Wednesday, August 28, 2019

အောင်သင်း

ပတ်ဝန်းကျင်၏ စက်ကွင်း
••••••••••••••••••••••••••

အောင်သင်း

အကုသိုလ် စက်ကွင်းမိခြင်း

မိုးကြိုးပစ်တဲ့အခါမှာ စက်ကွင်းမိတယ်ဆိုတဲ့ စကားကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ မိုးကြိုးပစ်လိုက်တာကတော့ သစ်ပင်ကြီးကို ပစ်လိုက်တာပဲ။ ဒါပေမဲ့ လူက အဲဒီသစ်ပင်နား ရောက်နေတော့ မိုးကြိုးလျှပ်စစ်မိပြီး လူသေသွားတာပေါ့ကွာ။

အပေါင်းအသင်း ပတ်ဝန်းကျင် စက်ကွင်းမိတာကလေးတွေကို ပြောပြပါဦးမယ်။

မင်းတို့ ငါတို့ လူကြီးသူကြီးတွေကို ကန်တော့ကြတဲ့အခါ သာဓု..သာဓု..သာဓု၊ သွားလေရာ လာလေရာမှာ သူတော်ကောင်းများစွာနဲ့ တွေ့ပါစေ။ သူယုတ်မာများနဲ့ လွဲပါစေ... လို့ လူကြီးတွေက ဆုပေးတာကို ကြုံဖူးကြားဖူြးုကမှာပေါ့။ ငါတို့က အမှတ်မထင် ခပ်ပေါ့ပေါ့ပဲ သဘောထား တတ်ကြတယ်။

ငါလည်း ခပ်ပေါ့ပေါ့ပဲ သဘောပေါက်ခဲ့တာပါပဲ။ သူတော်ကောင်းများနဲ့တွေ့ရင် ကိုယ့်မှာ အန္တရာယ်မရှိ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ်။ သူယုတ်မာများနဲ့တွေ့ရင် ကိုယ့်မှုာ အန္တရာယ်ရှိနိုင်တယ်။ သူခိုးဓားပြလိုဟာမျိုးနဲ့ တွေ့ရင် အလုအယက် အခိုးအ၀ှက် ခံရတတ်တယ်။ အဲဒီလို ဘေးအန္တရာယ်တွေက လွတ်အောင်ပေးတဲ့ ဆုပဲရယ်လို့ အောက်မေ့ခဲ့မိတာပေါ့။

တကယ်ဆိုတော့ အပေါင်းအသင်းမကောင်းရင် ကိုယ်ပါ ပျက်စီးသွားတတ်တယ်။ သူယုတ်မာနဲ့ ပေါင်းမိရင် ကိုယ်ပါ သူယုတ်မာ ဖြစ်သွားနိုင်တယ်ဆိုတာ ကိုယ် သဘောမပေါက်ခဲ့မိပါဘူး။ အဲဒီအပြင် မကောင်းတဲ့သူနဲ့ ပေါင်းမိလိုက်ရင် ကိုယ့်မှာပါ အကုသိုလ်စက်ကွင်းမိသွားတတ်ပါကလား ဆိုတာမျိုးကိုတော့ လုံးဝ မစဉ်းစားခဲ့မိဖူးပေါ့ကွာ။

အကုသိုလ်စက်ကွင်းမိသွားတဲ့ တကယ့်ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြလိုက်ရပါဦးမယ်။ ငါ လူပျိုကာလသားကြီးဘ၀လောက်မှာ ငါ့သူငယ်ချင်းတစ်ယောက်ကိုယ်တိုင် ကြုံသွားရတဲ့ အဖြစ်အပျက်ပါပဲ။

တစ်နေ့မှာ သူတို့ သူငယ်ချင်းတစ်စု ရပ်ကွက်တစ်ခုထဲက သူတို့ အပေါင်းအသင်းတစ်ယောက်ရဲ့အိမ်မှာ အပျော်ချက်ပြုတ်ပြီး စားကြသောက်ကြတယ်။ ညပိုင်းရောက်လာတော့ အတော်လေးလည်း မူးနေကြပြီ။ သီချင်းဆိုကြ၊ အော်ကြ ဟစ်ကြ ဖြစ်လာကြတယ်ပေါ့ကွာ။ အဲဒါနဲ့ ဘယ်ကောင်ကရယ် မသိဘူး။ သူတို့အိမ်ကို ခဲနဲ့ တစ်ချက်လှမ်းပြီး ထုလိုက်ပါလေရော။

သူတို့အသိုက်ထဲမှာရှိတဲ့ သွေးခပ်ဆိုးဆိုးကောင်က အိမ်ရှေ့ထွက်ပြီး ရပ်ကွက်ကို စိန်ခေါ်လား ဆဲလား လုပ်ပြန်ရော။ ဒီမှာတင် ငါ့သူငယ်ချင်း လူအေး သဘောကောင်းကြီးက မလိုလားအပ်တာတွေ ဖြစ်ကုန်မှာစိုးလို့ ထွက်ဆဲတဲ့ သူငယ်ချင်းကို လိုက်ပြီး ဆွဲတာပေါ့။ ဟိုကောင်ကလည်း ရုန်းလား ကန်လား ဆူလား ပူလားဆိုတော့ မနိုင်မနင်းဖြစ်နေတုန်း မှောင်ထဲက လှမ်းပစ်လိုက်တဲ့ အုတ်ခဲ ထက်ပိုင်းကျိုးကြီးတစ်ခု ငါ့သူငယ်ချင်းရဲ့ မျက်ခွက်ကို မှန်လိုက်တာ ရှေ့သွားတွေ တစ်သီကြီး ပြုတ်ထွက်ကုန်တာပဲ။ ခုတော့ဖြင့် ငါ့သူငယ်ချင်းမှာ ရွှေသွားတွေ တစ်ဝင်းဝင်းနဲ့ပေါ့ကွာ။

တစ်ကယ်တော့ ငါ့သူငယ်ချင်းက လူအေး သဘောကောင်းကြီး သက်သက်ပါ။ အမျက်ဒေါသ အလွန်ကို နည်းပါးတယ်။ ဒါပေမဲ့ သွေးဆိုးတဲ့လူနဲ့တွဲပြီး အရက်သောက်လိုက်မိတာ ကံကောင်းလို့ မသေတယ်။ အဲဒါ ‘အကုသိုလ်စက်ကွင်း’ မိသွားတာပဲပေါ့။

ကဲ…”သွားလေရာ လာလေရာမှာ သူယုတ်မာများနဲ့ လွဲပါစေ” ဆိုတဲ့ ဆုတောင်းလေးဟာ ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ သဘောပေါက်ဖို့ မကောင်းဘူးလား။

ကြီးလိုက်တဲ့ အကုသိုလ်စက်ကွင်း

ရှေ့သွားတွေ ပြုတ်သွားတဲ့ စက်ကွင်းထက် ပိုပြီးကြီးမားတဲ့ စက်ကွင်း အကြောင်းကို ပြောလိုက်ရဦးမယ်။ တကယ့်အဖြစ်အပျက်ပါပဲ။

ဖြစ်ခဲ့တာကတော့ ကြာပါပြီ။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ လေးငါးနှစ် လောက်က ဖြစ်ခဲ့တာပါ။ ငါတို့ကိုယ်တိုင်ကလည်း ကလေးဘ၀မှာပဲ ရှိပါသေးတယ်။ လူသတ်မှုကြီးတစ်ခုအကြောင်းပါပဲ။

စစ်ကြီးမဖြစ်မီက လူတွေရဲ့စိတ်ဓါတ်နဲ့ စရိုက်ဟာ အလွန်ဖြူစင် သိမ်မွေ့သိမ်မွေ့ခဲ့ကြပါတယ်။ ငါတို့မြို့နယ်ဘက်တွေမှာဆိုရင် လူသတ်မှုဆိုတာမျိုးဟာ တကယ့်ဖြစ်တောင့်ဖြစ်ခဲ မှုခင်းမျိုးပါပဲ။ အဲဒီလို မှုခင်းမျိုးကြီး တစ်ခုလောက်များဖြစ်လိုက်ရင် အသည်းတုန်စရာ ကြောက်စရာကြီးအဖြစ် တစ်လကိုးသီတင်းလောက် ဒီအကြောင်းကို ပြောလို့ မပြီးနိုင်ကြအောင် ဖြစ်နေတတ်လေ့ရှိပါတယ်။ ငါလည်း ကလေးဘ၀မှာ ဒီအကြောင်းတွေကို မျက်လုံးလေးအ၀ိုင်းသားနဲ့ နားထောင်ခဲ့ရတာမို့ ခုထက်တိုင် မမေ့နိုင်အောင် စွဲနေမိပါတယ်။

