Wednesday, July 29, 2020

ကိတ္တိမလောဟ

ကိတ္တိမလောဟ
••••••••••••••••••••

နေဝင်းမြင့်

အိမ်နောက်ဘက် ရေသဖန်းပင် ပေါ်က ကြေးနီ ရောင်ကြက်အိုကြီး ထတွန်ပြီ ဆိုတာနဲ့ ဦးသူတော် အိပ်ရာက နိုးပြီ။ နိုးရုံ နိုးတာပါ။ ထတာတော့ မထသေးဘူး။ မှောင်သေးတာကိုး။ သည်ကြက်က ဦးသူတော့် ကြက်တော့ မဟုတ်ဘူး။ နှမ၀မ်းကွဲ ဒေါ်သီလရဲ့သား ပုတ်စည် မွေးထားတဲ့ကြက်။ ပုတ်စည် ကိုရင်လူ ထွက်ကတည်းက မွေးထားတဲ့ကြက် အခုပဲ ပုတ်စည်အသက် ရင့်လှပြီ ဆိုတော့ တွက်ကြည့်လေ။

ကြက်တစ်ကောင် အသက် ဘယ်လောက် ရှည်သလဲတော့ ဘယ်သူမှ စာရင်းလုပ် မထားလို့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် သည်ကြက်အိုကြီး ကတော့ ကြီးလှပြီ။ ကြက်ကြီးက ကြေးနီနဲ့ ကြေးဝါ စပ်ထားတဲ့ အရောင်။ ကြေးနီရောင် စစ်စစ်၊ ဇာတိလောဟ မဟုတ်ဘဲ ကြေးနှစ်မျိုး ရောထားတဲ့ “ကိတ္တိမလောဟ” ဖြစ်နေတာကို ဦးသူတော်က ကြိုက်တာ။ နှမ ဒေါ်သီလကိုတောင် ပြောဖူးတယ်။

“ငါ့နှမရဲ့ ကြက်များမယ် ဥပန်းတဲ့၊ ဗျာတဲ့၊ ဖောင်းတဲ့၊ မဂိုတဲ့၊ ရစ်တဲ့၊ ရွှေဖလားတဲ့၊ ဗျာနီ၊ ဗျာမီးခိုး၊ စင်ရော်၊ ကြံ့ခွံ၊ ချိတ် စသဖြင့် လည်မွေး ရင်မွေးဗိုက်မွေးကို စွဲလို့ ခေါ်ကြသာ ရှိသမှုတ်လား။ အခု ငရို့အိမ်က ကြက်က တမ္ဗခေါ်သယ်၊ ကြေးနီရောင် အင်နန်ရှားသာ၊ မထိမခိုက် အောင် စောင့်ရှောက်စမ်း၊ မနက်စောစော နေမင်းကို လောကထဲ ရောက်အောင် ခေါ်နိုင်သာပါပ မှတ်လို့လား။ မနက်ခင်းများဟာ ကြေးနီရောင်နဲ့ စသယ်၊ ကြေးဓာတ်နဲ့ စသယ်၊ ငရို့အိမ်က ကြက်က ကြေးဝါပါဖောက် လေတော့ ကိတ္တိမ လောဟ ခေါ်သာပဲ၊ ဂရုများများ ကြီးထားပါလေ”

ဒေါ်သီလက မနက်မနက် နေမင်းကြီး သူ့ဟာသူ ကမ္ဘာ လောကဓာတ်ထဲ လာနေကျ ဟာကို သူတို့အိမ်က ကြက်အိုကြီး တွန်လို့ ရောက်ရတယ် ဆိုတာကို မယုံပါဘူး။ ဒါပေမယ့် သည်အစ်ကို အိုကြီးအိုမကို မှီစားနေရ သူဆိုတော့ ဆိုးသည် ကောင်းသည် ပြောမဖြစ်ဘူး။ စကားများ မပြောသလောက် နေတယ်။ ဒေါ်သီလကလည်း အိုကြီးအိုမ မုဆိုးမပါပဲ။ ဦးသူတော့ ဝိုင်းတိုက်ထဲ အိမ်မကြီးနောက် တဲကလေး တစ်လုံး ဆောက်နေခဲ့တာပဲ ကြာလှပေါ့ဟာ။ တစ်ဦးတည်းသောသား ပုတ်စည်ကလည်း မအေနဲ့ အတူ နေတယ်သာ ပြောတာ။ ကိုးကျင်းကိုးကြောင်း သွားနေတာက များတော့ ဒေါ်သီလခမျာ ဖြုတ်နှစ်ကောင်နဲ့ နေရတာများတယ်။ ဖြုတ်နှစ်ကောင် ဆိုတာကသည်လို။ ဒေါ်သီလက မျက်ခမ်းစပ်တယ်။ မျက်စပ် အသနီလန် မျက်တောင်မွေး တုံးတုံးနဲ့ မျက်လုံး ဖန်တွတ်ဖန်တွတ် နေခဲ့ရတာ ကြာပြီ။ မျက်ခမ်းစပ် ဆိုတာကို ရောဂါရယ်လို့လည်း မထင်ပါဘူး။ ရွာမှာ မျက်ခန်းစပ်ကချည်း ဆယ်အိမ်မှာ ခြောက်အိမ်လောက် ရှိကြလေတော့ သည်လို နေကြတာပါ။ တစ်ခုတော့ ရှိတယ်။ မျက်ခမ်းစပ်ကို အမြဲတမ်း ရစ်ဝဲရစ်ဝဲ လုပ်နေတတ်တဲ့ ဖြုတ်နှစ်ကောင်ကြောင့် တစ်ခါတစ်ခါတော့ ဒေါ်သီလ အူယားတယ်။ လက်ဖဝါး နှစ်ဖက်နဲ့ သေရော့ဟလို့ တဖျန်းဖျန်း ရိုက်လို့လည်း ပျောက်သွားတယ် မရှိဘူး။

မိလိုက်တယ်လို့လည်း ဘယ်တုန်းကမှ မရှိဘူး။ ဖြုတ်နှစ်ကောင်က ဒေါ်သီလ မျက်လုံးတွေ ရှေ့မှာ မျက်လုံးစောင့် နှစ်ကောင်လို အမြဲတမ်း ရှိတယ်။ သည်ဖြုတ် နှစ်ကောင်ကလည်း သူတို့အိမ် ရေသဖန်း ပင်ပေါ်က ကြက်အိုကြီးလိုပဲ။ ဖြုတ်တစ်ကောင်ရဲ့ ဘ၀ သက်တမ်း ဘယ်လောက်ရှည်တယ် မပြောနိုင်ပေမယ့် ဒေါ်သီလ မှတ်မိသလောက် သည်ဖြုတ် နှစ်ကောင်ကလည်း ကြာပေါ့ဟာ။ အစ်ကို မုဆိုးဖို ဦးသူတော်က ခုနှစ်ဆယ်ကျော်၊ နှမ ဒေါ်သီလက ခြောက်ဆယ်ကျော်၊ ဒေါ်သီလ သားပုတ်စည်က လေးဆယ်ကျော်။ သည်အိမ်ဝိုင်းထဲမှာ လူသုံးယောက်၊ ကြက်ဖတစ်ကောင်၊ ဖြုတ်နှစ်ကောင် စနစ်နဲ့ နေခဲ့ကြတယ် ပြောပါတော့။

“အွတ် ချွရီး ချွရီး ချွတ် အွတ်”

ကြက်အိုကြီးခမျာ လေ သလိပ် သည်းခြေသုံးပါးတို့ ၀မ်းတွင်းလေနဲ့ ဆုံပြီး ဖြစ်ရတဲ့ သန္နိပတ် ပယောဂချွဲ ဆိုတာ ထွက်နေတာကို။ ဦးသူတော်က ငန်းမကျေလို့ ထွက်တဲ့ အသံလို့ မထင်ဘူး။ မနက်စောစော မောင်းသံကြေးသံ ထွက်တယ်လို့ ထင်တယ်။ သာယာချေငံ ရှိတဲ့အသံ၊ ငြိမ်းချမ်း ကြေအေးတဲ့ အသံလို့ ထင်တယ်။ သိထိလခေါ်တဲ့ နားချမ်းသာဖွယ် အသံလို့ ခံယူတယ်။

တကယ်တော့ ကြက်ခမျာ သူ့အစာသူ ရှာစားနေရတာပါ။ ညဥ့်သုံးယံရှိတဲ့ အထဲက ညဥ့်ဦးယံ သန်းခေါင်ယံ တွန်လေသလား မတွန်လေသလား ဘယ်သူမှ ခေါင်းထဲ မရှိကြပါဘူး။ မိုးသောက်ယံ ကျကာမှ ရှိသမျှ အသံကလေး ညှစ်ထုတ်ပြီး သဘာ၀တရားက လည်ဇလုတ် တုတ်နဲ့ ထိုးလိုက်သလို ထတွန်ရာက နှစ်ခါလောက် တွန်ပြီးတာနဲ့ ထိုးရပ်သွားတာချည်းပဲ။ ဦးသူတော်က သည်အသံကို ကြေးဓာတ် ပါတယ်လို့ ထင်တယ်။ တကယ်တော့ ကြက်ဖကြီး ခမျာ ရေသဖန်းပင်ပေါ်က ပြုတ်ကျမယ့်ရက် စောင့်နေရှာရတာပါ။ ကြီးလှပြီကိုး။ ဦးသူတော်ကလည်း ဘာထူး မှာတုန်း။ အိုလှပေါ့ဟာ။

(၂)

ဦးသူတော် ကိုယ်တိုင်ကလည်း ကြေးဖလားရောင် “ကိတ္တိမလောဟ” ကြက်ကြီးနဲ့ မထူးလှပါဘူး။ သူလည်း ချွဲဆိုက်ချင်ချင်ကိုး။ လူကတော့ ကိုယ်လုံးဖျောက်ဖျောက် ဆိုတော့ ပင်ရိုးကြီး ရှည်လှတဲ့ ဇော်ဂျီ တောင်ဝှေးပင် တစ်ပင်နဲ့ ပိုတူတယ်။ လူကတော့ မာတယ်။ စိတ်လည်း မာတယ်။ ကိုယ်လည်း မာတယ်။

ဦးသူတော်ရဲ့ အကျင့်က ညဘက်အိပ်ရာ ၀င်တော့မယ် ဆိုရင် ကြေးဖလားကြီးကြီး တစ်လုံးနဲ့ ရေခပ်ပြီး အိပ်ရာဘေး တည်ထားတတ်တယ်။ အနည်အနှစ် ငြိမ်လောက်ပြီ ဆိုတော့မှ လက်ညှိုးနဲ့ လက်ခလယ် လက်နှစ်ချောင်း ကြေးဖလားထဲက ရေထဲ ဇွပ်ကနဲ နှစ်ပြီး မျက်လုံး နှစ်လုံးကို ရေမျက်စဉ်းခပ်တယ်။ သည်လိုကြေးရေ မျက်စဉ်း ခပ်လို့ပဲ သူ့မျက်လုံးတွေ အကြည်ဓာတ် ရနေတာလို့ ယုံတယ်။ မနက်မိုးလင်းလို့ ရေသဖန်းပင်ပေါ်က ကြက်တွန်သံ ကြားပြီ ဆိုတာနဲ့ ကြေးဖလားထဲက ရေကိုကုန်အောင် သောက်ကရော။ သောက်ရင်းက လည်ချောင်းထဲ စီးသွားတဲ့ ရေကို အာရုံ ကလေးညွတ်ပြီး ၀မ်းထဲအူထဲ ကြေးဓာတ်ကလေး ရပကော ရယ်လို့ အသိကပ်တယ်။ သူတကာကိုလည်း သည်အကြောင်း ရောက်ရင် ပြောနေကျ စကားရှိတယ်။

“ကြေးသတ္တုများဟာ ဓာတ်အပေါင်း စုနေကျ နေရာကိုးကွယ့်၊ ပထဝီဓာတ်များအားကြီး လှပေါ့ကွယ်။ အာပေါဓာတ်ကလည်း ကြီးမှူးသယ်၊ ဝါယောဓာတ်ကလည်း သိမ်းဆည်းသယ်၊ တေဇောဓာတ်ကလည်း အံမကြွလေတော့ ချောမွတ်သကွာ။ နူးညံ့သကွာ၊ အေးမြသကွာ၊ ရှေးက လုတ်ရတ် ဆရာကြီးတွေက ကြေးကိုပြာချပြီး လျက်ကြသာ အသက်တစ်ထောင် တမ်းနေနိုင်ကြသယ်”

