Saturday, February 2, 2019

တစ်ခုခုတော့ တစ်ခုခုပဲ   -  မင်းလူ

                      ရန်ကုန်တက္ကသိုလ် အားကစားထူးချွန်သူများ ဆုနှင်းပွဲတွင် သူ့ကို နောင်စိုး စတင်တွေ့ရှိခြင်း ဖြစ်သည်။ နောင်စိုးက ဂျူဒိုပြိုင်ပွဲတွင် အနိုင်ရသဖြင့် ဆုတက်ယူရသည်။ ဖြူဝင်းမွှတ်က ဆုအဖြစ်ပေးမည့်
လက်ဆောင်ပစ္စည်းများကို လင်ပန်းကလေးနှင့် တင်ပြီး ဆုချီးမြှင့်သူ ပါမောက္ခဆရာကြီးကို
ကမ်းပေးရသည်။ နောင်စိုးသည် သူ့အလှည့်မရောက်ခင် ရှေ့က ဆုယူနေသူများကိုကြည့်ရင်း ဖြူဝင်းမွှတ်ကိုပါ
သတိပြုမိသည်။ ခုလို ဆုပေးပွဲတို့၊ အခမ်းအနားဖွင့်ပွဲတို့မှာ ဖဲကြိုးကိုင်ပေးရသူ၊ လင်ပန်းကိုင်ပေးရသူတို့သည် အချောဆုံး၊ အလှဆုံး မိန်းကလေးများသာ ဖြစ်တတ်သည်။ ခုလည်း လင်ပန်းပေါ်မှာ ဆုလက်ဆောင်ကိုတင်ပြီး လက်ကမ်းပေးနေသူမှာ တော်တော်လှ၏။ ဆံပင်ကို ဂျပန်ဆံထုံး ထုံးထားသည်။ ငုဝါရောင် အပေါ်အောက်ဆင်တူ အဝတ်အ စားနှင့်။

“ခုဆက်လက်ပြီး ဂျူဒိုပြိုင်ပွဲမှာ Aနိုင်ရရှိသူများကို ဆုပေးအပ်မှာ ဖြစ်ပါတယ်”
ကြေညာပြီးနောက် အငယ်တန်းဆုများကို ပေးအပ်သည်။ ထို့နောက် အလတ်တန်း။ နောင်စိုးက
အလတ်တန်းပြိုင်ပွဲမှာ ပထမရသူ ဖြစ်သည်။ နောင်စိုးနာမည် ကြေညာတော့ စင်မြင့်ပေါ် တက်သွားသည်။ ဆရာကြီးဆီက ဆုကို လှမ်းယူရင်း ဖြူဝင်းမွှတ်ကို တစ်ချက်ခိုးကြည့်သည်။ ထိုစဉ်အခိုက်မှာပင် ဓာတ်ပုံဆရာက ဖျတ်ခနဲ ရိုက်ယူလိုက်လေသည်။ ဓာတ်ပုံထဲမှာ နောင်စိုးက ဖြူဝင်းမွှတ်ကို လှမ်းကြည့်နေပုံကြီး ပါသွားမှာ
သေချာသည်။ ထိုဓာတ်ပုံကို မြင်သောအခါ ဖြူဝင်းမွှတ်က “တော်တော်ငမ်းတဲ့ကောင်” ဟု မှတ်ချက်ချသည်။
နောင်စိုးကတော့ ဖြူဝင်းမွှတ်ကို စိတ်ဝင်စားမိပြီ။ ဒီလောက်လှသည့် ကောင်မလေး။ အတန်းချင်း
မတူသော်လည်း ဘာသာရပ်ချင်း အတူတူတက်နေသည့် ကောင်မလေး။ ဒါကို အရင်က
သတိမပြုမိခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ်တောင် မကျေနပ်ချင်။

