Saturday, February 2, 2019

" ကြက်တူရွေး  "
===========

                                                  #နေဝင်းမြင့်

ကိုကျောက်တုံး လူစင်စစ်က ကြက်တူရွေးဖြစ်သွားတယ်ဆိုတော့ လာကြည့်ကြတဲ့သူတွေ မနည်းဘူး။ တကယ့်လူ့ဘဝစစ်စစ်ကနေ ကြက်တူရွေးစိမ်းစိမ်းတစ်ကောင် ချက်ချင်းဖြစ်သွားတာတော့ မဟုတ်ဘူး။ နှုတ်သီးနီနီ၊ ကိုယ်လုံးစိမ်းစိမ်းနဲ့ ငှက်ပေါက်စလးတစ်ကောင် ချက်ချင်းပြောင်းသွားတာလည်း မဟုတ်ဘူးပေါ့လေ။

လူကတော့ လူပါပဲ။ အသားအရည်က ပြာတာတာဖြစ်လာတာရယ်၊ နှုတ်ခမ်းက ရှေ့ကို နည်းနည်းထော်ထွက်လာတာကို ကြည့်ပြီး ပြောကြတာ။ အသိသာဆုံးက အသံ လုံးဝပြောင်းသွားတာပါပဲ။ ဂစ်ဂစ်ဂဲဂဲနဲ့ လူစကား မပြောတော့တာမျိုး။ လူသံသူသံနဲ့ လုံးဝမတူတော့တာလည်း မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ။ အသံပြောင်းသွားတာ။ အစ်တစ်တစ်၊ စူးဩဩ ပြောင်းသွားတာ။ သည့်ထက်သိသာတာကတော့ စကားကို နှစ်ထပ်နှစ်ထပ် ပြောတတ်တာပါပဲ။ သည်အချက်တွေကိုကြည့်ပြီး လူတွေက ကိုကျောက်တုံး ကြက်တူရွေးဖြစ်သွားပြီလို့ ပြောကြတာပါ။ ကျန်တာကတော့ လူလိုဝတ်တာရယ်၊ လူလိုစားတာရယ် ( ငရုတ်သီးတော့ ကြိုက်သွားတာသိသာတယ် )၊ လူလိုပဲ သွားတာလာတာကလည်း အရင်အတိုင်းပါပဲ။ ပြီးတော့ ကြက်တူရွေးရယ်လို့ လှောင်အိမ်နဲ့နေတာမျိုးတော့လည်း မဟုတ်ဘူးပေါ့လေ။

***********************

တရားခံက ကိုကျောက်တုံးသား သံခဲက စတာ။ သံခဲက သုံးနှစ်ပဲရှိသေးတဲ့ကောင်။ ပြီးတော့ သည်ကောင်က တစ်ယောက်တည်းရှိတဲ့သား။ စကားကလည်း တတ်တာ မပြောနဲ့တော့။ ဂျီကျလိုက်တာလည်း အရမ်းပဲ။ ပစ္စည်းတစ်ခု လိုချင်ပြီဆိုရင်လည်း မရမနေ ဇွဲခတ်နေတဲ့ကောင်။

သံခဲကိုမွေးတော့ လင်မယားနှစ်ယောက်စလုံး ချစ်လိုက်ကြတာ ဘာပြောကောင်းမလဲ။ လင်ရယ်၊ မယားရယ်လို့ ရှာထားတဲ့စီးပွားလေးကလည်း ဘာပဲပြောပြော အဆင်ပြေနေလေတော့ သားသမီးလိုချင်လာရောဆိုပါတော့။ ဒါပေမဲ့ မရဘူး။ ညားပြီး လေး, ငါးနှစ်မှာကိုပဲ မရသေးဘူး။ ကိုကျောက်တုံးကပဲ မှားနေသလား။ တစ်ခုခု လွဲနေသလား။ သူ့မယားမတရုတ်မကပဲ လွဲနေသလားဆိုတာတော့ ဘုရားသခင်မှ သိမှာပေါ့လေ။ 

