Sunday, February 3, 2019

မောင်ဟင်နရီချစ်ဖွယ်  -   မင်းလူ

ထိုရပ်ကွက်ထဲတွင် ဟင်နရီချစ်ဖွယ်သည် မုန်းဖို့ကောင်းသော လူငယ်တစ်ယောက် ဖြစ်နေလေသည်။
သူသည် ဘယ်ပုံဘယ်နည်း မုန်းဖို့ကောင်းသလဲဟု သိလိုပါလျှင် မိတ်ဆွေတို့ အနီးပတ်ဝန်းကျင်ရှိ
ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ ဘာမျှ အလေးအနက်မရှိ၊ ရည်းစားထည်လဲထား၊ လူမှုရေး နားမလည်၊ မိဘပိုက်ဆံ
ထိုင်ဖြုန်းတတ်သော သူဌေးသားတစ်ယောက်ကို စဉ်းစားကြည့်ပါ။ ထိုအခါ ဟင်နရီချစ်ဖွယ်ကို
မြင်ယောင်လာပါလိမ့်မည်။
သူ့ကို ဟင်နရီဟု ခေါ်ကြသည်။ သူ့နာမည် ဟင်နရီချစ်ဖွယ် ဖြစ်သောကြောင့် ဦးချစ်ဖွယ်၏သား ဖြစ်ကြောင်း သိသာပါပြီ။ သားမှ ရှားရှားပါးပါး သားသားနားနား တစ်ဦးတည်းသောသား။ ဟင်နရီမှာ
အမေလည်းမရှိတော့ မိတဆိုးလေးမို့ ဦးချစ်ဖွယ်က အလွန်ချစ်ရှာသည်။
အမှန်စင်စစ် ဦးချစ်ဖွယ်သည် သားဆိုးအဖေတစ်ယောက် မဖြစ်ထိုက်ချေ။ သူသည် စိတ်သဘောထား
အလွန် ပြည့်ဝကောင်းမွန်သည်။ လူကြီးလူကောင်း ပီသသည်။ သူတစ်ပါးကို ကူညီတတ်သည်။
ဤကဲ့သို့သောဖခင်မှ ဤကဲ့သို့သောသားမျိုး မွေးဖွားလာခြင်းအတွက် အံ့သြမည်ဆိုလျှင် ရပါသည်။
သို့ရာတွင် လူဆိုသည်ကား စက်ရုံမှ ထုတ်လုပ်လိုက်သော မော်တော်ကားများကဲ့သို့ တစ်ပုံစံတည်း
ထွက်ချင်မှ ထွက်ပါလိမ့်မည်။ စနစ်တကျ ထုတ်လုပ်လိုက်သော စက်ကိရိယာများပင် အပြစ်အနာအဆာ ပါတတ်သေးသည် မဟုတ်လား။ မိမိကလေးသည် ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုသည်ကို ဗိုက်ထဲထည့်လွယ်ထားရသော မိခင်ကိုယ်တိုင်ပင် ကြိုတင်သိခွင့်မရနိုင်သည်ဖြစ်ရာ ထိုကလေး၏ စိတ်ထား ဘယ်လိုဖြစ်လာမည်ကို ကြိုတင်သိရန်ကား ပိုဝေးသေးသည်။ အဖေဖြစ်သူကိုတော့ ထည့်တွက်စရာ မလိုချေ။
ဦးချစ်ဖွယ်သည် သူ့သားကလေးကို အလွန်လိမ္မာစေချင်သည်။ သို့ရာတွင် နှိပ်ကွတ်ဆုံးမဖို့တော့ စိတ်မကူးခဲ့။
သူ့သားဖြစ်သောကြောင့် သူ့လိုပင် လာလိမ့်မည်ဟု ထင်နေခဲ့သည်။

