Sunday, February 3, 2019

ဆရာမကိုနှုတ်ဆက်   -  မင်းလူ


 ဒေါ်ခင်ဆွေမြင့် (အသက် ၅၉နှစ်) အဆောင်မှူး (အင်ကြင်း၊ ကံ့ကော်၊ ပြည်)
 နာရေးကြော်ငြာခေါင်းစဉ်ကိုဖတ်ပြီးနောက် ကျွန်တော်အံ့ဩတုန်လှုပ်သွားခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဆရာမဆုံးပြီဆိုသောသတင်းကို ညကတည်းသိခဲ့ပြီးဖြစ်သောကြောင့်ပင်။ ဆရာမသမီးက အိမ်ကိုဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
 ညက အိမ်ပြန်နည်းနည်းနောက်ကျသည်။ ပြန်ရောက်ရောက်ချင်း ကျွန်တော့်မိန်းမက ဘာမှမပြောသေး။ ထမင်းစားပြီးအောင်စောင့်သည်။ စားပြီးလို့ အတန်ကြာမှ-
 “အမေလည်း သွေးနည်းနည်းတက်နေတယ်”
 ဟု ပြောသည်။
 ဝမ်းနည်းစရာ၊ စိတ်ထိခိုက်စရာ၊ စိုးရိမ်စရာကိစ္စတစ်ခုခုဖြစ်ပေါ်နေခဲ့သည်ဟု အရိပ်နိမိတ်ပြလိုက်ခြင်းပင်ဖြစ်၏။
 “ဘာဖြစ်လို့လဲ”
 သူက လိုရင်းတိုက်ရိုက်မပြောသေးဘဲ
 “ညနေကရတနာဖုန်းဆက်တယ်”
 ကျွန်တော်သိလိုက်ပြီ။ ဆရာမဆုံးပြီ။ ဆရာမကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း လွန်ခဲ့သောသုံးလေးရက်က သတင်းကြားခဲ့ခြင်း၊ အမေသွေးတက်ခြင်း၊ ဆရာမ၏သမီး ရတနာဖုန်းဆက်ခြင်းတို့ကို ဆက်စပ်ကြည့်လိုက်ခြင်းဖြစ်သည်။ကျွန်တော့်မိန်းမ၏အသံက နည်းနည်းတုန်ယင်နေသည်။ သူနှင့်ကျွန်တော်သည် ဆယ်တန်းတုန်းက ဆရာမအတန်းထဲမှာ အတူနေခဲ့ကြရသည်။
 ထို့ကြောင့် သူလည်း စိတ်ထိခိုက်နေမှာကျိန်းသေသည်။ ဆုံးပြီဆိုသောစကားကို သူ့နှုတ်မှပြောချင်ဟန်မတူ။ ကျွန်တော်ငိုင်တွေနေသည်ကိုကြည့်၍ ဆက်ပြောဖို့မလိုတော့ဟု သူနားလည်သွား၏။ တိတ်ဆိတ်စွာပင်လှည့်ထွက်သွား၏။
 ခုခေတ်မှာ အသက် ၅၉ဆိုတာ အသက်ကြီးလှပြီမဆိုနိုင်သေး။ နေမည်ဆိုလျှင် ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်နေနိုင်သေးသည်။ လူ့သက်တမ်းနဲ့ယှဉ်လျှင် နှမြောတသ ယူကျုံးမရစရာပင်။
 ဆရာမကွယ်လွန်သည့်အတွက် ကျွန်တော့်အနေဖြင့် အထူးစိတ်ထိခိုက်ကြေကွဲရသည်မှာ ပြောစရာမလို။ သို့ရာတွင် အသေစောလို့နှမြောလှချည်ရဲ့ဟု ယူကျုံးမရ ရင်ဘတ်စည်တီးဖြစ်မနေပါ။ သူသွားချိန်တန်၍သွားတာပဲဟူ၍သာ သဘောထားသည်။ ကျွန်တော့်မှာ တရားရှိသောကြောင့်ကားမဟုတ် ဆရာမမှာတရားရှိကြောင်း ကျွန်တော်သိနေသောကြောင့်သာဖြစ်သည်။
 လူတစ်ယောက်၏သက်တမ်းကို နှစ်ကာလတွေနှင့်သတ်မှတ်ခြင်းမပြုဘဲ သူဘယ်လောက် တာဝန်ကျေခဲ့သလဲဟူသော အချက်နှင့်တိုင်းတာ သတ်မှတ်မည်ဆိုလျှင် ဆရာမသည် သက်တမ်းစေ့ နေထိုင်သွားခဲ့လေသည်ဟု ဆိုနိုင်လေသည်။ သူသည် သူ့ဘဝတွက် ထမ်းဆောင်ရမည့်တာဝန်ကို ပြီးပြည့်စုံစွာကျေပွန်ခဲ့သည်။
 သူတာဝန်ကျေသလား၊ မကျေသလားဆိုသည်ကို သူ့ကိုယ်ပွားများက သက်သေခံကြပါလိမ့်မည်။ သူ၏ကိုယ်ပွားဆိုသည်ကား ယခုအခါ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ အနုပညာရှင်တွေ၊  စီးပွားရေးပညာရှင်တွေဖြစ်နေကြသော ကျွန်တော်အပါအဝင် သူ၏တပည့်များပင်ဖြစ်ပေသည်။

 * * * * *

 ဆယ်တန်းသို့ရောက်သည့်နှစ်တွင် မြန်မာစာဆရာမကအတန်းပိုင်ဖြစ်၏။
 “သားတို့အတန်းပိုင်က ဘယ်သူလဲ”
 ဟု အမေကမေးသည်။ ဒေါ်ခင်ဆွေမြင့် ဟုပြောသောအခါ ...
 “ဟဲ့ ... အဲဒါ မိခင်စန်းရဲ့ညီမ၊ မေပေါ့”
 ဟု အမေကပြောသည်။ ဒေါ်ခင်စန်းသည် အမေနှင့်သူငယ်တန်းကတည်းက ကျောင်းအတူတက်ခဲ့သည့် သူငယ်ချင်းဖြစ်၏။ ကျွန်တော်တို့က မာမီစန်းဟုခေါ်ကြသည်။ ဆရာမ၏
အိမ်နာမည်ကတော့ 'မေ'ဖြစ်၏။
 “မင်းဆရာမကိုနှုတ်ဆက်လိုက်ဦး မင်းကိုအမေ့သားမှန်း သိချင်မှသိမယ်”
 ဟု အမေကပြောသော်လည်း ကျွန်တော်သွားနှုတ်မဆက်ဘဲ ဘာသိဘာသာနေသည်။ ကျွန်တော့်ကို အမေ့သားမှန်းသိသွားလျှင် လူရင်းဆိုပြီးပိုမျက်စိဒေါက်ထောက်ကြည့်ခံရမည်။ အမြဲတမ်းစာမေးခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်လေ၏။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်က နှုတ်နည်းတာလည်းပါသည်။ ကျွန်တော်ဘယ်သူ့သားပါဆိုပြီး မိတ်ဆက်ရတာမျိုးမလုပ်ချင်။ မိဘနှင့်ရင်းနှီးတာကို အခွင့်အရေးယူရမှာရှက်သည်။
 တစ်နေ့မုန့်စားလွှတ်ချိန် စင်္ကြန်လမ်းပေါ်မှာ ဆရာမနှင့်ဆုံသည်။ ဆရာမက ...
 “မမညို နေကောင်းရဲ့လား”
 ဟု မေးသည်။ ထိုအခါကျမှ ဆရာမသည် ကျွန်တော့်ကိုသိနှင့်ပြီးသားဖြစ်ကြောင်း နားလည်ရတော့သည်။
 ဆရာမသည် လူရင်းဖြစ်သည့်တိုင် ကျွန်တော့်ကို ပစားပေးခြင်းမရှိခဲ့။ အခြားအတန်းသူ အတန်းသားများနှင့် တန်းတူသာထား၍ဆက်ဆံသည်။ အတန်းထဲမှာ မျက်နှာမလိုက်သော်လည်း ကျွန်တော့်ကို သူ့စိတ်ထဲကကြိတ်၍ကျေနပ်သဘောကျနေကြောင်း နောက်တော့မှသိရ၏။
 ကျွန်တော်သည် ငါးတန်းလောက်ကစပြီး မြန်မာစာပေကိုစိတ်ဝင်စားခဲ့သည်။ စာပေဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များကို ဝတ္ထုစွဲသလိုစွဲခဲ့ဖူးသည်။
 ဆယ်တန်းရောက်သောအခါ ထိုအရှိန်သည် အထွတ်အထိပ်သို့ရောက်နေလေသည်။ ဆယ်တန်းတွင်ရူပဗေဒ၊ ဓါတုဗေဒ၊ သင်္ချာတို့မှာ အမှတ်ပြည့်ရနိုင်ပြီး ထိုဘာသာများ ဂုဏ်ထူးထွက်လျှင် ဆေးတို့စက်မှုတို့ ရဖို့နီးစပ်သည်။ ထို့ကြောင့် ကျောင်းသားတိုင်းလိုလို ယင်းဘာသာရပ်များကိုဖိ၍ကြိုးစားကြသည်။
 ထိုအချိန်မှာ ကျွန်တော်က မြန်မာစာဘက်ကို အလေးထား၍လိုက်စားနေသည်။ သတ်ပုံမှန်အောင်ရေးဖို့ သဒ္ဒါနည်းစနစ်ကျသောဝါကျတည်ဆောက်တတ်ဖို့၊ ကဗျာတွေလေ့လာဖို့၊ စကားပြေကို ပြေပြစ်စွာရေးတတ်ဖို့ကြိုးစားနေလေသည်။
 ထိုအချိန်က မြန်မာစာသည် အလွယ်တကူအောင်မြင်နိုင်သောဘာသာရပ်ဖြစ်သဖြင့် သိပ်အလေးအနက်မထားကြ။ ကြိုးစားသည်ဆိုသူတို့ကလည်းမြန်မာစာကို သင်္ချာဘာသာရပ်လို အမှတ်ရအောင်ဖြေနည်းတွေ လေ့လာနေခြင်းသာဖြစ်၏။
 ကျွန်တော်ကတော့ ဝါသနာပါလို့ကို ဦးစားပေးလိုက်စားနေသူဖြစ်သဖြင့် အများနှင့်ထူးခြားနေသည်။ ဒါကိုရိပ်မိသောဆရာမက ကျွန်တော့်ကိုစိတ်ဝင်စားခဲ့ခြင်းလည်းဖြစ်လေ၏။