ဒါပေမဲ့ သူတို့နှစ်ယောက်မှာ တူတဲ့အချက်က ကလေး လိုချင်တာပဲ။ ဘိုးတော်ဆိုလည်း ပင့်လိုက်တာပဲ။ သိဒ္ဓိရှင်ဆိုလည်း သူတို့အိမ် ကြွပြီးပြီ။ ဘုန်းကြီးရဟန်းများလည်း ပင့်လို့၊ ဖိတ်လို့၊ ဆွမ်းလေးကျွေးလို့။ တရားလေးနာလို့။ ပရိတ်နာတာကလည်း ခဏ ခဏ။ ရုက္ခစိုးစွမ်းတယ်ဆိုတဲ့ ညောင်ပင်မှာလည်း ပန်လိုက်ရတဲ့သားဆု။ ရမယ့်ရတော့လည်း အလွယ်လေး။ ဘယ်လိုကဘယ်လို ရမှန်းမသိဘူး။ ဆံဖျားကနေ ခြေဖျားအထိ ကန်တော့ပါရဲ့။ မတရုတ်မ မိန်းမသဘာဝ ဥတုပန်းမပွင့်တဲ့လမှာ ဆေးခန်းသွားပြတော့ ဆေးခန်းက သူ့ဆီးကို ပုလင်းထဲ ထည့်ယူထားပြီး နောက်နေ့ကျ တစ်ခွန်းပဲ ပြောတယ်။ " ပေါ့စတစ် " တဲ့။ စာရွက်လေးတစ်ရွက်လည်း ပေးတယ်။ လင်မယားနှစ်ယောက်လုံး ဆေးခန်းကသာ ငွေ ၅၀ ပေးပြီး ပြန်လာရတယ်။ သည်ပေါ့စတစ်ဆိုတာ ဘာမှန်းမသိဘူး။ ဆေးခန်းအပြင်ရောက်မှ မတရုတ်မက သူ့ယောက်ျားကိုကျောက်တုံးကို အထဲ ပြန်လွှတ်တယ်။ သေချာအောင် မေးပါဦးပေါ့။ ဘာပြောတာလဲပေါ့လေ။ ကိုကျောက်တုံးကလည်း မယားက လွှတ်လို့သာကိုး။ သူလည်း မမေးရဲဘူး။ ဒါပေမဲ့ သူလည်း သိချင်တယ်။ သည်တော့ ဆေးခန်းက စာရွက်ထုတ်ပေးတဲ့လူကို ဝင်မေးရတော့တာပေါ့။ ဆရာဝန်တော့ မဟုတ်ဘူး။ ဆေးခန်းစာရေးနဲ့ တူပါတယ်။

" ဆရာကြီး ပေါ့စတစ်ဆိုတာ ဘာလဲခင်ဗျ "

" ပေါ့စတစ်ဆိုတာ ပေါ့စတစ်ပါပဲ။ ဘာမှမဟုတ်ပါဘူး "

သောက်ကျိုးနဲ။ ပေါ့စတစ်မသိလို့ မေးကာမှ ပေါ့စတစ်ဆိုတာ ပေါ့စတစ်ပါပဲဆိုတော့ ကိုကျောက်တုံး တော်တော်စိတ်ညစ်သွားသည်။ ဘာလဲဟ....ပေါ့။ သူ့မိန်းမ မတရုတ်မက မေးတော့ သူလည်း ကြောင်တောင်တောင်ရယ်။

" မသိပါဘူးဟာ။ ပေါ့စတစ်ပဲတဲ့ "

" တော်စမ်းပါ။ တော်ဟာလေ၊ မှန်း .....ကျုပ်ဝင်မေးမယ် "

မတရုတ်မ မေးတော့မှ ရှင်းတော့တယ်။

" ဆရာလေး ကျုပ်မယ် ကိုယ်ဝန်ရှိသလား သိချင်တာ "

" ရှိတယ်လေ၊ ပေါ့စတစ်ပါဆိုမှ "

" ဟို..သေချာရဲ့လား ဆရာလေးရယ် "

" ခက်ပါ့ဗျာ၊ ပေါ့စတစ်လေ "

အဲသည်ပေါ့စတစ်နဲ့ပဲ လင်မယားနှစ်ယောက် ပြန်လာရတယ်ဆိုပါတော့။

" ဟန်ကျသဟာ။ ရမယ့်ရတော့လည်း ပေါ့စတစ်နဲ့ ရတာဟ။ ဒီပေါ့စတစ်ဆိုတဲ့ကောင် ဘယ်ကရောက်လာတာလဲ။ ငါတော့ ဝမ်းသာသကွာ "