ထို့ကြောင့် အလိုလိုက်မိသည်။ ဟင်နရီသည် ဘယ်ကဘယ်လို ဗီဇမျိုးပါလာသည် မသိ။
သူသွမ်းကလေးတစ်ယောက် ဖြစ်လာသည်။ ဦးချစ်ဖွယ်သည် အချိန်နှောင်းမှ သိရသောအခါ
ဘာမျှမတတ်သာတော့ဘဲ အလိုလိုက်မြဲ လိုက်နေခဲ့ရတော့သည်။ အခါအားလျော်စွာ ဆုံးမဖို့
ကြိုးစားကြည့်သော်လည်း ဟင်နရီက “ဖေဖေရာ.. ဖေဖေရာ” ဟု ချွဲလိုက်လျှင် သူပျော့သွားပြီး မုန့်ဖိုးလေး ဘာလေးတောင် ပေးလိုက်ရတတ်သည်။

  ထို့ကြောင့် ဦးချစ်ဖွယ်သည် သားကို တစ်ခါဆုံးမလျှင် အိတ်ထဲကပိုက်ဆံ တစ်ခါထွက်၍နေလေသည်။ တစ်ခုတော့ ရှိသည်။ ဟင်နရီက ဉာဏ်ကောင်းသည်။ ဆယ်တန်းကို တစ်နှစ်တည်းနှင့် အောင်သည်။ အခု တက္ကသိုလ်ရောက်နေပြီ။ ထိုတစ်ချက်တည်းနှင့်ပင် ကျန်တာတွေကို ထေရမလို ဖြစ်နေသည်။
“အင်းလေ.. ဘိန်းဖြူစားကလေး ဖြစ်မသွားတာပဲ ကံကောင်းလှပါပြီ” ဟု ဦးချစ်ဖွယ် စိတ်ဖြေရလေသည်။
  ထိုရပ်ကွက်ထဲသို့ ပြောင်းလာခါစက ဟင်နရီသည် ဆယ်တန်းအောင်စ ဖြစ်သည်။ တက္ကသိုလ်မတက်ရမီ အချိန်။ တချို့ကျောင်းသားတွေလို လုပ်အားပေးတွေ ဘာတွေလည်း မလိုက်ခဲ့သောကြောင့် လွတ်လပ်နေသည်။ အရင်ရပ်ကွက်ထဲက သူငယ်ချင်းတွေဆီ သွားလည်လိုက်၊ မြို့ထဲထွက်လည်လိုက် လုပ်ရင်း အချိန်ကုန်သည်။ ကြာတော့လည်း လည်ရပတ်ရ၊ ပျော်ရပါးရသည်ကို ပျင်းလာပြန်သည်။ပြီးတော့ သူ့အရွယ်ကလည်း နည်းနည်းကြီးလာပြီဆိုတော့....
ဟင်နရီသည် ရပ်ကွက်ထဲမှာ လှည့်ပြီး ကျက်စားပြန်သည်။ သူဌေးသားကလေးဖြစ်၍ ငွေကို
ခပ်ဖွာဖွာသုံးနိုင်သောကြောင့် အပေါင်းအသင်း သုံးလေးဦးကို အလွယ်တကူ ရရှိသည်။ ဤသို့
လွယ်လွယ်ရရှိသောကြောင့် လွယ်လွယ်ပင် ခွဲခွာခဲ့ကြပြန်သည်။
ထိုသူများနှင့် ပေါင်းသင်းရင်း သူတို့ထဲမှ တစ်ယောက်၏ နှမနှင့် ဟင်နရီတို့ ငြိမိကြသည်။
သူငယ်ချင်းကလည်း ကြည်ဖြူပြီးသားမို့ မသိဟန်ဆောင်နေသည်။ ဟင်နရီကလည်း ခပ်ပေါ့ပေါ့သမား
ဖြစ်သောကြောင့် ထိုမိန်းကလေးအပေါ် အလေးအနက်ထားခြင်း မရှိခဲ့။ မကြာမီမှာပင်
