Sunday, February 3, 2019

ကျွန်တော်က လူယုံ

@~~~~~~~~@
စ/ဆုံး
မင်းလူ

ကျွန်တော် မမဦးကို စမြင်ဖူးတဲ့အချိန်က ဆယ်တန်းပဲ ရှိသေးတယ်။
ကိုးတန်းအောင်လို့ ဆယ်တန်းတက်ခါစပေါ့။ ကိုကိုက ကျွန်တော့်ကို တက္ကသိုလ်ကျောင်းကို ခေါ်သွားတယ်။
အဲဒီအချိန်မှာ ကိုကိုက နောက်ဆုံးနှစ်။ သူ ကျွန်တော့်ကို ခေါ်သွားရတဲ့ အကြောင်းက တခြားမဟုတ်ဘူး။
သူ့အမျိုးသမီးကို ပြချင်လို့ပဲ။ သူ့အမျိုးသမီးက တက္ကသိုလ်ကို ဒီနှစ်မှ ရောက်လာတာတဲ့။

 “ဟေ့ကောင်.. မဦးနဲ့တွေ့ရင် ထုံးစံအတိုင်း ဂျစ်တစ်တစ် မလုပ်နဲ့ဦးနော်၊ ဖော်ဖော်ရွေရွေ စကားပြော၊
ပြီးတော့ မဦးက မင်းထက် နှစ်နှစ်လောက်ကြီးတယ်၊ ဒီတော့ မင်းက မမဦးလို့ခေါ်.... ကြားလား”
လို့ ကိုကိုက အထပ်ထပ်မှာတယ်။ ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ တော်ကြာ မခေါ်ဘဲနေမှာစိုးလို့။
တက္ကသိုလ်ကျောင်းထဲကို သွားကြည့်ချင်နေတာ ကြာပြီမဟုတ်လား။
မမဦးက တော်တော်လှတယ်။ ကိုကိုက မိတ်ဆက်ပေးတယ်။
“ညီညီ.. ဒါက မဦးတဲ့၊ ကိုကို့ရဲ့....”
ဆိုပြီး စကားမဆက်ဘဲ ရပ်ထားတယ်။ မမဦးဘက် လှည့်ပြီး..
“ဒါ ကိုကို့ရဲ့ အချစ်ဆုံး ညီညီလေ မဦးရဲ့”
မမဦးက ပြုံးပြီး ခေါင်းညိတ်တယ်။ ကျွန်တော်က..
“ဟုတ်ပါတယ်၊ ကျွန်တော် ညီညီပါ၊ ကိုကိုကတော့ မမဦးကလွဲရင် ကျွန်တော့်ကို အချစ်ဆုံးလို့
ပြောတာပဲ”
မမဦး ခေါင်းမဖော်တော့။ သို့ပေမယ့် ရယ်နေတယ်။ ကိုကိုက သိပ်မစဖို့ ကျွန်တော့်ကို လက်ကုတ်ပြီး
သတိပေးတယ်။
ကျွန်တော် ဆယ်တန်းအောင်လို့ တက္ကသိုလ်ကို ရောက်တဲ့အချိန်မှာ ကိုကိုက ဘွဲ့ရလို့
ကျောင်းကထွက်သွားပြီ။ ရုံးတစ်ရုံးမှာ အလုပ်ဝင်လုပ်နေပြီ။
ကျွန်တော် ကျောင်းရောက်ရောက်ချင်း နေ့မှာပဲ ကျောင်းလခတို့၊ ဝင်ကြေးတို့ သွင်းပြီးတော့ မမဦးရဲ့
အတန်းကို သွားတယ်။ မမဦးကို အဆင်သင့် တွေ့ရပါတယ်။
“ကျွန်တော် ညီညီပါ”
လို့ ပြောတော့ မမUီးက..
“ငါ သိပါတယ်ဟဲ့”
“သြော်.. မမှတ်မိဘူးလားလို့ပါ”
“မမှတ်မိဘဲ နေပါ့မလားဟဲ့၊ ဒါနဲ့ နင် ဆိုက်ကိုယူတယ်ဆို၊ သိပ္ပံနဲ့အောင်ပြီးတော့ ဘာလို့ ဝိဇ္ဇာကို
ယူရတာလဲ”
“မမဦးတို့လို ဟိုဓာတ်တွေ၊ ဒီဓာတ်တွေရော၊ ဓာတ်ဆားတွေထဲ အက်ဆစ်တွေလောင်းထည့်၊ မီးတွေတိုက်
ဆိုတာ ဝါသနာမပါဘူး၊ လူတွေရဲ့စိတ်ကို လေ့လာရတာကို သဘောကျတယ်”
“ထားပါတော့လေ.. ခုလာတာက ဘာကိစ္စ”
