Wednesday, August 28, 2019

အောင်သင်း

ပတ်ဝန်းကျင်၏ စက်ကွင်း
••••••••••••••••••••••••••

အောင်သင်း

အကုသိုလ် စက်ကွင်းမိခြင်း

မိုးကြိုးပစ်တဲ့အခါမှာ စက်ကွင်းမိတယ်ဆိုတဲ့ စကားကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ မိုးကြိုးပစ်လိုက်တာကတော့ သစ်ပင်ကြီးကို ပစ်လိုက်တာပဲ။ ဒါပေမဲ့ လူက အဲဒီသစ်ပင်နား ရောက်နေတော့ မိုးကြိုးလျှပ်စစ်မိပြီး လူသေသွားတာပေါ့ကွာ။

အပေါင်းအသင်း ပတ်ဝန်းကျင် စက်ကွင်းမိတာကလေးတွေကို ပြောပြပါဦးမယ်။

မင်းတို့ ငါတို့ လူကြီးသူကြီးတွေကို ကန်တော့ကြတဲ့အခါ သာဓု..သာဓု..သာဓု၊ သွားလေရာ လာလေရာမှာ သူတော်ကောင်းများစွာနဲ့ တွေ့ပါစေ။ သူယုတ်မာများနဲ့ လွဲပါစေ... လို့ လူကြီးတွေက ဆုပေးတာကို ကြုံဖူးကြားဖူြးုကမှာပေါ့။ ငါတို့က အမှတ်မထင် ခပ်ပေါ့ပေါ့ပဲ သဘောထား တတ်ကြတယ်။

ငါလည်း ခပ်ပေါ့ပေါ့ပဲ သဘောပေါက်ခဲ့တာပါပဲ။ သူတော်ကောင်းများနဲ့တွေ့ရင် ကိုယ့်မှာ အန္တရာယ်မရှိ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ်။ သူယုတ်မာများနဲ့တွေ့ရင် ကိုယ့်မှုာ အန္တရာယ်ရှိနိုင်တယ်။ သူခိုးဓားပြလိုဟာမျိုးနဲ့ တွေ့ရင် အလုအယက် အခိုးအ၀ှက် ခံရတတ်တယ်။ အဲဒီလို ဘေးအန္တရာယ်တွေက လွတ်အောင်ပေးတဲ့ ဆုပဲရယ်လို့ အောက်မေ့ခဲ့မိတာပေါ့။

တကယ်ဆိုတော့ အပေါင်းအသင်းမကောင်းရင် ကိုယ်ပါ ပျက်စီးသွားတတ်တယ်။ သူယုတ်မာနဲ့ ပေါင်းမိရင် ကိုယ်ပါ သူယုတ်မာ ဖြစ်သွားနိုင်တယ်ဆိုတာ ကိုယ် သဘောမပေါက်ခဲ့မိပါဘူး။ အဲဒီအပြင် မကောင်းတဲ့သူနဲ့ ပေါင်းမိလိုက်ရင် ကိုယ့်မှာပါ အကုသိုလ်စက်ကွင်းမိသွားတတ်ပါကလား ဆိုတာမျိုးကိုတော့ လုံးဝ မစဉ်းစားခဲ့မိဖူးပေါ့ကွာ။

အကုသိုလ်စက်ကွင်းမိသွားတဲ့ တကယ့်ဖြစ်ရပ်ကလေးတစ်ခုကို ပြောပြလိုက်ရပါဦးမယ်။ ငါ လူပျိုကာလသားကြီးဘ၀လောက်မှာ ငါ့သူငယ်ချင်းတစ်ယောက်ကိုယ်တိုင် ကြုံသွားရတဲ့ အဖြစ်အပျက်ပါပဲ။

တစ်နေ့မှာ သူတို့ သူငယ်ချင်းတစ်စု ရပ်ကွက်တစ်ခုထဲက သူတို့ အပေါင်းအသင်းတစ်ယောက်ရဲ့အိမ်မှာ အပျော်ချက်ပြုတ်ပြီး စားကြသောက်ကြတယ်။ ညပိုင်းရောက်လာတော့ အတော်လေးလည်း မူးနေကြပြီ။ သီချင်းဆိုကြ၊ အော်ကြ ဟစ်ကြ ဖြစ်လာကြတယ်ပေါ့ကွာ။ အဲဒါနဲ့ ဘယ်ကောင်ကရယ် မသိဘူး။ သူတို့အိမ်ကို ခဲနဲ့ တစ်ချက်လှမ်းပြီး ထုလိုက်ပါလေရော။