နောက်သူငယ်ချင်းတစ်ယောက်၏ အစ်မဖြစ်သူကို သွားစသည်။ ထိုအခါ ပြဿနာတွေ ဖြစ်ကြသည်။
ဟင်နရီကို ရိုက်မည်နှက်မည်အထိ ဖြစ်လာသည်။ ဤသို့ဖြင့် ထိုအပေါင်းအသင်းများနှင့် ဟင်နရီ
လမ်းခွဲခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်ကလည်း ဟင်နရီကို ရွံသွားကြသည်။ မိန်းကလေးတွေကလည်း
ရှောင်ကြသည်။ ဦးချစ်ဖွယ်၏ မျက်နှာကြောင့်သာ ဟင်နရီအဖို့ ထိုပြဿနာသည် အန္တရာယ်ကင်းစွာ
ပြီးစီးသွားရခြင်း ဖြစ်သည်။
ဟင်နရီကတော့ သိပ်မမှု။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအချိန်မှာ တက္ကသိုလ်တွင် စတင်
တက်ရောက်နေရပြီ ဖြစ်သည့်အပြင် အိမ်ကကားကို ကိုယ်တိုင်မောင်းယူခွင့် ရလာပြီ ဖြစ်သောကြောင့်ပင်။
ရပ်ကွက်ထဲက ကောင်လေးတွေ၊ ကောင်မလေးတွေမှာ သူ့အဖို့ သိပ်အထင်ကြီးစရာ မဟုတ်တော့ချေ။
တက္ကသိုလ်မှာ သူ့လိုပင် သူဌေးသားများနှင့် ပေါင်းမိသည်။ ပြီးတော့ သူ့လိုပင် ရည်းစားထည်လဲ

ထားတတ်သော မိန်းကလေးတွေနှင့် တွေ့ရသည်။ ဟိုကလည်း လေးလေးနက်နက် သဘောမထား။
သူကလည်း ခပ်ပေါ့ပေါ့သမား။ အချင်းချင်း သဘောလွေ့လွေ့ ပေါင်းဖက်တွေ့ကြလေ၏။
ပညာကို ချို့ချို့တဲ့တဲ့ သင်ကြားကြရရှာသော ကျောင်းသားများ၊ မိမိကိုယ်ကို ကောင်းစွာ
စောင့်ရှောက်တတ်သော ကျောင်းသူများသည် သူတို့အုပ်စုနှင့် ဘာမျှမဆိုင်။
ထိုကဲ့သို့သော မောင်ဟင်နရီချစ်ဖွယ်သည်..။ တက္ကသိုလ်မှာ နောက်ဆုံးနှစ်ရောက်သောအချိန် ဖြစ်သည်။
တစ်နေ့တော့ ဦးချစ်ဖွယ်သည် ဟင်နရီကို ထူးဆန်းသော စကားများကို ပြောလေသည်။
ထူးဆန်းသောစကား ဆိုသည်မှာ ဟင်နရီ၏ ရှေ့ရေးအတွက် အလေးအနက် ဆွေးနွေးနေခြင်းပင်
ဖြစ်ပေသည်။
“ဟင်နရီ.... ငါ့သား၊ မင်းလည်း မကြာခင်မှာ ဘွဲ့ရတော့မယ်၊ အဲဒီတော့ သားမှာ ရှေ့ရေးအတွက်
ဘာအစီအစဉ်ရှိတယ်ဆိုတာ ဖေဖေ့ကို ပြောစမ်း၊ ဘာများ စဉ်းစားထားသလဲ”
“ရှေ့အတွက်တော့ ဘာမှ အစီအစဉ် မရှိပါဘူး ဖေဖေ၊ လောလောဆယ်မှာတော့ ကျွန်တော်
မော်တော်ဆိုင်ကယ်တစ်စီး လိုချင်တယ်”