 " ဟုတ်မှဟုတ်ရဲ့လားမသိဘူး ကိုကျောက်တုံးရယ်။ တော်ကြာ လူမမွေးပဲ ပေါ့စတစ်ဆိုတာများ မွေးနေဦးမှာလား "

" ပေါက်ကရဟာ။ မွေးလာတဲ့ကောင်တော့ ကောင်ထီးဖြစ်ဖြစ်၊ ကောင်မဖြစ်ဖြစ် ပေါ့စတစ်လို့ နာမည်ပေးလိုက်မယ် "

ဘာပဲပြောပြော ဝမ်းသာတာပါပဲ။ တကယ်ပဲ ဗိုက်ကလေးထွက်လာတော့ ဘာပြောကောင်းမလဲ။ ကိုကျောက်တုံးက သီချင်းတအေးအေးနဲ့။ မတရုတ်မကလည်း ပုဆိုးပိုင်းတွေ ဖွတ်လို့၊ စုလို့၊ အနှီးလုပ်ဖို့။ ညဘက်ဆို ကိုကျောက်တုံးက သူ့မိန်းမဗိုက်စူစူကို ပွတ်ရင်း သီချင်းပါဆိုတတ်သေးတယ်။

****************************

ဒီလိုနဲ့ သံခဲကို မွေးတယ်။ ကျန်းမာအောင်လို့ဆိုပြီး သံခဲလို့ကို နာမည်ပေးခဲ့တာ။ ချစ်တယ်။ တုန်နေအောင်ကို ချစ်ကြတာ။ အလိုလိုက်ကြတယ်။ သူများနဲ့ မတူအောင်ကို အလိုလိုက်ကြတာ။ တကယ်တော့ သူတို့လင်မယားလည်း  ချမ်းသာတာတော့ မဟုတ်ဘူး။ ဝက်ဆီဖတ် ရောင်းစားရတာ။ အင်းစိန်ကမ်းနားက ဝက်ဆီဖတ်ဖိုမှာ ဝက်ဆီဖတ် တစ်ဆင့်ယူရောင်းရင်းက အသက်မွေးရတာ။ ဒါပေမဲ့ ပြောခဲ့ပါပကော။ သားလေးလည်း မွေးရော။ ကိုကျောက်တုံး နှစ်ဆ အလုပ်လုပ်တယ်။ မတရုတ်မကလည်း သားယောက်ျားလေးမွေးတာဆိုတော့ " ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှင့်လိုသည့်ဘဝ " ဆိုတဲ့ဖိတ်စာ ရိုက်ချင်နေပြီကိုး။ သည်တော့ သူလည်း ကြိုးစားတာပါပဲ။

သံခဲကလည်း မွေးကတည်းက မိဘနှစ်ပါး တစ်စက်ကလေးမှ မအိပ်ရအောင် သူငယ်နာ ကြံ့ဗဟုန်းရော၊ မှက္ခရုရောဂါ၊ လေဆန်နာရောဂါ၊ နေ့နဲ့ ညမှားတာရော၊ ကျောပူ၊ ခေါင်းပူထတာရော၊ လေထိုးလေအောင့်ရော စုံနေတဲ့အကောင်ဆိုတော့ နာမည်ကသာ သံခဲ။ လူက တစ်တောင်သာသာ ဝါးခြမ်းပြားလောက်က မတက်ဘူး။ တော်တန်ရုံ ငတ်မွတ်ခေါင်းပါးခြင်းသတင်းဓာတ်ပုံကို ဆိုမာလီသွားရိုက်စရာမလိုဘူးဆိုတဲ့ကောင်။