 * * * * *

 ကျွန်တော်သည် သိပ္ပံမောင်ဝ၏စာများကို အလွန်သဘောကျနေသည်။ ထို့ကြောင့် ကျွန်တော်ရေးသောစာစီစာကုံးများမှာ ဝါကျတိုတိုပြတ်ပြတ်ကလေးတွေ ဖြစ်နေ၏။ ဆရာမက ရေးသားပုံဝတ္ထုဆန်တယ် ဟု မှတ်ချက်ပေးသည်။
 “သတ်ပုံလည်းမှန်ပါတယ်၊ ဝါကျတည်ဆောက်ပုံလည်းကောင်းပါတယ်။ ဒါပေမယ့် အရေးအသားက သိပ်ပြတ်လွန်းနေတယ်။ သားစာစီစာကုံးကိုဖတ်မယ့်သူက စာဖတ်ပရိသတ်မဟုတ်ဘူး၊ စာမေးပွဲစစ်တဲ့သူတွေဆိုတာ သတိထားဦး။ ဝါကျကိုဆုံးတဲ့အခါ ဖြစ်ပါသည်။ ဖြစ်ပေသည်။ စသည်ဖြင့် ပြေပြေပြစ်ပြစ်ဖြစ်အောင်ရေးရတယ်"
 တစ်ခါကလည်း ပြဋ္ဌာန်းကဗျာတစ်ပုဒ်ဖြစ်သော ကွက်လပ်ဖြည့်ပါကဗျာကို အတန်းထဲမှာဆွေးနွေးကြရသည်။ ကဗျာ၏သဘောမှာ စေတီတစ်ဆူတွင်စိုက်ထူထားတဲ့ ကျောက်စာ၌ဘုန်းတော်ကြီးမြတ်လှသော ဘယ်မင်းတရားကြီးကောင်းမှုဟူ၍သာရေးထိုးထားသည်။
 ထိုစေတီကိုတည်ဆောက်ရာတွင် အမှန်တကယ်ပင်ပန်းကြီးစွာလုပ်ကိုင်ခဲ့ရသော အလုပ်သမားတို့အား ဂုဏ်ပြုသည့်အကြောင်း တစ်လုံးတစ်ပါဒမှမပါသဖြင့် ထိုကျောက်စာတွင် စာမူတစ်ကြောင်းလပ်နေသည်ဟူ၍ဖြစ်၏။
 ထိုအကြောင်း ဆွေးနွေးရာတွင်ကျွန်တော်က ကျောင်းစာကြည့်တိုက်နှင့် နှိုင်းယှဉ်၍ပြောခဲ့သည်။  စာကြည့်တိုက်ဆောက်လုပ်ရာတွင် ချုံတွေရှင်း၊ မြေညှိ၊ အုတ်ခဲသယ်စသော အောက်ခြေသိမ်း အလုပ်များကို ကျောင်းသားများ အလှည့်ကျလုပ်အားပေးကြရသည်။ စာကြည့်တိုက်ပြီးစီး၍ ဖွင့်ပွဲလုပ်သောအခါ လုပ်အားပေးစဉ်က တစ်ခါမှမမြင်ခဲ့ရသောကျောင်းသူချောချောလေး နှစ်ယောက်က ဖဲကြိုးကိုင်၍ အရာရှိကြီးက ဖြတ်တောက်ဖွင့်လှစ်ပေးနေပုံသာလျှင် သတင်းစာထဲပါလာခဲ့သည်။
 ကျွန်တော် ဆွေးနွေးပြီးသောအခါ ဆရာမကပြုံး၍
 “သားပြောတာမှန်ပါတယ်၊ ဒါပေမယ့် စာမေးပွဲမှာတော့ အဲဒီအတိုင်းမရေးလိုက်နဲ့ဦးနော်”ဟု ပြောလေ၏။
 ကျောင်းမှာ စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းသောအခါ ဆရာမကဥက္ကဌ၊ ကျွန်တော်ကအတွင်းရေးမှူးဖြစ်လာသည်။ ကျွန်တော်တို့အဖွဲ့ကကျောင်းမှာစာပေဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေပြုလုပ်သည်။
 နံရံကပ်စာစောင်ထုတ်သောအခါ ဆရာမက နည်းပေးလမ်းညွှန်လောက်သာရှိပြီး စာစောင်တစ်ခုလုံးကို ကျွန်တော်တို့စိတ်ကြိုက်လုပ်ခွင့်ပေးခဲ့သည်။
 အရင်နှစ်တွေက ပုံဆွဲစက္ကူကြီး လေး ငါးချပ်လောက်ဖြင့်ပြီးခဲ့သော်လည်း ကျွန်တော်တို့နှစ်တွင် စက္ကူငါးဆယ့်လေးချပ်တိတိသုံးပြီးကျောင်းခန်းမကြီးတစ်ခုလုံးပြည့်လျှံ့လုနီးပါး ခမ်းနားဝေဆာစွာ ပြုလုပ်နိုင်ခဲ့သည်။ ထိုစာစောင်မှာ ကျွန်တော့်အတွက် ပထမဆုံးသောစာနယ်ဇင်းလုပ်ငန်း အတွေ့အကြုံပင်ဖြစ်၏။
 နံရံကပ်စာစောင်တွင် စာမူများနေရာချသောအခါ တချို့နေရာတွေမှာ ကွက်လပ်ကျန်နေသည်။ ထိုအခါ ကျွန်တော်တို့ကလောင်နာမည်အမျိုးမျိုးယူ၍ စာတိုပေစတွေရေးထည့်ပြီးဖြည့်ပေးရ၏။ ကျွန်တော်ကဗျာတစ်ပုဒ်ရေးသည်။
 မီးရောင်တွေမှိတ်
 လူခြေတိတ်လည်း
 အိပ်၍မပျော်နိုင်ပါတကား။
 အိပ်ပျော်ပါလည်း
 အိပ်မက်ထဲမှာ
 သူပဲစိုးမိုးနေတကား။
 ကဗျာနာမည်ကို စိတ္တဇည ဟု ပေးထားသည်။ ကျွန်တော့်ကဗျာမှာအချစ်ကဗျာဆန်သည်။ နံရံကပ်စာစောင်တွင်အချစ်နှင့်ပက်သက်သော စာများထည့်သွင်းဖော်ပြခြင်းမပြုရ။ ထို့ကြောင့်ကျွန်တော့်ကဗျာကိုဆရာမဖတ်ကြည့်ပြီးသောအခါ အပယ်ခံမောင်ပဲဟုထင်နေမိ၏။ ဆရာမက....
 “သားကဗျာကကောင်းသားပဲ၊ ဒါပေမယ့် ခေါင်းစဉ်ကစိတ္တဇညဆိုတော့၊  အင်း.... စိတ္တဇဆိုတာကြီးက ကဗျာရဲ့အလှကိုဖျက်နေသလိုပဲ၊ မာမီခေါင်းစဉ်ပြင်ပေးမယ်နော်”
 ဆိုပြီး 'စာမေးပွဲည' ဟု ပြင်ပေးလိုက်သည်။ ကဗျာအဓိပ္ပါယ်ပြောင်းသွားသည်။ အချစ်ကဗျာမဟုတ်တော့။ စာမေးပွဲအပေါ် စိတ်စွဲလမ်းပြီး အိပ်မပျော်သည့်သဘောဖြစ်သွား၏။ ဆရာမသည် ကျွန်တော့်ကဗျာလည်း အပယ်မခံရအောင်၊ မလိုအပ်သောအဓိပ္ပါယ်လည်းမသက်ရောက်အောင် လိမ္မာပါးနပ်စွာ ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်လေ၏။