ငါ လူပျို ကာလသားအရွယ်ရောက်တော့မှ ငါ့ဆရာ သခင်ကျော်စိန် ပြောပြချက်အရရော၊ အဲဒီအမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြရတဲ့ ကာယကံရှင်တွေ ရဲ့ နောက်ကြောင်းပြန် ပြောပြချက်အရရော ဖြစ်ပျက်ခဲ့ပုံကို ပြည့်ပြည့်စုံစုံ သိလာခဲ့ရတာပါ။ (နာမည်တွေကိုတော့ ပြောင်းထားလိုက်တယ်ကွာ။ နာမည်တွေကို ထည့်ပြီး ရေးလိုက်ရင်လည်း သူတို့ဆွေမျိုးကအစ ဘာမှ ပြောကြမှာမဟုတ်ပါဘူး။ ငါနဲ့သူတို့ဆွေမျိုးတွေကလည်း အလွန် ရင်းနှီးကြပါတယ်။ တချို့လည်း မရှိကြတော့ပါဘူး။ ရှိသေးရင်လည်း နောက်ပေါက်ကလေးတွေပဲ ရှိတော့မှာပါ။)

ငါတို့ အရပ်ထဲမယ် ကိုအောင်မြ ဆိုတာရှိတယ်။ သူက မူးလာရင် သွေးဆိုးတတ်တယ်၊ ရမ်းတတ်တယ်၊ လက်မြန်ခြေမြန် ရိုက်တတ်နှက်တတ်တယ်။ လူမိုက်ဘွဲ့ခံ ဆိုပါတော့ကွာ။ တစ်နေ့မှာတော့ သူရယ် ကိုတင်မောင်ရယ်ဆိုတာက နှစ်ယောက်သား အရက်သောက်ကြမယ်ဆိုပြီး ထွက်လာကြတယ်။ လမ်းမှာ ကိုထွားကြီးဆိုသူကိုပါ ၀င်ခေါ်သွားကြတယ်။ ကိုထွားကြီးလည်း သူငယ်ချင်းတွေဆိုတော့ ပါသွားတာပေါ့ကွာ။ ဒါနဲ့ ငါတို့မြို့ဈေး တောင်ဘက်မှာရှိတဲ့ ခေါက်ဆွဲဆိုင်တစ်ခုမှာ အရက်သောက်ကြတယ်။

သူတို့ သောက်နေတုန်း ကိုဘကြည်ဆိုတဲ့ လူတစ်ယောက်ကလည်း ဆိုင်ထဲဝင်လာပြီး ခေါက်ဆွဲကြော်တစ်ထုပ် မှာတယ်။ အဲဒီကိုဘကြည်ဆိုတာက ကားသမား။ သူက ကားသိမ်းပြီး ပြန်တော့မှာမို့ ခေါက်ဆွဲကြော်ဝင်ဝယ်တာ။ သူကလည်း သူ့ရပ်ကွက်ထဲမှာရော၊ ကားသမား လောကမှာရော သတ္တိကောင်း လူမိုက်ဘွဲ့ခံတစ်ယေက်ပေါ့ကွာ။

ကိုအောင်မြက ကိုဘကြည်ကို မြင်လိုက်တော့ ခေါက်ဆွဲကြော်စောင့်ရင်း သူတို့နဲ့ အရက်လာပြီးသောက်ဖို့ ခေါ်တယ်။ ကိုဘကြည်က ငြင်းတယ်။ သူတို့နဲ့ မသောက်ချင်လို့ပဲ ဖြစ်မှာပေါ့။ ဒီတော့ ကိုအောင်မြက အရက်တစ်ခွက်ကို ယူသွားပြီး ကိုဘကြည်ကို ဇွတ်တိုက်တယ်။ ကိုအောင်မြက နည်းနည်းမူနေပြီလေ။ သူတိုက်တဲ့အရက်ကို မငြင်းရဘူးပေါ့။ (ခုခေတ် မင်းတို့ သုံးတဲ့စကာုးမျိုးနဲ့ပြောရရင် ”ကျော”တဲ့သဘောလေးပါဟန်တယ်။) ဒီမှာတင် တစ်ယောက်တစ်ခွန်း စကားများကြပြီးတော့ ကိုအောင်မြက လက်သီးနဲ့ စထိုးတယ်။ ကိုဘကြည်ကလည်း ပြန်ထိုးတော့တာပေါ့။ ကိုတင်မောင်ကလည်း ကိုအောင်မြဘက်က ၀င်ပြီး ထိုးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က မူးနေတာ၊ ကိုဘကြည်က လူကောင်း။ သူတို့ ခံရတာပေါ့။ ဒီတော့ ကိုထွားကြီးလည်း မနေသာတော့ဘူး။ ၀င်ရတော့တာပေါ့။ သူလည်း မူးတော့မူးနေပြီ။ သူက သွေးဆိုးတဲ့လူ မဟုတ်ဘူး။ ရန်မဖြစ်တတ်ဘူး။ ဒါပေမဲ့ အတူတူသောက်ကြတဲ့လူချင်းမှာ ၀င်ပြီး မကူလို့ ဘယ်မှာကောင်းနိုင်ပါတော့မလဲ။ ၀င်ပါရတော့မှာပေါ့။ ခေါက်ဆွဲဖိုနားမှာ ချထားတဲ့ သုံးလက်မ၊ နှစ်လက်မ ပျဉ်ချောင်းတိုတစ်ခုကို ကောက်ပြီး ကိုဘကြည်ကို နောက်က ရိုက်လိုက်တယ်။ အခန့်မသင့်ချင်တော့ ဦးဆက်ကို သွားထိပြီး ကိုဘကြည်ဟာ ဗုန်းခနဲ လဲသွားတာပဲ။ ဆေးရုံကလည်း နီးနီးလေးမို့ ဆေးရုံကို ချက်ချင်းပို့တာပဲ။ လမ်းမှာပဲ အသက်ပျောက်သွားတယ်။

ဆေးစစ်ချက်အရ တုံးသော လက်နက်တစ်ခုနဲ့ ဦးဆက်ကို ရိုက်လိုက်တဲ့ ဒဏ်ရာကြောင့် သေရတယ်ဆိုတာမျိုး ဖြစ်လာတာပေါ့။ ဆိုင်ရှင် တရုတ်နဲ့ တခြားသက်သေတွေ ထွက်ဆိုချက်အရရော၊ ကိုယ်တိုင် ၀န်ခံချက်အရရော ကိုထွားကြီးကြောင့် သေရတယ်ဆိုတာကြီးက ထင်ရှား နေပြီပေါ့။

နောုက်ဆုံးတော့ ကိုအောင်မြနဲ့ ကိုတင်မောင်တို့က ထောင်ဒဏ်(၈)လစီကျတယ်။ ကိုထွားကြီးကတော့ တစ်သက်တစ်ကျွန်း ကျသွားတယ်။ သူ့အမေကြီးဆိုတာ အရူးမကြီးလိုကိုဖြစ်ပြီး တငိုငိုနေတာကို ခုထက်ထိ မြင်ယောင်နေသေးတယ်။ တစ်ကျွန်းကို ပို့လိုက်တာဆိုတော့ ထောင်ဝင်စာလည်း မတွေ့နိုင်တော့ဘူး မဟုတ်လား။ သေသွားပြီလို့ ဆိုနိုင် လောက်အောင်ကို ဝေးသွားရတာကိုး။ အဲ… စစ်ကြီးဖြစ်လာလိုက်တော့ နှစ်မစေ့သေးခင်မှာပဲ ကိုထွားကြီး ပြန်ရောက်လာပါတယ်။

ကဲ … အဲဒီလို အကုသိုလ်စက်ကွင်းမျိုးကျတော့ ပိုပြီး ဆိုးမသွားပေဘူးလား။ ဒီလိုနည်းနဲ့ မကောင်းတဲ့ အပေါင်းအသင်းကြောင့် အကုသိုလ်စက်ကွင်း အငယ်စားမိသူတွေ၊ စက်ကွင်း အကြီးစားမိသူတွေ ဘယ်လောက်တောင်များမလဲဆိုတာ စဉ်းစားသာကြည့် လိုက်ကြပေတော့ကွာ။ ပြစ်မှုတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုကြီးတွေကို သွားပြီး မေးမြန်ြးုကည့်လိုက်မယ်ဆိုရင် အပေါင်းအသင်းကြောင့် ဖြစ်လာလိုက်ရတာတွေဟာ ရာခိုင်နှုန်းအတော်များမယ်လို့ အောက်မေ့မိတာပဲ။ သွေးဆိုးတဲ့ လူတစ်ယောက်နဲ့ တွဲပြီး အရက်သောက်လိုက်မိတဲ့ ကိုထွားကြီးရဲ့အဖြစ်ဟာ သင်ခန်းစာယူဖို့ ကောင်းပါတယ်။

