"

    ဟု ဦးကုလားက ငေါ့တော့တော့ လေသံဖြင့် ၀င်ပြောသည်။

    "ရှင်လည်း စားတာပဲမဟုတ်လား"

    "ဟ.. ငါက ချင့်ချိန်ပြီးစားတာ။ ပြီးတော့ မင်းလိုဆေးသောက်မပျင်းဘူး။ အဆီအဆိမ့်စားမိပြီးရင် ဇာတိ၀င်္က အစာဖျက်ဆေးလေး သောက်လိုက်တာပဲ"

    "ငါးသလောက်ဥကလည်း ရခဲဘိချင်းကိုး။ ဟိုတုန်းကတော့ပေါလိုက်တာ။ ခုဖြင့် အိတ်စပို့မဆွဲမှဘဲ ရတော့တယ်ဆိုပါလား။ ဒီမနက်တော့ ရှားရှားပါးပါး 
ရတုန်းရခိုက်ဆိုပြီး..."

    ဒေါ်ခင်တီက အယူခံ၀င်နေသည်။ ဒါတော့ ဦးကုလားကလည်း ထောက်ခံသည်။

    "အေးကွာ၊ ပုစွန်ထုပ်ကြီးတွေဆိုလည်း ဒီအတိုင်းပဲ။ ငါတို့ငယ်ငယ်က ရွာမှာဆိုရင် ခပ်လတ်လတ်အကောင်မျိုးကတော့ ကလေးတွေ အပျော်သဘောနဲ့ မီးဖုတ်စားကြတာပဲ။ ခုများတော့ မမြင်ဖူးတာတောင် ကြာပြီ။ မြို့ထဲက ထမင်းဆိုင်ကြီးတွေမှာ ပုစွန်ထုပ်နဲ့စားရင် ခုနစ်ထောင် ရှစ်ထောင် ကျတယ်ဆိုလားပဲ"

    ဒေါက်တာတုတ်ခိုင်သည်လည်း ဦးကုလားပြောသလောက်မဟုတ်တောင် လက်ညှိုးလောက်အကောင်တွေ အမေက မီးဖုတ် ကျွေးခဲ့ဖူးတာ စားဖူးပါသည် (ငယ်ငယ်တုန်းက)။ ခုတောင် ပုစွန်မီးဖုတ်နံ့သင်းသင်းကလေးကို သတိရလာမိသေးသည်။ သူသည် တံတွေးကိုမသိမသာ မျိုချလိုက်ပြီးမှ...

    "ကဲပါလေ.. ပုစွန်ဆီဆိုတာကလည်း များများစားရင် မကောင်းဘူး။ ဒါကြောင့် ကျန်းမာရေးအရ ရှောင်ထားတယ်လို့ပဲ သဘောထား လိုက်ပေါ့။ ပေါပေါများများရှိရင် စားမိနေဦးမယ်။ အဒေါ်အနေနဲ့လည်း ငါးသလောက်တွေ နိုင်ငံခြားက များများ၀ယ်ပါစေလို့ ဆုတောင်းပေးပေါ့ ဟုတ်လား"

    တကယ်တော့ ဒေါ်ခင်တီသွေးတက်နေတယ်ဆိုတာကလည်း သိပ်စိုးရိမ်စရာတော့မရှိ။ အစာလေးရှောင်လိုက်။ သွေးကျဆေးလေး သောက်လိုက်ရင် ကောင်းသွားမှာပါ။ သောက်ရမယ့်ဆေးတွေပေးပြီးနောက် အဓိကတာ၀န်ဖြစ်သော စလောင်းလိုင်းဖမ်းတဲ့အလုပ်ကို စလုပ်သည်။

    ထိုအချိန်မှာပင် ဧည့်သည်တွေရောက်ရှိလာသည်။ ရပ်ကွက်ဥက္ကဌနှင့်တကွ ဘုရားဂေါပကအဖွဲ့၀င်များ ပါသည်။ ရာအိမ်မှူး
ကိုရှိန်လည်းပါလာသဖြင့် ရေဒီယိုပြင်လို့ပြီးပြီဖြစ်ကြောင်း သတင်းပေးလိုက်ရသေးသည်။