“ကြေးကို ဘယ်လို ပြာချရသာတုန်း ဘကြီးရဲ့”

“မင်းတို့ဥာဏ်နဲ့ နားမရောက်နိုင်ဘူး။ အင်နန်ခက်သာ”

သည်စကားက သည်မှာပဲ ဆုံးနေကျ၊ ကြေးပြာချနည်းဆီ ဘယ်တုန်းကမှ မရောက်ခဲ့ဘူး။ ပြောသာ ပြောရတာပါ။ ဦးသူတော်က ရှားနှစ်တုတ် တစ်ချောင်းလို မာတာလည်းအမှန်ပဲ။ ဇိုးဇိုးဇပ်ဇပ် ရှိတာလည်း အမှန်ပဲ။ လည်ကတုံး လည်ထောင်ကလေးနဲ့ သျှောင်တစောင်းထုံး ကလေးနဲ့ ပဝါ ချောင်ပတ်ကလေးနဲ့ ဘယ်တော့ကြည့်ကြည့် မာမာချာချာ ရှိတယ်။

မိုးအလင်း ဓာတ်ကလေး ထရံကြို ထရံကြားက တိုးလာပြီ ဆိုမှ နောက်ဖေး ရေကပြင်ထွက်၊ ဆားကွမ်းသီးလုံး လောက်နဲ့ ပချိုးပချောင် ပွတ်ပြီး သွားတိုက်တယ်။ ပလုပ်ကျင်းတယ်၊ ခံတွင်းသန့်ပြီ ဆိုတော့မှ သရဏဂုံ သုံးပါးရွတ်ပြီး မျက်နှာသစ်တယ်။ မျက်နှာ သုတ်ပြီးတာနဲ့ ဝါးဘီး ကျိုးကလေးနဲ့ သျှောင်ဖြေချလို့ ကျလာတဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီး ပဝါပတ်၊ ပြီးပြီဆိုမှ ဘုရားစင်ရှေ့ သွားထိုင်တယ်။ ကြေးမီးခတ်နဲ့ ဆီမီးတစ်တိုင် ထွန်းတယ်။ ကြေးသောက်တော် ရေဟောင်းကို စွန့်ပြီး ရေတော် အသစ်လဲတယ်။ ကြေးဆင်းတုတော်၊ ကြေးပလ္လင်တော်၊ ကြေးတံ ကဲတော် စသည်ဖြင့် ဘုရားစင်ပေါ်မှာလည်း ကြေးပစ္စည်းတွေ ချည်းပဲ။ နဖူးစည်းမှာ ကြေးဆည်းလည်း ကိုးလုံးချိတ်လို့။

ဘုရားစင်ကနေ ကြိုးတန်းလန်း ချထားတဲ့ ကြေးစည်လတ်လတ် တစ်လုံးလည်း ရှိတယ်။ နာရီ၀က်လောက် ဘုရားရှိခိုးပြီးရင် ကြေးစည်ကို ကိုးချက် ရိုက်တော့တာပဲ။ သည်ကြေးစည် ရိုက်ချက်က အလုပ်နှစ်လုပ် ပြီးတယ်။ တစ်ခုက မေတ္တာပို့ အမျှဝေတာ၊ ကြားသူက သာဓု ခေါ်ချင်တော့လည်း ခေါ်ပေါ့။ မခေါ်ချင်တော့လည်း နေပေါ့။ နောက်အလုပ်တစ်ခုက အိမ်နောက်ဖေးတဲမှာ နေတဲ့နှမ ဒေါ်သီလကို အချက် ပေးတာပါ။

သည်အချိန်မှာ ဒေါ်သီလကလည်း ချက်ပြုတ်ခြင်း၊ ကြော်ခြင်း၊ လှော်ခြင်း အနုပညာ ကိစ္စ ပြီးနေပါပြီ။ ရေသဖန်း ပင်ပေါ်က ကြက်တွန်သံ ကြားကတည်းက မီးမွှေးတယ်။ ညက ထမင်းကြမ်းခဲကို ဆုပ်ချေ။ ဆီထည့်၊ နနွင်းမှုန့် ကလေးထည့်ကြော် မာကျွတ်ကျွတ် မဖြစ်ခင်ကလေး ချပြီး ငပိချက်ကို နွေးတယ်။ အားလုံးပြီးပြီ ဆိုတော့ ကြေးလင်ပန်းထဲ ထမင်းကြော်ထည့်၊ ကြေးဇလုံကလေးထဲ ငပိချက်ထည့်၊ ကြေးဇွန်းကြီးကြီးတစ်ချောင်း ထမင်းကြော်မှာစိုက်၊ ကြေးဇွန်းသေးသေးကလေး ငပိချက်ထဲ ထိုးပြီး သစ်သား ဗျပ်ကြီးထဲ နေရာချတယ်။

သည်အချိန်မှာ ဦးသူတော်က စားပွဲ ခုံ၀ိုင်းလေးမှာ ထိုင်နေပါပြီ။ ထမင်းကြော်ဗျပ်ကို အသာချပြီး စားပွဲခုံပေါ် တင်ပေးခဲ့ရော။ ရေနွေးတစ်ခေါက် ပြန်ယူ။ ပြီးပြီ။ ဒါမနက်ပိုင်း ကိစ္စ။ ဒေါ်သီလ လှည့်ပြန် ကာနီးတိုင်း ဦးသူတော်က နှမကို အမြဲမေးတတ်တယ်။

“သီလ ဘာထူးတုန်း”

“မထူးဘူး”

“နင်ပြောတာ မဟုတ်လို့ နေမှာပေါ့”

“ပြောတယ် မရောင်းဘူးတဲ့”

ဒါပါပဲ။ ပြီးရင် ဒေါ်သီလလည်း ဖြုတ်နှစ်ကောင် တဝဲ၀ဲနဲ့ ပြန်ရော။

(၃)

ဦးသူတော်က သူ့ပေါင်ပေါ် ကြေးကွမ်းအစ်ကြီးတင် လိုက်ရင် ဝါးပုလွေကလေး နှစ်ချောင်းပေါ် စပါးထောင်းတဲ့ တောင်းဆုံတစ်လုံး တင်လိုက်တဲ့ အတိုင်းပဲ။ ဦးသူတော့် ပေါင်လုံးသေးသေးကလေး နှစ်လုံးပေါ် အင်မတန်ကြီးတဲ့ ကွမ်းအစ်ကြီးက မဆန့်ရင် ကန်ရှိတာကိုး။ ကွမ်းအစ်ကြီးက ဘယ်လောက်တောင်ကြီးသလဲ ဆိုရင် ကွမ်းအစ်အချင်းကချည်း တော်ရုံ ယောက်ျားသန်သန် လက်နဲ့ တစ်ထွာ့လက် နှစ်လုံးလောက် ရှိမယ်။ ဇောက်(စောက်)ကလည်းနက်တော့ ကွမ်းရွက် တစ်ပိဿခွဲလောက်များ ဆန့်မလား မပြောတတ်ဘူး။ အံသုံးထပ်က အထပ်လိုက်ကလေး ပါသေးတာ။ အပေါ်ဆုံးမှာ ကြေးကွမ်းညှပ် တစ်ချောင်းနဲ့ ဖလား သေးသေးသုံးလုံး ပါတယ်။ ထုံးတစ်ခွက်၊ ရှားတစ်ခွက်၊ အခွံတစ်ခွက်၊ ဖာလာတို့ လေးညှင်းတို့လိုဟာတော့ မပါလေ့ဘူး။ ဗမာ ဆေးရွက်ကြီးတွေကတော့ တတိယအံထဲမှာ မြွေပွေး ကွက်လိုက်လို့။ ဦးသူတော်က တစ်နေ့တာရဲ့ ပထမ ဆုံးကွမ်းကို မင်္ဂလာ ယူပြီး စားလေ့ရှိတယ်။

သုံးထပ်အံကို ပူးမပြီး ကွမ်းအစ်ဇောက်ထဲ ကွမ်းတစ်ရွက်ကိုနှိုက်၊ အညှာဆိတ်၊ အညွန့်ဆိတ်၊ လေးခေါက်ခေါက်၊ ပါးစပ်ထဲထည့်။ ထုံးများများ ရှားနည်းနည်း တစ်ခါတည်း ကော်ပြီး အတော်များများ မရှိတော့တဲ့ သွားတွေထဲက မလောက်တဲ့ သွားတစ်ချောင်းရဲ့ သခြေ (သွားခြေ)မှာ ခြစ်ထားခဲ့တယ်။ ဆေးရွက်ကြီး အထပ်က ဆေးရွက်ကြီး လက်မလောက် ဆုတ်ပြီးစား။ ပါးစပ်ထဲမှာ ကွမ်းရွက်၊ ထုံး၊ရှား၊ ဆေးရွက်ကြီး လေးမျိုးစုံ ပြီဆိုတော့မှ သွားဖုံးနဲ့ လှိမ့်ကြိတ်ကြိတ်တယ်။ ဗြုတ်စပ်ဗြုတ်စပ်နဲ့ နူးလောက်ပြီ ဆိုတော့မှ ကွမ်းသီးနဲ့ ကွမ်းညှပ် ကောက်ကိုင်ရော။

ကွမ်းအစ်ပေါ် ကန့်လန့် တင်ထားတဲ့ ကွမ်းညှပ်ကချည်း လေးဆယ်သားလောက် ရှိမယ်။ ကွမ်းညှပ် အပေါ်ဘက် နဖားပွင့်နားမှာ “ဆရာဘမန္တလေး” ဆိုတဲ့ ထွင်းစာလုံး ပါတာကို လက်နဲ့ စမ်းသေးတာပါ။ ဒါကလည်း ကွမ်းစားတိုင်း လုပ်နေကျ။ပါးစပ်က တတွတ်တွတ် ပြောနေသေးတာ။ ကွမ်းသီးတစ်စိတ် ညှပ်မယ်ကြံ တိုင်း သံသွားကြေး ကွမ်းညှပ်ကြီးကို နမ်းတာလည်း ၀သီဖြစ်နေပါပြီ။

“မန္တလေးမယ် ကွမ်းညှပ်ဆရာ ဆရာဘတော့ ရှိလောက်မယ် မထင်တော့ဘူး။ အရိုးတောင် ဆွေးရော့မယ်၊ သို့သော်လည်း သူ့လက်နဲ့ ပြုခဲ့တဲ့ ကွမ်းညှပ်ကတော့ လောကထဲ အသုံးတွင်တုန်း။ လူသေသော်လည်း ကွမ်းညှပ် မသေဘူးဆိုသာ ဒါပြောသာ နေမှာပဲ။ သည်ကွမ်းအစ်ကြီးနဲ့ သည်ကွမ်းညှပ် လူလိုသာဆို ပေါင်းဖက် လာသာ ကြာလှပေါ့ဟာ အံတစ်ချက် မချော်ဖူးဘူး။ ဆရာဘဟာ ကွမ်းညှပ်ဝိဇ္ဇာပဲ”

ကွမ်းတစ်ယာ ပါးစပ်ထဲ ရောက်ပြီဆိုတာနဲ့ ကွမ်းပြင်ရည်ကို ကြေးထွေးခံထဲ ထွေးထည့်တယ်။ တစ်ခါထွေးပါ။ နောက်ထပ် မထွေးတော့ပါဘူး။ ကွမ်းဖတ်ပါးစောင် ကပ်ပြီး စိတ်ရှိတော့မှ ထုတ်ဝါးပြန်တာပါ။ ဧည့်သည်တွေ လာကြတော့မှာ ဆိုတော့ အိမ်ရှေ့ မန်ကျည်းပနီ ပင်ကြီးအောက်က ကြေးမှိုတွေ ပျစ်ပျစ်ထအောင် ရိုက်ထားတဲ့ ထန်းပက်လက် ကုလားထိုင်မှာ ထိုင်တယ်။ ကြေးကွမ်း အစ်ကြီးမတဲ့ပြီး ကွမ်းအစ် ဘေးပတ်လည် ထွင်းထားတဲ့ ဆယ့်နှစ်ရာ သီရုပ်တွေကို လက်နဲ့ စမ်းနေတော့တာပဲ။ တစ်ပတ်ပြီး တစ်ပတ်လှည့်ပြီး စမ်းနေတာကလည်း အမြဲတမ်း လုပ်နေကျ။ လှည့်စမ်း နေတာ ကိုယ်က တစ်နေ့တစ်နေ့ အပတ်ရေ နှစ်ရာလောက် ရှိလိမ့်မယ်။