 * * * * *

 ဆရာမစာသင်သည့်အခါ ပြဋ္ဌာန်းချက်အတိုင်းသာတာဝန်ကျေသင်ခြင်းမဟုတ်။ စာမေးပွဲအောင်ရုံမျှသင်ပေးခြင်းမဟုတ်၊ တတ်အောင်သင်ခြင်းဖြစ်၏။ ထူးခြားတာက မြန်မာစာသင်ရင်းက လိုအပ်သည့်နေရာတွင် အင်္ဂလိပ်စာနှင့်နှိုင်းယှဉ်ပြတတ်ခြင်းပင်ဖြစ်၏။
 မြန်မာစာမှာလည်း အင်္ဂလိပ်စာလိုပင်တိကျစွာလိုက်နာရသည့် စည်းကမ်းချက်တွေရှိနေကြောင်းပြောပြသည်။
 “ဥပမာ...ပုဒ်ထီးလို့ခေါ်တဲ့ပုဒ်ဖြတ်ဆိုပါတော့၊ တချို့က ဝါကျတစ်ကြောင်းရေးရင်း လက်ညောင်းတဲ့နေရာကျရင် ပုဒ်ဖြတ်ထည့်လိုက်တာပဲ။ တချို့ကျတော့လည်း စိတ်ကူးတည့်ရာနေရာမှာ ဖမ်းထည့်ပစ်လိုက်တတ်တယ်၊ ဒီလိုမဟုတ်ဘူး ပုဒ်ဖြတ်ထည့်လို့မရတဲ့နေရာ၊ မဖြစ်မနေထည့်ကိုထည့်ရမယ့်နေရာတွေရှိတယ်”
 ဆိုပြီး မြန်မာစာရေးသားရာတွင်လိုက်နာရမည့်စည်းကမ်းချက်တွေကိုသင်ပေးသည်။
 ပြဋ္ဌာန်းစာများကိုသင်ရာမှာလည်း အခြားဗဟုသုတဖြစ်ဖွယ်များကို ဖြည့်စွက်သင်ပေးခဲ့သည်။ ခုနစ်စဉ်ကြယ်အကြောင်းသင်ရာတွင် ကြယ်များ၏အမည်များသာမက ကြယ်တစ်လုံးချင်းမှာ သက်ဆိုင်ရာနေ့နာမ်များရှိကြောင်း၊ အတိုကောက်အားဖြင့် 'မစက်တတ်လေသည်းအူကြွေ' ဟု မှတ်ရကြောင်း၊ ထို့ကြောင့် ကြယ်တို့၏အစဉ်အတိုင်း နေ့နာမ်များမှာ ကြာသပတေး၊ အင်္ဂါ၊ စနေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနှင့် တနင်္လာတို့ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ခုထိတိုင် ကျွန်တော်ကောင်းကောင်းမှတ်မိနေသေးသည်။
 သေနင်္ဂဗျူဟာစစ်ပညာဆောင်းပါးကို သင်သောအခါလည်း ရှေးမြန်မာစစ်တပ်များ စစ်ဆင်စစ်တက်သည့်ဗျူဟာများအကြောင်းကို ပုံများနှင့်တကွရှင်းပြခဲ့သည်။
 ကျွန်တော်စာရေးဆရာဖြစ်ခါစတုန်းက ဝတ္ထုတိုလေးတစ်ပုဒ်တွင် မိန်းကလေးတစ်ယောက်၏ အချစ်ကို ရရန်စစ်ဆင်စစ်တက်သည့်ပုံစံများအတိုင်း ကြိုးစားပုံအကြောင်းကို ဥဿဘဗျူဟာ၊ ဒွိဇာတိပဗျူဟာ စသောခေါင်းစဉ်ကလေးများတပ်၍ ရေးခဲ့ဖူး၏။ သမိုင်းနောက်ခံရာဇဝင်ဝတ္ထုတွေနှင့်နာမည်ကြီးခဲ့သော ဆရာချစ်ဦးညိုကပင်လျှင် အဲဒီအချက်အလက်တွေဘယ်လိုရှာသလဲဟု မေးခဲ့ဖူးလေသည်။
 လူမှုရေးနှင့်ပတ်သက်၍ ဆရာမဆုံးမခဲ့သည့်စကားတစ်ခွန်း ကျွန်တော့်ဝတ္ထုတစ်ပုဒ်ထဲ ထည့်ရေးခဲ့ဖူးသေးသည်။ လူတစ်ယောက်၏မွေးရာပါ ချို့ယွင်းချက်သို့တည်းမဟုတ် ဘယ်လိုမှ ပြုပြင်မရနိုင်သည့် အားနည်းချက်ကိုအကြောင်းပြု၍ ထိုသူအား လှောင်ပြောင်သရော်ခြင်း၊နှိမ်ချပြောဆိုခြင်း မပြုဖို့ပင်ဖြစ်၏။
 ရုပ်ဆိုးခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း၊ စကားမပီခြင်း၊ စိတ်ပေါ့သွပ်ခြင်း စသော အားနည်းချက်များအတွက် လူတစ်ယောက်ကိုကဲ့ရဲ့ခြင်းမျိုး ကျွန်တော်ဘယ်တော့မှမလုပ်၊ သူများလုပ်လျှင်လည်း သိပ်စိတ်ဆိုးတတ်သည်။ ဆရာမထံမှရရှိခဲ့သည့် ကောင်းသောစိတ်ဓာတ်တစ်ခုဟု ကျွန်တော်ထင်သည်။