    ဒေါက်တာတုတ်ခိုင်သည် လိုင်းချိန်နေရင်းက ဦးကုလားနှင့်ဧည့်သည်များစကားပြောနေကြတာကို ကြားနေရ၏။ အကြောင်းအရာ ကတော့ ဦးကုလားသည် ဂေါပကအဖွဲ့၀င်အဖြစ်မှ အနားယူတော့မည်ကိစ္စပင်ဖြစ်၏။

    "စဉ်းစားပါဦး ဦးလေးရယ်။ ဦးလေးလိုပုဂ္ဂိုလ်မျိုးတစ်ယောက်ကတော့ ဂေါပကအဖွဲ့ထဲမှာရှိနေသင့်ပါတယ်"

    ဟု ရပ်ကွက်ဥက္ကဋ္ဌကစတင်ပြီး မေတ္တာရပ်ခံသည်။

    "ဂေါပကအဖွဲကထွက်မယ်ဆိုပေမယ့် အလှူငွေကိုတော့ ခါတိုင်းလိုပဲ ထည့်မှာပါဗျ"

    ဟု ဦးကုလားက တဲ့ကြီးပြောချလိုက်ရာ အဖွဲ့၀င်လူကြီးများ ပျာသွားသည်။ ဦးကုလားပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။ သူ့ကို ဂေါပကအဖွဲ့ထဲ ဆွဲထည့်ထားတဲ့အကြောင်းရင်းတွေထဲမှာ ငွေရေးကြေးရေး လက်မနှေးတတ်တဲ့အချက်ကလည်း အရေးပါပေတာကိုး။

    "အလှူငွေကိစ္စကြောင့် ပြောတာမဟုတ်ပါဘူးလေ။ ဦးကုလားရှိနေရင် လုပ်ရကိုင်ရတာ အဆင်ပြေလို့ပါ။ ပြီးတော့...အင်း.."

    အဖွဲ့၀င်လူကြီးတစ်ယောက်ကပြောရင်း တခြားတစ်ယောက်ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။ ထိုလူကြီးက ...

    "ဒီလိုရှိပါတယ်။ လာမယ့်နှစ်အတွက် ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတဲ့အခါ ဦးကုလားကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်ဖို့ လျာထားတဲ့ ကိစ္စကလည်းရှိနေတော့ကာ..."

    ဒေါက်တာတုတ်ခိုင်သည် ပြုံးလိုက်မိမလိုဖြစ်သွား၏။ ဦးကုလားကို ရာထူးနဲ့မက်လုံးပေးနေကြတာကိုး။ သို့ရာတွင် ဦးကုလားက..

    "ဟား...ဟား... ဥက္ကဋ္ဌလုပ်ချင်တဲ့လူတွေ အများကြီးရှိပါ့ဗျာ"

    ဟု ပြောလိုက်သည်။ ဦးဖိုးဗြော့ကို ဆိုလိုကြောင်း အားလုံးသိသည်။ သူက စကားဆက်လိုက်သေးသည်။

    "အလုပ်တစ်ခုလုပ်တယ်ဆိုတာ အားလုံးညီညီညွတ်ညွတ်ရှိမှာ ကောင်းတာဗျ။ အမြဲတမ်းငြင်းခုန်ပြီး ကန့်လန့်တိုက်နေရင် ဘာ
အဓိပ္ပါယ်ရှိမှာလဲ။ ဒါကြောင့် ကျုပ်က ထွက်ချင်တာ"

    ဒေါက်တာတုတ်ခိုင်လည်း စလောင်းလိုင်းဖမ်းလို့ပြီးသွားပြီ။ ထို့ကြောင့် ဦးကုလားနှင့်တကွ ဧည့်သည်တွေကိုပါ နှုတ်ဆက်ပြီး ထွက်လာခဲ့၏။ ပတေးတို့လက်ဖက်ရည်ဆိုင်မှာထိုင်သည်။ စမူဆာတစ်ခုစား၊ လက်ဖက်ရည်ကို ဇိမ်ခံသောက်ရင်း 90:00 Minutes အားကစားဂျာနယ်ကို ယူဖတ်နေလိုက်သည်။ စီရော်နယ်ဒိုတစ်ယောက် မန်ယူအသင်းကနေ ထွက်၊ မထွက် ခန့်မှန်းချက်ဆောင်းပါးကို ဖတ်နေတုန်း ရာအိမ်မှူးကိုရှိန် ရောက်လာသည်။