ဂျီတိုက်တာလည်း အရမ်းပဲ။ ဒါဆို ဒါမှ။ ဟိုဟာ မရဘူး။ ဒါစားချင်တယ်ဆိုရင် ညကြီးသန်းခေါင်ပေမယ့် လုပ်ပေးပဲ။ ညဘက် ဂစ်တာခေါက်ချင်တယ်ဆိုလို့ ရပ်ကွက်ထဲ လိုက်ငှားပေးရတာ ခဏ ခဏ။ လူကသာ သုံးနှစ်သား။ စကားက တတ်လိုက်တာ။ မအေ့ဝမ်းထဲ လေး ငါးနှစ်အောင်းလာတဲ့ကောင်ဆိုတော့ ဘာတတ်သလဲ မမေးနဲ့ဆိုတဲ့အထဲက။ တစ်ခါက  ညဘက် ထမင်းဝိုင်းမှာ ခါးပိုက်နှိုက်အကြောင်း ပြောကြတော့ သံခဲက နားစွန်နားဖျားကြားပြီး ခါးပိုက်နှိုက်ကို ကြည့်ချင်တယ်။ ခေါ်ပေးရမယ်လုပ်ရော။ ပြဿနာတက်တော့တာပေါ့။ ကိုကျောက်တုံးက ခါးပိုက်နှိုက် ငါကိုယ်တိုင်ပဲဆိုပြီး အမူအရာနဲ့ လုပ်ပြတော့မှ ငြိမ်တော့တယ်။ တစ်ခါကလည်း နေ့လည်ဘက်ကြီး တစ်ဖက်အိမ်က ဝန်ထမ်းလင်မယားက ဂျီအီးစီမှာ ပစ္စည်းထုတ်ရတာ၊ တန်းစီရတာ မသက်သာဘူး ဘာညာလာပြောတာ မှတ်ထားပြီး ညဘက် ဂျီအီးစီစားချင်တယ်လုပ်ရော။

" ဟာ .. ဂျီအီးစီက စားစရာမဟုတ်ဘူးကွ "

" စားမယ်။ စားမယ် .. ဝယ်ပေး "

နားညည်းသက်သာအောင် ဈေးက ပလာတာဝယ်ပေးတော့ "  ဒါ ပလာတာကြီး " တဲ့။ " ဂျီအီးစီ မဟုတ်ဘူး "တဲ့။ ကြာတော့ ကိုကျောက်တုံးလည်း ဒေါကန်လာရော။

" ဟေ့ကောင် မင်းမပြောနဲ့။ ငါလည်း မြင်ဖူးတာမဟုတ်ဘူး။ မဟုတ်တာ ဂျီမကျနဲ့ " 

မရပါဘူး။ လူးလှိမ့်ပြီးငိုတော့ ကိုကျောက်တုံး ဘီစကစ်တစ်ထုပ် သွားဝယ်ပေးရတယ်။ သံခဲကလည်း ဘာရမလဲ။ ဒီလောက်တော့ သိတာပေါ့။ ဒါ .. ဘီစကစ်ကြီးလုပ်ပြန်ရော။ သည်တော့ မတရုတ်မက " ဒါ ဂျီအီးစီဘီစကစ်လေ " ဆိုတော့မှ အငိုရပ်တယ်။ သံခဲက အဲလိုကောင်။

တစ်နေ့ မတရုတ်မ အိမ်မှာ မရှိဘူး။ ကိုကျောက်တုံးကလည်း ဝက်ဆီဖတ်သွားယူရတော့မယ်။ " မထူးပါဘူး။ လိုက်ခဲ့ကွာ " ဆိုပြီး ကမ်နားက တရုတ်ဝက်ဆီဖတ်ဖိုကို ခေါ်သွားရော။ အဲဒီမှာ ပြဿနာစတာပါပဲ။ အင်းစိန်ကမ်းနားက တရုတ်ဝက်ဆီဖတ်ဖိုမှာ လူစုံတယ်။ ဝက်ဆီဖတ်ဖောက်သည် လာယူကြတာလည်း အများကြီး။ ကိုကျောက်တုံးက နောက်ဆုံးမှ ယူတယ်။ ဆိုင်မှာ ခဏတစ်ဖြုတ်ထိုင်ရင်း ဆိုင်က တိုက်တဲ့ ရေနွေးကြမ်း ငှဲ့သောက်နေတယ်။ သတင်းစာဟောင်းကို ဖတ်တယ်။

သံခဲကတော့ ကလေးကိုး။ ဟိုဟိုဒီဒီ ကြည့်တယ်။ မျောက်ရှုံးအောင် ဆော့တယ်။ ခဏနေတော့ သူတို့ရမယ့် ဝက်ဆီဖတ်ခွဲတမ်းလည်း ရရော။ သားအဖနှစ်ယောက် ပြန်မယ်လုပ်တော့ သံခဲက မပြန်ဘူးတဲ့။ တစ်နေရာ လက်ညှိုးထိုးပြတယ်။ ကိုကျောက်တုံး ကြည့်လိုက်တော့ ကြက်တူရွေးတစ်ကောင်။ တကယ့်အကောင်တော့ မဟုတ်ဘူး။ ဂွမ်းမွှေးနဲ့လုပ်ထားတဲ့ နယ်စပ်ကဝင်လာတဲ့ အရုပ်ကြက်တူရွေး။ လှလိုက်တာလည်း မပြောပါနဲ့တော့။ ပလတ်စတစ်ကွင်းထဲမှာ တော်တော်လေးကြီးတဲ့ ကြက်တူရွေးတစ်ကောင် နားနေတဲ့ပုံမျိုး။ ကိုယ်ထည်က စိမ်းစိမ်း၊ နှုတ်သီးက နီနီ။ ရင်ဘတ်မှာ တော်တော်တောက်တဲ့ အဝါရောင်လေးနဲ့။ တော်တော့ကို ချစ်စရာကောင်းတယ်ဆိုပါတော့။ ဂွမ်းကြက်တူရွေးပေါ့လေ။