              ဘာပဲဖြစ်ဖြစ် အချိန်မနှောင်းသေး။ ဖြူဝင်းမွှတ်မှာ တွဲနေသူ မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
နောင်စိုးသည် နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သောကြောင့် ကျောင်းပြီးဖို့ အချိန်သိပ်မလိုတော့။ ထို့ကြောင့်
အမြန်ဆုံး အကောင်အထည်ဖော်မှ ဖြစ်မည်။ နောင်စိုးက ဖြူဝင်းမွှတ်ကို ဝင်ရောဖို့ ကြိုးစားသည်။ ဖြူဝင်းမွှတ်က အရောမခံ။ ထို့ကြောင့် နောင်စိုးသည် ဖြူဝင်းမွှတ်ကို အတင်း စကားလိုက်ပြောလေတော့သည်။ ဖြူဝင်းမွှတ်ကလည်း စိတ်ဆိုးမာန်ဆိုးနှင့် ပြန်ပြောလွှတ်လိုက်သည်ချည်းပင် ဖြစ်သည်။
နောင်စိုးကလည်း ဇွဲမလျှော့။ ဖြူဝင်းမွှတ်က ဘယ်လောက် ဒေါသဖြင့်ပြောပြော နောက်မဆုတ်တမ်း
ဆက်လိုက်နေသည်ပင် ဖြစ်သည်။ သူငယ်ချင်းတွေကတောင်..
“ငါသာ ဖြူဝင်းမွှတ်နေရာမှာဆိုရင် မင်းကို ဇွဲဆုလောက်တော့ ပေးမိမှာပဲကွာ” ဟု ချီးကျူးကြရသည်အထိ။
ကြာတော့လည်း ဖြူဝင်းမွှတ် စိတ်မဆိုးနိုင်တော့။ နောင်စိုး၏ဇွဲကို အသိအမှတ်ပြုလာရသည်။
သူငယ်ချင်းတစ်ယောက်လို လက်ခံစကားပြောလာသည်။ နောင်စိုး၏ အချစ်ကိုတော့ လက်မခံသေး။
ခေါင်းခါနေဆဲပင် ဖြစ်သည်။ နောင်စိုးကလည်း အခွင့်အရေးရလျှင် ရသလို နားပူနားဆာ လုပ်နေဆဲ။

“ကျွန်တော့်ကို ခုထိ လက်မခံနိုင်သေးဘူးလားဟင်” ဟု နောင်စိုးက မေးသည်။

ဖြူဝင်းမွှတ်က....
“ခက်ပါလား.. လက်မခံနိုင်ပါဘူးလို့ ကျွန်မ အထပ်ထပ်အခါခါ ပြောထားပြီးပြီပဲ၊ သူငယ်ချင်းအဖြစ်ပဲ
နေကြရအောင်လို့”
“သူငယ်ချင်းအဖြစ်ထက် ပိုမှ ဖြစ်မယ်ဆိုရင်ကော”
“ကျွန်မကတော့ မပိုနိုင်ဘူးလေ”
“ကျွန်တော် တစ်ခု မေးပါရစေ၊ ကျွန်တော့်မှာ မဖြူ လက်မခံနိုင်တဲ့ ချွတ်ယွင်းချက်များ ရှိနေလို့လား”
ဖြူဝင်းမွှတ် ခဏစဉ်းစားသည်။
“ရှိတယ် ဆိုပါတော့”
ဟု ပြောသည်။ နောင်စိုးက..
“အဲဒီ ချွတ်ယွင်းချက်ကို ပြောပါလား၊ ကျွန်တော် ပြုပြင်ပါ့မယ်”
“ကျွန်မ မပြောချင်ဘူး”
“မပြောရင် ကျွန်တော်က ဘယ်လိုလုပ် သိနိုင်မှာလဲ”
 “ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကို သူများပြောပြမှ သိရတာထက် ကိုယ့်ဘာသာကိုယ် သိတာက ပိုမကောင်းဘူးလား”
ဖြူဝင်းမွှတ်ပြောတာ သဘာဝကျနေသဖြင့် နောင်စိုး အတင်းအကျပ် မမေးတော့။
သူ့ချွတ်ယွင်းချက်က ဘာပါလိမ့်ဟု နောင်စိုး စဉ်းစားသည်။ လူတစ်ယောက်မှာ ချွတ်ယွင်းချက်ဆိုတာတော့
ရှိတတ်စမြဲပင်။ တစ်ခါတစ်ရံ လူတစ်ယောက်နှင့် တစ်ယောက် အမြင်ချင်းမတူဘဲ ဖြစ်နေတတ်သည်။
ဥပမာ.. ဆေးလိပ်သောက်သည့် ကိစ္စ။
အဲ.. ဟုတ်ပြီ။ ဥပမာအဖြစ် စဉ်းစားကြည့်ရာမှ သူ့ချွတ်ယွင်းချက်ကို မြင်လာသည်။ ဟိုတစ်နေ့က
ဖြူဝင်းမွှတ်နှင့် စကားပြောနေတုန်း စီးကရက်သောက်မိသည်။ မီးခိုးငွေ့တွေက ဖြူဝင်းမွှတ်မျက်နှာနား
ဝဲသွားသည်။ ဖြူဝင်းမွှတ်က နှာခေါင်းရှုံ့ပြီး မနှစ်သက်ဟန်ပြသည်။ ဆေးလိပ်သောက်တာကို ဖြူဝင်းမွှတ်
ကြိုက်ဟန်မတူချေ။
သူ ဆေးလိပ်ဖြတ်လိုက်သည်။ အစကတည်းက သိပ်စွဲစွဲလမ်းလမ်းသောက်ခဲ့သူ မဟုတ်သဖြင့် အခက်အခဲ
မရှိဘဲ ဖြတ်နိုင်သည်။
“ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ”
ဟု သူက ပြောသည်။ ဖြူဝင်းမွှတ်က..
“ဟုတ်လား.. ကောင်းတာပေါ့” ဟု သိပ်အရေးမကြီးသလို ခပ်အေးအေးပြောသည်။
“ကျွန်တော့်ရဲ့ ချွတ်ယွင်းချက်ဆိုတာ အဲဒါကိုပြောတာ မဟုတ်လား”
“ဒါလောက်ကတော့ သိပ်ပြောစရာလိုတဲ့ကိစ္စ မဟုတ်ပါဘူး၊ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်လောက်က ဆေးလိပ်သောက်ကြတာပဲဟာ”
ဟု ဖြူဝင်းမွှတ်က ပြော၏။