ကဲ… သွားလေရာ လာလေရာမှာ သူတော်ကောင်းများနဲ့ တွေ့ပါစေ၊ သူယုတ်များနဲ့ လွဲပါစေဆိုတဲ့ ဆုတောင်းဟာ သိပ်ပြီး အဓိပ္ပာယ်ရှိ မနေပေဘူးလား။

Sayaraungthin Wordpress ကနေ ကူးယူပါတယ်။ Sayaraungthin Wordpress ကို ကျေးဇူးတင်ပါတယ်။

crd-စလေ ငနော့

Tuesday, July 2, 2019

မင်းလူစာစုများ

ကျွန်တော်နှင့် အတောင်ပံ
#မင်းလူ

အိပ်ရာမှ နိုးသောအခါ ခြင်ထောင် အမိုးမှာ ဇောက်ထိုးရပ်နားနေသော ခြင်တစ်ကောင်ကို ထူးထူးခြားခြား မြင်လိုက်ရ၏။ ထူးထူးခြားခြား ဆိုသော စကားသည် ခြင်၏ ရပ်တည်နေမှုနှင့် မသက်ဆိုင်။ ခြင်သည် ရေပြင်ညီဖြစ်စေ၊ ထောင်လိုက် ဖြစ်စေ၊ ပြောင်းပြန်ဖြစ်စေ ရပ်နားနိုင်ကြောင်း အများ သိပြီးသားပင်။ ခြင်ထောင်ထဲတွင် ခြင်ရောက်နေသောကြောင့် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်သည်။

ငယ်ငယ်တုန်းက ခြင်သတ်တမ်း ကစားဖူးသည်။ လက်ဝါးနှစ်ဖက်ကို ခပ်ခုံးခုံး ခပ်ဖွဖွလုပ်၍ ရိုက်လိုက်သောအခါ ခြင်သည် လေဟပ်ပြီး မူးမေ့သွားသည်။ အကောင်မပျက် အရှင်ဖမ်းမိခြင်း ဖြစ်သည်။ ခြင်ထောင်ပေါ်သို့ ဖယောင်းစက်ချသည်။ ဖယောင်းခြောက်သွားသောအခါ အသာ ခွာယူလိုက်လျှင် ဂူသွင်းပြီးသား ရလေသည်။ ဖယောင်းလုံး ဘယ်နှစ်လုံးရသည်ဟု သူငယ်ချင်းတွေနှင့် ပြိုင်လေ့ရှိသည်။ လူပျိုပေါက် အရွယ် ရောက်သောအခါ ခြင်တွေကို မေ့သွားပြန်၏။

တစ်ချိန်တွင် ခြင်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းတို့ကို ပေယျာလကန် သဘော ထားခဲ့လိုက်ပြန်သည်။ ခြင်ထောင် ဆိုသည်မှာ အကျင့်ကြီး ပါနေသောကြောင့်သာ ညကျလျှင် ဆွဲချ၊ မနက်ကျလျှင် လုံးထွေးပြီး ပြန်တင်အပ်သော အရာ တစ်ခုအဖြစ် အသိအမှတ်ပြုထား၏။

ကျွန်တော့်ခြင်ထောင်ထဲတွင် ပုံမှန်စတည်းချသော ခြင်လေးငါးကောင်လောက် ရှိချင် ရှိပေလိမ့်မည်။ ကိစ္စမရှိ။ ခြင်တစ်ကောင်သည် တစ်ညလျှင် တစ်ကြိမ်လောက်သာ ကိုက်နိုင်မည်။ ခြင်လေးငါးကောင် အကိုက်ခံရလို့ သွေးနှစ်စက်၊ သုံးစက် အပြင် ပို၍ မဆုံးရှုံးနိုင်။ သွေးလှူသောအခါ သွေးတစ်ပုလင်းလုံး ထုတ်ပေးလိုက်တာတောင် ကိုယ်ခန္ဓာ အတွက် ပြောပလောက်အောင် ထိခိုက်မှု မရှိနိုင်ဟု ကြားဖူးသည်။ ပြီးတော့လည်း “ခြင်ထောင်” ဆိုသောနာမည် မှည့်ထားပါလျက် ခြင်တွေကို ဝင်ခွင့် မပေးတာတော့ ဘယ်တရား မလဲဟု ကတ်ကတ်သတ်သတ် တွေးသည်။

အိမ်ထောင်ကျသောအခါ ခြင်ဆန့်ကျင်ရေးသမားနှင့်မှ သွားတွေ့သည်။ လေးမေသည် ညအိပ်ခါနီးလျှင် ခြင်ထောင်ထဲမှာ ခြင်တစ်ကောင် တစ်မြီးမျှ မကျန်အောင် သုတ်သင်ပြီးမှ အိပ်တတ်သည်။

“တစ်ကောင်တလေကျန်လည်း ကိစ္စမရှိပါဘူးဟာ၊ သိပ်နုမနေစမ်းပါနဲ့၊ ခြင်ကိုက်တာလောက်တောင် မခံနိုင်ဘူးလား၊ ခြင်ထောင် ထောင်စရာ မရှိတဲ့လူတွေ ဘယ်လိုလုပ်မလဲ” ဟု ကျွန်တော်က သူ့ကိုထေ့သည်။ သူက..
“ခြင်ထောင် မရှိတဲ့အခါကျတော့လည်း မရှိသလို နေနိုင်အောင် ကြိုးစားရမှာပေါ့၊ ခု ခြင်ထောင် ရှိနေလျက်သားနဲ့တော့ တမင်တကာ ခြင်ကိုက်မခံနိုင်ပါဘူး” ဟု ကျွန်တော့်ကို ပြန်တွယ်ပြီးလျှင် ခြင်ကြောင့် ဖြစ်နိုင်သော ရောဂါများ အကြောင်းကို ပညာပေး ဟောပြောလေတော့သည်။ ပလက်စမိုဒီယမ်ခေါ် ငှက်ဖျားပိုးကြောင့် သွေးတွေ အဆိပ်တက်ပြီး....
“ဒါတွေ ကိုယ်သိပြီးသားပါကွာ၊ ဆယ်တန်းတုန်းက ဘိုင်အိုယူခဲ့တာကွ” ဆိုပြီး အနိုင်နှင့် ပိုင်းလိုက်သည်။ သူကတော့ ညတိုင်းကျလျှင် ခြင်တွေကို ရှာမြဲ၊ သတ်မြဲပင်။

တစ်ခါကျတော့ ကျွန်တော့် အစ်ကို တစ်ယောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အချိန်မှန်မှန် တက်တတ်သော အဖျား။ သူအဖျားတက်ပြီ ဆိုလျှင် တစ်ကိုယ်လုံး တုန်နေသည်။ စောင်လေးငါးထပ် ခြုံလို့လည်း မရ။ လူသုံးလေးယောက် တက်ဖိထားလို့လည်း တုန်နေတုန်း။ အဖျားကျသွားပြီး ဆိုလျှင် လူက ယူပစ်လိုက်သလိုပင် ဟိုက်ခနဲ ကျသွားတတ်သည်။

ကျွန်တော်တို့အိမ်နားက ကလေး တစ်ယောက်ကျတော့ သွေးလွန်တုပ်ကွေး ဖြစ်သည်။ ဆေးရုံမှာ အတော် ကုယူလိုက်ရသည်။ ဆေးရုံကဆင်းပြီးသည့်တိုင် ရက်အတန်ကြာသည်အထိ နာလန် မထူချင်သေးဘဲ ဖြစ်ခဲ့ရသည်။ ထိုအခါမှစ၍ ကျွန်တော်သည် ခြင်တွေကို နည်းနည်းလန့်လာသည်။ ခြင်သုတ်သင်ရေးကို အားပေး အားမြှောက်ပြုသည်။ စာရေးခါနီးတွင် စားပွဲအောက်ကို နနွင်းမှိုင်း တိုက်သည်။ ညအိပ်ခါနီး လေးမေ ခြင်ရှာသောအခါ “ဟိုမှာ တစ်ကောင်၊ ဟိုမှာ တစ်ကောင်” ဟု ဝင်အော်ပေးတတ်လာလေ၏။

ခြင်ထောင် အမိုးမှာနားနေသော ခြင်ကို သေသေချာချာ ကြည့်သည်။ ငှက်ဖျား ရောဂါပိုးကို သယ်ဆောင်သော အနိုဖလိခြင်သည် နားသောအခါ ဖင်ထောင်နေတတ်သည်။ ခုခြင် ကတော့ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နှစ်ယောက်အနက် တစ်ယောက်ယောက်ကို ကိုက်ထားသောခြင် ဖြစ်သည်မှာ သေချာ၏။ ညက ညဥ့်နက်အထိ စာရေးခဲ့သည်။ စာရေးအပြီး ခြင်ထောင်ထဲ အဝင်တွင် ဒီခြင်က ကပ်လိုက်လာတာဖြစ်မည်။ ခြင်တို့သည် နေ့နှင့်ည သဘာဝချင်း မတူ။ ညဆိုလျှင် လှစ်ခနဲ ဝှီးခနဲနေအောင် လျင်မြန်သည်။ နေ့ဘက်ကျတော့ အာရုံခံအဂ်ါများ အားနည်း နေတတ်သလား မသိ။ ပျံသန်းလျှင်ပင် ခပ်နှေးနှေး။