 * * * * *

 ဆယ်တန်းစာမေးပွဲတွင် ကျွန်တော်မြန်မာစာမှာခြောက်ဆယ့်ရှစ်မှတ်ရသည်။ ဂုဏ်ထူးထွက်ဖို့ ခုနှစ်မှတ်သာလိုသည်။ အမှန်တော့ ဂုဏ်ထူးရဖို့ပင်ဖြစ်၏။
 ထိုအချိန်က သိပ္ပံကိုသာဦးစားပေးနေသည့်အချိန်ဖြစ်၍ မြန်မာစာကိုပင် သိပ္ပံဆန်ဆန်ဖြေရမလိုပင် ဖြစ်၏။ အမှတ်ပေးစည်းမျဉ်းမှာလည်း ၎င်းအတိုင်းပင် ဘယ်အချက်ပါလျှင် ဘယ်နှစ်မှတ်ပေးဆိုတာမျိုးဖြစ်၏။ ဥပမာ-စကားပြေမေးခွန်းတစ်ပုဒ်ဖြေလျှင် ဗဟုသုတဖြစ်ဖွယ်အချက်ဆယ်ချက်ပါရသည်။ ဒါမျိုးဖြစ်၏။ ခက်ဆစ်အဓိပ္ပါယ်ဖြေရာမှာပင် ပြဋ္ဌာန်းစာအုပ်ထဲမှာ သုံးနှုန်းထားသည့် အဓိပ္ပါယ်အတိုင်းရေးရသည်။အလားတူအဓိပ္ပါယ်နောက်တစ်မျိုးကို ရေးလို့မရ။ ဥပမာ-အင်းအိမ်ဆိုလျှင် ကန့်လန့်ကာ ဟု ဖြေရသည်။ရောင့်ရဲသည် ဟု ဖြေလို့မရ။
 ကျွန်တော်သည် ဆရာမအတန်တန်မှာကြားခဲ့သည့်ကြားမှပင် အမှတ်ပေးစည်းမျဉ်းကို တိကျစွာမလိုက်ခဲ့။ စကားပြေမေးခွန်းများဖြေရာတွင် အချက်ဆယ်ချက်ဆိုတာ ဂရုမစိုက် ကျွန်တော် စိတ်ဝင်စားသောအချက်တစ်ချက်နှစ်ချက်လောက်ကိုသာယူ၍ ဖွဲ့ဖွဲ့နွဲ့နွဲ့ချဲ့ထွင်ရေးတတ်သည်။ ထို့ကြောင့် အမှတ်ပြည့်မရပဲ ဂုဏ်ထူးနဲ့လွဲခဲ့ရခြင်းဖြစ်၏။ ဂုဏ်ထူးမရသော်လည်း မြန်မာစာအခြေခံတော့ ကောင်းကောင်းရလိုက်သည်။ ထိုအခြေခံသည် နောင်နှစ်ပေါင်းများစွာ ကျွန်တော့်ကိုအကျိုးပြုခဲ့လေသည်။
 တက္ကသိုလ်တွင် ကျွန်တော်ဒဿနိကဗေဒဘာသာရပ်ကို ယူသည်။ ထိုဘာသာရပ်မှာ နားလည်ရန်ခက်ခဲသော၊ အချို့ဂွကျကျနိုင်သောအတွေးအခေါ်များအကြောင်းဖြစ်၏။ တစ်ခါတစ်ရံ အကြောင်းအရာတစ်ခုကို စာတစ်ကြောင်းနှစ်ကြောင်းလောက်နှင့် အဓိပ္ပါယ်ပေါက်အောင်ရေးရပြီး တစ်ခါတစ်ခါကျတော့ စကားလုံးလေးတစ်လုံးကို စာနှစ်မျက်နှာ သုံးမျက်နှာလောက်ထိ ချဲ့ထွင်ဖွင့်ဆိုရတတ်၏။ ထို့ကြောင့် စာအရေးအသားပြေပြစ်ရှင်းလင်းဖို့လိုသည်။ စကားလုံးဝေါဟာရကြွယ်ဝဖို့လိုသည်။ မြန်မာစာကောင်းသောကျွန်တော့်အဖို့ သူများထက် တစ်ပန်းသာခဲ့လေ၏။
 တက္ကသိုလ်ရောက်သွားပြီဖြစ်သော်လည်း ဆရာမနှင့်ကျွန်တော်တို့၏ရေစက်ကား မကုန်သေးချေ။ အကြောင်းမှာ ဆရာမသည်လည်း စီးပွားရေးတက္ကသိုလ်သို့ပြောင်းရွှေ့အမှုထမ်းခဲ့သောကြောင့်ပင်ဖြစ်၏။ ကျွန်တော်တို့ပြန်ဆုံကြပြန်သည်။ ဒဿနိကဗေဒဌာနနှင့် စီးပွားရေးတက္ကသိုလ် အဆောက်အအုံမှာ နီးနီးကလေးဖြစ်သဖြင့် ဆရာမထံကျွန်တော်မကြာခဏရောက်တတ်သည်။

 ဆရာမကဦးဆောင်၍ သင်္ဃန်းကျွန်းကျောင်းသားများ ဆက်သွယ်ပြီး ကျောင်းသားသစ်များကို အကူအညီပေးခြင်း၊ ပျော်ပွဲစားထွက်ကြခြင်းများပြုလုပ်ကြသည်။
 ဆရာမသည် လှိုင်တက္ကသိုလ်နယ်မြေရှိ အင်ကြင်းဆောင်မှာလည်း အဆောင်မှူးအဖြစ် ဆောင်ရွက်နေသည်။ အင်ကြင်းဆောင်မှပြုလုပ်သော နံရံကပ်စာစောင်များကိုလည်း ကျွန်တော်ပဲ သွားလုပ်ပေးရသည်။ ရန်ကုန်တက္ကသိုလ်ပန်းချီအသင်းမှာ ကျွန်တော့်သူငယ်ချင်းတွေရှိသဖြင့် သူတို့အကူအညီဖြင့် လှပဝေဆာစွာ ပြုလုပ်ပေးနိုင်စမြဲဖြစ်၏။
 တစ်ခါတွင် နံရံကပ်စာစောင်လုပ်ဖို့ချိန်းထားပြီး ကျွန်တော်နောက်ကျနေသည်။ ကျွန်တော် ရောက်သွားသောအခါ ဆရာမ၏မျက်နှာဝင်းပသွားပြီး ....
 “ကဲ... မာမီမပြောဘူးလား”
 ဟု ရောက်နှင့်နေသောသူငယ်ချင်းများကို လှမ်းပြောလိုက်သည်။  ဆရာမက ဘာပြောတာလဲဟု နောက်မှမေးကြည့်တော့ သူငယ်ချင်းတစ်ယောက်က ပြောပြသည်။
 ကျွန်တော်နောက်ကျနေသဖြင့် တချို့ကကျွန်တော့်ကိုမစောင့်ဘဲ အလုပ်စနှင့်ချင်သည်။ ဆရာမက လက်မခံ။
 “ငါ့သား လာအောင်စောင့်ဦး၊ သူလာမှ သူကြိုက်သလိုလုပ်လိမ့်မယ်”
 “ဟာ ဒီအချိန်ကျမှ ဒီကောင်လာတော့မှာမဟုတ်တော့ပါဘူး”
 တစ်ယောက်ကပြောသောအခါ ....
 “ငါ့သားကလာမယ်လို့ ကတိပေးပြီးရင် ဘာကြီးဖြစ်နေနေ မရောက်ရောက်အောင်လာတတ်တယ် မယုံရင်ကြည့်နေ”
 ဟု ဆရာမကပြောသည်ဆို၏။ ထို့ကြောင့် ကျွန်တော်ရောက်သွားသောအခါ သူပြောတာမှန်နေသဖြင့် ဝမ်းသာသွားပြီး ဘယ့်နှယ့်ရှိစဟူသော ပြောခြင်းဖြစ်လေသည်။
 အလုပ်စသည့်အချိန်နောက်ကျသဖြင့် ညမိုးချုပ်သည်အထိ လက်စမသတ်နိုင်ဘဲဖြစ်နေ၏။ နောက်နေ့မှဆက်လုပ်လို့လည်းမဖြစ်။ နောက်တစ်နေ့မှာ ဝါဆိုလပြည့်နေ့ဖြစ်၏။ အဆောင်ဝါဆို သင်္ကန်းကပ်ပွဲရှိနေသည်။ နံရံကပ်စာစောင်ကလည်း ဝါဆိုလပြည့်အထိမ်းအမှတ်။ဒီတော့ ဒီညအပြီးလုပ်ရမည်။
 စာစောင်အပြီးသတ်ရေးပြီး ကပ်ပြီးတော့ညဥ့်နက်နေပြီ။ အိမ်ပြန်ဖို့မလွယ်တော့။ အဆောင်မှာ ညအိပ်ကြဖို့ ဆရာမက ဆုံးဖြတ်ပေးလိုက်သည်။ မိန်းကလေးအဆောင် ဖြစ်နေသောကြောင့် ကျွန်တော်တို့ကို အဆောင်မှူးဧည့်ခန်းမှာအိပ်ခိုင်းပြီး အပြင်မှ တံခါးပိတ်သော့ခတ်ကာ ပိတ်လှောင်ထားလိုက်လေတော့သည်။ ဘာပဲဖြစ်ဖြစ် အင်ကြင်းလို မိန်းကလေးအဆောင်မှာ ညအိပ်ခွင့်ရသူယောက်ျားလေးဟူ၍ ကျွန်တော်တို့အုပ်စုသာရှိကြောင်း မကြာခဏကြွားဝါမိကြလေ၏။