" အဲဒါ လိုချင်တယ်၊ အဲဒါလိုချင်တယ်...အဲဒါလိုချင်တယ် "

ထုံးစံအတိုင်းပါပဲ။ သံခဲ ဆူညံနေအောင် အော်တော့ တရုတ်ဆိုင်က လူငယ်လေးက ခဏ ဖြုတ်ပေးတယ်။ သံခဲ ကိုင်ကြည့်တယ်။ နှိပ်ကြည့်တယ်။ ဟိုဘက်သည်ဘက် လှည့်ကြည့်တယ်။

" အဲသလို မဟုတ်ဘူးကွ။ သည်ကောင်က စကားပြောတယ်။  ဒါ တရုတ်က လာတာ။ ဓာတ်ခဲထည့်ပြီး စကားပြောရင် သူက ပြန်ပြောတယ်။ ဒီမယ်ကြည့် "

ကောင်လေးက စိတ်လိုလက်ရပါပဲ။ ကြက်တူရွေးဖင်အောက်က အကန့်ထဲကို ဓာတ်ခဲလေးထည့်ပြီး ခလုတ်ဖွင့်လိုက်တယ်။ ပြီးတော့ " ကိုကျောက်တုံး " လို့ အော်လိုက်တော့ ကြက်တူရွေးရုပ်က " ကိုကျောက်တုံး  ကိုကျောက်တုံး " တဲ့ နှစ်ခါပြန်အော်တယ်။ ကလေးမပြောနဲ့။ ကိုကျောက်တုံးတောင် သဘောကျသွားတယ်။

 " ဟ....လုပ်စမ်းပါဦးဟ " ဆိုပြီး သူကလည်း ကိုင်ကြည့်တယ်။ ကောင်လေးက အမျိုးမျိုး အော်ပြတာပါပဲ။ ကြက်တူရွေးရုပ်ကလည်း နှစ်ခါ နှစ်ခါ ပြန်အော်တယ်။

" ထမင်းစားပြီးပလား"
" ထမင်းစားပြီးပလား "

" ဘာနဲ့စားလဲ"
" ဘာနဲ့စားလဲ "

" ငါးဟင်းနဲ့ "
" ငါးဟင်းနဲ့ "

" စားပါဦး "
"စားပါဦး "

" နောက်လည်း လာလည်နော် "
" နောက်လည်း လာလည်နော် "

" ကျေးဇူးတင်ပါတယ် "
" ကျေးဇူးတင်ပါတယ် "

ကောင်လေးပြောသမျှကို ကြက်တူရွေးက နှစ်ခါနှစ်ခါ ပြန်အော်ပြတော့ သားအဖနှစ်ယောက်လုံး သဘောတွေကျလို့။ ခလုတ်ကလေး ပိတ်လိုက်တော့မှ ကိုကျောက်တုံးက မေးတယ်။

" ဒီကောင်က မြန်မာစကားပဲ တတ်သလား၊ အင်္ဂလိပ်စကားကော တတ်သလား "

" မဟုတ်ဘူးလေ။ သူ့ဗိုက်ထဲမှာ ကက်ဆက်ကလေးပါတယ် ထင်တာပဲ။ လူကပြောသမျှ အသံထွက်သမျှ ပြန်အော်တာပေါ့။ ကြည့် ကျွန်တော် ပြောပြမယ်။ ဂွတ်မောနင်း "

" ဂွတ်မောနင်း "
" ဂွတ်မောနင်း "

" ဟာ တယ်ကောင်းပါလားဟ .. ဟေ "