စဉ်းစားရပြန်ပြီ။ ယောက်ျားလေး တော်တော်များများဟာ ဆေးလိပ်သောက်တတ်ကြတာပဲဆိုတော့
တော်တော်နည်းနည်းက ဘာလုပ်ကြသလဲ။ မူးယစ်ဆေးဝါး ပြဿနာကတော့ သူ့အတကွ် ပြောစရာမလို။
သူ လုံးဝ ဝါသနာမပါသော ကိစ္စ။
အရက်.... နောင်စိုးသည် တစ်ခါတလေ အပေါင်းအသင်းတွေနှင့်ဆုံလျှင် နည်းနည်းပါးပါး
သောက်တတ်သည်။ မိန်းကလေးဆိုတာက အရက်သေစာ သောက်စားခြင်းကို လုံးဝ မကြိုက်တတ်ချေ။
ဒါပဲ ဖြစ်ရမည်။ ထို့ကြောင့်....
“ကျွန်တော် တစ်ခါတလေ နည်းနည်းပါးပါး အရက်သောက်တတ်ပါတယ်”
ဟု ပြောလိုက်သည်။ ဖြူဝင်းမွှတ်က..
“ဟုတ်လား.. ကျွန်မက မသောက်တတ်ဘူး ထင်နေတာ”
ဟု ဆိုသည်။
“ဟိုက်.. သွားပြန်ပြီ” ဟု နောင်စိုး စိတ်ထဲက ရေရွတ်သည်။ ပြောပြီးမှတော့ မထူးပြီ။
 “ခု ကျွန်တော် မသောက်တော့ပါဘူး”
“ကောင်းပါတယ်လေ.. ကျွန်မဖေဖေကတော့ ခုထိ ထမင်းစားခါနီး တစ်ခွက်လောက် သောက်တတ်တုန်းပဲ”
နောင်စိုးသည် သူ့နဖူးသူ စိတ်ကူးနှင့် ရိုက်လိုက်လေသည်။