ဖြန်းခနဲ ရိုက်ချလိုက်သည်။ မိမိရရှိကြောင်း လက်ဖဝါး၏ အထိအတွေ့က သိနေ၏။ လက်ဖြန့်ကြည့်သောအခါ လက်ဖဝါးပေါ်တွင် စိစိညက်ညက်ကြေနေသော ခြင်ကို တွေ့ရသည်။ သွေးတွေက ရဲနေသည်။ သူ့ကိုယ်ထဲက ထွက်လာခြင်း ဖြစ်သော်လည်း သူ့သွေး မဟုတ်။ ကျွန်တော်တို့၏ သွေးတွေ။

သွားပွတ်တံပေါ်တွင် သွားတိုက်ဆေး ညှစ်ထည့်ပြီး မျက်နှာသစ်ရန် ထွက်ခဲ့သည်။ စာရေးစားပွဲပေါ်တွင် လက်ဖက်ရည် တစ်ခွက်နှင့် မည်ကာမတ္တဟု ကျွန်တော် နာမည်ပေးထားသော ထမင်းကြော် တစ်ပန်းကန် တွေ့ရသည်။ ဆီကလေး ပါလေဟန်နှင့် အိုးကင်းပူတိုက်ပြီး ပဲပြုတ်ဖြူးထားခြင်း ဖြစ်သည်။ လေးမေကတော့ ထမင်းလှော်ဟု သူ့ဘာသာ နာမည်ပြောင် ပေးထားသည်။ မျက်နှာမသစ်မီ တစ်ဇွန်းလောက် မြည်းကြည့်မလို့ စိတ်ကူးသေးသည်။ ဇွန်းကိုကိုင်ပြီးမှ ပြန်ချထား လိုက်ပြီး ထွက်လာခဲ့သည်။ လေးမေသည် ရုံးကြိုကား မမီမှာစိုးသဖြင့် ခပ်သုတ်သုတ် ပြင်ဆင် နေသည်။ ထမင်းဘူး အဖုံးကို ပိတ်ရင်း....
“ညနေ လက်ဖက်ခြောက် ဝယ်ဖို့ မမေ့နဲ့နော်၊ ရွှေပလောင်နဲ့ ကုန်တိုက်ကဟာ ပေါင်ဝက်စီ ဝယ်ခဲ့” ဟု လှည့်မကြည့်ဘဲ ပြောသည်။ ကျွန်တော်ကလည်း ခေါင်းညိတ်ပြလိုက်၏။

မီးဖိုဆောင်ကို ဖြတ်ထွက်လိုက်သောအခါ ရေစည်ရှိရာသို့ ရောက်လာသည်။ စင်ပေါ်က ရေခွက်ကို ယူပြီး ရေခပ် မည်ပြုသည်။ ခွက်ကိုင်ထားသောလက်က တုန့်ခနဲ ဖြစ်သွား၏။ ရေမျက်နှာပြင်ပေါ်မှာ ခြင်တစ်ကောင် နားနေသည်။ စိတ်တိုသွား၏။ ခြင်တွေကလည်း နေရာတကာပဲဟု စဉ်းစားမိသည်။ ရေခွက်နှင့် ရိုက်သတ်မည်ပြုပြီးမှ မရိုက်ဖြစ်။

ကြည့်စမ်းပါဦး။ သူသည် ရေပြင်ပေါ်မှာ နားနေခြင်း မဟုတ်။ ရေမျက်နှာပြင်အောက်မှ ထိုးထွက်ဖို့ ကြိုးစား နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ဘဝ ပထမပိုင်းဖြစ်သော ပိုးလောက်လန်းအခွံထဲမှ လူးလွန့်ရုန်းထွက်နေခြင်း ဖြစ်သည်။

သူ့လှုပ်ရှားမှုကို ဆက်ကြည့်နေမိ၏။ သူသည် ကိုယ်တစ်ပိုင်းက ရေပေါ် ရောက်နေပြီ။ ခြေထောက်များက လွတ်လွတ်ကျွတ်ကျွတ် မဖြစ်တတ်သေး။ ခြေထောက်များကို နှဲ့ပြီး ထုတ်နေသည်။ အတောင်ပံကို မခတ်ဘဲ နေသည်။ မခတ်နိုင်သေးလို့လား၊ ကောင်းကောင်း မခတ်တတ်သေးလို့လား မသိ။ ရှေ့ခြေများ ထွက်လာသည်။ ထိုခြေထောက်များဖြင့် ရေပြင်ကိုကန်၍ ရုန်းနေပြန်သည်။ အတောင်ပံများ လှုပ်စပြုလာသည်။ ကိုယ်ကို လွန့်လိုက်ရာ တစ်ပတ်လည်သွားသည်။ ထိုစဉ်တွင် ဝမ်းဗိုက်ပိုင်းကို မြင်လိုက်ရသည်။ အရစ်ရစ်တွေနှင့် ခြင်ကျား။ “သွေးလွန်တုပ်ကွေး ကာကွယ်ရေး၊ ခြင်ကျားခေါ် ခြင်ပုန်း နှိမ်နင်းပေး” ဆိုသော ကျန်းမာရေး ဆောင်ပုဒ်ကို ရုတ်တရက် သတိရသည်။ သူသည် ကလေးတွေကို ကိုက်လျှင်.... ကျွန်တော့်မှာ တူကလေးတွေ၊ တူမကလေးတွေ ရှိသည်။ ရေခွက်ကို စင်ပေါ် အသာပြန်တင်သည်။ လက်ညှိုးနှင့်တောက်ပြီး သတ်မည်ဟု ကြံသည်။ လက်ညှိုးပေါ် လက်မနှင့်ဖိပြီး အသင့်ပြင်သည်။ တဖြည်းဖြည်း အနားတိုးကပ်လိုက်၏။

သူသည် တောင်ပံ တဖျတ်ဖျတ် ခတ်သည်။ ရေပြင်ပေါ်မှ ကြွတက် ၍ကား မလာ။ ရေမျက်နှာပြင်၏ တင်းအားကို သူမအောင်နိုင်သေး။ ကျွန်တော်၏ လက်ညှိုးသည်လည်း မတောက်ဖြစ်သေးချေ။

သူ၏ဘဝတွင် အစိတ်အပိုင်း နှစ်ခုရှိသည်။ ပထမတစ်ပိုင်းက ရေထဲမှာ။ ဒုတိယတစ်ပိုင်းက လေထဲမှာ။ သူသည် ဥအဖြစ်မှ တရွေ့ရွေ့ ပြောင်းလဲပြီး ပိုးလောက်လန်း ဖြစ်ခဲ့သည်။ ကိုယ်ကို ကွေးချည် ဆန့်ချည်ဖြင့် လှုပ်ရှားသွားလာရသည်။ ထိုအခြေအနေမှ ခြေထောက်တွေထွက်လာ၊ အတောင်ပံတွေ ပေါက်လာပြီး ရေပြင်ကို တွန်းထိုး၍ ထွက်ကာ အပြင်လေကို စတင်ထိတွေ့ရသည်။ ထိုအခါတွင် သူ့ကိုယ်သူ ဘယ်လောက် အံ့ဩလိုက်လေမည်နည်း။

ခုအခါ သူ၏ဘဝ ပထမပိုင်းမှ ဒုတိယပိုင်းသို့ ကူးပြောင်းနေခြင်း ဖြစ်၏။ သူသည် ရေအောက်က ကမ္ဘာ ကျဉ်းကျဉ်းကလေး ထဲမှာသာ နေခဲ့ရသည်။ ရေစည်၏ ဟိုဘက်စွန်း၊ ဒီဘက်စွန်း၊ ရေအနက် အပေါ်အောက် ရှိသလောက်သာ သူ့နယ်ပယ် အကျယ်အဝန်း ဖြစ်ခဲ့သည်။ ခုဆိုလျှင် သူ ရေပြင်ပေါ်သို့ ရောက်နေပြီ။ လေကို စတင် မြင်ဖူးပြီ။ သို့ရာတွင် သူသည် မပျံသန်းဖူးသေး။ လေတွင် ဝဲပျံရသည့် အရသာကို မကြုံရဖူးသေး။ အပြောကျယ်သော ပြင်ပ လေထုအောက်ရှိ အရောင်အဆင်းများ၊ ပန်းပွင့်များ၊ ရေပြင်လို စေးထန်း ပျော့အိမနေဘဲ မာကျော ခိုင်မြဲသော နားခိုစရာ နေရာများ အကြောင်းကို သူမသိရသေး။ ယုတ်စွအဆုံး ခြင်တစ်ကောင် ပီသဖို့ အတွက် သွေးတစ်စက်မျှကိုပင် မစုပ်မျိုဖူးသေး။