“ဟေ”
“ဟုတ်တယ် ဖေဖေရဲ့၊ ခုခေတ်မှာ ကားစီးရတာ သိပ်အောက်တာပဲ၊ မြို့ထဲမှာဆိုရင် ပိုဆိုးသေးတယ်၊
ကားတွေက များနေပြီး ရှုပ်နေတော့ တစ်နေရာက တစ်နေရာ သွားရတာ သိပ်ကြာတာပဲ၊
ကားကကြီးနေတော့ ကိုးလိုးကန့်လန့်နဲ့၊ ဆိုင်ကယ်ဆိုရင် ဝေါခနဲ ဖြတ်ချလိုက်၊ ဟိုကြားဝင် ဒီကြားထွက်နဲ့ ရွှတ်ဆိုရောက်သွားရော”
ဦးချစ်ဖွယ် ခေါင်းယမ်းလိုက်သည်။ ဆိုင်ကယ်ဝယ်မပေးဘူးဆိုသော သဘော မဟုတ်ပါ။ သူ့ဆိုလိုရင်းနှင့် ဟင်နရီ၏ အဖြေ ကွာခြားနေသောကြောင့် စိတ်ပျက်သွားခြင်းသာ ဖြစ်သည်။
“မဟုတ်သေးဘူး ဟင်နရီ၊ ဖေဖေပြောတာက သားဘွဲ့ရပြီးတဲ့အခါ ဒီအတိုင်းနေလို့ မဖြစ်ဘူးလေ”
“မိန်းမယူရမှာကို ပြောတာလား ဖေဖေ”
“အေး.. ယူချင်လည်း ယူပေါ့ကွာ၊ ဒီလိုရှိသေးတယ်ကွ၊ ဘွဲ့ရပြီးတဲ့အခါမှာ သား အလုပ်တစ်ခုခု
လုပ်ရလိမ့်မယ်၊ သားအနေနဲ့ အလုပ်မလုပ်ပေမယ့်လည်း ဒီတစ်သက် စားမကုန်တဲ့ ပစ္စည်းဥစ္စာ၊ ငွေကြေး ပြည့်စုံနေတာတော့ မှန်တယ်၊ ဒါပေမယ့် လူဆိုတာ အချိန်တန် အရွယ်ရောက်လာရင် Iနြေ္ဒရရ၊ ဂုဏ်သိက္ခာရှိရှိ နေဖို့ဆိုတာ အလုပ်တစ်ခုခုရှိမှ ဖြစ်တာမဟုတ်လား”
“အဲဒါ ထားဦးလေ၊ ဘွဲ့ရဖို့ကလည်း လိုပါသေးတယ်၊ ရတဲ့အခါကျတော့လည်း အလုပ်တစ်ခုခုဆိုတာ
မခဲယဉ်းပါဘူး၊ ဖေဖေ့မိတ်ဆွေတွေ ရှိသားပဲ၊ အခု အရေးကြီးတာက ဆိုင်ကယ်ပဲ ဖေဖေ၊ ဟွန်ဒါတစ်စီး တွေ့ထားတယ်၊ ကျွန်တော်ယူမယ်ဆိုရင် သုံးသောင်းနဲ့ပေးမယ်တဲ့၊ အသစ်စက်စက် ဖေဖေရ၊ ယာယီနံပါတ်ပဲ ရှိသေးတယ်”
ဦးချစ်ဖွယ်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ထိုအချိန်မှာပင် သူ ရောက်ရှိလာလေသည်။
သူဆိုသည်မှာ လှလှမြင့် ဖြစ်သည်။ ဤရပ်ကွက်ထဲမှာပင် နေသော ဦးဝင်းမြင့်၏ သမီးဖြစ်သည်။
ဦးဝင်းမြင့်သည် ဦးချစ်ဖွယ်၏ မိတ်ဆွေ။ အမှန်အားဖြင့် မိတ်ဆွေဆိုသော်လည်း ဦးချစ်ဖွယ်၏
ငွေကြေးအကူအညီ အထောက်အပံ့ကို ယူ၍ အိမ်တွင်းစက်မှုလုပ်ငန်းကလေးတစ်ခု ထူထောင်ရန်
ကြိုးစားနေသူ ဖြစ်သည်။ ခု လှလှမြင့် လာရသောအကြောင်းမှာ ဦးချစ်ဖွယ်ကြိုက်တတ်သော