ဘာကျန်သေးလဲ.. ဘာကျန်သေးလဲ။ နောင်စိုး အပြင်းအထန် စဉ်းစားသည်။ စဉ်းစားသူတို့ ထုံးစံအတိုင်း
မေးစေ့ကို ပွတ်မိသည်။ မုတ်ဆိတ်မွှေး ကျိုးတိုးကျဲတဲကို စမ်းမိ၏။
ကြည့်စမ်း.... ဒါကို အရင်က သတိမထားမိခဲ့ပါလား။ နောင်စိုးသည် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး
မှန်မှန်ရိတ်တတ်သူ မဟုတ်။ အဝတ်အစားဆိုလည်း ဖြစ်သလို ဝတ်လေ့ရှိသည်။ ချွတ်ယွင်းချက်ဆိုတာ ဒါပဲ
ဖြစ်ရမည်။
သူသည် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများ ရိတ်သည်။ တစ်လက်စတည်း ဆံပင်ပါ ညှပ်သည်။ အဝတ်အစား
သပ်သပ်ရပ်ရပ် ဝတ်သည်။
သူ့ကိုတွေ့သောအခါ ဖြူဝင်းမွှတ်က..
“ရုတ်တရက် မှတ်တောင် မမှတ်မိဘူး၊ လူတောင် မှားတယ်”
ဟု ပြောသည်။ နောင်စိုး တော်တော်ကျေနပ်သွားသည်။
“ကျွန်တော်လည်း ကိုယ့်ချွတ်ယွင်းချက်ကို ကိုယ်သိလို့ ပြင်လာခဲ့တာပါ၊ နောက်ကိုလည်း ခုလိုပဲ
သပ်သပ်ရပ်ရပ် နေသွားဖို့ ဆုံးဖြတ်ထားတယ်လေ”
ပြောပြီး ဖြူဝင်းမွှတ်ကို အကဲခတ်ကြည့်သည်။ ဖြူဝင်းမွှတ်က ဘာမျှ ထူးခြားဟန် မပြချေ။ ထို့ကြောင့်....
“ကျွန်တော့်ရဲ့ ချွတ်ယွင်းချက်ကို ပြုပြင်ပြီးပြီလေ၊ ဖြူဝင်းမွှတ်ဘက်က အဖြေပေးဖို့ပဲ ကျန်တော့တယ်”
ဖြူဝင်းမွှတ်က နားမလည်ဟန်ဖြင့်....
“ချွတ်ယွင်းချက် ဟုတ်လား”
“ဟုတ်တယ်လေ.. ကျွန်တော့်ရဲ့ ချွတ်ယွင်းချက်ဆိုတာ ဒါပဲ မဟုတ်လား”
ဖြူဝင်းမွှတ် ခေါင်းခါသည်။ နောင်စိုး မချင့်မရဲ ဖြစ်ရသည်။
“ဘယ်လိုလဲဗျာ.. ကျွန်တော်တော့ ကိုယ့်ဟာကိုယ် မစဉ်းစားတတ်တော့ဘူး၊ ကျန်ွတော့်ရဲ့
ချွတ်ယွင်းချက်ဟာ ဘာလဲဆိုတာ မဖြူပဲ ပြောပြပါတော့”
ဖြူဝင်းမွှတ်က မပြော။
“ပြောလိုက်ပါဗျာ.. ကျွန်တော့်အဖို့ အဲဒါ မသိရမချင်း နေလို့ထိုင်လို့ရမှာ မဟုတ်ဘူး”
“ကျွန်မ မပြောချင်ဘူး၊ မပြောတာပဲ ကောင်းပါတယ်”
“ဘာဖြစ်လို့ မပြောချင်ရတာလဲ”
“ပြောလိုက်လို့လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး၊ အဲဒီ ချွတ်ယွင်းချက်ဆိုတာ ပြင်လို့ရနိုင်တာမျိုး
မဟုတ်ဘူး”
“ဘာဖြစ်လို့ မရနိုင်ရမှာလဲ၊ ဘယ်လို ချွတ်ယွင်းချက်မို့လို့လဲ၊ ပြောသာပြောလိုက်ပါ မဖြူ၊ အဲဒါသိရမှ
ဖြစ်မယ်”
ဖြူဝင်းမွှန်က သက်ပြင်းချလိုက်ပြီး....
“ကောင်းပြီလေ.. ပြောမှဖြစ်မယ် ဆိုရင်တော့ ပြောရမှာပေါ့၊ ကျွန်မ အားလည်းနာပါတယ်၊ ကိုနောင်စိုးကို
ကျွန်မ လက်မခံနိုင်တဲ့ အဓိကအကြောင်းကတော့ ကိုနောင်စိုးက အရုပ်ဆိုးလို့ပါပ”ဲ
“ဗျာ”
နောင်စိုးတစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားသည်။ ရှက်စိတ်ကြောင့် မျက်နှာရဲခနဲ ဖြစ်သွားသည်။ ချက်ချင်းပင်
အရှက်မှသည် ဒေါသသို့ ကူးပြောင်းသွားသည်။
“ဒါ.. ဒါ ခင်ဗျား ကျွန်တော့်ကို သက်သက်စော်ကားတာပဲ”
“ကျွန်မ အမှန်အတိုင်း ပြောတာ”
“ဟုတ်ပါတယ်ဗျာ၊ ကျွန်တော် အရုပ်ဆိုးတယ်ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော် သိပါတယ်၊ ဒါဆို
အစကတည်းက ကျွန်တော် အရုပ်ဆိုးလို့ မချစ်နိုင်ဘူးလို့ ပြောလိုက်ပါလား၊ ဘာကြောင့်
ကိုယ့်ချွတ်ယွင်းချက်ကို ကိုယ့်ဘာသာ စဉ်းစားကြည့်ပါလား ဆိုပြီး ညှဉ်းထားရတာလဲ၊ လူတစ်ယောက်ရဲ့
အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘာလို့ အရူးလုပ်ချင်ရတာလဲ”
နောင်စိုး ပြောရင်းက အသံတွေ တုန်လာသည်။ ရှက်လည်း ရှက်သည်။ ဒေါသလည်း ဖြစ်သည်။
“ဒီမှာ မဖြူဝင်းမွှတ်၊ တစ်နေ့နေ့မှာ ခင်ဗျား ပြန်ပြီး ဝဋ်မလည်ပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်၊
ဒါပါပဲ”
နောင်စိုး ချာခနဲ လှည့်ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ သူ့ကိုယ်သူ မှန်ထဲမှာကြည့်သည်။ အသားက မည်းမည်း၊ ဆံပင်က ကျဲကျဲ၊
မျက်လုံးပြူးပြူး၊ နှာခေါင်းပြားပြား၊ ပါးစပ်ပြဲပြဲ၊ မျက်နှာမှာ ဝက်ခြံတွေ ဗရပျစ်နှင့်၊ နောင်စိုး သူ့မျက်နှာကို
လက်ဝါးနှင့် အုပ်ထားလိုက်မိသည်။