ဦးသူတော် မန်ကျည်းပနီပင်အောက်ကို မနက်မနက် ရောက်လာကြတဲ့ အုပ်စုခွဲရင် သုံးအုပ်စု ရှိတယ်။ ပထမတစ်အုပ်စု သားသည် မအေတွေ။ ကလေး အရွယ်လိုက် လက်ဆွဲ လာတာမျိုး၊ ခါးထစ်ခွင် လာတာမျိုး၊ ပခုံးပေါ် ထမ်းလာတာမျိုးသာ ကွာမယ်။ ကလေးတိုင်း မရောက် မရှိဘူး။ ကိုယ့်ရွာကမှ မဟုတ်ပါဘူး။ အရွာရွာက လှည်းတစ်တန် လှေတစ်တန် လာကြတာ ရှိသလို ဖိနပ်မပါ အဆောင်းမပါ နေပူထဲ ဒယဥ့်တိုက်ဆွဲ ခေါ်လာကြတာ လည်းရှိရဲ့။ ဦးသူတော်မှာ ကြေးကို စက္ကူစလောက် အပြားခတ် ထားတဲ့ ကြေးပြားကလေးတွေ ရှိတယ်။ အင်းကွက်ကလေး သံပုံနဲ့ ရိုက်ထုပြီး အကွက် ဖော်ထားတဲ့ ဆယ်ပြားစေ့သာသာ ကြေးပြားကလေးတွေပါ။ ကြေးဖလားကြီး တစ်လုံးထဲမှာ တစ်တောင်သာသာ နနွင်းဆိုး ချည်ကြိုးတစ်ထွေး ကြီးနဲ့ရော ထည့်ထားလေတော့ သားသည်မအေတွေ လာရင် တစ်ကြိုး တစ်ပြား ကောက်ယူပြီး ကလေးလည်ပင်း ကောက်ဆွဲပေး လိုက်ရုံပဲ။ ကိုးမတ်ယူတယ်။

“ကလေး မအေရဲ့ သည်ကြေးပြားပေါ်က အင်းက ဘီလူးလည်ပြတ် အင်းခေါ်သယ်၊ တော်ရုံ ပယောဂ လွင့်ကရောပေါ့ဟယ်။ ဆေးလိပ်မန်း၊ ပန်းမန်း၊ ကွမ်းမန်း၊ ထုံးမန်း၊ ဆီမန်း မလိုတော့ဘူး မှတ်ကွယ့်။ ရှေးက ပေါက်ဆရာကြီး များစီမံခဲ့တဲ့ အင်း ကိုင်းညည်းကလေး ရှေ့တိုးစမ်း”

ကလေးမအေက ကလေးကို ဦးသူတော် ရှေ့မျက်နှာချင်း ဆိုင်ထားပေးရတယ်။ ဦးသူတော်က နနွင်း ဆိုးကြိုး တစ်ချောင်းကိုယူ၊ ကြေးပြားကလေးကို ကြိုးနဲ့ပူးပြီး မဲလိပ် လိပ်သလိုလိပ်။ ကျစ်သွားအောင် လက်ဖဝါး နှစ်ဖက်ထဲထည့် လှိမ့်၊ ပြီးရင် ပါးစပ်က တတွတ်တွတ်ရွတ်ပြီး ကလေး လည်ပင်းမှာ ကိုယ်တိုင် ဆွဲပေးလိုက်ကရော။ သည်လို ဆွဲပေးတုန်းမှာ ဦးသူတော်ရဲ့  ဘယ်တုန်းကမှမညှပ်တဲ့ လက်သည်းက ကလေးဂုတ်ကို ဆတ်ခနဲ ထောက်မိရော။ ကလေးကနာလို့ တွန့်လိုက်တာကို ကလေးမအေက မြင်တယ်။ လက်သည်းနဲ့ ထိုးမိတယ် မထင်ဘူး။

“ပယောဂကလေး ရှိသကိုးဟဲ့။ ကြေးပြား အင်းချုပ်မိသာနဲ့ ခါသွားသာ တွေ့လိုက်ကဲ့လား။ ကာကနီလေးပေါ် ဇော်ဂနီလေးတွေ တစ္ဆေမြေဘုတ် နတ်ယုတ်ဘီလူး ပူးက ခွာစေဆိုတဲ့ အင်းနဲ့တွေ့တော့ အော်ပြေးရသာကိုး ညည်း ဘယ်ရွာကတုန်း”

“ညောင်တိုက”

“ကလေး အမေတွေ ပြောလိုက်၊ ကာလနာကြီး ထိုက်တော့မကွဲ့ ဘကြီးသူတော်ဆီမှာ ကြေးဓာတ် လာကူးလှည့် ကြလို့ကြားလား။ ကြေးပစ္စည်းများ ရောင်းချင်သပ ဆိုရင်လည်း ယူသာလာခဲ့။ ဘကြီး၀ယ်သယ်”

ဦးသူတော်က တကယ်လည်း လာရောင်းသမျှ ကြေးတို ကြေးစ ကြေးထည်ကလေးတွေ ၀ယ်တယ်။ ကြေးစျေးရယ် ဘာရယ်မဟုတ်ပါဘူး။ တော်သလို ရော်သလို ၀ယ်လိုက်တာပဲ။ အပေါင်တော့ မခံဘူး။ ခနလက်လှည့်ထား ခဲ့ပါရစေ ဆိုတာလည်း မရဘူး။ ရောင်းချင်ရင် ရောင်းခဲ့။ မရောင်းချင်ရင် ပြန်သာယူသွား။ လာရောင်းသူက ကြေးနွား ခြူကုံးကလေး ဖြစ်ချင်ဖြစ်မယ်။ ကျွဲကြီးတွေမှာ ဆွဲတဲ့ ကြေးခလောက်ကြီးတွေ ဖြစ်ချင်ဖြစ်မယ်။ ညောင်ရွက် ဆည်းလည်းလို တင်တင်တောင်တောင် ကလေးတွေ ဖြစ်ချင်ဖြစ်မယ်။ ကြေးစစ်လို့ကတော့ ယူတယ်။

“ဘယ်စေတီကများ တက်ဖြုတ်လာသာလည်း ငါ့တူရာ။ မလုပ်ကောင်းဘူးကွယ့်နော်။ ဘကြီးက စေတနာနဲ့ ပြောသာ။ သို့သော်လည်း ဘကြီးဆီ အားကိုးနဲ့ လာမှတော့ လက်လွတ် မပြန်ရပါဘူး။ သို့ပေသိ မင်းဟာက နှစ်ကျပ်လောက်ရမှာပဲ ဘယ့်နှယ်တုန်း”

“နှစ်ကျပ်ကတော့ ဘကြီးရာ ကွမ်းစား ဆေးသောက် လောက်ရှိသာပါ မဟုတ်သာ”

“မင်းဆည်းလည်းများ စဥ့်ကူးမင်း ခေါင်းလောင်းတော် မှတ်နေသလာ မောင်ရ။ မယူချင်ပြန်ပါရော့ ငါတော့ ဘေးမပြောပါနဲ့”

တချို့ကလည်း ဆိုင်ထဲ ဝိုင်းထဲက ကြေးမောင်း တူရိယာလို ကြေးနောင် တူရိယာလို ကြေးတစ်လုံး မောင်းတစ်လုံးနဲ့ ရောက်လာ တတ်ကြတယ်။ ကြေးများ မောင်းများတော့ အရွယ်အစားနဲ့ အသံ ခေါက်ကြည့်လိုက်တာနဲ့ ဘယ်နှစ်ပေါက် လုံးဆိုတာ သိတယ်။

“မင်းလက်ပံခြေတိုက မောင်းဆရာ မှုတ်လား။ ကျန်သေးရဲ့ လားကွ။ အခု ဘယ်နှလုံး ပါလာသာတုန်း”

“နှစ်လုံး မရှိ၀မ်းစာကိုး ဘကြီးရ။ တီးဖြစ်မယ် မထင်တော့ ပေါင်ဗျာ။ ရောင်းရင်းက ဆယ့်လေးငလုံးလား ကျန်တော့သယ်”

“ဘယ့်နှယ့်လုပ်ပြီး ဆယ့်လေးငလုံး ကျန်မှာတုန်း မောင်ရ ငါ့ဆီမှာပဲ ငါ့စိတ်ထင် မင်းလာသာ သုံးခေါက်၊ တစ်ခေါက်က သုံးလုံး။ နှစ်ခေါက်က နှစ်လုံးစီဆိုတော့ ဘယ်လောက် ကျသွားတုန်း ခုနှစ်လုံး ရှိပြီ။ မင်းမောင်းက ဆယ့်ရှစ်လုံးမောင်း ဆိုရင် ဆယ့်တစ်လုံး ကျန်ရော့မယ်။ ငါ့ဆီရောက်သာက ဒုံးမောင်းထဲက သံမှန် လုံးခြောက်ပေါက် လုံးလေးပေါက်လုံးက တစ်ခါကိုးကွ။ ခါးမောင်း ထဲက အလယ်သံ မှန်လုံးနဲ့ ဘယ်သံငါးပေါက်တစ်လုံးကွာ။ နောက်တစ်ခေါက်က အဖျား မောင်းထဲက ညာသံမှန် တစ်လုံးနဲ့ ခုနှစ် ပေါက်တစ်လုံးဆိုတော့ မင်းဟာက သံမှန်သုံးလုံး ကုန်မှတော့ ဘာသွားတီးမှာတုန်း”

သည်တော့ မောင်းဆိုင်းသမားတောင် ငြိမ်သွားရရော။ တစ်ခါတော့ လူနှစ်ယောက် မောင်းတဒူဒူ ထုရင်း မောင်းကြီး တစ်လုံး ဝါးလုံး လျှိုထမ်း လာကြတယ်။ ဦးသူတော်တောင် ငိုက်နေရာက မျက်လုံးပြူးသွားတဲ့ အထိဆိုတော့ ဘာများဖြစ်လာ တုန်းပေါ့။ ပေါင်ပေါ်တင်ထားတဲ့ ကွမ်းအစ်တောင် မှောက်ကျသွား လေရဲ့။ လူနှစ်ယောက် အနားရောက်တော့ ဦးသူတော်က ငေါက်တယ်။

“ဘယ်နှာတုန်းကွဲ့။ မင်းတို့ဟာက ငါ့ဖမ်းဖို့များ ဘုရင့် အမိန့်တော် ပါကြရော့လား။ ကျက်သရေ မရှိလိုက်တဲ့ ကောင်တွေ မလုပ်ကောင်း လုပ်ကောင်း”

“မလုပ်ကောင်း လုပ်ကောင်းတော့ မသိဘူး။ ဘကြီးသူတော့်ဆီ သူကြီးက သူ့မောင်းကြီး ရောင်းခိုင်းလိုက်လုိ့၊ သူ့မောင်းက မင်္ဂလာမောင်း၊ တိုက်မောင်းလို့ ပြောသာပဲ”

“မင်းတို့ သူကြီးက ဘယ်စစ်တလင်းများ မောင်းတဒူဒူနဲ့ သွားတိုက်ဖူးလို့တုန်း၊ သူကြီး ဖြစ်လို့မှ ငှက်စာ မဆော်သေးဘူး။ မောင်းထုတ် ရောင်းနေပါလားကွ။ သူကြီးအိမ်မောင်း မရှိလို့ ဖြစ်ပါ့မလား”

“သည်မောင်းက လူနှစ်ယောက် ကုန်လိုတဲ့ ဘကြီးရ။ ထမ်းမောင်းရောင်းပြီး ဆွဲမောင်းပဲ ထားတော့မတဲ့”

ဦးသူတော်က ပြောသာ ပြောတာပါ။ သူကြီးတပည့် တွေလာရောင်းတဲ့ မောင်းကြီးကို လိုချင်လှပြီ။ မောင်းက ရှစ်ပိဿာမောင်းဆိုတာ ဦးသူတော်က သိတယ်။ ဒါပေမယ့် မောင်းလာ ရောင်းသူတွေကို ခြောက်ပိဿာ မောင်းလောက် ပြောထားတာပါ။

သူကြီးတပည့်တွေကလည်း မောင်းကြီး ချိန်တွယ်လာတာ မဟုတ်တော့ ဦးသူတော်က ခြောက်ပိဿာမောင်း ဆိုတော့လည်း မငြင်းပါဘူး။ သူတို့ကလည်း မောင်းလုံးသက်သက် ရောင်းမှာကိုး။ ဦးသူတော်ကလည်း ပိဿာချိန်နဲ့ ၀ယ်တာ မဟုတ်တော့ ဘယ်လောက် ပေးသလဲ ဆိုတာကိုပဲ သိချင်ကြတယ်။