    "အတော်ပဲဗျာ..ကိုရှိန်။ ပြီးရင် ဆေးခန်းကို တစ်ခါတည်းလိုက်ခဲ့။ ခင်ဗျားရေဒီယိုယူသွာလို့ရပြီ"

    ဟု ဒေါက်တာတုတ်ခိုင်က ခရီးဦးကြိုပြုရင်း ပြောသည်။ ကိုရှိန်က ၀င်ထိုင်ပြီး ကော်ဖီမစ်မှာသည်။ ဒေါက်တာတုတ်ခိုင် သောက်ထားသော လက်ဖက်ရည်ဖိုးကိုလည်း သူပဲရှင်းမှ ကောင်းမည်ဟု တွေးလိုက်သည်။ ရေဒီယိုပြင်ခ သဘောပေါ့။

    "ဆရာ့ကို အကူအညီတောင်းစရာရှိလို့ ဆရာရဲ့"

    ဟု ကိုရှိန်က စကားစသည်။ ဒေါက်တာတုတ်ခိုင်က...

    "ဘာလဲ...အားဆေးတောင်းမလို့လား။ နဂိုရှိမှ နကိုင်းထွက်တာလို့ ကျွန်တော်ပြောထားပြီးပြီနော်။ ကိုယ်ထူကိုယ်ထပဲ ကောင်းပါတယ်ဗျာ။ ပြည်ပအားကိုးမလုပ်ချင်စမ်းပါနဲ့"

    "ဟာ..မဟုတ်ပါဘူး။ ကျွန်တော့်ကို ဆရာက ကိုကြီးထွန်းလိုများ အောက်မေ့နေလို့လား"

    "ခင်ဗျားတို့တွေ သိပ်မထူးပါဘူးဗျာ။ 
ကဲ..ကဲ... ပြောစမ်းပါဦး၊ ခင်ဗျားတောင်းမယ်ဆိုတဲ့ အကူအညီ"

    "ကျွန်တော်က တောင်းတာမဟုတ်ပါဘူး"

    ကိုရှိန်စကားပြောလျှင် ဒီအတိုင်းပဲ ဗလုံးဗထွေးနဲ့။ သူ့စကားကိုသာ လိုက်ထောက်နေလျှင် လည်ထွက်ကုန်ပြီး လိုရင်းကို ရောက်မှာ မဟုတ်တော့။ ထို့ကြောင့် သူ့ဘာသာဆက်ပြောမှာကိုပဲ စောင့်နေလိုက်ရသည်။

    "ဒီလို ဆရာရဲ့၊ ဂေါပကအဖွဲ့က လူကြီးတွေက ဆရာပြောရင်ရတယ်ဆိုတာကို ပြောခိုင်းလိုက်လို့"

    စကားကို အကြောင်းအရာရဲ့အလယ်က ဖောက်ပြီးစပြောသည်။

    "ကျွန်တော် ဘာပြောရမှာလဲ"

    ဟု စကားထောက်ပေးလိုက်မှ...

    "စောစောတုန်းကပြောနေကြတာ ဆရာလည်း ကြားသားပဲ။ ဦးကုလားက ဘုရားဂေါပကအဖွဲ့က ထွက်မယ်ဆိုတာလေ။ အဲဒါ မထွက်ဖို့ပြောတာ။ ဘယ်လိုမှ တောင်းပန်လို့မရဘူး။ ဦးကုလားမရှိလို့ တခြားလူ၀င်လာမှာကိုလည်း စိုးရိမ်နေကြတယ်။ အဲဒါ ဆရာက မထွက်ဖို့ ပြောမယ်ဆိုရင်တော့ ရနိုင်တယ်ဆိုပြီး"