ဖြူဝင်းမွှတ်သည် တကယ်ပင် ဝဋ်လည်ခဲ့လေသည်။
မကြာခင်မှာပင် သူ့ကို အိမ်က သဘောတူထားသူ တစ်ယောက်နှင့် စေ့စပ်လိုက်ရသည်။
ထိုသူမှာ နောင်စိုးထက် မသာတောင် တန်းတူလောက်တော့ အရုပ်ဆိုးလေသည်။ သူကတောင် တစ်ချက်
ပိုဆိုးနေသေးသည်။ သူ့အသက်က ဖြူဝင်းမွှတ်ထက် ဆယ်နှစ်လောက် ပိုကြီးခြင်းပင် ဖြစ်သည်။
သူက ဖြူဝင်းမွှတ်ကို ညနေတိုင်း ကားကလေးဖြင့် ကျောင်းလာကြိုသည်။ သူတို့နှစ်ယောက်
တွဲလျှောက်သွားလျှင် ဘယ်လိုမှ ကြည့်လို့အချိုးမပြေ။ ရုပ်ရည်ချင်း၊ အသက်ချင်း ကွာခြားရသည့်ကြားထဲ
ဟိုလူက ဖြူဝင်းမွှတ်ကို ရလိုက်သဖြင့် မြောက်ကြွမြောက်ကြွ ဖြစ်နေသည်။ ခပ်ထောင်ထောင် ဖြစ်နေသည်။