သူတို့အသိုက်ထဲမှာရှိတဲ့ သွေးခပ်ဆိုးဆိုးကောင်က အိမ်ရှေ့ထွက်ပြီး ရပ်ကွက်ကို စိန်ခေါ်လား ဆဲလား လုပ်ပြန်ရော။ ဒီမှာတင် ငါ့သူငယ်ချင်း လူအေး သဘောကောင်းကြီးက မလိုလားအပ်တာတွေ ဖြစ်ကုန်မှာစိုးလို့ ထွက်ဆဲတဲ့ သူငယ်ချင်းကို လိုက်ပြီး ဆွဲတာပေါ့။ ဟိုကောင်ကလည်း ရုန်းလား ကန်လား ဆူလား ပူလားဆိုတော့ မနိုင်မနင်းဖြစ်နေတုန်း မှောင်ထဲက လှမ်းပစ်လိုက်တဲ့ အုတ်ခဲ ထက်ပိုင်းကျိုးကြီးတစ်ခု ငါ့သူငယ်ချင်းရဲ့ မျက်ခွက်ကို မှန်လိုက်တာ ရှေ့သွားတွေ တစ်သီကြီး ပြုတ်ထွက်ကုန်တာပဲ။ ခုတော့ဖြင့် ငါ့သူငယ်ချင်းမှာ ရွှေသွားတွေ တစ်ဝင်းဝင်းနဲ့ပေါ့ကွာ။

တစ်ကယ်တော့ ငါ့သူငယ်ချင်းက လူအေး သဘောကောင်းကြီး သက်သက်ပါ။ အမျက်ဒေါသ အလွန်ကို နည်းပါးတယ်။ ဒါပေမဲ့ သွေးဆိုးတဲ့လူနဲ့တွဲပြီး အရက်သောက်လိုက်မိတာ ကံကောင်းလို့ မသေတယ်။ အဲဒါ ‘အကုသိုလ်စက်ကွင်း’ မိသွားတာပဲပေါ့။

ကဲ…”သွားလေရာ လာလေရာမှာ သူယုတ်မာများနဲ့ လွဲပါစေ” ဆိုတဲ့ ဆုတောင်းလေးဟာ ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ သဘောပေါက်ဖို့ မကောင်းဘူးလား။

ကြီးလိုက်တဲ့ အကုသိုလ်စက်ကွင်း

ရှေ့သွားတွေ ပြုတ်သွားတဲ့ စက်ကွင်းထက် ပိုပြီးကြီးမားတဲ့ စက်ကွင်း အကြောင်းကို ပြောလိုက်ရဦးမယ်။ တကယ့်အဖြစ်အပျက်ပါပဲ။

ဖြစ်ခဲ့တာကတော့ ကြာပါပြီ။ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ လေးငါးနှစ် လောက်က ဖြစ်ခဲ့တာပါ။ ငါတို့ကိုယ်တိုင်ကလည်း ကလေးဘ၀မှာပဲ ရှိပါသေးတယ်။ လူသတ်မှုကြီးတစ်ခုအကြောင်းပါပဲ။

စစ်ကြီးမဖြစ်မီက လူတွေရဲ့စိတ်ဓါတ်နဲ့ စရိုက်ဟာ အလွန်ဖြူစင် သိမ်မွေ့သိမ်မွေ့ခဲ့ကြပါတယ်။ ငါတို့မြို့နယ်ဘက်တွေမှာဆိုရင် လူသတ်မှုဆိုတာမျိုးဟာ တကယ့်ဖြစ်တောင့်ဖြစ်ခဲ မှုခင်းမျိုးပါပဲ။ အဲဒီလို မှုခင်းမျိုးကြီး တစ်ခုလောက်များဖြစ်လိုက်ရင် အသည်းတုန်စရာ ကြောက်စရာကြီးအဖြစ် တစ်လကိုးသီတင်းလောက် ဒီအကြောင်းကို ပြောလို့ မပြီးနိုင်ကြအောင် ဖြစ်နေတတ်လေ့ရှိပါတယ်။ ငါလည်း ကလေးဘ၀မှာ ဒီအကြောင်းတွေကို မျက်လုံးလေးအ၀ိုင်းသားနဲ့ နားထောင်ခဲ့ရတာမို့ ခုထက်တိုင် မမေ့နိုင်အောင် စွဲနေမိပါတယ်။