ဒါပေမဲ့ အဲဒီမှာ ပြသနာတက်တော့တာပါပဲ။ သံခဲက ကြက်တူရွေး မရရင် မပြန်ပါဘူး လုပ်ပြီကိုး။ လိုချင်တယ်။ ဖြုတ်ပေး ...လုပ်ရော။ ကိုကျောက်တုံးကလည်း လိုချင်တယ်။ ဈေးမေးတယ်။

" ဈေးက ပိုင်ရှင်ပြောတာတော့ နှစ်ထောင့်ရှစ်ရာလို့ ပြောတယ် "

နှစ်ထောင့်ရှစ်ရာလည်းဆိုရော ကိုကျောက်တုံး ဒုက္ခရောက်တာပဲ။ သူ ဘာတတ်နိုင်မှာလဲ။ ခြစ်ခြုတ်ပြီး ဝယ်မယ်ဆိုဦးတော့။ ဘယ့်နှယ်လုပ် ကြက်တူရွေးရုပ် နှစ်ထောင့်ရှစ်ရာ ပေးဝယ်မလဲ။  သံခဲကလည်း တက်မတတ် ချက်မတတ် ငိုရင်း ပြန်ပါလာတယ်။ တိုတိုပဲ ပြောကြပါစို့။ အဲသည်ညက သံချောင်း အပြင်းဖျားတယ်။ ကယောင်ကတမ်း အော်တယ်။ အပူကလဲ တော်တော်ကြီးတယ်။ လင်မယားနှစ်ယောက်လည်း စဉ်းစားသာကြည့်တော့လေ။ နှစ်ထောင့်ရှစ်ရာကို ပေးဝယ်မလား။ ဘယ်လိုလုပ်မလဲ။ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ တစ်ညလုံး တိုင်ပင်ရတော့တာပေါ့။ သံခဲကတော့ ဖျားရင်းကပဲ မိုးသာလင်းရော။ အော်တုန်း။ မတရုတ်မကလည်း ဝက်ဆီဖတ်တောင် မရောင်းနိုင်ဘူး။ ကိုကျောက်တုံးလည်း ဝက်ဆီဖတ် သွားမယူနိုင်ဘူး။ ခြစ်ခြစ်တောက်ပူနေတဲ့ သံခဲနား ထိုင်နေရတာကိုး။ သည်လိုနဲ့ အကြံတစ်ခု ရလာတယ်။ သူ့သားသံခဲနဲ့ ညှိတယ်။

" ဒီလိုလုပ် အဖေ ဝယ်ပေးမယ်။ အခုတော့ မဟုတ်သေးဘူး။ အဖေတို့မှာ ပိုက်ဆံမရှိသေးဘူး။ ဒီတော့ ကြက်တူရွေးမရခင်စပ်ကြား အဖေ ကြက်တူရွေးလုပ်ပေးမယ်။ သားက မေး၊ အဖေက နှစ်ခါ နှစ်ခါ ပြောမယ်။ ဖြစ်မလား " ဆိုတော့ သံခဲက ခဏ စဉ်းစားတယ်။ လူကသာ ၃ နှစ်သား။ လူပုံက လူကြီးပုံဖမ်းပြီးမှ " အင်း " တဲ့။

သည်လိုနဲ့ ကိုကျောက်တုံး ကြက်တူရွေးလုပ်ရတယ်။ အိမ်က ခန်းဆီးစကြီးကို ခြုံရတယ်။ သူ့မိန်းမနှုတ်ခမ်းနီကို နှုတ်ခမ်းရော ဘေးပတ်ပတ်လည်ပါ ခပ်များများဆိုးပြီး ထိုင်နေရတယ်။ သံခဲက
" အဖေ.."
"  အဖေ အဖေ "

" ကြက်တူရွေးကြီး"
" ကြက်တူရွေးကြီး ကြက်တူရွေးကြီး "

" မိုက်တယ် "
" မိုက်တယ် မိုက်တယ် "

" ဟားဟားဟား "
" ဟားဟားဟားဟားဟားဟား "

" မဟုတ်ဘူး "
"မဟုတ်ဘူး မဟုတ်ဘူး"

" ဒါမှပေါ့ "
" ဒါမှပေါ့ .... ဒါမှပေါ့ "