နောင်စိုးနှင့်ပတ်သက်ပြီး မခံမရပ်နိုင် ဖြစ်နေကြသော သူငယ်ချင်းများသည် ဟိုလူက
ထောင့်မကျိုးသောအခါ ပို၍ ခံပြင်းကြလေသည်။ ထို့ကြောင့် ဟိုလူနှင့် ဖြူဝင်းမွှတ်တို့
တွဲလျှောက်လာသည်ကို မြင်လျှင် မကြားတကြား နောက်ပြောင်ကြသည်။ ထေ့ကြ ငေါ့ကြသည်။
“ပပဝတီကို မင်းကုသလက်ထဲက ဒဿဂီရိက ပန်းရထားနဲ့ ခိုးပြေးတဲ့ ဇာတ်လမ်းပေါ့ကွာ”
“ပန်းရထား မဟုတ်ပါဘူးကွ၊ ဖင်မလီယာကားပါ”
“ဒဿဂီရိကလည်း ဦးလေးအရွယ်လောက် ရှိတယ်နော်”
စသည်ဖြင့်။
ထိုအခါမျိုးတွင် ဖြူဝင်းမွှတ်သည် မျက်နှာမဖော်ရဲအောင် ရှက်နေသည်။ ခေါင်းကိုသာ အတွင်သား
ငုံ့ထားရသည်။ ထိုနောက်ပိုင်းတွင် ဖြူဝင်းမွှတ်၏ အခန်းကဏ္ဍသည် တက္ကသိုလ်နယ်မြေထဲမှာ
မှေးမှိန်လာသည်။ ဘွဲ့ရပြီးသည်အထိ ခပ်ကုပ်ကုပ်ကလေးပင် နေသွားရရှာသည်။ နောက်တော့ မိဘတွေ
စီစဉ်သည့်အတိုင်း ဟိုလူကြီးကိုပင် လက်ထပ်လိုက်ရလေသည်။

နောင်စိုးသည် ဖြူဝင်းမွှတ်ကို စိတ်နာသည်။ သူငယ်ချင်းတွေက သူ့ဘက်မှနာပြီး ဖြူဝင်းမွှတ်ကို ကဲ့ရဲ့
ရှုတ်ချကြသည့်အတွက် သိပ်ပြီး ကျေနပ်အားရခြင်း မဖြစ်လှချေ။ အရုပ်ဆိုးတာချင်း အတူတူ သူက
အရှုံးပေးလိုက်ရသည့် အတွက်သာ ပိုပြီးခံစားရသည်။ သြော်.. ဟိုလူက အရုပ်ဆိုးပေမယ့် စီးလာတဲ့
ကားကလေးက လှတာကိုး။
နောင်စိုးသည် ဖြူဝင်းမွှတ်ကို မဆုံမိအောင် ရှောင်သည်။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက်
နေနိုင်ခဲ့လေသည်။ ဖြူဝင်းမွှတ်ပြောခဲ့သော သူ့ချွတ်ယွင်းချက် ဆိုတာကိုဖြင့် ဘယ်တော့မှမမေ့။
နောင်စိုး ဘွဲ့ရပြီး နောက်တစ်နှစ်ခန့်အကြာတွင် အလုပ်ရသည်။ သူ၏ ကြိုးစားမှုကြောင့်
သုံးလေးနှစ်အကြာတွင် အရာရှိငယ်ကလေး ဖြစ်လာသည်။ ထို့နောက် နိုင်ငံခြားကို လေ့လာရေးအဖြစ်
လေးလသွားရသည်။ ပြန်လာတော့ ပတ်ဗလစ်ကာ ကားလေးတစ်စီး ပါလာသည်။
                  နှစ်ဖက်မိဘချင်း ခင်မင်နေသော မိန်းကလေးတစ်ယောက်နှင့် နေရာချထားပေးရန် လူကြီးတွေက စီစဉ်သည်။ မိန်းကလေးက တော်တော်လှသည်။ အသက်လည်း ငယ်သည်။ ခုမှ စီးပွားရေးတက္ကသိုလ်မှာ ဒုတိယနှစ်ပဲ ရှိသေးသည်။
              နောင်စိုးက ညနေတိုင်း ကားကလေးနှင့် ကျောင်းသွားကြိုသည်။ မိုးဆိုသော ထိုမိန်းကလေးမှာ ချစ်သူများ ရှိခဲ့ဖူးလေမလား။ သို့တည်းမဟုတ် အရုပ်ဆိုးသော ကောင်လေးတစ်ယောက်၏ ချစ်ရေးဆိုခြင်းကို
ခံခဲ့ရလေမလား။ မိုးက ထိုကောင်လေးကို “ရှင်က အရုပ်ဆိုးလို့ မချစ်နိုင်ဘူး” ဟု ဆိုခဲ့လေမလား။ မိမိနှင့်
မိုးတို့ တွဲလျှောက်သွားသည်ကို မြင်လျှင် ကျောင်းသားငယ်များက သမီးရည်းစားလို့များ နောက်ကွယ်မှာ
စကားတင်းဆိုကြလေမလား။

နောင်စိုးသည် ဖြူဝင်းမွှတ်ကို အထူးသတိရမိလေသည်။

မင်းလူ

No comments:

Post a Comment