သရက်သီးသနပ် လာပို့ခြင်းဖြစ်သည်။
ဟင်နရီသည် လှလှမြင့်ကို တအံ့တသြ ငေးစိုက်ကြည့်နေမိလေ၏။ လှလှမြင့်သည် မူလတန်းပြ
ကျောင်းဆရာမကလေး ဖြစ်သည်။ လုပ်သားများကောလိပ်မှ ဘွဲ့ရခဲ့ပြီးပြီ။ အသက်က ဟင်နရီထက်
တစ်နှစ်လောက်ကြီးမည် ထင်သည်။ ပြီးတော့ လှသည်။ သူလှပုံမှာ ရိုးရိုးတန်းတန်းလှခြင်း ဖြစ်သည်။
ဟင်နရီသည် အရင်ကတည်းက လှလှမြင့်ကို မြင်ဖူးပြီးသား ဖြစ်သည်။ သို့ရာတွင် သေသေချာချာ
မကြည့်ဖူးခဲ့။ ရပ်ကွက်ထဲက မိန်းကလေးများကို အထင်သေးလက်စနှင့် အမှတ်တမဲ့ နေခဲ့ခြင်း ဖြစ်သည်။
ခုတစ်ခါ တွေ့လိုက် ရတော့မှ တော်တော်ချစ်စရာကောင်းနေမှန်း သိသွားသည်။
အမှန်တော့ သူသည် တက္ကသိုလ်ကျောင်းမှာ ခေတ်အမီဆုံး၊ အပျံဆုံး၊ အလန်ဆုံး
မိန်းကလေးပေါင်းများစွာနှင့် တွေ့ဆုံခဲ့၊ တွဲခဲ့၊ ခဏကြာလျှင် ကခွဲ့ဲ။ ဤသို့ တွေ့ဆုံကြုံကွဲ မမြဲသော
ဓမ္မတာသည် သူ့အဖို့ ပျော်စရာကြီး ဖြစ်ခဲ့၏။ ကြာတော့လည်း ရိုးအီလာပြန်သည်။ ထိုအချိန်တွင်
တည်တည်ငြိမ်ငြိမ်နှင့် Iနြေ္ဒရရ ချစ်ဖွယ်ကောင်းသော လှလှမြင့်ကို တွေသောအခါ သူခိုက်သွားမိခြင်း
ဖြစ်ပေသည်။
လှလှမြင့်သည် ကျောင်းသွားဖို့ ထွက်လာသည်။ ကျောင်းသည် အိမ်နှင့် နီးနီးကလေးလည်း မဟုတ်။
ကားဖြင့် သွားရလောက်အောင်လည်း ဝေးသည်မဟုတ်။ ထို့ကြောင့် နေ့စဉ် ကျောင်းသွားကျောင်းပြန်တွင် လမ်းလျှောက်လေ့ရှိသည်။
တစ်နေရာတွင် မော်တော်ဆိုင်ကယ်တစ်စီး အရှိန်ဖြင့် ဝှီးခနဲ ဖြတ်ကျော်တက်သွားပြီးမှ အရှိန်ဖြင့် ဝေါခနဲ ပြန်ကွေ့ပြီး သူ့ရှေ့တည့်တည့်မှာ ကျွီခနဲ ရပ်လိုက်သည်။ မောင်းလာသူမှာ ဂျင်းဂျက်ကက်၊ ဂျင်းဘောင်းဘီ၊ ကင်းဘတ်လိုလို၊ ဘောကန်ဖိနပ်လိုလို ဖိနပ်မျိုးနှင့်။ လက်အိတ်စွပ်ထားသည်။ ပြီးတော့ ခေါင်းစွပ်နှင့်။
ဆိုင်ကယ်ပေါ်မှဆင်းပြီး ခေါင်းစွပ်ချွတ်လိုက်မှ ဟင်နရီမှန်း သိသည်။ လှလှမြင့် ယောင်ယမ်းရပ်လိုက်မိ၏။
ဟင်နရီက သူ့ဆီလျှောက်လာပြီး....