ဦးသူတော်က မောင်းကို ပါလာတဲ့ ဘုနဲ့တစ်ချက် ဆတ်ဆတ်ထုကြည့်တယ်။“ဒူဟူဟူ” ရယ်လို့ ထွက်လာတဲ့ မောင်းထုသံကို နားရွက်ကလေး “ပေ”ပြီး နားထောင်တယ်။ မသေချာသေးတော့ နှစ်ချက်သုံးချက် ဆက်ထုတယ်။ ဒူဟူဟူ ဒူဟူဟူ။

“ဘကြီး စွတ်ထု မနေနဲ့ဗျ။ သူကြီးမောင်း ရောင်းသာ လူသိကုန် လိမ့်မယ်။ တစ်ချက် ထုကြည့်ရင် သိပါသယ်ဗျ။ တော်ကြာ ရွာသားတွေ လာအုံနေပါဦးမယ်”

သူကြီးအိမ်က မောင်းဆက်ထုသံ ကြားရင် ရွာသားတွေက ရောက်ရာ အရပ်က သူကြီးအိမ် အပြေး လာရတာကိုး။ သူကြီးတပည့်တွေက လူအုံလာမှာ စိုးကြလို့ တားတာပါ။ ဦးသူတော် သူကြီးတပည့်တွေ ပြောတာ နားမ၀င် ပါဘူး။ မောင်းရဲ့ အပြစ်ကို ရှာပြောရမှာ ဆိုတော့ မောင်းကို ဖင်လှန်ခေါင်း လှန်ကြည့်တယ်။ မောင်းသံ ထွက်လာတာကို နားထောင်တယ်။ နှစ်ချက်စလုံး မဟန်ဘူး။

“မင်းတို့မောင်းက ရေကျန်သကွ ရေကျန်တော့ မောင်းသံက အရှိန်မပါဘူး။ အတယ် ပမာ ပြောကြပါစို့။ ဒူဟူဟူ အူ အူ အူ ဆိုပြီး သံရှိန် ကျန်ရစ်ခဲ့ရမှာ မကျန်ဘူး ဒါတစ်ချက်”

“ရေကျန်ရအောင် ကျုပ်တို့က ရေဆေးလာသာ မဟုတ်ဘူး ဘကြီးရ။ မောင်းတန်းက တန်းဖြုတ် လာတာဗျ”

“ခက်တဲ့ကောင်တွေနှယ် အခု ရေကျန်သာ ပြောသာ မဟုတ်ဘူးကွ။ မောင်းခတ်စဉ်က မီးပူပူနဲ့ ခတ်အပြီးမှာ မောင်းကို ရေချရသယ်၊ အဲသည်တုန်းက ရေချ မနာခဲ့ဘူးလို့ ပြောသာ။ ဒုတိယ တစ်ချက်က “ထူသုံးထူ ပါးသုံးပါး” မညီဘူး မှတ်ထားကွယ့်။ ထုမောင်းများ ဘုထူရသယ်၊ တစ်ဖက်များ ထူရသယ်။ ကြဉ်၀ိုက် ထောင့်တွေ ထူရသယ်။ အပါးသုံး ပါးကျတော့ မောင်းဘုဘေးသား အကွေးစောင်းတွေ ပါးရသယ်၊ အညွှတ်ပါးရသယ်၊ တစ်ဖက် အတွင်းသား ပါးရသယ်၊ မင်းရို့မောင်းက မောင်းဆိုပေသိ ဇာတ်ထဲ ထမင်းစား မောင်းလုပ်ဖို့လောက်ကောင်းသာ”

“မဟုတ်သာ ဘကြီးရာ သည်မောင်းများ ပါပမှတ်လို့ ရာဇ၀င်နဲ့ မောင်းဗျ။ သူကြီး ပြောသာတော့ အလောင်းမင်း တရားကြီး မူးမြစ်ဆည်တုန်းက မူးမြစ်နဲ့ ရွှေဘို မဟာနန္ဒာကန်ကို ရေပေါက်ပေါက်ချင်း ရွှေလောင်းတော်နဲ့ ချီတော်မူတဲ့ အခါ သည်မောင်းကြီး တဒူဒူ တီးပြန်သာတဲ့ဗျ။ မူးပေါက်မောင်း ခေါ်သတဲ့”

“အံမာ မောင်းစုတ်များ မူးပေါက်မောင်းတဲ့ ရာရာစစ ဒီဒူးနဲ့ လက်ပန်က အင်ကညင် ဖြစ်ရရော့လား။ ဟောသည်မယ် မူးစေ့လောက် အပေါက်ပါသာ တွေ့လား မူးပေါက်မောင်း ဆိုသာ အဲသာကို ပြောသာ နေမှာပါ”

“ဒါတော့ မသိဘူး ဘကြီးရာ။ သူကြီးက အလောင်းမင်းတရားကြီး စျေးနဲ့ ဖြတ်ပေးလိုက်ပါတဲ့။ မှာလိုက်သယ်”

“အလိုဗျာ မောင်းစျေးထဲ အလောင်းမင်း တရားကြီး ပါနေ ပါရောလားကွ။ သူကြီးတော့ မိုးကြိုးများ ပစ်ပါရော့မယ်။ ဟောသည်မှာ စာတွေ့လား။ ထောင့်သုံးရာ ပြည့်နှစ် ဆရာအုန်း မန္တလေးတဲ့။ သက္ကရာဇ် ကြည့်လေကွာ။ ကုန်းဘောင်မင်းဆက် ထိပ်ဆုံးက အလောင်းမင်းတရား မဆိုနဲ့ အောက်ဆုံးက သီပေါမင်းတောင် ကံတော်ကုန်လို့ အရိုးတော် ကျလောက်နေပြီ မင်းတို့နှယ်”

ဦးသူတော်က သမိုင်းဆရာများ ကျောက်စာသံပိုင်း အကိုးအထောက်နဲ့ ဆွဲထုတ်ပြသလို လက်တွေ့ပြလိုက်တော့ သူကြီး တပည့်နှစ်ယောက်လည်း ငြိမ်သွားကြတယ်။ အလောင်းမင်းတရားကြီး စျေးတောင်းတဲ့ မောင်းဆရာ အုန်းစျေးနဲ့ ပြတ်ကရော ပြောပါတော့။ ဦးသူတော်က သူ့ရှေ့  ရောက်လာသမျှ ကြေးတိုကြေးက အစ ကြေးပစ္စည်းကြီးတွေ အထိ ရသမျှ အကုန်၀ယ်တာ ဆိုတော့ ကြေးတွေ တော်တော် စုမိနေပြီ။

အိမ်နောက်ဖေးမှာ နှမ၀မ်းကွဲ ဒေါ်သီလ သားအမိနေတဲ့ တဲကလေးဘေးမှာ ပုတ်ကြီး တစ်လုံးရှိ တယ်။ ၀ယ်ရသမျှ ကြေးပစ္စည်းတွေကို သည်ကြေးလှောင် ပုတ်ကြီးထဲ ပစ်ပစ်ထည့်တာပဲ မနည်းတော့ဘူး။ ကြေးနဲ့ ပတ်သက်ရင် ပတ်တီးချားလည် ရှိသူဆိုတော့ ရွာက ဘယ်သူမဆို ပိုက်ဆံကြေးငွေကလေးများ ပြတ်ရင် အိမ်ရှိတဲ့ ကြေးပစ္စည်းကလေး လာရောင်း တတ်ကြတယ်။ ဦးသူတော်က ကြေးနဲ့ စျေးကြည့် ၀ယ်တာပါပဲ။ အင်တင်တင် လုပ်နေရင် မင်းကြေးက ကြေးပုပ်ကွယ့် အိမ်မှာ မထားနဲ့ လုပ်တတ်တော့ ရောင်းရရော။

“အလို မင်းကြေးထည်က ကြေးပုပ်ပါလားကွယ်။ ကြေးစင်မှ အကျိုးပေးသာကွ။ ငါ့လက်ထဲ ထည့်လိုက်တော့ ငရဲမီးများလို ပူသာကော မင်းအိမ်မှာ မထားလေနဲ့မောင် လောင်မီးကြီးများ ကျကိန်းမြင်သကွယ့်။ ကံကြီးလွန်းလို့သာပါ မောင်ရာ”

ပြောခဲ့ပါပကော။ ဦးသူတော်က ကြေးကွမ်းအစ်ကြီး ပေါင်ပေါ်တင်ပြီး တစ်နေ့တစ်နေ့ လူသုံးမျိုးကို မျှော်တယ်လို့။ တစ်မျိုးက ကြေးလက်ဖွဲ့ ချုပ်၀ယ်တဲ့ ကလေးမအေတွေကို မျှော်တာ။ တစ်မျိုးက ကြေးတိုကြေးစ ရောင်းမယ့် လူတွေကို မျှော်တာ။ တစ်မျိုးက သူ့စကား နားထောင်လောက်တဲ့ ရွာခံ ဧည့်သည်တွေကို မျှော်တာ။

တစ်နေ့တစ်နေ့ မန်ကျည်း ပနီပင်ကြီး အောက်ကို ရောက်လာတဲ့ ရွာခံတွေ အားလုံးလိုလို ဦးသူတော်ရဲ့ ကြေးကွမ်းအစ်ကြီးထဲက ကွမ်းတစ်ယာတော့ စားကြတာချည်း ပါ။ တချို့က တစ်ယာနဲ့ အားမရ၊ နှစ်ယာနဲ့ အားမရ ဖြစ်လာရင် ဦးသူတော်က ငေါက်သေးတာပါ။

“မင်းကလည်း ငါ့ကွမ်းအစ်ကို မယားငယ်များ မှတ်နေရော့လား မောင်ရာ။ တနှိုက်ထဲ နှိုက်နေတော့ပါလားကွ”

“ရော် ဘကြီးနှယ် နှမြောရန်ကောဗျာ။ ကျုပ်က ကွမ်းကြိုက်လှလို့ မဟုတ်ဘူးဗျ။ ကြေးဓာတ်ရအောင် စားသာပါ။ ဘကြီး ကြေးကွမ်းအစ်ထဲက ကွမ်းကိုယ်က ကောင်းသာကော ဘကြီးရ”

သည်လို မြှောက်ပေးရင်တော့ နောက်တစ်ယာသာ သာကြည်ကြည် ကျွေးရှာပါရဲ့။

“ဆယ့်နှစ်ရာသီ ကြေးကွမ်း အစ်ကိုးကွ။ ကွမ်းအစ် ပတ်လည်မှာ ဆယ့်နှစ်ရာသီ ရုပ်တွေ ထွင်းထားသာ မင်းဘယ်မှာများ တွေ့ဖူးလို့တုန်း၊ ဆယ့်နှစ်ရာသီ နက္ခတ်များ ဖြစ်တဲ့ ဆိတ်ပါသယ်၊ နွားပါသယ်၊ ယောက်ျား၊ မိန်းမပါ သယ်၊ ပုစွန်လုံးပါသယ်၊ ခြင်္သေ့ပါသယ်၊ မိန်းမငယ်ရုပ်ပါသယ်၊ ကင်းမြီး ကောက်ပါသယ်၊ လေးပါသယ်၊ ဟောသာက မကန်း၊ ဟောသာက အိုးထမ်းယောက်ျား၊ သည်မယ်ကြည့် ငါးနှစ်ကောင် တွေ့လား”

တချို့ကတော့လည်း ကွမ်းတစ်ယာ စားပြီး ကပ်ဖိုး ကပ်ဖဲ့ လုပ်ကြတာလဲ ရှိရဲ့။ သက်တူရွယ်တူ ဘိုးသာဇလို မျိုးပေါ့။

“နေပါဦး ကိုသူတော်ရဲ့ ကျုပ်တို့ မြန်မာမင်းများရဲ့ ဂုဏ်ပုဒ်ကို ဖော်ကြတဲ့ အခါ ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာ ဘာညာ ပြောကြသာပဲ ရှိသယ်၊ ကြေးတွင်း မပါပါ့လားဗျာ။ ဘယ်နှယ့်ဗျာ ပရဆေးဆိုင်က ဒုတ္ထာပါပြီး ကြေးမပါလေတော့ ကြေးဆိုတာ ဂုဏ်ရှိ မထင်ဘူး”