ကျွန်တော့်လက်များသည် ကွေးနေဆဲ။ လက်ညှိုးကို လက်မဖြင့် ဖိထားရသဖြင့် လက်ကတုန်နေသည်။ လွှတ်အံ့ဆဲဆဲ....
“မျက်နှာသစ်တော့လေ၊ ဘာငေးနေတာလဲ”
လေးမေ၏ အသံကြောင့် ဖျတ်ခနဲ လန့်သွားသည်။ သူသည်လည်း ဆတ်ခနဲရုန်းပြီး လေထဲသို့ ပျံတက်သွား၏။

လေးမေ ကျွန်တော့်ဘေး လာရပ်ပြီး....
“ဘာကြည့်နေတာလဲ”
“ဟိုကိစ္စပါ.. ဘာမှ မဟုတ်ပါဘူး”
ဟု ပြောပြီး ရေမျက်နှာပြင်တွင် ကျန်ရစ်ခဲ့သော ပိုးလောက်လန်းအခွံကို တစ်ချက်ကြည့်မိသည်။ လေးမေက ရေစည်နား တိုးကပ်လာပြီး ကျွန်တော်ကြည့်သလို လိုက်ကြည့်သည်။
“ဟင်.. ရေစည်ထဲမှာလဲ ပိုးလောက်လန်းတွေပါလား၊ ညနေကျရင် ရေစည်ကို လှယ်ပစ်ရအောင်.. သိလား”
ကျွန်တော် ဘာမျှပြန်မပြော။ ပါးစပ်ထဲသို့ သွားပွတ်တံကို ထိုးထည့် လိုက်သောကြောင့် ဖြစ်သည်။

(#ရှုမဝ၊ မတ်၊ ၁၉၈၃)
#crd-Min Wai Yan

အဝေရာတော

#အဝေရာတော

                                               #နေ၀င်းမြင့်

ကျွန်တော်တို့ အိမ်ရှေ့လမ်းသည် လမ်းတိုကလေးဖြစ်၍ ထိုလမ်းတို၏ တောင်ဘက်တွင် နှစ်ကွက်တွဲ ခေါ်ကြ သည့် ခြံကျယ်ကြီးတစ်ခြံရှိသည်။ ရပ်ကွက်က ထိုခြံကို အဝေရာတောဟူ၍ လည်းကောင်း၊ ပေလေးဆယ် ခြောက်ဆယ်မြေကွက် နှစ်ကွက်စာရှိ၍ နှစ်ကွက်တွဲဟူ၍ လည်းကောင်း ခေါ်ကြသည်။ မြောက်ဘက် လမ်းတိုနှင့် တောင်ဘက်လမ်းရှည် နှစ်လမ်းကို ထိပ်ချင်းတိုက်ကျယ် ပြန့်သော ထိုခြံကြီးက လူသူ လေးပါးနေထိုင်ခဲ့သည်မရှိဘဲ ရပ်ကွက်အတွင်း၌  ပုဆစ်တုပ်ထိုင်နေသည့်နှယ်ရှိ၏။

ခြံ၏အရှေ့ဘက်တွင် ရုံးတစ်ရုံးရှိသည်။ အနောက်ဘက်မှာတော့ လူနေအိမ်တွေရှိသည်။ ထိုရုံနှင့် လူနေအိမ် တွေက ၀ါးထရံကွက် စည်းခြားထားသဖြင့် သပ်သပ်ရပ်ရပ်ရှိသော်ငြား တောင်ဘက်နှင့် မြောက်ဘက် မှာတော့ ကျွဲစည်း နွားတား မရှိ။ တစ်ခါက စည်းရိုးဟောင်းရှိတန်ရာသော်လည်း၊ ခုတော့ ရှေးမြို့ဟောင်း ရာ၏ မြို့ရိုးပြိုသကဲ့သို့ ရေးတေးတေးသာ ရှိတော့သည်။

ခြံ၏မြောက်ဘက်ကျကျ (ကျွန်တော်တို့လမ်းနှင့်နီးနီး)တွင် ဟောင်းမြင်းလှပြီဖြစ်သော အိမ်တစ်လုံးရှိ၏။ အိမ်၏ အလုံးအထည် မယွင်းသေးသော်လည်း ပုစဉ်းပျံဘယ်တိုင်ဖျား နားရပါ့မယ် ဆိုသကဲ့သို့ ပုစဉ်းနား လျှင်ပင် ပြီးတော့လေမလားထင်ရသည့် အိမ်ကလေးဖြစ်သည်။ ဆောက်ကာစတုန်းကတော့ သစ်ကောင်း ၀ါးကောင်း အိမ်ကောင်းရာကောင်းကလေး ဖြစ်ပုံရသည်။ ရေနံရည်ဝအော် သုတ်ထားသဖြင့် ပိုးပုရွက်တို့ မကျူးကျော် နိုင်ကြဘဲ အဝေရာတောကြီးအတွင်း ထီးထီးကြီး ရှိနေနိုင်ခြင်းဖြစ်၏။

ခြံကြီးတစ်ခြံလုံး ပိတ်ပိတ်သည်းသည်း ပေါက်နေကြသော အဝေရာပင်များကြောင့် အဝေရာတော ခေါ်ကြ သကဲ့သို့ ထိုအိမ်ကိုလည်း အဝေရာအိမ်ဟု ခေါ်ကြပါ၏။ အိမ်ကကြီးလှတာတော့မဟုတ်။ ကပ်မိုးထရံကာ ဖြစ်၍ ထူးခြားသည့်အချက်မှာ တောင်လှည့်လား၊ မြောက်လှည့်လား မြေကြီး လက်ပုတ် မပြောနိုင် ကြခြင်း ဖြစ်သည်။

    ကျုပ်တို့တွေ့ဖူးသလောက်တော့ တောင်ဘက်နဲ့မြောက်ဘက်မှာတော ဈေးဆိုင်တွေလို မတ်တတ် မြေစိုက် ကဲလားကြီးတွေလို တံခါးတွေဗျ။ တောင်ဘက်မှာ နှစ်ချပ်၊ မြောက်ဘက်မှာ နှစ်ချပ်ရှိသည်။ ကဲလား တံခါး လေးချပ် ကို ၀ါးလုံးလေးလုံးနဲ့ ထောက်လိုက်ရင် ဟာလာဟင်းလင်း ပွင့်သွားတာမျိုး။
    သည်ရပ်ကွက်ကို ပန်းသုန်းပင်ပန္နက်စိုက်ကြပြီဆိုကတည်းက ရောက်နှင့်နေသော ကောက်ညှင်းပေါင်း သည်ကြီး ဒေါ်ရွှေက ပြောပြသဖြင့်သာ အနုမာနအားဖြင့် ဆု၍ သိကြရသည် ဖြစ်ရာ ကျွန်တော့် မျက်စိ ထဲတွင် ဆင်တင်းကုပ်ကိုသာ မြင်နေမိလေ၏။

    ကျွန်တော်တို့မိသားစု မြို့သစ်ကို ရောက်လာစကတည်းက သည်ခြံကြီးမှာ လူသူ လေးပါး နေထိုင် ကြတာမျိုး မရှိခဲ့။ အိမ်ကလေးသည်လည်း လေးဖက်ချ အလုံပိတ် ငုတ်တုတ်အိပ်တ်သကဲ့သို့ရှိ၏။ အဝေရာ ပင်ကြီးတွေက ကြီးသည်ထက်ကြီးလာကြသည်။ တစ်နှစ်တစ်ခါ အစေ့ကျကြရာက ဖြစ်ရသော နောက်ပွားပင် တွေကလည်း သိပ်သည်းသည်ထက် သိပ်သည်း၊ မြင့်သည်ထက်မြင့် ရင့်သည်ထက် ရင့်ကြရာက အပင်ချင်း နေရောင်လုကြသည့်နှယ် ကောင်းကင် တိမ်ညွန့်ကိုပင် မီလုမီခင်။ တစ်နေရာတည်း ၌ သစ်ပင်တွေက ညွန့်ညွန့်ကြီး သန်ကြလှ၍ အိမ်ကလေးသည် ဟောင်းရာမှဆွေး၊ ဆွေးရာ မှ မြေ့၊ မြေ့ရာမှ ကြွေတော့မလို ရွရွကလေး တည်နေသည်ဖြစ်ရာ တစ်ခါက အားကြီးခဲ့ဖူးသော အကြောင်းသည် ပျောက်လုလုဖြစ်နေသည်။