“ကိုကိုက မှာလိုက်လို့.. မမဦး လိုတာရှိရင် ကူညီလိုက်ပါတဲ့”
“အမယ်.. ငါကသာ နင့်ကို ကူညီရမှာ။ နင်က ဒီကျောင်းမှာ လူသစ်ပဲ၊ ကဲ.. အခု ဘာကူညီရမလဲ ပြော”
“တခြားတော့ မလိုပါဘူး၊ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီးတော့ အရေးတကြီး အကူအညီ
လိုနေတယ်”
“နင် ပိုက်ဆံမပါဘူးလား”
“ကျောင်းဝင်ကြေးတို့၊ ကျောင်းလခတို့ သွင်းလိုက်ရလို့.. ခု လမ်းစရိတ်ပဲ ကျန်တော့တယ်”
မမဦးက ကျွန်တော့်ကို အုန်းနို့ခေါက်ဆွဲ ဝယ်ကျွေးတယ်။ ကျွန်တော်က မဝသေးဘူးဆိုပြီး
နောက်တစ်ပန်းကန် ထပ်စားလို့ အစားပုပ်တယ်လို့ သူပြောသေးတယ်။
ကိုကိုက အလုပ်ဝင်နေပြီမို့ မမဦးဆီ သိပ်မလာနိုင်တော့ဘူး။ တစ်ခါတလေမှ ရောက်တော့တယ်။ ကိုကို
မရှိတဲ့အချိန်မှာ မမဦးကို စောင့်ရှောက်ဖို့ ကိုကိုက အတန်တန် မှာရှာပါတယ်။ မမဦးကို
တစ်ယောက်တည်းထားရမှာ စိတ်မချနိုင်ဘူး။ သူက မမဦးကို သိပ်ချစ်ရှာတာကိုးလို့ ခဏခဏ ပြောတယ်။
ခုတော့ ကျွန်တော်က မမဦးရဲ့ အထိန်းတော်ကြီး ဖြစ်နေပြီ။ ကိုကိုက စောင့်ရှောက်ရုံပဲ စောင့်ရှောက်ဖို့
မှာထားပေမယ့် ကျွန်တော်ကတော့ မမဦးကို စပိုင်ဆန်ဆန် လိုက်စောင့်ကြည့်ရတဲ့ အလုပ်ပါ
လုပ်နေရတယ်။ မမဦးရဲ့ အနေအထိုင်ကို သိပ်သဘောမကျလို့ပါပဲ။
သူ့မှာ အပေါင်းအသင်းတွေ သိပ်များတာပဲ။ အဲဒီထဲက တစ်ဝက်လောက်က ယောက်ျားလေးတွေ။
ယောက်ျားလေးသူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာ အတူတူထိုင်တာတို့၊ လမ်းမှာတွေ့ရင်
ပြုံးပြနှုတ်ဆက်ကြတာတို့ ကျွန်တော် မကြိုက်ဘူး။
တစ်ရက် ကျွန်တော်က အင်းလျားက ရေကူးကန်ဆီကို အသွားမှာ အင်းလျားလမ်းအတိုင်း လျှောက်လာတဲ့
မမဦးနဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ မျက်နှာချင်းဆိုင် ဆုံမိတာပဲ။ ကျွန်တော်
စိတ်မထိန်းလိုက်နိုင်ဘဲ....
“ခင်ဗျား ဘယ်သူလဲ၊ ဘယ်ကလဲ”
လို့ မေးလိုက်တယ်။ ဟိုလူကလည်း ပြူးကြောင်ကြောင်နဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ မမဦးက
မျက်နှာပျက်သွားပြီး..
“ဒါ မမဦးရဲ့ သူငယ်ချင်းပါ”
“သြော်.. သူငယ်ချင်းတဲ့လား၊ ဟုတ်လား”
ကျွန်တော့် စကားလုံးနဲ့ လေသံက ငေါ့တော့တော့ ဖြစ်သွားတယ်။ ဟိုလူက Aနေရခက်သလို
ဖြစ်သွားတယ်။
“မဦး.. တို့သွားဦးမယ်”
ဆိုပြီး ထွက်သွားတယ်။ ဒီတော့မှ မမဦးက..
“မင်း ဘယ်လိုပြောလိုက်တာလဲ”