 * * * * *

 တက္ကသိုလ်ရောက်ပြီးနောက် ဆရာမက ကျွန်တော့်အပေါ် လူကြီးတစ်ယောက်လိုဆက်ဆံခဲ့ကြောင်း တွေ့ရ၏။ ထိုစဉ်က ဆံပင်အရှည်ခေတ်စားနေသည်။ ကျွန်တော့်ဆံပင်မှာ နားရွက်ဖုံး လည်ကုတ်ထောက် သည်အထိ ရှည်သည်။ ဆရာမက ဘာမှမပြောပဲ သတိမပြုမိဟန်ဆောင်နေသည်။ တက္ကသိုလ်ပထမနှစ်မှာပင် ကျွန်တော်ဆေးလိပ်သောက်တတ်ခဲ့သည်။ သို့တိုင်အောင် ဆရာမရှေ့မှာတော့ မသောက်ရဲ။ တစ်ရက် ကျွန်တော်အဆောင်ကိုသွားလည်သောအခါ ဆရာမက ကော်ဖီနှင့်မုန့်တို့ဖြင့်ဧည့်ခံသည်။ ထို့ပြင် ပန်းကန်ပြားတစ်ချပ်ထဲမှာ ဒူးယားနှစ်လိပ်ထည့်ထားသည်ကိုပါ တွေ့လိုက်ရသည်။ ကျွန်တော့်ကိုလူကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုသည့်သဘော။
 ကျွန်တော်စာရေးဆရာဖြစ်လာသည့်အတွက် သူအလွန်ဝမ်းသာသည်။ ဂုဏ်လည်းယူသည်။ ကျွန်တော့်ကိုဆက်ဆံပုံကလည်း တလေးတစားဖြစ်လာသည်။ ကျွန်တော့်နာမည်ခေါ်သည့်အခါ ရှေ့က'ကို'တပ်ပြီးခေါ်သည်။ ထိုအခါမျိုးတွင် ကျွန်တော့်မှာ အနေရခက်လေသည်။
 ကျွန်တော် စာရေးဆရာဖြစ်ပြီးသည့်နောက်တွင် နံရံကပ်စာစောင် ခေါ်မလုပ်ခိုင်းတော့ချေ။
 “သူက စာရေးဆရာကြီးဖြစ်နေပြီ။ ဘာမဟုတ်တဲ့ နံရံကပ်စာစောင်လေးခေါ်လုပ်ခိုင်းရင် သူ့ဂုဏ်သိက္ခာထိခိုက်မှာပေါ့”
 ဟုပြောကြောင်း သိရ၏။ ကျွန်တော့်ကို သူ နေရာထားပုံမှာ တစ်ခါတစ်ခါတော့ ၀မ်းနည်းဖို့တောင် ကောင်းသည်။ ငယ်စဉ်အခါကကဲ့သို့ သူ့ရှေ့မှာ ကလေးတစ်ယောက်လို နေခွင့်မရတော့သောကြောင့်ပင်ဖြစ်၏။

 * * * * *

 သူ့အဆောင်က ကျောင်းသူကလေးတွေကို သူ အလွန်ဂရုစိုက်သည်။ သူ၏တစ်ဦးတည်းသောသမီး ဖြစ်သည့် ရတနာနှင့်တန်းတူသဘောထားခဲ့သည်။ နေထိုင်စားသောက်ရေးသာမက ကျန်းမာရေးအတွက်ပါ မျက်ခြည်မပြတ်ကြည့်၍ ဆောင်ရွက်ပေးတတ်သည်။ ကျောင်းသူတွေကလည်း သူ့ကို အလွန်ချစ်သည်။ အဆောင်မှူးအဖြစ်မဟုတ်တော့ဘဲ အမေတစ်ယောက်လို အားကိုးကြသည်။ တချို့ဆိုလျှင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ တိုင်ပင်လာကြသည်။
 တစ်ခါတလေ သူတို့ကိုကြိုက်နေတဲ့ကောင်လေးတွေအကြောင်း လာပြောပြီး ပြန်ကြိုက်ရင် ကောင်းမလားလို့ လာတိုင်ပင်တဲ့လူက ရှိသေးတယ်။
 “မာမီက ဘယ်လိုအကြံပေးလိုက်သလဲ”
 “မာမီလား ကိုယ့်သမီးတောင် ကိုယ့်အကြံမပေးဘူး။ ကိုယ်နဲ့အဆင်ပြေမယ့်လူ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်ရွေးလို့ပြောလိုက်တယ်။ တစ်ခုပဲအကြံပေးတယ်။ ယောက်ျားလေးတစ်ယောက်ကို စိတ်ဝင်စားတယ်ဆိုရင် တကယ်လက်တွေ့မကြိုက်ခင် စိတ်ကူးထဲမှာ အရင်ကြိုက်ကြည့်လိုက် စိတ်ကူးဆိုတော့ အမျိုးမျိုးစဉ်းစားလို့ရတယ်လေ။ သူက ဆိုးဆိုးတေတေဖြစ်နေရင် ခွင့်လွှတ်နိုင်ပါ့မလား။ ကိုယ့်ရဲ့ချို့ယွင်းချက်တွေကိုလည်း ရှာကြည့်။ သူကရော ကိုယ့်ချို့ယွင်းချက်တွေကို သည်းခံနိုင်ပါ့မလား၊ တွေးကြည့်။ ပြောသာပြောရတာပါလေ၊ တကယ်တော့ အချစ်ရေးတို့၊ အိမ်ထောင်ရေးတို့ဆိုတာ ထီထိုးရသလိုပါပဲ။ တစ်ခုပဲကွာခြားတယ်။ ယောက်ျားလေးတွေအဖို့ ကိုယ်ကြိုက်တဲ့ထီလက်မှတ်နံပါတ်ကို ရွေးလို့ရတယ်။ မိန်းကလေးတွေအတွက်တော့ အိတ်ပိတ်ကံစမ်းထိုးရသလိုပေါ့။ ဘာပဲဖြစ်ဖြစ် စဉ်းစားတွေးဆလေလေ အမှားနည်းလေလေပဲ ဆိုတာကိုတော့ ငြင်းလို့မရဘူးလေ”