သည်တော့ တစ်ယောက်က ၀င်ထောက်တယ်။

“ဟုတ်သား ဘကြီးရ။ ပတ္တမြားတွင်း ကျောက်စိမ်းတွင်းကို အစိုးရတော်မူသော ဆိုတာသာ ကြားဘူးတယ်။ ကြေးတွင်းရယ်လို့ မကြားဖူးပေါင်ဗျာ”

သည်စကားမျိုးကြားရင် ဦးသူတော် စိတ်ဆိုးတယ်။ ကွမ်းအစ်ကြီး ချပြီး ကွမ်းညှပ်ကို လက်ထဲ ဆုတ်တော့တာပါ။

“မဟုတ်သာ ပြောရော့မယ် ကိုသာဇရဲ့။ ရာဇ၀င်မယ် ဒွတ္တပေါင်မင်းကြီး နဂါးကြေးလှေ စီးသာတို့၊ အလောင်းစည်သူမင်းကြီး ဇမ္ဗူဒီပကျွန်း သွားတဲ့အခါ ကင်းကြီးကြေး ဖောင်တော်စီးသာတို့များ မကြားဘူးကြရော့လား။ ရှေးဗမာ မင်းများ နန်းတက်ရင် ပထမ ခုနှစ်ညလုံးလုံး ကြေးပြာသာဒ်မှာ အိပ်ရသာ ရှိသေးကောဗျ။ ခင်ဗျားမလဲ လူသာကြီးသယ် အသိနုံနည်း လှချည်ကော ကိုယ့်လူရဲ့”

ဘိုးသာဇက ဒွတ္တပေါင်မင်းကြီးတို့၊ အလောင်းစည်သူတို့ ပါလာတော့ ထပ်မကွန့်နိုင်တော့ဘူး။ အနား ရှိနေတဲ့ မောင်မှတ်ကတော့ လူငယ်ကိုး။ ရင်ထဲရှိတာ ပြောပြန်ရော။ မသိလို့ မေးတာပေမယ့် သူ့စကားကလည်း မခံချင်စရာ။ ဦးသူတော်က ကွမ်းညှပ်ကို လက်တစ်ဖက်က ကိုင်ရင်း မျက်လုံးစွေပြီး နားထောင်တယ်။ နာလောက်တဲ့ စကားဆို ထုတော့မှာကိုး။

“နို့ ဘကြီးနှယ် ကျုပ်တို့ ကြားဖူးသာဖြင့် ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ အင်းဝိဇ္ဇာပဲ ကြားဖူးပါသယ်။ ကြေးဝိဇ္ဇာလို့ မကြားမိသေး ဘူးဗျာနော”

“အေး ကွမ်းညှပ်ဝိဇ္ဇာများ ကျတော့ ဟောသလို ထုသကွ မှတ်ကရော”

မောင်မှတ်က လူငယ်ဆိုတော့ လက်ထဲ ကိုင်ထားတဲ့ ကြေးကွမ်းညှပ်နဲ့ ခေါင်းထုလိုက်ကရော။ မောင်မှတ်လည်း ထပ်မမေးဝံ့တော့ဘူး။ ပြောကြကြေး ဆိုရင် ဦးသူတော် ကိုယ်တိုင်က သူ့ကိုယ်သူ ကြေးဝိဇ္ဇာ ဖြစ်ချင်တာပါ။ သည်ရောဂါက မသေးဘူး။ ရှင်အဇ္ဇဂေါဏတို့ ပထမံဆရာ အောင်တို့လို ပြဒါးသေသံသေ ပုဂ္ဂိုလ် ဖြစ်ချင်လေတော့ ကြေးသေအောင် လုတ်ရပ်စခန်း လိုက်ခဲ့ဖူးတယ်။ ဖားဖိုနဲ့ မီးသွေးသာ ကုန်တယ်။ ကြေးမသေတော့ ကြေးတိုကြေးစ ၀ယ်တဲ့ဘက် ရောက်လာတာ မကြာသေးဘူး။

ပြဒါးသေတော့ တစ်ဆွေ၀သတဲ့။ သံသေတော့ တစ်ပြည်၀သတဲ့။ ကြေးသေတော့ အခြေလှ။ စေရမကွဲ့ ဆိုတဲ့ သန္နိဌာန်ကြီးနဲ့ ထွက်ရပ် ပေါက်လမ်း လိုက်ရာက အသက်သာ ရှစ်ဆယ်ကျော်လာတယ်။ လူက မဟုတ်လှသေးဘူး။ ဒါပေမယ့် လူထူရင် ဓာတ်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်းများနဲ့ တကွ ဓာတ်လေးပါး၊ သတ္တုကိုးပါး၊ ဓာတ်ပေါင်း ဆယ့်နှစ်ပါးစတဲ့ ပညာတွေထဲက နှုတ်တိုက် ရထားသမျှ ရွတ်ပြတတ်တယ်။ ရွှေဖြစ်ငွေဖြစ်တွေ ပြောပြတတ်တယ်။

“ဓာတ်ကျမ်းများမယ် တုတ်လှမ်းဆရာတော် ဓာတ်ကျမ်း၊ ပါဋလိပုတ် ဆရာကျမ်း၊ ရှမ်းကလေး ကျွန်းဆရာတော် ကျမ်းများ အာရုံရသကွဲ့။ မြေဓာတ်ငုတ်လျှင် ၀မ်းနှင့်ကျင်၊ မရွှင်ချုပ်ပိတ်ထား၊ ငှက်ပျောမှည့်မှည့် ထန်းလျက်ထည့် ၀မ်းပြည့် လုအောင်စား ဆိုသာကော မောင်ရဲ့ အာကာခိုက်မြဲ ချွေးခြောက်ခဲ လူးလဲအပူပွား။  ဆီလိမ်းချွေးအောင်း ထန်းလျက်ကောင်း၊ ထပ်လောင်းအုန်း ဆံစား ဆိုသာရှိသေး”

“စုံပါ့ကော ဘကြီးရဲ့”

“စုံသော်ကောကွယ့် ရုက္ခမူဆား ဆိုသာ ရှိသယ်။ သစ်ပင်က ချက်ယူတဲ့ ဆားခေါ်ကြပါစို့။ ကြက်မောင်းဆူးပြန် ရုက္ခမူ ဆားရှိသယ်။ မရိုးရုက္ခမူ ဆားရှိသယ်၊ နှမ်းရုက္ခမူ ဆားရှိသယ်၊ ရှားစောင်း ရုက္ခမူဆား ရှိသယ်၊ ပေါက်ရုက္ခမူ ဆားရှိသယ်၊ မန်ကျည်း ရုက္ခမူဆားရှိသယ်၊ အုန်းရုက္ခမူဆား ရှိသယ်၊ မုယော ရုက္ခမူဆားရှိသယ်၊ သိန္ဓောဆား ဗိဍဆား ဆိုသာများလည်း ရှိသယ်”

“စျေးထဲတော့ ဆားတစ်ထုပ် ငါးမတ်ပါ ဆရာကြီးရယ် ဘယ့်နှယ့်သစ်ပင်က ချက်ရမယ်လို့”

“ဟဲ့ နွားသတ္တဝါရဲ့ ငရို့ အထက် ပုဂ္ဂိုလ်များက ရိုးရိုး ဆားမမှီဝဲတော့ဘူးကွ။ တော်ရုံ အာဟာရ များတော့ ဓာတ်သတ္တုက ချက်တဲ့ ပြာကို လျက်ရုံနဲ့ အာဟာရ ကိစ္စပြီးသယ်၊ သတ္တုကိုးပါး ပြာချပြီး လျက်သာပေါ့ကွာ”

“ရွှေဖြစ် ငွေဖြစ်များကော ဆရာကြီးရဲ့”

“သွပ်သံကြေး ပြဒါးလေးပါး ရွှေဖြစ်လမ်း လိုက်ခဲ့မှတော့ကွယ် ရွှေဆိုသာ လွယ်ပါသယ် မောင်ရ။ သွပ်ကရွှေ ဖြစ်သယ်၊ သံက ရွှေဖြစ်တယ်။ ပြဒါးက ရွှေဖြစ်သယ်၊ ကြေးက ရွှေဖြစ်သယ်”

“ဒါနဲ့တောင် ကြေးတိုကြေးစ ၀ယ်နေရသေးသာလား ဘကြီးရဲ့”

“ကြေး၀ယ်သာ ရွှေဖြစ်အောင် လုပ်ဖို့ပေါ့ ငမိုက်သားရဲ့။ မင်းတို့က ရွှေဆိုသာနဲ့ အဝါရောင် သတ္တုလောက် သိကြသာကိုးကွယ့်။ ရွှေဆယ်ပါးရှိသယ်၊ လောကဟိတကျမ်း အလိုအားဖြင့် လာသာက ရွှေမျိုးကိုးပါး။ ရွှေမျိုးတစ်ဆယ့် နှစ်ပါး၊ ရွှေမျိုးတစ်ဆယ့် ငါးပါးရှိသာကိုး မောင်မှတ်ကဲ့။ ဘကြီးက ရွှေကိုးပါးဖြစ်တဲ့ သာတကုမ္ဘရွှေ၊ နိတုံရွှေ၊ ဇမ္ဗူရာဇ်ရွှေ၊ ကာလီရွှေ၊ မဂ္ဂဋရွှေ၊ မာရိတရွှေ၊ ဒသဝိဒ္ဓရွှေ၊ ယုတ္တယရွှေနဲ့ အောတ္တဝိပန္နာ ရွှေများဖြစ်အောင် ပြုနိုင်သယ်၊ သည်ရွှေကိုးပါးကို ရာဂီငါးပါးဖြစ်တဲ့ ပြဒါး၊ ကြေး၊ သံ၊ သွတ်၊ ဂျွတ်၊များနဲ့ အသွင်ပြောင်းနိုင်သာကော မောင်ရဲ့”

“ဘကြီး ဒါကြောင့် ကြေးတွေ စုသာကိုး။ ဘကြီးသေရင် အရှင်ထွက်မယ့် သဘောလား”

“လူတကာ မသိစေနဲ့ကွယ့်။ ဒါမျိုးက မပြောကောင်းဘူး။ ရဟန္တာပုဂ္ဂိုလ်များ သူတို့ ကိုယ်သူတို့ ရဟန္တာရယ်လို့ ဘယ်တော့မှ မပြောသလိုဘဲ ဘကြီးတို့ ဝိဇ္ဇာများကလည်း မိမိကိုယ်မိမိ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ရယ်လို့ မပြောအပ်ဘူး။သို့သော်လည်း မင်းသိအောင် ပြောရရင် ဟိုးဟိမ၀န္တာ တောင်တန်းရဲ့ တစ်ခုသောတောင်ခရိုး တစ်ခုမှာ အင်နန် ရှားပါးတဲ့ ကုသဋ္ဌဆိုတဲ့ အပင်ငယ်ကလေးတွေ ပေါက်ကြသယ်။

သည်အရွက်ရဲ့ ထူးခြားတဲ့ အာနိသင်က ဘာလဲဆို တော့ အရွက်က စိမ့်ယိုတဲ့ ရွှေရည်တွေဟာ မြေပေါ်ကို တပေါက်ပေါက် ကျနေသာပဲကွယ့်။ သည်ရွှေရည်ကို နာပြာ ပြဒါးပြာနဲ့ ရောရသယ်၊ သည်ရောနှော ပစ္စည်းနဲ့ ကြေးသတ္တု ထိတွေ့ရင် ကြေးက ရွှေဖြစ်သယ်။ “သံခဒရ၀က”ကို ပြဒါးနဲ့ မံပြီး စဥ့်သုတ်အိုးထဲထည့်၊ မီးတိုက်၊ ပြဒါးသေသယ် သတ္တုရှစ်မျိုး ရွှေဖြစ် စေတဲ့ အာနိသင် ရပြီပေါ့ကွယ်။ သည်ပြဒါးများ မှီဝဲရင် မသေတော့ဘူး။ ကုန်ကုန် ပြောမယ်ကွာ သည်ပြဒါးစားပြီး ကြေးပြားပေါ် သေးပေါက်သာတောင် ကြေးက ရွှေဖြစ်သယ် ယုံတော့”

“ဘကြီးက ဟိမ၀န္တာ တောင်ပေါ် ရောက်ဖူးလို့လား။ ကျုပ်တစ်သက် ဘကြီးရွာမှာ တွေ့သာပဲ”