“ဒီလိုပဲ ပြောလိုက်တာလေ၊ ဟင်.. သူငယ်ချင်းတဲ့၊ ခုလို နှစ်ယောက်တည်း တသွဲားတာ
သူငယ်ချင်းလား”
“နင် ဒီလိုမပြောနဲ့၊ သွားတုန်းက တခြားလူတွေ ပါပါတယ်၊ သူတို့က ရတနာဆောင်မှာ ဝင်နေခဲ့လို့
အပြန်မှာ နှစ်ယောက်တည်း ဖြစ်နေတာ”
“မိန်းကလေးနဲ့ ယောက်ျားလေး နှစ်ယောက်တည်းလျှောက်လာရင် ဘေးလူတွေ ဘယ်လိုထင်မလဲ၊
တမင်တကာ ထင်အောင်နေပြတာ ဆိုရင်တော့ မတတ်နိုင်ဘူး”
“တော်တော့ ညီညီ၊ မင်း စကားလွန်လာပြီ”
“မတော်နိုင်သေးဘူး၊ ဒီမှာ.. မမဦး၊ တစ်ခုတော့ ပြောထားမယ်၊ ကိုကို့အပေါ်မှာတော့ သစ္စာဖောက်မယ်
မကြံနဲ့၊ မိန်းကလေးဆိုပြီး ညှာမှာမဟုတ်ဘူး၊ လက်သီးနဲ့ ဆွဲထိုးပစ်မယ်”
မမဦး မျက်နှာလေး ငယ်သွားတယ်။
မမဦးဆီကို မသွားဖြစ်တော့ဘူး။ ဟိုတစ်နေ့က ကိစ္စကိုလည်း ကိုကို့ကို ပြန်မပြောပါဘူး။ သို့ပေမယ့်
မမဦးဆီ မကြာမကြာ သွားတွေ့ဖို့တော့ ကိုကို့ကို တိုက်တွန်းမိတယ်။ သူတို့နှစ်ယောက်ကတော့
အရင်ကလိုပါပဲ။ ကိုကို ကျောင်းကိုရောက်လာတဲ့အခါ တစ်နေရာရာမှာ ထိုင်စကားပြောချင်ပြော၊
ရုပ်ရှင်သွားကြည့်ချင်ကြည့်၊ မမဦးက ဘယ်လိုလဲဆိုတာ အသိရခက်တယ်။
တစ်ရက်ကျတော့ မမဦးနဲ့ အပန်းဖြေရိပ်သာနားမှာ ဆုံတယ်။ သူက..
“ဟယ်.. ညီညီ၊ နင်နဲ့ မတွေ့တာတောင် ကြာပြီ၊ ငါ့ဆီ ဘာဖြစ်လို့ မလာတာလဲ”
“ဘာမှ မဖြစ်ပါဘူး၊ မအားလို့”
“မညာပါနဲ့၊ နင် ငါ့ကို စိတ်ဆိုးနေတာ မဟုတ်လား”
“မဆိုးပါဘူး”
“ကဲပါဟယ်.. နင်မကြိုက်ဘူးဆိုရင် ဘယ်သူနဲ့မှ အရောမဝင်တော့ဘူး၊ နင်ကလည်း ငါ့ဆီလာမှပေါ့၊
သွားစရာလာစရာရှိရင် နင်ပဲ လိုက်ပို့လေ”
အဲဒီနေ့က မမဦးက ကျွန်တော့်ကို အုန်းနို့ခေါက်ဆွဲ ကျွေးတယ်။ ကျွန်တော် တစ်ပန်းကန်တည်း
စားလို့တောင် သူက နောက်လိုက်သေးတယ်။ နောက်ပိုင်းကျတော့ သူဘယ်ကိုပဲသွားသွား ကျွန်တော့်ကိုပဲ
အဖော်ခေါ်တယ်။ ကျွန်တော်ကလည်း အားလပ်ချိန်တိုင်းမှာ သူ့ဆီကို သွားတယ်။ မမဦးဟာ အရင်လို
မဟုတ်တော့ဘူး။ ယောက်ျားလေး အပေါင်းအသင်းတွေနဲ့ သိပ်အရောတဝင် မနေတော့ဘူး။
ယုံရမှာလား။
ဒီနေ့ တစ်နာရီလေးဆယ်အတန်း ဆရာ မလာဘူး။ အားနေတာနဲ့ မမဦးတို့ အတန်းဘက် ထွက်လာခဲ့တယ်။
အတန်းမှာ သူမရှိဘူး။ သူ့သူငယ်ချင်း အမျိုးသမီးတစ်ယောက်ကို မေးကြည့်တော့ အပြင်ထွက်သွားတယ်လို့
ပြောတယ်။ ဘယ်သွားတာလဲဆိုတော့ မသိဘူးတဲ့။ သူ့မျက်နှာကို ကျွန်တော် သိပ်သဘောမကျဘူး။
တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ။
ကျွန်တော့်စိတ်ထဲမှာ သင်္ကာမကင်း ဖြစ်လာတယ်။ သိပ္ပံဘက်၊ ဝိဇ္ဇာဘက်၊ တောင်ငူဆောင်ဘက်၊
ဂျပ်ဆင်ဘက်စတဲ့ စားသောက်ဆိုင်တန်းတွေ လျှောက်ရှာတယ်။ မတွေ့ဘူး။
ဟိုတလောတုန်းကအကြောင်း သွားစဉ်းစားမိတယ်။ အင်းလျားလမ်းပေါ်မှာ လူတစ်ယောက်နဲ့
တွေ့ခဲ့တဲ့ကိစ္စ။
ကျွန်တော် အင်းလျားဘက် ထွက်လာခဲ့တယ်။ အကြော်ဆိုင်တွေဘက် သွားကြည့်တယ်။ မရှိ။
တကယ်တော့ ကျွန်တော်လုပ်နေတာက မဟုတ်သေးပါဘူး။ အင်းလျားကန်စပ်နယ်မြေက အကျယ်ကြီးပဲ။
ခိုလှုံစရာ နေရာတွေကလည်း အရမ်းများတယ်။ ဒီလိုနေရာမျိုးမှာ စုံတကာစေ့အောင် ပိုက်စိပ်တိုက်ရှာဖို့
မလွယ်ပါဘူး။
ကျောင်းထဲပဲ ပြန်တော့မယ်ဆိုပြီး ထွက်လာခဲ့တယ်။ တိုက်ဆိုင်ချင်တော့ ခပ်လှမ်းလှမ်းက
ကညင်ပင်အောက်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို လှမ်းမြင်ရတယ်။ ကိုယ်က ဒီဘက်နည်းနည်း
အစွန်းထွက်နေလို့ မြင်မိတာပဲ။
အင်္ကျီက ခရမ်းရောင်။ မနက်က မမဦးကို တွေ့လိုက်ရတုန်းက အင်္ကျီက ခရမ်းရောင်ပဲ။ သေချာအောင်
အနားက ကပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
ပိုပြီးနီးလာတာနဲ့ မမဦးရဲ့ ပခုံးကို ဖက်ထားတဲ့ လက်တစ်ဖက်ကို တွေ့လိုက်ရတယ်။ ပြီးတော့
ခပ်တိုးတိုးပြောနေတဲ့ မမဦးရဲ့ အသံကိုလည်း ကြားရတယ်။ သူ့အသံမှ သူ့အသံအစစ်။
စိတ်ထဲက တင်းခနဲ ဖြစ်သွားတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။ ကျွန်တော်
ဘာလုပ်ရမလဲ။ မသိချင်ယောင်ဆောင်ပြီး ပြန်ထွက်သွားရမလား။ သို့ပေမယ့် ဒေါသကို
ထိန်းလို့မရတော့ဘူး။ နှစ်ယောက်စလုံးကို သိမ်းကျုံး ဆွဲထိုးပစ်မိတော့မယ်။
ကျွန်တော် ဘာလုပ်မိမှန်း မသိဘူး။ သူတို့ရှေ့ကို ခုန်ဝင်ပြီး မမဦးကို ဖက်ထားတဲ့လူရဲ့ အင်္ကျီရင်ဘတ်ကို
ဆွဲပြီး လက်သီးနဲ့ ရွယ်လိုက်မိတယ်။
သို့ပေမယ့် ကျွန်တော့်လက်သီးက လေထဲမှာ တုံ့ခနဲ ရပ်သွားတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ပါးစပ်က
ပြိုင်တူ အသံထွက်လာတယ်။
“ဟင်.. ညီညီ”
ကျွန်တော်ကလည်း တအံ့တသြ....
“ဟင်.. ကိုကို”
ဟုတ်တယ်.... ကိုကိုပါပဲ။

@~~~~~~###~~~~~@
မင်းလူ
ကလေးမြို့နယ် မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၈၆။

No comments:

Post a Comment