    "နေပါဦးပွဲစားကြီးရဲ့၊ သည်နှစ်ကွက်တွဲကြီးက ဘယ်သူပိုင်တာတုန်း ဘယ်သူမှလည်း ၀င်တာထွက်တာ မတွေ့ရပါလား"
    ကျွန်တော်တို့အိမ်ကို အကြောင်းဟိတ်ပေါင်းစုံဖြင့် ရောက်လာကြကုန်သော လူသူတော်ကောင်း များစွာ တို့အနက် အိမ်မြေပွဲစား ဦးသာဂရလည်း တစ်ဦးပါသည်ဖြစ်၍ တစ်ရက်မှာတော့ မှတ်မှတ်ရရ မေးဖြစ် ပါသည်။

ဦးသာဂရသည်လည်း လူပုဂ္ဂိုလ်အားဖြင့် လွန်စွာ အထနှေးလှသူ မင်းသကျ(မင်းသားကျ)ဆိုသော်ငြား မြို့သစ် မြေပုံ နှင့် ပတ်သက်လျှင် သုံးခွက်တစ်ခွက်တင် အနှစ်ကျအောင် သောက်ဖူးသူဖြစ်၏။ အများတကာ အိမ်မြေ ပွဲစားတွေလို လက်ကိုင်ဖုန်း ခါးချိတ်မရှိ၊ တရုတ်ဆိုင်ကယ်မရှိ၊ မြေပုံမိတ္တူမဆောင်၊ မှင်ဂိုက် မကောင်းလှသူ ဆိုသော်လည်း မြို့သစ် ရွှေကြိုးသတ်နယ်အကွင်း မြေအရောင်အဆင်းနှင့်တကွ သိသူ ဖြစ်သည်။ သို့သော် သည်နှစ်ကွက်တွဲခြံနှင့် အိမ်အကြောင်းကိုတော့ အလီမရသော ကျောင်းသားကဲ့သို့ ၀ိုးဝိုးဝါးဝါး ရှိလေ၏။

    "ကျုပ်ကဟောဟိုနားက မြေဖြူလို့ မြေပုဏ္ဏား၊ ဟောသည်နားက မြေနီလို့ မင်းမြေ၊ အဲဟိုနားက မြေမည်း လို့ မြေကျွန် စသည်ဖြင့် ပကတိမြေလည်း သိတယ်။ ကေသပံသုသလောက မြေလည်းသိတယ်။ လခြမ်းမြေ၊ အိုးကင်းမှောက်မြေ၊ စည်မျက်နှာမြေ၊ နဂါးကျစ်မြေစသည်ဖြင့် မြေမျက်နှာပြင်ကအစ သိပါရဲ့၏။ နို့ပေမယ့် ဟောသည်အိမ် နဲ့မြေကို မသိဘူးဗျာ။ ငယ်စာရင်းမကောက်နိုင်ဘူး ဖြစ်နေတယ်။

    ပွဲစားကြီး ဦးသာဂရက အိမ်လွတ်ခြံလွတ်တွေ ရပ်ကွက်တကာ လိုက်ကြည့်တတ်သူဖြစ်၍ တစ်ရက် ကျွန်တော် တို့ လမ်းတွင်ရောက်သခိုက် ကျွန်တော်မေးကြည့်ခြင်းဖြစ်သည်။ ခင်ကာစက မေးထုးကြာပစ် နှုတ်ဆက်ကြ ရုံသာဖြစ်၍ နောက်တော့လည်း ထီးကောက်ကြီး ပခုံးချိတ်ရင်း ကျွန်တော်တို့အိမ်ကို ရောက်လာလေ့ ရှိသည်။ စာရေးဆရာတို့ကာ အလုပ်မည်မည်ရရ မရှိကြရှာသော လူအားများဟု မြင်ပုံ ရသဖြင့်လည်း ရောက်လာသည့်အခါတိုင်း မြစ်ကမ်းပါးခြေ၌ ကျောက်ချသော နှစ်ပင်တိုင်ရှေးလှေကြီးကဲ့သို့ ရှိလေသည်။

(၂)
    တလောက မြေဈေး၊ အိမ်ဈေးတွေ လှုပ်လာသည့်အခါ ကျွန်တော်တို့ လမ်းတိုကလေးထဲမှာ ပွဲစားတို့ စီးလာကြသော တရုတ်ဆိုင်ကယ်တို့ ဒရိန်းပြကြသည့်နှယ် အုတ်အာသောင်းလာ ရှိလာကြသည်။ ပိုင်ရှင် မသိဘဲ အဝေရာတောကို ၀င်တိုးကြသည်။ ဂီလာနအိမ်ကလေးကို မျက်လုံးဖြဲ၊ နှုတ်ခမ်းဖြဲ သမားကြည့် ကြည့်ကြ ကုန်သည်။ မြောက်က၀င်၍ တောင်ကထွက်ကြ၏။ တောင်က၀င်၍ မြောက်ကထွက်ကြ၏။ ပါလာကြ သမျှသော လက်ကိုင်ဖုန်းများဖြင့် အဋ္ဌတိဒိသာ အရပ်ရှစ်မျက်နှာသို့ ဆက်ကြသည်။

အဝေရာတောကို စန္ဒကူးတောနှယ် တပ်မက်သော မျက်လု့းများဖြင့် အနုလုံပဋိလုံ အဖန်ဖန် စောဒနာ ကြသည် လည်းရှိ၏။ ပြိုလုလု အဝေရာအိမ်ကိုလည်း သစ်ထီးသစ်မ၊ သစ်ဘီလူး သစ်နပုန်း ရုန်းရုန်းရင်းရင်း ကိုင်တွယ် ကြည့်ရှု အစစ်အဆေးပြု၍ ကာလတန်ကြေး မှန်းကြလေ၏။
    သည့်နောက်တော့ ပြန်လည်ငြိမ်သက်သွားပြန်သည်ဖြစ်၍ အဝေရာတောနှင့် အဝေရာအိမ်သည်လည်း လေသလိပ်၊ သည်းခြေသုံးပါးပေါက်သော တူလာသရောနာ ရောဂါသည်ကဲ့သို့ တစ်ဖန်ရှိပြန်လေသည်။

    "အိမ်တို့၊ မြေတို့မှာလည်း ကမ္မဇိဒ္ဓိရှိတာကိုး။ စာရေးဆရာကြီးရဲ့၊ ကမ္မဇကံကြောင့်ဖြစ်သော ဣဒ္ဓိတန်ခိုး ဆိုတာကောခင်ဗျ။ ကမ္မဇနဲ့ ဣဒ္ဓိပေါင်းတော့ ကမ္မဇိဒ္ဓိဖြစ်တယ်။ ကြားဖူးတယ် မဟုတ်လား"
    "ကမ္မဇလေ တော့ ကြားဖူးပါတယ် ပွဲစားကြီးရဲ့"
    "စာရေးဆရာနှယ် ကမ္မဇလေက သားဖွားအံ့မူးမူး မိခင်များ သားဖွားနိုင်အောင် တွန်းကန်ပေးတဲ့ လေဟာ ကောဗျ။ သည်အိမ်နဲ့ သည်ခြံကတော့ စာရေးဆရာပြောသလို ကမ္မဇလေတွန်းတာတောင် ခေါင်းပြုမည့် ပုံမပေါ်ဘူးဗျို့ ကမ္မဇိဒ္ဓိတော့ ဝေးကရော"

    ပွဲစားတကာသို့ လန်ကျလောက်အောင် ငြိမ်သက်ခဲ့သော အဝေရာအိမ်နှင့် အဝေရာခြံကြီး လှုပ်လာသည့် နေ့သည် ၀ါခေါင်လ၏ ရက်တစ်ရက်တွင်ဖြစ်လေသည်။ ပိတ်ဆည်းသောင်းသည်း မျက်မည်း တောကြီး နှယ်ဖြစ်နေသော အဝေရာတောကိုဖြတ်၍ အဝေရာအိမ်တွင်နေထိုင်ကြမည့် လင်မယား တစ်စုံ ရောက်လာ ၍ဖြစ်သည်။ ပိုင်ရှင်မည်သူမည်ဝါ မသိရသော်လည်း သူ့ခြံတွင်း၌ ပွဲစားတကာတို့ တောဆင် ၀ါးတောနင်း သလို နင်းနေကြတာကို ကြားသွားပုံရပါ၏။