“ဟယ်လူမိုက် ဆယ့်လေးနှစ်သားမှာ ပညာ ကုန်ခဲ့ပြီကောကွယ်။ လုံတဟူးဟူး ဖားဖိုတရှဲရှဲ ပြာတပေပေ မီးသွေး တမည်းမည်း ပုဂ္ဂိုလ်များ မှတ်ရောလား။ ဟိ၀မန္တာကို ကိုးခေါက် ရောက်ခဲ့ပြီ”

မောင်မှတ်က ဘကြီးသူတော် ဟိမ၀န္တာ တောင်ပေါ်လို့ ခေါက်ရောက်တယ် ဆိုတာမယုံပေမယ့် စောဒက မတက်ရဲဘူး။ ကွမ်းညှပ်နဲ့ ခေါင်းထုမှာ စိုးရသေးတာကိုး။ ဦးသူတော်ကလည်း အပါး။ မောင်မှတ်ကို ဒါတွေ ပြောလိုက်ရင် သည်စကားတွေ ရွာထဲ ရောက်မယ်ဆိုတာ သိတယ်။ လူဆိုတာ မပြောလေနဲ့လို့ ပိတ်ရင် ထီးဆောင်း ပြောချင်ကြတာ မဟုတ်လား။ ဒါကြောင့် တစ်လုံးသွင်း နှစ်လုံး သွင်းသွင်းနေကျ။

“ဘကြီးများ ခန္ဓာ၀န်ချသယ် ကြားရင် မအေသေသာတောင် အလောင်းဖျာနဲ့ အုပ်ခဲ့ကွယ်။ဘကြီးက မအိုမနာ မသေတဲ့ အသင်္ခတ ဓာတ်ကို ကူးပြောင်းတဲ့ အခါ ကျန်ရစ်တဲ့ နာမ်ဓာတ်ကြီးဟာ ခုနစ်ရက်လည်ရင် ရွှေတုံးရွှေခဲ အဖြစ် ကျန်ရစ်လိမ့်မယ်။ အဲသဟာ တို့ရွာအတွက် ဘကြီးထားခဲ့မယ့် အမွေပဲ”

“ဘကြီးကိုယ်လုံးဆို ပိဿာ ဘယ်လောက်လောက် ရှိမလဲ”

“ငါးဆယ့် သုံးပိဿာ သုံးကျပ်သားနှစ်ရွေး ရှိတယ်”

“ဘကြီးသူတော် ၀ယ်၀ယ်စုနေတဲ့ ကြေးတွေကကော”

“တို့ရွာမှာ ရွှေစင်ဖြတ်စ အတုံးအခဲတွေ အဖြစ် ကျန်ရစ်ခဲ့ လိမ့်မယ်”

“ကျုပ်တို့ ချမ်းသာပြီပေါ့ ဟုတ်ဟုတ်သေးတော့”

သည်စကားတွေကို ဦးသူတော် မန်ကျည်းပနီပင်ကြီး အောက် ရောက်နေကြတွေရော၊ တစ်ကြောင်းကြောင်းကြောင့် ရောက်လာကြသူတွေရော မကြားချင်လို့ မရဘူး။ တစ်နေ့တစ်နေ့ ကြေးတို ကြေးစ၀ယ်ရင်း ကြေးလိပ်ပြာချုပ် ရောင်းရင်း ကြေးသေအောင် ဘယ်လို စီမံနေတယ် ဆိုတာတွေ ပြောရင်း နေကုန်ရ တာဆိုတော့ တစ်လုံးကြား နှစ်လုံးကြားနဲ့ ကနေ့ မနက်ဖြန်ပဲ ထွက်ရပ် ပေါက်တော့မလိုလို၊ ငုတ်တုတ်ကြီး ထိုင်လျက်က ပျောက်တော့ မလိုလိုကိုး။ တို့ရွာက ဘိုးသူတော် အရှင်ထွက် ထွက်တော့မယ်တဲ့။ ဘိုးသူတော် ခန္ဓာ၀န်ချရင် ရွှေစင်ရွှေတုံးတွေ ခပ်လို့ မကုန်အောင် ကျန်ခဲ့လိမ့်မတဲ့။ ဘိုးသူတော်က ကြေးပြားပေါ် သေးပေါက်ရင် ကြေးပြားက ရွှေပြားဖြစ်သတဲ့ ဆိုတာမျိုးနဲ့ ရွာ့ဂုဏ်ခံချင်သူတွေ ရှိသလို မယုံကြသူတွေလည်း ရှိတယ်။

“သူတကာ့ ကြေးတိုကြေးစ အလကားနီးပါး စျေးနှိမ်၀ယ်နေတဲ့ အဘိုးကြီးက ကြေးဝိဇ္ဇာ ဖြစ်ပါ့မလားဟ။ မြို့မှာလို ကြေး၀ယ် တယ်၊ ဒန်၀ယ်တယ်ဆိုတဲ့ ကုလားဖြစ်ဖို့ ရှိမှာပေါ့”

အမျိုးမျိုးပါပဲ။ တစ်အိမ်ထဲမှာတောင် နှစ်ခြမ်း ကွဲနေ ကြတာလည်း ရှိတယ်။ မယားက ဦးသူတော်ကို အဘဘိုး မင်းခေါင်လောက် အမှု မကြီးကြီးအောင် ဆွဲတင် နေတာမျိုး ရှိသလို လက်ဖွဲ့ချုပ် လိမ်ရောင်းတဲ့ မျက်လှည့်ဆရာလောက် ဆွဲချသူတွေလည်း ရှိတယ်။ အသက်ရှစ်ဆယ်ကျော်၊ သျှောင် တစောင်းချောင်ဖတ်ပုဝါ ပေါင်းလည်ကတုံး ရင်ပတ် ဟောင်းလောင်းနဲ့ ဦးသူတော်ခမျာလည်း ရွာမှာတင် ကျီးဖြစ်လိုက် ကြက်ဖြစ်လိုက်ပေါ့လေ။ ယုံချင်ယုံလေ။ မယုံချင် တော့လည်း နေကြလေ။ ဦးသူတော်က သူ့အိမ်၀ စာတောင် ရေးထားသေး။ သံသေတစ်ပြည်၀၊ ပြဒါးသေတစ်ဆွေ၀၊ ကြေးသေသဂွေ၀တဲ့။ ရွာနာမည်က သဂွေကိုး။

(၅)

ဘွားဇီးကွက်က သူ့လည်ပင်းမှာ စွပ်ထားတဲ့ သော့ကြိုးကို ဖြုတ်တယ်။ သော့ကြိုးဆိုတာ သော့တစ်ချောင်း ချည်ထားတဲ့ ဂုံနီကြိုးပါ။ သော့တံကလေးကို ဂုံနီကြိုး နဲ့ ချည်ပြီး လည်ပင်းစွပ်ထားတာများ အိပ်ရင်တောင် မဖြုတ်ဘူး။ သူတကာ မယုံတာထက် သူ့သားပေတုံးကို မယုံတာ။ ပေတုံးက သည်သော့တံ ဘယ်နား မေ့ထားခဲ့မလဲ၊ ဘယ်နား ချွတ်ထားခဲ့မလဲ ချောင်းနေတာ ဆိုတော့ စိတ်ပဲ မချနိုင်ဘူး။ ဘွားဇီးကွက်က ပေတုံး ရွာရိုးကိုးပေါက် ထွက်ပြီ သေချာတော့မှ လည်ပင်းက သော့ကြိုးဖြုတ်ပြီး ဘီရိုမှာ ခတ်ထားတဲ့ သော့ခလောက်ကို ဖွင့်တယ်။ ဘီဒိုက သစ်သားဘီရို ခပ်သေးသေးပါ။ တစ်အိမ်လုံးမှာ အကောင်းဆုံး ဆိုတဲ့ ပရိဘောဂဆိုရင်လည်း ဟုတ်ရဲ့။ ဘီရို တံခါးနှစ်ချပ် လှပ်လိုက်တော့အထဲမှာ ကြေးချိုင့်ကြီးတစ်လုံး ပြူးပြူးကြီး ပေါ်လာရော။ ဘွားဇီးကွက်က ကြေးချိုင့်ကြီးကို ကိုင်းက မပြီး အိမ်ရှေ့ ကပြင်ယူလာတယ်။ အနားရှိတဲ့ အ၀တ်စုတ်နဲ့ ပွတ်တိုက်ပြီး မက်ရေစမ်းရေ ကြည့်တယ်။ ဒါပါပဲ။ ပြီးရင် ဘီရိုထဲ ပြန်ထည့်၊ သော့ခလောက် ကြီးနဲ့ခတ်၊ သော့တံကြိုး လည်ပင်းပြန်ဆွဲ။ ဒါပဲ။

ကြေးချိုင့်ကြီးက သည်ခေတ်ပစ္စည်း မဟုတ်ဘူး။ ဘကြီးတော် စစ်ကိုင်းမင်း လက်ထက်က ပစ္စည်း။ ကြေးချိုင့် ကြီးက မူလက ကြေးဝါလား ကြေးနီလား မပြောနိုင်ပေမယ့် ဘွားဇီးကွက် လက်ထဲရောက်တော့ ကြေးမည်း ဖြစ်နေပါပြီ။ ကြေးညှိတွေ တက်ရာက မတိုက်မချွတ်တာ ကြာတော့ ညစ်ချင်တိုင်း ညစ်နေပြီ။ ချိုင့်က အများမြင်ဘူး နေကျ သုံးဆင့်ချိုင့်ရယ်၊ လေးဆင့်ချိုင့်ရယ်၊ ငါးဆင့်ချိုင့်ရယ် ဆိုတာမျိုးလည်း မဟုတ်ဘူး။ ကိုးဆင့်ချိုင့်ကြီး။ ချိုင့်ကို ချလိုက်ရင် ဘွားဇီးကွက် ခါးလောက်မြင့်တယ်။ ချိုင့်တစ်ဆင့်စီက ရွယ်တူ။ ချိုင့်ကိုင်းကြီးကလည်း ကြေးသားထူထူကြီးနဲ့။ အပေါ် လက်ကိုင်ကတော့ ကြေးမဟုတ်တဲ့ အသားတစ်မျိုးနဲ့ လုပ်ထားတာပါ။ ဘွားဇီးကွက် အဖေရှိတုန်းကတော့ အင်္ဂလိပ် ကျွဲကော်သားလို့ ပြောတာ မှတ်မိတယ်။ ချိုင့်တစ်ဆင့်စီမှာ သံစူးနဲ့ အစက်ကလေးတွေ ပေါ်အောင်ရိုက်ပြီး စာလုံးဖော်ထားတာတွေ လည်းပါတယ်။ ဘွားဇီးကွက် ငယ်ငယ်ကတော့ အဖေက မန်ကျည်းမှည့်နဲ့ ဖွဲပြာနယ်ပြီး ပွတ်လေ့ ရှိတာကိုး။ ကြေးချိုင့်ပေါ်က စာတွေ မြင်ရလေ့ ရှိတယ်။ ကိုးဆင့်စလုံးမှာ စာတွေ ပါပေမယ့် အကုန်လုံးတော့ မမှတ်မိတော့ပါဘူး။ အပေါ်ဆုံး ချိုင့်ဆင့်မှာ ရေးထား တာကိုတော့ ဘွားဇီးကွက် အသက် ရှစ်ဆယ်ကျော်သည် အရွယ်အထိ မှတ်မိတယ်ပြောပါတော့။ အင်္ဂလိပ်လိုလည်း ပါသေးတာပါ။

“ရေရှီဒင် မယ်စယ်ဟင်နရီဘော်ရနီ (Major Henry Burney)
ရန္တပိုစာချုပ် အရ အဝနေပြည်နေ ဗြိတိသျှ အိန္ဒိယအစိုးရ
အမြဲတမ်း ဌာနေသံ ကိုယ်စားလှယ်တော်
April 30, 1830

အင်္ဂလိပ်လို ဘာတွေ ရေးထားတာလည်း ဆိုတာတော့ ဘွားဇီးကွက် မဖတ်တတ်ဘူး။ ဘွားဇီးကွက် အဖေ သဂွေ၀ သူကြီးဦးကြုံတိုင်းလည်း မဖတ်တတ်ခဲ့ဘူး။ အခုလက်ရှိ ဘွားဇီးကွက်ရဲ့ သားပေတုံးကတော့ ဝေးရော။ ဘွားဇီးကွက် အိမ်သား ကိုမာဒင် ရှိတုန်းက ကျောင်းဆရာ ခေါ်ဖတ်ခိုင်းလို့ နာမည်နဲ့ ရက်စွဲ ရေးထား တာဆိုတာတော့ သိတယ်။ အပေါ်ဆုံး ချိုင့်ဆင့်အောက်က ရှစ်ဆင့် စလုံးမှာလည်း သည်လိုပဲ သံစူးနဲ့ ရိုက်ပြီးစာလုံး ပေါ်အောင် အစက် ကလေး ချရေးထားတာတွေ၏ ပါတယ်။ ကိုမာဒင်လည်း ကိုးဆင့်ပြည့် အောင်တောင် မဖတ်နိုင်ရှာပါဘူး။ “ချိုင့်အဘိုးတန်ဟ မပျောက်ပျက်စေနဲ့” လောက်မှာခဲ့ပြီး လေးငါးနှစ်နေတော့ သေတာပါပဲ။