ငါ လူပျို ကာလသားအရွယ်ရောက်တော့မှ ငါ့ဆရာ သခင်ကျော်စိန် ပြောပြချက်အရရော၊ အဲဒီအမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြရတဲ့ ကာယကံရှင်တွေ ရဲ့ နောက်ကြောင်းပြန် ပြောပြချက်အရရော ဖြစ်ပျက်ခဲ့ပုံကို ပြည့်ပြည့်စုံစုံ သိလာခဲ့ရတာပါ။ (နာမည်တွေကိုတော့ ပြောင်းထားလိုက်တယ်ကွာ။ နာမည်တွေကို ထည့်ပြီး ရေးလိုက်ရင်လည်း သူတို့ဆွေမျိုးကအစ ဘာမှ ပြောကြမှာမဟုတ်ပါဘူး။ ငါနဲ့သူတို့ဆွေမျိုးတွေကလည်း အလွန် ရင်းနှီးကြပါတယ်။ တချို့လည်း မရှိကြတော့ပါဘူး။ ရှိသေးရင်လည်း နောက်ပေါက်ကလေးတွေပဲ ရှိတော့မှာပါ။)

ငါတို့ အရပ်ထဲမယ် ကိုအောင်မြ ဆိုတာရှိတယ်။ သူက မူးလာရင် သွေးဆိုးတတ်တယ်၊ ရမ်းတတ်တယ်၊ လက်မြန်ခြေမြန် ရိုက်တတ်နှက်တတ်တယ်။ လူမိုက်ဘွဲ့ခံ ဆိုပါတော့ကွာ။ တစ်နေ့မှာတော့ သူရယ် ကိုတင်မောင်ရယ်ဆိုတာက နှစ်ယောက်သား အရက်သောက်ကြမယ်ဆိုပြီး ထွက်လာကြတယ်။ လမ်းမှာ ကိုထွားကြီးဆိုသူကိုပါ ၀င်ခေါ်သွားကြတယ်။ ကိုထွားကြီးလည်း သူငယ်ချင်းတွေဆိုတော့ ပါသွားတာပေါ့ကွာ။ ဒါနဲ့ ငါတို့မြို့ဈေး တောင်ဘက်မှာရှိတဲ့ ခေါက်ဆွဲဆိုင်တစ်ခုမှာ အရက်သောက်ကြတယ်။

သူတို့ သောက်နေတုန်း ကိုဘကြည်ဆိုတဲ့ လူတစ်ယောက်ကလည်း ဆိုင်ထဲဝင်လာပြီး ခေါက်ဆွဲကြော်တစ်ထုပ် မှာတယ်။ အဲဒီကိုဘကြည်ဆိုတာက ကားသမား။ သူက ကားသိမ်းပြီး ပြန်တော့မှာမို့ ခေါက်ဆွဲကြော်ဝင်ဝယ်တာ။ သူကလည်း သူ့ရပ်ကွက်ထဲမှာရော၊ ကားသမား လောကမှာရော သတ္တိကောင်း လူမိုက်ဘွဲ့ခံတစ်ယေက်ပေါ့ကွာ။

ကိုအောင်မြက ကိုဘကြည်ကို မြင်လိုက်တော့ ခေါက်ဆွဲကြော်စောင့်ရင်း သူတို့နဲ့ အရက်လာပြီးသောက်ဖို့ ခေါ်တယ်။ ကိုဘကြည်က ငြင်းတယ်။ သူတို့နဲ့ မသောက်ချင်လို့ပဲ ဖြစ်မှာပေါ့။ ဒီတော့ ကိုအောင်မြက အရက်တစ်ခွက်ကို ယူသွားပြီး ကိုဘကြည်ကို ဇွတ်တိုက်တယ်။ ကိုအောင်မြက နည်းနည်းမူနေပြီလေ။ သူတိုက်တဲ့အရက်ကို မငြင်းရဘူးပေါ့။ (ခုခေတ် မင်းတို့ သုံးတဲ့စကာုးမျိုးနဲ့ပြောရရင် ”ကျော”တဲ့သဘောလေးပါဟန်တယ်။) ဒီမှာတင် တစ်ယောက်တစ်ခွန်း စကားများကြပြီးတော့ ကိုအောင်မြက လက်သီးနဲ့ စထိုးတယ်။ ကိုဘကြည်ကလည်း ပြန်ထိုးတော့တာပေါ့။ ကိုတင်မောင်ကလည်း ကိုအောင်မြဘက်က ၀င်ပြီး ထိုးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က မူးနေတာ၊ ကိုဘကြည်က လူကောင်း။ သူတို့ ခံရတာပေါ့။ ဒီတော့ ကိုထွားကြီးလည်း မနေသာတော့ဘူး။ ၀င်ရတော့တာပေါ့။ သူလည်း မူးတော့မူးနေပြီ။ သူက သွေးဆိုးတဲ့လူ မဟုတ်ဘူး။ ရန်မဖြစ်တတ်ဘူး။ ဒါပေမဲ့ အတူတူသောက်ကြတဲ့လူချင်းမှာ ၀င်ပြီး မကူလို့ ဘယ်မှာကောင်းနိုင်ပါတော့မလဲ။ ၀င်ပါရတော့မှာပေါ့။ ခေါက်ဆွဲဖိုနားမှာ ချထားတဲ့ သုံးလက်မ၊ နှစ်လက်မ ပျဉ်ချောင်းတိုတစ်ခုကို ကောက်ပြီး ကိုဘကြည်ကို နောက်က ရိုက်လိုက်တယ်။ အခန့်မသင့်ချင်တော့ ဦးဆက်ကို သွားထိပြီး ကိုဘကြည်ဟာ ဗုန်းခနဲ လဲသွားတာပဲ။ ဆေးရုံကလည်း နီးနီးလေးမို့ ဆေးရုံကို ချက်ချင်းပို့တာပဲ။ လမ်းမှာပဲ အသက်ပျောက်သွားတယ်။