သံသေတ္တာတစ်လုံး၊ စားအိုးစားခွက် တစ်ဂျုံအိတ်စာ လက်တွန်းလှည်းတစ်စီးနှင့် ရောက်လာကြသူ တောစောင့်နတ်လင်မယားလည်း အိမ်ကလေး၏ ကဲလားတံခါးတွေကို အဝေရာလေးကိုင်းဖြင့် ထောင်ကာ မြွေခြောက်ခြင်း၊ ကင်းခြောက်ခြင်း ဦးစွာလုပ်ကြရသည်။ အိမ်ငါးပေပတ်လည်လောက်ကို ရှင်းကြရ၏။ ဘုရားစင်ရိုက် လုပ်ကြရ၏။ လက်တွန်းလှည်းက အဝေရာတောထဲတွန်း မရသဖြင့် မြောက်ဘက် လမ်းပေါ်တွင် ထားရသည်။ ကျွန်တော့်အိမ်နှင့်နီးသဖြင့် မနက်ဘက် လှည်းထွက်တိုင်းကျွန်တော်နှင့် ဆုံသည်။ လှည်းက အာတာပူစီလှည်း။ အရောင်းဆိုးထားသည့် သကြားကို အပူပေးကာ မွတ်မွတ် လှည့်ခြင်း ဖြင့် အမျှင်အမျှင်ထသော မုန့်တစ်မျိုးသည် ကမ္ဘာလောကမှ မျိုးတုန်းသွားပြီ ထင်ခဲ့ရာမှ ပြန်ပေါ် လာ သဖြင့် ကျေးဇူးတင် ရသေးသည်။

"နေပါဦး ကိုအာတာပူစီရဲ့ ခင်ဗျားတို့ကို ခြံရှင်သူဌေးက ထားတာလား"
"မဟုတ်ပေါင်ဗျာ။ သူဌေးလက်ခွဲက ထားတာပါ။ မရှိလို့သာ လာနေရတယ်။ ဘယ်အချိန်မြွေဝင်လာမလဲ ကြည့်နေရတာပါ။ လက်စနဲ့ဆရာကြီးရယ် ဆရာကြီးကို ကျွန်တော့်မိန်းမအပ်ခဲ့ပါရစေ။ အထဲမှာရှိပါတယ်"
    "အထဲမှာ ဘာလုပ်နေတာလဲ"
    "သန်းဥစမ်းနေလေရဲ့"

အာတာပူစီသည် သူ့မယားမနက်တိုင်း အပ်သဖြင့်လည်း ကျွန်တော့်မှာ ကြားထဲက မိန်းမစိုးဖြစ်နေရသည်။ အာတာပူစီသည်။ လင်မယားလည်း သိပ်တော့မကြာလိုက်ပါ။ ဘယ်လိုက ဘယ်လိုဖြစ်သည်မသိ။ အဝေရာတော က စွန့်ခွာကြလေ၏။ ကိုအာတာပူစီမယား အပ်မသွားလို့တော်သေးရဲ့ အောက်မေ့ ရတော့ သည်။

(၃)
    ကိုအာတာပူစီမယား ပြောင်းသွားပြီး တစ်လကျော်ကျော်လောက်မှာ ကုလားမိသားစု တစ်စု ထော်လာဂျီ တစ်စီးနှင့် ပြောင်းလာကြပြန်လေသည်။ ထမီလ်နာဒူးပြည်နယ် တစ်ပြည်နယ်လုံး ပြောင်းရွှေ့လာကြသလို ကြီးစွာသော အသံကိုပြု၍ ရောက်လာကြသူများမှာ ပင်မင်းမိသားစုဟု နောင်အခါ သိလာရသည်။ ဆင်တင်းကုပ်နှင့်တူသော တဲကလေးထဲမှာ မြွေပါးကင်းပါး ကြောက်စရာမရှိ၊ ကုလားကြီး လင်မယားနှင့် ကလေး ဒါဇင်ဝက်တို့ အချင်းချင်းအော်ကြ၊ ပြောကြသံတွေကြောင့် မြွေနားပင်းတို့ပင် ပြေးလောက်ပြီ။

အဝေရာပင်အချို့ကို အ၀တ်လှမ်းတန်းပြု၍ တစ်နေ့တစ်နေ့ လှမ်းထားသော အ၀တ်များကလည်း လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ် ရှိကြလေ၏။ ဇီရာ၊ ကရဝေး၊ ဖာလာ၊ မာလာကျိကျူစသော ဟင်းခတ် အမွှေးအကြိုင် တို့ဖြင့် အဝေရာတောကို ညှော်တိုက်ကြသည်လည်းရှိ၏။ တစ်ခါတစ်ရံ လင်မယား နှစ်ယောက် လျှော်ဖွပ်ရင်း ထသတ်ကြလေရာ ကလေးဒါဇင်ဝက်က နှဲကြီးခရာ တစ်ယောက်လျှင် နှစ်လက်စီ တာဝန်ယူမှုတ်ကြသကဲ့သို့ ချောက်ချားဖွယ်ကောင်းလှသော တောအော်သံကို ပြုကြသည်လည်း လွန်ရော ကျွံရော နှစ်ရက်ခြားတစ်ခါဖြစ်သည်။

မူရင်းနေထိုင်ကြသူ ဌာနေကုလားလင်မယားထံသို့ အခါအားလျော်စွာ စုရုံလာကြသော အာဂန္တုကုလားများ ရောက်လာသည့် အခါ အဝေရာသီးခြောက်များပင် တဖျောဖျောကြွေကြသည်။ အထိ တောကြီးခါလေသည်။
    တစ်ရက် မှာတော့ ကျွန်တော်တို့အိမ်ကို မုန့်တွေလာပို့သည်။
    "အရာကြီး တို့သည်မှာရှိတာ ၀မ်းသာတယ်။ လူသံသူသံ ကြားရတာပေါ့"

    "ကျွန်တော်တို့ပြောင်းတော့မှာ ပွဲစားက အိမ်အကြီးကြီးပြောတယ် တကယ်လာနေတော့ အိမ်က ကလေး တွေ နဲ့ မဆန့်ဘူး"
    "အိမ်ရှင်က ငှားတာ မဟုတ်ဘူးလား"
    "ပွဲစားလေ သည်ကောင်ညစ်ပတ်တယ်။ ဘာကောင်းသလဲ"
    တကယ်လည်း ဒိုဘီမိသားစုနှင့်ဝေးရပြီ။

(၄)

နှစ်လမရှိတရှိမှာ ရောက်လာကြသူတွေကတော့ ဆေးဆိုးပန်းရိုက်သမားတွေ၊ ဆေးပုံးတွေ၊ ဆေးခွက်တွေ၊ ဂျတ်စက္ကူတွေက အရင်ရောက်လာကြခြင်းဖြစ်ပြီး လူတွေက နောက်မှ ရောက်လာကြခြင်းဖြစ်၏။ မိန်းမသား တွေက အဝေရာတောထဲမှာပဲ ချက်ကြ၊ ပြုတ်ကြပြီး ယောက်ျားသားတွေက စွပ်ကျယ်တွေ တံဆိပ်ရိုက်ကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံတွေ ပိတ်စမှာ ရိုက်ကြသကဲ့သို့ ချီဂွေဗားရား ပုံ တွေကိုလည်း ရိုက်ကြပါ၏။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်အလံ အရွယ်ရွယ် အစားစား ကလည်း အဝေရာ တောထဲမှာ နေ့ကြီးရက်ကြီးလို တလွင့်လွင့်ရှိကြသည်။

    ကျွန်တော်ကတော့ ပျင်းလျှင် သူတို့အဖွဲ့အလုပ်လုပ်သည့် နေရာကို ရောက်သွားတတ်သည်။ ကျွန်တော် တို့လမ်းဘက်တွင် ခြံစည်းရိုးမရှိတော့ ၀င်ချင်ထွက်ချင်တိုင်း ၀င်ရုံထွက်ရုံ။
    "အလံတွေ တော်တော်ရိုက်ရတယ်နော်"
    "ပြည်ထောင်စုနေ့နီးပြီလေဆရာရဲ့။ ဆရာကြီးတစ်လက် ယူသွားပါလား၊ အိမ်မှာ ထူရတာပေါ့။ ဟေ့… ဆရာ့ ကို တစ်လက်ပေးစမ်း"

    အလံဆိုတော့လည်း မငြင်းသာ။ တစ်ယောက်က တစ်တောလုံးရဲအောင် လှမ်းထားသော အလံတွေထဲက တစ်လက်သွား ဖြုတ်ပြီး ကျွန်တော့်ကိုပေးသည်။ ကျွန်တော့်အဖို့ ကျွန်တော့်အသက်နှင့်အမျှ အလံ မရှိဘဲ နေခဲ့သူဖြစ်ရာ အလံတစ်လက်ကို  ရလိုက်သဖြင့် ၀မ်းသာရသည်။ တံဆိပ်ရိုက်ပြီးသား ဂျပ်စက္ကူချပ် တွေကို အိမ်ကလေးထဲမှာ မိန်းမတွေ ထုပ်ပိုးနေကြသည်။ အချိုရည်တံဆိပ်၊ မန်ကျည်းဖျော်ရည် တံဆိပ်၊ ခေါက်ဆွဲခြောက်တံဆိပ်၊ ကြာဆံတံဆိပ်၊ လက်ဖက်ခြောက်တံဆိပ်၊ ကန်ုအမှာကိုလိုက်၍ အဝေရာတော သည် အလံတော်ဖြစ်လိုက်၊ အချိုရည်တောဖြစ်လိုက်၊ စွပ်ကျယ်တောဖြစ်လိုက် လှပင်လှသေးတော့။