သည်ကြေးချိုင့်ကြီးကို သတင်းကြားနဲ့ လာ၀ယ်ကြတဲ့ လူတွေ ဘယ်နည်းမှာတုန်း။ ချမ်းသာသူတွေလည်း လာတယ်။ မြို့ပိုင်မြို့အုပ်လို ရာထူးအာဏာ ရှိသူတွေကလည်း သူကြီးနဲ့ ပေါင်းပြီး ၀ယ်ချင်တာ လိုလို၊ အလကားလိုချင်တာလိုလို၊ မတရားသိမ်းတာ လိုလို လာလုပ်ကြသေးတာ။ ဘွားဇီးကွက်ကလည်း သည်ချိုင့်ကြီး ဘာစွမ်းမှန်း သာမသိတာ။ သွားကြလေသူ ဖအေနဲ့ လင်က သူများလက် မရောက်စေနဲ့၊၊ မပျောက်ပျက်စေနဲ့ ဆိုခဲ့ကြလေတော့ တောင်း တော့လည်း မပေးဘူး။ ၀ယ်တော့လည်း မရောင်းဘူး။ သည်ကြေး ချိုင့်ကြီးကို လိုချင်ကြ သူတွေထဲမှာ သည်းကြီးမည်းကြီး အနိုင်ဆုံးက တစ်ရွာတည်း နေတဲ့ ဦးသူတော်ပေါ့။ ဦးသူတော် ကိုယ်တိုင်က မလာတဲ့ပေမယ့် သူ့နှမ၀မ်းကွဲ ဒေါ်သီလ ရောက်ရောက်လာတာပဲ လေးငါး ဆယ်ခေါက် ရှိရောပေါ့။ ဘွားဇီးကွက်က ငေါက်လွှတ် တာချည်းပဲ။

“သူတော်လည်း မရောင်းဘူး။ သီလလည်း မရောင်းဘူး။ ညည်း ငါပြောသာ အာပေါက်နေပြီ။ မရောင်းပါဘူး ဆိုသာ တော်ကြာရင်း လာမေးရင်း သည်တစ်ခါလာရင် ညည်းပါ သော့ခတ် ပစ်လိုက်မယ် သွားတော့”

ဒေါ်သီလကလည်း အမှတ် မရှိဘူး။ သူ့ဟာသူများတော့ ခေါင်းထဲပေါ်ရင်တောင် လာတာ မဟုတ်ပါဘူး။ အစ်ကိုဖြစ်သူ ကိုသူတော်က လွှတ်ရင်တော့ မလာလို့ မရဘူး။ စကား ပြန်ရမှာကိုး။ သည်တော့ ဘွားဇီးကွက် ငေါက်တော့လည်း ငေါက်ပေါ့။ ဖြုတ်နှစ်ကောင် မျက်စိရှေ့ တဝဲ၀ဲနဲ့ ရောက်ရောက် လာရတယ်။

“မမဇီးကွက်ရယ် ကျုပ်ကလည်း သူ့အိမ်ကပ် နေရတော့ မသီလ သွားမေးချေ ဆိုတိုင်း လာရသာပါတော်။ ကျုပ်ဟာကျုပ်များတော့ ကြေးချိုင့်မကလို့ ဒန်ချိုင့်ဖြစ်ဖြစ် မလာသေးဘူးရယ်။ မမဇီးကွက်ကလည်း ရောင်းနိုင်ရင် ရောင်းလိုက်ပါ။ နေပါဦး တော့်ချိုင့်က ဘာစွမ်းသာတုန်း၊ မသိလို့ မေးစမ်းပါရစီ”

ဒေါ်သီလက မေးတော့လည်း ဘွားဇီးကွက်က မဖြေတတ်ဘူး ဘာစွမ်းမှာလည်း မသိဘူး။ ဘာကောင်းမှန်းလည်း မသိဘူး။ လူ့ခါးလောက်ရှိတဲ့ ကိုးဆင့်ချိုင့်ကြီး သိမ်းရသာတောင် ပိုသေး။ သော့ခတ်ရသာတောင် အလုပ်ရှုတ်သေး။ မသေခင် သည်ချိုင့်ကြီး ရောင်းစားမယ် ဆိုလည်း ဖြစ်ရဲ့။ လှူမယ်ဆိုလည်း ဖြစ်ရဲ့။

“ဘိုးမွေ ဘွားမေပါအေ။ ငါ့လည်းသည် ချိုင့်တစ်လုံး ကောင်းကောင်း ကျန်သာပါ။ ချိုင့်ကြီး ငုတ်တုတ်နဲ့ ငတ်နေရသာပါ။ နို့ပေသိ ဖအေကရော၊ လင်ကရော မရောင်းနဲ့ မှာခဲ့သာကောအေ့”

ဖအေနဲ့ လင်က မရောင်းနဲ့ ဆိုလို့ မရောင်းတဲ့ ဘွားဇီးကွက်နဲ့ သွားမေးစမ်းဆိုလို့ လာလာမေးတဲ့ ဒေါ်သီလရဲ့ ဆက်ဆံရေးက အဲသလောက်ပါ။ ဘွားဇီးကွက်က ငြင်း လိုက်တိုင်း ဒေါ်သီလက ဖြုတ်နှစ်ကောင်နဲ့ ပြန်လာနေကျ။ အိမ်မှာ ကြေးတိုကြေးစတွေ ပုတ်ကြီးနဲ့ တစ်လုံး ရှိနေတာတောင် သည်ကြေးချိုင့်ကြီးကို သည်းကြီးမည်းကြီး ရှိရပါ့ မလားရယ်လို့ ဒေါ်သီလ ကိုယ်တိုင်က ဦးသူတော်ကို နားမလည်နိုင်ဘူး။ ဒေါ်သီလ ပြန်လာရင် ဦးသူတော်က မန်ကျည်း ပနီပင်အောက်က ဆီးမေးနေကျ။

“အဆင်ပြေကဲ့လား မသီလ”

“မပြေပါဘူးအစ်ကိုရယ်၊ ဘိုးမွေ ဘွားမွေမို့ ပြောသာပဲ”

“နင့်မလဲ အဆင်ပြေခဲ့ရသယ် မရှိဘူး”

တစ်ရက်တော့ ဦးသူတော်က ဒေါ်သီလသား ပုတ်စည်မူးမူးနဲ့ ၀င်လာတာ တွေ့တော့ တူတော်မောင်ကို လှမ်းခေါ်တယ်။ ပုတ်စည်က ကွမ်းတွေ ပါးစောင်ပါးပဲ့က စီးကျလို့။ မျက်လုံးစိုက်ကြီးနဲ့။ ဘကြီးကခေါ်တယ် ဆိုတော့ မူးသာ မူးတာပါ။ လက်အုပ်ကလေး ချီပြီး အနားလာထိုင်တယ်။ အနားချထားတဲ့ ဆယ့်နှစ်ရာသီ ကွမ်းအစ်ကြီး ဆွဲတဲ့ပြီး ကွမ်းတစ်ယာ ယာစားတယ်။ ဦးသူတော်က မကြိုက်လှပေမယ့် ခိုင်းစရာရှိတော့ လေပျော့နဲ့ ချော့တယ်။

“သည်လိုကွယ့်။ ဘကြီးမှာ ကြေးနဲ့ ပတ်သက်လို့ အရာရာ ပြည့်စုံသော်လည်း ရွာထဲက မဇီးကွက် ကြေးချိုင့်ကြီးကို မရနိုင်ဘူး ဖြစ်နေသယ်၊ မင့်အမေ မသီလလည်း အတန်တန် ကြိုးစားပါရဲ့။ ကိုးဆင့်ချိုင့်ကြီး မရောင်းဘူးလို့ချည်း ငြင်းနေသာ ငါ့မယ် ရပဲ မရနိုင်ဘူး။ ငါ့တူက မဇီးကွက် သားပေတုံးနဲ့ ခင်သကောကွယ့်။ မင်းတို့ လူငယ်ချင်းများ ပြောရင် ရများရမလားလို့ ဘကြီးတွေးသယ်”

“လိုရင်းပြောစမ်းပါဗျာ။ ဘာဖြစ်ချင်သာတုံး”

“ကွမ်းညှပ်နဲ့ ခေါင်းထုလိုက်ပြန်ရော။ ဘာဖြစ်ချင်ရမှာ တုန်းကွ ကြေးချိုင့်ကြီး လိုချင်သာ”

“ကြေးချိုင့်က ဘာလုပ်ဖို့တုန်း ဘကြီးရ။ သည်ခေတ် ကြွေရည်သုတ်ချိုင့်တွေ အပုံဟာကို”

“ခက်တဲ့ကောင်ပဲ အဲသည် ကိုးဆင့်ချိုင့်ကြီးမှာ ရှေးက ရာဇ၀င်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘွဲ့မည်ရည်တွေ ဂုဏ်ထူးတွေ၊ အသနားတော် မြတ်ခံရတဲ့ အဆောင်အရွက်တွေက အစ ပါသာကွယ့်။ ချိုင့်အဆင့် ရှစ်ဆင့်မှာ နာမည်တွေ၊ ဘွဲ့တွေပါပြီး နံပါတ် ကိုးဆင့်မှာ ဗလာဖြစ်နေသာ ဘကြီးသိသယ်၊ အဲသည့် အဆင့်မှာ ဘကြီး ဂုဏ်ပုဒ်နဲ့ နာမည်ထိုး ချင်သယ်၊ ဘကြီး ကံကုန်ရင်တောင် ငါ့တူမယ် ဂုဏ်ရှိသာပေါ့။ တိုင်းဂုဏ် ပြည်ဂုဏ် ဆွေဂုဏ် မျိုးဂုဏ် မှတ်တမ်းပြုပြီး သားလည်းဖြစ်ကရော”

“ဘကြီးရယ် အပေါ် ရှစ်ဆင့်က ပုဂ္ဂိုလ်တွေက ကျုပ်တို့နဲ့မှ မဆိုင်ဘဲနဲ့ဟာဗျာ။ သူများ နာမည်တွေ ကြားထဲ ဘကြီးနာမည် ထိုးသာနဲ့ ကျုပ်တို့ ဆွေဂုဏ်မျိုးဂုဏ် ဖြစ်ကရော့လား”

သည်တစ်ခါတော့ ပုတ်စည်ခေါင်းကို ကွမ်းညှပ်နဲ့ ထုလိုက်သယ်။ မူးနေတဲ့ ပုတ်စည်တောင် အမူး ပျောက်သွားလေရဲ့။ သူ ပြောတာ ဘာများ မှားပါလိမ့်ဆိုတဲ့ မျက်နှာနဲ့ မော့ကြည့်တယ်။

“မင့်ဆွေ မင့်အမျိုး မဟုတ်ပါဘူးလို့ ဘယ်ပုလိပ်က မင်းရိုက် စစ်နေမှာတုန်း။ ရွှေငွေကြေးသံဂျွတ် ပဉ္စလောဟာဝိဇ္ဇာ၊ ထွက်ရပ် ပေါက် အဘဘိုးသူတော် စသည်ဖြင့် ကမ္ပမည်း ထိုးတော့ မင်းပါဂုဏ် မကြီးဘူးလား။ ငါ့တူလုပ်ပြီး ညံ့ရော့သလား”

သည်စကားကြားတော့ ပုတ်စည်မျက်လုံးတွေ ၀င်းလက် သွားတယ်။ ဟုတ်ပေသားပဲ။ ဘွားဇီးကွက်က မရောင်းချင်တာ ထားပါဦး။ သူ့သားပေတုံးက ခိုးရောင်းနိုင်တာပဲ။ ပုတ်စည်က ရွာရိုး ကိုးပေါက်သမား ဖြစ်သလို ပေတုံးကလည်း ကုန်းကျင်းကုန်း ကျောင်းသမားပဲ။ ကြက်ဝိုင်း အတူတူ၊ ကက်ဝိုင်း အတူတူ၊ ထန်းရေဝိုင်း အတူတူပဲဟာ။ တစ်ယောက်ပခုံး တစ်ယောက်ဖက်နေ ကျသူချင်းပဲဟာ။ ပေထုံးမင့်အမေ ကြေးချိုင့်ကြီး ငါလိုချင်တယ် ဆိုရင် ရရမှာပေါ့။ ဘကြီးသူတော် အသည်းအသန် လိုချင်မှတော့ ပေတုံးနဲ့ ပေါင်းပြီးရအောင် ယူနိုင်ရမှာပေါ့။