    "ကျွန်တော်က ဦးကုလားကို မထွက်ဖို့ပြောပေးရမယ်ပေါ့"

    "ဟုတ်တယ်၊ ဆရာ့စကားဆိုရင်တော့ ဦးကုလားက လက်ခံမှာပါ"

    "ဟာဗျာ... ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။ ဒါက ခင်ဗျားတို့ ရပ်ရေးရွာရေးကိစ္စပဲ။ ပြီးတော့ ဦးကုလားက သူ့ဆုံးဖြတ်ချက်နဲ့သူ
ထွက်တာ။ ကျွန်တော်က ဘာပြောစရာလိုသလဲ။ သူနဲ့မတည့်တဲ့ အစားအသောက်တွေ နင်းကန်စားနေတယ်ဆိုရင်တော့ တားသင့်
တားရမှာပေါ့ဗျာ။ ခုကိစ္စကတော့ ကျွန်တော်လည်း ပြောမပေးနိုင်ဘူး"

    "ဒါဆိုရင်တော့ ဆရာ့တာ၀န်ပဲ..."

    ဒေါက်တာတုတ်ခိုင် တင်းခနဲဖြစ်သွားသည်။ ဘာလဲ..လာပြီး အကျပ်ကိုင် ခြိမ်းခြောက်နေတာလား။ ဒါတော့မဖြစ်နိုင်။ ကိုရှိန်သည် မီးဘေးကာကွယ်ရေးတို့ ဘာတို့အတွက် ရပ်ကွက်ထဲမှာ လော်စပီကာနဲ့လိုက်အော်နေကျဖြစ်သောကြောင့် "မိမိတို့တာ၀န်သာဖြစ်ပါကြောင်း"
ဆိုတာမျိုးကို အကျင့်ပါနေတာပဲဖြစ်မည်။ ထို့ကြောင့်..

    "ဘာတာ၀န်လဲဗျ"

    ဟူ၍သာ ရှင်းအောင်မေးလိုက်ရသည်။

    "လူကြီးတွေပြောနေတာ ကြားခဲ့တာပဲ ဆရာရဲ့။ တကယ်လို့ ဦးကုလားက မလုပ်တော့ဘူးဆိုရင် ဂေါပကအဖွဲ့ထဲက လစ်လပ်သွားတဲ့ နေရာမှာ ဆရာ့ကို အစားထိုးပြီး ထည့်ရင်ကောင်းမယ်တဲ့"

    "ဗျာ...ဘာ..ဘာ.."

    ဒေါက်တာတုတ်ခိုင် တအံ့တသြ ရေရွတ်လိုက်သည်။

    "ဟုတ်တယ်ဆရာ၊ ကျွန်တော်လည်း ထောက်ခံခဲ့တယ်"

    "ဟာဗျာ.. ကျွန်တော်က ဆရာ၀န်ပဲဟာ။ ပြီးတော့ ကျွန်တော်က ဘုရားဝေယျာ၀စ္စတွေ ဘာတွေ သိပ်နားလည်တာ မဟုတ်ဘူး။
သမ္ဗုဒ္ဓေတောင် ဌာန်ကရိုဏ်းကျအောင် မရွတ်တတ်ဘူး"

    "ဘယ်သူက ရွတ်ခိုင်းမှာမို့လို့လဲ။ ဆရာ့ကိုဆိုရင် အားလုံးက လက်ခံကြမှာပဲဟာ"

    ဒေါက်တာတုတ်ခိုင်မှာ အကျပ်ရိုက်နေ၏။ ဒီလူတွေက တကယ်လုပ်မယ့်လူတွေ။ တခြားလူတွေလို ဆရာ၀န်စာရေးဆရာ၊ ဆရာ၀န်အဆိုတော်၊ ဆရာ၀န်လုပ်ငန်းရှင်ဆိုတာမျိုးဖြစ်ရင်လည်း ဟုတ်တုတ်တုတ်ရှိသေး။ ဆရာ၀န်ဂေါပက ဆိုတာကတော့ တစ်မျိုးကြီးပဲ။ သူတို့လိုချမ်းသာကြွယ်၀မည့်ကိန်းမျိုးလည်း မဟုတ်။ ထို့ကြောင့်...