    သူ့ကိုလည်း တပေါင်းရယ်မှ တန်ခူးမြေ မနူးခင် မရှိကြပြန်တော့။

(၅)
    ခြောက်လလောက်ကြာတော့ အလုပ်သမားအဆိုင်းတစ်ဆိုင်း ပြောင်းလာကြသည်။ သံချောင်းတွေ၊ သံနန်း တွေ၊ သံချည်သံကွေး၊ ခုံတွေ၊ တွင်ခုံတွေပင် ပါသေးသည်။ သည်တစ်ခါ ရောက်လာကြသူများသည် အင်္ကျီပင် မ၀တ်ကြသော လူကြမ်းများဖြစ်၏။ အိမ်ပြတင်းကပ် သံပန်းကွက်မှသည်သူဌေးခြံတံခါး ကနုတ် ကွေး သည်အထိ လုပ်နိုင်ကြသူတွေ ဖြစ်သည်။

ကွမ်းတွေစားကြတာကလည်း စက်နှင့်ကြိတ်နေသလား မှတ်ရသည်။ ဆေးပေါ့လိပ်သောက်ကြတာ ကလည်း သစ်စက်ခေါင်းတိုင်သာ ကြည့်တော့။ တကယ်တမ်း တစ်လက နှစ်လကြာတော့ ရပ်ကွက်နား မခံသာ ကြတော့ပြီ။ လူနေရပ်ကွက်အတွင်း အမိန့်ရ စက်မှုန်ဇုန်ကြီးတည်ထားသလို မီးစက်သံ တချုန်းချုန်း၊ သံပြား ထုသံ တ၀ုန်းဝုန်း၊ သံချောင်းထုသံ၊ တွင်ခုံကြိတ်သံတွေသာမက အတိုင်းအထွာ အဆဲအရေးတွေ များလာ ခဲ့သည်။

    အဆိုးဆုံးက မီးစက်ကြီးဖြစ်၏။ ရှေးခေတ်သဘောင်္တစ်စီးစီးက ဖြုတ်လာဟန်ရှိသော မီးစက်ကြီးမှာ အရောင်ပင် မပေါ်တော့။ စက်ခုတ်သံကတော့ တန်တစ်ရာကျ ဆန်စက်လည်သံလောက် ကျယ်သည်။ သည် စက်ကြီး နှိုးပြီဆိုလျှင် တောင်ဘက်လမ်း မြောက်ဘက်ကကို ရွှေ့ခိုင်းကြသည်။ မြောက်ဘက် လမ်းသူလမ်းသား တွေက တောင်ဘက်ရွှေ့ခိုင်းသည်။ ဤသို့ဖြင့် မီးစက်ကြီးခမျာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရပ်တည်ရာမရနိုင်ဘဲ လူအုပ်ကြီးက ၀ိုင်းရိုက်သည့် ခွေးပမာ အော်ရင်းဟစ်ရင်း ပတ်ပြေး နေရလေသည်။

ဘယ်နှယ့်တုန်း သံပန်းဆရာရဲ့။ ခင်ဗျားဝမ်းရေးနဲ့ ကျွန်တော့် ပရိယေသန ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါပကော။ ခင်ဗျားက ဆူပွက်နေမှ ကုန်ချောကျသလို ကျွန်တော့်အလုပ်က ငြိမ်သက်နေမှ ကုန်ချော ကျနေတာလေဗျာ"
သံပန်းစက်မှုလုပ်ငန်းရှင် ကိုသန်းဖေခမျာ တပူပူတဆူဆူ ချွေးတစ်လုံး သံတစ်လုံး လုပ်ကိုင် နေကြသည့် ကြားက ၀မ်းမလှရသည့်ကြား ရပ်ကွက်က တဆူဆူတအောင့်အောင့် ဆိုတော့ ပရိတ်သံ ကြားရသော မြေဖုတ်ပြိတ္တာ ပမာ စကြ၀ဠာအပြင်ထွက်ဖို့ ကြံရလေပြီ။

    "ကျွန်တော်လည်း ပြောင်းတော့မှာပါ ဆရာကြီးရယ်။ ခြံငှားခ၊ အိမ်ငှားခက ဈေးတက်ယူ တော့မယ် ဆိုတော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး"
    "ဘယ်သူကလည်း ပိုင်ရှင်ကလား"
    "ပိုင်ရှင် ကို မသိဘူး ဆရာကြီးရဲ့။ သူ့တပည့်ပွဲစားတွေနဲ့ တွေ့ရတာ"
    သူတို့ ပြောင်းသွားကြတော့ ကိုသန်းဖေ မလွမ်း၊ စက်အိုကြီးကို လွမ်းမိသည်။

(၆)
ဤသို့ဖြင့် ဆင်တင်းကုပ်နှင့်တူသော ကဲလားလေးဖက်ချ အိမ်ကလေးထဲကို ဘ၀ပေါင်းစုံ လူပေါင်းစုံ ရောက်လာခဲ့ ကြလေသည်။ စုတ်စုတ်ကန်းကန်း ပြန်ထွက်သွားကြရသည်။ ကျွန်တော် သိသလောက် ဘယ်သူ မှ အဆင်ပြေရသည်မရှိ။ ပင်ပန်းဆင်းရဲကြခြင်းသာ အဖတ်တင်ကြသည်။ ပဲနှစ်ပြန်ကြော် သမား တွေလည်း ပြေးဖူးပြီ။ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်သမားလည်း ပြေးဖူးပြီ။ လက်ဘက်ခြောက်သမားတွေလည်း ပြေးဖူးပြီ။ သည်အိမ်ကိုငှားကာ ကျူရှင်ပြခဲ့သော ကျူရှင်ဆရာသည်ပင် အူမခြောက်ခင် ပြေးခဲ့ရသည်။ ထူးဆန်း တာက အဝေရာတောကြီး ပြုန်းသွားခြင်းဖြစ်၏။ တစ်ဦးလာ တစ်ခါခုတ် ဆိုတော့ တောလည်း မခံသာပြီ။

    တစ်ရက်မှာတော့ ပျောက်ချက်သားကောင်းနေသော ပွဲစားကြီး ဦးသာဂရ ချွေးတွေသံတွေနှင့် ရောက်လာသည်။ ရေတစ်ခွက် မက်ရေစက်ရေသောက်ပြီးမှ အသာထိုင်သည်။
    "ဘယ်နှယ့်တုံးပွဲစားကြီးရဲ့၊ အဝေရာအိမ်လူမမြဲပါလား၊ ငယ်စာရင်းကောက်လို့ မရသေးဘူးလား"
    "ကျုပ်အထင်တော့ အိမ်က သစ်နပုန်းသား၊ သစ်ဘီလူးသားနဲ့ ဆောက်ထားတာ နေမှာပါဗျာ"
    "ပိုင်ရှင်က ဘယ်သူတုံး ပွဲစားကြီးရဲ့"

    "ပိုင်ရှင်ကလည်း ဘာထူးမှာတုံး စာရေးဆရာကြီးရဲ့ လူ့နပုန်း၊ လူ့ဘီလူးနေမှာပေါ့။ ဥပဒ္ဒ၀ခေါ်တယ် စာရေး ဆရာရဲ့။ ဥပမာ…ကပ်၍ …ဒ၀ ပူလောင်တာကို ပြောတာ။ ဥပါဒ်ပေါ့လေ။ ကြောက်စရာ ကောင်း သဗျ နော်"

    ပွဲစားကြီးပင် ငယ်စာရင်းကောက်နိုင်သေးပုံမပေါ်။ ခပ်ဝေ့ဝေ့သာဖြေလေ၏။ တောလည်းပြုန်းပြီ။ အိမ်လည်း ဆွေးပြီ။ ပိုင်ရှင်ကတော့ လက်လွှတ်မည့်ပုံမရှိ။ သည်တစ်ခါ ဘယ်သူတွေ ရောက်လာကြဦးမှာလဲ။ ရပ်ကွက် ကတော့ ပိုင်ရှင်ကို သိချင်ကြသဖြင့် ရှားလော့ဟုမ်းကိုပင် ငှားချင်နေကြသည်။

       

                                                #နေ၀င်းမြင့်
                   ပေဖူးလွှာမဂ္ဂဇင်း-၂၀၀၉-အောက်တိုဘာ