 * * * * *

 ဆရာမသည် အင်ကြင်းဆောင်မှ ကံ့ကော်ဆောင်သို့ပြောင်းရသည်။ ထို့နောက် ပညာရေးတက္ကသိုလ်သို့ ပြောင်းရွှေ့အမှုထမ်းရပြီး ပြည်ကျောင်းဆောင်အဆောင်မှူးဖြစ်လာ၏။
 ကျွန်တော်လည်း အရင်ကလို အားလပ်ချိန်မများတော့သဖြင့် ဆရာမထံ အရောက်အပေါက်နည်းလာသည်။ နောက်ပိုင်းကာလများတွင် တစ်နှစ်တစ်ကြိမ် သွားကန်တော့တာလောက်သာပြုလုပ်နိုင်တော့သည်။
 သို့တိုင်အောင် ကျွန်တော်၏၀တ္ထုတွေထဲမှာ ဆရာမအခန်းပါလာတိုင်း သူ့ပုံစံ၊ သူ့စရိုက်များကို ထည့်သွင်းရေးသားခဲ့စမြဲဖြစ်၏။ တက္ကသိုလ်ကျောင်းဆောင်က အဆောင်မှူးဟု ဆိုသည်နှင့် သူ့မျက်နှာကိုသာ ထင်ခနဲမြင်မိတတ်မြဲဖြစ်၏။
 သူသည် အဆောင်တစ်ခုကို အဆင်သင့်လာရောက်အုပ်ချုပ်သည့် အဆောင်မှူးမျိုးမဟုတ်။ အဆောင်တစ်ခုက ကိုယ်တိုင်ပြင်ဆင်ပျိုးထောင်ခဲ့ရသူဖြစ်၏။ သူသည် အင်ကြင်းဆောင်၏ ပထမဆုံး အဆောင်မှူးဖြစ်သည်။
 အဆောင်မှူးအဖြစ် သူရောက်ရှိသွားသောအခါ အဆောင်အဆောက်အအုံနှင့် ဆိုင်းဘုတ်သာ ရှိသေးသည်။ တခြားဘာမှမရှိ။ ကျောင်းသူတွေက ရက်ပိုင်းအတွင်း ရောက်လာတော့မည်။ ကျောင်းသူတွေ သိပ်ဖို့ ကုတင်၊ စားပွဲကုလားထိုင်များ တက်သုတ်ရိုက်မှာရသည်။ ရေရရှိရေးအတွက် လိုက်ရသည်။ ဘုရားစင်ထားဖို့ မမေ့မလျော့စီစဉ်ရသည်။
 အချိန်မရသဖြင့် ပရိဘောဂတွေ အချိန်မီမပြီးစီး။ အရေးအကြီးဆုံးဖြစ်သော ကုတင်တွေ ဦးစားပေး လုပ်ခိုင်းရသဖြင့် ထမင်းစားစားပွဲတွေ နောက်ကျနေသည်။
 ပျဉ်ပြားတွေဆက်၊ အောက်က အုတ်ခဲတွေခံပြီး ထမင်းစားစားပွဲအဖြစ် ယာယီဖန်တီးရသည်။ ကျောင်းသူတွေ စိတ်ဓာတ်မကျအောင်လည်း အားပေးရသေးသည်။
 “ပျော်စရာမကောင်းဘူးလားဟေ့။ ပျော်ပွဲစားထွက်သလိုပေါ့နော်”
 ဟူ၍ နှစ်သိမ့်ရသည်။
 “အရာရာမှာ လက်တင်ကလေး အဆင်သင့်ရတာမျိုးထက် အခက်အခဲကလေးတွေ ရင်ဆိုင်ပြီးမှ ရတာက ပိုပြီးတန်ဖိုးရှိတယ်။ ဒီအဆောင်ကို သမီးတို့နဲ့ မာမီနဲ့လက်တွဲပြီး စတင်ပျိုးထောင်ခဲ့တယ် ဆိုတာ ပြောစမှတ်လေးကျန်ရစ်တာပေါ့”
 အမှန်ပင် သူ ဂုဏ်ယူလောက်ပါသည်။ သူ့ကို အင်ကြင်းဆောင်၏မိခင်ကြီးအဖြစ် ကျွန်တော်က အဆိုတင်သွင်းလျှင် အင်ကြင်းကျောင်းသူဟောင်းတို့က တခဲနက်ထောက်ခံကြလိမ့်မည်ထင်၏။

 * * * * *

 ကျောင်းခန်းထဲမှာ စာသင်နေသည့်အခါ မျက်မှန်တ၀င်းဝင်း တက်ကြွစွာ အင်တိုက်အားတိုက် ဟောပြောပို့ချနေပုံကိုကြည့်၍ ဆရာမကြီးကတော့ ဒေါင်ဒေါင်မြည်ပဲဟု ထင်ကြလိမ့်မည်။
 အမှန်ကတော့ ဆရာမ၏ကျန်းမာရေးသည် မကောင်းလှချေ။ ရောဂါတစ်ခုမဟုတ်တစ်ခု အမြဲခံစားနေရတတ်သည်။ နှလုံးအားနည်းတာ၊ အကြောတက်တာ၊ လေအောင့်တာ၊ သွေးဖိအားကျတာ၊ တက်တာ၊ အနည်းဆုံးခန္ဓာတစ်နေရာရာက ကိုက်ခဲနေတာလောက်တော့ရှိစမြဲ။ ဘာမှမဖြစ်ဘူးဆိုလျှင် နေတောင်မနေတတ်တော့သလိုဖြစ်နေ၏။
 သူ့အစ်မဒေါ်ခင်စန်းက...
 “မင်းတို့မာမီက ရောဂါပေါင်းစုံကို ကန်ထရိုက်ဆွဲထားတာကွယ့်”
 ဟု ဆိုသည်။ ဒါကို ဆရာမအား ပြန်ပြောတော့...
 “အင်း..ရောဂါတွေကို ကုန်ပစ္စည်းလို တစ်ဦးတည်းကိုယ်စားလှယ်ယူလို့ရရင် ကောင်းမယ်။ လူတစ်ယောက်မှာ ရောဂါတစ်ခုဖြစ်ရင် အဲဒီရောဂါက အဲဒီအပိုင်ဖြစ်သွားပြီး တခြားလူတွေမှာ ထပ်မဖြစ်တော့ဘူးဆိုရင် ရောဂါမှန်သမျှ မာမီတစ်ယောက်တည်း စုခံပေးနိုင်ပါရဲ့”
 ဟု ပြောလေသည်။
 တစ်ခါတလေ သူ နေမကောင်းဘူးသတင်းကြား၍သွားမေးလျှင် သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ရာသီဥတုက အေးလွန်းလို့ လက်ကလေးနည်းနည်းကပ်သလိုဖြစ်တာပါဟု သာမန်နှာစေး ချောင်းဆိုးဖြစ်တာလောက် သဘောထားပြီးပြောတတ်၏။
 သူသည် ဝေဒနာတွေကို အဆောင်မှာထားခဲ့ပြီး ကျန်းမာသောရုပ်ကိုဆောင်လျက် စာသင်ခန်းဝင်တတ်သူဖြစ်သည်။ သို့တည်းမဟုတ် စာသင်ခန်းထဲဝင်လိုက်သည်နှင့် ဝေဒနာတွေကို မေ့လျော့သွားတတ်သူလည်းဖြစ်နိုင်၏။

 * * * * *

 ကျွန်တော်လက်ထပ်ခါနီးတော့ ဇနီးလောင်းနှင့်အတူ ဆရာမကို သွားကန်တော့သည်။
 “ခုလို မာမီ့တပည့်အချင်းချင်း ဖူးစာဆုံကြတာ သိပ်ဝမ်းသာတယ်ကွယ်”
 ဟု ပြော၏။ ကျွန်တော့်အမျိုးသမီးသည်လည်း ဆယ်တန်းတုန်းက တစ်တန်းတည်းနေခဲ့ကြသည့် သူငယ်ချင်းဖြစ်၍ သူ့တပည့်ပင်။
 “လက်ထပ်ပြီးတော့  ဘယ်အိမ်မှာနေကြမလဲ”
 “ကျွန်တော့်အိမ်မှာပါပဲ မာမီ”
 “ကောင်းတယ် သားအမေအတွက် အဖော်ရတာပေါ့။ ဒါနဲ့သားရေ ကိုယ့်အိမ်မှာ ခဏလာတည်းတဲ့ဧည့်သည်ကိုတောင် ဧည့်ဝတ်ကျေပွန်ရတယ်မဟုတ်လား။ မာမီ ဘာကိုဆိုလိုတယ်ဆိုတာ သား သဘောပေါက်မှာပါ”
 ကျွန်တော် ခေါင်းညိတ်ပြသည်။ ကျွန်တော့်အမျိုးသမီးဘက်လှည့်၍...
 “ငါ့သမီးကံကောင်းတယ်။ သားတို့ သမီးတို့အိမ်ထောင်ရေး အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သားက တစ်ခါတစ်ခါ ပေကပ်ကပ်လုပ်တတ်တာကိုတော့ သမီးကသည်းခံပေါ့”
 ကျွန်တော်တို့ပြန်ခါနီး ထိုင်ကန်တော့သောအခါ ဆုတွေအများကြီးပေးသည်။ ကြမ်းပြင်တွင် ကျုံ့ကျုံ့ထိုင်နေကြသော ကျွန်တော်တို့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ ကျွန်တော်တို့နှစ်ယောက်၏ လက်တစ်ဖက်စီကို ဆွဲယူ၍ထပ်ပေးပြီး သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ ထို့နောက် မမျှော်လင့်သော အပြုအမူတစ်ခုကို ပြုလုပ်လိုက်၏။ ကျွန်တော်တို့နှစ်ဦး၏ နဖူးဆံစပ်များကို တစ်ချက်စီ နမ်းရှုပ်လိုက်ခြင်းပင်ဖြစ်သည်။
 ကျွန်တော့်ရင်ထဲ လှိုက်ခနဲဖြစ်သွား၏။ ဆရာမ၏မျက်မှန်ရောင်ကလည်း လက်ခနဲ။ ကျွန်တော့်အမျိုးသမီးဘက် တစ်ချက်လှည့်ကြည့်သည်။ သူ့မျက်လုံးတို့သည် စိုစွတ်နေသည်။ သို့ရာတွင် ကျွန်တော်တို့၃ယောက်စလုံး ပြုံးလျက်။