“ကျုပ်သဘောပေါက်ပြီ၊ စိတ်ချသာ နေတော့။ ဘကြီး လိုချင်တဲ့ ကိုးဆင့်ကြေးချိုင့်ကြီးရပြီ အောက်မေ့တော့”

ပုတ်စည်ထသွားတော့ ဦးသူတော်က လှမ်းခေါ်ပြီး တူတော် မောင်ကို ငွေနှစ်ရာ လက်ထဲ ထည့်ပေးလိုက်တယ်။ ဘကြီးပေးတဲ့ ငွေနှစ်ရာက ကြေးချိုင့်ကြီး ၀ယ်ရတာထက် ခက်သေးတာကိုး။ ပုတ်စည်တောင် အံ့သြလို့။

(၆)

ဘကြီးသူတော် လိုချင်တဲ့ ကြေးချိုင့်ကြီး တကယ်လည်း အိမ်ပေါ် ရောက်လာတာပါပဲ။ ကြေးချိုင့်ကြီး ကြည့်ပြီး ပုတ်စည်တောင် အံ့သြမိတယ်။ အဆင့် ကိုးဆင့်ချိုင့်ကြီး။ ရရချင်းပဲ မန်ကျည်း သီးမှည့် လက်တစ်ဆုပ် ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကိုးဆင့် စလုံးကို တိုက်ချွတ်ကြည့်တယ်။ ဟုတ်သား။ ကိုးဆင့်မှာ ရှစ်ဆင့်က စာလုံးတွေ ထွင်းထားလိုက်တာ။ အောက်ဆုံး တစ်ဆင့်သာ စာမပါတာလည်း အမှန်ပဲ။ ပုတ်စည်က တစ်ဆင့်ချင်း ဖတ်ကြည့်တယ်။ ထိပ်ဆုံးက “မယ် မယ်ဟင်နရီ ဘော်ရနီ”တဲ့။ ဗြိတိသျှ အိန္ဒိယအစိုးရ အမြဲတမ်း သံကိုယ်စားလှယ်တဲ့။ ဒုတိယအကြောင်းက အင်္ဂလိပ်အရေးပိုင် ဆာပါရဗွီ ဖွေရာ၊ ဗြိတိသျှ မြန်မာပြည်၏ ရခိုင်၊ တနင်္သာရီ၊ ပဲခူး နယ်ပထမဆုံးသော မဟာ၀န်ရှင်တော် မင်းကြီးတဲ့။ တတိယ အဆင့်စာကြောင်းမှာတော့ ဆေးဆရာ ဘာဘေရီ၊ အီတာလျံ ကောင်စစ်၀န်ချုပ် အန္ဒရီနော၏ ဒုတိယကောင် စစ်၀န်ချုပ်။ မြန်မာမင်း၏ ရွှေနန်းတွင်းဆေးဆရာတဲ့။ ပုတ်စည်က အောက်ကို ချိုင့်တစ်ဆင့်ချင်း ဆက်ဖတ်တယ်။

- ဒေါက်တာမာဖီ၊ မင်းကျော် သိဒ္စိဘိသက္က ပညာဘွဲ့ခံ ဇာမနီလူမျိုး ဆေးဆရာကြီး။

မင်းတုန်းမင်းတရားကြီးလက်ထက်တော် သစ်တော ၀န်။

- မိုင်းခိုင်းမြို့စား မင်းကြီးမဟာသီရိ ဇေယျသူ
ခင်မမင်း၀န်၊ ပိဋကတ်တော်အုပ်မင်းဦးယမ်၏သား တပည့် ပညာရှိ မောင်မောင်ဘ

- ရှေ့တော်၀င်းမှူး၊ သူရဲ၀န်၊ ကိုးခရိုင်၀န် မင်းကြီး ဦးရွှေလုံး၏ လက်ရုံးမြင်းခေါင်းကြီး မောင်ကြက်တော်

- မြင်းခြံနယ် မြို့သူကြီးနေမျိုး သိဒ္စိဗလ ဦးကြွက်နီ၊
သူကြီးကတော် မယ်ဖောင်၊ သား မောင်စိုးမောင်။

- နှစ်လုံးပြူးရ ဆယ့်နှစ်ရွာအုပ်မင်း ဦးခလောက် သား သဂွေ၀ သူကြီး ဦးကြုံတိုင်း
သူကြီးကတော် မမယ်တင့်။

ပုတ်စည်က ကြေးချိုင့်ပေါ် ထွင်းထားတဲ့ စာတွေကို ဖတ်ရင်း ခေါင်းမူး လာတာနဲ့ သွေးဆေး ကွမ်းသီးလုံးလောက် လက်ဖဝါးထဲ ထည့်ပြီး ပါးစပ်ထဲ ပက်ထည့်လိုက် တယ်။ ရေတစ်ခွက်၀၀ကြီး သောက်လိုက်မှ ဦးနှောက် ထဲကလေတွေ နှာခေါင်းထဲက ထွက်ကုန်တယ်။ သည်နာမည်တွေက ဘာတွေတုန်း။ တစ်ယောက်ကို တစ်ယောက်လက်ဆောင် သဘောပေး ပေးသွားတာလား။ တနည်းနည်းနဲ့ ကိုယ့်လက်ထဲ ရောက်လာလို့ ကိုယ့်နာမည် ကိုယ်ဟိတ်ကြီးဟန်ကြီး ထိုးကြတာလား။ ဒါကိုတော့ ပုတ်စည်လည်း ဥာဏ်မမီဘူး။ ချိုင့်အဆင့် ရှစ်ဆင့်မှာ နာမည်တွေ ဂုဏ်ထူး ဝိသေသတွေတော့ပါသား။ ကြေးချိုင့် ပေါ်မှာ ပါသမျှ လူတွေကို သူမသိဘူး။ ဒါပေမယ့် ဘကြီး ဦးသူတော် ပြောသလောက် ဆိုရင် သမိုင်းကြီးတဲ့ လူတွေ ဆိုတာတော့ ရိပ်မိတယ်။ ကြေးချိုင့်ကြီးမှာ နာမည်ကမ္ပည်း ထိုးထားကြတယ် ဆိုကတည်းက သည်ကိစ္စဟာ အရေး တကြီးကိစ္စဆိုတာလည်း သဘောပေါက်တယ်။ သဂွေ၀ သူကြီး ဦးကြုံတိုင်း ဆိုတာတော့ ဘွားဇီးကွက်ရဲ့ အဖေ၊ ကိုယ့်ရွာက ရှေးသူကြီးဟောင်းရယ်လို့ သိတာက လွဲလို့ ကျန်တဲ့လူတွေကို မသိတာလည်း အမှန်။ အင်္ဂလိပ်တွေလည်း ပါရဲ့။ ဗမာတွေလည်း ပါရဲ့။ ဆရာ၀န်၊ ဆေးဆရာတွေလည်း ပါရဲ့။ ပိဋကတ်တော်အုပ်လည်း ပါရဲ့။ မြင်းခေါင်းလည်း ပါရဲ့။ သူကြီးလည်း ပါရဲ့။

ပြောစရာ ကျန်တာက ပုတ်စည်လက်ထဲ ကြေးချိုင့်ကြီး ရောက်လာတဲ့ အချိန်မှာ ဘကြီး ဦးသူတော် လူ့လောကထဲ မရှိတော့တာပါ။ တစ်မနက် ကြက်အိုကြီး တွန်ပြီးတာနဲ့ ခါတိုင်းလို မထလို့ ကြည့်ကြရာက သေမှန်း သိကြတာပါ။ ဦးသူတော် သေတော့ ရွှေစင် ဖြတ်စရယ်လို့လည်း မဖြစ်ပါဘူး။ ဦးသူတော် သေပြီ ကြားတော့ မောင်မှတ်တောင် အပြေး ရောက်လာသေးတာပါ။ ငါသေရင် မအေ သေရင်တောင် ဖျာနဲ့အုပ်ခဲ့၊ မြန်မြန် ပြေးခဲ့လို့ ပြောဖူးတာကိုး။ ရွှေမဖြစ်တဲ့ အပြင် အလောင်းတောင် ရေချိုး ပေးခဲ့ရသေး။ ထွက်ရပ်လည်း ပေါက်ပုံ မရပါဘူး။ ရွာသင်္ချိုင်းမှာပဲ သူလို ကိုယ်လို မြှုပ်လိုက်ရတာပါ။ ဦးသူတော် ဝိဇ္ဇာဖြစ်တယ် မဖြစ်တယ် ရွာမှာ နှစ်ခြမ်းကွဲကတော့ တစ်စပ်တည်း ပြန်မဖြစ်တော့ပါဘူး။

ဦးသူတော် သေတော့ ပုတ်စည်နဲ့ မအေ ဒေါ်သီလတို့က ရှေ့အိမ်ကြီး ရလိုက်တယ်။ ဦးသူတော် ၀ယ်စုခဲ့့တဲ့ ကြေးတိုကြေးစ တွေလည်း ပုတ်စည်တို့ တိတို့ ထိရောင်းစားတာနဲ့ ကုန်သလောက် ဖြစ်နေပြီ။ လောလောဆယ်တော့ ဦးသူတော် မင်္ဂလာ ယူနေကျ ဆယ့်နှစ်ရာသီ ကြေးကွမ်း အစ်ကြီးနဲ့ ပေတုံးဆီက ပဲကြွေးနဲ့ သိမ်းလိုက်တဲ့ ကြေးချိုင့်ကြီးပဲ လောက်လောက်လားလား ကျန်တော့တာပါ။ ဘွားဇီးကွက်လည်း မရှိတော့ဘူးကိုး။

(၇)

ပုတ်စည်က သျှောင်မရှိပေမယ့် ချောင်ပတ် ပုဝါကလေးပတ်၊ လည်ကတုံး အင်္ကျီနဲ့ မန်ကျည်း ပနီပင်ကြီးအောက် သူ့ဘကြီး ထိုင်ခဲ့သလို ထိုင်နေပါပြီ။ တစ်မနက်တော့ ကြေးထွင်းဆရာ လာပို့တဲ့ နံပါတ်ကိုးချိုင့် အဆင့်ကစာကို ကျွဲကော်ကိုင်း မျက်မှန် တပ်ပြီးဖတ်တယ်။ သူရေးပေးလိုက်တဲ့ အတိုင်း ဟုတ်ကဲ့လား ပေါ့လေ။ ထွင်းထားတာလည်း သပ်ရပ်ပါရဲ့။

“ကိတ္တိမလောဟာ၊ ကြေးဝိဇ္ဇာ၊ ထွက်ရပ်ပေါက် အဘ ဦးသူတော်၏ တူ၊ သဗ္ဗေသတ္တာ ကမ္မသကာ ဣစ္ဆိတံ ဆရာဦးပုတ်စည်”

ပုတ်စည် သဘောကျသွားတယ်။ ကြေးထွင်း ခကလေး ပေးလိုက်တော့ ကြေးထွင်း ဆရာလည်း ပြန်ပြီ။ မအေ ဒေါ်သီလ ကတော့ ထုံးစံ အတိုင်းပါပဲ။ ထမင်းဗျတ်ကြီး မလာခဲ့တယ်။ ဖြုတ်နှစ်ကောင် တဝဲ၀ဲနဲ့။ သားပုတ်စည်က ဆရာဖြစ်ပြီ ဆိုသကိုး။ မျက်စေ့နောက်လို့ ထင်ပါရဲ့။ ကြက်အိုကြီးက သားအမိ နှစ်ယောက်ကို အစာကောက်ရင်း လည်ပင်းကြီး ငေါ်ကြည့် နေရာက အချိန် မဟုတ် အခါမဟုတ် ထတွန် ပါလေရော။ ခါတိုင်းလို ကြေးဓာတ်တော့ မပါရှာတော့ပါဘူး။

“အွတ်ချွရီး ချွရီး ချွတ် အွတ်”

နေ၀င်းမြင့်


No comments:

Post a Comment