    "မဖြစ်ပါဘူးဗျာ။ ဂေါပကဆိုတာ သက်ကြီးဝါကြီးဖြစ်မှ လူ လေးစားမှာဗျ။ ပြီးတော့ ကျွန်တော်က ဒီရပ်ကွက်မှာ နေတာလည်း မဟုတ်ဘူး"

    "အို... ဆရာက ဒီရပ်ကွက်သားလိုဖြစ်နေပြီပဲဟာ"

    ထိုစကားကြောင့် ဒေါက်တာတုတ်ခိုင် အကြံတစ်ခု ဖျတ်ခနဲရလာသဖြင့်...

    "အဲဒါပြောတာပေါ့ဗျ။ ဒီရပ်ကွက်က ဖြစ်နေတဲ့အတွက် ဟိုဘက်ရပ်ကွက်က ဘယ်ကျေနပ်ပါ့မလဲ။ ဒီမှာနေတာ မဟုတ်ဘူးဆိုပြီး ထောက်ပြ ကန့်ကွက်စရာဖြစ်လာရင် မကောင်းဘူုး"

    "မကန့်ကွက်ရဲပါဘူး ဆရာရယ်။ သူတို့လည်း အရေးအကြောင်းဆို ဆရာ့ဆေးခန်းကိုပဲ ပြေးလာရတာမဟုတ်လား။ သူတို့ ပြဿနာ ရှာခဲ့ရင်လည်း နောက်တစ်ခါ သူတို့လာပင့်တဲအခါ မလိုက်ဘဲ ပညာပေးထားလိုက်ပေါ့"

    "ဟာဗျာ... ဆရာ၀န်တို့၊ ကြက်ခြေနီတို့ဆိုတာ ရန်သူရယ်၊ မိတ်ဆွေရယ်လို့မရှိဘူး။ ကိုယ့်ရပ်ကွက်က မဟုတ်လို့၊ ကိုယ်နဲ့မတည့်လို့၊
အချိုးမပြေလို့၊ အမြင်ကတ်လို့ ကုမပေးဘူးဆိုတာမျိုး မလုပ်ရဘူးဗျ။ ဆရာ၀န်ပဋိညာဉ်ကို ဖောက်ဖျက်ရာကျတယ်"

    "သြော်.. ဆရာ၀န်တွေမှာလည်း အာပတ်သင့်တာမျိုးရှိသကိုး"

    "အဲဒီသဘောပေါ့ဗျာ... ဘုန်းကြီးတွေကမှ မသန့်ရှင်းတဲ့ အလှူမျိုးဆိုရင် လက်မခံဘဲနေလို့ရသေးတယ်။ ကျွန်တော်တို့ ဆရာ၀န်တွေကတော့ သူခိုး ဓားပြပဲဖြစ်ဖြစ် လူလိမ်လူကောက်ပဲဖြစ်ဖြစ် ဘယ်သူ့မဆို ကုသပေးရတာပဲ"

    "ဟုတ်လား..ဒါဆိုရင်"

    ဟု ကိုရှိန်က စကားစလိုက်သည်။ ဆရာ့ကိုဆိုရင် ဟိုဘက်ရပ်ကွက်ကလည်း လက်ခံမှာပါဟု ဆက်ပြောဖို့ ပြင်ဆင်လိုက်ခြင်းဖြစ်၏။

ဒါကိုရိပ်မိသော ဒေါက်တာတုတ်ခိုင်က...