 * * * * *

 ဆရာမနေမကောင်းဖြစ်နေသည်ဟု ကြားသည်။ ကျွန်တော့်မှာ အလုပ်တွေရှုပ်နေသဖြင့် အရင်ကလို ချက်ချင်းအပြေးအလွှားမသွားဖြစ်။ မကြာခဏနေမကောင်းဖြစ်နေကျမို့လည်း သိပ်အရေးကြီးသည်မထင်မိ။
 နောက်မှသိရသည်။ လည်ပင်းရိုး ကျီးပေါင်းတက်ရာမှ ဗဟိုအာရုံကြောထိခိုက်ပြီး ခြေတွေ လက်တွေ မလှုပ်နိုင်တော့ဟု ဆို၏။ ကျွန်တော်တို့လင်မယားနှစ်ယောက် ဆရာမထံ ရောက်သွားကြသည်။
 ဆရာမသည် အိပ်ယာပေါ်မှာ ပက်လက်လှဲနေ၏။ သူ့ခေါင်းအောက်တွင် ခေါင်းအုံးနှစ်လုံး ဆင့်ခံပေးထားသဖြင့် ခေါင်းနည်းနည်းမတ်နေနိုင်သည်။ ကျွန်တော်တို့ဝင်လာသည်ကို သူမမြင်နိုင်သေး။ ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်နေသောကြောင့်ဖြစ်၏။
 ထိုနေ့က စနေနေ့ရုပ်မြင်သံကြားမှာပြနေတာက တယ်လီမက်အစီအစဉ်ဖြစ်၏။ ထိုအစီအစဉ်မှာ စိတ်ကူးတည့်ရာ ပေါက်ကရကစားနည်းမျိုးစုံကို ကစားပြိုင်ကြခြင်းဖြစ်၏။ ခုတစ်ပတ်မှာ နွားရိုင်းရုပ်ကြီးတွေကို လှံတံများဖြင့် အပြိုင်ပစ်ခတ်ကြရပုံဖြစ်၏။ ခြေတွေလက်တွေ လုံးဝမလှုပ်နိုင်သူက တော်ရုံတန်ရုံ သန်စွမ်းသူတွေ မလုပ်နိုင်သော ကစားနည်းပြကွက်ကိုကြည့်နေရသည်မှာ သူ့စိတ်ထဲ ဘယ်လိုနေမည်မသိ။
 ကျွန်တော်တို့လာကြောင်း သူ့သမီးရတနာကပြောသည်။
 “အေး..အေး...သားတို့ထိုင်ကြ”
 ပါးစပ်ကသာပြောနိုင်သည်။ ဦးခေါင်းကို ကျွန်တော်တို့ဘက်မလှည့်နိုင်။ ထို့နောက် သူ့ရောဂါအကြောင်း ပြောပြသည်။ သူပြောနေပုံမှာ သူကိုယ်တိုင်ဖြစ်နေပုံမျိုးမဟုတ်ဘဲ ဆရာဝန်တစ်ယောက် ရှင်းပြနေပုံမျိုး...
 ခပ်လှမ်းလှမ်းမှာ လှုပ်ပုခက်ဖြင့် လသားအရွယ်ကလေးငယ်တစ်ယောက် အိပ်နေသည်။ သူ၏မြေးဦး ကလေးပင်ဖြစ်၏။ ရတနာက ကျွန်တော်တို့ကို ကော်ဖီနှင့်မုန့် လာချပေးသည်။
 “ဟဲ့..ဆေးလိပ်ခွက်ချပေးလိုက်ဦး”
 ဟု မမေ့မလျော့ပြောသေးသည်။ ကျွန်တော့်အလုပ်အကိုင်ကောင်းရဲ့လား၊ ကလေးနေကောင်းလား၊ အမေကောနေကောင်းရဲ့လား မေးသည်။ ကျွန်တော်က အမေလေဖြတ်တုန်းက သောက်သည့် တရုတ်ဖယောင်းလုံးဆေးအကြောင်းပြောသည်။ သူ သောက်ကြည့်ချင်သည်ဟု ဆိုသဖြင့် ၀ယ်ပေးမည်ဟု ပြောလိုက်သည်။ ခဏကြာတော့...
 “ငါ့ကို သားဘက်လှည့်ပေးကြစမ်း။ တည့်တည့်မကြည့်ဘဲပြောရတာ အားမရဘူး”
 ဟု ဆိုသဖြင့် ရတနာနှင့် မိန်းကလေးတစ်ယောက်တို့က ဒီဘက်လှည့်ပေးကြသည်။ ကျွန်တော် ၀င်ကူလိုသော်လည်း အကိုင်အတွယ်ကြမ်းမှာစိုးသဖြင့် အသာတကြည်နေလိုက်ရသည်။ ကိုယ်ကို ဘေးသို့ အနည်းငယ်စောင်းရုံမျှပြုပြင်ပြီး ခေါင်းအုံးခုပေးရတာကလေးလောက်ကိုပင် သူ့ခမျာ အတော်ခံစားရရှာသည်။ တကျွတ်ကျွတ်ညည်းညူရင်း အံကြိတ်ထားရသည်။ ကျွန်တော့်မျက်နှာကို သေချာစွာမြင်နိုင်ဖို့ ဒီလောက် အနာခံကြိုးစားနေသဖြင့် ရင်ထဲက မချိသော်လည်း ကျွန်တော်မတားမြစ်ရက်တော့။ ထိုအချိန်တွင် ပုခက်ထဲမှ ကလေးက ထငိုသည်။ ဆရာမမျက်နှာပေါ်တွင် အပြုံးရိပ်ထင်းလာပြီး...
 “ရတနာ့သားလေး”
 ဟု ပြော၏။