“လှလှပါလား၊ အချိန်ရရင် ကိုယ်နဲ့ အအေးတစ်ခုခု လိုက်သောက်ပါလား”
လှလှမြင့် ရုတ်တရက် အံ့သြသွား၏။ ဟင်နရီ မျက်နှာထားကို အကဲခတ်ကြည့်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။
“ကျွန်မ အချိန်မရပါဘူးရှင်၊ ကျောင်းချိန်နီးနေပြီ၊ သွားဦးမယ်နော်”
လှလှမြင့် ထွက်သွားသည်။
ဟင်နရီ ကြောင်၍ ကျန်ခဲ့၏။
ညနေကျောင်းဆင်းချိန်တွင် ကျောင်းနှင့် ခပ်လှမ်းလှမ်းမှာ ဟင်နရီ စောင့်နေသည်ကို တွေ့ရသည်။
ဒီတစ်ခါတော့ ဆိုင်ကယ်နှင့် မဟုတ်။ ကားယူလာသည်။ လှလှမြင့်က Iနြေ္ဒရရ ပြုံး၍နှုတ်ဆက်ပြီး
ဆက်လျှောက်သွားသည်။ ဟင်နရီက လှမ်းခေါ်သည်။
“လှလှ.. အိမ်ပြန်တော့မလို့လား”

 “ဟုတ်ကဲ့”
“ကျွန်တော် လိုက်ပို့မယ်လေ၊ ကားပါလာတယ်”
“ကျေးဇူးတင်ပါတယ် ကိုဟင်နရီ၊ အိမ်က နီးနီးလေးပဲ၊ လျှောက်သွားလို့ ရပါတယ်”
“ဒါဆိုလည်း ကျွန်တော် တစ်ခုခု ကျွေးပါရစေ၊ တစ်နေရာရာမှာ သွားစားရင်း စကားလေး ဘာလေး
ပြောကြရအောင်”
“ကျွန်မ အိမ်မှာ အလုပ်တွေ ရှိပါသေးတယ်”
ဟင်နရီသည် ထိုကဲ့သို့ သုံးလေးခါ ကြိုးစားကြည့်သည်။ မရ။ ထိုအခါ ဘယ်ကိုမျှ သွားဖို့ မခေါ်တော့ဘဲ လှလှမြင့် ကျောင်းသွားကျောင်းပြန်တွင် လမ်းကစောင့်ပြီး စကားပြောသည်။
လှလှမြင့်က “ကျွန်မကိုခင်ရင် နောက် ဒါမျိုးတွေ မပြောစေချင်ဘူး” ဟု ပြန်ပြောသည်။
ဟင်နရီသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အဝဖြင့် ဆက်ကြိုးစားသည်။ နေ့စဉ်နေ့တိုင်းလိုပင်
လှလှမြင့်ကို စကားလိုက်ပြောသည်။ ကြာတော့ လှလှမြင့် သည်းမခံနိုင် ဖြစ်လာသည်။
“ဒီမှာ.. ကိုဟင်နရီ၊ အခုလို နေ့တိုင်း ကျွန်မနားက ကပ်ပြီး လိုက်လိုက်လာတာ လူမြင်လို့
မသင့်တော်ပါဘူး၊ ကျွန်မကို အနှောင့်အယှက်ပေးရာလည်း ရောက်ပါတယ်၊ နောက်ကို ဆက်ပြီး ခုလို
လိုက်လုပ်နေမယ်ဆိုရင် ကျွန်မရဲ့ Iနြေ္ဒသိက္ခာကို စော်ကားတဲ့ သဘောမျိုး ယူဆရပါလိမ့်မယ်ရှင်၊ ပြီးတော့ ဦးလေးချစ်ဖွယ်ကို တိုင်တန် တိုင်ရလိမ့်မယ်”
ဟုတ်ပြီ။ ကြည့်စမ်း။ မေ့နေလိုက်တာ။