    "အေးဗျာ...ကျွန်တော်လည်း ဦးကုလားကိုပြောကြည့်ပါဦးမယ်။ ကျွန်တော့်ကိုတော့ လုံး၀ထည့်မစဉ်းစားနဲ့နော်။ ဆေးခန်းပိတ်ပြီး ထွက်ပြေးမှာဗျ"

    ဟု အရင်ဦးအောင် စကားပိတ်ပြောလိုက်ရသည်။

    လက်ဖက်ရည်ဆိုင်ပိုင်ရှင် ပတေး၏မိန်းမ ဘာနူးသည် ကိုရှိန်အတွက် ပလိန်းတစ်ခွက် လာချပေးရင်း သူတို့ပြောနေသောစကားကို
တစ်စွန်းတစ်စ ကြားသွားသည်။ ထိုအခါ ဘာနူးလည်း အနီးအနားက စားပွဲတွေ သန့်ရှင်းရေးလုပ်သလိုလို ရေနွေးကြမ်းရှိ မရှိ လာကြည့်ပေးသလိုလို လုပ်ရင်း နားစွင့်နေလိုက်သည်။ ဒီလိုနဲ့ သူသည် သတင်းထူးတစ်ခုကို သူများတွေထက် အရင်ဦးအောင် ကြားသိလိုက်ရလေသည်။

    စာနယ်ဇင်းလောကမှာလိုပေါ့။ စကု(ပ)ခေါ် သတင်းထူးက သိပ်အရေးကြီးသည်။ ထိုသတင်းထူးကိုလည်း သူများတွေထက် အရင်
ဦးဦးဖျားဖျားဖော်ပြနိုင်မှ တန်ဖိုးရှိသည်။

    အခုလည်း ဘာနူးသည် စကု(ပ)သတင်းတစ်ခုကိုရရှိပြီ။ တစ်ခုရှိတာက ကိုရှိန်သည် သူ့မိန်းမ မပွေးကိုလည်း ဒီအကြောင်း ပြောပြမှာ သေချာသည်။ မပွေးကလည်း ကြားကြားချင်း လျှောက်ပြောတော့မှာပဲ။ ဒီတော့ ကိုယ်က ဦးအောင် သတင်းထုတ်ပြန်ရမည်။

    ဒီလိုနဲ့..

    "ဘုရားဂေါပကအဖွဲ့မှ ဦးကုလားနုတ်ထွက်ပြီ။ ဒေါက်တာတုတ်ခိုင်ကို အစားထိုးလိုသော်လည်း ၄င်းက ငြင်းဆန်။ ထို့ကြောင့် အသစ်ထပ်မံရွေးချယ်ရဖွယ်ရှိ၊ ဖြစ်နိုင်ခြေရှိသူများမှာ..."

    စသော သတင်းအချက်အလက်များကို "ဘာနူးဒေါ့ကွန်း"မှတစ်ဆင့် သတင်းကွန်ရက်အတွင်း လွှင့်တင်လိုက်လေသည်။ မပွေးကလည်း အားကျမခံဘဲ "ဗွီအိုပီ"ခေါ်"မပွေးအသံ"မှ  သတင်းထုတ်လွှင့်ပေးသည်။ ပဲပြုတ်သည်ဒေါ်မှိန်၏ "ဍအက်ဖ်အမ်"ကလည်း ဒိုးတူဒိုး စနစ်ဖြင့် အိမ်တိုင်ရာရောက် သတင်းပို့ပေး၏။ ဒေဝါနန်းက "မိုဘိုင်းဆိုက်ကား" (ဆိုက်ဘာမဟုတ်)ဖြင့် ကူညီကြေညာပြန်သည်။ ပွကြီး၏
"ပွ၀တီ"မှလည်း တိုက်ရိုက်ထုတ်လွှင့်ပေးလေသည်။

    ထို့ကြောင့် အထက် အဆိုပါသတင်းထူးကြီးသည် "ဍ"ရပ်ကွက်အတွင်း၌ နေ့မကူးမီ အချိန်နှင့်တစ်ပြေးညီပျံ့နှံ့သွားလေတော့သည်။

    (မီဒီယာ၏အစွမ်းကား အထူးပင် ထိရောက်ထက်မြက်လေစွတကား...)

('ခိုးခိုးခစ်ခစ်' လုံးချင်းမှ ကောက်နုတ်ဖော်ပြသည်)

”မင်းလူ၏အနုပညာရပ်ဝန်း” ပေ့ဂ်ျကနေ ကူးယူပါတယ်။

No comments:

Post a Comment