ဆေးစစ်ချက်အရ တုံးသော လက်နက်တစ်ခုနဲ့ ဦးဆက်ကို ရိုက်လိုက်တဲ့ ဒဏ်ရာကြောင့် သေရတယ်ဆိုတာမျိုး ဖြစ်လာတာပေါ့။ ဆိုင်ရှင် တရုတ်နဲ့ တခြားသက်သေတွေ ထွက်ဆိုချက်အရရော၊ ကိုယ်တိုင် ၀န်ခံချက်အရရော ကိုထွားကြီးကြောင့် သေရတယ်ဆိုတာကြီးက ထင်ရှား နေပြီပေါ့။

နောုက်ဆုံးတော့ ကိုအောင်မြနဲ့ ကိုတင်မောင်တို့က ထောင်ဒဏ်(၈)လစီကျတယ်။ ကိုထွားကြီးကတော့ တစ်သက်တစ်ကျွန်း ကျသွားတယ်။ သူ့အမေကြီးဆိုတာ အရူးမကြီးလိုကိုဖြစ်ပြီး တငိုငိုနေတာကို ခုထက်ထိ မြင်ယောင်နေသေးတယ်။ တစ်ကျွန်းကို ပို့လိုက်တာဆိုတော့ ထောင်ဝင်စာလည်း မတွေ့နိုင်တော့ဘူး မဟုတ်လား။ သေသွားပြီလို့ ဆိုနိုင် လောက်အောင်ကို ဝေးသွားရတာကိုး။ အဲ… စစ်ကြီးဖြစ်လာလိုက်တော့ နှစ်မစေ့သေးခင်မှာပဲ ကိုထွားကြီး ပြန်ရောက်လာပါတယ်။

ကဲ … အဲဒီလို အကုသိုလ်စက်ကွင်းမျိုးကျတော့ ပိုပြီး ဆိုးမသွားပေဘူးလား။ ဒီလိုနည်းနဲ့ မကောင်းတဲ့ အပေါင်းအသင်းကြောင့် အကုသိုလ်စက်ကွင်း အငယ်စားမိသူတွေ၊ စက်ကွင်း အကြီးစားမိသူတွေ ဘယ်လောက်တောင်များမလဲဆိုတာ စဉ်းစားသာကြည့် လိုက်ကြပေတော့ကွာ။ ပြစ်မှုတရားရုံးတွေမှာ စစ်ဆေးနေတဲ့ အမှုကြီးတွေကို သွားပြီး မေးမြန်ြးုကည့်လိုက်မယ်ဆိုရင် အပေါင်းအသင်းကြောင့် ဖြစ်လာလိုက်ရတာတွေဟာ ရာခိုင်နှုန်းအတော်များမယ်လို့ အောက်မေ့မိတာပဲ။ သွေးဆိုးတဲ့ လူတစ်ယောက်နဲ့ တွဲပြီး အရက်သောက်လိုက်မိတဲ့ ကိုထွားကြီးရဲ့အဖြစ်ဟာ သင်ခန်းစာယူဖို့ ကောင်းပါတယ်။

ကဲ… သွားလေရာ လာလေရာမှာ သူတော်ကောင်းများနဲ့ တွေ့ပါစေ၊ သူယုတ်များနဲ့ လွဲပါစေဆိုတဲ့ ဆုတောင်းဟာ သိပ်ပြီး အဓိပ္ပာယ်ရှိ မနေပေဘူးလား။

Sayaraungthin Wordpress ကနေ ကူးယူပါတယ်။ Sayaraungthin Wordpress ကို ကျေးဇူးတင်ပါတယ်။

crd-စလေ ငနော့