သူ ဖေဖေ့ကို လာတိုင်မတဲ့။ သူပြောမှပင် အကောင်းဆုံး အကြံဥာဏ်ကို ရတော့သည်။ သူလာမတိုင်ခင် ကိုယ်က ဦးအောင်ပြောရမည်။ တကယ်တော့ ဟင်နရီသည် လှလှမြင့်ကို သူတွေ့နေကျ မိန်းကလေးတွေလို လွယ်လွယ်နှင့်ရမည်ဟု ထင်နေခဲ့မိခြင်း ဖြစ်သည်။ ဟိုဟာတွေကတော့ သူက မစလျှင်ပင် သူ့ကို လာစကောင်းစမည့် သူမျိုးတွေ။ တကယ်လည်း တချို့ စခဲ့ဖူးသည်။
လှလှမြင့်ကျတော့ ဒီလိုမဟုတ်။ သူက ဒီလောက် သဲကြီးမဲကြီး လိုက်သည်ကိုပင် နည်းနည်းလေးမှ
အတိမ်းအစောင်း မရှိ။ ဤကဲ့သို့ခက်လေ သူက ပို၍လိုချင်လေ ဖြစ်နေရသည်။ ဘယ်လိုမှ ကြိုးစား၍
မရသောအခါ မချင့်မရဲ ဖြစ်ရသည်။ သူ့ကိုယ်သူလည်း အံ့သြနေသည်။ လiှလှမြင့်ကျမှ ဘာကြောင့်
မရနိုင်သနည်း။ ပြီးတော့ လှလှမြင့်အပေါ် တခြားမိန်းကလေးတွေလို မဟုတ်ဘဲ ဘာကြောင့် စွဲစွဲလန်းလန်း ဖြစ်နေရသနည်း။ ရှင်းပါသည်။
သူ လှလှမြင့်ကို တကယ်ချစ်မိလေပြီ။
သူသည် လှလှမြင့်ကို ချဉ်းကပ်ရာတွင် သူတတ်ထားသော သုံးနေကျ နည်းလမ်းတွေကို သုံးကြည့်သည်။
တစ်ခုခုစားဖို့ ခေါ်သည်။ ရုပ်ရှင်ပြမည်။ တစ်နေရာရာခေါ်သွားပြီး စကားပြောမည်။ မကြာမီ အချိန်အတွင်း ဖွင့်ပြောမည်။
သို့ရာတွင် သူ့တတ်သလောက်မှတ်သလောက် နည်းလမ်းတွေသည် အရာမထင်ခဲ့။ လှလှမြင့်သည်
ပညာသားမပါဘဲ ခပ်ရိုးရိုးကလေးပင် ရှောင်တိမ်းသွားနိုင်ခဲ့၏။ အားကိုးစရာ တစ်ခုပဲ ရှိတော့သည်။ ဖေဖေ။

ဦးချစ်ဖွယ်သည် သူ့ရှေ့မှာ မကြုံစဖူးအောင် တည်တည်ငြိမ်ငြိမ် ထိုင်နေသော ဟင်နရီကို ကြည့်ပြီး
နည်းနည်းအံ့သြနေသည်။ ပြောစရာရှိတယ်ဆိုပြီး ချက်ချင်းမပြောဘဲ အတန်ကြာအောင်
ငြိမ်နေသောကြောင့်လည်း ထူးဆန်းနေ၏။
“ပြောစရာ ရှိတယ်ဆို.. သား၊ ပြောလေကွာ”
ဦးချစ်ဖွယ်၏ စိတ်ထဲတွင် ဟင်နရီသည် တော်တော်တန်ဖိုးကြီးသော အရာတစ်ခုခု
ဝယ်ခိုင်းချင်သောကြောင့် ခုလို အပြောရခက်နေခြင်းဖြစ်မည်ဟု ထင်နေသည်။
“ဒီလိုပါ ဖေဖေ၊ ခု သားအနေနဲ့ စာမေးပွဲလည်း ဖြေပြီးပြီဆိုတော့ မကြာခင် ဘွဲ့ရတော့မယ် မဟုတ်လား၊ အဲဒါ..”