 * * * * *

 ကျောင်းမှာ နံရံကပ်စာစောင်လုပ်ခဲ့တုန်းက ဆရာမသည် ကဗျာလေးတစ်ပုဒ်တည်ခဲ့ဖူးသည်။ မှန်လိုကြည့် တပည့်ကိုတဲ့ အရောင်တင်ဟု အစချီထားသည်။ ဆရာမ၏ကလောင်အမည်က “ခင်သုည”
 “မာမီက ကဗျာလေးဘာလေးရေးတာ ၀ါသနာပါတယ်ကွယ့်”
 ဟု ပြောသည်။ မြန်မာစာဆရာမဆိုတော့ ကဗျာဝါသနာပါမှာပေါ့ဟူ၍ သာမန်လောက်သာ သဘောထားလိုက်မိသည်။ ဆရာမကလည်း သူကဗျာရေးသည့်အကြောင်း နောက်ထပ်စကားမစပ်တော့။ တစ်လောက ၁၉၅၅ ဖေဖော်ဝါရီထုတ် ရှုမ၀မဂ္ဂဇင်းဟောင်းတစ်အုပ်တွင် ခင်သုညဆိုသော ကလောင်အမည်နှင့် ရေးထားသောကဗျာတစ်ပုဒ်ကို တွေ့လိုက်ရသဖြင့် ကျွန်တော်အံ့သြသွားသည်။ အမေ့ကို မေးကြည့်တော့..
 “မင်းသိပြီးသားမှတ်လို့ အမေမပြောဖြစ်တာ။ မင်းဆရာမက ငယ်ငယ်က ကဗျာဆရာမပဲ။ ဒေါင်းနွယ်ဆွေတို့နဲ့တောင် ကဗျာတွေစုပြီး စာအုပ်ထုတ်ခဲ့ဖူးတယ်”
 ဆရာမသည် ရှုမ၀လိုမဂ္ဂဇင်းကြီးတစ်ခုမှ စင်တော်ကောက်ရွေးချယ်ခြင်းခံခဲ့ရသော ကဗျာဆရာမ တစ်ဦးဖြစ်ကြောင်း ကျွန်တော့်ကို ထုတ်ဖော်မပြောခဲ့။ သာမန်ကဗျာဝါသနာရှင်တစ်ယောက်အဖြစ်သာ ပြောခဲ့ဖူးသည်။ သူ့ကဗျာကိုဖတ်ကြည့်တော့ ရေးဟန်ထူးခြားနေတာတွေ့ရသည်။ ထိုခေတ်ကအနေနှင့်ဆိုလျှင် ဆန်းသစ်သောရေးဟန်ဖြစ်၏။ ထိုအချိန်က မော်ဒန်ကဗျာဖြစ်ပေလိမ့်မည်။ သူ့ကဗျာခေါင်းစဉ်က...
 “ကျွန်မသက်တာ”ဟူ၍ဖြစ်၏။
 ပြောရရင်...
 မိုးပွင့်ကြွေ ကြွေလျက် ဆောင်းတစ်ခက်
 သက်ခဲ့မြေမဟီ
 သီကရီလာရ နှင်းကျွန်မ
 ခွန်းသလှည့်လေပါ
 ဒီမှာရှင့်တ၀ှမ်း နှင်းရည်ဆမ်း
 ချမ်းကြရဲ့လားရှင်။
 ခို့တရို့
 ဖြူနို့စစ်ပုလဲ ငွေမျှင်ကျဲ
 ယှက်တွဲလို့ရစ်သီ
 ငွေခြည်ငယ်ရက်တွန့် ဇာနားကွန့်
 လူးလွန့်လွန့်ရှစ်ခွင်
 ယဉ်ပါငယ်လေစ နှင်းအလှ
 ကျွန်မခြုံလွှာသိုင်းပေါ့ရှင်။
 တွဲ့တတွဲ့
 ဖြဲ့ဖြဲ့ငယ်နှော ကိုဥသြ
 ဆွတ်မောဖွယ် တေးသီ
 လည်တိုင်ငယ်အဆန့် နှင်းအပျံ့
 မျှော်ငံ့ခဲ့သလို
 ဦးကြိုခွန်းသခိုက် ဆောင်းတေးပိုဒ်
 နားစိုက်လှည့်ပါရှင်
 ယုတယ
 ခွန်းသလှည့်ပါရှင့်  နှင်းအပွင့်
 နွေမ၀င့်ခင်မှာ
 လာခဲ့ရှာပြီကော မြေတကြော
 နွေမစောနဲ့နော်
 သြော်...နေခြည်သာလှ သည်ကာလ
 ကျွန်မသက်တာ ဆုံးလိမ့်ရှင်။
 ထိုကဗျာထဲက “နွေမစောနဲ့နော်”ဆိုသော စာကြောင်းက ကလေးကို အထပ်ထပ်ရွတ်ဆိုနေမိသည်။
ဤသို့ဖြင့် တစ်ခုသောဆောင်းနှောင်းကာလ စောလွန်းလှစွာ ရောက်ရှိလာသောနွေဦး၏တစ်ရက်တွင်...
 ကြံတောသုဿန်ရှိ ဈာပနခန်းမသို့ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီးလာခဲ့ကြသည်။ ကျွန်တော့်ကို မြင်သောအခါ ဆရာမ၏အစ်မ မာမီဆန်းက ဖက်ငိုလေ၏။
 “သားရယ်..ရောဂါသည်းနေတုန်းက သားကို ခဏခဏမေးရှာတယ်”
 နစ်ခနဲ တစ်ချက်ဖြစ်သွား၏။ ကျွန်တော်သည်အခြေအနေအကြောင်းကြောင်းကြောင့် ဆရာမဆီ မရောက်ဖြစ်ခဲ့။
 “ကြည့်ပါဦးကွယ်၊ သားမာမီကို ကြည့်ပါဦး။ အိပ်နေသလိုပါပဲ”
 ဆရာမ၏ရုပ်ကလာပ်ကို ကျွန်တော်သွားကြည့်သည်။ အံ့သြဖွယ်အချင်းအရာကိုမြင်ရ၏။ ဆရာမသည် သေဆုံးနေသူတစ်ယောက်နှင့် လုံးဝမတူပါကလား။ သူ့အသားအရေတို့သည် အသက်ရှိစဉ်ကထက်ပင် ပို၍ ကြည်လင်နေပါကလား။ သူ့မျက်နှာသည် ငြိမ်းချမ်းမှုအတိနှင့်ပါကလား။
 သူ နှုတ်ခမ်းလေးတစ်ဖက်သည် ကွေးရုံမျှကော့တက်နေသည်။ သူတစ်ခုခုပြောကာနီးတွင် ခုလိုပင် လုပ်တတ်သည်။ ဆရာမဘာပြောချင်သလဲ။ သားရယ် မာမီ့အပေါ် စိမ်းကားလိုက်တာ၊ နေနိုင်လိုက်တာ။ မာမီ အသည်းအသန်ဖြစ်နေတုန်းက တစ်ခါလေးတောင် လာကြည့်ဖော်မရဘူး။ ဒီလိုပြောမှာလား။ မဟုတ်ဘူး... မဟုတ်ဘူး။ သူ ကျွန်တော့်ကို ဘယ်တော့မှအပြစ်ပြောမှာမဟုတ်ဘူး။
 ဟိုအရင် နံရံကပ်စာစောင်လုပ်ခဲ့တုန်းက ပြောခဲ့ဖူးသည့်စကားလေးတစ်ခွန်းကို ဖျတ်ခနဲ သတိရသည်။
 “ငါ့သားဟာ ဘာပဲဖြစ်နေနေ မရောက်ရောက်အောင်လာတတ်တယ်။ မယုံရင်ကြည့်နေ”
 ကျွန်တော်တို့တပည့်တွေ ဆရာမကို ကန်တော့ကြသည်။ ကျွန်တော် ငိုလည်းမငို။ မျက်ရည်လည်းမကျ။ သူမကြာခဏပြောလေ့ရှိသော စကားလေးတစ်ခွန်းကိုသာ သတိရနေမိ၏။
 “One Year Can Be A Whole Life Time”
 တစ်နှစ်သည် တစ်သက်စာဖြစ်နိုင်၏။
 လူ့ဘ၀တွင် အသက်ရှည်ရှည်နေရခြင်း၊ မနေရခြင်းသည် ပဓာနမဟုတ်။ အသက်ရှင်နေခိုက် အများအကျိုးကို ဘယ်လောက်ဆောင်ရွက်ခဲ့သလဲဆိုသောအချက်သည်သာ အရေးအကြီးဆုံးဖြစ်လေသည်။

 * * * * *

 ဆရာမသည် ကွယ်လွန်သွားခဲ့လေပြီ။ သို့ရာတွင် ကျွန်တော့်အဖို့တော့ ဆရာမသည် ၀တ္ထုတစ်ပုဒ်ထဲက ကိုယ်အလွန်နှစ်သက်စွဲလမ်းခဲ့သော ဇာတ်ဆောင်လိုဖြစ်နေပေလိမ့်မည်။ ၀တ္ထုထဲက ဇာတ်ဆောင်တစ်ယောက်သည် အချိန်ကာလ၏ပြဌာန်းချက်ကို ကျော်လွန်နိုင်သည်။ နှစ်တွေ ဘယ်လောက် ကြာသည်ဖြစ်စေ ၀တ္ထုတစ်ပုဒ်ထဲက ဇာတ်ဆောင်တစ်ယောက်သည် ဘယ်တော့မှ အသက်ကြီးမသွား။ ၀တ္ထုထဲမှာပါသည့် အသက်အရွယ်အတိုင်းပင် အမြဲရှိသည်။ ထို့အပြင် ဘယ်တော့မှလည်း သေဆုံးကွယ်လွန်သည်ဟူ၍မရှိချေ။

မင်းလူ
၁၉၉၀၊ ဧပြီ
#ကျွန်တော်ချစ်သောစာအုပ်များ မှ


No comments:

Post a Comment