အဲသည်လိုနဲ့ နေ့ရှိသရွေ့ စိတ်ကူးရတိုင်း ခိုင်းတဲ့သားနဲ့ အမြဲအလိုလိုက်တဲ့အဖေဟာ ဟန်ကျနေတယ် ပြောပါတော့။ သိပ်မကြာပါဘူး။ ခြောက်လလောက်ပဲ ကြာတယ်။ ကိုကျောက်တုံး ဒုက္ခဖြစ်လာတယ်။ အိမ်မှာတင် မဟုတ်တော့ဘူး။ အပြင်မှာ စကားပြောရင်လည်း နှစ်ခါနှစ်ခါ ပြောလာတယ်။ ဈေးအစည်းအဝေး၊ ရပ်ကွက်သာရေးနာရေး အစည်းအဝေးတွေမှာ စကားတစ်ခွန်းကို နှစ်ခါနှစ်ခါ ပြောတယ်။ သည်တော့ သူနဲ့က မဖြစ်တော့ဘူး။ သူကြားသမျှ နှစ်ခါချည်း ပြောနေတော့ မတရုတ်မလည်း မျက်လုံးပြူးလာတယ်။

သံခဲကလည်း တစ်ချက်မှ မလျှော့ဘူး။ ဘယ်က ပြန်လာပြန်လာ  "အဖေ ကြက်တူရွေးလုပ်ရမယ် " ဆိုပြီး ခိုင်းတယ်။ ခိုင်းတိုင်းလည်း ကိုကျောက်တုံးက လိုက်ကာစကြီး ခြုံတော့တာပဲ။ နှုတ်ခမ်းနီနီရဲရဲကို ဆိုးတော့တာပဲ။ ခြောက်လက ရှစ်လကို ကူးလာတော့  ကိုကျောက်တုံးအသားတွေက ပြာတာတာ စိမ်းတိမ်းတိမ်း ဖြစ်လာတယ်။ အသံက ဂစ်ဂစ်ဂဲဂဲနဲ့ သြစူးစူးဖြစ်လာတယ်။ နှုတ်ခမ်းက နှုတ်သီးလို ရှေ့ကို ထိုးထွက်လာတယ်။ မျက်လုံးကလည်း ဟိုကြည့်ဒီကြည့်နဲ့။

သူ့မိန်းမကတော့ ဆရာဝန်နဲ့ ပြပေးတယ်။ မြန်မာဆေးနဲ့ ကုတယ်။ ပယောဂဆရာနဲ့ တိုင်ပင်တယ်။ မရတော့ဘူး။ တရုတ်မကတော့ စိတ်လည်းညစ် စိတ်လည်း မကောင်းဘူးပေါ့။

" ဖြစ်ရလေ ကိုကျောက်တုံးရယ် "
" ဖြစ်ရလေ ကိုကျောက်တုံးရယ် ဖြစ်ရလေ ကိုကျောက်တုံးရယ် "

" စိတ်လည်း ထိန်းဦးမှပေါ့တော် "
" စိတ်လည်းထိန်းဦးမှပေါ့တော် စိတ်လည်း ထိန်းဦးမှပေါ့တော် "

မရတော့ပါဘူး။ သံခဲကတော့ ကလေးမဟုတ်လား။ ဒါတွေ ဘာမှ မသိဘူးပေါ့။ သူ့အဖေ ဘာဖြစ်နေလဲ သိတာမဟုတ်ဘူး။ သူလိုချင်တာသာ သိတာကိုး။ ခိုင်းတုန်းပဲ။ စိတ်ကူးရတိုင်း ကြက်တူရွေးလုပ်ခိုင်းတုန်း။

ရပ်ကွက်ကလူတွေ တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လာကြည့်ကြတာပေါ့။ တစ်ချို့က စုတ်တသပ်သပ်နဲ့ သနားကြတယ်။ တစ်ချို့က အပြစ်တင်တယ်။ ကိုကျောက်တုံးကတော့ ဘာမှကို မသိတော့တာ။ သူ့အလုပ်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သေချာအောင် နှစ်ခါနှစ်ခါ ပြောဖို့ပဲ။ လူတွေက လာကြည့်ရင်းက သူ့အဖြစ်ကို ကြည့်ရင်း
" သြော် ကျောက်တုံး ကျောက်တုံး " ဆိုတော့ သူကလည်း " သြော် ကျောက်တုံး ကျောက်တုံး ..... သြော် ကျောက်တုံး ကျောက်တုံး " တဲ့။



                                                       နေဝင်းမြင့်၇

No comments:

Post a Comment