“အေး.. ပြောပါဦးကွယ်၊ ဘာလုပ်ချင်လဲ၊ ဖေဖေ လိုက်ပြောပေးမယ်၊ ဖေဖေ့မိတ်ဆွေတွေ ရှိတယ်”
“အဲဒါ မဟုတ်ဘူး ဖေဖေ၊ ဟို.... သား မိန်းမယူချင်ပြီ”
“ဟေ”
“ဟုတ်တယ် ဖေဖေ၊ အဲဒါ ဖေဖေ လိုက်တောင်းပေးဖို့..”
“နေပါဦး၊ ဘယ်သူလဲ သားရဲ့.... မိန်းကလေးက”
“ဖေဖေ သိပါတယ်၊ လှလှမြင့်ဆိုတာ”
“ဘာကွ၊ လှလှမြင့်.. ဟုတ်လား”
“ဟုတ်ပါတယ်၊ ဖေဖေ့မိတ်ဆွေ ဦးဝင်းမြင့်ရဲ့ သမီး”
“ဒီမှာ.. သား၊ ဖေဖေဟာ သားကို အမြဲတမ်း အလိုလိုက်ခဲ့တယ်၊ ဘယ်ဟာမဆို သားဆန္ဒအတိုင်း
ဖြစ်စေခဲ့တယ်၊ သားလိုချင်တာ မှန်သမျှ ဖန်တီးပေးခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါတော့ ဖေဖေ သားကို
မလိုက်လျောနိုင်ဘူး၊ ဖေဖေ သဘောမတူနိုင်ဘူး သား”
“ဗျာ.... သဘောမတူဘူး ဟုတ်လား ဖေဖေ၊ လှလှမြင့်အကြောင်း ဖေဖေသိပါတယ် ဖေဖေရယ်၊ သူဟာ သိပ်တော်တဲ့ မိန်းကလေးပါ”
“အေး.. ဟုတ်တယ်၊ ဖေဖေ သိတယ်၊ လှလှမြင့်ဟာ သိပ်တော်တယ်၊ Iနြေ္ဒရှိတယ်၊ သိက္ခာရှိတယ်၊
အဲဒီလို သိပ်လိမ္မာတဲ့၊ သိပ်ရိုးသားတဲ့ မိန်းကလေးတစ်ယောက်ဟာ မင်းလိုကောင်မျိုးနဲ့ ညားရင်
သူတစ်သက်လုံး စိတ်ဆင်းရဲသွားရမှာပဲ၊ ဒီနေရာမှာ ဖေဖေ သားသမီးချင်း ကိုယ်ချင်းစာရလိမ့်မယ်၊ မင်းလို ဘာမှ အလေးအနက်မရှိတဲ့ ကောင်မျိုးနဲ့ သူလို မိန်းကလေးမျိုးနဲ့ မတန်ဘူး၊ ဒါကြောင့်
သဘောမတူတာပဲကွ”

မင်းလူ
(ပေဖူးလွှာ၊ မတ်၊ ၁၉၈၂)
#crd

No comments:

Post a Comment